← Chapters

အခန်း (၇၀၁-၇၀၅)

Vol. 29 Ch. 701-705

အခန်း (၇၀၁-၇၀၅)

Vol. 29 Ch. 701-705

အခန်း(၇၀၁) ချင်းယုမူရဲ့ မနာလိုမှု (၁)

“တော်လိုက်တာ! ညီမလေးက အရမ်းတော်တာပဲ!”

“ညီမလေးစူစူ ဒီလောက်ခက်တဲ့ အကွက်တွေ ဘယ်လိုလုပ် ချက်ချင်း တတ်သွားတာလဲ! ယုမူဆို အဲ့လိုမျိုး လုပ်တတ်ဖို့ ၂ နှစ်ကျော်လောက် လေ့ကျင့်ခဲ့ရတာ!”

“ဟုတ်တယ် ဟုတ်တယ် ညီမလေးက ယုမူ ၂ နှစ်အချိန်ယူခဲ့ရတာကို ၂ နာရီအတွင်း လုပ်ပြသွားတာပဲ!”

“အခုချိန်ကစပြီး ညီမလေးကိုပဲ ကိုးကွယ်တော့မယ်!”

“ငါကောပဲ ငါကောပဲ! ညီမလေးစူစူက ငါ့အိုင်ဒေါပဲ!”

“…”

အားလုံး ချီးကျူးနေကြတာတော့ မှန်ပါသည်။ သို့သော် ချီးကျူးခံရသူက ချင်းယုမူ မဟုတ်ဘဲ စူစူလေးဖြစ်သည်။ စူစူလေးက ချင်းယုမူ လုပ်ပြသမျှကို အကွက်စေ့ အတုယူ လုပ်ပြနိုင်ခဲ့သည်။

စူစူလေး၏ မျက်နှာ အပြုံးများဖြင့် ပြည့်နှက်နေပြီး အားလုံးရဲ့ ချီးကျူးစကားများကို သဘောကျနေပါသည်။

“ဟီးဟီး သမီးက အရမ်းတော်တာ!” ။ စူစူလေးက ကျိုးနွံမနေဘဲ ချီးကျူးစကားတွေကို ဂုဏ်ယူဝံ့ကြွားစွာ လက်ခံခဲ့သည်။

ဘာကျိုးနွံစရာရှိလို့လဲ၊ သူမက အစကတည်းက တော်ပြီးသားပဲ ဥစ္စာ!

ချင်းယုမူ ကြက်သေသေသွားသည်။

ဘာတွေဖြစ်နေတာလဲ။ ချင်းစူစူကိုပဲ ဘာလို့ ချီးကျူးနေကြတာလဲ။ ခုနက အကွက်တွေထုတ်ပြတာ သူမဟုတ်ဘူးလား။

ချင်းယုမူ ကြောင်စီစီဖြစ်နေစဉ် ချင်းယန်ကျစ်က သူ့ထံ ဒေါသတကြီး လျှောက်လာလေသည်။

“ခွေးကောင် မင်းဘာလုပ်နေတာလဲ! မင်းဒေါ်လေးက ဒီနေ့မှ စကိတ်စီးဖူးတာ။ ဘာလို့ အဲ့လောက် ခက်တာတွေ သင်ပေးနေတာလဲ။ သူ့အတွက် ဘယ်လောက်အန္တရာယ်များလဲ နားမလည်ဘူးလားကွ”

“ဘာကို သင်ပေးရမှာလဲ။ ကျွန်တော် ဘာမှ သင်မပေးမိပါဘူး!”။ ချင်းယုမူ အပြစ်ကင်းစင်စွာ ပြောလိုက်ပါသည်။

“သူ့ရှေ့မှာ အဲ့တာမျိုးတွေ လုပ်ပြပြီး သင်မပေးဘူးလို့ မင်းက ငြင်းရဲသေးတယ်ပေါ့”

“ဟင် ကျွန်တော် အဲ့လို ရည်ရွယ်တာမှ မဟုတ်တာ! အဲ့အကွက်တွေက အရမ်းခက်တာ! သူတကယ်ကြီး လိုက်လုပ်ပြီး… တ…တကယ် လုပ်နိုင်လိမ့်မယ်လို့ ဘယ်လိုလုပ် ထင်မှာလဲ…”

စူစူလေး၏ အကွက်များကို ချင်းယုမူ ကိုယ်တိုင်တော့ မမြင်ခဲ့ပါ။ သို့သော် အားလုံးရဲ့ ချီးကျူးစကားတွေကို နားထောင်ကြည့်ခြင်းအားဖြင့် စူစူလေး အတုယူပြီး အကွက်ပြတာတွေက အတော်လေး အောင်မြင်ခဲ့မှန်း သိနိုင်ပါသည်။

“သူက ဘာလို့ လိုက်မလုပ်နိုင်ရမှာလဲ။ မင်းဒေါ်လေးက သင်ယူနိုင်စွမ်း အရမ်းအားကောင်းတာကွ!”

ထိုစကားများက ချင်းယုမူ၏ နှလုံးသားကို တိုက်ရိုက် ထိမှန်သွားသည်။

သူဘယ်လောက်တော်သလဲဆိုတာ ချင်းစူစူကို မြင်စေချင်ခဲ့တာ! ဒါပေမယ့် ဘာလို့ ဒီလိုဖြစ်သွားတာလဲ…။

ချင်းစူစူ ချီးကျူးတာကို မခံရရုံတင် မကဘဲ သူမကို တမင်သက်သက် ခက်ခဲသည့် အကွက်တွေ သင်ပေးသည်ဟုပင် အစွပ်စွဲခံလိုက်ရသေးသည်…။

သားဖြစ်သူ၏ မျက်နှာကို မြင်ပြီး ချင်းယန်ကျစ်တစ်ယောက် သူ့သာားကို မဟုတ်မမှန် စွပ်စွဲမိမှာ စိုးသဖြင့် ထပ်ပြောလိုက်ပါသည်။

“အေးပါ အေးပါ ငါမင်းကို အပြစ်တင်တာ မဟုတ်ပါဘူး။ စူစူလေး မတော်တဆဖြစ်မှာစိုးလို့ ပြောတာပါ။ သူက ဒီနေ့မှ စကိတ်စစီးဖူးတာလေ။ အဲ့ဒီ အကွက်တွေက သူနဲ့ မသင့်တော်ဘူး”

သူ့ညီမလေးက ပါရမီရှင်လေးဖြစ်နေရင်တောင် အရာရာကို ဖြည်းဖြည်းနဲ့မှန်မှန် ကြိုးစားတာ ပိုကောင်းပါသည်။

“အင်းပါ”။ ချင်းယုမူ တီးတိုးသာ ပြန်ဖြေလိုက်သည်။ ထို့နောက် ကြွားချင်စိတ်ပါ မရှိတော့သဖြင့် စကိတ်ဘုတ်ပေါ် တက်ကာ ခပ်ဝေးဝေးသို့ ထွက်သွားတော့သည်။

ထို့‌နောက် သူ့သူငယ်ချင်းတွေ စူစူလေးနဲ့ ပျော်ရွှင်နေကြသည့် အသံကိုသာ ချင်းယုမူ ဆက်တိုက် ကြားနေခဲ့ရသည်။

သူ အသိအမှတ်မပြုချင်ခဲ့သည့် သူ့ဒေါ်လေးကို သူ့သူငယ်ချင်းများက အပြည့်အဝ အသိအမှတ်ပြုနေကြပြီး “ညီမလေးစူစူ” ဟု ဆက်တိုက်ဆိုသလို ခေါ်ဆိုနေကြပါ။

စူစူလေးကလည်း သူ့ကို လုံးဝ လျစ်လျူရှုထားပြီး ထိုလူဆိုးကောင်တွေနဲ့သာ ပျော်ရွှင်နေလေသည်။

သူနဲ့ စူစူလေးကမှ…

သူတို့က ဘာပဲတော်တော် အရေးမကြီးပါ။ ဘယ်လိုပဲဖြစ်ဖြစ် ထိုလူဆိုးကောင်တွေ သူ့မိသားစုဝင်တစ်ယောက်ကို “ညီမလေး”ဟု ဝိုင်းခေါ်နေကြတာ စိတ်ရှုပ်ဖို့ကောင်းပါသည်။

စိတ်ရှုပ်နေသော်လည်း ချင်းယုမူ မနေနိုင်ဘဲ စူစူလေးကို ခိုးကြည့်မိပါသည်။

ထိုကလေးမလေး၏ ချစ်ဖို့ကောင်းသော ပုံစံလေးကို ငေးကြည့်ခဲ့သည်။

ရွှင်လန်းနေသော မျက်နှာလေး၊ တောက်ပ‌နေသော မျက်လုံးများနဲ့ ချိုမြိန်သော အပြုံးတို့…

ချင်းယုမူ စိတ်လှုပ်ရှားသွားသည်။

စိတ်ထဲရှိ ကိုယ်စောင့်နတ်တစ်ပါးက ချင်းယုမူကို ပြောလိုက်သည်။

‘ဒေါ်လေးက ဒေါ်လေးပဲ။ ကိုယ့်ထက် ရာထူးကြီးတာ အရေးမကြီးဘူး။ သူက ချစ်ဖို့အရမ်းကောင်းတော့ ဒေါ်လေးလို့ ခေါ်ရလည်း အရှုံးမရှိပါဘူး…’

သို့သော်လည်း နောက်ထပ် ကိုယ်စောင့်နတ်တစ်ပါးက ချက်ချင်း ပြေးထွက်လာသည်။

‘ဒီကောင်က ပိစိလေးမဟုတ်တော့ဘူး။ ဒီလောက်သေးပြီး ချစ်စရာကောင်းတဲ့ ညီမလေးကို ဒေါ်လေးလို့ ဘယ်လိုလုပ် ခေါ်နိုင်မှာလဲ’

… … …

အခန်း(၇၀၂) ချင်းယုမူရဲ့ မနာလိုမှု (၂)

‘ဒီလောက် ချစ်ဖို့ကောင်းတဲ့ ကောင်မလေးက ညီမလေးပဲ ဖြစ်သင့်တာ။ ဒေါ်လေးဖြစ်လို့ မရဘူး!။ ပြီးတော့ ဒီကောင်က သူ့ကို ဒေါ်လေးလို့ ခေါ်ရပြီး သူ့ဘော်ဒါတွေကျတော့ ညီမလေးလို့ ခေါ်ခွင့်ရတာ အောက်မကျလွန်းဘူးလား။ အဲ့တာကြောင့် လုံးဝ ခေါ်လို့ မရဘူး’

ချင်းယုမူ တစ်နေ့ခင်းလုံး တစ်ယောက်တည်း ပဋိပက္ခဖြစ်နေခဲ့သည်။ စကိတ်တောင် သိပ်မစီးခဲ့သော်လည်း တစ်နေကုန် စကိတ်စီးခဲ့တုန်းကထက်ပင် ပိုပင်ပန်းနေသေးသည်။

နောက်ဆုံးတော့ အချိန်တန်သောအခါ ညစာစားဖို့အတွက် စူစူလေးနဲ့ ချင်းယုမူတို့ကို ချင်းယန်ကျစ် အိမ်ပြန်ခေါ်သွားခဲ့သည်။

သူတို့ ပန်းခြံထဲမှာ တစ်နေ့ခင်းလုံး စကိတ်စီးနေကြစဉ် ချင်းယုချဲက အိမ်မှာ ချက်ပြုတ်ပြင်ဆင်နေတာဖြစ်ပြီး သူတို့ အိမ်ပြန်ရောက်လာကြချိန် ညစာများ အသင့်ဖြစ်နေပါပြီ.

ညစာစားခန်းထဲ ဝင်လိုက်တာနဲ့တစ်ပြိုင်နက် ဟင်းလျာမွှေးရနံ့တို့၏ ကြိုဆိုခြင်းကို ခံလိုက်ရသည်။

အသားမျိုးစုံ၊ ဘဲကင်၊ ပုစွန်၊ အမဲအူ၊ ဝက်အသည်းကြော် စသည်ဖြင့် စုံလင်လှသည်။ ချင်းယုမူ အထူးတလည် တောင်းဆိုထားသည့် ငါးရှဉ့်ဟင်းလည်း ပါရှိပါသည်။

ချင်းယုချဲက စူစူလေးအတွက် ပေကျင်းမှာသာ ရရှိနိုင်သည့် ဟင်းလျာများကို အထူးတလည် ချက်ပြုတ်ပေးထားသည်။

စူစူလေးက ညစာစားပွဲဝိုင်းမှာ ပျော်ပျော်ရွှင်ရွှင်ဝင်ထိုင်လိုက်ပြီး မစားခင် လူစုံအောင် စောင့်နေလိုက်ပါသည်။

တူချောလေး ချက်ပြုတ်ပေးထားသည့် ဟင်းလျာများက အလွန်စွဲဆောင်မှုရှိသော်လည်း စားသောက်သည့်အခါ ယဉ်ကျေးမှုရှိရမည်ဖြစ်ပြီး လူစုံသည်အထိ စောင့်ရမည်။

နောက်ဆုံးတော့ ရှောင်းပေပေနဲ့ ချင်းယန်ကျစ်တို့လည်း ရောက်ရှိလာကြပါသည်။ ချင်းရှ်ငးကျစ်ကတော့ အလုပ်များနေသဖြင့် ညစာပြန်စားမှာ မဟုတ်ပေ။

ညစာစားနေစဉ် ချင်းယုမူ ခေါင်းကို ငုံ့ထားသည်။

သူ့ရှေ့က အရောင်အသွေးစုံလင်၊ မွှေးရနံ့သင်းပျံ့နေသော အရသာရှိသည့် ဟင်းလျာများကိုပင် မော့မကြည့်ပါ။

ဒါသူ့ပုံစံမဟုတ်ပေ။ ချင်းယုမူက သူ့အစ်ကိုကြီး၏ အချက်အပြုတ်ကို အလွန်သဘောကျသည်။ သူ့အစ်ကိုကြီး ဟင်းချက်တိုင်း အနည်းဆုံး ထမင်း ၂ ပန်းကန်လောက် စာားတတ်သည်။

ဒီနေ့ သူဘာဖြစ်နေတာလဲ။ ဘာလို့ စိတ်ဓာတ်ကျနေတဲ့ပုံ ပေါက်နေတာလဲ။

“ယုမူ ဒီနေ့ ဟင်းတွေကို မကြိုက်လို့လား”။ ချင်းယုချဲက မေးလိုက်သည်။

“မဟုတ်ပါဘူး”။ ချင်းယုမူ အသံက လုံးထွေးနေပါသည်။

“ဘာမှမဖြစ်ဘူး။ ယောက်ျားလေးတွေ အချိုးမပြေတဲ့ ကာလဆိုတာ ရှိတယ်။ နင်တို့ ငယ်ငယ်တုန်းကလည်း အဲ့လို ဖြစ်ဖူးတာပဲ”။ ရှောင်းပေပေက သား ၃ ယောက် မိခင်ဖြစ်သဖြင့် အတွေ့အကြုံရှိပြီးသားဖြစ်သည်။

“ဘာမှ အချိုးမပြေတာ မဟုတ်ဘူး!”။ သူ့မျက်နှာက သိသိသာသာ အချိုးမပြေဖြစ်နေသော်လည်း ချင်းယုမူ ပြောင်ပြောင်တင်းတင်း ငြင်းလိုက်ပါသည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ။ နင်က အချိုးပြေပါတယ်!”။ ရှောင်းပေပေလည်း သူမသားကို အလျှော့ပေးလိုက်သည်။

ဟူး… ယောက်ျားလေးတွေ ဂျစ်ကန်ကန်လုပ်တတ်တဲ့ အရွယ်ရောက်လာရင် မလွယ်ဘူးပဲ!

“ဟွန်း!”။ ချင်းယုမူ ခေါင်းမော့ရင်ကော့လိုက်သည်။

စူစူလေးက ဘေးမှ ကြည့်ရင်း ရယ်မောလိုက်ပါသည်။

တူငယ်လေးက ချစ်ဖို့မကောင်းသော်လည်း ရယ်ချင်စရာတော့ ကောင်းပါသည်။

လိမ်လည်း မလိမ်တတ်ဘူး! သူလိမ်နေမှန်း သူမ သိတယ်!

စူစူလေး၏ ရယ်သံကိုကြားပြီး ချင်းယုမူ လှည့်ကြည့်လိုက်သည်။ ဒီကောင်မလေး၏ အပြုံးက အလွန်လှပပါသည်။ သူ့နှလုံးသားတွေ အရည်ပျော်တော့မလိုခံစားလိုက်ရသည်။

သူမရဲ့ ပါးကလေးတွေကိုလည်း ဖျစ်ညှစ်ချင်မိသည်။ အလွန်နူးညံ့ပြီး ကိုင်လို့ကောင်းမည့်ပုံစံပင်။

သူမကို ဖက်လည်း ဖက်ချင်သည်။ သူမကို ဖက်ရတာ အိမ်နီးချင်း ဒေါ်လေးကျန်းမွေးထားသည့် ragdoll ကြောင်ကို ဖက်ရသလောက် နူးညံ့မလား ချင်းယုမူ သိချင်ပါသည်။

သို့သော်လည်း ခုနက ပန်းခြံထဲမှာ ထိုကောင်စုတ်တွေကိုလည်း စူစူလေး ပြုံးပြခဲ့တာကို ချင်းယုမူ သတိရသွားသည်။

ထိုကောင်စုတ်တွေကို သူမ သတိပင်မထားဘဲ ပျော်ရွှင်မြူးထူးစွာ ကစားခဲ့သည်။

အားလုံးက ယောက်ျားလေးတွေ၊ ပြီးတော့ အမျိုးတော်တာလည်း မဟုတ်ဘူး!

သူတို့ထဲ လူဆိုးတွေ ပါလာရင် ဘယ်လိုလုပ်မလဲ! သူ့သူငယ်ချင်းတွေဆိုပေမယ့် မကောင်းတဲ့ကောင် မပါနိုင်ဘူးလို့ အာမမခံနိုင်ဘူးလေ!

အဲ့တာကြောင့် ကိုယ့်မိသားစုဝင်တွေကိုပဲ ပြုံးပြသင့်တာပေါ့!

ဟုတ်တယ် အဲ့လိုပဲဖြစ်သင့်တာ!

ထိုအတွေးဖြင့် ချင်းယုမူ မျက်မှောင်ကြုတ်ကာ စူစူလေးကို ကြည့်လိုက်သည်။ “ဘာတွေ လာရယ်နေတာလဲ”

စူစူလေး၏ ချစ်စရာကောင်းမှုကြောင့် စိတ်ပျော့သွားသော်လည်း သူမကို သဘောမကျသည့် ခပ်မိုက်မိုက်ပုံစံ ဆက်ပြီး ဟန်ဆောင်လိုက်ပါသည်။

ဒါကိုကြားတော့ စူစူလေး ချက်ချင်း အပြုံးရပ်လိုက်ပြီး နှုတ်ခမ်းစူသွားသည်။ “နင့်အပူပါလား!”

… … …

အခန်း(၇၀၃) အားလုံး ညီမလေးရဲ့ ကံကောင်းမှုကြောင့်

“ဘာ… ဘာပြောတယ်… နင်ငါ့ကို လာရယ်နေလို့ မေးတာလေ!”

“နင်က အရမ်းကြောင်တောင်တောင်နိုင်လို့ ရယ်ရလို့လေ!”။ စူစူလေး ပြန်ချေပလိုက်သည်။

“ငါက ဘာမှကြောင်တောင်တောင် မနိုင်ဘူး! ငါ့ကို ကြောင်တောင်တောင်လို့ မခေါ်နဲ့!”။ ချင်းယုမူ ချက်ချင်း ပြန်ငေါက်လိုက်ပါသည်။

သူ့ကို ကြောင်တောင်တောင်ဟု လာခေါ်တာ မကြိုက်ပါ။

“ကြောင်တောင်တောင် နိုင်တယ်!” စူစူလေး အလျှော့မပေးပေ။

“ဘာမှမဟုတ်ဘူး ဘာမှ ကြောင်တောင်တောင် မဟုတ်ဘူး!”။ ချင်းယုမူကလည်း ‌ပြင်းပြင်းထန်ထန် ငြင်းဆန်လေသည်။

ထိုစဉ် ချင်းယုချဲ ဖြတ်ပြောလိုက်၏။ “စူစူလေးနဲ့ ယုမူ စကားမများကြနဲ့။ စားစရာရှိတာ စားကြ”

ချင်းယုချဲ၏ စကားလုံးများက တိုတောင်းသော်လည်း ကလေး နှစ်ယောက်စလုံးအပေါ် သက်ရောက်မှု ရှိပါသည်။

စူစူလေးက ချင်းယုမူကို လျစ်လျူရှုလိုက်ပြီး စားစရာရှိတာ ဆက်စားနေလိုက်ပါသည်။

တူချောလေးက ဒီလောက် အရသာရှိတဲ့ အစားအသောက်တွေ အများကြီး လုပ်ပေးထားတာ၊ စကားပဲ များနေပြီး မစားရင် ဖြုန်းတီးရာ ကျမှာပေါ့။

ဒီတူငယ်လေးကိုလည်း ဂရုစိုက်မနေတော့ဘူး။ သူမ တူလေးဖြစ်ချင်တဲ့သူမှ မဟုတ်တာ!

ချင်းယုမူ ထိုင်းမှိုင်းစွာ ခေါင်းပြန်ငုံ့လိုက်ပါသည်။ သူ့ရင်ထဲ အုတ်ခဲတစ်လုံး ရောက်နေသလို လေးလံသွားသည်။

--- --- ---

ချင်းရှင်းကျစ်တစ်ယောက် ည ၈ နာရီကျော်မှ အိမ်ပြန်ရောက်လာသည်။

အိမ်ပြန်ရောက်လာတာနဲ့ တစ်ပြိုင်နက် ချင်းယန်ကျစ်၏ စာကြည့်ခန်းထဲ ချင်းရှင်းကျစ် တန်းသွားခဲ့သည်။

စာကြည့်ခန်းထဲတွင် ချင်းယန်ကျစ်က စူစူလေးကို ပုံပြင်ဖတ်ပြနေပါသည်။

ချင်းရှင်းကျစ် ဝင်လာတာကို မြင်သောအခါ စူစူလေးနဲ့ ချင်းယန်ကျစ်တို့ တစ်ပြိုင်တည်း မော့ကြည့်လိုက်ကြသည်။

“အစ်ကိုကြီး စားပြီးပြီလား။ အစ်ကိုလတ်နဲ့ သမီးနဲ့ အစ်ကိုကြီးအတွက် စားစရာတွေ သိမ်းထားတယ်!”။ စူစူလေးက မေးလိုက်သည်။

စားစရာရှိတာ စားရပါမည်။ ဗိုက်အဆာခံပါက ခန္ဓာကိုယ်ထိခိုက်လိမ့်မည်။

ညီမလေးဖြစ်သူ၏ ဂရုစိုက်သော စကားများကို ကြားပြီးနောက် ချင်းရှင်းကျစ် ပင်ပန်းနေတာတွေ ချက်ချင်း ပျောက်ကွယ်သွားခဲ့ပါသည်။

“ကျေးဇူးတင်ပါတယ် ညီမလေး၊ အစ်ကိုကြီး စားပြီးသွားပါပြီ။ ဗိုက်လည်း မဆာတော့ဘူး”။ ချင်းရှင်းကျစ် ပြန်ဖြေလိုက်၏။

“အွန်း အာ့ဆို ပြီးရော!”

“အစ်ကိုကြီး ဘယ်လိုဖြစ်သွားလဲ။ ကျန်းရှင်းနဲ့ အခြေအနေ ဘယ်လိုရှိလဲ”။ ချင်းယန်ကျစ်က ဝင်မေးလိုက်၏။

“အားလုံးနီးပါး ရှင်းပြီးသွားပါပြီ”

ချင်းရှင်းကျစ် တစ်နေ့ခင်းလုံး ပျောက်နေရခြင်းက ကျန်းရှင်းအဖြစ်အပျက်ကို လိုက်လံ စုံစမ်းဖြေရှင်းနေရခြင်းကြောင့် ဖြစ်သည်။

ဖြစ်ချင်တော့ ကျန်းရှင်းက တရားမဝင်သည့် လုပ်ငန်းများစွာကို လုပ်ဖူးသည်။

ကုမ္ပဏီတစ်ခုလုံး ထိခိုက်သွားရုံတင်မကဘဲ ဥက္ကဌလည်းဖြစ် အထွေထွေမန်နေဂျာလည်းဖြစ်သူ လီကျုံးဝေတစ်ယောက် သံတိုင်ကြားမှ လွတ်မြောက်နိုင်မလားဆိုတာပင် မသေချာတော့ပါ။

ချူးဟမ့်၏ ကုမ္ပဏီကလည်း ကျန်းရှင်းနဲ့ ပတ်သတ်လိုက်ခြင်းအားဖြင့် အတော်လေး ထိခိုက်သွားခဲ့ရသည်။

အဓိက အကြောင်းအရင်း ၂ ချက်ရှိပါသည်။

ပထမ တစ်ချက်က ချူးဟမ့်မှာ အောင်မြင်မှုကို အလောတကြီး လိုချင်နေသူဖြစ်သဖြင့် စာချုပ်ကို လက်မှတ် မထိုးရသေးခင်မှာပင် ထုတ်လုပ်မှုကို စတင်ခဲ့သည်။ ယခု ကျန်းရှင်း ပြဿနာတက်သောအခါ သူ့ထုတ်ကုန်တွေကို ရောင်းချနိုင်မည့် လမ်းကြောင်းမရှိတော့ဘဲ ဂိုထောင်ထဲမှာသာ စုပြုံနေလေသည်။

ဒုတိယအချက်မှာ ကျန်းရှင်းကုမ္ပဏီလက်အောက်ရှိ အခြားကုမ္ပဏီတစ်ခုမှ ထုတ်ကုန်တချို့ကို ချူးဟမ့် ဝယ်ယူခဲ့တာကြောင့် ဖြစ်သည်။ ထိုထုတ်ကုန်များတွင် ပြဿနာ အနည်းငယ် ရှိနေပါသည်။

အသေးစိတ် အချက်အလက်များကို ညီဖြစ်သူအား ရှင်းပြပြီးနောက် ချင်းရှင်းကျစ် သက်ပြင်းချလိုက်သည်။ “ငါတို့ စာချုပ် မချုပ်လိုက်ရတာ ကံကောင်းလို့ပေါ့ကွာ။ မဟုတ်ရင် ငါတို့တွေ အခု ခေါင်းပြောင်နေလောက်ပြီ”

လွန်ခဲ့သည့် တစ်ပတ်ကျော်လောက်က ဖြစ်ခဲ့သည့် မတော်တဆမှုကြောင့်သာ မဟုတ်လျှင် စာချုပ် ပျက်စီးသွားမှာ မဟုတ်ဘဲ ချင်းအုပ်စုမှ ထုတ်လုပ်မှုတွေ စတင်နေလောက်ပြီဖြစ်သည်။

ဒီလိုသာဆို ကျန်းရှင်း၏ ပြဿနာများကြောင့် ချင်းအုပ်စုပါ ထိခိုက်သွားလိမ့်မည်။ ထိုအခါ ငွေကြေးပိုင်းဆိုင်ရာ အရှုံးရှိလာရုံတင် မကဘဲ ကုမ္ပဏီတစ်ခုလုံးပါ ပြိုလဲသွားနိုင်သည်။

ထိုအတွေးဖြင့် ချင်းရှင်းကျစ်နဲ့ ချင်းယန်ကျစ်တို့ နှစ်ယောက်စလုံး စူစူလေးကို ပြိုင်တူ ကြည့်လိုက်ကြသည်။

အစ်ကိုကြီး ၂ ယောက် သူမကို ကြည့်နေမှန်း အာရုံရသောအခါ စူစူလေးက မေးလိုက်၏။ “အစ်ကိုကြီးတို့ ဘာကြည့်နေတာလဲ။ သမီးမျက်နှာပေါ် မုန့်ပေနေလို့လား”

ထိုသို့ပြောရင်း သူမ မျက်နှာလေးကိုသူမ ကိုင်ကြည့်သည်။

ဘာမှလည်း မရှိပါဘူး…။

“မဟုတ်ပါဘူး မဟုတ်ပါဘူး။ စူစူလေးရဲ့ မျက်နှာက အရမ်းသန့်ရှင်းပြီး လှပြီးသားပါ! အစ်ကိုကြီးတို့က ညီမလေးကို မြင်ရရုံနဲ့ ပျော်နေလို့!”။ ချင်းရှင်းကျစ်က အမြန်ရှင်းပြလိုက်ပါသည်။

“အွန်း အဲ့တာဆို အစ်ကိုကြီးနဲ့ အစ်ကိုလတ်တို့ ကြိုက်သလောက်သာကြည့်!”။ စူစူလေးက ပြောလိုက်သည်။

“ကောင်းပါပြီဗျာ”။ ချင်းရှင်းကျစ်က အပြုံးဖြင့် ခေါင်းငြိမ့်လိုက်ပါသည်။ ဒီညီမလေးကတော့ တကယ်ပဲ နွေးထွေးမှုတွေ ပေးစွမ်းနိုင်သည့် အနွေးထည်လေးတစ်ထည်လိုပင်။

ထို့နောက် ချင်းယန်ကျစ်ကို ချင်းရှင်းကျစ် ပြောလိုက်သည်။ “ယန်ကျစ်… ဒီစာချုပ်ကိစ္စ တခြားသူတွေကို မပြောဘဲ နေရအောင်”

… … …

အခန်း(၇၀၄) မာနကြီးတဲ့ တူငယ်လေး (၁)

အစ်ကိုဖြစ်သူရဲ့ စကားကို ချင်းယန်ကျစ် ချက်ချင်း နားလည်လိုက်သည်။

“ငါနားလည်ပါတယ်။ ညီမလေး ကံကောင်းတာ ကောင်းပါတယ်။ ဒါပေမယ့် အပြင်လူတွေ သိလို့ မရဘူးမလား။ ကံကောင်းတာက မဆိုးဘူးဆိုပေမယ့် ကံကောင်းလွန်းရင်လည်း မကောင်းပြန်ဘူး။ ငါတို့ ညီမလေးရဲ့ အစွမ်းတွေကို လူသိခံလို့ မဖြစ်ဘူး။ မဟုတ်ရင် သူ့ဘဝအပေါ် သက်ရောက်မှုရှိလာနိုင်တယ်”

“စီးပွားရေးကိစ္စတွေမှာလည်း ငါတို့ကိုယ်ငါတို့ အားကိုးရမယ်။ အမြဲတမ်း ညီမလေးကိုပဲ အားကိုးနေလို့ မဖြစ်ဘူး”။ ချင်းရှင်းကျစ်က ထပ်ပြောလိုက်၏။

“ဟုတ်တယ် ကိုယ်ပိုင်အစွမ်းအစကို အားကိုးမှသာ ငါတို့ စီးပွားရေး သက်တမ်းရှည်နိုင်မယ်”။ ချင်းယန်ကျစ်ကလည်း ထောက်ခံပါသည်။

“ပြီးတော့ ကံကြမ္မာဆိုတာလည်း အကန့်အသတ်မရှိဘူးလို့ ပြောလို့မရဘူး။ အခုချိန်မှာ ငါတို့ ညီမလေး ကံကောင်းမှုတွေ အကုန်သုံးလိုက်လို့ နောက်ပိုင်း သူ့ဘဝ ကံဆိုးမှုတွေနဲ့ ပြည့်သွားရင် ဘယ်လိုလုပ်မလဲ။ အဲ့လို လုံးဝ ဖြစ်လို့ မရဘူး! အဲ့တာကြောင့် ညီမလေးအတွက်လည်း ကံကောင်းမှုတွေ ရှိနေမှ ဖြစ်မယ်။ သူ ကျန်းကျန်းမာမာနဲ့ အရွယ်ရောက်လာပြီး ပျော်ရွှင်တဲ့ ဘဝကို ရနိုင်ပါစေလို့ ဆုတောင်းပေးရမယ်”

ညီအစ်ကိုနှစ်ယောက်က ဒီကိစ္စနဲ့ ပတ်သတ်ပြီး အထင်အမြင်ချင်း တူညီကြပါသည်။ သူတို့ညီမလေးက ကျိန်းသေပေါက် ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာနဲ့ အရွယ်ရောက်လာမှ ဖြစ်မည်။

“အစ်ကိုကြီးတို့ ဘာတွေပြောနေကြတာလဲ။ သမီးက ကံကောင်းတာကို ဘာလို့ တခြားသူတွေကို ပြောလို့ မရတာလဲ”။ စူစူလေး မေးလိုက်သည်။

ချင်းရှင်းကျစ်နဲ့ ချင်းယန်ကျစ်တို့ လှည့်ကြည့်လိုက်ရာ စူစူလေး၏ ဇဝေဇဝါဖြစ်နေသော မျက်နှာလေးကို မြင်လိုက်ရပါသည်။ နှစ်ယောက်စလုံးရဲ့ မျက်လုံးတွေထဲ ပန်းတွေ ပွင့်သွားသည်။

ချင်းယန်ကျစ်က စူစူလေးအား နူးညံ့သိမ်မွေ့စွာ ရှင်းပြလိုက်သည်။ “ညီမလေးက ဘာမှ စိတ်ပူစရာ မလိုဘူး။ ညီမလေး သာမန်အတိုင်းသာနေ။ အစ်ကိုကြီးနဲ့ အစ်ကိုလတ်တို့ ပြောချင်တာက ညီမလေးရဲ့ ကံကောင်းမှုကိုပဲ အမြဲတမ်း အားမကိုးတော့ဘူးလို့ ပြောတာ”

“အဲ့တာ တူတူပဲ မဟုတ်ဘူးလား”

“အဲ… နည်းနည်းတော့ တူပါတယ်”။ သူတို့က သူတို့အကြောင်းသူ ပြောနေကြတာဖြစ်သည်။ စူစူလေးနဲ့ ဘာမှ မသက််ဆိုင်ပါ။

ချင်းရှင်းကျစ်က ထပ်ပြောလိုက်ပါသည်။ “အတိုးချုန်းပြောရရင် ညီမလေး ဘာမှ မစိုးရိမ်နဲ့။ ဒီတိုင်း နေတတ်သလိုသာ ဆက်နေ။ ကျန်တာကို အစ်ကိုကြီးတို့ ရှင်းလိုက်မယ်”

“အဲ့လိုလား။ အာ့ဆိုလည်း ပြီးရော! အစ်ကိုကြီးတို့ကို သမီးယုံတယ်!”

ချင်းရှင်းကျစ်နဲ့ ချင်းယန်ကျစ်တို့ ပြုံးလိုက်ကြပြီး စူစူလေးကို ပြိုင်တူ ဖက်လိုက်ကြပါသည်။

‘အီး…’ တစ်ယောက်တည်း ဖက်ရင် တော်ပါပြီ။ နှစ်ယောက်စလုံး ဖက်တာ အသက်ရှူတောင် ကြပ်လာပြီ!

--- --- ---

နောက်တစ်နေ့မနက် ၇ နာရီမထိုးခင် ချင်းယုမူ အိပ်ရာနိုးလာခဲ့သည်။

တော်တော်ဆိုးတဲ့စူစူ… သူ့ကြောင့် တစ်ညလုံး ကောင်းကောင်း အိပ်မရခဲ့ဘူး!

မနက်ဖြန် ပြိုင်ပွဲရှိပါတယ်ဆိုနေမှ! အိပ်ရေးမဝရင် အကုန် အဆင်မပြေ ဖြစ်ကုန်တော့မှာပဲ!

သံပုရာရည်သောက်ဖို့ ချင်းယုမူ မီးဖိုချောင်ထဲ ဝင်လာခဲ့သည်။ ထိုစဉ် မနေ့က သူ့ကို တစ်နေကုန် ဒုက္ခပေးခဲ့သည့် တရားခံ ချင်းစူစူကို ရုတ်တရက် မြင်လိုက်ရသဖြင့် ချင်းယုမူ လန့်ဖျပ်သွားခဲ့လေသည်။

စူစူလေးက ကြမ်းပြင်ပေါ်မှာ ထိုင်နေပြီး အိမ်ဆောက်အတုံးလေးများနဲ့ ကစားနေသည်။

“နင် ဘာလို့ အစောကြီး နိုးနေတာလဲ”။ ချင်းယုမူက စူစူလေးကို စိတ်ရှုပ်စွာ မေးလိုက်သည်။

စူစူလေးက အလွန်တိတ်ဆိတ်လွန်းသဖြင့် သူထိတ်လန့်သွားခဲ့ရပြီး ရေခွက်ကိုင်ထားသည့် လက်ပါ တုန်ယင်သွားရသည်။

“ငါက အရင်ကတည်းက အစောကြီးထတာ!”။ စူစူလေးက စိတ်ကြီးဝင်သော အကြည့်ဖြင့် ပြောလိုက်ပါသည်။

သူမ အိပ်ရာစောစောထတာ အပြစ်လား။

စောစောအိပ် စောစောထတာ ခန္ဓာကိုယ်အတွက် ကောင်းတယ်လို့ လူသားတွေ ပြောနေကျ မဟုတ်ဘူးလား။

သူမက နတ်သားရဲဖြစ်ခဲ့တုန်းကတော့ အမြဲတမ်း အိပ်နေခဲ့တာ- နေ့ဘက်လည်းအိပ်၊ ညဘက်လည်းအိပ်၊ စားပြီးလည်း အိပ်၊ နေပူစာလှုံပြီးလည်း အိပ်တာပဲ

ဒါပေမယ့် အခု သူမက လူကြီးဖြစ်နေပြီ မတူတော့ဘူး!

စူစူလေး၏ စိတ်ကြီးဝင်နေသော မျက်နှာလေးကို ကြည့်ပြီး ချင်းယုမူ ရင်တုန်သွားသည်။ သူမ၏ ပုံစံလေးက ဟိုဘက်အိမ်က ragdoll ကြောင်လေးနဲ့ တူပါသည်။ မာနကြီးသော်လည်း အလွန် ချစ်ဖို့ကောင်းသည်။

ချင်းယုမူ ဘေးပတ်လည်ကို အကဲခတ်ကြည့်လိုက်ရာ ဘယ်သူမှ ရှိမနေမှန်း မြင်လိုက်ရ၏။

အဖေကော၊ အမေကော၊ ဦးလေးအကြီးဆုံးကော၊ အိမ်စေတွေ အားလုံးကော မရှိကြပါ။ သူ့အစ်ကိုကြီးကလည်း မီးဖိုချောင်ထဲမှာ အလုပ်များနေသည်။

ချင်းယုမူ ခေတ္တ တွန့်ဆုတ်သွားပြီး စူစူလေးထံ ခြေဖျားထောက်လာခဲ့ပါသည်။

သူမ အစ်ကိုလတ်ရဲ့ သားက ဘာလုပ်နေတာလဲ။ သူမနဲ့ ရန်ဖြစ်ဖို့ ပြင်နေတာလား။

… … …

အခန်း(၇၀၅) မာနကြီးတဲ့ တူငယ်လေး (၂)

စူစူလေးက ချင်းယုမူကို မယုံသင်္ကာကြည့်လိုက်ပါသည်။

ချင်းယုမူက ဆောင့်ကြောင့်ထိုင်လိုက်ပြီး ကော်ဇောပေါ်ထိုင်နေသည့် စူစူလေးနဲ့ မျက်နှာ တစ်တန်းတည်း ဖြစ်သွားသည်။

“နင်ဘာလိုချင်လို့လဲ” စူစူလေး မေးလိုက်၏။

“ဘာ… ဘာမှ မလိုချင်ပါဘူး”။ ချင်းယုမူ ပြန်ဖြေလိုက်သည်။ သူ့ မျက်နှာက အလွန်ရှက်ကိုးရှက်ကန်းဖြစ်နေပြီး အသံတွေလည်း တုန်ကာ စကားတွေ ထစ်ငေါ့နေပါသည်။ “နင်… နင်မနေ့က အရမ်းတော်တာပဲ”

“ဒါပေါ့!’

“ဒါဆို… ငါအကွက်တွေ ပြတာကော မြင်ခဲ့လား။ ငါ့ကိုကော… တော်တယ်လို့ မထင်ဘူးလား”။ ချင်းယုမူ မျက်လုံးများက မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပါသည်။

“မဆိုးပါဘူး”။ စူစူလေး ရိုးရိုးသားသား အကဲဖြတ်ပေးလိုက်သည်။

“မဆိုးရုံပဲလား။ ငါက တခြားကောင်တွေထက် အများကြီး ပိုသာတယ်လေ!”။ ချင်းယုမူက စူစူလေး၏ အဖြေကို မကျေနပ်ပေ။

“အွန်း ဒါပေမယ့် သူတို့က နင့်ထက် သဘောကောင်းတယ်။ အာ့ကြောင့် သူတို့ကို ပိုသဘောကျတာ နင့်ကို သဘောမကျဘူး”။ စူစူလေး ပြန်ပြောလိုက်ပါသည်။

“နင်… နင်ဘာလို့ အဲ့လောက် တဲ့တိုးဆန်ရတာလဲ”

ဘယ်သူက မကြိုက်တာကို အဲ့လောက်ကြီး ပေါ်တင် ပြောတတ်လို့လဲ။

သူ့…သူ့ဘက်က သူမကို သဘောမကျဘူးလို့ အရင်ပြောခဲ့တာ ဆိုရင်တောင် သူမဘက်က နည်းနည်းလေး ညင်သာ မပေးသင့်ဘူးလား။

“ငါက အမြဲတမ်း ဒီလိုပဲပြောတတ်တာ! နင်ငါ့ကို သဘောမကျလို့ ငါလည်း နင့်ကို သဘောမကျဘူး! ငါတို့က မသင့်တော်ဘူး အာ့ကြောင့် စကားမပြောတော့ဘူး။ ငါ့အချိန်က အရမ်းတန်ဖိုးရှိတယ်!”။ စူစူလေးက အတည်ပေါက် မျက်နှာလေးနဲ့ ပြောလိုက်သည်။

“နင့်… နင့်ကို ငါသဘောမကျဘူးလို့ ဘယ်သူပြောလဲ”။ ချင်းယုမူ ရှက်ကိုးရှက်ကန်းနဲ့ ပြန်ချေပလိုက်ပါသည်။

“နင်ပြောတာလေ! ကိုယ်ပြောတာ ကိုယ်ဝန်မခံရင် ခွေးပေါက်လေး ဖြစ်သွားမယ်!”

စူစူလေးကြောင့် ချင်းယုမူ ဆွံ့အသွားပြီး ဘာပြန်ပြောရမှန်း မသိတော့ပေ။

ထိုစဉ် မီးဖိုချောင်ထဲမှ ချင်းယုချဲ မနက်စာများကို သယ်ကာ ထွက်လာခဲ့ပါသည်။

ဒါကိုမြင်တော့ ချင်းယုမူ ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး ဘာမှမဖြစ်သလို ဟန်ဆောင်ကာ စားပွဲဝိုင်းမှာ သွားထိုင်နေလိုက်ပါသည်။

ခုနက စူစူလေးကို ချင်းယုမူ စကားပြောနေမှန်း ချင်းယုချဲ မြင်လိုက်ပါသည်။

သို့သော်လည်း ချင်းယုချဲက မေးခွန်းအများကြီး မေးတတ်သူ မဟုတ်သဖြင့် စူစူလေးကို မနက်စာစားဖို့သာ လှမ်းခေါ်လိုက်သည်။

“စူစူလေး မနက်စာ စားလို့ရပြီ”

“အွန်း!” စူစူလေး ခုန်ပေါက်ကာ စားပွဲဝိုင်းသို့ ရောက်လာသည်။ သူမရှေ့က ပင်လယ်စာ ဆန်ပြုတ်ကို မြင်သောအခါ စူစူလေး တံတွေးမျိုချလိုက်မိပါသည်။

တူချောလေး ပြုတ်ပေးသည့် ဆန်ပြုတ်က ဘယ်ဆန်ပြုတ်နဲ့မှ မတူဘဲ အလွန်မွှေးပျံ့ပြီး အရသာရှိပါသည်။

ချင်းယန်ကျစ်နဲ့ ရှောင်းပေပေတို့လည်း အိပ်ရာနိုးလာကြသည်။ မနက်စာစားပွဲဝိုင်းဆီ ရောက်လာတာနဲ့ တစ်ပြိုင်နက် စူစူလေးကို သူတို့ ပြောလိုက်ကြသည်။

“စူစူလေး၊ မနက်စာ စားပြီးနောက် ကစားကွင်း သွားကြရအောင်!”။ ရှောင်းပေပေ အလွန်ပျော်ရွှင်နေပုံပေါက်ပါသည်။

“ကစားကွင်းဟုတ်လား။ ဒီနေ့ သမီးတို့ အိမ်ပြန်ရမှာ မဟုတ်ဘူးလား။ မေမေပြောတော့ ဒီနေ့ အိမ်ပြန်လာရမယ်တဲ့”။ စူစူလေး မေးလိုက်သည်။

“ဟုတ်တယ်။ အစကတော့ ဒီနေ့ အိမ်ပြန်ရမှာပဲ။ ဒါပေမယ့် အဖေနဲ့ အမေ့ကို ယောက်မ စကားပြောပြီးသွားပြီ။ သူတို့က စူစူလေးကို တစ်ညလောက် ဆက်နေဖို့ ခွင့်ပြုတယ်တဲ့”။ ရှောင်းပေပေ ရှင်းပြလိုက်ပါသည်။

စူစူလေး ပေကျင်းမြို့သို့ လိုက်လာခဲ့ရသည့် အကြောင်းအရင်းက ကျန်းရှင်းနဲ့ စာချုပ်ချုပ်သည့်အခါ ချင်းရှင်းကျစ်ကို အဖော်ပြုပေးဖို့ ဖြစ်သည်။

ယခု ပြဿနာတွေ အားလုံး ပြေလည်သွားပြီဖြစ်သဖြင့် သူတို့ အိမ်ပြန်လို့ရပါပြီ။

သို့သော်လည်း ချင်းယန်ကျစ်နဲ့ ရှောင်းပေပေတို့က စူစူလေးကို ပြန်မလွှတ်ချင်သေးပါ။ ထို့ကြောင့် စူစူလေးကို ပေကျင်းရှိ ကစားကွင်းသို့ ခေါ်သွားဖို့ ဆုံးဖြတ်လိုက်ပါသည်။

သူတို့လိုချင်တာ ရဖို့အတွက် မနေ့ညနဲ့ ဒီနေ့မနက်မှာ အဘိုးချင်းနဲ့ အဘွားချင်းတို့ကို လင်မယားနှစ်ယောက် ဖုန်းအကြိမ်ကြိမ်ဆက်ကာ ပူဆာခဲ့သည်။

လင်မယားနှစ်ယောက်၏ ခေါင်းမာမှုကြောင့် အဘိုးချင်းတို့လည်း စိတ်ပင်ပန်းသွားပြီး စူစူလေးကို တစ်ရက်လောက် ဆက်နေခွင့် ပေးလိုက်ပါသည်။

သို့သော်လည်း တစ်ရက်သာ ဖြစ်သည်။ ဒီ့ထက် ပိုလို့ မရတော့ပါ။ ဒီ့ထက် အချိန် ထပ်ဆွဲပါက အဘိုးချင်းနဲ့ အဘွားချင်းတို့ ပေကျင်းကို လိုက်လာကြတော့မည်။

သူတို့ သမီးလေးနဲ့ ဒီလောက် အကြာကြီး မခွဲဖူးပေ။

“ဪ… အာ့ဆိုလည်း တစ်ရက်လောက် ဆက်နေလိုက်ပါ့မယ်”။ စူစူလေး ခေါင်းငြိမ့်လိုက်သည်။ ဖေဖေနဲ့ မေမေ သဘောတူလျှင် အဆင်ပြေပါသည်။ မဟုတ်ပါက ဖေဖေနဲ့ မေမေ စိတ်ပူနေလိမ့်မည်။

ချင်းရှင်းကျစ်လည်း မနက်စာ စားပွဲဝိုင်းသို့ ရောက်လာသည်။ ချင်းယန်ကျစ်နဲ့ ရှောင်းပေပေတို့၏ တောက်ပနေသော မျက်နှာများကို ကြည့်ရင်း ချင်းရှင်းကျစ် စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်မိပါသည်။

ညီဖြစ်သူနဲ့ ခယ်မဖြစ်သူတို့ သူ့ညီမလေးကို သူ့ရှေ့မှာ လက်ဝါးကြီးအုပ်နေကြသည်။ သို့သော် သူဘာမှ မတတ်နိုင်ပေ။

“အစ်ကိုကြီးရေ အစ်ကိုလတ်နဲ့ ဒုတိယယောက်မတို့က သမီးကို ကစားကွင်းလိုက်ပို့ပေးမယ်လို့ ပြောတယ်။ အစ်ကိုကြီးလည်း လိုက်ခဲ့မှာမလား”။ ချင်းရှင်းကျစ်ကို စူစူလေး မေးလိုက်ပါသည်။

… … …

All Chapters