← Chapters

အခန်း (၇၀၆-၇၁၀)

Vol. 29 Ch. 706-710

အခန်း (၇၀၆-၇၁၀)

Vol. 29 Ch. 706-710

အခန်း(၇၀၆) စူစူလေးက ဆွဲတောင် မထားဘူးလား

“ညီမလေးက အစ်ကိုလတ်နဲ့ ယောက်မတို့နဲ့ပဲ သွားကစားလိုက်ပါ။ အစ်ကိုကြီး အလုပ်လုပ်ရဦးမယ်”။ ချင်းရှင်းကျစ် ရှင်းပြလိုက်ပါသည်။

မူလ အစီအစဉ်က ဒီနေ့မနက် ပြန်ဖို့ဖြစ်သော်လည်း မပြန်ဖြစ်သဖြင့် ကုမ္ပဏီအတွက် အကျိုးရှိတာတစ်ခုခု လုပ်သင့်သည်ဟု ချင်းရှင်းကျစ် ဆုံးဖြတ်လိုက်ပါသည်။

လောလောဆယ် သူ့လက်အောက်ရှိ နည်းပညာထုတ်လုပ်ရေးကုမ္ပဏီမှာ ပြဿနာများ ရှိနေဆဲဖြစ်သည်။

ချင်းရှင်းကျစ်က ချူးဟမ့်ကို အထင်အမြင်သေးသော်လည်း ချူးဟမ့် ကုမ္ပဏီအသစ်၏ နည်းပညာသစ်များက သူတို့ နည်းပညာထက် ပိုသာလွန်တာတော့ အမှန်ပင်။

သူတို့ ခေတ်နဲ့ အညီ မပြောင်းလဲနိုင်ပါက ချူးဟမ့်မရှိရင်တောင် တခြား တက်သစ်စ ကုမ္ပဏီများစွာက သူတို့ စီးပွားရေးကို လုယူသွားလိမ့်မည်။ ထိုအခါ ချင်းအုပ်စုလည်း ပျက်သုဉ်းရပါလိမ့်မည်။

ချင်းရှင်းကျစ်က သူတာဝန်ယူထားရသည့် လုပ်ငန်းကို သူ့မျက်စိအောက်မှာ ပျက်စီးခွင့် ပြုမှာမဟုတ်ပါ။

“ဒါဆို ကံကောင်းပါစေ အစ်ကိုကြီး!” စူစူလေး ပြောလိုက်ပါသည်။

“ညီမလေးက အစ်ကိုကြီးကို အတူတူလိုက်ခဲ့ဖို့ မပူဆာတော့ဘူးလား”။ ချင်းရှင်းကျစ် မေးလိုက်သည်။

သူ့ညီမလေးက သူ့ကို နည်းနည်းလေးတောင် ဆွဲမထားဘူးလား။

“မပူဆာပါဘူး”။ အစ်ကိုကြီးလာနောက်နေတာလား။ သူမက သူအလုပ်လုပ်မှာကို နှောင့်ယှက်မယ့် မသိတတ် မလိမ္မာတဲ့ ကလေးလေးလို့ ထင်နေတာလား။

ဟင်းဟင်းဟင်း၊ အစ်ကိုကြီးထင်တာ မှားသွားပြီ။ သူမက အဲ့လောက် ဉာဏ်မတုံးဘူး!

“အဲ့တာဆိုလည်း… ဟုတ်ပါပြီ”။ ချင်းရှင်းကျစ် စိတ်ဓာတ်ကျစွာ ပြောလိုက်ပါသည်။

မနက်စာစားနေချိန်အတွင်း အားလုံး၏ စိတ်အခြေအနေက ခြားနားနေပါသည်။

ချင်းယန်ကျစ်နဲ့ ရှောင်းပေပေတို့ လင်မယားက ပျော်ရွှင်မြူးထူးနေကြပြီး စူစူလေးကို အစားအသောက်တွေ မကြာခဏ ထည့်ပေးနေသည်။

ချင်းရှင်းကျစ်က မျက်နှာတည်တံ့နေပြီး တစ်ခါတရံ သက်ပြင်းတွေ လေးလံစွာ ချနေပါသည်။

ချင်းယုမူက တခြားသူတွေကို မကြာခဏ ခိုးကြည့်နေသော်လည်း မျက်နှာ ချက်ချင်းလွှဲသွားတတ်သည်။ သူ့စိတ်ထဲက အတွေးတွေကို သူများ မြင်သွားမှာ စိုးရိမ်နေသည့်အလား။

ချင်းယုချဲကတော့ ပုံမှန်အတိုင်း တိတ်ဆိတ်နေပါသည်။

ထိုစဉ် စူစူလေးကတော့ အစားအသောက် မပျက်ပေ။

တူချောလေးရဲ့ အစားအသောက်တွေက ဒီလောက် အရသာရှိနေတာ တခြားအာရုံမစိုက်အားဘူး!

မနက်စာစားပြီးနောက် ချင်းယန်ကျစ်နဲ့ ရှောင်းပေပေတို့က ကိုယ့်အခန်းကိုယ် ပြန်ပြီး အသင့်ပြင်ဆင်ကြသည်။ ချင်းရှင်းကျစ်ကလည်း အပြင်သွားဖို့ ပြင်ဆင်နေပါသည်။

ချင်းရှင်းကျစ် အိမ်တံခါးဆီ လျှောက်သွားရင်း စူစူလေးကို စိတ်မပါစွာ နှုတ်ဆက်စကား ပြောလိုက်ပါသည်။ “ညီမလေး၊ ဒီနေ့ အစ်ကိုလတ်၊ ယောက်မတို့နဲ့ ပျော်ခဲ့နော်”

“အွန်း!”

“အနာတရဖြစ်မယ့် ကစားနည်းတွေ မကစားနဲ့”

“အွန်း!”

“လူတွေ အများကြီးရှိတဲ့နေရာရောက်ရင် အစ်ကိုလတ်၊ ယောက်မနဲ့ တူချောလေးတို့ကို ချီခိုင်းထားနော်။ တစ်ယောက်တည်း လျှောက်မပြေးနဲ့”

“အွန်း!”။

“အဲ့တာဆို… အစ်ကိုကြီး သွားတော့မယ်နော် ညီမလေး…”။ စူစူလေးရဲ့ မျက်လုံးတွေထဲမှာ သူ့ကို မသွားစေချင်သည့် အရိပ်အယောင် တွေ့ရမလားဟု ချင်းရှင်းကျစ် မျှော်လင့်နေခြင်းဖြစ်သည်။

“အွန်း သွားတော့!”။ သို့သော်လည်း စူစူလေးက လုံးဝ ဆွဲမထားပါ။။ အစ်ကိုကြီး အလုပ်သွားလုပ်မှာဖြစ်မှန်း သူမ သိပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် ညနေကျရင်လည်း ပြန်တွေ့ရမှာပဲ မဟုတ်လား။

“အစ်ကိုကြီး… တကယ်သွားပြီနော်… ပျော်ရွှင်ပါစေ” ချင်းရှင်းကျစ် တွန့်ဆုတ်စွာနဲ့ အိမ်အပြင်ထွက်သွားလေသည်။

“အွန်း အများကြီး ပျော်ခဲ့မယ်!”

ဝုန်း! စူစူလေး အိမ်တံခါးပါ တစ်ခါတည်း ပိတ်ပေးလိုက်လေသည်။

စူစူလေးနောက်မှာ ချင်းယုမူတစ်ယောက် ကြက်သေသေနေပါသည်။

စူစူလေး နောက်ပြန်လှည့်ကြည့်လိုက်ရာ ကြက်သေသေနေသော ချင်းယုမူကို မြင်သော်လည်း လျစ်လျူရှုလိုက်သည်။ သူ့ဘေးမှ ဖြတ်သွားပြီး သူ့နောက်မှာ ရှိနေသည့် ချင်းယုချဲထံ ပြေးသွားလိုက်ပါသည်။

“တူချောလေး!”။ ချင်းယုချဲထံ စူစူလေး ပြေးသွားကာ လက်ဆွဲလိုက်သည်။

“အင်း”။ ချင်းယုချဲ သိမ်သိမ်မွေ့မွေ့ ထူးကာ သူ့လက်ကို စူစူလေး ကိုင်ရလွယ်အောင် ခါးအနည်းငယ် ကုန်းပေးလိုက်သည်။

ခပ်ပေါ့ပေါ့ တုန့်ပြန်မှုနဲ့ ရိုးရိုးရှင်းရှင်း အပြုအမူဟု ထင်ရသော်လည်း သူ့အစ်ကိုကြီးရဲ့ မျက်လုံးတွေထဲမှာ နူးညံ့သိမ်မွေ့မှုကို ချင်းယုမူ မြင်နိုင်ပါသည်။

ပိုသိသာတာက သူ့အပေါ် စူစူလေး ဆက်ဆံပုံနဲ့ ချင်းယုချဲအပေါ် စူစူလေး ဆက်ဆံပုံတို့ဖြစ်သည်။

တစ်ယောက်က လျစ်လျူရှုခံနေရတာဖြစ်ပြီး နောက်တစ်ယောက်ကတော့ ပွေ့ဖက်ခံရ၊ အသိအမှတ်ပြုခံရ၊ အချွဲခံရသူ ဖြစ်သည်။

ဒီလိုချစ်ဖို့ကောင်းတဲ့ မျက်နှာသေးသေးလေးက လာပွေ့ဖက်ရင် အရမ်း နူးညံ့ပြီး နေလို့ကောင်းမှာပဲ မဟုတ်လား။

ဟုတ်လောက်မှာပါ…။

ခေတ္တ တွန့်ဆုတ်သွားပြီးနောက် ချင်းယုမူ သူတို့နား ချဉ်းကပ်လာခဲ့သည်။ “အစ်ကိုကြီး…”

… … …

အခန်း(၇၀၇) ကစားကွင်းထဲက အိမ်ရာမဲ့ (၁)

“အေး ဘာလဲ”။ ချင်းယုမူကို ချင်းယုချဲ ကြည့်လိုက်သည်။

“ဘာမှမဟုတ်ပါဘူး။ ဒီတိုင်း ခေါ်ကြည့်တာ…”။ ချင်းယုမူ အလွန်နေရခက်နေပါသည်။

သူ ရှိနေကြောင်း အသိပေးပြီး စူစူလေးအား မြင်စေချင်တာဖြစ်သည်။

သူ့ကို စူစူလေး ဘာကြောင့်မြင်ဖို့လိုအပ်တာလဲ ဆိုတာကိုတော့ ကိုယ့်ကိုယ်ကိုယ်လည်း နားမလည်ပေ။

စူစူလေးက ချင်းယုမူကို လှည့်မကြည့်ဘဲ သူ့စိတ်ထဲ ဘာတွေရှိနေသလဲ ဆိုတာလည်း မသိပေ။ သူမ စိတ်ထဲမှာ ဒီနေ့ ဘာတွေ ကစားရမလဲဆိုတာသာ စဉ်းစားနေပါသည်။

အရင်တစ်ခေါက် ကိုကြီး(လုကျန်းယွီ)နဲ့ ကစားကွင်းသွားခဲ့တုန်းက အချိန်သိပ်မရသဖြင့် အများကြီး သိပ်မကစားခဲ့ရပေ။

ဒီနေ့ သူမ ကစားချင်တာ မှန်သမျှ ကစားပါမည်။

ဒီနေ့ သူတို့သွားမည့် ကစားကွင်းမှာ နိုင်ငံထဲတွင် အကြီးဆုံး ကစားကွင်းဖြစ်သည်ဟု အစ်ကိုလတ်က ပြောသည်။

သူမ အရင်ဆုံး အကဲခတ်ကြည့်လိုက်မည်။ ပျော်စရာကောင်းပါက နောက်တစ်ခါ ကိုကြီးကိုပါ ခေါ်လာပါမည်။

ဘေးမှာ ချင်းယုမူ တစ်ယောက်တည်း ဆူပုတ်နေလေသည်။

ဒီကောင်မလေးက ဘာလို့ သူ့ကို မကြည့်တာလဲ!

သူ့လက်တစ်ဖက် အားနေတာပဲ မဟုတ်ဘူးလား။ သူ့အစ်ကိုကြီးလက်ကို ကိုင်ထားသလိုမျိုး သူ့လက်ကိုကော ဘာလို့ လာမကိုင်တာလဲ။

သူ့လက်ကို လာကိုင်မယ်ဆိုရင် ကိုင်ခွင့်ပေးမှာပေါ့!

ချင်းယန်ကျစ်နဲ့ ရှောင်းပေပေတို့ ပြင်ဆင်ပြီးသွားပြီဖြစ်ကာ အိပ်ခန်းထဲမှ ထွက်လာကြသည်။ နှစ်ယောက်စလုံး အပြုံးများဖြင့် ရွှင်လန်းနေကြပြီး ကလေး ၃ ယောက်ကို ပေကျင်းမြို့ရှိ အကြီးမားဆုံး ကစားကွင်းဆီ ခေါ်သွားခဲ့သည်။

ကစားကွင်းထဲ ရောက်တာနဲ့ စူစူလေးကို ချင်းယန်ကျစ် မေးလိုက်ပါသည်။ “ညီမလေး ဘာစီးချင်လဲ”

“အဲ့တာကြီး စီးမယ်!”။ စူစူလေး၏ မျက်လုံးများက ခပ်လှမ်းလှမ်းရှိ ပင်လယ်ဓားပြလှေကြီးဆီမှာ ရှိနေပါသည်။

အရမ်းပျော်ဖို့ကောင်းမယ့်ပုံပဲ!

“ဟုတ်ပြီ! အဲ့တာကြီး သွားစီးကြမယ်နော်!”။ ချင်းယန်ကျစ် သဘောတူလိုက်ပါသည်။

ရှောင်းပေပေက အနည်းငယ် စိတ်ပူနေလေသည်။ “ယောက်ျား၊ အဲ့တာ ကြောက်ဖို့ကောင်းမယ့် ပုံပဲနော်။ စူစူလေး ကြောက်သွားရင် ဘယ်လိုလုပ်မလဲ”

“အမေ စိတ်မပူစမ်းပါနဲ့။ သူက ဒီလောက် သတ္တိရှိတာ”။ ချင်းယုမူ ဝင်ပြောလိုက်သည်။

“နင်က ဘယ်လိုလုပ်သိလဲ။ နင်နဲ့ စူစူလေးတို့ သိတာ တစ်ရက်ပဲ ရှိသေးတယ်။ ပြီးတော့ ရင်းလည်း မရင်းနှီးသေးဘူး”။ ရှောင်းပေပေက ချင်းယုမူ၏ စကားကို မယုံကြည်ချင်ပါ။

“ဒီတိုင်းသိတာဗျာ!”

မနေ့က အဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် သူမက ကြောက်တတ်သူမဟုတ်မှန်း ချင်းယုမူ သိနိုင်ပါသည်။

ချင်းယန်ကျစ်ကလည်း သဘောတူပါသည်။ “ငါတို့သား ပြောတာမှန်တယ် မိန်းမ။ စူစူလေးကို စီးခွင့် ပေးလိုက်ပါ။ သူကြောက်သွားရင် ငါတို့ ဖက်ထားပေးလိုက်မှာပေါ့”

“ဟုတ်ပါပြီ”

ယောက်ျားဖြစ်သူနဲ့ သားဖြစ်သူတို့က စူစူလေးဘက်မှ ကူပြောပေးနေကြသဖြင့် သူမ မကန့်ကွက်တော့ပါ။

ချင်းယန်ကျစ်က လက်မှတ်သွားဝယ်လိုက်သည်။ ချင်းယုချဲမှအပ တခြား ၄ ယောက်စလုံး ပင်လယ်ဓားပြလှေပေါ် တက်လိုက်ကြပါသည်။

ချင်းယုချဲက ကြောက်လို့ မဟုတ်ဘဲ တည်တည်ငြိမ်ငြိမ်နေတတ်သူဖြစ်တာကြောင့် ဒီလို ကစားကွင်းတွေမှာ တော်ရုံ မကစားတတ်ပေ။

၁၅ မိနစ်ခန့် ကြာသောအခါ ၄ ယောက်သား ပင်လယ်ဓားပြလှေပေါ်မှ ပြန်ဆင်းလာကြသည်။

စူစူလေးက အားအင်များဖြင့် ပြည့်နှက်နေသည်။ ချင်းယုမူကလည်း တည်ငြိမ်နေပါသည်။

သို့သော်လည်း သူတို့နောက်က လူကြီးနှစ်ယောက်ကတော့ သိပ်ပြီး အခြေအနေ မကောင်းလှပါ။

ချင်းယန်ကျစ် မျက်နှာ အနည်းငယ် ဖြူရော်နေပြီး ရှောင်းပေပေက ယိမ်းယိုင်နေပါသည်။ သူမ ယောက်ျားသာ ကူတွဲမထားလျှင် လဲကျသွားလောက်သည်။

“ယောက်ျား… ကျွန်မတို့ အိုလာပြီလား။ ကလေးနှစ်ယောက်ကို ကြည့်ပါဦး။ သူတို့ဘာလို့ အဲ့လောက် သွက်လက်နေရတာလဲ”

သူမ အလွန်ခေါင်းမူးနေသည်။ ထို ပင်လယ်ဓားပြလှေ စီးရတာ ဒီလောက် ကြောက်စရာကောင်းလိမ့်မည်ဟု တစ်ခါမှ မထင်ခဲ့ဖူးပေ။

“ဟုတ်မှာပေါ့။ ဒါပေမယ့် ငါတို့ သားနဲ့ ညီမလေးတို့က သာမန်ထက် ပိုသတ္တိရှိနေတာလည်း ဖြစ်နိုင်တာပဲ”

“ဟုတ်ပါတယ်… အဲ့လိုပဲ ဖြစ်မှာပေါ့”

“ပေပေ ထိုင်ခုံမှာ ခဏထိုင်နားလိုက်လေ။ ကိုယ်လိုက်ပို့ပေးမယ်”

ချင်းယန်ကျစ်နဲ့ ရှောင်းပေပေတို့ ထိုင်ခုံတွေရှိသည့် နေရာသို့ လျှောက်လာခဲ့ရာ ခပ်စုတ်စုတ် အဝတ်အစားများ ဝတ်ထားသည့် လူငယ်တစ်ယောက် ခုံတန်းရှည်ပေါ် လှဲအိပ်နေတာကို မြင်လိုက်ရလေသည်။

ထို့အပြင် စူစူလေးက ထိုလူငယ်နားကပ်ကာ စကားပြောနေလေသည်။

ဒါကိုမြင်တော့ ချင်းယန်ကျစ် အမြန်ပြေးသွားပြီး စူစူလေးကို ဆွဲခေါ်လိုက်သည်။ “ညီမလေး အစ်ကိုလတ်ဆီ လာခဲ့စမ်း”

“အစ်ကိုလတ် မကြောက်ပါနဲ့။ ဒီလူက လူကောင်းပါ”။ စူစူလေးက သေချာစွာ ပြောလိုက်လေသည်။

သူမ မြင်လိုက်သည်။ ဒီလူ့နားက အရှိန်အဝါ အခိုးအငွေ့များက အဖြူရောင်ဖြစ်သည်။ ဆိုလိုရင်းမှာ ဒီလူက အဖြူထည်သပ်သပ် လူကောင်းတစ်ယောက် ဖြစ်လေသည်။

… … …

အခန်း(၇၀၈) ကစားကွင်းထဲက အိမ်ရာမဲ့ (၂)

“စူစူလေး သူ့ကို ကူညီချင်ရင် အစ်ကိုလတ် ကူညီပေးမယ်နော်”။ ချင်းယန်ကျစ်က ပြောလိုက်သည်။

ညီမလေးက ငယ်သေးသည်။ သူမ မျက်လုံးထဲက ကမ္ဘာကြီးမှာ မေတ္တာတရားတွေ၊ အကြင်နာတရားတွေနဲ့ ပြည့်နှက်နေလိမ့်မည်။ သူမရဲ့ အစ်ကိုတစ်ယောက်အနေနဲ့ သူမရဲ့ အထင်အမြင်ကို ဖျက်ဆီးပြစ်လို့ မဖြစ်ပါ။

ထို့ကြောင့် ဒီလို သူစိမ်းမျိုးက အန္တရာယ်ရှိနိုင်သည်ဟု ခံစားမိသော်လည်း စူစူလေး၏ ဆန္ဒကို လေးစားပြီး ချင်းယန်ကျစ် ကူညီပေးပါမည်။

ချင်းယုမူ နှုတ်ခမ်းစူသွား၏။ စိတ်ထဲမှာလည်း စူစူလေး၏ နုံအမှုကို သရော်နေသည်။

သူမက ချစ်ဖို့ကောင်းသော်လည်း အန္တရာယ်ကို အန္တရာယ်မှန်း မမြင်တတ်ပေ။

မနေ့က သူ့သူငယ်ချင်းတွေကို သဘောကောင်းပြနေတာ ကိစ္စမရှိသော်လည်း သူစိမ်းတစ်ယောက်ကို သူ့ထက်ပင် ကောင်းကောင်းမွန်မွန် ဆက်ဆံနေတာတော့ ပြဿနာရှိသွားပါပြီ။

ချင်းယုမူ စိတ်ပြန်ညစ်သွားလေသည်။

ရှောင်းပေပေက မူးနေဆဲဖြစ်သဖြင့် ဘာမှ ဝင်မပြောနိုင်ပါ။

သို့သော်လည်း သူမယောက်ျားရဲ့ သဘောထားက သူမ သဘောထားပဲဖြစ်သည်။

စူစူလေး သူများတွေကို ကူညီပေးချင်စိတ်ရှိတာ ကောင်းသော်လည်း သူစိမ်းတွေကို သတိထားသင့်သည်။ သူတို့ရဲ့ ညီမလေးက အလွန်ချစ်ဖို့ကောင်းပြီး နူးညံ့သဖြင့် သေချာ ကာကွယ်ပေးမှ ဖြစ်ပါလိမ့်မည်။

“အစ်ကိုလတ် မကြောက်ပါနဲ့။ သူက လူကောင်းတစ်ယောက်ပါ”။ စူစူလေး ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်လေသည်။

ထိုစဉ် ခုံတန်းရှည်ပေါ် လှဲအိပ်နေသည့် လူက စူစူလေးကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်လေသည်။

ဘဝက ဒီလောက်ထိတောင် ဆိုးရွားခဲ့ပြီဖြစ်သဖြင့် သူ့ကို တခြားသူတွေ ဘယ်လောက်ပဲ လက်ညှိုးထိုးထိုး ဘယ်လောက်ပဲ လှောင်ပြောင်ပါစေ သူ ဂရုမစိုက်တော့ပါ။

သို့သော် ဒီကလေးမလေး၏ စကားက သူ့နှလုံးသားကို လာရောက် ရိုက်ခတ်ခဲ့သည်။

စူစူလေးကလည်း သူ့ကို ကြည့်နေသည်။ “ကိုကြီး ပြဿနာတစ်ခုခု တက်ထားလို့လား။ သမီးကူညီပေးမယ်! ကိုကြီးက လူကောင်းပဲ သမီးက လူကောင်းတွေကို အမြဲကူညီပေးတယ်!”

“ကိုကြီးကို လူကောင်းလို့ ခေါ်တဲ့အတွက် ကျေးဇူးပါ ညီမလေး”

“ရပါတယ်! သမီးက လူတိုင်းကို လူကောင်းလို့ ခေါ်တာမဟုတ်ဘူး။ စံနှုန်းက အရမ်းမြင့်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ထား ကိုကြီး! ကိုကြီးက တကယ့်လူကောင်းမို့လို့ ကူညီပေးချင်တာ! လူတော်တော်များများက လူကောင်းမဟုတ်ကြဘူး”

သူ့အခိုးအငွေ့တွေကသာ အဖြူရောင်စင်စစ် မဟုတ်ပါက သူ့ကို လူကောင်းဟု ခေါ်နေမှာ မဟုတ်ပါ။ မီးခိုးရောင်တွေကိုတောင် စူစူလေး လူကောင်းဟု မခေါ်ပါ။

လူငယ်က စူစူလေးကို စိုက်ကြည့်ကာ မေးလိုက်သည်။ “ကိုကြီးက လူကောင်းမှန်း ဘယ်လိုပြောနိုင်တာလဲ။ ကိုကြီးက လိမ်မယ့်ပုံစံ မပေါက်လို့လား”

သူ့ပုံစံက အဲ့လောက်တောင် ရိုးအနေတာလား။ အဲ့တာကြောင့် သူ့နားကလူတွေအားလုံး သူ့ကို လိမ်ညာသွားခဲ့တာလား။

“အဲ့တာတွေ စိတ်ပူမနေပါနဲ့။ ကိုကြီးကို သမီးက လူကောင်းလို့ပြောရင် လူကောင်းပဲ! သမီးမျက်လုံးတွေက အရမ်း စွမ်းအားကြီးတယ်! အရမ်းတိကျတယ် လုံးဝ မမှားနိုင်ဘူး!”။ စူစူလေးက ခေါင်းမော့ ရင်ကော့လျက် ယုံကြည်ချက် ပြည့်ဝ စွာ ပြောလိုက်ပါသည်။

ချင်းယန်ကျစ်က ရှေ့တိုးလာပြီး မေးလိုက်သည်။ “ကောင်လေး၊ အခက်အခဲ တစ်ခုခု ရှိလို့လား။ ဦးလေးတို့ ဘာကူညီပေးရမလဲ”

လူငယ်က ဘာမှ ပြန်မပြောပေ။

ထိုစဉ် ချင်းယုချဲထံ စူစူလေး ပြေးသွားလိုက်သည်။

“တူချောလေး ဒေါ်လေးအိတ်ပေး!”။ စူစူလေးက သူမရဲ့ SpongeBob ကျောပိုးအိတ်လေးကို တောင်းလိုက်သည်။

သူမ ပင်လယ်ဓားပြစီးနေစဉ် ချင်းယုချဲက သိမ်းပေးထားတာဖြစ်ပါသည်။ ချင်းယုချဲက စူစူလေးထံ လွယ်အိတ် ပြန်ပေးလိုက်သည်။ စူစူလေး လွယ်အိတ်ကို ဖွင့်ကာ ဝက်ဝံဘီစကွတ်ဘူးလေးကို ထုတ်လိုက်ပါသည်။

ထို့နောက် အိမ်ရာမဲ့ လူငယ်ထံ ပြန်ပြေးသွားပြီး ပေးလိုက်သည်။

“ဒါတွေက အရမ်းအရသာရှိတယ်။ ကိုကြီး စားလိုက်”။ စူစူလေး ပြောလိုက်သည်။

ဒီလူကောင်းက ဗိုက်ဆာနေသည်။ သူ့ကို ဘီစကွတ်ကျွေးလိုက်ပါက အားအင်တွေ ပြန်ပြည့်ဝလာလိမ့်မည်။

စူစူလေး၏ မျက်နှာတည်လေးကို ကြည့်ရင်း လူငယ် ဘယ်လို တုန့်ပြန်ရမလဲ မသိတော့ပေ။

“မြန်မြန်ယူလေ!”။ လူငယ် အချိန်အတော်ကြာ တွေဝေနေတာကို ကြည့်ပြီး စူစူလေး စိတ်မရှည်ဖြစ်လာသည်။ ထိုလူ့လက်ထဲ ဘီစကွတ်ဘူးကို အတင်းထည့်ပေးလိုက်ပြီး အမိန့်သံဖြင့် ပြောလိုက်၏။ “မြန်မြန်စား! ဗိုက်ဆာနေတာကို ဘာလို့ မစားတာလဲ! ဗိုက်ပြည့်ဖို့ထက် ကျန်တာ ဘာမှ အရေးမကြီးဘူး!”

စူစူလေး၏ ဦးစားပေး အလုပ်များက ကောင်းကောင်းအိပ်ဖို့နဲ့ ကောင်းကောင်းစားဖို့ဖြစ်သည်။ နတ်ယုတ်မာကြီးကို ကလဲ့စားချေဖို့ထက်တောင် ထိုအရာတွေကို ပိုဦးစားပေးပါသည်။

… … …

အခန်း(၇၀၉) ကစားကွင်းထဲက အိမ်ရာမဲ့ (၃)

“မလိုပါဘူး ညီမလေး၊ စေတနာ ထားပေးလို့ ကျေးဇူးတင်ပါတယ်”။ လူငယ်က လက်မခံဘဲ ငြင်းလိုက်ပါသည်။

ထို့နောက် လူငယ်က ကိုယ့်ကိုယ်ကိုယ် သရော်စွာ ပြုံးလိုက်သည်။ “ထူးဆန်းလိုက်တာ။ ငါ့ကို သူငယ်ချင်းလို့ ခေါ်ကြတဲ့လူတွေကော၊ ငါ့မိသားစုဝင်တွေကော တစ်ယောက်မှ ငါ့ကို မကူညီခဲ့ကြဘူး။ ဒါပေမယ့် သူစိမ်း ကလေးမလေးတစ်ယောက်က ငါ့ကို ကူညီပေးချင်နေတယ်”

စူစူလေး နှုတ်ခမ်းစူသွားသည်။ “တခြားသူတွေ မကူညီချင်ရင် နေပါစေပေါ့။ ကိုယ့်အပေါ်မကောင်းရင် လျစ်လျူရှုလိုက်။ ဒေါသထွက်ရင် ဆွဲထိုးပစ်လိုက်! စိတ်ညစ်နေမယ့်အစား ဆွဲထိုးပစ်လိုက်တာ မကောင်းဘူးလား။ ဘာလို့ ဗိုက်အဆာခံပြီး နေမှာလဲ။ ကိုကြီး ဘာမှမစားလည်း ကိုကြီးမုန်းနေတဲ့သူတွေက ဝမ်းနည်းမှာ မဟုတ်ဘူး သိရဲ့လား”

သူတို့ကို လက်သီးနဲ့ ထိုးမှ နာကျင်စေမှာဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် အစာငတ်ခံခြင်းက သူတို့ကို မထိခိုက်စေပါ။

ဒီလူ ဘာဖြစ်နေတာလဲ။ လူကောင်းဆိုပေမယ့် ဘာလို့ အဲ့လောက် တုံးအ ရတာလဲ။

ချင်းယန်ကျစ်ကလည်း ဝင်ပြောလိုက်သည်။ “ငါ့ညီမလေး ပြောတာမှန်တယ် ကောင်လေး။ ဗိုက်ပြည့်ဖို့ထက် ဘာကမှ အရေးမကြီးဘူး။ ယာယီ ကျရှုံးမှုက ကြောက်စရာမကောင်းဘူး။ ကြောက်စရာကောင်းတာက ကြိုးစားချင်စိတ် မရှိတော့မှာပဲ”

ဒီလူငယ်၏ စကားပြောပုံဆိုပုံကို ကြည့်ခြင်းအားဖြင့် ပညာတတ်လူငယ်ဖြစ်လိမ့်မည်ဟု ချင်းယန်ကျစ် အကဲခတ်မိသည်။

ဒီလောက်ထိ ဘဝဆိုးသွားရလောက်အောင် ကြီးမားသည့် ပြဿနာတချို့နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်လိမ့်မည်။

စူစူလေးနဲ့ ချင်းယန်ကျစ်တို့၏ စကားကို ကြားပြီးနောက် လူငယ် တုန်လှုပ်သွားခဲ့သည်။

ဇနီးဖြစ်သူ၏ ဖောက်ပြန်မှုကို ခံခဲ့ရပြီး မောင်းထုတ်ခံခဲ့ရသဖြင့် သူ့ကိုယ်သူ အပြစ်ပေးခဲ့မိသည်။ သို့သော် သူ့ကိုယ်သူ အပြစ်ပေးနေလို့ကော ဘာထူးတော့မှာလဲ။ သူ့ကိုယ်သူ ပိုဝမ်းနည်းစေတာကလွဲပြီး တခြား ဘာလုပ်နိုင်ဦးမှာလဲ။

ဒီမှာ ဆက်ပြီး လှဲမနေရင်တောင် သူ့အနာဂတ်မှာ ဦးတည်ချက် မရှိတော့ပါ။ ထိုအတွေးဖြင့် လူငယ်၏ မျက်လုံးတွေထဲက အလင်းရောင်များ ပြန်လည်မှေးမှိန်သွားခဲ့ပြန်သည်။

ဘာမှ မထူးခြားတော့ပါဘူး။

သူဘယ်သူ့ကိုမှ ကလဲ့စားမချေချင်တော့ဘူး။ ကလဲ့စားချေနိုင်စွမ်းလည်း မရှိတော့ဘူး။

ဒီလိုနဲ့ ထိုလူငယ် မျက်လုံးတွေ ပြန်လည်မှေးမှိန်သွားပြီး ချက်ချင်း ပြန်လှဲအိပ်လိုက်ပါသည်။ “ကျေးဇူးတင်ပါတယ် ညီမလေး။ ဒါပေမယ့် ကိုကြီးကိစ္စတွေကို စိတ်မဝင်စားပါနဲ့တော့။ ကိုကြီး အသက်ဆက်ရှင်ဖို့ အဓိပ္ပာယ်လည်း မရှိတော့ဘူး။ ဒီတိုင်းပဲ နေခွင့်ပေးပါ။ သေသွားလည်း အရေးမကြီးဘူး”

ဒါကိုကြားတော့ စူစူလေး မျက်မှောင်ကြုတ်သွားပြီး နှုတ်ခမ်းစူလိုက်သည်။

ထို့နောက် ရှေ့တိုးကာ ထိုလူ့အင်္ကျီကို ဆွဲလိုက်သည်။

“ညီမလေး!”။ ထိုလူ့ကို စူစူလေး ရိုက်နှက်တော့မည်အထင်ဖြင့် ချင်းယန်ကျစ် အမြန်တားလိုက်ပါသည်။ “ညီမလေး သူများတွေကို မရိုက်ရဘူးနော်”

“အစ်ကိုလတ် သမီးသူ့ကို မရိုက်ပါဘူး။ သူက ခေါင်းသိပ်မကြည်လို့ သေချင်နေတယ်လို့ ပြောနေတယ်။ သမီးသူ့ကို အမူးပြေသွားအောင် လုပ်လိုက်မယ်”။ စူစူလေး ပြန်ပြောလိုက်သည်။

“ဟမ်”

ချင်းယန်ကျစ် ကြက်သေသေသွား၏။

အစ်ကိုလတ်ကို နားလည်အောင် ပြောဖို့ စိတ်ကူးမရှိဘဲ စူစူလေး ထိုလူ့ကို ခုံတန်းရှည်ပေါ်မှ ဆွဲချလိုက်ပါသည်။

ထိုလူ့ မျက်လုံးများ ပြူးကျယ်သွားလေသည်။ သူ့ကို ဒီလိုကလေးမလေးတစ်ယောက်က ဆွဲချနိုင်တာ မယုံကြည်နိုင်ပေ။

ကလေးမလေးက သူ့တီရှပ်ကို လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်ကာ တရွတ်တိုက် ဆွဲခေါ်သွားလေသည်။

ဒါကိုမြင်တော့ ချင်းယန်ကျစ်၊ ရှောင်းပေပေနဲ့၊ ချင်းယုမူတို့အားလုံး တုန်လှုပ်သွားကာ စကားပင် ကောင်းကောင်း မပြောနိုင်ကြတော့ချေ။

သူတို့ ၃ ယောက်က စူစူလေးနဲ့ အနေမနီးသဖြင့် စူစူလေးရဲ့ ကြမ်းကြမ်းတမ်းတမ်း လုပ်ရပ်များကို မမြင်ဖူးပါ။

အထူးသဖြင့် ချင်းယုမူတစ်ယောက် မျက်လုံးများပြူးကျယ်ပြီး ပါးစပ်အဟောင်းသား ဖြစ်နေလေသည်။

ချင်းယုချဲတစ်ယောက်တည်းသာ တည်ငြိမ်နေပြီး စူစူလေးရဲ့ ပစ္စည်းများကို ကူသယ်ပေးရင်း အနောက်မှ လိုက်သွားပါသည်။ သူ အံ့လည်း မအံ့ဩသလို တားဆီးဖို့လည်း စိတ်ကူးမရှိပါ။

သူတို့နဲ့ မလှမ်းမကမ်းမှာ ရေကန်ကြီးတစ်ခုရှိသည်။ စူစူလေး၏ ဦးတည်ချက်ကလည်း ထိုရေကန်ဆီကိုပဲ ဖြစ်သည်။

စူစူလေးက ထိုလူ့ကို ရေကန်စွန်းအထိ ဆွဲခေါ်သွားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းအား ရေကန်ထဲသို့ ပစ်ချလိုက်ပါသည်။

နွေရာသီနှောင်းပိုင်းနဲ့ ဆောင်းဝင်ခါစ ကာလတွေမှာ ရေကန်ထဲရှိ ရေတွေက သိပ်မအေးပါ။ သို့သော်လည်း ရေကန်ထဲ ရုတ်တရက် ပစ်ချခံလိုက်ရပါက မွန်းကြပ်သော ခံစားချက်ကြောင့် ကြောက်လန့်သွားစေနိုင်သည်။

အထူးသဖြင့် ကိုယ့်ကို ချုပ်နှောင်ထားသူက အလွန် ခွန်အားကြီးမားသဖြင့် ဘယ်လိုမှ မတုန့်ပြန်နိုင်လျှင် ပိုဆိုးပါသည်။

… … …

အခန်း(၇၁၀) အင်ဂျင်နီယာ (၁)

မကြာခင် သေရတော့မလို ခံစားမိရုံကလွဲပြီး သူ ဘာမှ မတတ်နိုင်တော့ပါ။

ထိုအချိန်တွင် ခန္ဓာကိုယ်၏ ရှင်သန်လိုစိတ်က အလိုလျောက်တုန့်ပြန်လာပြီး ထိုလူလည်း ရေကန်ထဲမှာ ယက်ကန်ယက်ကန် ဖြစ်သွားလေသည်။

၁၀ စက္ကန့်ကြာပြီးနောက် သူ့ကို စူစူလေး ပြန်ဆွဲထုတ်လိုက်ပါသည်။

သူ အသက်ဝဝမရှူနိုင်သေးခင် စူစူလေးက သူ့ကို ရေကန်ထဲ ပြန်နှစ်လိုက်ပြန်သည်။

နောက်ထပ် ၁၀ စက္ကန့်ကြာသောအခါ စူစူလေး ပြန်ဆွဲထုတ်လိုက်သည်။

ထို့နောက် ထိုလူ့ကို စူစူလေး လွှတ်ပေးလိုက်ပါသည်။

ထိုလူလည်း မြေကြီးပေါ် ပျော့ခွေကာ လဲကျသွားပြီး ရေကန်ဘောင်ကို မှီလျက် လေကို အသက်လု ရှူရှိုက်နေရသည်။

ချင်းယန်ကျစ် အပြေးအလွှားရောက်လာပြီး ရေတွေစိုရွှဲနေသည့် အိမ်ရာမဲ့ကို ကြည့်ရင်း စူစူလေးအား မေးလိုက်သည်။ “ညီမလေး… ဒါ… ဒါဘာသဘောလဲ”

“သူ့ဦးနှောက်ကို ရေဆေးပေးတာ! စိတ်တွေ မကြည်လင်ဖြစ်နေတဲ့လူနဲ့တွေ့ရင် ဒီလိုရေဆေးပေးရတယ်လို့ ဆရာက ပြောတယ်”။ စူစူလေး ရှင်းပြလိုက်သည်။

ဒီလိုလုပ်လိုက်လျှင် အလုပ်ဖြစ်နိုင်သည်ဟု ဆရာက ပြောသည်။ အထူးသဖြင့် သေချင်နေသည့်လူတွေဆို ပိုအလုပ်ဖြစ်သည်။ ဦးနှောက်ကို ဆေးပေးလိုက်ပါက သေချင်နေတာတွေ ပျောက်သွားနိုင်ပါသည်။

သူမ ပထမဆုံး လက်တွေ့ အသုံးချဖူးတာဖြစ်သော်လည်း ဆရာသင်ပေးထားတာဖြစ်သဖြင့် လွဲတော့ မလွဲနိုင်ပေ။

“ဆရာ ဟုတ်လား။ ဘယ်က ဆရာကိုပြောနေတာလဲ ညီမလေး။ မူကြိုက ဆရာလား”

ချင်းယန်ကျစ် စိတ်ထဲမှ တွေးလိုက်သည်။ မူကြိုဆရာတစ်ယောက်တော့ ဒီလို “ဦးနှောက်ဆေး”တဲ့ နည်းလမ်းမျိုး သင်ပေးမှာ မဟုတ်လောက်ဘူးမလား…။

သို့သော်လည်း စူစူလေးကို ဒီနည်းလမ်း သင်ပေးသည့်လူက လူတွေကို တိုက်ခိုက်ဖို့ သင်ပေးထားတာတော့ မဖြစ်နိုင်ပါ။ ထို့ကြောင့် စူစူလေးက သူ့ကို ရေထဲမှာ အချိန်တိုတိုသာ နှစ်ထားခဲ့ကာ ပြန်ဆွဲတင်ပေးခဲ့ခြင်းဖြစ်သည်။

“မဟုတ်ဘူး ဆရာ့ကိုပြောတာ။ ဆရာနဲ့ ကျောင်းဆရာနဲ့က မတူဘူး။ ဒါမယ့် ဆရာက ပျောက်သွားပြီ”။ စူစူလေး ပြန်ဖြေလိုက်သည်။

“ဟုတ်ပါပြီ။ အဲ့တာဆို အိမ်ပြန်ရောက်ရင် အစ်ကိုလတ်က ကူရှာပေးမယ်နော်”။ ချင်းယန်ကျစ် ပြောလိုက်ပါသည်။

ထိုစဉ် အိမ်ရာမဲ့လူ အသိစိတ်ပြန်ဝင်လာပြီး စူစူလေးကို ကြောင်စီစီ ကြည့်လိုက်သည်။

စူစူလေးက ထိုလူ့ကို ကြည့်ကာ မေးလိုက်၏။ “စိတ်ထဲ ရှင်းလင်းသွားပြီလား။ သေမယ့်အကြောင်းတွေ မပြောနဲ့တော့နော်! သေတာက ပျော်စရာမကောင်းဘူး။ ဒီလို ရူးရူးမိုက်မိုက်သေသွားရင် နောက်ဘဝကျရင်လည်း ကံကောင်းမှာမဟုတ်ဘူး! အသက်ကို တန်ဖိုးမထားတဲ့လူတွေက ကံမကောင်းတတ်ဘူး!”

သူ့ကို ခြောက်လှန့်နေတာ မဟုတ်ပါ။ နတ်ယုတ်မာကြီးလည်း ဒီလိုပဲ ပြောခဲ့တာဖြစ်သည်။

နတ်ယုတ်မာကြီးက ဆိုးသွမ်းသော်လည်း သူ့စကားတချို့က မှန်ကန်ပါသည်။

စူစူလေး၏ စကားကိုကြားပြီး အိမ်ရာမဲ့လူလည်း မျက်ရည်များ ကျလာပါသည်။

စူစူလေး၏ စကားလုံးတွေကြောင့်ပဲလား၊ ဒါမှမဟုတ် ရေနှစ်ခံရတာကြောင့် ကြောက်လန့်သွားတာကြောင့်ပဲလား မပြောတတ်ပါ။

ဒါမှမဟုတ် ကလေးမလေးရဲ့ ဖြူစင်ပြီး ရိုးရှင်းသော စေတနာကြောင့်ပဲလား မသိပါ။

ဘယ်လိုပဲဖြစ်ဖြစ် အချိန်အတော်ကြာ ခန်းခြောက်နေခဲ့သည့် မျက်ရည်များက အကာအရံ အတားအဆီးမရှိ လျှံကျလာလေသည်။

သူငိုနေတာကို ကြည့်ပြီး ဘယ်သူမှ ဘာမှ မပြောခဲ့ကြပါ။

အချိန်အတော်ကြာမှ စကားနည်းသည့် ချင်းယုချဲ ရှေ့တိုးလာပြီး လက်ကိုင်ပဝါတစ်ထည် ပေးလိုက်သည်။

ထိုလူလည်း ခေတ္တ တွန့်ဆုတ်သွားပြီး လက်ကိုင်ပဝါကို လက်ခံကာ မျက်နှာကို သုတ်လိုက်ပါသည်။

ခဏကြာတော့ စူစူလေးကို သူမေးလိုက်သည်။ “ဒါဆို ကိုကြီး ဘာလုပ်သင့်တယ်လို့ထင်လဲ ညီမလေး”

ဒီကလေးမလေးကို ဘာကြောင့် ဒီလိုမေးမိမှန်း သူ့ကိုယ်သူ နားမလည်တော့ပါ။

ဒီကလေးမလေးက သူ့ထက် ပိုမိုရိုးရှင်းသော ဘဝကို ဖြတ်သန်းခဲ့ရသဖြင့် သူ့ကို အဖြေပေးနိုင်လိမ့်မည်ဟု ခံစားမိတာကြောင့် ဖြစ်နိုင်သည်။

“ဘာပြဿနာ ကြုံခဲ့ရလို့လဲ”။ စူစူလေး ပြန်မေးလိုက်သည်။

“ကို… ကိုကြီးချစ်တဲ့ မိန်းမနဲ့ ကိုကြီးရဲ့ အချစ်ဆုံးသူငယ်ချင်းက ကိုကြီးကို သစ္စာဖောက်သွားတယ်။ သူတို့က ကိုကြီး အယုံကြည်ရဆုံးလူတွေ။ သူတို့အချင်းချင်း ပေါင်းဖက်သွားကြပြီး ကိုကြီးကို ကုမ္ပဏီက ကန်ထုတ်ခဲ့တယ်။ ကိုကြီး ဖန်တီးခဲ့တဲ့ နည်းပညာတွေကိုတောင် မူပိုင်ခွင့် ယူပြီး သိမ်းပိုက်သွားခဲ့တယ်”

ဒါကိုကြားတော့ ချင်းယန်ကျစ်နဲ့ ရှောင်းပေပေတို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ တော်တော် ကံဆိုးတာပဲ…

ချင်းယုမူတောင် ဒီလူ တော်တော် ကံဆိုးသည်ဟု ခံစားမိသည်။

“ဒါဆို ကလဲ့စားချေချင်လို့လား”။ ရှောင်းပေပေက ဝင်မေးလိုက်၏။

သူမ ခေါင်းမူးတာ ပျောက်သွားပြီဖြစ်သည်။ အိမ်ရာမဲ့လူ၏ စကားကို ကြားလိုက်ရသောအခါ သူမရဲ့ တရားမျှတမှုကို လိုလားသည့်စိတ်က တောက်လောင်လာခဲ့ပါသည်။

… … …

All Chapters