အခန်း (၇၂၆-၇၃၀)
Vol. 30 Ch. 726-730
အခန်း(၇၂၆) စီအီးအိုဆန်ဆန် လက်ဆောင်ပေးခြင်း (၁)
သူ့အဖေကိုသာ အားကိုးရတော့မည်။
သူ့သားအကြံကို ချင်းယန်ကျစ် သိပါသည်။ သူအိမ်ပြန်ချင်နေတာဖြစ်မည်ဟု ယူဆလိုက်၏။
ထို့ကြောင့် ချင်းယုမူ၏ ပခုံးကို ပုတ်ပေးရင်း ချင်းယန်ကျစ် ပြောလိုက်သည်။ “ငါအခု ဒရိုင်ဘာကို ဖုန်းဆက်ပြီး မင်းကို လာခေါ်ခိုင်းလိုက်မယ်”
“အဖေ အဲ့လောက်ထိ ဒုက္ခခံစရာမလိုပါဘူး”။ ချင်းယုမူ အမြန်ပြန်ပြောလိုက်သည်။
“ဘာဒုက္ခလဲကွ၊ မင်းက ငယ်သေးတယ်။ ဘတ်စ်ကားစီးပြီး အိမ်ပြန်လို့လည်းမရဘူး၊ တက္ကစီငှားပြီး တစ်ယောက်တည်း ပြန်လို့လည်း မရဘူး”
“မဟုတ်ပါဘူး… အဲ့လောက်ကြီး လုပ်စရာမလိုဘဲ… ဒီတိုင်း အဖေတို့နဲ့ တူတူပြန်လည်း ရတာပဲ”။ ချင်းယုမူ တီးတိုးလေး ပြောလိုက်သည်။
“မင်းစိတ်မပါဘဲ လိုက်စရာမလိုပါဘူးကွာ။ မင်းမလုပ်ချင်တာကို အဖေတို့ မလုပ်ခိုင်းဘူး”။ ချင်းယုမူကို ချင်းယန်ကျစ် တီးတိုးလေး ပြောလိုက်သည်။ “အဖေလည်း ယောက်ျားတစ်ယောက်ပဲ။ ရှော့ပင်ထွက်တာ ဘယ်လောက် ပင်ပန်းလဲ အဖေကောင်းကောင်း သိတယ်။ မင်းအစ်ကိုကြီးနဲ့ အဖေနဲ့က ခံနိုင်ရည်ရှိတယ်။ မင်းအပင်ပန်းခံစရာမလိုဘူး”
ချင်းယန်ကျစ်က သူ့သားအကြောင်းသူ အလွန်နားလည်သည်ဟု ယူဆထားသည်။ ထို့ကြောင့် သူ့သားကို ဒုက္ခမှ ကယ်တင်ပေးနေတာဖြစ်ပါသည်။
ချင်းယုမူကတော့ ခံစားချက်အမှန်ကို ထုတ်မပြနိုင်သဖြင့် စိတ်ရှုပ်လွန်းလို့ သေချင်နေပါသည်။
ထို့နောက် ချင်းယန်ကျစ်က စူစူလေးကို ပြောလိုက်သည်။ “ညီမလေးက အစ်ကိုကြီးရယ်၊ ယောက်မရယ်၊ တူချောလေးရယ်တို့နဲ့ ရှော့ပင်အရင်ထွက်နှင့်နော်။ အစ်ကိုလတ်က ယုမူကို ကားဆီ လိုက်ပို့ပေးပြီးမှ လိုက်လာခဲ့မယ်”
“အွန်း ဟုတ်ပြီ!”။ စူစူလေး ခေါင်းငြိမ့်လိုက်သည်။
စူစူလေး၏ ဂရုမစိုက်သော အမူအရာကို ကြည့်ပြီး ချင်းယုမူ ရင်ထဲ ထူးထူးဆန်းဆန်း ခံစားချက်ဖြစ်ပေါ်လာသည်။
ထူးဆန်းတာမဟုတ်သော်လည်း သူ့ကို စူစူလေး စိတ်ဆိုးနေတုန်း ဖြစ်လိမ့်မည်။
သို့သော်လည်း ချင်းယန်ကျစ်က ချင်းယုမူကို ဆန္ဒပြခွင့်တောင် မပေးတော့ပါ။ ချင်းယုမူ၏ လက်ကိုဆွဲပြီး ဓာတ်လှေကားနဲ့ ဆင်းသွားခဲ့သည်။
တစ်လမ်းလုံး ချင်းယုမူ စကားပြောချင်သော်လည်း စကားလုံးတွေ ပြန်လည်မျိုသိပ်မိခဲ့မိသည်။
နောက်ဆုံးတော့ ကားပါးကင်သို့ ချင်းယုမူကို ချင်းယန်ကျစ် လိုက်ပို့ပေးလိုက်သည်။ ချင်းယုမူ ကားထဲဝင်သွားတာကို မြင်မှ စူစူလေးတို့နောက်သို့ ချင်းယန်ကျစ် လိုက်လာခဲ့ပါသည်။
ရှော့ပင်းမောထဲမှာ စူစူလေးတို့အဖွဲ့ ရှော့ပင်ထွက်နေကြပြီဖြစ်သည်။
စူစူလေးက လက်တစ်ဖက်ဖြင့် ချင်းယုချဲ၏ လက်ကို တွဲထားပြီး ကျန်လက်တစ်ဖက်ဖြင့် ရှောင်းပေပေ၏ လက်ကို တွဲထားကာ ယုံကြည်ချက်ရှိရှိ လမ်းလျှောက်နေပါသည်။
ချင်းရှင်းကျစ်က နောက်မှ လိုက်လာပြီး စူစူလေးအတွက် ပစ္စည်းများ ကူသယ်ပေးရသည်။
“စူစူလေး ဘာဝယ်ချင်သေးလဲ”။ ရှောင်းပေပေက မေးလိုက်သည်။
“ဘာဝယ်ရင်ကောင်းမလဲ”။ စူစူလေးက ပြန်မေး၏။
“အဲ…”။ ရှောင်းပေပေ ချက်ချင်းပဲ ဆယ်စုနှစ်များစွာ ရှော့ပင်ထွက်လာသည့် အတွေ့အကြုံများကို အသုံးချပြီး စဉ်းစားလိုက်သည်။ “ပေကျင်းမြို့ ဒေသထွက်လေးတွေ ဝယ်သွားရင်ကော”
“ဟုတ်ပြီ! အဲ့တာဝယ်မယ်!”။ စူစူလေး ချက်ချင်း သဘောတူလိုက်ပါသည်။ ထို့နောက် ခေတ္တရပ်တန့်သွားကာ ပြန်မေးလိုက်သည်။ “ဒေသထွက်တွေက ဘာတွေလဲ”
“ပေကျင်းဒေသထွက်တွေက ဘာလဲဆိုတော့… ယောက်မလည်း မသိဘူး”။ ပေကျင်းမြို့မှာ နေထိုင်သူဖြစ်သော်လည်း ရှောင်းပေပေ သေချာ သိပ်မသိပါ။
သို့သော် စူစူလေး၏ မျက်လုံးလေးများကို ကြည့်ပြီး ရှောင်းပေပေ တကယ်ကူညီပေးချင်မိသည်။
“စူစူလေး”။ ချင်းယုချဲက တည်ငြိမ်စွာ ပြောလိုက်သည်။ “သူတို့သဘောကျလောက်မယ့် ပစ္စည်းလေးတွေပဲ ဝယ်သွားပါ။ အရေးအကြီးဆုံးက လက်ဆောင်ပေးချင်တဲ့စိတ်ပဲ”
“ဟုတ်ပြီ! အဲ့တာဆို ဖေဖေ့အတွက် တူရွင်းတစ်ချောင်း၊ မေမေ့အတွက် ဂေါ်ပြားတစ်ချောင်းနဲ့ အစ်ကိုကြီးအတွက် စာအုပ်တွေ ဝယ်သွားမယ်…”။ စူစူလေးက လက်ချောင်းလေးများ ထောင်ကာ ရေတွက်လိုက်သည်။
“ဟားဟားဟား”။ ရှောင်းပေပေ မထိန်းနိုင်ဘဲ အကျယ်ကြီး ရယ်မောလိုက်ပါသည်။
ညီမလေးက ချစ်ဖို့ကောင်းလိုက်တာ! လက်ဆောင်ပေးမယ့် အကြံတွေကတောင် ထူးခြားနေလိုက်တာ!
“အင်း… အဲ့တာတွေ ဒီမှာတော့ မရောင်းလောက်ဘူး။ တခြားနေရာမှာ သွားရှာကြစို့”။ ရှောင်းပေပေက စူစူလေး၏ ဆုံးဖြတ်ချက်ကို အပြည့်အဝ ထောက်ခံပါသည်။
စူစူလေး၏ လက်ကို ဆွဲပြီး ရှောင်းပေပေထွက်သွားဖို့ ပြင်လိုက်သည်။ ထိုစဉ် သူတို့ရှေ့ကို လူတစ်စု ရောက်လာပြီး ပိတ်ရပ်လိုက်ကြသည်။
ထိုလူတွေက တူညီသော အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။ အားလုံးက Suit တွေ ဝတ်ဆင်ထားကြပြီး အဖြူရောင် လက်အိတ်များ စွပ်ထားကြပါသည်။ တစ်ယောက်ချင်းစီတိုင်းကလည်း လက်ဆောင် ပါဆယ်ပုံးများ ကိုင်ထားကြလေသည်…။
… … …
အခန်း(၇၂၇) စီအီးအိုဆန်ဆန် လက်ဆောင်ပေးခြင်း (၂)
ဘာတွေဖြစ်နေတာလဲ။
ဒီလောက် တခမ်းတနားကြီး စီစဉ်ပေးထားရအောင် သူတို့က ဘယ်သူမို့လို့လဲ။
ရှော့ပင်းမောထဲမှာ လူတွေအများကြီးရှိသဖြင့် ဒီလို ထူးထူးဆန်းဆန်း မြင်ကွင်းကို မြင်သောအခါ အကုန် ရပ်ကြည့်ကြလေသည်။
ဘာတွေဖြစ်နေသလဲဆိုတာ အားလုံး စိတ်ဝင်စားသွားပါသည်။
ဧကန္တ စည်းကမ်းတင်းကြပ်တဲ့ စီအီးအိုထံက ထွက်ပြေးလာတဲ့ ဇနီးချောလေးလား။
ဒါမှမဟုတ် သူဌေးကြီးတစ်ယောက်က ပျောက်ဆုံးသွားတဲ့ သူ့သမီးလေးကို ပြန်ရှာတွေ့သွားလို့လား။
လူတွေအားလုံးက ဒရမ်မာကောင်းကောင်းကြည့်ရဖို့ မျှော်လင့်နေကြပါပြီ။
သူစိမ်းတွေ ချဉ်းကပ်လာတာကို မြင်သောအခါ ချင်းရှင်းကျစ်နဲ့ ရှောင်းပေပေတို့ ရှေ့တိုးကာ စူစူလေးကို နောက်မှာ ကာပေးထားလိုက်ကြသည်။
ချင်းယုချဲကလည်း စူစူလေးကို ပွေ့ချီလိုက်ပါသည်။
ထို့နောက် သူတို့ရှေ့က လူတစ်စုကို သံသယဖြင့် ကြည့်နေကြသည်။
“နင်တို့က ဘယ်သူတွေလဲ”။ ရှောင်းပေပေ မေးလိုက်သည်။
ဒီလူတွေက ဘယ်သူတွေပဲဖြစ်ဖြစ်၊ ဘာပဲလုပ်ဖို့ ကြံထားကြံထား၊ စူစူလေးကို ထိခိုက်အောင် လုပ်ခွင့်မပေးနိုင်ပါ။
“မစ္စချင်း မကြောက်ပါနဲ့။ ကျွန်တော်တို့က လူဆိုး မဟုတ်ပါဘူး”
“နင်တို့ လူဆိုးမဟုတ်ဘူးလို့ပြောတာနဲ့ပဲ ငါတို့က ယုံရမှာလား။ ငါတို့အကုန်လုံးကို ၃ နှစ်ခွဲအရွယ်ကလေးတွေ ထင်နေတာလား”။ ရှောင်းပေပေ ပြန်ချေပလိုက်သည်။
ထို့နောက် ရှောင်းပေပေတစ်ခုခုကို သတိရသွားပြီး စူစူလေးကို လှည့်ပြောလိုက်သည်။ “စူစူလေး ၃ နှစ်ခွဲအရွယ် ကလေးတွေက ဉာဏ်မကောင်းဘူးလို့ ပြောချင်တာ မဟုတ်ဘူးနော်! တစ်ယောက်နဲ့တစ်ယောက် မတူဘူး။ စူစူလေးက ဉာဏ်အကောင်းဆုံးနဲ့ အတော်ဆုံး ၃ နှစ်ခွဲ ကလေးပဲ!”
စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။ ဒါပေါ့! သူမက ၃ နှစ်ခွဲမှ မဟုတ်တော့တာ!
လူသားပေါက်စလေးတွေနဲ့ သူမက ခြားနားပါသည်။
ထို့နောက် လက်ဆောင်ပါဆယ်ဘူးတွေ ကိုင်ထားသည့် လူတွေကို ကြည့်ကာ စူစူလေး ခါးထောက်လျက် မေးလိုက်သည်။ “ပြောစမ်း! နင်တို့ ဘယ်သူလဲ!”
“သခင်မလေးစူစူ စိတ်မဆိုးပါနဲ့။ ကျွန်တော်တို့ သခင်လေးက သခင်မလေးစူစူအတွက် လက်ဆောင်တွေ ပေးခိုင်းလိုက်လို့ပါ”
ခေါင်းဆောင်ဟု ထင်ရသူက ယဉ်ယဉ်ကျေးကျေးအပြုံးဖြင့် ပြောလိုက်ပါသည်။
“သခင်လေးဟုတ်လား နင်တို့သခင်လေးက ဘယ်သူလဲ”။ ရှောင်းပေပေ မေးလိုက်သည်။
“ကျွန်တော်တို့ သခင်လေးက သခင်မလေးစူစူရဲ့ သူငယ်ချင်းလေ။ သခင်မလေးစူစူရဲ့ အိမ်မှာနေနေတာ ကြာပြီ။ ဒီတစ်ခေါက် သခင်မလေးစူစူ ပေကျင်းကိုရောက်လာတော့ ဒီမှာ ကျွန်တော်တို့ သခင်လေး မရှိပေမယ့် သူ့ပိုင်နက်မို့လို့ ဧည့်ဝတ်ကျေပွန်သင့်တယ်လို့ ထင်လို့ပါတဲ့”
ရှောင်းပေပေ မယုံသင်္ကာဖြင့် မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် စူစူလေးကို လှည့်မေးလိုက်ပါသည်။ “ညီမလေး ဘယ်သူငယ်ချင်းကို ပြောတာလဲ”
“ထျင်းထျင်းကို ပြောတာ! သမီးတို့အိမ်မှာနေတာ ထျင်းထျင်းလေ! သူက အမြဲတမ်း ဒီလိုတွေ လုပ်တတ်တယ်!”။ စူစူလေး ရှင်းပြလိုက်သည်။
ငွေကို ရေလိုသုံးတာ ဟွော်ထျင်း၏ နဂိုစတိုင်ဖြစ်သည်။ ခုတလော ငွေသုံးနိုင်မည့် အခွင့်အလမ်း မရခဲ့လို့သာ ဖြစ်သည်။
စူစူလေး ပေကျင်းမြို့ကို ရောက်လာသည့်အချိန် သူကိုယ်တိုင်က ဟွာချန့်မှာသာရှိနေသော်လည်း ဒီလိုအရာမျိုး လုပ်နိုင်လိမ့်မည်ဟု စူစူလေး မထင်ခဲ့မိပါ။
ဟွော်မိသားစုရဲ့ သခင်လေးကိုး!
ရှောင်းပေပေ နားလည်သွားပါသည်။ ထို့ကြောင့် သတိကြီးနေတာတွေကိုလည်း လျှော့ချလိုက်သည်။
တစ်ချိန်တည်းမှာပင် စိတ်ထဲကလည်း တွေးလိုက်သည်။ စီအီးအို ဟွော်ချန်းယီရဲ့ သားလို့ မပြောရဘူး။ ဟွော်မိသားစုရဲ့ သခင်လေးက အရွယ်တောင်မရောက်သေးဘူး သူ့စတိုင်က တီဗွီတွေထဲမှာ တွေ့နေကျ ပလေးဘွိုင်း စီအီးအိုဆန်ဆန်ပါပဲလား။
ချင်းရှင်းကျစ်နဲ့ ချင်းယုချဲတို့လည်း စိတ်အေးသွားကြသည်။
စူစူလေးက ချင်းယုချဲပေါ်မှ ခုန်ချကာ ကိုယ့်ဖာသာကိုယ် မတ်တပ်ရပ်လိုက်သည်။
အချီခံထားရတာက သူမကို မမိုက်စေပါ။ ကိုယ့်ဖာသာကိုယ် မတ်တပ်ရပ်ရတာက ပိုမိုက်ပါသည်။
စူစူလေးက အားလုံးကို ပြောလိုက်သည်။ “အဲ့တာတွေ မလိုချင်ဘူး။ အများကြီးပဲ! အကုန်လုံး ပြန်ယူသွားလိုက်!”
ဒီလောက်အများကြီး သယ်ဖို့အတွက် သူမမှာ လက်အပို ပါမလာပေ။
ဖေဖေ၊ မေမေနဲ့ အစ်ကိုကြီးတို့အတွက် လက်ဆောင်တွေ ဝယ်ရဦးမည်။
ဒါတွေကိုသာ ယူလိုက်ပါက တခြားဘာမှ သယ်နိုင်တော့မှာ မဟုတ်ပေ။
“သခင်မလေးစူစူ ကျေးဇူးပြုပြီး လက်ခံပေးပါ။ သခင်မလေးစူစူသာ လက်မခံရင် ကျွန်တော်တို့ ဘယ်လို အစီရင်ခံရမှန်း သိမှာ မဟုတ်ဘူး!”
“လက်မခံနိုင်ဘူး!”။ စူစူလေး မျက်နှာလွှဲပစ်လိုက်သည်။ သူမ လက်မခံဘူးဟုပြောလျှင် လုံးဝ လက်မခံနိုင်ပါ။ ဘာမှ ဆွေးနွေးစရာမရှိပေ။
… … …
အခန်း(၇၂၈) စူစူလေး ပျောက်သွားပြီ (၁)
စူစူလေး လက်ဆောင်တွေကို လက်မခံသဖြင့် လက်ဆောင်ယူလာပေးသည့် လူတွေ ငိုချင်စိတ် ပေါက်သွားပါသည်။
“သခင်မလေးစူစူ ကျွန်တော်တို့ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ဒီတိုင်း ယူလိုက်ပါ။ ယူပြီးမှ မကြိုက်လည်း လွှင့်ပစ်လိုက်လို့ရတယ်! အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်လည်း ကျွန်တော်တို့ ဂရုမစိုက်ဘူး!”
“ဟုတ်တယ် ဟုတ်တယ်! အရမ်းများတယ်လို့ ထင်ရင် အနည်းဆုံးတော့ တစ်ခုလောက် ရွေးယူလိုက်ပါ သခင်မလေးစူစူ။ ကျွန်တော်တို့ တာဝန်ကျေပွန်အောင် မထမ်းဆောင်နိုင်ရင် လစာလျှော့ခံရလိမ့်မယ်!”
“ဟုတ်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို သနားပါ! တစ်ခုလောက်ပဲ ယူလိုက်ရင် ကျွန်တော်တို့ အဆင်ပြေသွားမှာ!”
“…”
ထိုလူတွေအားလုံး စူစူလေးကို တစ်ယောက်ပြီးတစ်ယောက် တောင်းပန်လိုက်ကြသည်။
စူစူလေး နှုတ်ခမ်းစူသွားသည်။ “မငိုကြနဲ့ မငိုကြနဲ့။ အဲ့တာဆို တစ်ခုပဲ ယူလိုက်မယ်”
“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ! ကျေးဇူးပြုပြီး ကြိုက်တာ ရွေးပါ သခင်မလေးစူစူ”
ဒါကိုကြားတော့ အယောက် ၂၀ ဝန်းကျင်လောက်ရှိသော လူတွေက လက်ထဲရှိ လက်ဆောင်ပါဆယ်ဘူးများကို ဖွင့်လိုက်ကြသည်။
ထို့နောက် သူတို့ကိုင်ထားသည့် ဘူးထဲက ပစ္စည်းများကို စူစူလေး မြင်နိုင်စေဖို့အတွက် ပြိုင်တူ ဆောင့်ကြောင့် ထိုင်လိုက်ကြပါသည်။
စူစူလေးလည်း သူတို့လက်ထဲက ပစ္စည်းများကို အကဲခတ်ကြည့်လိုက်သည်။
ပစ္စည်းတိုင်းက အလွန်ထူးဆန်းနေသည်။ ဘာပစ္စည်းတွေလဲဆိုတာ စူစူလေး မသိပါ။
အသုံးဝင်တာတစ်ခုခု ရွေးချယ်ချင်သဖြင့် အနောက်ဘက်ခပ်လှမ်းလှမ်းရှိ လူတွေ ကိုင်ထားသော ဘူးများကို စူစူလေး စစ်ကြည့်ဖို့ လျှောက်သွားခဲ့သည်။
ချင်းရှင်းကျစ်၊ ရှောင်းပေပေနဲ့ ချင်းယုချဲတို့ကတော့ စူစူလေး၏ ရွေးချယ်မှုကို မနှောင့်ယှက်ဘဲ အနောက်မှာသာ နေခဲ့ကြပါသည်။
လူကြီးတွေဖြစ်သည့် သူတို့က ကလေးတွေရဲ့ ခင်မင်မှုကို ဝင်မစွက်ဖက်တာ အကောင်းဆုံးဖြစ်သည်။
ထိုစဉ် ထိုလူများ၏ လက်ထဲရှိ လက်ဆောင်ပါဆယ်ဘူးများထဲမှ ရုတ်တရက် အဖြူရောင် မီးခိုးငွေ့များ ထွက်လာသည်…။
အယောက် ၂၀ ကျော် ရှိသဖြင့် အဖြူရောင်မီးခိုးငွေ့တွေကလည်း အလျှင်အမြန်ပဲ ပျံ့နှံ့သွားပြီး အားလုံး ဘာမှ မမြင်ရတော့ပေ။
တစ်ခုခု မူမမှန်တာကို ချက်ချင်း သတိထားမိပြီး ချင်းရှင်းကျစ်၊ ရှောင်းပေပေနဲ့ ချင်းယုချဲတို့ မီးခိုးတွေထဲ ပြေးဝင်သွားခဲ့ကြသသည်။
“စူစူလေး! စူစူလေး ဘယ်မှာလဲ!”
“ညီမလေး! ညီမလေး ဘယ်မှာလဲ။ အစ်ကိုကြီး မမြင်ရဘူး! အသံပေးပါဦး!”
“စူစူလေး! ယောက်မခေါ်တာ ပြန်ထူးပါဦး!”
“…”
အမြင်အာရုံကို အဖြူရောင်မီးခိုးများက ဖုံးလွှမ်းထားသဖြင့် ဘေးမှာ လူတွေ ဝရုန်းသုမ်းကား ပြေးလွှားနေကြတာကိုသာ သူတို့ ၃ ယောက် အာရုံခံမိပါသည်။
ရပ်ကြည့်နေကြသူတွေလည်း ကြောက်လန့်တကြား အော်ဟစ်ထွက်ပြေးကုန်ကြသည်။
ထို့ကြောင့် ချင်းရှင်းကျစ်တို့တွေ ဦးတည်ချက်ပါ ပျောက်ကုန်ကြလေသည်။
မီးခိုးတွေကြောင့် ရှော့ပင်းမော၏ အလိုလျောက် သတိပေးစနစ် ပွင့်သွားပြီး မီးသတ်စနစ်လည်း ပွင့်သွားကာ မျက်နှာကြက်နဲ့ ကြမ်းပြင်ပေါ်ရှိ ကိရိယာများမှ ရေတွေ အများကြီး ပန်းထွက်လာလေသည်။ အားလုံး ရေတွေ စိုရွှဲကုန်ကြပါသည်။
သို့သော် ချင်းရှင်းကျစ်၊ ရှောင်းပေပေနဲ့ ချင်းယုချဲတို့ ဒါတွေ ဘာမှ ဂရုမစိုက်အားတော့ပါ။ သူတို့ စူစူလေးကိုသာ တွေ့အောင် ရှာချင်သည်။
မိနစ်အနည်းငယ်ကြာသောအခါ မီးခိုးတွေ ပျောက်ကွယ်သွားပြီဖြစ်ကာ သူတို့ ၃ ယောက် ပတ်ဝန်းကျင်ကို ပြန်မြင်ရပြီ ဖြစ်သည်။
ယခုတော့ ရှော့ပင်းမောထဲမှာ ရေတွေ စိုရွှဲနေပြီး အပြစ်ကင်းစင်သည့် သာမန်လူတွေသာ ရှိတော့သည်။ စူစူလေးနဲ့ ဟွော်ထျင်းလွှတ်လိုက်သည်ဟူသော လူတစ်စုကတော့ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားလေပြီ။
“စူစူလေး ဘယ်ရောက်သွားလဲ။ စူစူလေး ဘယ်မှာလဲ! ခုနက လူတွေ လက်ချက်ပဲ! သူတို့လက်ချက်ပဲဖြစ်မှာ! သူတို့ စူစူလေးကို ခေါ်သွားကြတာ!”
ရှောင်းပေပေ အလွန်စိတ်ချောက်ချားသွားသည်။ သူမ မျက်နှာလည်း သွေးတစ်စက်မှ မရှိတော့သလိုမျိုး ဖြူရော်သွားပါသည်။
သူမ မျက်စိအောက်မှာ စူစူလေး ပြန်ပေးဆွဲခံလိုက်ရတာပဲ!
ချင်းရှင်းကျစ်နဲ့ ချင်းယုချဲတို့လည်း ထိုနည်းလည်းကောင်း စိတ်ချောက်ချားနေကြသည်။
စူစူလေး ပျောက်သွားပြီ!
ထိုစဉ် ချင်းယန်ကျစ် ကားပါကင်မှ ပြန်တက်လာပြီဖြစ်သည်။
မြေညီထပ်က ဝရုန်းသုမ်းကား အခြေအနေတွေကို မြင်သောအခါ ချင်းယန်ကျစ် ကြောင်စီစီ ဖြစ်သွားပါသည်။ မကောင်းတာတစ်ခုခု ဖြစ်သွားလို့လား။
ရှောင်းပေပေတို့ဆီ ရောက်မှာ တကယ်မကောင်းတာတစ်ခုခု ဖြစ်သွားမှန်း သူသိလိုက်ရသည်။
“ယောက်ျား! စူစူလေး မရှိတော့ဘူး! စူစူလေး ပျောက်သွားပြီ!”။ ရှောင်းပေပေက ချင်းယန်ကျစ်၏ လက်ကို ဆုပ်ကိုင်ရင်း သွေးပျက်စွာ ပြောလိုက်သည်။
“ဘာကွ! ညီမလေး ပျောက်သွားပြီ ဟုတ်လား!”
ချင်းယန်ကျစ် ကြက်သေသေသွားပြီး ခေါင်းထဲ ဗလာကျင်းဖြစ်သွားခဲ့သည်။
အချိန်အတော်ကြာမှ အသိစိတ်ပြန်ဝင်ကာ မေးလိုက်သည်။ “ညီမလေးက ဘာလို့ ပျောက်သွားတာလဲ။ ဘာတွေ ဖြစ်သွားတာလဲ”
… … …
အခန်း(၇၂၉) စူစူလေး ပျောက်သွားခြင်း (၂)
“ကျွန်မ အပြစ်ပါ။ အဲ့ဒီလူတွေကို အလွယ်တကူ မယုံကြည်ခဲ့သင့်ဘူး! သူတို့ကို သခင်လေးဟွော် လွှတ်လိုက်တာလို့ ပြောလို့ ကျွန်မ ယုံလိုက်မိတာ။ သူတို့ဆီ စူစူလေးလျှောက်သွားတုန်း… ရုတ်တရက်ကြီး…”
ရှောင်းပေပေ အလွန်နောင်တ ရနေပါသည်။
“အခုက နောင်တရနေရမယ့်အချိန် မဟုတ်ဘူး ပေပေ! စူစူလေးကို ပြန်ရှာဖို့ နည်းလမ်းတစ်ခုခု ရှာရမယ်!”။ ချင်းယန်ကျစ် အမြန်ပြောလိုက်ပါသည်။
စူစူလေး ပြန်ပေးဆွဲခံရတာ မကြာသေးပါ။ ဒါသူမကို ကယ်တင်ဖို့ အရေးကြီးဆုံးအချိန်ဖြစ်သည်။ သူတို့ အချိန်ဖြုန်းလို့ လုံးဝ မရပါ။
ထို့နောက် ချင်းရှင်းကျစ်နဲ့ ချင်းယန်ကျစ်တို့ ရှော့ပင်းမော တာဝန်ခံတွေထံ အပြေးသွားခဲ့ပြီး ထိုလူတွေအကြောင်း မေးမြန်းဖို့ကြိုးစားသည်။ ရှော့ပင်းမော တာဝန်ခံတွေကလည်း ဘာမှ မသိကြပါ။ သာမန် ကတ်စတမ်မာတွေကို သူတို့ အာရုံစိုက်နေမှာ မဟုတ်ပေ။
ထို့နောက် လုံခြုံရေးဗီဒီယိုမှတ်တမ်းတွေကို ညီအစ်ကို ၂ ယောက် တောင်းကြည့်ခဲ့ကြသည်။ ဒီလူတွေ ဘယ်ကို ပျောက်သွားသလဲဆိုတာ သိရကောင်း သိရနိုင်သည်။
ချင်းယန်ကျစ် ခေတ္တရပ်တန့်သွားပြီး တစ်စုံတစ်ယောက်ကို တွေးမိသွား၏။ “ခေါင်းဆောင်ရှောက်! သူပေကျင်းမှာ ရှိနေတာပဲ! သူ့ကို အကူအညီတောင်း! သူ့ကို အမြန် အကူအညီတောင်းကြ!”
“ဟုတ်တယ်! သူ့မှာ နည်းလမ်းရှိလောက်တယ်!”။ ချင်းရှင်းကျစ်လည်း ထောက်ခံလိုက်ပါသည်။
ထို့နောက် စန်းကျစ်မှ တဆင့် ရှောက်ကျင်းယန်ကို ချင်းရှင်းကျစ် ဆက်သွယ်လိုက်သည်။
ခေါင်းဆောင်ရှောက်တို့ အဖွဲ့ ရောက်လာမှာကို စောင့်ရင်း ချင်းယုချဲက ဟွာချန့်မြို့ရှိ အိမ်တော်ထိန်းလျို့ကို ဖုန်းဆက်လိုက်သည်။ ထို့နောက် စူစူလေး၏ လက်ရှိအခြေအနေအကြောင်း ထုတ်မပြောဘဲ ဟွော်ထျင်းအကြောင်းကို မသိမသာ မေးမြန်းကြည့်လိုက်၏။
ရလဒ်ကတော့ ဒီနေ့ အဖြစ်အပျက်က ဟွော်ထျင်းနဲ့ ဘာမှ မသက်ဆိုင်ကြောင်း သိလိုက်ရလေသည်။ စူစူလေးက ဒီလို လက်ဆောင်ပေးတာမျိုးကို သဘောမကျမှန်း ဟွော်ထျင်းသိသဖြင့် ဒါမျိုး မလုပ်ခဲ့တာ ကြာပါပြီ။ ယခု အဖြစ်အပျက် တစ်ခုလုံးက ဟွော်ထျင်း၏ အမည်ကို အသုံးချထားသည့် လုပ်ကြံမှုကြီးတစ်ခုသာ ဖြစ်သည်။
ထို့ကြောင့် စူစူလေးကို ဖမ်းသွားသည့်လူတွေက စူစူလေးအကြောင်းကို အလွန်နားလည်ထားသည်ဆိုတာကိုပါ ချင်းမိသားစု သိလိုက်ရသည်။
ချင်းရှင်းကျစ်တို့ ညီအစ်ကိုနှစ်ယောက် ဟွာချန့်မြို့ရှိ မိဘတွေကို လောလောဆယ် အသိမပေးသေးဖို့ ဆုံးဖြတ်လိုက်ပါသည်။ သူတို့ မိဘတွေက ကျန်းမာရေး ကောင်းကြသော်လည်း အသက်ကြီးနေကြပြီ ဖြစ်သည်။ ထို့ကြောင့် ဘာစိတ်ဒုက္ခမှ မပေးတာ ပိုကောင်းပါသည်။ သူတို့ ညီမလေးကို ပြန်တွေ့မှ ကောင်းကောင်း တောင်းပန်လိုက်မည်။
၁၀ မိနစ်ခန့် ကြာသောအခါ ရှောက်ကျင်းယန်နဲ့ အဖွဲ့သား ၂ ယောက်တို့ ရောက်လာကြသည်။
ရှော့ပင်းမော မန်နေဂျာရုံးခန်းထဲတွင် ချင်းညီအစ်ကိုနှစ်ယောက်နဲ့ ရှောက်ကျင်းယန်တို့ လုံခြုံရေးဗီဒီယိုမှတ်တမ်းများကို သေချာ ပြန်ကြည့်ခဲ့ကြသည်။ ရှုထောင့်ပေါင်းစုံမှ သေချာ စောင့်ကြည့်ခဲ့ပြီး ရှော့ပင်းမော အတွင်းဘက်ကိုကော၊ ကော်ရစ်ဒါတွေကိုကော၊ ကားပါကင်ကိုပါ စစ်ဆေးခဲ့သည်။ သို့သော် ဘယ်လောက်ပဲ စစ်ဆေးပါစေ စူစူလေးကို ဘယ်ကားနဲ့ ခေါ်သွားသလဲ၊ ဘယ်ကို ခေါ်သွားသလဲဆိုတာ လုံးဝ မသိရပါ။
ဗီဒီယိုများကို အကြိမ်ကြိမ်ကြည့်ပြီးနောက် ရှောက်ကျင်းယန်ပင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ဒီလို ပရော်ဖက်ရှင်နယ် ဆန်သည့် နည်းလမ်းများကို သာမန်ရာဇဝတ်သားများက မသုံးနိုင်လောက်ပါ။
ထို့နောက် ရှောက်ကျင်းယန်က အားလုံးကို အသေးစိတ်မေးမြန်းခဲ့သည်။ ရှောင်းပေပေ စိတ်ချောက်ချားနေသော်လည်း အဖြစ်အပျက်ကို ဒေါက်စေ့အောင် ပြန်ပြောပြနိုင်ခဲ့သည်။ နောက်ဆုံးမှာတော့ ရှောင်းပေပေ ကိုယ့်ကိုယ်ကို အပြစ်တင်မိပြန်ပါသည်။
“ကျွန်မအပြစ်ပါ… စူစူလေးကို ကျွန်မ သေချာ မစောင့်ရှောက်နိုင်ခဲ့ဘူး”။ ရှောင်းပေပေ မျက်နှာကို လက်ဖြင့် အုပ်ထားလိုက်ပါသည်။
“ခင်ဗျားအပြစ်မဟုတ်ပါဘူး”။ ရှောက်ကျင်းယန်က ဆို၏။ “တရားခံတွေက ပရော်ဖက်ရှင်နယ်ဆန်တယ်။ ပြီးတော့ သေချာ ပြင်ဆင်ပြီး လာခဲ့ကြတာ။ သာမန်လူတစ်ယောက်က ဘယ်လိုမှ ကြိုမြင်နိုင်မှာ မဟုတ်ဘူး”
ဒီလို လူမြင်ကွင်းရှေ့မှာ တစ်ဖက်အဖွဲ့က ကလေးတစ်ယောက်ကို ထူးထူးဆန်းဆန်း နည်းလမ်းတွေသုံးပြီး ရဲရဲတင်းတင်း ပြန်ပေးဆွဲသွားလိမ့်မည်ဟု ဘယ်သူမှ ကြိုမြင်နိုင်မှာ မဟုတ်ပေ။ ဒီလူတွေက စူစူလေး၏ သူငယ်ချင်းတွေအကြောင်း သိနေရုံတင်မကဘဲ စူစူလေးရဲ့ စရိုက်ကိုပါ သိသည်။ ထို့အပြင် စူစူလေးရဲ့ ခွန်အားအကြောင်းကိုပါ သိနေနိုင်သည်။
စူစူလေးကို တိုက်ရိုက်အားသုံးပြီး ဖမ်းဆီးတာက မအောင်မြင်မှန်းသိသဖြင့် ဒီလို အစီအစဉ်ချပြီး ဖမ်းဆီးခဲ့တာ ဖြစ်မည်။ အချိန်မှန်၊ နေရာမှန်၊ အခြေအနေမှန်ကြောင့် ဒီလို ပြန်ပေးဆွဲမှု အောင်မြင်သွားတာ ဖြစ်နိုင်ပါသည်။
… … …
အခန်း(၇၃၀) မျက်နှာဖုံးနဲ့လူ (၁)
ချင်းရှင်းကျစ် ဒေါသထွက်ကာ စားပွဲကို လက်သီးဖြင့် ထိုးလိုက်သည်။ “ဟဲပေမူကို ခေါ်လာခဲ့ရမှာကွာ! ဒီမှာ ၂ ရက်လောက်ပဲ ကြာမယ်ထင်လို့ ခေါ်မလာမိခဲ့တာ။ ပြီးတော့ ပေကျင်းမြို့ကိုလည်း ဘေးကင်းတဲ့ နေရာလို့ ထင်ခဲ့လို့…”
ဟဲပေမူသာဆို သူတို့ထက် ပရော်ဖက်ရှင်နယ် ပိုဆန်ပြီး စူစူလေးကို ကယ်တင်နိုင်ခဲ့လောက်သည်။
“အခု အဲ့တာတွေ စဉ်းစားနေဖို့ အချိန်မဟုတ်ဘူး။ စူစူလေးကို ခေါ်သွားတဲ့လူတွေကို ရှာဖို့က ပထမဦးစားပေးပဲ” ရှောက်ကျင်းယန် ပြောလိုက်သည်။
“ခေါင်းဆောင်ရှောက်။ ကျုပ်တို့ ဘာလုပ်ပေးရမလဲ။ ဘာပဲလုပ်ရလုပ်ရ စူစူလေးကို ကယ်တင်နိုင်မယ်ဆိုရင် ဘာမဆို လုပ်ပေးပါ့မယ်!”။ ချင်းယန်ကျစ် အမြန်ပြေလာိုက်သည်။
ရှောက်ကျင်းယန် ရှင်းပြလိုက်သည်။ “အခု ကျွန်တော်တို့ အော်ပရေးရှင်းပလန်ကို ၂ ပိုင်းခွဲလိုက်မယ်။ ကျွန်တော်နဲ့ ကျွန်တော့်အဖွဲ့က စူစူလေးရှိနေမယ့် နေရာကို အဓိက အလေးထားပြီးရှာဖွေမယ်။ မျက်နှာ စစ်ဆေးမှု စနစ်နဲ့ စူစူလေးကို ခေါ်သွားတဲ့ ကားကို ရှာနိုင်မလားလို့ ရှောင်းကျစ်က လမ်းမတွေပေါ်က လုံခြုံရေးကင်မရာတွေကို စစ်ဆေးနေပြီ။ ပြီးတော့ အာ့ကျန်းကလည်း စူစူလေး ဝတ်ထားတဲ့ ဆွဲကြိုးလေးထဲက ခြေရာခံကိရိယာရဲ့ Signal ကို လိုက်ရှာနေပြီ”
“ခင်ဗျားတို့က ပြန်ပေးသမားတွေ ဘယ်သူဘယ်ဝါလဲဆိုတဲ့ အချက်ကို စုံစမ်းရမယ်။ ပုံမှန်အားဖြင့် ပြန်ပေးဆွဲတယ်ဆိုတာ ငွေလိုချင်လို့ ဒါမှမဟုတ် ပုဂ္ဂိုလ်ရေး လက်စားချေချင်လို့ ဖြစ်နိုင်တယ်။ သေချာစဉ်းစားပါ။ ခုတလော စီးပွားရေးဘက်မှာ သို့မဟုတ် လူမှုရေးဘက်မှာ တစ်ယောက်ယောက်နဲ့ ပဋိပက္ခဖြစ်ခဲ့ဖူးတာ ရှိလား”
ချင်းရှင်းကျစ်နဲ့ ချင်းယန်ကျစ်တို့ လေးလေးနက်နက် စဉ်းစားလိုက်ကြသည်။
ထို့နောက် နာမည်တစ်ခုကို နှစ်ယောက်တစ်ပြိုင်တည်း ရေရွတ်လိုက်ကြသည်။ “ချူးဟမ့်!”
ခုတလော ချင်းမိသားစုကို အမုန်းတီးဆုံးလူကို ပြပါဟုဆိုလျှင် ချူးဟမ့်က နံပါတ် ၁ ဖြစ်လိမ့်မည်။
“ချူးဟမ့် မဖြစ်နိုင်ဘူး။ သူ့အရှုပ်ထုပ်တွေသူ ရှင်းရင်းနဲ့ အလုပ်ရှုပ်နေမှာ။ ပြီးတော့ ဒီ ၂ ရက်အတွင်း သူ့ လှုပ်ရှားမှုတွေ အကုန်လုံးကို ကျွန်တော် စောင့်ကြည့်ထားတာ။ အဲ့လောက် အနုစိပ်တဲ့ အစီအစဉ်မျိုး သူချနိုင်မှာ မဟုတ်ဘူး”
ချူးဟမ့်တော့ မဖြစ်နိုင်ဘူးဟု ရှောက်ကျင်းယန် ထင်မိသည်။ သို့သော်လည်း သေချာစေဖို့အတွက် သူ့အဖွဲ့ကို စုံစမ်းအတည်ပြုခိုင်းထားပါည်။
ချူးဟမ့်ကလွဲပြီး ညီအစ်ကို ၂ ယောက် တခြား ဘယ်သူ့ကိုမှ ရန်သူအဖြစ် စဉ်းစား၍ မရပေ။
--- --- ---
စူစူလေး အိပ်ချင်မူးတူးနဲ့ မျက်လုံးများ ဖွင့်ကြည့်လိုက်သည်။
သူမ မရင်းနှီးသည့် အိပ်ခန်းတစ်ခန်းထဲ ရောက်နေသည်။ ထို့အပြင် အလွန်ပျော့ပြောင်းပြီး ထူးဆန်းသည့် ကုတင်ကြီးတစ်လုံးပေါ် သူမ ရောက်နေပါသည်။
စူစူလေး ဘေးပတ်လည်ကို အကဲခတ်ကြည့်လိုက်ရာ အလွန်အရုပ်ဆိုးသော အိပ်ခန်းတစ်ခုကို မြင်လိုက်ရပါသည်။ တစ်ခန်းလုံးကို ပန်းရောင်ခြယ်ထားပြီး အရုပ်တွေနဲ့ ပြည့်နှက်နေသည်။
ဘာတွေလဲ။ သူမ ဒီကို ဘယ်လိုရောက်လာတာလဲ။
ခုနလေးတင် လက်ဆောင်တွေ ဝယ်နေတာ မဟုတ်ဘူးလား။
စူစူလေး အိပ်ရာထဲမှထဖို့ ပြင်လိုက်ပါသည်။
ကုတင်စွန်းသို့ရောက်ကာ စူစူလေး ထိုင်လိုက်စဉ် တံခါး Password ဖွင့်သံကို ကြားလိုက်ရလေသည်။
စူစူလေး ရပ်တန့်သွားပြီး တံခါးရှိရာဘက်သို့ လှည့်ကြည့်လိုက်၏။ တံခါးပွင့်သွားကာ မျက်နှာဖုံးတစ်ခု တပ်ဆင်ထားသည့် လူတစ်ယောက် ဝင်လာလေသည်။
သူ့ပုံစံက အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးဖြစ်၏။ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့မျက်နှာဖုံးက ကြောက်စရာ အစိမ်းရောင် မျက်နှာကြီးဖြစ်ပြီး အစွယ်ကြီးတွေလည်း ပါဝင်သည်။
“နိုးလာပြီလား”။ ထိုလူက မေးလိုက်သည်။
“နင်ဘယ်သူလဲ”။ စူစူလေး သတိကြီးစွာ မေးလိုက်၏။ သူမရဲ့ မသိစိတ်မှ ဒီလူက လူဆိုးဖြစ်မှန်း အသိပေးနေသည်။
လူကောင်းတစ်ယောက်က ဒီလောက် ရုပ်ဆိုးတဲ့ မျက်နှာဖုံးကို ဝတ်ထားပါ့မလား။
“ငါဘယ်သူလဲ အရေးမကြီးပါဘူး။ အရေးကြီးတာက မင်းဘယ်သူလဲဆိုတာကို ငါသိနေတာပဲ”။ ထိုလူ ပြန်ပြောလိုက်သည်။
“ငါ ချင်းစူစူမှန်း လူတိုင်းသိတယ်!”
“မင်းက ချင်းစူစူဆိုတာကို သိရုံတင်မကဘူး… မင်းက အသက် ၁၀၃ နှစ်ခွဲလောက် ရှိနေပြီဆိုတာလည်း သိတယ်”
“နင်ဘယ်လိုလုပ်သိတာလဲ။ ငါဘယ်သူ့မှ မပြောပြဖူးဘူး!”
ထိုသို့ပြောပြီးနောက် စူစူလေး ကိုယ့်ပါးစပ်ကိုယ် အမြန်အုပ်လိုက်မိသည်။ “အား! လွှတ်ခနဲထွက်သွားတယ်! ဝန်မခံလိုက်သင့်ဘူး!”
မျက်နှာဖုံးနဲ့လူက ရယ်မောလိုက်ပါသည်။ ထို့နောက် စူစူလေးဆီ လျှောက်လာပြီး ဆောင့်ကြောင့်ထိုင်ကာ ကုတင်ပေါ်မှာ ထိုင်နေသည့် စူစူလေးနဲ့ မျက်လုံးချင်း တစ်တန်းတည်း ဖြစ်သွားအောင် လုပ်လိုက်သည်။
စူစူလေးက သူမရဲ့ လက်သီးဆုပ်လေးကို မြှောက်ကာ တွန့်ဆုတ်မှုမရှိဘဲ ထိုလူ့ထံ ပစ်လွှတ်လိုက်လေသည်။
သို့သော် သူမရဲ့ လက်သီးဆုပ်လေး လမ်းတစ်ဝက်မှာတင် ရပ်တန့်သွားရ၏။ ထိုလူက သူမရဲ့ လက်သီးဆုပ်လေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်တာကြောင့်ဖြစ်သည်။
သူမရဲ့ လက်သီးကို တကယ်ကြီး တားလိုက်တာလား!
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဘယ်လို တားလိုက်တာလဲ။
မျက်နှာဖုံးနဲ့လူက ပြုံးကာ ပြောလိုက်သည်။ “ဒီမှာ ဒီလက်သီးလေးကို လျှောက်မရမ်းတာ ပိုကောင်းလိမ့်မယ်”
မဖြစ်နိုင်တာ! ခုနက သူမ အားသိပ်မထည့်လိုက်မိလို့ ဖြစ်မယ်!
စူစူလေး သူမလက်ကို ပြန်ဆွဲယူဖို့ ကြိုးစားသည်။ အရှိန်ဖြင့် ထိုလူ့ကိုပါ ကိုင်ပေါက်ဖို့ ကြိုးစားလိုက်သည်။
… … …