← Chapters

အခန်း (၇၃၆-၇၄၀)

Vol. 30 Ch. 736-740

အခန်း (၇၃၆-၇၄၀)

Vol. 30 Ch. 736-740

အခန်း(၇၃၆) စူစူလေးကို ရှာဖွေခြင်း

စူစူလေး ပျောက်သွားတာ ၃ နာရီတိတိ ရှိပါပြီ။

ချင်းမိသားစု အတော်လေး စိတ်ဖိစီးနေကြသည်။ ရှောက်ကျင်းယန်တို့ အဖွဲ့ကို အနှောင့်အယှက် မဖြစ်စေချင်တာကြောင့် အနီးနားရှိ စတိုခန်းတစ်ခန်းထဲမှာ သူတို့ ဝင်နေလိုက်ကြသည်။

သူတို့ ၄ ယောက်စလုံး အနားမယူခဲ့ကြပါ။ စူစူလေး ပျောက်နေတာဖြစ်ပြီး သူမ ဘာတွေ ကြုံတွေ့နေရမလဲ ဘယ်သူမှ မပြောနိုင်ပါ။ ထို့ကြောင့် သူတို့ အနားယူချင်စိတ်လုံးဝ မရှိပေ။

စတိုခန်းထဲက ကတ္ထူပုံးတွေပေါ် ထိုင်ရင်း ရင်းနှီးသည့်လူတွေကို ဖုန်းဆက်ကာ တတ်နိုင်သလောက် စုံစမ်းနေကြသည်။

အကူအညီ သိပ်မဖြစ်လောက်သော်လည်း ဒီတိုင်း ထိုင်နေမှာထက်စာလျှင်တော့ ပိုအသုံးဝင်ပါလိမ့်မည်။

ရှော့ပင်းမော၏ လုံခြုံရေးအခန်းမှာ ရှောက်ကျင်းယန်နဲ့ အဖွဲ့သား ၂ ယောက်တို့အတွက် ယာယီ ရုံးခန်းဖြစ်လာသည်။

ကားလမ်းမ လုံခြုံရေး ကင်မရာများမှတဆင့် စူစူလေးကို ခေါ်သွားသည့် ကားမှာ ယင်းဟွာ အဆောက်အဦးသို့ သွားခဲ့သည်ဟု အတည်ပြုနိုင်ခဲ့သည်။

ယင်းဟွာအဆောက်အဦးမှာ CBD တွင် တည်ရှိသော ၆၆ ထပ်ရှိ အဆောက်အဦးကြီးတစ်ခုဖြစ်သည်။ ရှော့ပင်းမောနဲ့ သိပ်မကွာခဲ့ပါ။

စူစူလေးကို ခေါ်သွားသည့် လူတွေက မြို့တစ်ပတ် ပတ်ခဲ့ကြပြီး တခြား ကားပါကင်များစွာတွင် ရည်ရွယ်ချက်ရှိရှိရပ်ကာ ကားတွေကိုလည်း ပြောင်းစီးခဲ့ကြပြီး နောက်ဆုံးမှ ယင်းဟွာအဆောက်အဦးသို့ သွားခဲ့ခြင်းဖြစ်သည်။

ရှောက်ကျင်းယန်နဲ့ ခြေရာခံပညာရှင်တို့အတွက် ဒီလို အာရုံလွှဲမှုတွေက အလုပ်မဖြစ်ပေ။

ယင်းဟွာအဆောက်အဦးသို့ ချက်ချင်းသွားရောက်ဖို့ ရှောက်ကျင်းယန် ဆုံးဖြတ်လိုက်သည်။

“ခေါင်းဆောင်ရှောက် ကျွန်တော်တို့လည်း လိုက်ခဲ့မယ်”

“ဟုတ်တယ် ခေါင်းဆောင်ရှောက် တစ်ယောက်တည်း သွားရင် အန္တရာယ်များတယ်”

အဖွဲ့သား ၂ ‌ယောက်က သူနဲ့အတူ လိုက်လာချင်နေသည်။

“မင်းတို့နှစ်ယောက် ဒီမှာပဲ နေပြီး ဆက်စုံစမ်းထားကြ။ ပြီး‌တော့ ကျန်ခဲ့တဲ့ ချင်းမိသားစုဝင်တွေကိုလည်း မင်းတို့ ကာကွယ်ပေးဖို့ လိုသေးတယ်။ ငါတစ်ယောက်တည်းသွားမှ သံသယဖြစ်စရာ မကောင်းမှာ။ ရှောင်းကျစ်ကလည်း အဝေးကနေ ကူညီပေးမှာဆိုတော့ ဘာပြဿနာမှ မဖြစ်နိုင်ပါဘူး”။ ရှောက်ကျင်းယန် ပြောလိုက်သည်။

အဖွဲ့သားနှစ်ယောက်ကို နေခိုင်းခဲ့ပြီး ရှောက်ကျင်းယန် တစ်ယောက်တည်း ကားဖြင့် ထွက်လာခဲ့ပါသည်။

ယင်းဟွာအဆောက်အဦး၏ မြေအောက် ကားပါကင်ကို ရှောက်ကျင်းယန် ရောက်သောအခါ စန်းကျစ်က လုံခြုံရေးစန်စများကို hack ဝင်ပြီး တရားခံများ၏ ကားတည်နေရာကို ရှာဖွေနိုင်အောင် လမ်းပြပေးခဲ့သည်။

မကြာခင် ဒီနေ့ တရားခံတွေ အသုံးပြုခဲ့သည့် ကားတွေကို သူတို့ ရှာတွေ့ခဲ့ကြပါသည်။

ထို့အပြင် သူတို့ကားများကို ပုံသေ ကားပါကင်မှာ ရပ်ထားကြတာဖြစ်သဖြင့် ဒီအဆောက်အဦးက သူတို့အတွက် ဌာနချုပ် ဖြစ်နိုင်သည်။

ဘလူးတုနားကြပ်ကို တပ်ပြီး ရှောက်ကျင်းယန် လမ်းလျှောက်ရင်း စန်းကျစ်ကို ညွှန်ကြားလိုက်ပါသည်။ “ရှောင်းကျစ် ဒီကားပါကင်နေရာတွေကို ဘယ်သူ့နာမည်နဲ့ စာရင်းသွင်းထားတာလဲ စစ်ကြည့်လိုက်။ ဒီအဆောက်အဦးထဲမှာ သူတို့ ပိုင်ဆိုင်ထားတဲ့နေရာတွေ ရှိလိမ့်မယ်”

စန်းကျစ်လည်း အမြန်လှုပ်ရှားခဲ့သည်။ ရှောက်ကျင်းယန် အဆောက်အဦးထဲ ဝင်လာစဉ် စန်းကျစ်က အချက်အလက်များကို ထုတ်ယူပြီးသွားပါပြီ။

ခေတ္တကြာတော့ စန်းကျစ်က အစီရင်ခံလိုက်သည်။ “ခေါင်းဆောင်ရှောက် ကားပါကင်ကို ဝမ်ရှောင်းမင်ဆိုတဲ့ လူနာမည်နဲ့ စာရင်းသွင်းထားတာပါ။ ပြီးတော့ ဒီအဆောက်အဦးကြီးတစ်ခုလုံးကိုလည်း ဝမ်ရှောင်းမင်ဆိုတဲ့လူပဲ ပိုင်ဆိုင်တာ”

“ဝမ်ရှောင်းမင်ဟုတ်လား ဘယ်လိုပေါင်းတာလဲ”

စန်းကျစ်က သေချာ ရှင်းပြလိုက်သည်။

“အဲ့လို နာမည်နဲ့လူကို ပေကျင်းမြို့ သူဌေးအသိုင်းအဝိုင်းမှာ မကြားဖူးပါဘူး။ အဲ့လူနဲ့ ပတ်သတ်တဲ့ တခြားအချက်အလက်တွေကော မရှိဘူးလား”

ပေကျင်းမြို့၏ အဓိကကျသော နေရာမှာ ဒီလိုအဆောက်အဦးတစ်ခုလုံးကို ပိုင်ဆိုင်ထားသူဖြစ်သဖြင့် စည်းစိမ်က မသေးလောက်ပါ။

ကီးဘုတ်ပေါ်တွင် စန်းကျစ်၏ လက်ချောင်းများ လှုပ်ရှားသွားခဲ့သည်။ ဖန်သားပြင်ပေါ်မှာ အချက်အလက်များစွာ ပေါ်လာသော်လည်း သူတို့ လိုအပ်နေသည့် အချက်အလက်တွေ တစ်ခုမှ မဟုတ်ကြပါ။

“ခေါင်းဆောင်ရှောက်… အဲ့ဒီဝမ်ရှောင်းမင်နဲ့ ပတ်သတ်တဲ့ အချက်အလက် ဘာမှ ရှာလို့မရဘူး။ တခြား ဝမ်ရှောင်းမင်တွေ အများကြီးရှိပေမယ့် ကျွန်မတို့ ရှာနေတဲ့လူက ဘယ်သူလဲ မပြောနိုင်ဘူး”

… … …

အခန်း(၇၃၇) လူကောင်းလို့ မပြောမိပါဘူး

“နားလည်ပါပြီ။ ဆက်စုံစမ်းလိုက်ပါ ရှောင်းကျစ်၊ ငါအပေါ်ထပ် တက်တော့မယ်”။ ရှောက်ကျင်းယန် ဓာတ်လှေကားထဲကို ရောက်ရှိနေပြီဖြစ်သည်။

“ဟုတ်ပြီ။ ခေါင်းဆောင်ရှောက်ရဲ့ ဖုန်းထဲကို ကျွန်မ အဆောက်အဦးတစ်ခုလုံးရဲ့ တည်ဆောက်ပုံနဲ့ မြေပုံတွေ ပို့ထားပြီးပြီ”

ရှောက်ကျင်းယန် ဓာတ်လှေကားထဲမှ ထွက်လိုက်ပြီး တစ်ထပ်ချင်း စတင်ရှာဖွေလေသည်။

စုစုပေါင်း ၆၆ ထပ်ရှိပြီး တစ်ထပ်ချင်းစီတိုင်းမှာ အနည်းဆုံး ကုမ္ပဏီအသေးစား ၂ ခု သို့မဟုတ် စတူဒီယို ဆယ်နဲ့ချီပြီး ရှိသည်။ ထို့ကြောင့် ကောက်ရိုးပုံထဲ အပ်ပျောက်ရှာနေရသကဲ့သို့ ခက်ခဲလေသည်။

ကံကောင်းစွာဖြင့် ယခု ညမိုးချုပ်နေပြီဖြစ်ကာ ကုမ္ပဏီအများစုက အလုပ်ဆင်းသွားကြပြီဖြစ်သည်။ အချိန်ပိုလုပ်နေသည့် ဝန်ထမ်းများရှိသည့် ကုမ္ပဏီတချို့ကလွဲပြီး ကျန်ကုမ္ပဏီအားလုံးကို ပိတ်ထားပါသည်။

ရှောက်ကျင်းယန် အပေါ်ထပ်သို့ ဆက်တက်လာခဲ့သည်။

--- --- ---

ထိုအချိန်တွင် စူစူလေးက မျက်နှာဖုံးနဲ့လူ၏ ကမ်းလှမ်းချက်ကို နားထောင်ပြီးသွားပြီဖြစ်သည်။

ခေတ္တစဉ်းစားပြီးနောက် မျက်နှာဖုံးနဲ့လူ၏ နည်းလမ်းကို လက်ခံပေးနိုင်သည်ဟု ဆုံးဖြတ်လိုက်ပါသည်။

“နားလည်ပြီ။ နောက်တစ်ခါဆို နင့်နည်းလမ်းအတိုင်း လုပ်ကြမယ်။ အခု ငါ့ကို အိမ်ပြန်ပို့ပေးတော့!”။ စူစူလေး ပြောလိုက်ပါသည်။

သူမအသံအင်အားကြောင့် သူမက ပြန်ပေးသမားနဲ့ ပိုတူနေပါသည်။

“မပြန်ရသေးဘူး”။ မျက်နှာဖုံးနဲ့လူငြင်းလိုက်သည်။

“နင်သင်ပေးတာ လက်ခံမယ်လို့ ကတိပေးရင် အိမ်ပြန်လွှတ်မယ်ဆို”။ စူစူလေး နှုတ်ခမ်းစူသွားသည်။

“ဟုတ်တယ်။ မင်းကို အိမ်ပြန်လွှတ်ပေးမယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် အခုပြန်လွှတ်ပေးမယ်လို့ ပြောခဲ့တာ မဟုတ်သလို ဒီနေ့ပြန်လွှတ်ပေးမယ်လို့လည်း မပြောမိပါဘူး”

“နင်လိမ်နေတာ!”။ စူစူလေး အလှည့်စားခံလိုက်ရသဖြင့် အော်ပြောလိုက်ပါသည်။

“ငါမလိမ်ပါဘူး။ ဒါပေမယ့် မင်းရဲ့ ငယ်ရွယ်မှုနဲ့ နားလည်နိုင်စွမ်းကိုတော့ အခွင့်ကောင်းယူခဲ့တယ်”

“နင်လူဆိုးပဲ!”

“ငါက လူကောင်းလို့ မပြောမိပါဘူး”

“ဘာလို့ အဲ့လောက်ရက်စက်ရတာလဲ”

“ရက်စက်တာ ဟုတ်တယ်လေ။ မဟုတ်ရင် ငါ့ကို လူကောင်းလို့ မင်းထင်သွားမှာပေါ့”

“နင်တော့!” စူစူလေး ဒေါသထွက်သွားသည်။ သူမရဲ့ ခြေထောက်လေးကို မြှောက်ကာ ကြမ်းပြင်ကို ဆောင့်ဖို့ ပြင်လိုက်စဉ် လက်ကြီးတစ်ဖက် ပေါ်လာပြီး သူမ ခြေထောက်ကို ဆုပ်ကိုင်လိုက်ပါသည်။

သူမကို ဒီလိုထပ်လုပ်ခွင့်ပေးလို့ လုံးဝ မဖြစ်ပါ။

“ငါ့ကိုလွှတ်!”

“မလွှတ်ဘူး!”။ မျက်နှာဖုံးနဲ့လူက ရယ်မောလိုက်သည်။ “မင်းသာ စကတ်လေး ဝတ်မထားရင် အလကားနေရင်း ခြေထောက်တွေဆောင့်မနေအောင် ငါမင်းကို အထက်အောက် ဇောက်ထိုး ဆွဲထားလိုက်ပြီ”

စူစူလေး နှုတ်ခမ်းစူကာ ဒေါသထွက်လွန်းသဖြင့် စကားပင် မပြောချင်တော့ပါ။

“ကလေးမလေး ဗိုက်ဆာနေပြီလား။ တစ်ခုခု ယူပေးရမလား”။ မျက်နှာဖုံးနဲ့လူ မေးလိုက်သည်။

စူစူလေး မသိချင်ယောင် ဆောင်နေသည်။

“တကယ် မစားချင်ဘူးလား။ အရသာရှိတဲ့ အစားအသောက်တွေ အများကြီး ရှိတယ်နော်”

မျက်နှာဖုံးနဲ့လူက သူ့လက်ပတ်နာရီပေါ်မှ ခလုတ်တစ်ခုကို နှိပ်လိုက်သည်။

ထို့နောက် အခန်းတံခါးပွင့်သွားပြီး လက်အောက်ငယ်သားများစွာ ဟင်းလျာကိုယ်စီ သယ်လျက် ဝင်လာခဲ့ပါသည်။

“ဟွန်း!”

စူစူလေး လှည့်ပင် မကြည့်ပါ။ သူမ စားချင်သော်လည်း သူမမှာ မာနရှိပါသည်။

ဂုဏ်သရေရှိ ပိုင်ကျဲနတ်သားရဲတစ်ကောင်က အစားအသောက်လေးတစ်ခုအတွက် သိက္ခာအကျခံမှာ မဟုတ်ပေ။

အကြိမ်ကြိမ်ကြိုးစားသော်လည်း စူစူလေးက အလျှော့မပေးခဲ့ပေ။

သူ့လက်အောက်ငယ်သားတွေကို အစားအသောက်တွေနဲ့အတူ ပြန်ထွက်သွားဖို့ မျက်နှာဖုံးနဲ့လူ အမိန့်ပေးလိုက်သည်။

စူစူလေး၏ ဒေါသထွက်နေသော မျက်နှာကို ကြည့်ကာ မျက်နှာဖုံးနဲ့လူ ကတိပေးလိုက်ပါသည်။ “စိတ်မဆိုးပါနဲ့။ မနက်ဖြန် မိုးလင်းတာနဲ့ ပြန်လွှတ်ပေးပါ့မယ်”

“အခုပြန်လွှတ်ပေး!”

“အခုတော့ မရဘူး။ မနက်ဖြန် မနက်မိုးလင်းမှ ရမယ်”

“ဘာလို့လဲ” စူစူလေး ပြန်မေးလိုက်လေသည်။

သူမသာ အိမ်ပြန်နောက်ကျလျှင် သူမ မိသားစု စိတ်ပူနေလိမ့်မည်။ သူမအသက်အရွယ်နဲ့ ကလေးတစ်ယောက်က ညအချိန်ကြီး အပြင်မှာ ရှိမနေသင့်ပါ။

“ငါနည်းနည်းလောက် စောင့်ချင်သေးလို့။ မင်းရဲ့ နတ်ယုတ်မာကြီး မင်းကိုလာကယ်ချင် ကယ်လောက်တယ်”

သူ့ပစ်မှတ်က ထိုလူဖြစ်သည်။ သူတို့ မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။

“အဲ့တာဆို နောက်တစ်ခါမှ ပြန်ပေးထပ်ဆွဲလေ။ အဲ့အခါကျရင် ဖေဖေနဲ့ မေမေတို့ကိုပါ စိတ်မပူအောင် ကြိုပြောခဲ့မယ်”။ စူစူလေးက ညှိနှိုင်းလိုက်သည်။

“မင်းကို တစ်ခေါက်ပြန်ပေးဆွဲဖို့တောင် မလွယ်ဘူး”

ဒီကလေးမလေးရဲ့ ဘေးနားမှာ လူတော်တွေ အများကြီးရှိသည်။ သူမကို ဖမ်းဆီးဖို့ ကြံစည်သည့်အခါ စဉ်းစားရမည့် အချက်တွေ အများကြီးရှိပါသည်။

“ဒါဆို ငါ့ကို ပြန်ပေးမဆွဲနဲ့ပေါ့!”

“အဲ့လိုလည်း မဖြစ်ဘူး။ ငါမင်းကို ပြန်ပေးမဆွဲရင် အဲ့ဒီလူ ပေါ်လာမှာ မဟုတ်ဘူး။ မင်းအန္တရာယ်တောထဲ ရောက်နေမှ သူပေါ်လာနိုင်မှာ”

… … …

အခန်း(၇၃၈) အချစ်ကနေ အမုန်းအဖြစ် ပြောင်းလဲခြင်း

“နတ်ယုတ်မာကြီးက ငါ့ကို လာကယ်မှာမဟုတ်ဘူး။ သူငါ့ကို မလိုချင်တော့ဘူး!”

မျက်နှာဖုံးနဲ့လူက စူစူလေးကို မယုံသင်္ကာကြည့်လိုက်သည်။ “သူမင်းကို ကန်ထုတ်လိုက်လို့ မင်းခံစားချက်တွေ ထိခိုက်သွားပြီး အချစ်ကနေ အမုန်းအဖြစ် ပြောင်းလဲသွားတာလား”

“အချစ်ကနေ အမုန်းအဖြစ် ပြောင်းလဲသွားတယ် ဟုတ်လား။ အဲ့တာ ဘာကိုပြောတာလဲ”

“မင်းက မင်းရဲ့ နတ်ယုတ်မာကြီးကို အရမ်းချစ်ပေမယ့် သူက မင်းကို ပြန်မချစ်လို့ အရမ်းဝမ်းနည်းသွားတယ်လို့ ပြောချင်တာ”

“မဖြစ်နိုင်တာ! ငါဘာမှ ဝမ်းနည်းဘူး! အဲ့နတ်ယုတ်မာကြီးကိုလည်း မချစ်ဘူး! နတ်ယုတ်မာကြီးကို မုန်းတယ်၊ နည်းနည်းလေးတောင် မချစ်ဘူး!”။ စူစူလေး အမြန်ငြင်းဆန်လိုက်ပါသည်။

မျက်နှာဖုံးနဲ့ လူက စူစူလေးကို စူးစူးရှရှ မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ စူစူလေးစကားကို အမှန်ဟုတ်မဟုတ် စစ်ဆေးနေသည့်အလား။

“ဘာာပဲဖြစ်ဖြစ် လိမ်လိမ်မာမာနဲ့ စကားနား‌ထောင်ပြီး ဒီနေ့ညတော့ ဒီမှာပဲ အိပ်လိုက်တော့…”

ထိုသို့ပြောပြီးနောက် မျက်နှာဖုံးနဲ့လူက စူစူလေး၏ မျက်နှာရှေ့မှာ သူ့လက်ကို ဝှေ့ရမ်းလိုက်သည်။

ထိုလူ့အသံက အိပ်မွေ့ချ မန္တန်တစ်ခုလိုပင်။

“မအိပ်ချင်…”

စူစူလေး အသံတိုးညှင်းသထက် တိုးညှင်းသွားကာ မျက်လုံးများလည်း မှိတ်သွားလေသည်။ ချက်ချင်းဆိုသလို သူမ ခန္ဓာကိုယ် လဲကျသွား၏။

မျက်နှာဖုံးနဲ့လူက စူစူလေး၏ ခန္ဓာကိုယ်ကို အမိအရဖမ်းပြီး ပွေ့ချီလိုက်ပါသည်။

ကလေးမလေးက တကယ် လူကောင်သေးသည်။ သူ့လက်ထဲမှာ အလေးချိန်မရှိသည့် အရုပ်တစ်ရုပ်ကို ကိုင်ထားရသလိုပင်။

ဒီအခန်းက လုံးဝ ပျက်စီးသွားပြီဖြစ်သဖြင့် စူစူလေးကို ဘေးအခန်းသို့ ခေါ်သွားပေးလိုက်သည်။ စူစူလေးကို ကုတင်ပေါ်မှာ သိပ်ပြီးနောက် သူ့ရုံးခန်းဆီသူ ပြန်လာခဲ့ပါသည်။

ရုံးခန်းထဲမှာ သူ့လက်အောက်ငယ်သားများတွေ တန်းစီနေကြသည်။ ဒီနေ့ ရှော့ပင်းမောမှာ ဟွော်ထျင်းလွှတ်လိုက်သည့် လူတွေဟု ဟန်ဆောင်ခဲ့ကြသူများဖြစ်ပါသည်။

မျက်နှာဖုံးနဲ့လူ၏ လက်ထောက်က အစီရင်ခံလိုက်သည်။ “ဘော့စ်၊ ခုနက ချူးဟမ့်ဖုန်းထပ်ဆက်တယ်။ အကူအညီ တောင်းတာပဲ။ သူ့ကို ဘော့စ်ကူညီပေးမှ ဖြစ်မယ်လို့ တောင်းတောင်းပန်ပန် ပြောနေတယ်။ အဲ့ဒီလူက တော်တော် ရွံဖို့ကောင်းတာပဲ။ ဒီလောက်အကူအညီတွေ၊ အရင်းအနှီးတွေ အများကြီး ထုတ်ပေးထားတာတောင် တလွဲလုပ်ဖြစ်အောင် လုပ်သေးတယ်!’

လွန်ခဲ့သည့် ၂ ရက်အတွင်း ချူးဟမ့် ဖုန်းဆက်တာ ၇ ခါလောက် ရှိပါပြီ။ မျက်နှာဖုံးနဲ့ လူက သူ့ဖုန်းကို လုံးဝ မကိုင်ခဲ့ပါ။

“ငါသူ့ကို အရင်းအနှီးတွေ ထုတ်ပေးခဲ့တုန်းက အောင်မြင်မယ်လို့လည်း မျှော်လင့်မထားပါဘူး”

ဒီလိုအခြေအနေမျိုးကို သူမျှော်လင့်ထားတာ ကြာပြီဖြစ်သည်။ ချူးဟမ့် ဘယ်လိုလူမှန်း သူသိပါသည်။ သူ့မှာ ဦးနှောက်သာ ရှိလျှင် ဒီလောက် အခွင့်အရေးပေးထားတာကိုတောင် တလွဲလုပ်နိုင်မှာ မဟုတ်ပါ။

“ဟုတ်ပါတယ် ဟုတ်ပါတယ်။ ဘော့စ်က အားလုံးကို ကြိုသိပြီးသားပဲ”

ထိုအချိန်တွင် လက်ထောက်၏ ဖုန်း မြည်လာပြန်သည်။ ချူးဟမ့်ပဲ ဖုန်းဆက်နေတာ ဖြစ်ပါသည်။

“ငါ့ကိုပေး”။

ဒီတစ်ခါတော့ သူဖုန်းကိုင်ဖို့ ဆုံးဖြတ်လိုက်သည်။

ဖုန်းဝင်သွားတာနဲ့တစ်ပြိုင်နက် ချူးဟမ့်၏ စိတ်အားထက်သန်နေသော အသံကို ကြားလိုက်ရပါသည်။ “မစ္စတာမင် နောက်ဆုံးတော့ ဖုန်းကိုင်ပြီပေါ့!”

“ပြဿနာရှိလို့လား”

“ဟုတ်တယ် မစ္စတာမင်! ဒီတစ်ခါက မတော်တဆဖြစ်သွားတာပါ! ကျန်းရှင်းဆိုတဲ့ ကုမ္ပဏီ ဒီလောက်ထိ စုတ်ပဲ့လိမ့်မယ် ထင်မထားဘူး! သူတို့ ဘဝပျက်တာ ကျွန်တော့်ကိုပါ ဆွဲထည့်သွားတယ်! အဲ့ဒီ လီကျုံးဝေဆိုတဲ့ကောင်ကလည်း တကယ့် လူယုတ်မာပဲ! စီးပွားရေးကို ကောင်းကောင်းမွန်မွန် မလုပ်ဘဲ တရားမဝင်တဲ့ မှောင်ခို အလုပ်တွေ အကုန်လုပ်ခဲ့တယ်။ ကျွန်တော့်ကိုလည်း သူအရူးလုပ်ခဲ့တာ! ပြီးတော့ သူတို့က ချင်းအုပ်စုနဲ့လည်း ပါတနာတွေ ဖြစ်ခဲ့ဖူးတော့ သူတို့ကို ယုံကြည်လို့ရမယ်လို့ ကျွန်တော်ထင်ခဲ့မိတယ်…”

ချူးဟမ့်က အပြစ်တွေအကုန်လုံးကို ကျန်းရှင်းအပေါ်သာ ပုံချလိုက်ပါသည်။

“စီးပွားရေးလုပ်တယ်ဆိုတာ တရားဝင်တဲ့ အလောင်းအစားတစ်ခုလိုပဲ မစ္စတာချူး။ ရှုံးသွားလည်း အရှုံးကို လက်ခံနိုင်ရမယ်”

“ကျွန်တော် နားလည်ပါတယ်။ ကျွန်တော် လက်မခံနိုင်လို့ မဟုတ်ပါဘူး။ ဒါပေမယ့် မစ္စတာမင်… ဒီတစ်ခါ ကျွန်တော် တကယ် အခက်အခဲရှိလို့ပါ။ ဒီတစ်ခါလေးပဲ ကျွန်တော့်ကို ထပ်ကူပေးဖို့ တောင်းဆိုပါတယ်။ ဒီတစ်ခါလေးပါပဲ။ မစ္စတာမင် ပေးထားတဲ့ တာဝန်အတိုင်း ချင်းမိသားစုနဲ့ စာရင်းရှင်းချင်လွန်းလို့ ကျွန်တော် နည်းနည်းလောသွားတာပါ။ အဲ့တာကြောင့် မအောင်မြင်ခဲ့ရင်တောင် ကျွန်တော် ကြိုးစားအားထုတ်ခဲ့တာလေးကိုတော့ အသိအမှတ်ပြုပေးပါဗျာ!”

ချူးဟမ့် ခါးခါးသီးသီး တောင်းဆိုလိုက်ပါသည်။

“ခင်ဗျားကို တစ်ခေါက်လောက် ထပ်ကူညီပေးလို့ ရပါတယ်။ ဒါပေမယ့် အခြေအနေရပ်တစ်ခုတော့ ရှိတယ်”

“ဘာများလဲ”

… … …

အခန်း(၇၃၉) စူစူလေးကို ကယ်တင်ခြင်း

“မနက်ဖြန်မနက်ကျရင် ယင်းဟွာအဆောက်အဦး ကားပါကင်ဆီ လာခဲ့။ ပြီးရင် ပေကျင်းမြို့မှာရှိတဲ့ ချင်းမိသားစုဆီ တစ်ခုခု ပို့ပေးဖို့ ကူညီပါ”

“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ ကိစ္စမရှိဘူး! အဲ့လိုအသေးအဖွဲ ကိစ္စမျိုးအတွက် ကျွန်တော့်တာဝန်သာ ထားလိုက်ပါ!”။ ချူးဟမ့် အမြန်သဘောတူလိုက်သည်။

မျက်နှာဖုံးနဲ့လူက ချူးဟမ့်နဲ့ စကားဆက်မပြောချင်တော့သဖြင့် ဖုန်းကို ချက်ချင်း ချလိုက်ပြီး သူ့လက်ထောက်ထံ ပြန်ပစ်ပေးလိုက်ပါသည်။

ထို့နောက် သူ့ရှေ့က လက်လောက်ငယ်သားများကို ညွှန်ကြားလိုက်သည်။ “မနက်ဖြန် မနက်ရောက်လို့မှ ချင်းစူစူကို ဘယ်သူမှ ရှာမတွေ့သေးရင် ချင်းစူစူကို တစ်ခုခုထဲထည့်ပြီး ချင်းမိသားစုဆီ ပြန်ပို့ဖို့ ချူးဟမ့်ကို တာဝန်ပေးလိုက်။ ချင်းစူစူကို တစ်ယောက်ယောက် လာရှာရင် ငွေထုပ်တစ်ထုပ် ထုပ်ပြီး ထည့်ပေးလိုက်”

“ဟုတ်ကဲ့ပါ ဘော့စ်”

ထိုစဉ် တံခါးခေါက်သံတစ်သံကို အားလုံးကြားလိုက်ရသည်။

ဘယ်သူတံခါးခေါက်နေတာလဲ။

ဒီနေရာကို တခြားဘယ်သူရောက်လာနိုင်သေးလို့လဲ။

ဒီအထပ်မှာ လုံခြုံရေးတွေ တင်းကြပ်သဖြင့် သူတို့ လူတွေသာ ဝင်ထွက်သွားလာနိုင်သည်။

ထို့အပြင် သူတို့ အဖွဲ့ဝင်အားလုံးက ဒီမှာရှိနေကြသည်။ တခြားသူတွေကလည်း ဘော့စ်၏ အမိန့်မရဘဲ ရောက်လာကြမှာ မဟုတ်ပေ။

ထို့ကြောင့် သူတို့ထဲကတစ်ယောက် မဖြစ်နိုင်ပါ။

သို့သော် သူစိမ်းတစ်ယောက်ဆိုလျှင်လည်း သူတို့ အစောင့်တွေကို ဘယ်လို ဖြတ်ကျော်ခဲ့တာလဲ။

မျက်နှာဖုံးနဲ့လူက တံခါးကို စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးများက အလွန်စူးရှနေပါသည်။

သာမန်မဟုတ်သည့် အရှိန်အဝါတစ်ခုကို သူခံစားရသည်။

သာမန် သေမျိုးတစ်ယောက် မပိုင်ဆိုင်နိုင်သည့် အရှိန်အဝါမျိုးဖြစ်၏။

သူလား… သူဖြစ်နေမလား…

နောက်ဆုံးတော့ စူစူလေးကို ကယ်တင်ဖို့ သူရောက်လာပြီလား…။

မျက်နှာဖုံးနဲ့လူ ရင်ထဲမှာ သွေးတွေ ဆူပွက်လာသလို ခံစားရသည်။

အားလုံး သံသယဖြစ်နေကြစဉ် တံခါးခေါက်သံ ထပ်မံထွက်ပေါ်လာပါသည်။

“တံခါးဖွင့်ပေးလိုက်”။ မျက်နှာဖုံးနဲ့လူ အမိန့်ပေးလိုက်ပါသည်။

ထိုအခါမှ တံခါးနဲ့ အနီးဆုံး လက်အောက်ငယ်သားက သတိကြီးကြီးထားပြီး တံခါးဖွင့်ပေးလိုက်သည်။

သို့သော် တံခါးရှေ့မှာ ရပ်နေသည့်လူက သူတို့ မျှော်လင့်ထားတာနဲ့ တခြားစီ ဖြစ်နေပါသည်။

ထိုလူက အဖြူရောင် ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး ရွှေရောင်ကိုင်းနဲ့ မျက်မှန်ကို တပ်ဆင်ထားကာ နူးညံ့သိမ်မွေ့ပြီး ပညာတတ်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပုံပေါ်သည်။

“မင်းဘယ်သူလဲ”။ လက်အောက်ငယ်သားက မေးလိုက်သည်။

အခန်းထဲကလူတွေအားလုံး ဇဝေဇဝါဖြစ်သွားကြ၏။ ဒီလို ပျော့တိပျော့ညံ့ပုံစံနဲ့လူက ဒီအထိရောက်အောင် ဘယ်လို လာနိုင်ခဲ့တာလဲ။

“တဆိတ်လောက်ပါ။ ခင်ဗျားတို့ဘော့စ်ကို လာတွေ့တာပါ။ ကျွန်တော်အထဲဝင်ပြီး စကားခဏလောက် ပြောလို့ ရမလား”

ထိုလူ၏ အသံက သူ့အသွင်အပြင်လိုပဲ နူးညံ့ တည်ကြည်ကာ နွေးထွေးသည်။ သူ့အမူအရာက အောက်လည်းမကျို့သလို အထက်စီးလည်း မဆန်ပါ။

“ငါတို့ဘော့စ်က မင်းတွေ့ချင်တိုင်း တွေ့လို့ရတဲ့လူလား”

“သူ့ကို ဝင်ခွင့်ပေးလိုက်”

မျက်နှာဖုံးနဲ့လူက အမိန့်ပေးလိုက်သည်။ ထိုအခါ လက်အောက်ငယ်သားတွေလည်း ထိုလူ့အတွက် လမ်းဖယ်ပေးလိုက်ကြလေသည်။

ထိုလူက အခန်းထဲကို ဖြည်းညှင်းစွာ လျှောက်လာပြီး လက်အောက်ငယ်သားများစွာကို ဖြတ်ကျော်ကာ စားပွဲဆီသို့ တန်းတန်းမတ်မတ် ရောက်လာခဲ့သည်။ ထို့နောက် ထိုင်ခုံမှာထိုင်နေသည့် မျက်နှာဖုံးနဲ့လူနဲ့ အကြည့်ချင်း ဆုံသွားပါသည်။

အခန်းထဲဝင်လာသည့် ခပ်ပိန်ပိန်လူကို ကြည့်ကာ မျက်နှာဖုံးနဲ့လူ စိတ်ပြန်လည်တည်ငြိမ်သွားပြီး မေးလိုက်သည်။ “မင်းက ဘယ်သူလဲ”

သူ မဟုတ်ပါ။ သူစောင့်နေသည့်လူ မဖြစ်နိုင်ပါ။

“ကျွန်တော်က စူစူလေးရဲ့ ဆရာပါ။ သူ့ကို ခင်ဗျားတို့ ဒီခေါ်လာတယ်ဆိုလို့ ပြန်လာခေါ်တာပါ”

ထိုလူ၏ အသံက နူးညံ့သိမ်မွေ့နေပြီး လူတစ်ယောက်ကို ပြန်တောင်းဆိုနေသည့် ပုံစံနဲ့မတူဘဲ မိတ်ဆွေတစ်ယောက် အိမ်လာလည်တာနဲ့ တူနေပါသည်။

“မင်းက ချင်းစူစူရဲ့ ဆရာလား”

“ဟုတ်ပါတယ်”

“ချင်းစူစူဒီမှာ ရှိနေမှန်း မင်းဘယ်လိုသိတာလဲ”

“ကျွန်တော် ချီမန်ပါ့ကွား ဆိုတဲ့ ပညာတစ်ခုတတ်ထားတယ်။ ကံကောင်းစွာနဲ့ ကျွန်တော့်ရဲ့ တပည့်တော်လေးက ဒီမှာ ရှိနေတယ်ဆိုတာကို တွက်ချက်နိုင်ခဲ့တယ်။ အဲ့တာကြောင့် သူ့ကို ပြန်လာခေါ်တာပါ”။ ထိုလူက တည်ငြိမ်ပြီး ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်ပါသည်။

“တွက်ချက်ခဲ့တာ ဟုတ်လား”

“ဟုတ်ပါတယ် တွက်ချက်ခဲ့တာပါ”

“မင်းအဲ့လောက် အစွမ်းအစရှိနေရင် ငါရှာနေတဲ့လူ အခုဘယ်မှာရှိနေလဲဆိုတာ တွက်ချက်ပေးလိုက်လေ။ မင်းတွက်ချက်တာ မှန်တယ်ဆိုရင် မင်းတပည့်လေးကို ငါလွှတ်ပေးဖို့ စဉ်းစားပေးမယ်။ ဘယ်လိုသဘောရလဲ”

… … …

အခန်း(၇၄၀) စူစူလေးရဲ့ ဆရာ (၁)

မျက်နှာဖုံးနဲ့လူက ဒီလူ တွက်ချက်ပြီး ရှာတွေ့ခဲ့သည်ဆိုတာကို မယုံကြည်ပါ။

ဆရာယောင်ယောင် ဘိုးတော်ယောင်ယောင် အယောင်ဆောင်များထံမှ လှည့်ကွက်ပေါင်းစုံကို သူမြင်ဖူးပါသည်။

သို့သော်လည်း ဒီလူ တစ်ယောက်တည်း လာရဲတာကို ကြည့်ခြင်းအားဖြင့် သတ္တိကိုတော့ လေးစားထိုက်ပါသည်။ ထို့ကြောင့် သူ စကားပြန်ပြောခဲ့ခြင်းဖြစ်၏။

ပိန်ပိန်ပါးပါး လူက ခေါင်းခါလိုက်ပါသည်။ “ခင်ဗျားရှာနေတဲ့လူအတွက် ကျွန်တော် တွက်ချက်မပေးနိုင်ပါဘူး”

“တကယ် တွက်ချက်ဖို့ မဖြစ်နိုင်လို့လား။ ဒါမှမဟုတ် မင်းရဲ့စွမ်းရည်က လိုအပ်ချက် ရှိလို့လား”

“အဲ့ဒီအဖြေကို ကျွန်တော့်ထက် ဆရာက ပိုသိမှာပေါ့”။ ထိုလူ ခပ်ပါးပါးပြုံးကာ ပြန်ဖြေလိုက်သည်။

သူ့ရဲ့ မရေရာသော စကားလုံးများက ဒွိဟဖြစ်စရာကောင်းပါသည်။

မျက်နှာဖုံးနဲ့ လူရဲ့အမြင်မှာတော့ အားလုံးက ဟန်ဆောင်မှုသက်သက်သာ ဖြစ်သည်။

မျက်နှာဖုံးနဲ့လူက အထင်အမြင်သေးစွာ ပြုံးလိုက်၏။ “အဲ့တာဆို ငါနဲ့ အပေးအယူလုပ်ဖို့ မင်းဘက်မှာ ဘာမှမှ မရှိပဲ”

“ရှိပါတယ်။ ခင်ဗျားရှာနေတဲ့လူ ဘယ်မှာရှိသလဲ မသိပေမယ့် စူစူလေးကို အခုလို ပြန်ပေးဆွဲတာက ခင်ဗျားရဲ့ အစီအစဉ်ကို ဘာမှ အကူအညီ မဖြစ်စေမှာတော့ ကျွန်တော်သိတယ်။ တကယ်တော့ ဒီ့ထက် ကြီးမားတဲ့ ပြဿနာတွေတောင် ပိုတက်လာနိုင်တယ်”

“မင်းစကားလုံးတွေနဲ့ ငါ့ကို အရူးလုပ်လို့ မရဘူး”

ပိန်ပိန်ပါးပါးလူက ဆက်ပြောလိုက်သည်။ “အဲ့ဒီလူနဲ့ ခင်ဗျားနဲ့ ဘယ်လိုရန်ငြှိုးရန်စပဲ ရှိနေပါစေ။ စူစူလေးကို မထိခိုက်သင့်ဘူး။ စူစူလေးက ဒီကိစ္စတွေနဲ့ ဘာမှမသက်ဆိုင်ဘူး။ သူ့ကို ဒီလို အတင်းအကြပ်ခေါ်ထားတာက ဘာပြဿနာကိုမှ မပြေလည်စေနိုင်ဘူး။ ရူးမိုက်တဲ့ ဆုံးဖြတ်ချက် တစ်ခုပဲ”

အားနည်းပျော့ညံ့မည့်ပုံစံပေါက်သော်လည်း သူ့ရဲ့ ယုံကြည်ချက် ပြည့်ဝမှုနဲ့ ရဲတင်းမှုတို့ကို ကြည့်ခြင်းအားဖြင့် သူ့ဘက်မှာ အရာရာအသင့်ဖြစ်နေသည်ဟု ထင်ချင်စရာကောင်းလှသည်။

သူ့စကားကြောင့် အခန်းထဲက လက်အောက်ငယ်သားတွေ မျက်နှာတင်းမာသွားကြသည်။

သူတို့ ဘော့စ်ကို ရူးမိုက်တယ်လို့ ပြောရဲတယ်ပေါ့!

မျက်နှာဖုံးနဲ့လူက သူ့ကို အေးစက်စွာ ကြည့်ကာ မေးလိုက်သည်။ “မင်းကို သတ်ရတာ ပုရွက်ဆိတ်တစ်ကောင်ကို သတ်ရသလောက် လွယ်ကူမှာ မင်းသိရဲ့လား”

“ကျွန်တော့်ကို သတ်ဖို့က လွယ်ပါတယ်။ ဒါပေမယ့် ခင်ဗျား သတ်လို့မှ မရပဲ။ လူသားတွေကို ချေမှုန်းပစ်လို့ရတဲ့ အကြွင်းမဲ့ စွမ်းအားမျိုး ခင်ဗျားမှာ ရှိတယ်။ ဒါပေမယ့် လောကသုံးပါးရဲ့ နိယာမအရ လူ့ဘုံမှာ ခင်ဗျား ဘာမှ ဝင်စွက်ဖက်ခွင့် မရှိဘူး။ ခင်ဗျား နိယာမကို ချိုးဖောက်ရင် အပြစ်ဒဏ်ခတ်ခံရပြီး တရားစီရင်ခံရမှာပဲ”။

မျက်နှာဖုံးနဲ့ လူရဲ့စိတ်ကို ဖောက်ထွင်းမြင်နိုင်သကဲ့သို့ သူ့လေသံက ခိုင်မာလွန်းလှသည်။

ဒါကိုကြားပြီး မျက်နှာဖုံးနဲ့လူ ကျောက်ရုပ်တစ်ရုပ်လို ရပ်တန့်သွားခဲ့သည်။

သူပြောတာမှန်ပါသည်။ သူဒါတွေ လုပ်လို့ မရပါ။

သူ့စွမ်းအားတွေကို အလွဲသုံးစားလုပ်ပြီး နိယာမတွေကို ချိုးဖောက်လို့ မရပါ။ မဟုတ်ပါက ကောင်းကင်မိုးကြိုးနဲ့၊ ငရဲမီးတို့၏ အပြစ်ဒဏ်ခတ်ခြင်းကို ခံစားရလိမ့်မည်။

ဒါဘယ်သူမှ မလွတ်မြောက်နိုင်သည့် လောကသုံးပါး၏ နိယာမဖြစ်ပါသည်။

ထို့ကြောင့် သူ့အတွက် အလုပ်တွေ လုပ်ပေးဖို့ ဒီလို လက်အောက်ငယ်သားတွေကို လိုအပ်တာဖြစ်သည်။ ချူးဟမ့်လို လူမျိုးကို အသုံးချရတာလည်း ဒါ့ကြောင့်ပဲ ဖြစ်သည်။

သို့သော် ဒီအချက်တွေက သာမန် သေမျိုးတစ်ယောက် သိနေရမည့် ကိစ္စတွေ မဟုတ်ပါ။

“ဒါမင်းသိသင့်တဲ့ ကိစ္စတွေ မဟုတ်ဘူး။ မင်းက ဘယ်သူလဲ”။ မျက်နှာဖုံးနဲ့လူ မေးမြန်းလိုက်သည်။

“အဲ့ဒီမေးခွန်းကို ကျွန်တော်ဖြေပြီးသွားပြီလေ။ ကျွန်တော်က ဗေဒင်ပညာနည်းနည်းတတ်တဲ့ သာမန်လူတစ်ယောက်ပါ”

“သာမန်လူတစ်ယောက် ဟုတ်လား။ အဲ့တာ သာမန်လူတစ်ယောက် သိနိုင်တဲ့ ကိစ္စတွေလား”

“သာမန်လူတစ်ယောက်ပါပဲ။ ကျွန်တော်က သာမန်မဟုတ်ရင်တောင် ခင်ဗျား ပြောနိုင်မှာပါ”

မှန်ပါသည်။ သူတံခါးအပြင်မှာ ရှိနေတုန်းက ပုံမှန်မဟုတ်သည့် အရှိန်အဝါကို ခံစားခဲ့ရပြီး ထိုပုဂ္ဂိုလ်တကယ် ရောက်လာပြီဟု ထင်ခဲ့မိသည်။

သို့သော်လည်း တကယ်တမ်း မျက်နှာချင်းဆိုင် မြင်လိုက်ရသောအခါ သူ ဟုတ်မနေခဲ့ပါ။

သူစောင့်နေသည့် ပုဂ္ဂိုလ်မဟုတ်ရုံတင်မကဘဲ သာမန်လူသားတစ်ယောက် ဖြစ်နေသည်။

သူ့ရှေ့က ပျော့တိပျော့ညံ့လူကို မျက်နှာဖုံးနဲ့လူ စိုက်ကြည့်လိုက်သည်။ သူ့စိတ်ကို ဖောက်ထွင်းမမြင်နိုင်ပါ။

လူသားတစ်ယောက်၏ စိတ်ကို သူဖောက်ထွင်းမမြင်နိုင်တာ ဒါပထမဆုံးအကြိမ် ဖြစ်သည်။

“မင်းကို ငါပြန်အကဲခတ်ရတော့မယ်ထင်တယ်။ သာမန် ဆရာအယောင်ဆောင်လို့ သဘောထားလို့ မရတော့ဘူး”။ မျက်နှာဖုံးနဲ့လူ ပြောလိုက်သည်။

ပိန်ပိန်ပါးပါးလူကလည်း ခပ်ပါးပါးပြုံးကာ ပြန်ပြောလိုက်ပါသည်။ “ကျွန်တော့်ကို လေးလေးနက်နက် ဆက်ဆံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မစ္စတာမင်”

“ပြောပါဦး။ ငါ့အကြောင်း တခြား မင်းဘာတွေ သိထားသေးလဲ”

… … …

All Chapters