← Chapters

အခန်း (၇၄၁-၇၄၅)

Vol. 30 Ch. 741-745

အခန်း (၇၄၁-၇၄၅)

Vol. 30 Ch. 741-745

အခန်း(၇၄၁) စူစူလေးရဲ့ ဆရာ (၂)

“အပေါ်ယံအားဖြင့်တော့ ခင်ဗျားကလည်း ကျွန်တော့်ရဲ့ တပည့်တော်လေးလိုပဲ တခြားလူတွေနဲ့ မတူတဲ့ ဖြစ်တည်မှုတစ်ခုဆိုတာ သိထားတယ်။ မတူတာဆိုလို့ ကျွန်တော့်ရဲ့ တပည့်တော်လေးက အဲ့ဒီ နိယာမတွေကို နာခံစရာ မလိုတဲ့ တစ်ယောက်တည်းသောသူဖြစ်နေတာပဲ”

မျက်နှာဖုံးနဲ့လူ မျက်နှာ မှောင်မိုက်သွားခဲ့သည်။

သူပြောတာ မှန်ပြန်ပြီ။

ထိုနိယာမတွေကို ဖောက်ဖျက်ခွင့်ရှိတာ ချင်းစူစူတစ်ယောက်တည်းသာ ရှိသည်။ သူမက တစ်ခုတည်းသော ခြွင်းချက် ဖြစ်၏။

သာမန် ဆရာအယောင်ဆောင် တစ်ယောက်က ဒါမျိုး ပြောနိုင်မှာ မဟုတ်ပါ။

မျက်နှာဖုံးနဲ့လူ ဆက်မေးလိုက်သည်။ “ချင်းစူစူကို ပြန်ပေးဆွဲတာ ငါ့ကို ဒုက္ခပိုရောက်စေလိမ့်မယ်လို့ မင်းပြောခဲ့တယ်နော်။ အဲ့တာ ဘာကို ဆိုလိုတာလဲ”

ပိန်ပိန်ပါးပါးလူ ဘာမှ ပြန်မဖြေနိုင်ခင် ၃၃ လွှာရှိ အချက်ပေးမြည်သံ ရုတ်တရက် ထမြည်လေသည်။

ထိုအထပ်မှာ ဒီလိုအခြေအနေမျိုး ပထမဆုံး ကြုံဖူးခြင်းဖြစ်သည်။

ပိန်ပိန်ပါးပါးလူကလွဲပြီး တခြားသူတွေအားလုံး အခန်းထောင့်ရှိ စောင့်ကြည့်ရေး ကိရိယာများကို ဝိုင်းကြည့်လိုက်ကြသည်။

ဖန်သားပြင်ပေါ်မှာ အနီရောင် အသိပေးချက်များဖြင့် ပြည့်နှက်နေပါသည်။

ထို့နောက် ချက်ချင်းဆိုသလို အချက်ပေးမြည်သံ ရုတ်တရက် ရပ်တန့်သွားလေသည်။ ဖန်သားပြင်တွေလည်း လုံးဝ မှောင်အတိ ကျသွားတော့သည်။

ဖန်သားပြင်တွေ အမှောင်ကျမသွားခင် လူတစ်ယောက်၏ ရုပ်ပုံကို အားလုံး မြင်လိုက်ကြရလေသည်။

ပိန်ပိန်ပါးပါးလူက ပြောလိုက်၏။ “ပြဿနာက ရောက်တောင်ရောက်နေပြီ ထင်တယ် မစ္စတာမင်။ လူ့ဘုံရဲ့ နိယာမအတွင်းမှာ ခင်ဗျား လက်လှမ်းမမှီနိုင်တဲ့ နေရာတွေ အများကြီးရှိတယ်။ ခင်ဗျားကို အန္တရာယ်ပြုနိုင်တဲ့ လူတွေလည်း အများကြီး ရှိတယ်။ ခင်ဗျား ဒီတိုင်း ဆက်လုပ်ချင်တာ သေချာရဲ့လား”

“သူတို့ကို ငါကြောက်မယ်လို့ ထင်နေတာလား”

“ခင်ဗျားက သူတို့ကို မကြောက်ပါဘူး။ သူတို့ကလည်း ခင်ဗျားကို နည်းနည်းလေးမှ ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ခင်ဗျားကို မျက်လုံးပေါင်းများစွာရှေ့ ရောက်အောင် ပို့ပေးကြလိမ့်မယ်။ အဲ့ဒီအခါ ခင်ဗျား ပြန်ထွက်သွားရလိမ့်မယ်။ ခင်ဗျားတွေ့ချင်တဲ့လူကိုလည်း တစ်သက်လုံး တွေ့ရတော့မှာ မဟုတ်သလို ကလဲ့စားလည်း ချေနိုင်တော့မှာ မဟုတ်ဘူး”

ပိန်ပိန်ပါးပါးလူ၏ စကားလုံးများက မျက်နှာဖုံးနဲ့လူ၏ အရှိုက်ကို ထိသွားသည်။

ခေတ္တတိတ်ဆိတ်သွားပြီးနောက် မျက်နှာဖုံးနဲ့လူ မေးလိုက်သည်။ “ငါဘာလုပ်သင့်တယ်လို့ မင်းထင်လဲ”

“စောင့်နေပါ”

“မင်းပြောတာ အဓိပ္ပာယ်မရှိဘူး”

“ဘာပဲဖြစ်ဖြစ် ဒါအမှန်တရားပဲ။ မစ္စတာမင် နှစ်ပေါင်းများစွာကြာအောင် စောင့်နေခဲ့တာ မဟုတ်လား။ နှစ်နည်းနည်းလောက် ထပ်စောင့်လိုက်ရလို့ ဘာမှ မထိခိုက်နိုင်ပါဘူး ဟုတ်တယ်မလား”

“သူ့ကို တွေ့ရဖို့ နှစ်နဲ့ချီပြီး စောင့်ရဦးမယ်လို့ ပြောချင်တာလား”

“ခင်ဗျားကို ရာနှုန်းပြည့်သေချာတဲ့အဖြေ ကျွန်တော် မပေးနိုင်ဘူး”

“ဘာလို့ ရာနှုန်းပြည့် မသေချာရတာလဲ”

“ဘာလို့လဲဆိုတော့ ဒီကိစ္စမှာ နိယာမကို ဖျက်ဆီးနိုင်တဲ့ အချက်တွေ အများကြီး ပါဝင်နေလို့”

ထိုအချက်တွေထဲမှာ စူစူလေးက ခန့်မှန်းရအခက်ဆုံးအဖြစ်နဲ့ ပါဝင်နေသည်။

ပိန်ပိန်ပါးပါးလူ၏ မျက်နှာထားနဲ့ မှောင်အတိကျသွားပြီဖြစ်သည့် ဖန်သားပြင်များကို ကြည့်ရင်း မျက်နှာဖုံးနဲ့လူ ခေတ္တ စဉ်းစားကာ သူ့လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည်။ “ချူးဟမ့်ကို အခုချက်ချင်း ခေါ်ပြီး ချင်းမိသားစုဆီ ချင်းစူစူကို ပြန်ပို့ခိုင်းလိုက်တော့”

“ကျေးဇူးတင်ပါတယ် မစ္စတာမင်”။ ပိန်ပိန်ပါးပါးလူက ကျေးဇူးတင်လိုက်ပါသည်။

“ဒီရလဒ်ကို မင်းမျှော်လင့်ထားပြီးသား မဟုတ်ဘူးလား”

“ဖြစ်ရပ်တစ်ခုမှာ ကျွန်တော် ဝင်ပါလိုက်ရင် ရလဒ်ကို ကျွန်တော်ကိုင်တိုင်တောင် တိတိကျကျ မခန့်မှန်းနိုင်တော့ဘူး။ အဲ့တာကြောင့် ဒီကိစ္စမှာ ကျွန်တော် ဝင်ပါလိုက်တဲ့အချိန်ကစလို့ ဘာကိုမှ ကျွန်တော် မထိန်းချုပ်နိုင်တော့ပါဘူး”

“မင်းက တော်တော် စိတ်ဝင်စားဖို့ကောင်းတဲ့လူပဲ။ နှစ်ပေါင်းများစွာအတွင်း ငါတွေ့ဖူးသမျှထဲမှာ မင်းက စိတ်ဝင်စားဖို့ အကောင်းဆုံး လူသားပဲ”

“သာမန်လူတွေနဲ့ ဒီ့ထက်ပိုပြီး ထိတွေ့ဆက်ဆံကြည့်ဖို့ မစ္စတာမင်ကို အကြံပေးချင်ပါတယ်။ အဲ့တာဆို သူတို့ကနေတဆင့် ဘဝရဲ့ ပျော်ရွှင်မှုတွေအကြောင်း သိကောင်း သိလာနိုင်မှာပါ”

“မလိုပါဘူး။ ပျော့ညံ့တဲ့ လူသားတွေကို ငါစိတ်မဝင်စားဘူး”

“ဒါဖြင့်ရင် ကျွန်တော် ပြန်လိုက်ပါဦးမယ်”

“မင်း တပည့်ကို တွေ့မသွားတော့ဘူးလား”

“မတွေ့တော့ပါဘူး။ အခုချိန် သူနဲ့ တွေ့ဖို့ မသင့်တော်ဘူး”

ထို့နောက် ပိန်ပိန်ပါးပါးနဲ့လူ အရာရာကို ကျောခိုင်းပြီး လှည့်ထွက်သွားခဲ့သည်။ သူ့နောက်ကလူတွေ သူ့ကို တစ်ခုခု လုပ်လိုက်မှာကိုပင် မကြောက်ရွံ့ပါ။

သူထွက်သွားပြီးနောက် သိပ်မကြာလိုက်ဘဲ ရှောက်ကျင်းယန် ရောက်ရှိလာလေသည်။

ရုံးခန်းတံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်ကာ ဝင်လာခဲ့သည်။

အခန်းထဲမှာ မျက်နှာဖုံးနဲ့လူရဲ့ လက်အောက်ငယ်သားများကို မမြင်ရတော့ပါ။ မျက်နှာဖုံးနဲ့လူ တစ်ယောက်တည်းသာ သူ့စားပွဲမှာသူ အေးအေးလူလူထိုင်ရင်း ရှောက်ကျင်းယန်ကို စိုက်ကြည့်နေပါသည်။

… … …

အခန်း(၇၄၂) မျက်နှာဖုံးနဲ့လူကို ရှောက်ကျင်းယန် ရင်ဆိုင်ခြင်း

ရှောက်ကျင်းယန်နဲ့ ထိုလူနဲ့ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်လိုက်ကြသည်။ မျက်နှာဖုံး၏ အကာအကွယ်ကြောင့် ထိုလူ၏ စူးစူးရှရှ မျက်လုံးများကိုသာ ရှောက်ကျင်းယန် မြင်နိုင်ပါသည်။

ရှောက်ကျင်းယန်၏ အရှိန်အဝါကလည်း မသေးလှပါ။ သူတစ်ယောက်တည်း လာခဲ့တာဖြစ်သော်လည်း အနောက်မှာ စစ်သည်တော်ပေါင်း ၁,၀၀၀ ပါလာသကဲ့သို့ ယုံကြည်ချက် ပြည့်ဝကာ ရဲရင့်နေသည်။

“စူစူလေး ဘယ်မှာလဲ”။ ရှောက်ကျင်းယန် မေးလိုက်သည်။

“စူစူဟုတ်လား ဘယ်သူ့ကို ပြောတာလဲ”။ မျက်နှာဖုံးနဲ့လူက မေးခွန်းပြန်ထုတ်လိုက်ပါသည်။

“မင်းပြန်ပေးဆွဲသွားတဲ့ ကောင်မလေးကို ပြောတာ”

“ငါသူ့ကို မသိဘူး။ ဘယ်ကောင်မလေးမှလည်း ငါပြန်ပေးဆွဲမထားဘူး”။ သူ့လေသံက တည်ငြိမ်နေသည်။ ပြဿနာထဲ မဆိုင်ဘဲ ဆွဲထည့်ခံရသည့် အပြင်လူတစ်ယောက်လိုပင်။

“မင်းသူ့ကို သိတယ်။ ပြန်ပေးလည်း ဆွဲခဲ့တယ်။ မင်း အသာတကြည် ဝန်ခံလိုက်တာ ပိုလွယ်မယ်နော်”။ ရှောက်ကျင်းယန်က ဓားသွားတမျှ ထက်သည့် မျက်လုံးများဖြင့် ပြောလိုက်သည်။

သူ့လေသံက ပြတ်သားပြီး မျက်နှာကလည်း ခက်ထန်နေပါသည်။ ဘဝမှာ အမြဲတမ်းလိုလို ဓားသွားထက်ပေါ် လျှောက်လှမ်းနေရသည့် လူတစ်ယောက်မှာသာ ရှိတတ်သည့် အရှိန်အဝါမျိုး ဖြစ်သည်။

“မင်းလေသံက မသိရင် ဒါက မင်းပိုင်နက်၊ ငါက မင်းရဲ့ အပြစ်သား ကျနေတာပဲ”

“ဘာကွာလို့လဲ”။ ရှောက်ကျင်းယန် ပြန်ပြောလိုက်သည်။ “ငါတို့ ဘယ်မှာပဲ ရောက်နေရောက်နေ အပြစ်လုပ်ထားတဲ့ မင်းက အပြစ်ရှိသလို ခံစားရမှာပဲလေ”

“ဘာတွေဖြစ်နေတာလဲ။ မင်းတစ်ခုခု မှားနေပြီထင်တယ်။ ငါ့ပိုင်နက်ထဲလည်း တရားမဝင် ကျူးကျော်လာသေးတယ်။ ဘယ်ဘက်ကကြည့်ကြည့် အပြစ်လုပ်ထားတာ မင်းပဲ”

“ပြန်ပေးဆွဲတာ သေးငယ်တဲ့ ပြစ်မှုမဟုတ်ဘူး။ တစ်ယောက်ယောက်ကို ကယ်တင်ဖို့ ဒီကိုလာခဲ့တာဆိုတဲ့ သက်သေခိုင်ခိုင်လုံလုံ ပြနိုင်ရင် ငါ့လုပ်ရပ်တွေ အကုန်လုံး တရားဝင်တယ်”

“ပြန်ပေးဆွဲတာဟုတ်လား။ ဘာကို ပြန်ပေးဆွဲတာလဲ။ မင်းပြောတာ ငါတစ်လုံးမှ နားမလည်ဘူး။ မင်းက ငါ့ကို ပြန်ပေးလာဆွဲတာလား။ အဲ့တာဆိုရင်တော့ အဆင်မပြေဘူးနော်”။ မျက်နှာဖုံးနဲ့လူ ပြန်ပြောလိုက်လေသည်။

“မင်းစူစူလေးကို ပြန်ပေးဆွဲခဲ့တာ။ မင်းတပည့်တွေရဲ့ မျက်နှာကို လုံခြုံရေးကင်မရာတွေက ဖမ်းမိထားတယ်။ အဲ့ဒီသက်သေတစ်ခုတည်းနဲ့တင် မင်းနဲ့ မင်းလူတွေကို အမှုဖွင့်ဖို့လုံလောက်တယ်”

ဒီကို ဝင်မလာခင်တုန်းက လူတချို့နဲ့ ရှောက်ကျင်းယန် စာရင်းရှင်းခဲ့ရသည်။ သူ စာရင်းရှင်းခဲ့သည့် လူတွေရဲ့ မျက်နှာက စူစူလေးကို ရှော့ပင်းမောထဲမှာ ပြန်ပေးဆွဲသွားသည့်လူတွေနဲ့ ကိုက်ညီမှု ရှိပါသည်။

“သူတို့က ငါ့ကုမ္ပဏီ ဝန်ထမ်းတွေလေ။ သူတို့ အပြင်မှာ ဘာတွေပဲလုပ်လုပ် ငါနဲ့ ဘာမှ မဆိုင်ဘူး။ တခြားအဖွဲ့အစည်းတစ်ခုခုက သူတို့ကို ငှားထားပြီး တရားမဝင်တဲ့ အလုပ်တွေ လုပ်ခိုင်းထားတာကော မဖြစ်နိုင်ဘူးလား။ ဘာပဲဖြစ်ဖြစ် ငါဘာမှ မသိဘူး”။

မျက်နှာဖုံးနဲ့လူကလည်း အလွန်တည်ငြိမ်နေပြီး သူ့မှာ အပြစ်မရှိကြောင်း ချောချောမွေ့မွေ့ ငြင်းဆန်နေပါသည်။

“မင်းလက်အောက်ငယ်သားတွေ ဒီလောက်အများကြီး ပြန်ပေးဆွဲတဲ့ ရာဇဝတ်မှုကို ကျူးလွန်ထားတာတောင် ဘော့စ်ဖြစ်တဲ့ မင်းနဲ့ ဘာမှ သက်ဆိုင်မှုမရှိဘူးဆိုတာ ထူးဆန်းမနေဘူးလား”

“ငါ လုံခြုံရေးကုမ္ပဏီတစ်ခု ထောင်ထားတာ။ ခန္ဓာကိုယ်ကြံ့ခိုင်သန်မာတဲ့ လူမှန်သမျှကို အလုပ်ခန့်ထားတယ်။ ပြီးတော့ သူတို့က ခေါင်းဆောင်တစ်ယောက်ဦးဆောင်တဲ့ အဖွဲ့လိုက် အလုပ်လုပ်ကြရတာ။ ခေါင်းဆောင်တစ်ယောက်ရဲ့ ဦးဆောင်မှုကြောင့် သူတို့ တရားမဝင်တဲ့ လုပ်ရပ်တွေ လုပ်နေကြလည်း အံ့အားသင့်စရာ မကောင်းပါဘူး”

ရှောက်ကျင်းယန် ရင်ဆိုင်ခဲ့ရဖူးသမျှ ရာဇဝတ်သားတွေထဲ ဒီလူ့ရဲ့ အမူအရာက အတည်ငြိမ်ဆုံးဖြစ်သည်။

ထို့အပြင် ရှောက်ကျင်းယန်ကလည်း အတွေ့အကြုံ ရင့်ကျက်သူဖြစ်သဖြင့် ထိုလူ့ကို အကဲခတ်ပြီးနောက် စကားလမ်းကြောင်း ပြောင်းလိုက်ပါသည်။ “ငါတို့ စကားပြောနေတာ တော်တော်ကြာပြီ။ ဘာလို့ မျက်နှာဖုံးကြီး တပ်ထားသေးတာလဲ။ မင်းသရုပ်မှန်ကို ဖုံးကွယ်ထားချင်လို့လား။ ဒါမှမဟုတ် ဝရမ်းပြေးတစ်ယောက် ဖြစ်နေလို့လား”

“ငါ့မျက်နှာပေါ်မှာ မီးလောင်ဒဏ်ရာတွေ ရှိနေလို့ မျက်နှာဖုံး တပ်ထားရတာ။ ပလတ်စတစ်ဆာဂျရီ လုပ်ပြီးသွားတာတောင် သိသာတဲ့ အမာရွတ်တွေ အများကြီး ရှိနေတုန်းပဲ။ တခြားသူတွေ ကြောက်မသွားစေဖို့ မျက်နှာဖုံးတပ်ထားရတာ။ အဲ့တာ တရားဥပဒေ ချိုးဖောက်ရာ ကျလို့လား”

“ငါမကြောက်တတ်ဘူးလို့ ပြောရင် မျက်နှာဖုံးကို ချွတ်ပြီး မင်းမျက်နှာအစစ်ကို ထုတ်ပြမှာလား။ ဒါမှမဟုတ် ကြောက်နေတဲ့သူက မင်းကိုယ်တိုင်ပဲ ဖြစ်နေတာများလား”

“ဒါပေမယ့် ငါချွတ်မပြချင်ဘူးလေ။ ငါ့မှာလည်း ဂုဏ်သိက္ခာရှိသေးတယ်။ အကျည်းတန်တဲ့ ငါ့မျက်နှာကို သူများတွေ မမြင်စေချင်ဘူး။ အဲ့တာ မဖြစ်နိုင်တဲ့ တောင်းဆိုချက်တော့ မဟုတ်ဘူးမလား”။ မျက်နှာဖုံးနဲ့လူ ခပ်သဲ့သဲ့ ရယ်မောရင်း မေးလိုက်လေသည်။

… … ….

အခန်း(၇၄၃) မျက်နှာဖုံးနဲ့လူကို ရှောက်ကျင်းယန် ရင်ဆိုင်ခြင်း (၂)

ရှောက်ကျင်းယန် မျက်နှာအနည်းငယ် ပျက်သွားသည်။ မျက်နှာဖုံးနဲ့လူရဲ့ ထောက်ကွက်မရှိသော အဖြေများကြောင့် အကျပ်ရိုက်သွားပုံရသည်။

ထို့နောက် မျက်နှာဖုံးနဲ့လူက ရှောက်ကျင်းယန်ကို ပြန်ပြောလိုက်သည်။ “ငါက တရားဥပဒေအကြောင်း အရမ်း နားလည်နေတဲ့လူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရာဇဝတ်မှုနဲ့ ပတ်သတ်တဲ့ တီဗွီရှိုးတွေ ကြည့်ဖူးတယ်။ လူတစ်ယောက်ကို စွပ်စွဲဖို့ဆိုရင် အခြေအနေရပ် ၂ ခု လိုအပ်တယ်ဆိုတာတော့ ငါသိတယ်။ ပြစ်မှု ကျူးလွန်ရတဲ့ ရည်ရွယ်ချက်နဲ့ သက်သေပဲ။ ပြီးတော့ ငါ့မှာ မင်းစွပ်စွဲတဲ့ ရာဇဝတ်မှုကို ကျူးလွန်ရအောင် ဘာရည်ရွယ်ချက်မှလည်း မရှိဘူး”

“ရည်ရွယ်ချက် မရှိဘူး ဟုတ်လား”

“မင်းပြောကြည့်လေ။ ငါက ဘာရည်ရွယ်ချက်နဲ့ သူ့ကို ပြန်ပေးဆွဲရမှာလဲ။ ပြန်ပေးဆွဲတယ်ဆိုတာ ပိုက်ဆံအတွက် ဒါမှမဟုတ် ကလဲ့စားချေဖို့အတွက်ပဲ မဟုတ်ဘူးလား။ ငါ့မှာ ငွေမရှားသလို ချင်းမိသားစုကိုလည်း ဘာအငြှိုးအတေးမှ မရှိဘူး”

ရှောက်ကျင်းယန် ဘာမှမပြောဘဲ မျက်နှာဖုံးနဲ့လူကို ဒီတိုင်း စိုက်ကြည့်နေခဲ့သည်။

ထိုစဉ် ဘလူးတုနားကြပ်ထဲမှ စန်းကျစ်၏ အသံထွက်လာခဲ့သည်။ “တောင်းပန်ပါတယ် ခေါင်းဆောင်ရှောက်။ ဒီလူနဲ့ ချင်းမိသားစုတို့ရဲ့ ပတ်သတ်မှု ဘာမှ ရှာမရခဲ့ဘူး”

ဒီလူနဲ့ ချင်းမိသားစုတို့ရဲ့ ပတ်သတ်မှုတစ်ခုခုကိုသာ ရှာတွေ့ခဲ့ပါက ရာဇဝတ်မှု ကျူးလွန်ရခြင်း ရည်ရွယ်ချက်ကို ခန့်မှန်းနိုင်သည်။

သို့သော်လည်း နှစ် ၃၀ သက်တမ်းရှိသည့် မှတ်တမ်းများကို စန်းကျစ် ရှာဖွေခဲ့တာတောင် ဘာတစ်ခုမှ မတွေ့ခဲ့ရပါ။

ရှောက်ကျင်းယန်က ဘာမှမပြောပါ။ သို့သော် မျက်နှာဖုံးနဲ့ လူက ရယ်မောရင်း ပြောလိုက်သည်။ “ကြည့်ရတာ လှလှပပ Hacker မလေးက မင်းလိုချင်တဲ့ အချက်အလက်တွေ ရှာမတွေ့ခဲ့ဘူးထင်တယ်”

မျက်နှာဖုံးနဲ့လူရဲ့ စကားကြောင့် ရှောက်ကျင်းယန် ရာဇဝတ်သားတစ်ယောက်နဲ့ ရင်ဆိုင်ရသည့် သက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် မျက်မှောင်ကြုတ်သွားသည်။

စန်းကျစ်နဲ့ သူနဲ့ စကားပြောနေတာကို သူဘယ်လိုလုပ်သိနေတာလဲ။

“ခေါင်းဆောင်ရှောက်၊ ငါ့ဆီမှာ အချိန်တွေ အားတွေ လာဖြုန်းမနေပါနဲ့တော့။ ချင်းမိသားစုကို အငြှိုးထားတဲ့လူတွေဆီ မင်းသွားစုံစမ်းသင့်တယ်ထင်တယ်နော်။ သူတို့က ချင်းစူစူကို ပစ်မှတ်ထားဖို့ အဖြစ်နိုင်ဆုံးလူတွေ မဟုတ်ဘူးလား။”

ရှောက်ကျင်းယန် မျက်မှောင်ကြုတ်နေရာမှ ရုတ်တရက် ပြုံးသွားသည်။ “စူစူလေးရဲ့ မျိုးရိုးနာမည်က ချင်းလို့ မင်းကို ဘယ်သူပြောလဲ”

မျက်နှာဖုံးနဲ့လူ ရပ်တန့်သွားခဲ့သည်။

ရှောက်ကျင်းယန်က ဆက်ပြောလိုက်၏။ “ငါဒီထဲကို စဝင်လာကတည်းက စူစူလေးအကြောင်း မေးခဲ့တယ်။ မင်းက စူစူလေးအကြောင်း ဘာမှ မသိဘူးလို့ ပြောပေမယ့် ချင်းမိသားစုနဲ့ ဘာရန်ငြှိုးရန်စမှ မရှိဘူးလို့ ချက်ချင်း ထုတ်ပြောခဲ့တယ်။ အဲ့တာကြောင့် စူစူလေးကို ပြန်ပေးဆွဲရမယ့် ရည်ရွယ်ချက်မျိုး မင်းမှာ မရှိဘူးပေါ့။ ဒါပေမယ့် စူစူလေးရဲ့ မျိုးရိုးနာမည်က ချင်းလို့ ငါတစ်ခါမှ ထုတ်မပြောခဲ့ဘူး။ စူစူ ဆိုတဲ့နာမည်ကို ကြားလိုက်တာနဲ့ သာမန်လူတစ်ယောက်ကတော့ သူ့မျိုးရိုးနာမည်ကို စူလို့ ယူဆသွားကြမှာပဲ။ အဲ့လို မယူဆဘူး ဆိုရင်တောင် သူ့မျိုးရိုးနာမည်က ချင်းဆိုပြီး ချက်ချင်း ခန့်မှန်းနိုင်မှာတော့ မဟုတ်လောက်ဘူး”

ရှေက်ကျင်းယန်၏ မျက်မှောင်ကြုတ်မှုတွေ၊ အကျပ်ရိုက်မှုတွေ အားလုံးက ထောင်ချောက်တစ်ခုသာ ဖြစ်သည်။ မျက်နှာဖုံးနဲ့လူကို အသာစီးရနေသည်ဟု ထင်သွားစေပြီး သတိလွတ်သွားအောင် ဖန်တီးဖို့သာ ဟန်ဆောင်ခဲ့ခြင်း ဖြစ်လေသည်။

စူစူလေးအကြောင်း သူသိနေသည် ဆိုတာနဲ့တင် ပြစ်မှုကျူးလွန်ဖို့ ရည်ရွယ်ချက်တစ်ခုခု ရှိသွားနိုင်ပါသည်။

မျက်နှာဖုံးနဲ့လူက ရှောက်ကျင်းယန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

ဒီလူလှည့်စားတာကို သူတကယ်ခံလိုက်ရတာလား။

အချိန်အတော်ကြာပြီးနောက် မျက်နှာဖုံးနဲ့လူ အကျယ်ကြီး ရယ်မောလိုက်သည်။ “စိတ်ဝင်စားစရာပဲ ဒီလောက် ရယ်စရာကောင်းတဲ့ ဖြစ်ရပ်မျိုး မကြုံရတာကြာပြီ”

ထိုလူ့ရဲ့ ရယ်သံက ကျောချမ်းစရာကောင်းလှပါသည်။

“မင်းဘာတွေ ရယ်နေတာလဲ” ရှောက်ကျင်းယန် မေးလိုက်သည်။

“ချင်းစူစူပြန်ပေးဆွဲခံရတဲ့ ကိစ္စမှာ ငါ့ကို ကြိုးကိုင်သူလို့ မင်းက စွပ်စွဲချင်တယ်။ ဒါပေမယ့် မင်းမေ့နေတာက ငါ့ပိုင်နက်ပေါ်မှာ ချင်းစူစူကို မင်းအရင်ဆုံး တွေ့အောင် ရှာရမှာပဲ။ ရှာလို့မတွေ့ရင် ငါ့ကို စွပ်စွဲလို့ မရရုံတင်မကဘူး ငါ့ဝန်ထမ်းတွေကိုတောင် စွပ်စွဲလို့ ရမှာ မဟုတ်ဘူး”

ဒါကိုကြားတော့ ရှောက်ကျင်းယန် ရုတ်တရက် ထိတ်လန့်သွားသည်။

စူစူလေး!

စန်းကျစ်ကို စူစူလေး အမြန်မေးလိုက်သည်။ “ရှောင်းကျစ်၊ ခုနက ဒီအထပ်ကနေ ဘယ်သူတွေ ထွက်သွားသေးလဲ”

“အဖြူရောင် ရှပ်အင်္ကျီဝတ်ထားတဲ့ လူတစ်ယောက်ပဲ ထွက်သွားတာ”

“တခြားကော တခြားဘယ်သူမှ မရှိဘူးလား”

“ဘယ်…ဘယ်သူမှ မရှိပါဘူး”

လခွီးပဲ!

“ရှောင်းကျစ် ကားပါကင်ထဲက လုံခြုံရေးမှတ်တမ်းတွေကို ချက်ချင်းစစ်လိုက်! ဒီအထပ်က လုံခြုံရေးစနစ်တွေကို သူတို့ ပြောင်းလဲထားတယ်!”။ ရှောက်ကျင်းယန် အမြန် အမိန့်ပေးလိုက်သည်။

စန်းကျစ်လည်း ချက်ချင်းပဲ မှတ်တမ်းများကို စစ်ဆေးကြည့်လိုက်ရာ ကားပါကင်ထဲသို့ ဧရာမအရုပ်ကြီးတစ်ရုပ်ကို သယ်ပြီး ဆင်းလာသည့်လူတစ်ယောက်ကို တကယ်ပဲ မြင်လိုက်ရပါသည်။

ထိုအရုပ်ကြီးထဲမှာ စူစူလေးကို ထည့်ဖွက်ထားလို့ပင် ရနိုင်သည်။

… … …

အခန်း(၇၄၄) ကားကို တစ်စစီဖျက်ဆီးခြင်း

သူတို့ စူစူလေးကို နေရာပြောင်းပြီးသွားလောက်ပြီ!

ဒါပေမယ့် ဘာလို့လဲ…

ခုနလေးတင် အဆောက်အဦးတစ်ခုလုံး၏ လုံခြုံရေးကင်မရာများကို စန်းကျစ် ထိန်းချုပ်နိုင်ခဲ့သည်။ အတွင်းဘက်က လှုပ်ရှားမှုတိုင်းကို သူမ စောင့်ကြည့်နေခဲ့သည်။

၃၃ ထပ်မှ ဘယ်သူမှ ထွက်မသွားမှန်း သူမ သေချာပါသည်။

ရှောက်ကျင်းယန်က မျက်နှာဖုံးနဲ့လူကို ထပ်ကြည့်လိုက်သည်။ မျက်လုံးတွေကို ကြည့်ရုံနဲ့ မျက်နှာဖုံးနောက်ကွယ်မှာ လှောင်ပြုံးတွေကို ဖုံးကွယ်ထားမှန်း ရှောက်ကျင်းယန် ခန့်မှန်းနိုင်ပါသည်။

မျက်နှာဖုံးနဲ့လူက မောက်မာသော လေသံဖြင့် ပြောလိုက်သည်။ “မင်းက အာရုံစိုက်ဖို့ ထိုက်တန်တဲ့ လူတစ်ယောက်ပဲ။ ဒါပေမယ့် စိတ်မကောင်းစွာနဲ့ပဲ ငါ့ကို လာစိန်ခေါ်ရလောက်တဲ့အထိ အရည်အချင်းမရှိသေးဘူး။ ပြန်လိုက်ပါတော့။ ငါ့ကို ဘယ်လို ရှင်းရမလဲဆိုတာ စိတ်အေးအေးထားပြီး သေချာ ပြန်စဉ်းစားလိုက်ဦး”

“စဉ်းစားစရာရှိရင် မင်းကို ထောင်ထဲထည့်ပြီးမှ စဉ်းစားမယ်!”

ထို့နောက် ရှောက်ကျင်းယန် မျက်နှာဖုံးနဲ့လူရှိရာထံကို တဟုန်ထိုး ပြေးသွားသည်။ သူ့ လှုပ်ရှားမှုများက အလွန် သွက်လက်ပြီး ကြမ်းကြုတ်ပါသည်။ လှောင်အိမ်ထဲမှ ရုတ်တရက် လွတ်လာသည့် ကျားတစ်ကောင်လိုပင်။

မျက်နှာဖုံးနဲ့လူနားသို့ ရောက်ခါနီးဆဲဆဲအချိန်တွင် ရှောက်ကျင်းယန် အမြင်အာရုံများ အမှောင်ကျသွားပြီး အသိစိတ်များ စတင်လွင့်ပြယ်လာသည်။

ထို့နောက် သူ့ခန္ဓာကိုယ် ထိန်းမနိုင်သိမ်းမရဖြစ်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားလေတော့သည်။

ဝုန်း!

ကြမ်းပြင်ပေါ်မှာ ရှောက်ကျင်းယန် လှုပ်ရှားမှု မရှိတော့ပေ။

မျက်နှာဖုံးနဲ့လူ မတ်တပ်ရပ်လိုက်ပြီး ရှောက်ကျင်းယန်ထံ ဖြည်းညှင်းစွာ လျှောက်လာကာ ငုံ့ကြည့်လိုက်ပါသည်။

လူသားတစ်ယောက်အနေနဲ့ အကဲဖြတ်ရလျှင် ဒီလူက တကယ်ပဲ သွက်လက်ပြီး ကြမ်းကြုတ်ပါသည်။ တိုက်ရည်ခိုက်ရည်ကော ဉာဏ်ရည်ပါ ထက်မြက်မည့်လူမျိုး ဖြစ်သည်။

ပါရမီရှင်ဟု ခေါ်တာတောင် ချဲ့ကားရာ မကျလောက်ပါ။ ထို့အပြင် ဒီနေ့ သူတို့အဆောက်အဦး၏ လုံခြုံရေး စနစ်ကို ဖောက်ဝင်ခဲ့သူကလည်း ပါရမီရှင်တစ်ယောက် ဖြစ်လိမ့်မည်။

သူ့အစွမ်းတွေကိုသာ ထုတ်မသုံးခဲ့လျှင် ဒီနေ့ အခြေအနေကို ထိန်းသိမ်းရခက်ပါလိမ့်မည်။

နတ်ဆရာပြောသွားတာ မှန်သည်။ စူစူလေးရဲ့ ဘေးနားက လူတွေက ပေါ့သေးသေး မဟုတ်ပါ။ သူမကို ပြန်ပေးဆွဲခြင်းက သူ့အတွက် အန္တရာယ်တွေသာ ပိုကျရောက်လာစေလိမ့်မည်။

အားလုံးထဲမှာ နတ်ဆရာကိုယ်တိုင်က အန္တရာယ်အများဆုံးဖြစ်နေသည်။

မျက်နှာဖုံးနဲ့လူ ခြေထောက်ကို မြှောက်လိုက်ပြီး ရှောက်ကျင်းယန်၏ ရင်ဘတ်ကို နင်းလိုက်ပါသည်။

အားတော့ အများကြီး မသုံးခဲ့ပေ။ သူ့ခွန်အား အပြည့်အဝ သုံးလိုက်ပါက ဒီလူ တစ်သက်လုံး နိုးလာတော့မှာ မဟုတ်ပေ။

ရှောက်ကျင်းယန်၏ ရင်ဘတ်ပေါ်မှာ ဖိနပ်ရာထင်သွားစေရုံတမယ်သာ နင်းလိုက်သည်။

အနက်ရောင် တီရှပ်ကြောင့် ဖိနပ်ရာကြီးက ပိုမို သိသာနေပါသည်။ သူချန်ထားခဲ့သည့် အမှတ်အသားကို ကြည့်ရင်း မျက်နှာဖုံးနဲ့လူ စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။

ထို့နောက် ရှောက်ကျင်းယန်၏ ခန္ဓာကိုယ်ကို ကျော်လွှားရင်း ထွက်ခွာသွားလေတော့သည်။

--- --- ---

စူစူလေး သတိပြန်လည်လာသောအခါ ကားတစ်စီး၏ နောက်ခုံပေါ်မှာ ရောက်နေပါသည်။

စူစူလေး ဘေးပတ်လည်ကို လှည့်ကြည့်လိုက်ရာ တစ်ခုခု မူမမှန်သလို ခံစားလိုက်ရ၏။ သူမ ဘာလို့ ကလေးထိုင်ခုံမှာ ထိုင်မနေရတာလဲ။

သူမက သန်မာပြီး ခွန်အားကြီးမားသော်လည်း သူမ မေမေ၊ ဖေဖေနဲ့ တူကြီးတို့ ကားမောင်းသည့်အခါ အမြဲတမ်း ကလေးထိုင်ခုံမှာသာ ထိုင်ရသည်။

သူမ အခု ကလေးထိုင်ခုံပေါ်မှာ ရှိမနေသဖြင့် ဒရိုင်ဘာက သူမ ဖေဖေလည်းမဟုတ် မေမေလည်းမဟုတ်၊ အစ်ကိုကြီးတို့လည်းမဟုတ်၊ တူလေးတို့လည်း မဟုတ်သည့် သဘောဖြစ်သည်။

စူစူလေး ရှေ့သို့ ခေါင်းပြူထွက်ကာ ကားမောင်းနေသည့်လူကို စိုက်ကြည့်လိုက်သည်။

“အား!!! လူဆိုးကောင်ကြီး!”။ စူစူလေး အော်ဟစ်လိုက်သည်။

ကားမောင်းနေသည့် ချူးဟမ့်က ပြန်ငေါက်လိုက်၏။ “သောက်ကလေးမလေး ငါ့ကို အာရုံလာမနောက်နဲ့။ ငြိမ်ငြိမ် ထိုင်နေ။ အနာတရဖြစ်မှ ငါ့အဆိုးမဆိုနဲ့!”

ချူးဟမ့်က ကလေးထိန်းရတာ စိတ်မရှည်ပါ။ ထိုကလေးက စူစူလေး ဖြစ်နေတော့ ပိုဆိုးပါသည်။

မစ္စတာမင် တောင်းဆိုထားတာကြောင့်သာ မဟုတ်လျှင် သူဒါမျိုး လုပ်ပေးမှာ မဟုတ်ပါ။

မစ္စတာမင်ကလည်း ဘာကြောင့် ဒီလိုတောင်းဆိုရတာလဲ ချူးဟမ့် မသိပါ။ ချင်းမိသားစုရဲ့ သောက်ကလေးမလေး သေသေရှင်ရှင် ဘာအရေးစိုက်စရာ လိုလို့လဲ။

“နင်က လူဆိုးကောင်ကြီး!”။ စူစူလေးက အလျှော့မပေးဘဲ ထပ်အော်သည်။

ယခင်တုန်းက လူဆိုး‌တွေ ဖမ်းခေါ်သွားတာကို သူမ ခံရဖူးသည်။ ဒါ လူဆိုးတစ်ယောက် လုပ်မည့် လုပ်ရပ်မျိုး ဖြစ်၏။

“နင့်အမေ သွားတိုင်လေ! တိတ်တိတ်နေလို့ ပြောနေတယ်နော်။ မဟုတ်ရင် ကားပေါ်က ပစ်ချပလိုက်မယ်!”။ ချူးဟမ့် သတိပေးလိုက်ပါသည်။

ချူးဟမ့် စကားအဆုံးတွင် ကားနောက်ခန်းမှ အလွန်ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာလေသည်။

ဘာလဲဟ!!

ချူးဟမ့် စတီယာရင်ကို မြဲအောင်ကိုင်ရင်း အမြန်နောက်လှည့်ကြည့်လိုက်သည်။

မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ချူးဟမ့် သွေးပျက်သွားရလေသည်။

… … …

အခန်း(၇၄၅) ချူးဟမ့် တရားခံဖြစ်သွားခြင်း (၁)

ကား… ကားအမိုးကြီး မရှိတော့ဘူး!

ချူးဟမ့် အသိစိတ်ပြန်မကပ်နိုင်ခင် နောက်ထပ် အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြန်သည်။

ဘာဖြစ်ပြန်ပြီလဲ!

ချူးဟမ့်နောက်လှည့်ကြည့်လိုက်ပြန်သည်။

ကား… ကားတံခါးကြီး တွန့်လိမ်သွားပြီ!

ချူးဟမ့် ၂ စက္ကန့်လောက်သာ မျက်နှာလွှဲရသေးသည်။ စူစူလေးက ကားတံခါးကို နောက်တစ်ချက် ပိတ်ထပ်ထိုးလိုက်ရာ တွန့်လိမ်နေရာမှ တစ်စစီ ဖြစ်သွားလေသည်။

ဒါဘယ်လို မကောင်းဆိုးဝါးလဲ!

ဒါ သတ္တုနဲ့ လုပ်ထားတဲ့ ကားလေ! စက္ကူအရုပ်မှ မဟုတ်တာ!

ဒီလို အလွယ်တကူ ဖျက်ဆီးလို့ ရမလား!

ချူးဟမ့် လမ်းဘေးကို အမြန်ထိုးချပြီး ကားရပ်လိုက်သည်။ ဘရိတ်နင်းကာ ချူးဟမ့် နောက်ပြန်လှည့်ကြည့်လိုက်ချိန် စူစူလေးက ထိုင်ခုံကို ဆွဲဖြုတ်နေပါပြီ။

ချူးဟမ့် ကားထဲမှ အမြန်ထွက်လာခဲ့သည်။ စူစူလေးကို ဘယ်လိုထိန်းရမလဲ စဉ်းစားနေစဉ် သူတို့ ရှိရာနေရာသို့ ကား ၁၀ စီးကျော် ရောက်ရှိလာပြီး ချူးဟမ့်ကို ဝန်းရံလိုက်ကြလေသည်။

ကားတွေထဲမှ ထွက်လာသူတွေက ချင်းရှင်းကျစ်၊ ချင်းယန်ကျစ်၊ ရှောင်းပေပေ၊ ချင်းယုချဲ၊ ရှောက်ကျင်းယန်၏ အဖွဲ့သားများနဲ့ တခြား အကူအညီပေးသူများဖြစ်ကြသသည်။

အားလုံး ချူးဟမ့်၏ ကားထံပြေးလာပြီး စူစူလေးကို နောက်ခန်းထဲမှ ဆွဲခေါ်လိုက်ကြသည်။

“ညီမလေး အဆင်ပြေရဲ့လား”

“ညီမလေး ဘယ်နား နာသွားသေးလဲ! အစ်ကိုကြီး ကြည့်ပါရစေဦး!”

ချင်းရှင်းကျစ်နဲ့ ချင်းယန်ကျစ်တို့ စူစူလေးကို ဝန်းရံလိုက်ကြပြီး ခေါင်းအစ ခြေအဆုံး စစ်ဆေးလိုက်ကြသည်။ စူစူလေး ဒဏ်ရာတစ်ခုခု ရသွားမှာကို သေမတတ်ကြောက်ရွံ့နေကြပါသည်။

“ဘာမှမဖြစ်ပါဘူး အစ်ကိုကြီးနဲ့ အစ်ကိုလတ်ရဲ့။ လုံးဝ အဆင်ပြေတယ် စိတ်မပူနဲ့!”။ စူစူလေး နှစ်သိမ့်ပေးလိုက်သည်။

သူမ ပျောက်သွားလျှင် အားလုံး စိတ်ပူနေကြမှာကို စူစူလေး သိပါသည်။ ထို့ကြောင့် ပြန်ရောက်သည့်အခါ ပထမဆုံး ပြောရမည့်စကားက သူမ ဘာမှမဖြစ်ကြောင်းကို ဖြစ်သည်။

“ကားထဲမှာ ဘာဖြစ်သွားတာလဲ။ ညီမလေးကို တစ်ခုခု လုပ်လိုက်တာလား”

ကားအက်ဆီးဒင့် ဆိုးဆိုရွားရွားဖြစ်ထားသလို ပုံစံဖြစ်နေသည့် ကားကို ကြည့်ရင်း ချင်းယန်ကျစ် စိတ်ပူစွာ မေးလိုက်ပါသည်။

“သမီးဖျက်ဆီးထားတာ! သူက လူဆိုးကြီးလေ! သမီးကို ခေါ်သွားလို့မရအောင် လူဆိုးကြီးရဲ့ ကားကို ဖျက်ဆီးလိုက်တာ!”။ စူစူလေး ပြန်ဖြေလိုက်ပါသည်။

ပထမတစ်ခေါက် ပြန်ပေးဆွဲခံရသည့် အတွေ့အကြုံကြောင့် စူစူလေး စဉ်းစားမိခဲ့သည့် နည်းလမ်းဖြစ်သည်။

သူမကို ထူးဆန်းပြီး ဘယ်သူမှမရှိသည့် နေရာသို့ ကားဖြင့်ခေါ်သွားကြပါက သူမ အိမ်ပြန်လမ်း ရှာတတ်မှာ မဟုတ်ပေ။

ထို့ကြောင့် လမ်းမှာတင် ကားကို တစ်စစီဖျက်ဆီးလိုက်မည်။ ဒါမှ သူမ လမ်းမပျောက်မှာ ဖြစ်ပါသည်။

“ညီမလေးက ဉာဏ်ကောင်းလိုက်တာ!”

ချင်းရှင်းကျစ်နဲ့ ချင်းယန်ကျစ်တို့ စူစူလေးကို ပြိုင်တူ ချီးကျူးလိုက်ကြလေသည်။

စူစူလေး တကယ်ပဲ ဘာမှမဖြစ်ကြောင်း အတည်ပြုပြီးမှ ချင်းမိသားစု၏ အကြည့်က ချူးဟမ့်ထံ ရောက်ရှိသွားပါသည်။ အကြည့်တိုင်းက ဓားသွားလို ထက်လွန်းပြီး ချူးဟမ့်ကို အရှင်လတ်လတ် ဝါးစားတော့မလို မျက်လုံးများနဲ့ ကြည့်နေကြတာဖြစ်သည်။

ချူးဟမ့် ကြောက်လန့်သွားသည်။ “မင်း… မင်းတို့ ဘာလုပ်မလို့လဲ”

“ချူးဟမ့် ခွေးမသား!”

ရှောင်းပေပေ အပြေးရောက်လာပြီး ချူးဟမ့်မျက်နှာတည့်တည့်ကို လက်သီးဖြင့် ထိုးလိုက်ပါသည်။

ချူးဟမ့် နာကျင်မှုဖြင့် အော်ဟစ်လိုက်ပြီး ဖူးယောင်သွားသည့် သူ့မျက်နှာကိုကိုင်ကြည့်ရင်း ဒေါသထွက်သွားလေသည်။

“နင်တို့ ရူးနေလား! နင်တို့ရဲ့ မကောင်းဆိုးဝါးမလေးကို နင်တို့ဆီ စေတနာနဲ့ ပြန်ခေါ်လာပေးတာကို ကျေးဇူးမတင်တဲ့အပြင် လက်သီးနဲ့ထိုးတယ်ပေါ့!”

“သောက်ပိုတွေ လာမပြောနဲ့!”။ ရှောင်းပေပေက ချူးဟမ့်ကို ထပ်ထိုးဖို့ ကြိုးစားသည်။ သို့သော်လည်း ရှောက်ကျင်းယန်၏ အဖွဲ့သားတစ်ယောက်က ဝင်တားလိုက်ပါသည်။

“မစ္စချင်း အကြမ်းနည်းသုံးဖို့ မတန်ပါဘူး။ သူ့ကို ထပ်ထိုးမယ်ဆိုရင် သူ့ဘက်က တရားပြန်စွဲလို့ရတယ်”

ရှောင်းပေပေကို ထိန်းမည့်လူပေါ်လာတာကို မြင်မှ ချူးဟမ့် သတ္တိရှိရှိ ပြန်ငေါက်နိုင်သည်။ “ဒီမိန်းမ ခွေးရူးပြန်နေလို့ တွေ့ကရာလူ လိုက်ကိုက်နေတာလား”

ထိုစဉ် ယူနီဖောင်းဝတ်ထားသည့် ရဲအရာရှိများ ရောက်ရှိလာလေသည်။ “ချူးဟမ့်။ ချင်းစူစူကို ပြန်ပေးဆွဲတဲ့အမှုမှာ ခင်ဗျားက နံပါတ် ၁ သံသယရှိသူမို့လို့ တရားဥပဒေအရ ထိန်းသိမ်းရပါလိမ့်မယ်။ ကျေးဇူးပြုပြီး ပူးပေါင်းဆောင်ရွက် ပေးပါ”

“ဘာ… ဘာပြောတယ်။ ပြန်ပေးဆွဲတာ ဟုတ်လား”

ချူးဟမ့် ကြက်သေသေသွားသည်။

သူက မစ္စတာမင်၏ အမိန့်ကိုသာနာခံခဲ့တာဖြစ်ပြီး ချင်းစူစူကို အိမ်ပြန်လိုက်ပို့ပေးခြင်းဖြစ်သည်။ ဘယ်လိုဖြစ်လို့ ပြန်ပေးသမား ဖြစ်သွားရတာလဲ။

ချင်းရှင်းကျစ်လည်း ဒေါသအလွန်ထွက်နေပါသည်။ “ချူးဟမ့် ခွေးမသား! ဘာတွေ ရူးချင်ယောင် လာဆောင်နေတာလဲ။ မင်းတို့ ချူးအုပ်စုက ငါတို့ ချင်းမိသားစုကို တိုက်ခိုက်ချင်တယ်ဆိုရင် ငါတို့ဆီ တိုက်ရိုက်လာခဲ့! ယောက်ျားရင့်မာကြီးဖြစ်ပြီး ငါတို့ ညီမလေးကိုမှ ပစ်မှတ်ထားရတယ်လို့!”

… … …

All Chapters