← Chapters

အခန်း (၇၄၆-၇၅၀)

Vol. 30 Ch. 746-750

အခန်း (၇၄၆-၇၅၀)

Vol. 30 Ch. 746-750

အခန်း(၇၄၆) ချူးဟမ့် တရားခံဖြစ်သွားခြင်း (၂)

“မင်းတို့ ဘာတွေ လာပြောနေတာလဲ။ ဘာကို ပြန်ပေးဆွဲတာလဲ! ငါသူ့ကို အိမ်ပြန်လိုက်ပို့ပေးတာလို့ ပြောနေတယ်! ငါက ဘာလို့ သူ့ကို ပြန်ပေးဆွဲရမှာလဲ”

ထိုသို့ပြောပြီးနောက် သူ့စကားသူ ယုံကြည်ချင်စရာမကောင်းဘူးဟု ချူးဟမ့် ခံစားလိုက်ရသည်။

တကယ်တော့ ချင်းစူစူကို ပြန်ပေးဆွဲဖို့ သူလည်း တွေးဖူးပါသည်။ အခွင့်အရေးမရခဲ့တာကြောင့်သာ အကောင်အထည် မဖော်ခဲ့ရခြင်းဖြစ်၏။

သူငြင်းနေတာ ယုံကြည်ချင်စရာမကောင်းမှန်း သိသဖြင့် ချူးဟမ့် ထပ်ပြောလိုက်သည်။ “ဦးနှောက်သုံးပြီး စဉ်းစားကြည့်ကြပါဦး။ ငါသာ ချင်းစူစူကို တကယ် ပြန်ပေးဆွဲချင်ရင် ငါကိုယ်တိုင် ဒီလို ကားနဲ့တင်ခေါ်လာမလားကွ!”

“နင့်စိတ်ကို ဘယ်သူကသိမှာလဲ။ နင့်ဦးနှောက် ကျပ်မပြည့်တာ ထူးဆန်းတဲ့ ကိစ္စမှ မဟုတ်တာ!”။ ရှောင်းပေပေ ဒေါသတကြီး ပြန်ငေါက်လိုက်လေသည်။

“အဲ့တာဘာစကားလဲ ငါ့ကို ငတုံးလို့ ခေါ်နေတာလား။ ငါ့ကို တကယ်ကြီး ငတုံးလို့ခေါ်လိုက်တာလား! နင်ကမှ ဦးနှောက်မကောင်းတဲ့ မိန်းမ!” ချူးဟမ့် ဒေါသပေါက်ကွဲသွားလေသည်။

ရှောင်းပေပေ ရယ်မောလိုက်သည်။ “နင့်ကို ရူးနေတယ်လို့ ထုတ်ပြောစရာတောင် လိုလို့လား။ တစ်မြို့လုံး သိပြီးသား။ နင့်အဖေ အမွေပေးခဲ့တဲ့ ချူးအုပ်စုကို ၁၀ ပုံ ၁ ပုံလောက်ပဲ ကျန်တော့တဲ့အထိ ဖြုန်းတီးပစ်ခဲ့တာ! နင်ဒီလောက်ထိ သက်တမ်းရှည်နေတာက လင်းယုရှန်းနဲ့ လက်ထပ်ပြီး လုမိသားစုနဲ့ အဆက်အသွယ်တည်ဆောက်ခဲ့လို့ဆိုတာ လူတိုင်း သိတယ်ဟဲ့!”

“နင်လင်းယုရှန်းနဲ့ ကွာရှင်းလိုက်တဲ့အချိန်ကစပြီး နင့်ဘဝ ဇာတ်သိမ်းတာပဲ! နည်းပညာကုမ္ပဏီအသစ် ထပ်ထောင်ဖို့ လုပ်ပေမယ့် ကျန်းရှင်းနဲ့ ဇယားငြိသွားတယ်! အခု နင့်ကုမ္ပဏီကိုနင် ဒေဝါလီခံရလုနီးပါးဖြစ်အောင် လုပ်မိသွားပြီမလား။ နင့်ကိုမှ ငတုံးလို့မခေါ်ရင် ဘယ်သူ့ကို သွားခေါ်ရမလဲ! နင့်လောက်တုံးတဲ့လူ ဒီကမ္ဘာမှာ မရှိတော့ဘူး!”

ရှောင်းပေပေက ချူးဟမ့်ကို အရှက်ဟက်တက်ကွဲအောင် ခွဲပစ်လိုက်သည်။

ပုံမှန်ဆို စီးပွားရေး ပြိုင်ဘက်တွေဖြစ်သော်လည်း ရှောင်းပေပေ ဒီလောက်ထိ ပွင့်လင်း ရိုင်းစိုင်းမှာ မဟုတ်ပါ။

သို့သော်လည်း ဒီလူက သူမရဲ့ ယောက်မလေးကို ပြန်ပေးဆွဲခဲ့သူဖြစ်သည်။ ဘာမှ ထောက်စရာ မလိုတော့ပါ။

ရှောင်းပေပေ၏ စကားများကြောင့် ချူးဟမ့်မျက်နှာ ဖြူလိုက်နီလိုက် ဖြစ်သွားပြီး တစ်ကိုယ်လုံး ထိန်းမရအောင် တုန်ယင်လာသည်။

“မသာမ! နင့်ကို သတ်မယ်! မဟုတ်တာတွေ လျှောက်ပြောတတ်တဲ့ နင့်ပါးစပ်ကို တစ်စစီ စုတ်ဖြဲပစ်မယ်!”

အမျက်ဒေါသကြီးမားနေသည့် ချူးဟမ့်တစ်ယောက် ရှောင်းပေပေကို တိုက်ခိုက်ဖို့အတွက် ခုန်အုပ်လိုက်လေသည်။

ရှောင်းပေပေလိုချင်တာလည်း ဒါပဲဖြစ်သည်။ ချူးဟမ့် ခုန်အုပ်လိုက်သည့်အချိန်ကို စောင့်ပြီး ခြေထောက်မြှောက်ကာ သူ့ဝမ်းဗိုက်ကို အင်အားအပြည့်ဖြင့် ဆောင့်ကန်လိုက်လေသည်။

ရှောင်းပေပေ၏ မိဘများက သိုင်းပညာကို စိတ်ဝင်စားကြသူများဖြစ်ကြသည်။ ရှောင်းပေပေလည်း သူတို့နဲ့အတူ ငယ်စဉ်ကတည်းက သိုင်းပညာ ပြိုင်ပွဲတွေ အများကြီးကို လိုက်ကြည့်ခဲ့ဖူးသည်။

ထို့ကြောင့် ရှောင်းပေပေ အခြေခံ ကိုယ်ခံပညာတချို့ကိုလည်း တတ်မြောက်လာခဲ့လေသည်။ ဒီပညာတွေက တကယ့်ပရော်ဖက်ရှင်နယ်တွေနဲ့ တွေ့လျှင် အသုံးမဝင်နိုင်သော်လည်း ချူးဟမ့်လို လူမျိုးကို ဆောင့်ကန်ဖို့အတွက်တော့ လုံလောက်ပါသည်။

ရှောင်းပေပေ ကန်တာ ခံလိုက်ရပြီးနောက် ချူးဟမ့် ဟန်ချက်ပျက်ကာ မြေကြီးပေါ် ဖင်ထိုင်လျက်သား လဲကျသွားလေသည်။

ချူးဟမ့်ကို ကန်ပြီးနောက် ရှောင်းပေပေ‌ နောက်လှည့်ကာ အားလုံးကို အပြစ်ကင်းစင်သော မျက်နှာလေးနဲ့ ပြောလိုက်သည်။ “သူကျွန်မကို အရင်တိုက်ခိုက်ဖို့ ကြိုးစားတာ။ ကျွန်မကို သတ်မယ်လို့ပါ ခြိမ်းခြောက်သေးတယ်။ အဲ့တာဆို ဒါကိုယ့်ကိုယ်ကိုယ်ကာကွယ်မှုမြောက်တယ်မလား”

“သောက်ကျင့်မကောင်းတဲ့ မိန်းမ!”။ ဒေါသကြောင့် ချူးဟမ့်၏ အဆုတ်များ နာကျင်လာသည်။ ကတ္တရာလမ်းမပေါ် ဖင်ထိုင်လျက်သား ပြုတ်ကျသွားသဖြင့် တင်ပါးက ပို၍ပင် နာကျင်နေပါသေးသည်။

ချူးဟမ့်က အလျှော့မပေးနိုင်သေးဘဲ ရှောင်းပေပေကို ကလဲ့စားချေချင်နေဆဲဖြစ်သည်။ သို့သော် ရှောက်ကျင်းယန်၏ အဖွဲ့သားတစ်ယောက်က ဝင်ပြောလိုက်ပါသည်။

“သူ့ကို အရင် ခေါ်သွားကြရအောင်။ ပြောစရာရှိတာ စခန်းရောက်မှာပြောမယ်။ ဒီမှာဆို ကားလမ်းတွေ ပိတ်ကုန်လိမ့်မယ်”

ထို့နောက် သူနဲ့ တခြားအဖွဲ့သားတစ်ယောက်နဲ့အတူတူ ချူးဟမ့်ကို ဆွဲမလိုက်ပြီး ကားဆီ တရွတ်တိုက် ဆွဲခေါ်သွားပါသည်။

ထိုအခါမှ အခုလက်ရှိ အရေးအကြီးဆုံး ပြဿနာက ရှောင်းပေပေနဲ့ စကားများဖို့မဟုတ်ဘဲ ချင်းစူစူကို ပြန်ပေးဆွဲသည်ဟု စွပ်စွဲခံနေရတာဖြစ်မှန်း ချူးဟမ့် ပြန်သတိရသွားပါသည်။

“ငါ ချင်းစူစူကို ပြန်ပေးမဆွဲဘူးလို့! ငါလုပ်တာ မဟုတ်ဘူး! ငါလွှဲချခံရတာ!”။ ချူးဟမ့်တစ်ယောက် အော်ဟစ်ပြီး သောင်းကျန်းလေသည်။

သူ့ကို ကားထဲ ထည့်ပြီး ခေါ်ဆောင်သွားကြသောအခါ သူ့အသံလည်း တဖြည်းဖြည်း တိုးညှင်းသွားခဲ့ပြီး နောက်ဆုံး ဘာမှမကြားရတော့သည်အထိ တိတ်ဆိတ်သွားပါသည်။

ပြဿနာတွေ ပြီးဆုံးသွားသောအခါ ချင်းမိသားစုဝင်များက စူစူလေး အနားယူရအောင် အိမ်ကို အရင်ဆုံး ပြန်ခေါ်သွားခဲ့ပါသည်။ သူတို့အားလုံး မနက် ၄ နာရီလောက်မှ အိမ်ပြန်ရောက်လာကြလေသည်။

စူစူလေးကလွဲပြီး ချင်းမိသားစုဝင်အားလုံး ခြေကုန်လက်ပမ်းကျနေကြသည့် ပုံစံပင်။

စူစူလေးက ၂ ကြိမ်တောင် အိပ်ခဲ့ရသည်။ ထို့ကြောင့် မလန်းဆန်းဘဲ မနေပါ။

ချင်းယုမူလည်း အိပ်ခန်းထဲမှ ထွက်လာသည်။ နက်ပြာရောင် ညအိပ်အဝတ်အစားများကို ဝတ်ဆင်ထားပြီး အိပ်ချင်မူးတူးလည်းဖြစ်နေသည်။ သူ့မိသားစုဝင်တွေကို မြင်သောအခါ မျက်စောင်းထိုးလျက် မေးလိုက်၏။

“ဘာလို့ ဒီလောက်နောက်ကျမှ ပြန်လာကြတာလဲ”

… … …

အခန်း(၇၄၇) ချင်းယုမူကို စူစူလေး ‘နှစ်သိမ့်’ပေးခြင်း (၁)

သူ့လေသံကလည်း မကျေနပ်သည့်လေသံ ဖြစ်နေသည်။

ချင်းရှင်းကျစ်တို့တွေ တမင်သက်သက် ဖုံးကွယ်ထားတာကြောင့် ဒီနေ့ည ဘာတွေဖြစ်သွားသလဲဆိုတာ ချင်းယုမူ မသိခဲ့ပါ။ သူ့မိသားစုဝင်တွေ အပြင်မှာ နောက်ကျသည့်အထိပျော်ပါးပြီးမှ အိမ်ပြန်ရောက်လာတာ ဟုသာ ထင်နေလေသည်။

“ကိစ္စလေးရှိလို့ နောက်ကျသွားတာပါ။ မင်းက ဘာလို့ အိပ်ရာနိုးနေတာလဲ။ မြန်မြန် သွားအိပ်တော့ သွား”။ ချင်းယန်ကျစ် ပြောလိုက်လေသည်။

သူတို့လည်း ပင်ပန်းနေကြတာကြောင့် သားဖြစ်သူ၏ မပျော်ရွှင်မှုကို ချင်းယန်ကျစ် သတိမထားမိပါ။

ချင်းယုမူ တစ်နေကုန် စိတ်ချဉ်ပေါက်နေတာဖြစ်ပြီး သူ့အဖေ၏ စကားကြောင့် ချုပ်တည်းထားတာတွေ ပွင့်ထွက်လာပါသည်။

သူ့အိပ်ခန်းထဲ ချက်ချင်း ပြန်လှည့်ဝင်သွားပြီး တံခါးကို ဝုန်းခနဲမြည်အောင် ဆောင့်ပိတ်လိုက်သည်။

ထိုအခါမှ သူတို့သား စိတ်အခြေအနေ မူမမှန်တာကို ချင်းယန်ကျစ်နဲ့ ရှောင်းပေပေတို့ သဘောပေါက်သွားကြပါသည်။

“ယောက်ျား၊ ဘယ်လိုလုပ်ကြမလဲ။ ယုမူ တစ်ခုခုကို နားလည်မှုလွဲနေပြီထင်တယ်”။ ရှောင်းပေပေ စိတ်ပူစွာ မေးလိုက်ပါသည်။

“မနက်ဖြန် သူအိပ်ရာထမှ စကားပြောကြည့်ကြမယ်။ အခုတော့ နားကြရအောင်”။ ချင်းယန်ကျစ် ပြန်ပြောလိုက်သည်။

“မနက်ဖြန်ထိ စောင့်လို့ အဆင်ပြေပါ့မလား။ ဒေါသစိတ်နဲ့ အိပ်တာက ရုပ်ပိုင်းဆိုင်ရာကော၊ စိတ်ပိုင်းဆိုင်ရာအတွက်ပါ မကောင်းဘူး”

ရှောင်းပေပေကိုယ်တိုင်က ဒေါသစိတ်ဖြင့် မအိပ်တတ်သူဖြစ်သည်။ သူမ ရှင်းစရာရှိသည့်ကိစ္စကို မဖြေရှင်းဘဲ အိပ်လိုက်ပါက မနက်အိပ်ရာနိုးလာလျှင် ပို၍ပင် ဒေါသထွက်ရသည်။

“ဒါပေမယ့် ဒီနေ့ကိစ္စကြောင့် ငါ့ဦးနှောက်တော်တော်ခြောက်နေပြီ…။ ဒီအခြေအနေနဲ့ ဘယ်သူ့ကိုမှ နှစ်သိမ့်နိုင်မှာ မဟုတ်ဘူး။ မဟုတ်တာပြောမိပြီး ပိုဆိုးသွားအောင်တောင် လုပ်မိနိုင်တယ်”

ပုံမှန်ဆို ချင်းယန်ကျစ်ကော ရှောင်းပေပေကော သားဖြစ်သူကို အချိန်မရွေး ချော့နိုင်သည်။

သို့သော်လည်း လောလောဆယ်တော့ လင်မယားနှစ်ယောက် စိတ်ရောကိုယ်ပါ ပင်ပန်းနေကြပါပြီ။ သူတို့ ဦးနှောက်တွေ အလုပ်မလုပ်တော့သလို ခံစားနေရသည်။

“တူတူပါပဲ…” ရှောင်းပေပေ ထောက်ခံလိုက်သည်။

“အစ်ကိုလတ်နဲ့ ယောက်မတို့! သမီး သွားမယ်! သမီး စကားသွားပြောလိုက်မယ်!”။ အခုချိန် တက်ကြွနေတာဆိုလို့ စူစူလေး တစ်ယောက်တည်းသာ ရှိသည်။ ထို့ကြောင့် ခြေကုန်လက်ပမ်းကျနေသော သူမရဲ့ အစ်ကိုကြီးနဲ့ ယောက်မတို့ကို ကူညီပေးဖို့က သူမတာဝန်ဖြစ်သည်ဟု ခံစားမိပါသည်။

“ညီမလေးလည်း ပင်ပန်းနေမှာပေါ့။ သွားနားလိုက်ပါ”။ ချင်းယန်ကျစ် ပြောလိုက်သည်။

“ဘာမှမဖြစ်ဘူး အစ်ကိုလတ်! သမီး အိပ်ပြီးသွားပြီ! အစ်ကိုလတ်ရဲ့ သားလေးဆီ သွားတော့မယ်!”

ပြောပြောဆိုဆိုနဲ့ ချင်းယုမူ၏ အိပ်ခန်းတံခါးရှေ့ထိ ရောက်အောင် စူစူလေး ခြေထောက်တွေ မော်တာတပ်ထားသလိုအလျှင်နဲ့ ပြေးထွက်သွားလေသည်။

ထို့နောက် ခြေဖျားထောက်လိုက်ပြီး သူမလက်ကလေးနဲ့ လက်ကိုင်ဘုကို လှည့်ကာ တံခါးဖွင့်လိုက်သည်။

ကုတင်ပေါ်တွင် ခေါင်းမြီးခြုံလျက် အိပ်နေသည့် အပုံလေးတစ်ပုံကို စူစူလေး မြင်သွားသည်။

တစ်ကိုယ်လုံး လုံအောင် ခြုံထားသဖြင့် လူကို အကောင်အထည်ပင် မမြင်ရပါ။

စူစူလေး ဖိနပ်ချွတ်လိုက်ပြီး ကုတင်ပေါ်သို့ တက်လာခဲ့သည်။

ထိုအပုံလေးကို စူစူလေး လက်ကလေးနဲ့ ထိကြည့်လိုက်သည်။

“ငါ့ကို လာမထိနဲ့!”။ ချင်းယုမူ၏ မပီမသအသံ စောင်အောက်မှ ထွက်လာပါသည်။

“နင်က ခေါင်းမြီးခြုံပြီး အိပ်ရတာ ကြိုက်တာလား။ ငါ ငယ်ငယ်တုန်းကလည်း ခေါင်းမြီးခြုံပြီး အိပ်ရတာကြိုက်တယ်။ ဒါမယ့် အဲ့လိုအိပ်တာ မကောင်းဘူးလို့ ဖေဖေနဲ့ မေမေက ပြောလို့ မအိပ်တော့ဘူး”။ စူစူလေးက ပြောလိုက်သည်။

“နင်ငယ်ငယ်တုန်းကဆိုတော့ အခုတော်တော်ကြီးနေလို့လား!”

“ငါငယ်ငယ်တုန်းကဆိုတာ လမ်းမလျှောက်နိုင်တုန်းကလေ! အခုလမ်းလည်း လျှောက်တတ်နေပြီ။ ပြေးလည်း ပြေးတတ်နေပြီ။ သူများတွေကိုလည်း ရိုက်တတ်နေပြီ။ အာ့ကြောင့် ငါလူကြီးဖြစ်နေပြီ!”

“ဟွန်း!”။ ချင်းယုမူ၏ ဗလုံးဗထွေးအသံ ထွက်လာပါသည်။

“ဟွန်း!” စူစူလေးကလည်း မကျေမနပ် နှာပြန်မှုတ်လိုက်သည်။ သူမကိုများ နှာမှုတ်ပြရဲတယ်ပေါ့!

“ထွက်သွားစမ်းဟာ! ငါအိပ်ချင်တယ်!”။ ချင်းယုမူ ပြောလိုက်သည်။

“စကားပြောပြီးမှ သွားမယ်!”

“နားမထောင်ချင်ဘူး!”

“နားထောင်ရမယ်! ဒါငါ့တာဝန်ပဲ။ ငါနင့်ကို သဘောမကျပေမယ့် နင့်မေမေနဲ့ ဖေဖေကို သဘောကျတယ်! အဲ့တာကြောင့် ငါ့အစ်ကိုလတ်နတဲ့ ယောက်မတို့အတွက် နင့်ဆီလာခဲ့တာ!”

“အဲ့တာ ဘာစကားလဲ။ နင်စိတ်မပါရင်လည်း ဘာလို့ လာခဲ့သေးလဲ! မလာနဲ့! ငါ့ကို နင်တို့ ဂရုစိုက်ချင်ကြတာမှ မဟုတ်တာ။ ကိုယ့်ဖာသာကိုယ် အိမ်မှာနေတာပဲ အဆင်ပြေတယ်!”

“ဟွန်း! နင်ကတော့ အဆင်ပြေတာပေါ့! ငါကတော့ ပြန်ပေးဆွဲခံရပြီး ဘယ်ရောက်သွားမှန်းတောင် မသိဘူး။ အဲ့တာကို အဆင်မပြေဘူးလို့ ခေါ်တယ်!”။ စူစူလေး ပြန်ပြောလိုက်သည်။

စူစူလေး စကားဆုံးတာနဲ့တစ်ပြိုင်နက် စောင်အောက်က အပုံလေး ရုတ်တရက် တုန်ခါသွားသည်။

ထို့နောက် ချင်းယုမူက စောင်ကို အကြမ်းပတမ်း ကန်ထုတ်လိုက်လေသည်။ “နင်ဘာပြောလိုက်တယ်။ ပြန်ပေးဆွဲခံရတယ် ဟုတ်လား။ ဘယ်လို ပြန်ပေးဆွဲခံရတာလဲ”

… … …

အခန်း(၇၄၈) ချင်းယုမူကို စူစူလေး “နှစ်သိမ့်”ပေးခြင်း (၂)

“ငါ့ကို လူဆိုးကြီးတစ်ယောက်က ဖမ်းခေါ်သွားတာ!” စူစူလေး ပြန်ပြောလိုက်သည်။ “ငါက ပြဿနာမရှိပေမယ့် အစ်ကိုကြီး၊ အစ်ကိုလတ်၊ ယောက်မနဲ့ တူချောလေးတို့အားလုံး ပင်ပန်းနေကြပြီ”

“ဘာကို ပြဿနာမရှိတာလဲ။ နင်က ပြန်ပေးဆွဲခံရတာလေ! အဲ့တာ ပြဿနာအကြီးကြီးပေါ့! ပြန်ပေးဆွဲခံရတာ သေသွားနိုင်တယ်သိလား! ပြန်ပေးဆွဲခံရတဲ့ ကလေးတွေ ရောင်းစားခံရတာ မဟုတ်ရင် အသတ်ခံရတာပဲ!”

“ငါဘာမှမဖြစ်ဘူးလေ။ ငါ့ကို ဖမ်းသွားတဲ့ လူဆိုးကြီးကလည်း သိပ်တော့ မဆိုးပါဘူး။ ကောင်းကွက်လေးတွေတော့ ရှိပါတယ်”။ စူစူလေး ပြန်ဖြေလိုက်သည်။

“ဘာ” ဒါကိုကြားတော့ ချင်းယုမူ ဂယောင်ချောက်ချားဖြစ်သွားသည်။ စူစူလေး၏ ပခုံးနှစ်ဖက်ကို သူ့လက်နှစ်ဖက်ဖြင့် ကိုင်ကာ မျက်နှာလည်း တည်တံ့သွားသည်။

“နင်ဘာလုပ်တာလဲ”။ ချင်းယုမူ၏ လက်တွေကို ကြည့်ရင်း စူစူလေး မေးလိုက်သည်။

ချင်းယုမူက စူစူလေးကို လေးလေးနက်နက် ပြောလိုက်သည်။ “ငါပြောတာ သေချာ မှတ်ထားနော်။ နင့်ကို ပြန်ပေးဆွဲတဲ့ လူတိုင်းက လူဆိုးတွေချည့်ပဲ! အရမ်းဆိုးတဲ့ လူဆိုးကြီးတွေ! သူတို့ ဘာပဲပြောပြော နင်နားမထောင်ရဘူး မယုံရဘူး! သူတို့ နင့်ကို သကြားလုံး ကျွေးတာနဲ့ပဲ၊ အရုပ်ပေးတာနဲ့ပဲ လူကောင်းလို့ ထင်သွားလို့ မရဘူး နားလည်လား!”

“ငါသိပါတယ်! ငါက အရမ်းဉာဏ်ကောင်းတာ! သကြားလုံး တစ်လုံးနဲ့ ငါ့ကို လှည့်စားလို့ မရဘူး! ဒါပေမယ့် ဒီနေ့ လူဆိုးကြီးကတော့ တကယ် သိပ်မဆိုးပါဘူး”

ထိုလူဆိုးကြီးက သူမလိုပဲ နတ်ယုတ်မာကြီးကိုလည်း မုန်းတီးသည်။ ထို့ကြောင့် အရမ်းဆိုးဝါးသည့်လူတော့ မဟုတ်လောက်ပါ။

“သကြားလုံးမကလို့ နင့်ကို ဘာပဲပေးပေး လူကောင်းမဟုတ်ဘူး! လူဆိုးဖြစ်နေရင် ဘာပဲကောင်းတာပေးပေး လူကောင်းလို့ ထင်သွားလို့မဖြစ်ဘူး နားလည်လား!”။ ချင်းယုမူ စကားပြင်ပြောလိုက်သည်။

“ငါနင့်ကို စကားမပြောတော့ဘူး။ နင်က နားမှမလည်တာ”။ စူစူလေး ပြန်ပြောလိုက်ပါသည်။ “ဘာပဲဖြစ်ဖြစ် နင့်မေမေနဲ့ ဖေဖေကို စိတ်မဆိုးနဲ့။ သူတို့က ငါ့ကို လိုက်ရှာနေရလို့ အိမ်ပြန်နောက်ကျတာ။ နင့်ကိုလည်း မမေ့ပါဘူး။ အဲ့တာကြောင့် ဝမ်းမနည်းနဲ့နော်”

“ဘယ်သူက ဝမ်းနည်းလို့လဲ! ငါက လူကြီးဖြစ်နေပြီ! ဒီလိုအသေးအဖွဲကိစ္စလေးကြောင့် ဝမ်းနည်းစရာလား!”။ ချင်းယုမူ ဝန်မခံနိုင်ဘဲ ပြန်ချေပလိုက်ပါသည်။

“ဪ ဟုတ်ပါပြီ။ အာ့ဆို ငါ့တာဝန်ကျေပြီမို့လို့ သွားတော့မယ်”

စူစူလေး ကုတင်ပေါ်က ဆင်းပြီး ဖိနပ်ပြန်စီးဖို့ ပြင်လိုက်သည်။

စူစူလေး၏ ပြတ်သားသော အမူအရာကိုမြင်ပြီး ချင်းယုမူ ဒေါသပိုထွက်သွားလေသည်။ ထို့ကြောင့် စူစူလေး၏ လက်ကလေးကို ရုတ်တရက် လှမ်းဆွဲလိုက်လေသည်။

သို့သော် သူရည်ရွယ်ထားသလို စူစူလေးကို ပြန်ဆွဲခေါ်နိုင်မည့်အစား စူစူလေးနဲ့အတူ သူတစ်ခါတည်း ပါသွားသည်။

ထို့ကြောင့် ချင်းယုမူ ကုတင်ပေါ်က ပြုတ်ကျလုနီးပါးပင် ဖြစ်သွားလေသည်။

ကံကောင်းစွာဖြင့် စူစူလေး အမြန်ရပ်ကာ ချင်းယုမူကို ပြန်လှည့်ကြည့်လိုက်သည်။

ချင်းယုမူတစ်ယောက် ခန္ဓာကိုယ်အပေါ်ပိုင်းက ကုတင်အောက်ကို ပြုတ်ကျနေပြီး အောက်ပိုင်းကတော့ ကုတင်ပေါ်မှာပဲ ရှိသေးကာ ဖားတစ်ကောင်လို ဖြစ်နေလေသည်။

ပုံစံကြီးက အနည်းငယ်ထူးဆန်းသဖြင့် စူစူလေး အူတူတူဖြစ်သွားသည်။ သူ သိုင်းလေ့ကျင့်နေတာများလား။

“နင်ဘာလုပ်နေတာလဲ”။ စူစူလေး မေးလိုက်သည်။

“ဘာ-ဘာမှ မဟုတ်ဘူး…”။ ချင်းယုမူ ကုတင်ပေါ် အသည်းအသန်ပြန်တက်ရင်း အမြန်ငြင်းလိုက်ပါသည်။

“အာ့ဆိုလည်း ပြီးရော သွားတော့မယ်”။ စူစူလေး ပြန်ဖို့ အသင့်ပြင်လိုက်သည်။

“နေဦး!”။ ချင်းယုမူက လှမ်းတားလိုက်သည်။

“ဘာဖြစ်ပြန်ပြီလဲ” စူစူလေး ပြန်မေးလိုက်သည်။

သူဘာဖြစ်နေတာလဲ။ ခုနက ဘာမှ မဟုတ်ဘူးလို့ ပြောပြီး အခုကျတော့ ခေါ်နေပြန်ပြီ! တော်တော်ထူးဆန်းပြီး ချစ်ဖို့လည်း မကောင်းဘူး။

“ငါ.. ငါမေးချင်လို့။ ဒီနေ့… ပြန်ပေးဆွဲခံရတုန်းက… ကြောက်နေလား… အခုကော အဆင်ပြေလားဆိုတာ”။ ချင်းယုမူ အချိန်အတန်ကြာ တွန့်ဆုတ်ပြီးမှ မေးချင်သည့် မေးခွန်းကို မေးနိုင်ခဲ့ပါသည်။

“ငါဘာမှ မဖြစ်ဘူး။ ကြောက်စရာလည်း မကောင်းပါဘူး”။ စူစူလေးက ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။

ကြောက်ရမယ် ဟုတ်လား၊ လုံးဝ မဖြစ်နိုင်ဘူး။

သူမလို စွမ်းအားကြီးတဲ့ ပိုင်ကျဲနတ်သားရဲတစ်ကောင်က မျက်နှာဖုံးဝတ်ထားတဲ့ ငကြောင်တစ်ကောင်ကို ကြောက်ရမှာလား။

ကားမောင်းတဲ့ လူဆိုးကောင်ကိုဆို ပိုလို့တောင် မကြောက်သေးတယ်!

အစ်ကိုကြီးနဲ့ အစ်ကိုလတ်တို့သာ အမြန်ရောက်မလာကြရင် အဲ့ဒီလူဆိုးကောင်ကိုကော သူ့ကားကိုပါ လွင့်ထွက်သွားအောင် လုပ်ပစ်လိုက်ပြီ!

ထိုသို့ပြန်ပြောပြီးနောက် စူစူလေး ထွက်သွားဖို့ ထပ်ပြင်လိုက်လေသည်။

“နေဦး!”။ ချင်းယုမူကလည်း နောက်တစ်ကြိမ် ထပ်တားလိုက်လေသည်။

… … …

အခန်း(၇၄၉) ချင်းယုမူကို စူစူလေး “နှစ်သိမ့်”ပေးခြင်း (၃)

ချင်းယုမူ၏ ခေါ်သံကို ကြားသောအခါ စူစူလေး လှည့်ကြည့်လိုက်ပြီး ဘာပြောမလဲ စောင့်နေလိုက်သည်။

သို့သော်လည်း စူစူလေး၏ နူးညံ့သိမ်မွေ့ပြီး ချစ်ဖို့ကောင်းသော မျက်နှာလေးကို ကြည့်ရင်း ချင်းယုမူ အချိန်အကြာကြီး ဆွံ့အသွားလေသည်။

စူစူလေး မျက်မှောင်ကြုတ်လျက် မေးလိုက်၏။ “နင်ဘာဖြစ်နေတာလဲ။ ခေါ်ပဲခေါ်နေပြီး စကားလည်း မပြောဘူး။ ထူးဆန်းလိုက်တာ”

စူစူလေးက သူ့ကို ချက်ချင်း ဆုံးမလိုက်သည်။ “ပြောစရာရှိရင် တစ်ခါတည်း အကုန်ပြောပလိုက်! တစ်ခါခေါ်ပြီး စကားတစ်ခွန်းပြောတာ စိတ်ရှုပ်ဖို့ကောင်းတယ်! အဲ့လိုလူမျိုးကို… လူပေါ့လူ အဲ… လူပျော့လူညံ့လို့ခေါ်တယ်! ဘာပဲဖြစ်ဖြစ် ချစ်ဖို့ မကောင်းဘူး!”

ချင်းယုမူ၏ ပျော့တိပျော့ညံ့ အပြုအမူကို စူစူလေး သဘောမကျပါ။

“ငါကယောက်ျားလေးလေ ချစ်ဖို့ကောင်းစရာ လိုလို့လား”။ ချင်းယုမူ မကျေနပ်စွာ ပြန်ပြောလိုက်သည်။

“အဲ့တာဆို တခြား ကောင်းတာ ဘာရှိလို့လဲ”။ စူစူလေး ပြန်မေးလိုက်သည်။

“ငါ…”။ ချင်းယုမူ ခေတ္တကြက်သေသေသွား၏။ ထို့နောက် ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။ “ငါက ချောတယ်!”

“သတိမထားမိဘူး”။ စူစူလေး ရိုးရိုးသားသား ပြန်ပြောလိုက်သည်။

သူမကမှ သူ့ထက် ပိုချောတာ!

“နင်… ငါ့ကို မချောဘူးလို့ ဘာလို့ ပြောရတာလဲ!”။ ချင်းယုမူ ဒေါသဖြင့် မျက်နှာကြီး နီမြန်းသွားလေသည်။

“မချောလို့ မချောဘူးပြောတာလေ ငါက မလိမ်တတ်ဘူး!”။ စူစူလေး ခိုင်မာပြတ်သားစွာ ပြောလိုက်ပါသည်။

ချင်းယုမူ မြှားအစင်း ၁,၀၀၀ လောက် ထိမှန်သွားသလို ခံစားလိုက်ရသည်။

“အဲ့တာ နင်ဘာမှ နားမလည်လို့လေ! ငါက ချောပြီးသား! ကျောင်းက ကောင်မလေးတွေ အကုန်လုံးကလည်း ငါ့ကို ချောတယ်လို့ ပြောကြတယ်!”။ စူစူလေးကို စကားနိုင်လုနိုင်ဖို့အတွက် သူ့မိန်းကလေးအတန်းဖော်တွေပြောသည့် စကားကို သက်သေအဖြစ် သုံးလိုက်ပါသည်။

ပုံမှန်ဆို သူ့ကို မိန်းကလေးအတန်းဖော်တွေ ချောသည်ဟု ပြောရင်တောင် ချင်းယုမူ ဂရုမစိုက်တတ်ပါ။ သူ့ကိုယ်သူ ချောမှန်းသိသဖြင့် သူတို့ပြောလည်း ဘာမှမထူးပါ။ ထိုမိန်းကလေးတွေက စကိတ်ဘုတ်တောင် စီးတတ်ကြသူတွေ မဟုတ်ပေ။

“အဲ့တာဆိုလည်း သူတို့နဲ့ စကားသွားပြောပေါ့!”။ စူစူလေး ပြန်ပြောလိုက်လေသည်။

အဲ့တာဆို ပိုရှင်းမသွားဘူးလား။ သူ့ကို ချောတယ်လို့ပြောတဲ့လူနဲ့ စကားသွားပြောသင့်တာပေါ့!

ဘာလို့ သူမကို လာပြောနေတာလဲ။ ထူးဆန်းလိုက်တာ!

“မပြောဘူး! နင့်ကိုပဲ ပြောမှာ! ဘာပဲဖြစ်ဖြစ် ငါ့ကို မချောဘူးလို့ နင်မပြောရဘူး!”

သူတို့ရဲ့ စကားလမ်းကြောင်းက တဖြည်းဖြည်း ဦးတည်ရာ ပြောင်းနေပါပြီ။ စူစူလေးကို ဂရုစိုက်ကြောင်း ထုတ်ပြဖို့ ရည်ရွယ်ထားသည့် ချင်းယုမူတစ်ယောက် အခုတော့ သူမနဲ့ စကားများ ရန်ဖြစ်နေမိပြန်သည်။

ချင်းယုချဲ အခန်းထဲဝင်လာသောအခါ ကလေးနှစ်ယောက် ငြင်းခုံနေကြတာကို မြင်သွားလေသည်။

အကြီးတစ်ယောက်က မျက်နှာကြီး နီမြန်းနေပြီ အငယ်တစ်ယောက်ကတော့ ဘာကိုမှ နားမလည်သည့်ပုံစံဖြင့် အူတူတူ ဖြစ်နေပါသည်။

မျက်နှာထားတွေကို အကဲခတ်ကြည့်လိုက်ပါက အကြီးတစ်ယောက် ရှုံးနေတာ သိသာသည်။ အငယ်တစ်ယောက်ကတော့ သူဘာပြောပြော လျစ်လျူရှုနေပြီး စိတ်မရှည်သည့် ပုံစံပင် ဖြစ်နေပါသည်။

ချင်းယုချဲဝင်လာတာကိုမြင်သောအခါ စူစူလေး သူ့ထံပြေးသွားလိုက်ပြီး ချင်းယုချဲ၏ ခြေထောက်ကို ဖက်ကာ ချင်းယုမူအား လက်ညှိုးထိုးပြလိုက်ပါသည်။

“တူချောလေး။ ဒေါ်လေးသူ့ကို ရှင်းပြလိုက်ပြီ! ဒီနေ့ ဘာတွေဖြစ်ခဲ့လဲ သူသိသွားပြီမို့လို့ စိတ်လည်း မဆိုးတော့ဘူး၊ ဝမ်းလည်း မနည်းတော့ဘူးတဲ့”

ချင်းယုချဲ ခါးကိုင်းလိုက်ပြီး စူစူလေး၏ ခေါင်းလေးကို ပွတ်သပ်ပေးကာ ချီးကျူးလိုက်ပါသည်။ “စူစူလေးက တော်လိုက်တာ။ အဖေနဲ့ အမေ့ကို အများကြီး ကူညီပေးနိုင်ခဲ့တယ်”

သူ့မိဘတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို စူစူလေး ကူသယ်ပေးချင်နေတာဖြစ်မှန်း ချင်းယုချဲ သိပါသည်။ စူစူလေးက ပြန်ပေးဆွဲခံရသည့်ကိစ္စကို ရေးကြီးခွင်ကျယ်ဟုပင် မသတ်မှတ်သော်လည်း သူမဘေးနားကလူတွေကိုတော့ ကူညီ ကာကွယ်ပေးဖို့ အစွမ်းကုန် ကြိုးစားနေသည်။

“အွန်း ဟုတ်တယ်! ဒေါ်လေးက အရမ်းတော်တယ်!”။ စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။ တူချောလေးက အလွန် သဘောကောင်းသည်။

ထိုစဉ် ချင်းယုမူက မကျေနပ်စွာ မျက်စောင်းထိုးလိုက်ပါသည်။ “ဟွန်း! သူ့ကို အလိုလိုက်တာ ကြည့်ပြီး အလိုလိုက်ဦး!”

“ယုမူ ဒီနေ့ ကိစ္စတွေ အများကြီး ဖြစ်ပျက်ခဲ့တာ”။ ချင်းယုမူကို ချင်းယုချဲ ပြောလိုက်သည်။

ချင်းယုမူ မျက်နှာလွှဲလိုက်ပြီး တီးတိုးရေရွတ်လိုက်ပါသည်။ “ငါ့ကိုမှ ဘယ်သူမှ မပြောကြတာ။ ငါက အဲ့လောက် ဆိုးသွမ်းတဲ့လူမှ မဟုတ်တာ။ တစ်ခုခုဖြစ်ခဲ့မှန်းသာ သိရင် မင်းတို့ကို စိတ်မဆိုးပါဘူး”

“မင်းကို စိတ်မပူစေချင်လို့ ဘာမှမပြောပြကြတာပါ။ အခုလို အခြေအနေမျိုးမှာ သိထားတဲ့လူတွေ များလေလေ စိတ်ပူမယ့်လူတွေ များလေလေပဲ”။ ချင်းယုချဲ ရှင်းပြလိုက်သည်။

“ငါ… ငါသိပါတယ်။ ငါလည်း သူ့ကို ဂရုစိုက်ချင်လို့ပါ…”

ထိုသို့ပြောပြီးနောက် စူစူလေးကို ချင်းယုမူ ခိုးကြည့်လိုက်ပါသည်။

… … …

အခန်း(၇၅၀) ရေမိုးချိုးပြီး အတူတူ အိပ်ကြရအောင်

သို့သော်လည်း စူစူလေးက သူ့ကိုလည်း ဂရုမစိုက်သလို သူပြောသည့်စကားကိုလည်း နားလည်ပုံမရပါ။

စူစူလေးက ချင်းယုချဲ၏ ခြေထောက်ကို ပွေ့ဖက်ထားဆဲဖြစ်ပြီး ချင်းယုမူကို စိတ်မဝင်စားစွာ ကြည့်နေပါသည်။

“ဂရုစိုက်တာကို ပွင့်ပွင့်လင်းလင်း ဖော်ပြတတ်ရတယ်”။ ချင်းယုချဲ သင်ပေးလိုက်လေသည်။

စူစူလေးက ကလေးသာ ရှိသေးသည်။ အရိပ်အမြွက်ပြတာတွေကို ဘာမှ နားလည်နိုင်မှာ မဟုတ်ပါ။

“မဖော်ပြဘူး! ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး!”

စူစူလေး၏ အေးတိအေးစက် အပြုအမူကြောင့် ချင်းယုမူ ရှက်ရွံ့သွားပြီး ဒေါသလည်းထွက်ကာ ချက်ချင်း ငြင်းဆန်လိုက်ပါသည်။

ထို့နောက် ကုတင်ပေါ် ပြန်လှဲအိပ်လိုက်ပြီး စောင်ကို ပြန်ယူကာ ခေါင်းမြီးခြုံနေလိုက်ပါသည်။

ထို့နောက် စောင်အောက်မှ သူ့ဗလုံးဗထွေးအသံ ထွက်လာသည်။ “ငါအိပ်တော့မှာ။ မင်းတို့တွေလည်း အိပ်ကြတော့”

ချင်းယုချဲ သူ့ညီကို ဘာမှ မပြောတော့ဘဲ စူစူလေးကို ပွေ့ချီလိုက်သည်။ “စူစူလေး ရေမိုးချိုးပြီး အိပ်ဖို့ လိုက်ပို့ပေးမယ်နော်”

“တူချောလေး ရတယ်။ ဒေါ်လေးဖာသာ သွားလိုက်မယ်! တူချောလေး အိပ်လိုက်တော့!”။ စူစူလေးက ပြောလိုက်သည်။

တူချောလေးက အလွန်ပင်ပန်းနေသဖြင့် သိပ်တောင် မချောချင်တော့ပါ။

“စူစူလေးကို သိပ်ပြီးမှ အိပ်မယ်”

“မရဘူး မရဘူး! တူချောလေးအရင်အိပ်၊ တူချောလေးက ပင်ပန်းနေတာ!”

“ရပါတယ်။ ဒီလောက်က ဘာမှမဖြစ်ဘူး”

“အဲ့တာဆို… အတူတူ ရေချိုးကြမယ်!”။ စူစူလေး ရုတ်တရက် အကြံပေးလိုက်သည်။

“မဟုတ်ဘူးလေ… အဲ့လိုလုပ်လို့ မရဘူး”။ ချင်းယုချဲ ငြင်းဆန်လိုက်လေသည်။

“ဘာလို့လဲ”

“စူစူလေးက မိန်းကလေးလေ။ မိန်းကလေးဆိုတော့ အသက်အရွယ် ဘယ်လောက်ပဲဖြစ်ဖြစ် ယောက်ျားလေး တစ်ယောက်နဲ့ အတူတူ ရေချိုးလို့မရဘူး”။ ချင်းယုချဲ ရှင်းပြလိုက်သည်။

“ဒါပေမယ့် တူချောလေးက ဒေါ်လေးရဲ့ တူလေ”

“တူလေးတွေလည်း မရဘူး”

“ဪ အဲ့တာကြောင့် ဖေဖေက ဒေါ်လေးကို ရေတစ်ခါမှ ချိုးမပေးတာကိုး။ မေမေနဲ့ ဘေးအိမ်က ဒေါ်လေးနျို့တို့ပဲ ချိုးပေးတာ”။ စူစူလေး ရေရွတ်လိုက်ပါသည်။

“အင်း ဟုတ်တယ်”

“အဲ့တာဆို အတူတူတော့ အိပ်လို့ရတယ်မလား”။ စူစူလေး မေးလိုက်သည်။

“အဲ့တာတော့ ရပါတယ်”

“အဲ့တာဆို ရေချိုးပြီး အတူတူအိပ်ကြမယ် ဟုတ်ပြီလား။ တူချောလေးကို ပုံပြောပြပြီး ချော့သိပ်မယ်!”။ စူစူလေး ကတိပေးလိုက်သည်။

စူစူလေး၏ တောက်ပနေသော မျက်ဝန်းလေးများကို ချင်းယုချဲ ငုံ့ကြည့်လိုက်သည်။ သူ့နှလုံးသားထဲ အလွန် ချိုမြိန်သွားခဲ့ပါသည်။

ဒီကလေးမလေးက သူ့ကို အလွန်ယုံကြည်ထားသည်။

ဒီနေ့ ဘာမှ မဖြစ်ခဲ့တာ ကံကောင်းသည်ဟု ဆိုရမည်။ စိတ်ပိုင်းဆိုင်ရာကော ရုပ်ပိုင်းဆိုင်ရာကော ဘာမှ မထိခိုက်ခဲ့ပါ။ အရင်တုန်းကလို ကျန်းမာပျော်ရွှင်သော စူစူလေးအတိုင်းပဲ ရှိနေဆဲဖြစ်သည်။

“မင်းတို့နှစ်ယောက် မပြီးနိုင်ကြသေးဘူးလား!”။ အိပ်ချင်ယောင်ဆောင်နေသည့် ချင်းယုမူတစ်ယောက် သည်းမခံနိုင်တော့ပါ။ “စကားပြောချင်ရင် အပြင်မှာထွက်ပြောကြလေ!”

ဒေါသထွက်လိုက်တာ!

ဟိုကလေးမလေးက အရမ်း နူးညံ့တော့ ဖက်အိပ်လို့ အရမ်းကောင်းမှာပဲ!

ဒါပေမယ့် သူ့ကိုမှ သဘောမကျတာ။ သူ့ကို ချစ်ဖို့လည်း မကောင်းဘူး ချောလည်း မချောဘူးလို့ ပြောသွားတယ်!

ဖက်အိပ်ဖို့နေနေသောသာ သူ့ကို ချိုချိုသာသာ မျက်လုံးနဲ့တောင် မကြည့်တတ်ဘူး!

ဒေါသထွက်လိုက်တာ!

“တူချောလေး။ မြန်မြန်သွားကြရအောင် သူ့ကို ဂရုမစိုက်နဲ့!”။ ချင်းယုချဲကို စူစူလေး အမြန်ပြောလိုက်သည်။

စူစူလေးရဲ့ စိတ်ထဲမှာ ခေါင်းမြီးခြုံနေသည့် ချင်းယုမူက ဒီတိုင်း ကလေးဆန်ဆန်ဂျီကျနေတာသာဖြစ်သည်။ ထို့ကြောင့် သူ့ကို လျစ်လျူရှုလိုက်ပြီး တူချောလေးနဲ့သာ အမြန်ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပါသည်။

ချင်းယုချဲလည်း ကုတင်ပေါ်က အပုံကို နောက်ဆုံးတစ်ကြိမ်ကြည့်လိုက်ပြီး ခေတ္တတိတ်ဆိတ်သွားပြီးနောက် စူစူလေးနဲ့အတူ အခန်းထဲမှ ထွက်သွားလေတော့သည်။

တံခါးပိတ်သံကြားတာနဲ့တစ်ပြိုင်နက် ချင်းယုမူ စောင်အောက်မှ ခေါင်းပြူထွက်လာလေသည်။

စောင်ကို လက်သီးဖြင့် ၂ ချက်လောက် ဒေါသတကြီး ထုရိုက်လိုက်၏။

ဘာလို့ ဒီတိုင်း ထွက်သွားကြတာလဲ!

သူ့ကုတင်က အကြီးကြီးကို! ၃ ယောက်အတူတူ အိပ်လည်း ဆံ့ရဲ့သားနဲ့!

သူနဲ့အတူလာအိပ်ပြီး အတူတူဖက်အိပ်ဖို့ ဘာလို့ မစဉ်းစားတာလဲ!

သူက သူ့အစ်ကိုကြီးလောက် မနူးညံ့သော်လည်း၊ အချက်အပြုတ် မတော်သော်လည်း အဆိုးကြီးတော့ မဟုတ်ပါ။ ထို့အပြင် သူကကော သူမတူလေး မဟုတ်ဘူးလား။

စူစူလေးကို အခန်းထဲပြန်လိုက်ပို့ပေးပြီးနောက် စူစူလေး တောင်းဆိုသည့်အတိုင်း ချင်းယုချဲ ကိုယ့်အခန်းထဲကိုယ် ပြန်လာကာ ရေမိုးချိုးလိုက်သည်။

စူစူလေး တစ်ယောက်တည်း ရေချိုးနေတုန်း တစ်ခုခုဖြစ်မှာစိုးရိမ်သဖြင့် ချင်းယုချဲ ရေအမြန်ချိုးခဲ့ပါသည်။

ထို့နောက် ညအိပ်ဝတ်စုံများ ဝတ်လိုက်ပြီး စူစူလေး၏ အခန်းထဲသို့ ဝင်လာခဲ့သည်။

စူစူလေး၏ ရေချိုးခန်းရှေ့မှာ ရပ်ရင်း ချင်းယုချဲ မေးလိုက်၏။ “စူစူလေး ရေချိုးလို့ ပြီးပြီလား”

… … …

All Chapters