← Chapters

အခန်း (၇၅၁-၇၅၅)

Vol. 31 Ch. 751-755

အခန်း (၇၅၁-၇၅၅)

Vol. 31 Ch. 751-755

အခန်း(၇၅၁) တူတွေကို ချော့သိပ်ရတာ အတွေ့အကြုံရှိတယ်

“ချိုးနေတုန်းပဲ တူချောလေး။ ခဏစောင့်ဦး!”

ရေချိုးခန်းထဲမှ စူစူလေး၏ နူးညံ့ချိုမြိန်သည့် အသံလေး ထွက်ပေါ်လာခဲ့သည်။ သူမ အသံလေးကိုကြားမှ ချင်းယုချဲလည်း စိတ်အေးနိုင်သည်။

“ဟုတ်ပြီ”။ ချင်းယုချဲ ပြန်ဖြေလိုက်ပြီး တံခါးဘေးက နံရံမှာ ကျောမှီလျက် စူစူလေး ထွက်လာမည့်အချိန်ကို စောင့်နေလိုက်ပါသည်။

ညက အဖြစ်အပျက်များကြောင့် ပင်ပန်းနွမ်းနယ်ခဲ့ရသူတွေထဲ သူလည်း အပါအဝင်ဖြစ်သည်။

စူစူလေး ပျောက်သွားသည့်အချိန်အတွင်း သူစိတ်ဂယောက်ဂယက်ဖြစ်ခဲ့ရသည်။ သူ့ခန္ဓာကိုယ်မှ တစ်စုံတစ်ခုကို ခိုးယူခံလိုက်ရသလို ခံစားခဲ့ရ၏။

ဒီလိုအကြောက်တရားမျိုးကို သူတစ်ခါမှ မခံစားဖူးပါ။

အရင်တစ်ခေါက် စူစူလေးပျောက်သွားတုန်းက ထိုသတင်းကို သူ ချက်ချင်းမကြားခဲ့ပေ။ ထို့အပြင် အခုလောက်ထိလည်း မရင်းနှီးသဖြင့် ဘာမှ သိပ်မခံစားခဲ့ရပါ။

ထို့အပြင် ယုကျီးငယ်ငယ်က ပြန်ပေးဆွဲခံရတုန်းကလည်း သူကိုယ်တိုင်က ကလေးဖြစ်နေသဖြင့် ခံစားချက်ပြင်းပြင်းထန်ထန် မရှိခဲ့ပါ။

အခုချိန်မှ မိသားစုဆိုတာ ဘယ်လောက်အရေးပါသလဲ ကောင်းကောင်း နားလည်ခံစားလာခဲ့ရသည်။

သူလည်း ဒီ့ထက် အစွမ်းအစ ပိုရှိလာသင့်သည်။ ဒါမှ ဒီလိုအဖြစ်အပျက်မျိုး ထပ်မဖြစ်အောင် ကာကွယ်ပေးနိုင်မှာ ဖြစ်သည်။ ဖြစ်လာခဲ့ရင်တောင် ဒီတိုင်းထိုင်နေတာထက် ပိုလုပ်နိုင်လိမ့်မည်။

ခဏကြာတော့ စူစူလေး ညအိပ်ဝတ်စုံဝတ်ပြီး ရေချိုးခန်းထဲမှ ထွက်လာပါသည်။

“တူချောလေး၊ ကိုယ့်ဖာသာကိုယ် ရေချိုးတတ်လို့ပြော ဒေါ်လေးပြောသားပဲ!”။ ချင်းယုချဲထံမှ စူစူလေး ချီးကျူးစကား ကြားချင်နေပါသည်။

“အင်းပါ စူစူလေးက အရမ်းတော်ပါတယ်”။ ချင်းယုချဲလည်း စူစူလေးကို ကုတင်ဆီ ခေါ်သွားလိုက်ပြီး ဆံပင်တွေကို Dryer ဖြင့် မှုတ်ပေးလိုက်သည်။

“ဆံပင်တွေ ရေခြောက်အောင်လုပ်ရမယ်။ ဒါမှ အိပ်တဲ့အခါ ခေါင်းကိုက်တာမျိုး မဖြစ်မှာ”။ စူစူလေးကို ချင်းယုချဲ ရှင်းပြလိုက်ပါသည်။

“အဲ့တာဆို တူချောလေး ဆံပင်ကိုလည်း အခြောက်ခံလေ။ တူချောလေး ဆံပင်လည်း ရေစိုနေတယ်!”။ စူစူလေး ပြောလိုက်သည်။

“ငါ့ဆံပင်က မလိုပါဘူး။ ဆံပင်တိုတော့ အခြောက်မြန်တယ်”

“တူချောလေး လိမ်နေတာ! တူချောလေးရဲ့ ဆံပင်လည်း ရှည်တာပဲ”

“အင်း!”

“အဲ့တာဆို တူချောလေးရဲ့ ဆံပင်ကို dryer နဲ့ မှုတ်ပေးမယ်!”

“ဟုတ်ပြီ”

စူစူလေးရဲ့ တောင်းဆိုချက်များကို ချင်းယုချဲ ဆက်တိုက် မငြင်းနိုင်သဖြင့် သဘောတူလိုက်ပါသည်။

ချင်းယုချဲ ကုတင်စွန်းမှာထိုင်နေပြီး စူစူလေးက hairdryer တစ်ခုကို ကိုင်လျက် ကုတင်ပေါ်မှာ မတ်တပ်ရပ်ကာ ချင်းယုချဲလုပ်ခဲ့သည့်အတိုင်း လိုက်တုပလိုက်သည်။

ခဏကြာတော့ ချင်းယုချဲ၏ ဆံပင်ကို စူစူလေး ထိကြည့်လိုက်ပြီး ကျေနပ်သွားပါသည်။

“ပြီးသွားပြီ!”

ထို့နောက် hairdryer ကို စူစူလေး သိမ်းလိုက်သည်။ ချင်းယုချဲကို ပြန်ကြည့်လိုက်သောအခါ သူ့ဘယ်ဘက်ပါးက ညာဘက်ပါးထက် အများကြီး ပိုနီနေတာကို မြင်လိုက်ရပါသည်။

“တူချောလေး မျက်နှာတစ်ဖက် ဘာဖြစ်သွားတာလဲ”။ စူစူလေး မေးလိုက်၏။

“ဘာမှမဖြစ်ပါဘူး။ နည်းနည်း နွေးသွားလို့နေမှာပါ။ ခဏနေ ပြန်သက်သာသွားလိမ့်မယ်” ချင်းယုချဲ ပြန်ဖြေလိုက်ပါသည်။

တကယ်တော့ စူစူလေးက သူ့ဘယ်ဘက်ပါးကို အကြာကြီး လေပူနဲ့ မှုတ်နေခဲ့သဖြင့် နီရဲသွားခဲ့တာ ဖြစ်သည်။ သို့သော်လည်း စူစူလေးရဲ့ ယုံကြည်မှုကို မပျက်စီးစေချင်သဖြင့် ချင်းယုချဲ ဘာမှမပြော မတားခဲ့ပါ။

“ဪ”

စူစူလေး ခေါင်းငြိမ့်လိုက်သည်။

“တူချောလေး ဒီမှာ အိပ်! ဒေါ်လေး ပုံပြောပြဖို့ စာအုပ်သွားရှာလိုက်ဦးမယ်!”

တူလေးတွေကို ချော့သိပ်သည့် နည်းလမ်းအား သူမ ကျွမ်းကျင်နေပါသည်။ တူလေးယုကျီးကို အကြိမ်ကြိမ် အိပ်ပျော်သွားအောင် သူမ ချော့သိပ်ဖူးသဖြင့် အလွန်အတွေ့အကြုံ ရှိပါသည်။

ချင်းယုချဲ အနည်းငယ် တွန့်ဆုတ်သွား၏။ သို့သော်လည်း စူစူလေး၏ တည်တည်တံ့တံ့ မျက်နှာလေးကိုမြင်သောအခါ ခေါင်းငြိမ့်လိုက်ပါသည်။

စူစူလေးက သူမအစ်ကိုလတ်နဲ့ ယောက်မတို့ ဝယ်ပေးထားသည့် ရုပ်ပြစာအုပ်တစ်အုပ်ကို သွားယူလိုက်ပြီး လက်ထဲမှာ ပိုက်လျက် ကုတင်ပေါ် ပြန်တက်လာကာ ချင်းယုချဲဘေးမှာ ထိုင်လိုက်လေသည်။

… … …

အခန်း(၇၅၂) အိပ်ပျော်နေတဲ့ အလှလေးကို နမ်းရှိုက်ပြီး နှိုးခြင်း

စူစူလေး ရုပ်ပြစာအုပ်ကို ပေါင်ပေါ်တင်ကာ ချင်းယုချဲအား အတည်ပေါက် ဖတ်ပြလေသည်။

နူးညံ့ချိုမြိန်ပြီး ကလေးဆန်သည့် အသံလေးကြောင့် ခြေကုန်လက်ပမ်းကျနေသည့် ချင်းယုချဲတစ်ယောက် စိတ်အေးချမ်း သွားသည်။

သိပ်မကြာလိုက်ပဲ ချင်းယုချဲ အိပ်ပျော်သွားခဲ့ပါသည်။ အသက်ရှူသံတွေ တည်ငြိမ်သွားပြီး မျက်နှာကလည်း ပိုမို ညင်သာသွားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့လေသည်။

စူစူလေး ပုံပြင်ဖတ်ပြပြီးနောက် ရုပ်ပြစာအုပ်လေးကို စားပွဲပေါ်တင်လိုက်ပြီး သူမလည်း ချင်းယုချဲ ဘေးမှာ အိပ်ပျော်သွားလေသည်။

နောက်တစ်နေ့မနက် ၉ နာရီ ထိုးသောအခါ အားအင်များ ပြန်လည်ပြည့်ဝနေပြီဖြစ်သည့် ချင်းယန်ကျစ် စူစူလေး အခန်းထဲသို့ ရောက်လာပါသည်။

တံခါးဖွင့်လိုက်တာနဲ့တစ်ပြိုင်နက် စူစူလေးရဲ့ ကုတင်ပေါ် အိပ်ပျော်နေသည့် သူ့သားဖြစ်သူကို မြင်လိုက်ရသည်။

“ခွေးကောင်! ငါ့ညီမလေးကုတင်ပေါ်မှာ ဘာလို့လာအိပ်နေတာလဲကွ”။ ချင်းယန်ကျစ်က မနာလိုစွာ ပြောလိုက်လေသည်။

အစ်ကိုလတ်ဖြစ်တဲ့ သူတောင် သူ့ညီမလေးနဲ့ တစ်ခါမှ အတူတူ မအိပ်ဘူးသေးဘူး!

အဖေဖြစ်သူ၏ အသံကြောင့် ချင်းယုချဲ အိပ်ရာနိုးလာခဲ့သည်။ မျက်လုံးဖွင့်ကြည့်လိုက်တာနဲ့တစ်ပြိုင်နက် မကျေမနပ် ဖြစ်နေသော အဖေဖြစ်သူ၏ မျက်နှာကို မြင်လိုက်ရသည်။ “အသံတိုးတိုးပြော အဖေ။ စူစူလေး အိပ်နေတုန်းပဲ”

ဒါကိုကြားတော့ ချင်းယန်ကျစ် အသံတိုးပြီး ဆက်ဆူလိုက်ပါသည်။ “ခွေးကောင်! မင်းအဖေတောင် ညီမလေးကို ဖက်မအိပ်ဖူးသေးဘူး။ မင်းက ကိုယ့်အဖေထက် ဘယ်လို ပိုသာသွားတာလဲကွ!”

အဖေဖြစ်သူ၏ မေးခွန်းကို ချင်းယုချဲ မဖြေနိုင်ခဲ့ပါ။ စူစူလေးက သူချက်ကျွေးသည့် အရသာရှိသော ဟင်းလျာတွေကို သဘောကျတာကြောင့်ဖြစ်မည်။ သို့မဟုတ် သူ့ကို ချောမောသည်ဟု ထင်တာကြောင့် ဖြစ်ပါလိမ့်မည်။

ဘယ်လိုပဲဖြစ်ဖြစ် စူစူလေးက သူ့ကို အလွန်သဘောကျပြီး အလွန်ယုံကြည်ပါသည်။

စူစူလေး မှုန်ရီဝေဝါးနေသော မျက်လုံးလေးများကို ဖွင့်ကာ ချင်းယန်ကျစ်အား ကြည့်လိုက်သည်။ ဒီတစ်ခါတော့ သူ့ကို ချက်ချင်း ပိတ်မထိုးခဲ့ပါ။ အသိစိတ်အပြည့်အဝ ကပ်သွားအောင် စောင့်နေလိုက်သည်။

“အစ်ကိုလတ် ဘာဖြစ်လို့လဲ”။ အိပ်ချင်မူးတူးအသံလေးနဲ့ မေးလိုက်သည်။

“ဘာမှမဖြစ်ဘူး ညီမလေး။ ညီမလေးကို အိပ်ရာလာနှိုးတာ။ အစ်ကိုလတ်က ညီမလေးကို အစောကြီး မနှိုးချင်ပါဘူး။ ဒါပေမယ့် ဒီနေ့ လေယာဉ်လက်မှတ်ဖြတ်ထားပြီးသားလေ။ အဲ့တာကြောင့်သာ မဟုတ်ရင် ညီမလေးကို အနှောင့်အယှက် ပေးမှာ မဟုတ်ဘူး”

စူစူလေးကို ချင်းယန်ကျစ် အမြန်ရှင်းပြလိုက်ပါသည်။

“ဟုတ်တယ်! အိမ်ပြန်မယ်! သွားကြစို့!”။ စူစူလေး ကုတင်ပေါ်မှ ခုန်ပေါက်ကာ ဆင်းသွားပါသည်။

ထို့နောက် နောက်ပြန်လှည့်လာပြီး ချင်းယုချဲကိုပါ ဆွဲခေါ်သွားသည်။

“အိပ်ပျော်နေတဲ့အလှလေး ထတော့! အိမ်ပြန်ကြမယ်!”။ ပြောပြောဆိုဆိုနဲ့ ချင်းယုချဲ၏ နဖူးကို စူစူလေး အာဘွားပေးလိုက်သည်။

ပုံပြင် စာအုပ်ထဲမှာလည်း အိပ်ပျော်နေတဲ့အလှလေးကို ဒီလိုပဲ နှိုးရတာ မဟုတ်လား။

နိုးနေတာကြာပြီဖြစ်သည့် အိပ်ပျော်နေသောအလှလေး ချင်းယုချဲလည်း ရှက်သွေးဖြာသွားပြီ အဖေဖြစ်သူကို မသိမသာ ခိုးကြည့်လိုက်ပါသည်။

ချင်းယန်ကျစ်က သူ့ကို မျက်လုံးမှေးကာ မျက်စောင်းထိုးနေသည်။

ညီမလေးက သူ့ကိုတောင် ဒီလို မနမ်းဖူးသေးပါ။ သူလည်း ညီမလေး နဖူးကိုလာနမ်းပြီး အိပ်ရာနှိုးတာကို ခံချင်ပါသည်။

သူက အိပ်ပျော်နေသော အလှလေးတော့ မဟုတ်ပေ။

ချင်းယုချဲလည်း အိပ်ရာထလိုက်ပြီး အဖေဖြစ်သူရဲ့ မီးတောက်နေသော အကြည့်အောက်မှာ အဝတ်အစားလဲလိုက်ပါသည်။

စူစူလေးလည်း အဝတ်အစားလဲချင်သည်။ သူမ လက်ကလေးများက တိုနေသဖြင့် အနည်းငယ် ခက်ခဲနေပါသည်။

ဘေးမှာ ရပ်ကြည့်နေသည့် ချင်းယန်ကျစ်က စူစူလေးကို ပြောလိုက်သည်။ “ညီမလေးရဲ့ ယောက်မကို အဝတ်အစား လာလဲပေးခိုင်းလိုက်မယ်လေ”

“မလိုဘူး။ သမီးဖာသာလဲလိုက်မယ်။ အစ်ကိုလတ် အပြင်မှာ စောင့်! သမီးတို့ ခဏနေရင် အသင့်ဖြစ်တော့မှာ!”။ စူစူလေးက ပြတ်ပြတ်သားသား ငြင်းလိုက်ပါသည်။

“ဟုတ်ပါပြီ….”

ချင်းယန်ကျစ် စိတ်ပျက်လက်ပျက်နဲ့ အခန်းထဲမှ ထွက်လာခဲ့ပါသည်။

ညီမလေးနဲ့ အချိန်တူတူဖြုန်းနိုင်မည့် အခွင့်အရေး ရှာရမည်။ သူ့ညီမလေးရင်ထဲမှာ သူ့သားလောက်နီးနီး အရေးပါလာဖို့ ကြိုးစားရမည်။

ချင်းယုမူလည်း အိပ်ခန်းထဲမှထွက်လာပြီး စူစူလေးတို့ အခန်းရှေ့မှာ ချင်းယန်ကျစ် မတ်တပ်ရပ်နေတာကို မြင်သွားသည်။ ထို့ကြောင့် သူမေးကြည့်လိုက်၏။ “အဖေ သူတို့ ဘယ်ချိန်ပြန်မှာလဲ”

“မနက်စာစားပြီးရင် သွားတော့မှာ”။ ချင်းယန်ကျစ်လည်း စိတ်မပါစွာ ပြန်ဖြေလိုက်ပါသည်။

“အဲ့လောက်စောတာလား။ တစ်ရက်လောက် ဆက်မနေတော့ဘူးလား”။ ချင်းယုမူ မေးလိုက်သည်။

ခုချက်ချင်းရောက် ခုချက်ချင်းပြန်သွားသည်ဟု ခံစားရသည်။

မနေ့က အဖြစ်အပျက်ကြောင့် အားလုံးလည်း ပင်ပန်းနေမှာ မဟုတ်လား။ နည်းနည်းလောက် အနားယူလိုက်တော့ ဘာဖြစ်မာမို့လို့လဲ။ ဘာလို့ အလောတကြီး ပြန်ချင်နေကြတာလဲ။

“ယုမူ၊ စူစူလေး ပြန်တော့မှာကို စိတ်မကောင်းဖြစ်နေတာလား”။ ချင်းယန်ကျစ် မေးလိုက်လေသည်။

… … …

အခန်း(၇၅၃) ဟွာချန့်မြို့သို့ ပြန်လာခြင်း

“ဘာမှ စိတ်မကောင်းမဖြစ်ဘူး!”။ ချင်းယုမူ အမြန်ငြင်းလိုက်ပါသည်။

ချင်းယန်ကျစ် ပြုံးသွားပြီး သားဖြစ်သူ၏ ခေါင်းကို ပုတ်လိုက်ပါသည်။ “မင်းသူတို့ကို သတိရရင် သေချာ နှုတ်ဆက်လိုက်။ နောက်တစ်ပတ် အားလပ်ရက်ကျရင် မင်းဟွာချန့်မြို့ဆီ အလည်သွားလို့ရတယ်”

“မနှုတ်ဆက်ချင်ပါဘူး”။ ချင်းယုမူ ငြင်းဆန်လိုက်လေသည်။

ထို့နောက် သူ့အခန်းထဲသူ ပြန်လှည့်ဝင်သွားသည်။ စူစူလေး ပြန်မှာ ဂရုမစိုက်ကြောင်း ပြသဖို့အတွက် တံခါးပါ ပိတ်သွားလေသည်။

စူစူလေး၊ ချင်းယုချဲနဲ့ ချင်းရှင်းကျစ်တို့ အထုပ်အပိုးများ ပြင်ဆင်ပြီးသောအခါ ချင်းယန်ကျစ်နဲ့ ရှောင်းပေပေတို့ စိတ်မပါစွာပဲ လေဆိပ်သို့ လိုက်ပို့ပေးခဲ့ပါသည်။

၂ နာရီခန့်ကြာပြီးနောက် စူစူလေး၊ ချင်းရှင်းကျစ်၊ ချင်းယုချဲနဲ့ ချန်းပင်းတို့ စီးနှင်းလာသည့် လေယာဉ် ဟွာချန့်လေဆိပ်သို့ ဆိုက်ရောက်လာခဲ့ပါသည်။

လေဆိပ်မှာ ချင်းယုကျီးက စူစူလေးတို့ကို အစောကြီး လာစောင့်နေပါသည်။

မနေ့ညက စူစူလေး ပြန်ပေးဆွဲခံရသည့် အဖြစ်အပျက်ကို ဘယ်သူမှ မသိကြသဖြင့် ကျန်ချင်းမိသားစုဝင်များက ပုံမှန်အတိုင်း အလုပ်သွားခဲ့ကြသည်။

အဘိုးချင်းနဲ့ အဘွားချင်းတို့က စူစူလေးတို့ကို သွားကြိုဖို့ ချင်းယုကျီးနဲ့ စူစူလေးရဲ့ ဘော်ဒီဂတ် ဟဲပေမူတို့ကို တာဝန်ပေးခဲ့ပါသည်။

အမှန်ပင်။ ဟူကျစ်လည်း လိုက်လာပါသည်။ ဟဲပေမူ၏ ကျောပိုးအိတ်ထဲ ပုန်းနေပြီး အပြင်ကို ချောင်းကြည့်နေသည်။

လေယာဉ် ဂိတ်ကို ကျော်လာတာနဲ့တစ်ပြိုင်နက် တူလေးယုကျီးကို မြင်သွားပြီး စူစူလေး ပြေးလာခဲ့သည်။

ချင်းယုကျီးကလည်း စူစူလေးကို ကောက်ချီလိုက်ပါသည်။ “စူစူလေး လေယာဉ်ပေါ်မှာ ခေါင်းမူးတာတွေ ဘာတွေ ဖြစ်သေးလား”

“မဖြစ်ပါဘူး”

ဘာလို့ ခေါင်းမူးရမှာလဲ။ သူမ တစ်ခါမှ ခေါင်းမမူးဖူးပါ။

ချင်းရှင်းကျစ်လည်း အနောက်မှလိုက်လာပြီး သားဖြစ်သူကို မကျေနပ်စွာ သတိပေးလိုက်သည်။ “ငါ့ညီမလေးကို သေချာ ချီထားနော်! ပြုတ်မကျစေနဲ့”

“သူက အဖေ့ညီမလေးပဲ မဟုတ်ဘူး။ ကျွန်တော့် ဒေါ်လေးလည်း ဟုတ်တယ်လေ။ ကျွန်တော့်ဒေါ်လေးကို ပစ်ချပါ့မလား!”

လာနောက်နေတာလား။ သူ့လက်တွေ ဒီလောက်သန်မာတာ သူ့ဒေါ်လေးကို မချီနိုင်ဘဲ နေမလား။

“မင်းဘယ်လိုသောက်တလွဲတွေလုပ်မလဲ ပြောလို့ရမလား ခွေးကောင်!”။

“ကိုယ့်သားကိုယ် နည်းနည်းပါးပါး ယုံကြည်မှုလေးထားပါဦး”။ ချင်းယုကျီး ပြန်ပြောလိုက်ပြီး သူ့အဖေနောက်က လူကို ချက်ချင်း သတိထားမိသွားသည်။

“အဲ့တာ ချန်းပင်းလား”။ ချင်းယုကျီး မေးလိုက်၏။

“မင်းက ဘယ်လိုလုပ်သိတာလဲ”။ သားဖြစ်သူကို ချင်းရှင်းကျစ် မယုံသင်္ကာကြည့်လိုက်သည်။

သူ့သားအငယ်ဆုံးက အထက်တန်းကျောင်းသားတစ်ယောက်သာ ဖြစ်သဖြင့် မိသားစု လုပ်ငန်းတွေအကြောင်း ဘာမှ သိပ်မသိသေးပါ။

ထို့အပြင် အားလပ်သည့်အချိန်တိုင်းလည်း ဂိမ်းဆော့ဖို့နဲ့ ရန်ဖြစ်ဖို့ လောက်သာ သိသဖြင့် နည်းပညာနယ်ပယ်အကြောင်း သိထားတာ လုံးဝ မဖြစ်နိုင်ပါ။

“ဟင်။ ကျွန်… ကျွန်တော် အဖေ နဲ့ အစ်ကိုကြီးတို့ရဲ့ နည်းပညာမဂ္ဂဇင်းထဲမှာ မြင်ဖူးလို့!”။ ချင်းယုကျီး အမြန် ရှင်းပြလိုက်ပါသည်။

တကယ်တော့ ယုဝမ်ရှု၏ ဒေတာဘေ့စ်ထဲမှာ မြင်ဖူးတာ ဖြစ်သည်။

“ဪ အဲ့လိုလား”။ ချင်းရှင်းကျစ် ထပ်ပြီး မမေးတော့ပါ။

ချင်းယုကျီးလည်း သက်ပြင်းချလိုက်သည်။ သူတို့ ဘာမှ သံသယမဖြစ်လို့ တော်သေးတာပေါ့!

သူ့အဖေ မျက်နှာ သိပ်မကောင်းတာကို ချင်းယုကျီး သတိထားမိပါသည်။

ထို့ကြောင့် ချင်းယုချဲနားကပ်ကာ တီးတိုးမေးလိုက်သည်။ “အစ်ကိုယုချဲ အဖေ ဘာဖြစ်နေတာလဲ”

“အိမ်ပြန်ရောက်မှ ပြောကြမယ်”။ ချင်းယုချဲကလည်း ဘာမှ မပြောပြသေးပါ။

တစ်ခုခုမူမမှန်တာကို ချင်းယုကျီး ခံစားလိုက်မိသည်။ ထို့နောက် သူ့ရင်ခွင်ထဲက စူစူလေးကို ငုံ့ကြည့်လိုက်၏။ စူစူလေးကတော့ အရင်လို ချစ်ဖို့ကောင်းပြီး တက်ကြွနေဆဲပင်။

ဟူး တော်သေးတာပေါ့! ဒေါ်လေး စိတ်ညစ်မနေဘူး။ အဲ့တာဆို ပြဿနာက မကြီးလောက်ဘူးဆိုတဲ့ သဘောပဲ။

အိမ်ပြန်ရောက်တာနဲ့တစ်ပြိုင်နက် အဘိုးချင်းနဲ့ အဘွားချင်းတို့ဆီ စူစူလေး ပြေးသွားသည်။

“ဖေဖေနဲ့ မေမေ သမီးပြန်လာပြီ!”

“သမီးလေး!! မေမေ ကြည့်ပါရစေဦး” အဘွားချင်းက စူစူလေးကို ပွေ့ချီလိုက်ပြီး ခေါင်းအစ ခြေအဆုံး စစ်ကြည့်လိုက်သည်။

၂ ရက်သာ ခွဲခဲ့ရတာဖြစ်သော်လည်း ၂ နှစ်လောက် ခွဲရသလို ခံစားရသည်။ စူစူလေး သူတို့လက်ထဲ ပြန်ရောက်မှ အဘိုးချင်းနဲ့ အဘွားချင်းတို့ စိတ်အေးနိုင်တော့သည်။

အချိန်အတန်ကြာမှ ချင်းရှင်းကျစ် အခြေအနေကို အကဲခတ်ကာ ပေကျင်းမြို့မှာ စူစူလေး ပြန်ပေးဆွဲခံခဲ့ရသည့်အကြောင်းကို အဘိုးချင်းတို့အား ဝန်ခံခဲ့လေသည်။

“ဘာကွ ငါ့သမီးလေး ပြန်ပေးဆွဲခံရတယ် ဟုတ်လား!”။ အဘိုးချင်း ချက်ချင်းပဲ ဆိုဖာပေါ်မှ ထအော်လိုက်သည်။

… … …

အခန်း(၇၅၄) အစ်ကိုကြီးကို စူစူလေး ကာကွယ်ပေးခြင်း (၁)

အဘွားချင်းလည်း ထိုနည်းလည်းကောင်း ဒေါသထွက်သွားသည်။ စူစူလေး ဘေးကင်းလုံခြုံမှန်း သေချာစေဖို့အတွက် အကြိမ်ကြိမ် ပြန်စစ်ဆေးခဲ့သည်။

“အဖေနဲ့ အမေ ဒေါသမထွက်ပါနဲ့ဦး။ ညီမလေး အိမ်ပြန်ရောက်နေပြီပဲ။ သူ့ကို ကြည့်ပါဦး မှဲ့တစ်ပေါက်တောင် မစွန်းဘူး! အဲ့တာကြောင့် စိတ်လျှော့ကြပါ”။ ချင်းရှင်းကျစ် အမြန်ပြောလိုက်သည်။

“ဟား! မှဲ့တစ်ပေါက်တောင် မစွန်းဘူးဟုတ်လား။ ငါ့သမီးလေး ခေါင်းပေါင်က ဆံပင်တစ်ချောင်း ပျောက်မသွားဘူးလို့ မင်းပြောနိုင်လား”။ အဘိုးချင်း သိသိသာသာ ဒေါသကြီးနေပါသည်။

“အဖေ စိတ်မလောပါနဲ့။ ကျွန်တော်ရှင်းပြတာ အရင်နားထောင်ဦး…”။ ညီမလေးကို မကာကွယ်နိုင်ခဲ့သည့်အတွက် သူ့မှာ အပြစ်ရှိမှန်း ချင်းရှင်းကျစ် နားလည်ပါသည်။

သို့သော်လည်း သူ့မိဘတွေ ဒေါသအလွန်ထွက်နေတာ ကျန်းမာရေးအတွက် မကောင်းပါ။ အသက် ၈၀ ဝန်းကျင် ရှိလာကြပြီဖြစ်သဖြင့် တစ်ခုခုသာဖြစ်သွားလျှင် ချင်းရှင်းကျစ် ကိုယ့်ကိုယ်ကို ပိုအပြစ်တင်မိလိမ့်မည်။

“ဘာလို့ ဒေါသမထွက်ရမှာလဲကွ! ငါတို့ သမီးလေးကို ညလုံးပေါက် ပြန်ပေးဆွဲသွားကြတာ! အဲ့အချိန်အတွင်း သူတစ်ခုခု ဖြစ်သွားရင် မင်းက ဘယ်လိုပြန်လျော်ပေးမှာလဲ!”။ အဘိုးချင်း မေးလိုက်သည်။

ချင်းရှင်းကျစ် ဒူးထောက်ကာ တောင်းပန်လိုက်ပါသည်။ “အဖေနဲ့ အမေ။ အားလုံး ကျွန်တော့်အပြစ်ပါ။ ညီမလေးကို သေချာ ဂရုမစိုက်ခဲ့တာပါ။ ကျွန်တော့်ကို စိတ်ဆိုးလည်း ရပါတယ်။ ရိုက်ချင်လည်း ရိုက် ဆူချင်လည်း ဆူလို့ ရတယ်။ ဒါပေမယ့် ကိုယ့်ကျန်းမာရေးကိုတော့ ဂရုစိုက်ကြပါ။ ဒေါသကြောင့် ကျန်းမာရေး ထိခိုက်သွားလိမ့်မယ်”

ယောက်ျားဖြစ်သူ ဒူးထောက်နေတာကို မြင်ပြီး ဝမ်ချင်း ထိုင်နေရာမှ ထလိုက်သည်။

သူမယောက်ျားကို ကာကွယ်ပေးဖို့ တစ်ခုခု ဝင်ပြောချင်သော်လည်း ယောက္ခမများ၏ မျက်နှာကို မြင်ပြီး စိတ်ထိန်းကာ ပြန်ထိုင်နေလိုက်ပါသည်။

အခုချိန်မှာ ဝင်ပြောလိုက်လို့ အခြေအနေတွေ ပိုဆိုးသွားနိုင်သည်။

ချင်းယုချဲကလည်း ဒူးထောက်လိုက်ပါသည်။ “ကျွန်တော့်အပြစ်လည်း ပါပါတယ်”

သူ့ဦးလေး ပေကျင်းမြို့ကို သွားရသည့်် အကြောင်းအရင်းက အလုပ်ကိစ္စကြောင့်သာဖြစ်သည်။ စူစူလေးကို ကာကွယ်ပေးဖို့က သူ့တာဝန်ဖြစ်ပါသည်။

“ဖေဖေနဲ့မေမေ အစ်ကိုကြီးနဲ့ တူချောလေးကို စိတ်မဆိုးနဲ့!”။ စူစူလေးက ချင်းရှင်းကျစ်ရှေ့မှာ မတ်တပ်ရပ်လျက် ပြောလိုက်သည်။

“သမီးလေး ဝင်မပါနဲ့။ သမီးလေးရဲ့ အစ်ကိုကြီးကို ဖေဖေနဲ့မေမေ ဆုံးမမှ ဖြစ်မယ်။ သူက အရွယ်ရောက်ပြီးသား လူတစ်ယောက်ပဲ။ သမီးလေးကို ပေကျင်းမြို့ဆီ ခေါ်သွားပြီး သေချာ မစောင့်ရှောက်ဘူး။ အဲ့တာကြောင့် သူ့မှာ တာဝန်အများကြီး ရှိတယ်!”

“အဲ့လို မဟုတ်ဘူး ဖေဖေနဲ့ မေမေ! အစ်ကိုကြီးနဲ့ ဘာမှမဆိုင်ဘူး!”။ စူစူလေးက ပြတ်ပြတ်သားသား ပြောလိုက်ပါသည်။

ဒီတစ်ခေါက် သူမကို ပြန်ပေးဆွဲသွားသည့် လူက စွမ်းအားကြီးသည်။ သူမတောင် ထိုလူ့ကို မတိုက်ခိုက်နိုင်ခဲ့ပါ။ အစ်ကိုကြီးကို အပြစ်တင်လို့ ရပါ့မလား။

“သမီးလေး။ သမီးလေးရဲ့ အစ်ကိုကြီးတို့က တမင်သက်သက်လုပ်တာ မဟုတ်မှန်း ဖေဖေနဲ့ မေမေတို့ သိတယ်။ ဒါပေမယ့် ဒီကိစ္စအတွက် တာဝန်တော့ ယူရမှာပဲ”။ အဘိုးချင်းက ရှင်းပြလိုက်ပါသည်။

သူတို့ သမီးလေးကို ပျောက်သွားအောင် လုပ်ခဲ့သည့်လူတွေကို တာဝန်မယူခိုင်းလို့ ရပါ့မလား။

“မရဘူး! ဖေဖေ ပြောရဆိုရ တော်တော်ခက်နေပါလား!”။ စူစူလေး ဒေါသထွက်လာပြီး ပြန်ချေပလိုက်ပါသည်။

စူစူလေး ဒေါသထွက်လာတာကိုမြင်တော့ အဘိုးချင်းလည်း စိတ်ဖိစီးသွားသည်။

“သမီးလေး ဖေဖေက ပြောရခက်တာ မဟုတ်ပါဘူး”

“အဲ့တာဆို ဘာလို့ အစ်ကိုကြီးနဲ့ တူချောလေးတို့ကို အပြစ်တင်နေတာလဲ။ သူတို့ သမီးကို ဂရုစိုက်ကြတယ်! အရမ်းစွမ်းတဲ့ လူဆိုးကြီးတွေနဲ့တွေ့လို့ သူတို့ ဘာမှ မလုပ်နိုင်ခဲ့တာ! သူတို့က လူဆိုးမှန်းတောင် မသိခဲ့ဘူး! သမီးတောင် သူတို့ကို လူဆိုးမှန်း မသိဘူး!”

စူစူလေးက ခါးထောက်လျက် နှုတ်ခမ်းစူကာ ပြောလိုက်သည်။ လူကောင်သေးသော်လည်း အရှိန်အဝါကြီးသည်။

“ဒါပေမယ့်…”

“ဘာမှ ဒါပေမမယ့်နဲ့! အစ်ကိုကြီး မလုပ်နိုင်တာကို အတင်းလုပ်ခိုင်းလို့မရဘူး! တစ်ယောက်ယောက်ကို အပြစ်တင်မှ ရမယ်ဆိုရင် သမီးအပြစ်ပဲ! သူတို့က လူဆိုးမှန်း မသိလို့ သူတို့နား သမီး ကပ်သွားခဲ့တာ! စိတ်ဆိုးချင်ရင် သမီးကိုပဲ စိတ်ဆိုးသင့်တာ!”။ စူစူလေး ရဲဝံ့စွာ ပြန်ပြောလိုက်ပါသည်။

စူစူလေး ကာကွယ်ပေးနေတာကို မြင်ပြီး ချင်းရှင်းကျစ်နဲ့ ချင်းယုချဲတို့ ရင်ထဲ နွေးထွေးသွားလေသည်။

“သမီးလေး…”။ အဘိုးချင်းလည်း စူစူလေး၏ စကားလုံးများကြောင့် မှင်သက်သွားလေတော့သည်။

… … …

အခန်း(၇၅၅) အစ်ကိုကြီးကို စူစူလေး ကာကွယ်ပေးခြင်း (၂)

သူတို့ရဲ့ သမီးလေးက ရင့်ကျက်လာပြီဖြစ်ပြီး မိသားစုကို ကာကွယ်ပေးတတ်နေပါပြီ။

တစ်ချိန်တည်းမှာပင် သူ့သမီးလေးရဲ့ စကားက သူ့ကို သတိပေးလိုက်ခြင်း ဖြစ်၏။ သူ့သမီးလေး ပြောတာ မှန်သည်။ သူ့သားတွေကို ဒီလိုအပြစ်တင်တာ သူမှားပါသည်။

“ဟွန်း! အစ်ကိုကြီးကို ကောင်းကောင်းမွန်မွန်မပြောရင် ဖေဖေတို့ကို စကားမပြောတော့ဘူး!”။ စူစူလေး စိန်ခေါ်လိုက်သည်။

“ဟုတ်ပါပြီ ဟုတ်ပါပြီ ဖေဖေမှားပါတယ်။ ဖေဖေ့ကို စိတ်မဆိုးနဲ့နော် သမီးလေး”

အဘိုးချင်းက စီးပွားရေးလောကကို လွှမ်းမိုးခဲ့သူဖြစ်သော်လည်း သူ့သမီးလေးရှေ့မှာတော့ ပြားပြားဝပ်ခဲ့ရသည်။

သူ့သမီးလေး စကားမပြောတော့မှာကို ကြောက်သဖြင့် အဘိုးချင်းက ချင်းရှင်းကျစ်နဲ့ ချင်းယုချဲတို့ကို အမြန် ပြောလိုက်သည်။ “မင်းတို့ကို အပြစ်ပေးဖို့ ပြောတာ မဟုတ်ပါဘူး။ ခုနက ဒေါသထွက်သွားလို့…။ ငါ့သမီးလေး ပြောတာ မှန်တယ်။ မင်းတို့တွေ့ခဲ့ရတဲ့ ရန်သူက အရမ်း စွမ်းအားကြီးနေရင် မင်းတို့ကိုယ်တိုင်ပါ အန္တရာယ်ဖြစ်သွားနိုင်တယ်”

ထို့နောက် စူစူလေးဘက်သို့ အဘိုးချင်း ပြန်လှည့်သွားသည်။ “သမီးလေး တွေ့လား။ ဖေဖေ အမှားကို ဝန်ခံလိုက်ပြီး။ ဖေဖေ့ကို စကားပြန်ပြောတော့မှာလား”

“အစ်ကိုကြီးနဲ့ တူချောလေးတို့ မတ်တပ် မရပ်ကြသေးဘူး!”။ စူစူလေးက ဒူးထောက်နေသည့် ချင်းရှင်းကျစ်နဲ့ ချင်းယုချဲတို့ကို လှည့်ကြည့်လိုက်ပြီး ချက်ချင်း မျက်နှာ ပြန်လွှဲသွားလေသည်။

ဒူးထောက်နေဆဲဖြစ်သည့် လူနှစ်ယောက်ကို အဘိုးချင်း စိုက်ကြည့်လိုက်သည်။ “မင်းတို့ မထသေးဘဲ ဘာလုပ်နေကြတာလဲ။ အမြန်ထကြလေ!”

ချင်းရှင်းကျစ်နဲ့ ချင်းယုချဲတို့လည်း မတ်တပ်ပြန်ရပ်လိုက်ကြပါသည်။

ထို့နောက် စူစူလေးကို အဘိုးချင်း ထပ်ချော့လိုက်ပြန်သည်။ “တွေ့လား သမီးလေး။ အစ်ကိုကြီးနဲ့ တူချောလေးတို့ မတ်တပ်ပြန်ရပ်နေကြပြီ။ ဖေဖေ့ကို ခွင့်လွှတ်ပေးမှာလား”

“အွန်း အွန်း! ခွင့်လွှတ်တယ်!”

စူစူလေး၏ စိတ်အပြောင်းအလဲက လျှပ်စီးတမျှ မြန်ဆန်လွန်းသည်။

“ဟုတ်ပြီ။ မေမေ့ကိုကော ခွင့်လွှတ်လား”။ အဘွားချင်းကလည်း အမြန်ဝင်မေးလိုက်ပါသည်။

“ခွင့်လွှတ်တယ်!”

ဖေဖေနဲ့ မေမေ လိမ္မာတော့ ခွင့်လွှတ်ပေးရမှာပေါ့!

ထို့နောက် အဘွားချင်းက စူစူလေးကိုခေါ်ပြီး အပေါ်ထပ်သို့ တက်သွားခဲ့ပါသည်။ အဘိုးချင်းကတော့ ချင်းရှင်းကျစ်ကို အလုပ်ကိစ္စအကြောင်း မေးမြန်းနေပါသည်။

ကျန်းရှင်းကုမ္ပဏီရဲ့ ဖြစ်ရပ်ကို အဘိုးချင်း သိပြီးသားဖြစ်သည်။

သို့သော် အဘိုးချင်း ကြားခါစက အလွန်တုန်လှုပ်ခဲ့ရပါသည်။ ကျန်းရှင်းနဲ့ သူတို့မိသားစုနဲ့ ပါတနာတွေ ဖြစ်ခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာလေပြီ။ ယခင်တုန်းက ကျန်းရှင်းကုမ္ပဏီ၏ စီအီးအိုမှာ သခင်ကြီးလီဖြစ်သည်။

သခင်ကြီးလီ အနားယူသွားသောအခါ သက်ဆိုင်ရာကုမ္ပဏီတွေကို သားဖြစ်သူများထံ အမွေပေးခဲ့သည်။

သူတို့ မိသားစု ၂ စုရဲ့ ဆက်ဆံရေးက နှစ်ပေါင်းများစွာတိုင်အောင် ပြေပြစ်ကောင်းမွန်ခဲ့ပါသည်။ ဒီလိုပြဿနာမျိုး ရုတ်တရက်ပေါ်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။

အဘိုးချင်း၏ အမြင်မှာ သခင်ကြီးလီက အလွန်ဖြောင့်မတ်သူတစ်ယောက်ဖြစ်သည်။

သို့သော် သူ့သားကတော့ တရားမဝင်သည့် ကိစ္စများစွာကို လုပ်ခဲ့လေသည်။

သခင်ကြီးလီရဲ့ ဝိညာဉ်သာ ဒါတွေကို သိသွားလျှင် တမလွန်မှာ ဒုတိယအကြိမ် ထပ်သေသွားနိုင်သည်။

အစတုန်းက ဝမ်ချင်းစိတ်ထဲ မတင်မကျ ဖြစ်နေခဲ့၏။ ကျန်းရှင်းနဲ့ စာချုပ်ပျက်စီးသွားခဲ့ရတာ စူစူလေးကြောင့်ဟု ထင်ခဲ့သည်။

အခုတော့ သူမတို့မိသားစု ကပ်ဘေးမှ ကပ်သီးလေး လွတ်လာမှန်း နားလည်လိုက်ရသောအခါ ဝမ်ချင်း၏ စိုးရိမ်ပူပန်မှုများ ပျော်ရွှင်မှုအဖြစ် ပြောင်းလဲသွားခဲ့ပါသည်။

“ဪ ဟုတ်သားပဲ အဖေ။ ကျွန်တော် အရမ်းတော်တဲ့ chip အင်ဂျင်နီယာတစ်ယောက်လည်း ရှာတွေ့ခဲ့တယ်”

“ဟင် ဘယ်သူလဲကွ”

“ချန်းပင်းလေ။ သူ့ကို အဖေကြားဖူးတယ်မလား”

“ချန်းပင်းဟုတ်လား။ သူက တက်သစ်စ ပညာရှင်မလား။ မဂ္ဂဇင်းတွေထဲကအတိုင်းဆို သူ့ကို နည်းပညာကုမ္ပဏီတွေ အများကြီးက လုယက် ခေါ်ချင်နေကြတာဆို”

“ဟုတ်တယ် အဲ့တာ သူပဲ။ ကျွန်တော် သူနဲ့ စကားသေချာ ပြောကြည့်ပြီးသွားပြီ။ သူဆိုတာ သေချာတယ်”

“မဆိုးပါဘူး မဆိုးပါဘူး! ပေကျင်းမြို့ကို မင်းသွားခဲ့တာ အလကား မဖြစ်ခဲ့ဘူး။ တော်ပါပေတယ်”။ အဘိုးချင်း ချီးကျူးလိုက်လေသည်။

ဝမ်ချင်းကလည်း ဝမ်းသာစွာ ဝင်ပြောလိုက်ပါသည်။ “ဒါသတင်းကောင်းပဲ! ထုတ်ကုန်တွေရဲ့ နည်းပညာကို အဆင့်မြှင့်ချင်ပေမယ့် လူမှန်မတွေ့မှာကို စိတ်ပူနေတာလို့ ရှင်အမြဲတမ်း ပြောခဲ့တာ မဟုတ်ဘူးလား။ အခုတော့ အားလုံးအဆင်ပြေသွားပြီပေါ့! ရှင်က တော်လိုက်တာ!”

… … …

All Chapters