← Chapters

အခန်း (၇၆၁-၇၆၅)

Vol. 31 Ch. 761-765

အခန်း (၇၆၁-၇၆၅)

Vol. 31 Ch. 761-765

အခန်း(၇၆၁) အကျော်အမော်ကြီးတွေအားလုံး ရင်းနှီးမြှုပ်နှံချင်ကြတယ် (၃)

“အစည်းအဝေးခန်းထဲ ဝင်လာခိုင်းလိုက်!”

ဘယ်သူဘယ်ဝါမှန်းတောင် အဘိုးချင်း မမေးတော့ပါ။ အစည်းအဝေးခန်းထဲ ခေါ်လာဖို့သာ ချက်ချင်း ပြောလိုက်သည်။

အခန်းထဲဝင်လာမှ ဟွော်ချန်းယီ ဖြစ်နေမှန်း အဘိုးချင်း သိလိုက်ရလေသည်။

သူတို့အိမ်ကို ဟွော်ချန်းယီ လာလည်တာ မထူးဆန်းတော့ပါ။ အဘိုးချင်းလည်း အသားကျနေပြီဖြစ်သည်။ သို့သော် အရင်တစ်ပတ်ကမှ သူလာလည်သွားခဲ့တာ မဟုတ်ဘူးလား။ ဘာလို့ အစောကြီး ပြန်ရောက်လာရတာလဲ။

“သခင်ကြီးချင်းတို့ကို ကျွန်တော် အနှောင့်အယှက် ပေးမိပြီလား”။ ဟွော်ချန်းယီ ယဉ်ကျေးစွာ မေးလိုက်ပါသည်။

“မဟုတ်ပါဘူး မဟုတ်ပါဘူး။ ကျုပ်တို့ ခုလေးတင် စကားပြောပြီးတာပါ” အဘိုးချင်း အမြန်ပြန်ပြောလိုက်သည်။

သခင်ကြီးကုကလည်း အရိပ်အကဲနားလည်ပါသည်။ သူ့ကြောင့် အဘိုးချင်းရဲ့ အလုပ်ကိစ္စတွေကို အနှောင့်အယှက်မဖြစ်စေချင်ပါ။ သူ့ကို ချင်းမိသားစု အမြင်ကြည်ဖို့က အရေးအကြီးဆုံး မဟုတ်လား။

ထို့နောက် ဟွော်ချန်းယီက ထိုင်ခုံလွတ်တစ်ခုံမှာ ဝင်ထိုင်လိုက်ပြီး သူ့လက်ထောက်ကို ကမ်းလှမ်းချက်စာစောင်တစ်ခု ယူလာခိုင်းလိုက်ပါသည်။

လက်ထောက်ကလည်း အဘိုးချင်းကို စာစောင် ကမ်းပေးလိုက်ပြီး ရှင်းပြလိုက်သည်။ “ဒါ အနောက်မြောက်ဘက်က နယ်မြေနဲ့ ပတ်သတ်တဲ့ စီမံကိန်းပလန်တွေပါ”

“မစ္စတာဟွော်က…”။ အဘိုးချင်း မျက်မှောင်ကြုတ်သွားသည်။

“တခြား ရည်ရွယ်ချက် မရှိပါဘူး။ ချင်းအုပ်စုနဲ့အတူ အဲ့ဒီနယ်မြေမှာ စီမံကိန်းချချင်လို့ပါ။ ချင်းမိသားစု မယူချင်တဲ့ မြေတွေကို ကျွန်တော်ယူမယ်။ အဲ့တာကြောင့် ချင်းအုပ်စုရဲ့ မူလအစီအစဉ်ကို ကျွန်တော် အနှောင့်အယှက်ပြုမှာ မဟုတ်ဘူး။ ဒီတိုင်း တချို့ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ပဲ မျှော်လင့်တာပါ”။ ခဟွော်ချန်းယီ ရှင်းပြလိုက်သည်။

ဟွာချန့်မြို့၏ အနောက်မြောက်ပိုင်း ဒေသက အလွန်ကျယ်ပြန့်သည်။ ချင်းမိသားစုတစ်စုတည်း အရာရာ ကိုယ်တွယ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါ။

အဘိုးချင်းနဲ့ အဘွားချင်းတို့၏ မူလ အစီအစဉ်က နယ်မြေတစ်ကန့်ကိုသာ အရယူပြီး ပညာရေးနဲ့ သက်ဆိုင်သည့် နယ်မြေအဖြစ် ပြောင်းလဲဖို့ဖြစ်သည်။

သို့သော်လည်း ယခုတော့ ဟွော်ချန်းယီက ကမ်းလှမ်းချက်အသစ်တစ်ခု ကမ်းလှမ်းလာခဲ့သည်။

အဘိုးချင်း ကမ်းလှမ်းချက် စာစောင်ကို ဖတ်ကြည့်လိုက်ပြီး သုံးသပ်လိုက်ပါသည်။

သခင်ကြီးကုလည်း ဘေးမှ မသိမသာ လှမ်းကြည့်လိုက်သည်။

သခင်ကြီးကုက စီးပွားရေးမလုပ်တာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း အခြေခံတော့ နားလည်သေးသဖြင့် ဒီကမ်းလှမ်းချက် စာစောင်အကြောင်း နားလည်နိုင်ပါသည်။

အဘိုးချင်း ဖတ်ရှုပြီးချိန်တွင် သခင်ကြီးကုလည်း အကြမ်းဖျင်း ဖတ်ရှုပ်ပြီးသွားပါပြီ။

အဘိုးချင်းထက် သူက အရင် ပြောလိုက်သည်။ “ဘယ်ဆိုးလို့လဲ! ဘေးနားမှာ ဒီလို အဆောက်အုံတွေ ထပ်ပြီး ဖြည့်လိုက်ရင် အစ်ကိုကြီးချင်းရဲ့ ကျောင်းနဲ့ အိမ်ရာတွေက သေချာပေါက် တန်ဖိုးတက်သွားမှာပဲ!”

အဘိုးချင်းက သူ့အမြင်ကို ထုတ်မပြောသော်လည်း သခင်ကြီးကု၏ သဘောထားကို ထောက်ခံပါသည်။ သို့သော် သူ စိတ်ပူရသည့် တချို့အချက်တွေ ရှိသေးသည်။

“မစ္စတာဟွော်က ဟွာချန့်မှာ ဒီလောက်ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ချင်တာ သေချာရဲ့လား။ ကစားကွင်းနဲ့ ပရိဘောဂ လုပ်ငန်း ဆိုတာတွေက အရင်းအနှီးအရမ်းများတယ်နော်”

“ကျွန်တော် ဆောက်ဖူးတဲ့ ကစားကွင်းတွေ မအောင်မြင်တာကို သခင်ကြီးချင်း တွေ့ဖူးလို့လား။ ကျွန်တော်က လူသိပ်မရှိတဲ့ နယ်မြေတွေကိုပဲ ရွေးချယ်တတ်တာ။ တခြား အဖွဲ့အစည်းတွေကသာ ကျွန်တော့်နောက်ကိုလိုက်ပြီး တည်ဆောက်ကြတယ်။ ကျွန်တော်က သူများနောက် ဘယ်တော့မှ မလိုက်ဖူးဘူး”။ ဟွော်ချန်းယီ ယုံကြည်ချက် ပြည့်ဝစွာ ပြောလိုက်ပါသည်။

သူပြောတာ မှန်ပါသည်။ ကစားကွင်းတည်ဆောက်ခြင်းက ဟွော်မိသားစု၏ လုပ်ငန်းများစွာထဲမှ အသေးအဖွဲကဏ္ဍတစ်ခုသာ ဖြစ်သော်လည်း တစ်ခါမှ မကျရှုံးခဲ့ဖူးပါ။

ဟွော်ချန်းယီ ဆက်ရှင်းပြလိုက်၏။ “အခု ဟွာချန့်မြို့ကိုလည်း ကျွန်တော် သံယောဇဉ်ဖြစ်လာမိပြီ။ ဟွာချန့်မြို့ရဲ့ ပတ်ဝန်းကျင်က အရမ်းဆွဲဆောင်မှုရှိတယ်။ ဒီမှာ ကစားကွင်းဆောက်လိုက်ရင် ကျွန်တော့်သားဆီ ခဏခဏ လာလည်ဖို့လည်း အကြောင်းပြချက်တစ်ခု ရသွားတာပေါ့”

“ပြီးတော့ ချင်းမိသားစုရဲ့ စွမ်းရည်အကြောင်း ကျွန်တော် နားလည်ထားသလောက် ဆိုရင် သခင်ကြီးချင်းတို့နဲ့ လက်တွဲရမှာ ကျွန်တော် စိတ်ချပါတယ်။ ဘယ်လို လက်တွဲမှုမျိုးမှာမဆို ဂုဏ်သိက္ခာနဲ့၊ ယုံကြည်မှုတို့က အရေးအကြီးဆုံး မဟုတ်လား”

ကိုယ်ရေးကိုယ်တာ ရှုထောင့်ကကော၊ စီးပွားရေး ရှုထောင့်ကကော၊ ဘယ်ရှုထောင့်ကပဲ ကြည်ကြည့် သူ့အတွက် အရှုံးမရှိနိုင်ပါ။

… … …

အခန်း(၇၆၂) သူလည်း အဘိုးချင်းနဲ့ စီးပွားရေးကိစ္စဆွေးနွေးဖို့ လာခဲ့တာ

သခင်ကြီးကုက စားပွဲခုံကို ထုရိုက်ကာ ဟွော်ချန်းယီ၏ အမြင်ကို ထောက်ခံလိုက်ပါသည်။ “မင်းပြောတာ မှန်တယ်! မင်းအမြင်ကို ‌ငါလုံးဝ ထောက်ခံတယ်! စီးပွားရေးမှာ ဂုဏ်သိက္ခာနဲ့ ယုံကြည်မှုတို့က အရေးအကြီးဆုံးပဲ။ ငါတို့နှစ်ယောက် သဘောထားချင်း တိုက်ဆိုင်ကြတယ်!”

ထို့နောက် အဘိုးချင်းကို သခင်ကြီးကု ပြောလိုက်သည်။ “အစ်ကိုကြီးချင်း အခုအခြေအနေကို ကြည့်ရသလောက်တော့ ခင်ဗျားနဲ့ လက်တွဲရင် ကျုပ်အတွက် ဘာမှ ဆုံးရှုံးစရာ မရှိတော့ဘူး!”

အဘိုးချင်းလည်း သက်ပြင်းသာ ချနိုင်တော့သည်။ “ကျုပ်တို့မိသားစုအပေါ်ထားတဲ့ ခင်ဗျားတို့ရဲ့ ယုံကြည်မှုတွေ အလကားမဖြစ်အောင် ကြိုးစားပါ့မယ်လို့ပဲ ကျုပ်ကတော့ ပြောနိုင်တယ်”

“ဟားဟားဟားဟား ဒီလိုမှပေါ့! သင့်တော်တဲ့ အခွင့်အလမ်းတွေ့ရင် အမိအရ ဆုပ်ကိုင်ရမှာပေါ့! ကျန်တာ ဘာမှ မစဉ်းစားနဲ့! ငွေရနိုင်မယ့် အခွင့်အလမ်းကို အရူးတစ်ယောက်ပဲ မျက်ကွယ်ပြုလိမ့်မယ်! ကျုပ်တို့ အကုန်လုံးက ဉာဏ်ကြီးရှင်တွေမို့လို့ အရူးတော့ မဟုတ်ကြဘူးမလား”

သခင်ကြီးကုက အဘိုးချင်း၏ ပခုံးကို ရိုက်နှက်လိုက်ပြီး အားရပါးရ ရယ်မောလိုက်ပါသည်။

“အဲ… ကျွန်မလာတာ အနှောင့်အယှက်များ ဖြစ်သွားလား”

လင်းယုရှန်းက အခန်းတံခါးဝမှာ ရှက်ကိုးရှက်ကန်း မတ်တပ်ရပ်နေပါသည်။

အခန်းထဲက လူ ၃ ယောက်ကို မြင်ပြီး သူမလာတာ အချိန်ကောင်းမဟုတ်ဘူးဟု လင်းယုရှန်း ခံစားလိုက်ရသည်။

ဟွော်ချန်းယီ နောက်လှည့်ကြည့်လိုက်ရာ လင်းယုရှန်း၏ ရှက်ကိုးရှက်ကန်းမျက်နှာကို မြင်လိုက်ရသည်။ ထို့နောက် ရယ်မောလျက် သူပြောလိုက်၏။ “ဘာအနှောင့်အယှက်မှ မဖြစ်ပါဘူး။ ဒါပေမယ့် စူစူလေးကို လာတွေ့တာဆိုရင် စူစူလေး ဒီမှာ မရှိဘူး”

“စူစူလေးကို လာတွေ့တာမဟုတ်ပါဘူး။ သခင်ကြီးချင်းနဲ့ လာတွေ့တာပါ။ သူနဲ့ ဆွေးနွေးစရာ ကိစ္စလေးတွေရှိလို့…”။ လင်းယုရှန်း ပြန်ဖြေလိုက်၏။

သူမ အသံက အလွန်နူးညံ့သိမ်မွေ့ပါသည်။ သခင်ကြီးကုရဲ့ ရယ်သံအုပ်အုပ်ကြီးနဲ့ ဆန့်ကျင်ဘက် ဖြစ်နေသည်။

“မစ္စလင်းက ကျုပ်နဲ့ ဘာများဆွေးနွေးချင်လို့လဲ”။ အဘိုးချင်း မတ်တပ်ရပ်လိုက်ပြီး လင်းယုရှန်းဆီ လျှောက်လာခဲ့သည်။

“ဘာမှအရေးကြီးတာတော့ မဟုတ်ပါဘူး။ သခင်ကြီးချင်းတို့ ကျောင်းဆောက်ဖို့ စီစဉ်နေတယ်လို့ ကြားလို့လေ။ ကျွန်မရဲ့ ဘိုးဘေးတွေကြောင့် ပညာရေးနယ်ပယ်ထဲက လူတချို့နဲ့ ကျွန်မ ရင်းနှီးတယ်။ ကျွန်မ တစ်နေရာရာကနေ ကူညီပေးနိုင်မလားလို့ပါ…”

“အဲ့တာဆို မင်းလည်း သခင်ကြီးချင်းနဲ့ လုပ်ငန်းလက်တွဲဖို့ လာဆွေးနွေးတာပေါ့ ဟုတ်လား”။ ဟွော်ချန်းယီ မေးလိုက်ပါသည်။

ဟွော်ချန်းယီကို မော့ကြည့်ကာ လင်းယုရှန်း မေးလိုက်၏။ “စီအီးအိုဟွော်လည်း အဲ့ကိစ္စပဲ လာခဲ့တာလား”

“ဟုတ်ပါတယ်။ ဒါပေမယ့် ကဏ္ဍတော့ မတူလောက်ဘူး”

“ဪ… ကျွန်မက စီအီးအိုဟွော်နဲ့တော့ မယှဉ်နိုင်လောက်ပါဘူး။ ဒီတိုင်း ကျွန်မက ပညာရေး နယ်ပယ်ထဲက လူတချို့နဲ့ ရင်းနှီးရုံပဲရှိတာ။ သခင်ကြီးချင်းရဲ့ ကျောင်းအတွက် လူတွေငှားဖို့လိုမယ်လို့ စဉ်းစားမိလို့…”

“သခင်ကြီးချင်းက မစ္စလင်းကို ကြိုဆိုမှာပါ”။ ဟွော်ချန်းယီ အပြုံးဖြင့် ပြောလိုက်သည်။

“အမှန်ပဲ! အဲ့လို လူမျိုးတွေကို ကျုပ်လိုအပ်နေတာ! မစ္စလင်းသာ ကူညီမိတ်ဆက်ပေးနိုင်မယ်ဆိုရင် အကောင်းဆုံးပေါ့!”

အဘိုးချင်း စဉ်းစားနေခဲ့တာလည်း ဒီကိစ္စကိုပဲဖြစ်သည်။ လင်းယုရှန်းက သူ့ထံ ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့ပြီး အဖြေတစ်ခု လာပေးသွားသည်။

“ဒါဆို ကျွန်မ အိမ်ပြန်ရောက်တာနဲ့ သူတို့ကို ဆက်သွယ်လိုက်ပါ့မယ်”။ လင်းယုရှန်း အမြန်ပြောလိုက်သည်။ အစက စိုးရိမ်ပူပန်နေခဲ့သော်လည်း အခုတော့ သူမ စိတ်အေးသွားခဲ့ပါပြီ။

သူမ အကူအညီပေးနိုင်တာ တကယ် ဝမ်းသာမိပါသည်။ ချင်းမိသားစုအပေါ် လိပ်ပြာမလုံစိတ်ဖြစ်မိသဖြင့် ဒီလို ကူညီပေးနိုင်ခဲ့တာက သူမကို စိတ်သက်သာရာ ရစေသည်။

“ဟုတ်ပြီ။ ဒါဆို မစ္စလင်းကိုပဲ အားကိုးရမှာပေါ့”။

“ဘာမှမဖြစ်ပါဘူး။ ဒီတိုင်း မိတ်ဆက်ပေးရုံပဲဥစ္စာ။ ကျွန်မ ဘာမှ မပင်ပန်းရပါဘူး”။ လင်းယုရှန်း ပြန်ပြောလိုက်သည်။ “ဒါဆို သခင်ကြီးချင်းတို့ အလုပ်ကိစ္စပြောနေတာ ကျွန်မ မနှောင့်ယှက်တော့ဘူးနော်”

ထိုသို့ပြောပြီးနောက် လင်းယုရှန်းပြန်ဖို့ ပြင်လိုက်သည်။

“မစ္စလင်းကို ကျွန်တော်လိုက်ပို့ပေးမယ်”။ ဟွော်ချန်းယီ မတ်တပ်ရပ်ကာ ပြောလိုက်သည်။

သူတို့နှစ်ယောက် ရင်းနှီးကြမှန်း သိသဖြင့် အဘိုးချင်းက ဘာသံသယမှ မဖြစ်ပါ။

လင်းယုရှန်း ခေတ္တတွန့်ဆုတ်သွားခဲ့ပြီး ဟွော်ချန်းယီ၏ မျက်လုံးများကို ကြည့်လိုက်သည်။

… … …

အခန်း(၇၆၃) မိန်းမလိုချင်နေတာလို့ ထင်တုန်းပဲ

လင်းယုရှန်း အချိန်အတော်ကြာ စဉ်းစားပြီးနောက် ခေါင်းငြိမ့်လိုက်ပါသည်။

ဒီလိုနဲ့ သူတို့နှစ်ယောက် ချင်းမိသားစု၏ အစည်းအဝေးခန်းထဲမှ ထွက်လာခဲ့ကြပါသည်။

ထိုအခါမှ အဘိုးချင်း ရုတ်တရက် နားလည်သွားသည်။ အခန်းထဲမှာ သူနဲ့ အဘိုးကြီးကုတို့ပဲ ကျန်ခဲ့တော့တယ်!

အဘိုးချင်း ခေါင်းတွေ ကိုက်လာခဲ့ပြန်သည်။

ဟွော်ချန်းယီက လင်းယုရှန်းကို ခြံရှေ့ထိရောက်အောင် လိုက်ပို့ပေးခဲ့သည်။ လင်းယုရှန်း ရုတ်တရက် ရပ်တန့်လိုက်ပြီး ဟွော်ချန်းယီအား လှည့်ပြောလိုက်ပါသည်။

“မစ္စတာဟွော်၊ ကျွန်မကို အိမ်ထိရောက်အောင် လိုက်ပို့ပေးစရာ မလိုပါဘူး။ ဟိုဘက်အိမ်နဲ့ အဲ့လောက်လည်း ဝေးတာမှ မဟုတ်တာ”

ဒီလောက် နီးနီးလေးကို အလွန်အလုပ်များသည့် ဟွော်ချန်းယီအား လိုက်ပို့ခိုင်းရမှာ လင်းယုရှန်း အားနာနေပါသည်။

“အခု ဟိုဘက်အိမ်မှာ နေနေတာလား”။ ဟွော်ချန်းယီ မေးလိုက်၏။

“ဟုတ်တယ်။ ကျန်းယွီက ကျွန်မကို ချူးဟမ့် ဒုက္ခထပ်ပေးနေမှာစိုးလို့ လုအိမ်တော်မှာ လာနေခိုင်းခဲ့တာ။ ကျွန်မလည်း အဲ့လိုလုပ်တာ ကောင်းမယ်ထင်လို့ လာနေလိုက်တာပါ။ ကျန်းယွီကိုလည်း အချိန်ပိုပေးနိုင်တယ်လေ”။ လင်းယုရှန်း ပြန်ဖြေလိုက်သည်။

“ကောင်းပါတယ်။ မစ္စလင်း တူလေးရဲ့ ခြေထောက် အခြေအနေကော ဘယ်လိုရှိလဲ”

“အများကြီး ပြန်ကောင်းနေပါပြီ။ ဆရာကြီးရှုယီက တကယ့် နတ်ဆေးသမားတော်ကြီးပဲ။ အနောက်တိုင်း ဆေးပညာနဲ့ မျှော်လင့်ချက်မရှိတော့ဘူးဆိုပေမယ့် သူ့ကုသပေးမှုကြောင့် ကျန်းယွီလေး သူ့ဖာသာသူ မတ်တပ်ပြန်ရပ်နိုင်နေပြီ”

လုကျန်းယွီအကြောင်း ပြောရင်း လင်းယုရှန်း အလွန် ဝမ်းမြောက်သွားမိပါသည်။

“ဝမ်းသာစရာပဲ”

ထို့နောက် သူတို့ တိတ်ဆိတ်သွားကြသည်။

လင်းယုရှန်းက ပြောလိုက်၏။ “အင်း… အဲ့တာဆို ကျွန်မ သွားတော့မယ်လေ မစ္စတာဟွော်”

ဒီလိုနဲ့ လုအိမ်တော်ဆီသို့ သူမ ခပ်သုတ်သုတ် ထွက်ခွာသွားလေသည်။

ဟွော်ချန်းယီ လှည့်မပြန်သေးဘဲ လုအိမ်တော်ထဲ လင်းယုရှန်း ဝင်သွားတာကိုမြင်မှ လှည့်ထွက်လာခဲ့သည်။

နောက်လှည့်လိုက်တာနဲ့တစ်ပြိုင်နက် သူ့ကို တရားခံကြည့် ကြည့်နေသော သားဖြစ်သူအား မြင်လိုက်ရလေသည်။

“အဖေ မိန်းမလိုချင်နေတာလို့ ကျွန်တော် ထင်နေတုန်းပဲ”။ ဟွော်ထျင်းပြောလိုက်သည်။

ဟွော်ချန်းယီ ပြုံးကာ ပြောလိုက်သည်။ “မိန်းမတစ်ယောက်နဲ့ ငါရှားရှားပါးပါး စကားပြောမိတဲ့ ၂ ကြိမ်စလုံး မင်း မိတာပဲနော်”

“ဒီ ၂ ကြိမ်ပဲ ကျွန်တော် မြင်ဖူးတာပါ။ နောက်ကွယ်မှာ အဖေ ဘာတွေခိုးလုပ်နေလဲ မပြောနိုင်ဘူး။ အဖေတို့လို လူကြီးတွေက ကလေးတွေကို လိမ်ပဲလိမ်နေကြတာ မဟုတ်ဘူးလား”

ဟွော်ထျင်း မျက်နှာလွှဲလိုက်သည်။

ဒီအပြုအမူကို ဟွော်ချန်းယီ ရင်းနှီးနေပါသည်။ သူ့သားရဲ့ အပြုအမူလေးများက စူစူလေးနဲ့ ပိုပိုတူလာသည်ဟု ဟွော်ချန်းယီ ခံစားမိသည်။

“ငါမင်းကို ဘယ်တုန်းက လိမ်ဖူးလို့တုန်း”။ ဟွော်ထျင်းထံလျှောက်လာပြီး ခေါင်းလေးကို ပွတ်သပ်ပေးကာ ဟွော်ချန်းယီ မေးလိုက်ပါသည်။

“ဘယ်ပြောလို့ရမလဲ။ အဖေက လိမ်တာတော်လို့ ကျွန်တော် မမိသေးတာ နေမှာပေါ့”

“ငါမင်းကို မလိမ်ဖူးပါဘူး။ အခုလည်း သခင်ကြီးချင်းနဲ့ အလုပ်ကိစ္စပြောဖို့ လာခဲ့တာ”

“အဖေက ချင်းစူစူရဲ့ အဘိုးနဲ့ အလုပ်ကိစ္စပြောဖို့လာတာ ဟုတ်လား”

“ဟုတ်တယ်”

“ဘာလို့လဲ”

“အကြောင်းအရင်းတွေက အများကြီးရှိတယ်။ ပထမဆုံး ချင်းမိသားစုက ယုံကြည်ရတဲ့ မိသားစုပဲ။ ကိုယ်ကျင့်တရားကော၊ အစွမ်းအစတွေကော အားလုံးပြည့်စုံကြတယ်။ အဖေကလည်း စီးပွားရေးသမားဆိုတော့ ဒီလို ပါတနာမျိုးလိုက လက်မလွှတ်ချင်လို့လေ”

ဟွော်ချန်းယီ သားဖြစ်သူကို ရှင်းပြလိုက်သည်။ သူ့သား အရွယ်ရောက်လာမှာကို သူသိပါသည်။ အခုချိန် ဘာမှ နားမလည်နိုင်သေးသော်လည်း ဖုံးကွယ်ထားစရာ ဘာမှ မလိုအပ်ပါ။ ရှင်းပြစရာရှိတာကို ရှင်းပြသင့်သည်။

ဟွော်ချန်းယီက ဆက်ပြောလိုက်၏။ “ဒုတိယအချက်က ဟွာချန့်မြို့ရဲ့ အနောက်မြောက်ပိုင်းနယ်မြေက တကယ် အလားအလာကောင်းတယ်လို့ ခံစားမိလို့။ တတိယအချက်ကတော့…”

“တတိယအချက်ကဘာလဲ”။ ဟွော်ထျင်း မေးလိုက်သည်။

ဟွော်ချန်းယီ ‌ခေါင်းငုံ့ကာ သားဖြစ်သူကို ပြုံးပြလိုက်သည်။ “တတိယအချက်က ဟွာချန့်မြို့မှာ ပရောဂျက်တစ်ခုရှိတော့ ငါ့သားကို မကြာခဏ လာတွေ့လို့ရတာပေါ့”

ဒါကိုကြားတော့ ဟွော်ထျင်းမျက်နှာ ချက်ချင်း နီမြန်းသွားကာ မျက်နှာလွှဲလိုက်လေသည်။ “ဘယ်သူက ခဏခဏ လာလည်စေချင်လို့လဲ။ ကျွန်တော် လူကြီးဖြစ်နေပြီ! တစ်ချိန်လုံး လာနေစရာ မလိုဘူး။ အဖေ အလုပ်လုပ်ချင်ရင် သွားလုပ်! တခြား မိန်းမတစ်ယောက်နဲ့ ချစ်ချင်လည်း ချစ်လိုက်! ကျွန်တော့်ကို ဂရုစိုက်နေစရာ မလိုဘူး!”

… … …

အခန်း(၇၆၄) ဖိုးရှုပ်လေး အရွယ်ရောက်လာပြီ

ဟွော်ချန်းယီ အပြုံးမပျက်ဘဲ ဆက်ပြောလိုက်သည်။ “စူစူလေးလို တဲ့တိုးဆန်ရင် ပိုကောင်းမှာဆိုပေမယ့် ဒီလို ရှက်ကိုးရှက်ကန်းပုံစံလေးကလည်း ချစ်ဖို့ကောင်းပါတယ်”

“ဘာမှ ချစ်ဖို့မကောင်းဘူး! ကျွန်တော်က ယောက်ျားလေး! အဲ့တာကြောင့် ယောက်ျားပီသတာ!”။ ထို့နောက် သူယောက်ျားပီသကြောင်း ပြသဖို့အတွက် မြေကြီးကို ခြေထောက်ဖြင့် ဆောင့်ပြလိုက်သည်။

သူ့ကို ချစ်ဖို့ကောင်းသည်ဟု ခေါ်ပါက စူစူလေး အထင်သေးကာ လှောင်ပြောင်ပါလိမ့်မည်။

“ဟုတ်ပါပြီ။ ငါတို့ အာ့ထျင်းလေးက အရမ်းယောက်ျားပီသပါတယ်”။ ဟွော်ချန်းယီ သားဖြစ်သူကို အလျှော့ပေးလိုက်သည်။

ဟွော်ချန်းယီကို ဟွော်ထျင်းလှည့်ကြည့်လိုက်သည်။ ဂရုမစိုက်ချင်ယောင် ဆောင်သော်လည်း မျက်နှာပေါ်က အပြုံးကို ထိန်းချုပ်မရပါ။

အဖေက သူ့ကို တကယ်ဂရုစိုက်တာပဲ!

“အဖေ… မိန်းမထပ်ရှာဖို့ အချိန်တန်ပြီထင်တယ်” ဟွော်ထျင်း တီးတိုးပြောလိုက်၏။

“ဘာလို့ အဲ့လို ရုတ်တရက်ကြီး ထင်ရတာလဲ”။ ဟွော်ချန်းယီ မေးလိုက်သည်။

“ရုတ်တရက်ကြီး မဟုတ်ပါဘူး။ ကျွန်တော် အရွယ်ရောက်နေပြီမို့လို့ ကိုယ့်ကိုယ်ကို စောင့်ရှောက်နိုင်တယ်။ အဖေက မိန်းမတစ်ယောက်လိုအပ်သေးတယ်။ ချင်းစူစူရဲ့ အဖေနဲ့ အမေလိုလေ။ အသက်ကြီးလာတာတောင် အတူတူ ရှိနေတုန်းပဲ။ တစ်ယောက်ကိုတစ်ယောက် ကူညီပေးပြီး ကိစ္စမှန်သမျှ တိုင်ပင်ဆွေးနွေးကြတာ”

ချင်းမိသားစုဆီမှာ လာနေစဉ်ကာလအတွင်း အဘိုးချင်းနဲ့ အဘွားချင်းတို့ကို ဟွော်ထျင်း အကဲခတ်ခဲ့သည်။ ထို့ကြောင့် အိမ်ထောင်ရေးနဲ့ပတ်သတ်ပြီး ဟွော်ထျင်း တစ်ခုခု နားလည်လာခဲ့သည်။

ထို့နောက် တစ်ယောက်တည်း ဖြစ်နေသည့် သူ့အဖေအကြောင်း စဉ်းစားမိသည်။ သူ့အဖေသာ အသက်ကြီးသွားလျှင် တစ်ယောက်တည်း နေရမှာ ဖြစ်ပြီး သနားစရာ ကောင်းသွားပါလိမ့်မည်။

သားဖြစ်သူကို ဟွော်ချန်းယီ အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူ့ရင်ထဲမှာလည်း နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရ၏။

သူ့သားက သူ့အတွက် စိတ်ပူပေးနေသည်။

သူ့ရဲ့ ဖိုးရှုပ်လေး တကယ် အရွယ်ရောက်လာပါပြီ။

“ဘာလို့ စိုက်ကြည့်နေတာလဲ။ ကျွန်တော် အတည်ပေါက် ပြောနေတာ!” ။ ဟွော်ထျင်း ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။

“အဖေ အခု အိမ်ထောင်ထပ်ပြုဖို့ တကယ် စိတ်ကူးမရှိသေးလို့ပါ။ အဖေ စဉ်းစားမိတဲ့အချိန်ကျမှ သားကို ပြောပြမယ်။ လျှို့ဝှက်မထားဘူး။ ဟုတ်ပြီလား”

“အင်း”

“ပြီးတော့ အဖေ့ကို ဒီလို ဂရုစိုက်တာ တကယ် ဝမ်းသာပါတယ်။ အဖေ အိမ်ထောင်ထပ်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ ငါ့သားရှိနေရင် အဖေဘယ်တော့မှ အထီးကျန်မှာ မဟုတ်ဘူး”

ဟွော်ထျင်း ရှက်သွေးဖြာသွားပြီး မျက်နှာလွှဲလိုက်သည်။ “ဘာ… ဘာတွေလာပြောနေတာလဲ။ ဘယ်လိုလုပ် တူမှာလဲ”

နှုတ်မှ အကန်တွေ ပြောနေသော်လည်း ဟွော်ချန်းယီ၏ အသိအမှတ်ပြုခြင်းကို ခံရသဖြင့် ဟွော်ထျင်း ရင်ထဲ ပျော်ရွှင်နေပါသည်။

ဟွော်ချန်းယီ ခပ်သဲ့သဲ့ ရယ်မောလိုက်ပြီး ဟွော်ထျင်းကို ပွေ့ချီလိုက်သည်။

“ဘာလုပ်တာလဲ”။ ဟွော်ထျင်း အံ့အားသင့်စွာ မေးလိုက်၏။

“ငါ့သားကို ဖက်တာလေ”

“ကျွန်တော် လူကြီးဖြစ်နေပြီ! မဖက်နဲ့တော့!”

“ဘယ်လောက်ကြီးကြီး ငါ့သားက ငါ့သားပဲ”

“ဟွန်း အဲ့လောက်ဖက်ချင်နေလည်း ဒီတစ်ခါပဲ ဖက်ခွင့်ပေးလိုက်မယ်”

ဟွော်ထျင်း ဂျစ်ကန်ကန်ဖြင့် ပြောလိုက်သော်လည်း သူ့လက်များက ဟွော်ချန်းယီ၏ လည်ပင်းကို သိုင်းဖက်ထားပြီးပါပြီ။

--- --- ---

ချင်းမိသားစုကို ယုံကြည်သည့် သခင်ကြီးကု၊ ဟွော်ချန်းယီတို့လို လူတွေနဲ့ မတူဘဲ ဟွာချန့်မြို့ရှိ လူအများစုကတော့ ချင်းမိသားစု၏ လုပ်ရပ်များကို အတော်လေး နားမလည်နိုင် ဖြစ်နေကြသည်။

၎င်းတို့အနက် အဘိုးချင်း၏ညီ ချင်းကျင်းဖန်လည်း အပါအဝင်ဖြစ်သည်။

သူ့အစ်ကိုကြီးနဲ့ မရီးတို့က သူငယ်ပြန်ကာ ငွေတွေအားလုံးကို အကျိုးအမြတ်မရနိုင်သည့် နေရာမှာ ရင်းနှီးမြှုပ်နှံနေကြသည်ဟု လူတိုင်းကို ချင်းကျင်းဖန် လျှောက်ပြောခဲ့သည်။ သူတို့ အရာရာ ဆုံးရှုံးတော့မှာဖြစ်ပြီး အသုဘစရိတ်ပင် ကျန်မာ မဟုတ်တော့ဘူးဟု ကောလဟာလတွေ လွှင့်နေသည်။

အငယ်ဆုံး သမီးလေးကြောင့် သူ့အစ်ကိုကြီးနဲ့ မရီးတို့ ဒီလို ကြောင်တောင်တောင် ဖြစ်သွားရခြင်းဟုလည်း လုပ်ကြံ ပြောဆိုခဲ့သည်။

ခုတလော ချင်းမိသားစုတို့ အိမ်ရာအနီးတဝိုက်မှာ ချင်းကျင်းဖန် ဝေ့လည်ကြောင်ပတ် လုပ်နေတတ်သည်။

အိမ်ရာထဲက လူတွေထွက်လာတာကို မြင်ပြီး အခွင့်အရေးရတိုင်း သူ့အစ်ကိုကြီးနဲ့ မရီးတို့ရဲ့ လုပ်ရပ်တွေအကြောင်း သွားပုပ်လေလွင့် ပြောတတ်သည်။

ဒီနေ့ ချင်းယုကျီး အပြင်ထွက်လာရင်း ရစ်သီရစ်သီလုပ်နေသည့် ချင်းကျင်းဖန်ကို မြင်သွားပါသည်။

သူ့ကို မမြင်ချင်ယောင်ဆောင်ပြီး ချင်းယုကျီး ကိုယ့်လမ်းကိုယ်သွားဖို့ ကြိုးစားသည်။

သို့သော် ချင်းကျင်းဖန်က အလွတ်ပေးဖို့ အစီအစဉ်မရှိဘဲ ချင်းယုကျီးထံ တန်းတန်းမတ်မတ် ပြေးလာခဲ့လေသည်။

… … …

အခန်း(၇၆၅) တိရိစ္ဆာန်ကို ယဉ်ကျေးပြဖို့ မလို

“ရှောင်ကျီး မင်းအဘိုးနဲ့ အဘွားတို့ ခုတလော မြေတွေလျှောက်ဝယ်နေတုန်းပဲဆို။ သူတို့ အသုဘစရိတ်ပါ ပါသွားပြီလား။ ဘဏ်ကနေတောင် ချေးငွေတွေ ယူနေရပြီလို့ ကြားမိတယ်။ သူတို့လင်မယား ဘာလို့ အဲ့လောက် တုံးသွားရတာလဲ” ချင်းကျင်းဖန် အကြံဆိုးဖြင့် ရန်စလိုက်သည်။

ချင်းယုကျီးက သူ့ကို ဂရုမစိုက်ပါ။ သို့သော် ချင်းကျင်းဖန်က ပိုပိုပြီး ရဲတင်းလာကာ စိတ်ကြီးဝင်လျက် ဆက်ပြောလိုက်သည်။

“ဒီ့ထက် ပိုကောင်းတဲ့ ပရောဂျက်တွေမှာ ရင်းနှီးမြှုပ်နှံလို့ မရဘူးလား။ ဘာလို့ အလားအလာမရှိတဲ့ ပရောဂျက်တွေကိုပဲ မျက်စိကျနေတာလဲ။ နှစ်ယောက်စလုံး ကြာကြာနေရတော့မှာတောင် မဟုတ်ဘူ။ အဲ့ဒီအချိန်တိုအတွင်း အကျိုးအမြတ် ဘယ်လောက် ရှာနိုင်မှာမို့လို့လဲ။ နောက် ၂ နှစ်လောက်နေရင်တောင် သူတို့ သေသွားလောက်ပြီ။ ဒါသက်သက်မဲ့ ပိုက်ဆံ ဖြုန်းတီးနေတာ မဟုတ်ဘူးလား”

ချင်းယုကျီးက ချင်းကျင်းဖန်ကို လှည့်ကြည့်လိုက်သည်။ “ခင်ဗျား အဲ့လောက် အားနေတာလား။ သူများ အိမ်ရာရှေ့မှာ လာထိုင်နေရလောက်အောင် အားနေရင် အလုပ်တစ်ခုခု သွားရှာလိုက်ပါလား”

“ဟား မင်းတို့ကျေးဇူးကြောင့် ငါ့ကို ဒီအသိုင်းအဝိုင်းထဲမှာ ဘယ်ကမှ အလုပ်မခန့်တော့ဘူး”။ ချင်းကျင်းဖန် အံကြိတ်ရင်း ပြောလိုက်သည်။

အစက အဘိုးချင်းရဲ့ အဆက်အသွယ်များကြောင့် ချင်းကျင်းဖန်တစ်ယောက် အသိုင်းအဝိုင်းကြီးတွေထဲမှာ ဝင်ဆံ့ခဲ့ပြီး တစ်ခါတလေ လုပ်ငန်းတချို့ပင် လုပ်နိုင်ခဲ့သည်။

သို့သော်လည်း ချင်းမိသားစုနဲ့ ပြဿနာဖြစ်ပြီးကတည်းက ချင်းကျင်းဖန် အသိုင်းအဝိုင်းကြီးတွေထဲကို ဝင်ခွင့်တောင် မရတော့ပေ။

“ဒီအသိုင်းအဝိုင်းက အလုပ်မခန့်တော့ဘူးဆိုတာနဲ့ပဲ ဒီတိုင်း အရှုံးပေးလိုက်ကောလား။ တခြား သာမန်အလုပ်တွေ လုပ်လို့ ရနေတာပဲ”။ ချင်းယုကျီးက အထင်အမြင်သေးစွာ ပြောလိုက်သည်။

“အဲ့တာ ဘာစကားလဲကွ။ မင်းက ငါ့ကို အဲ့ဒီညစ်ညစ်ပတ်ပတ်နဲ့ ပင်ပန်းဆင်းရဲရမယ့် အလုပ်တွေ လုပ်စေချင်တာလား”။ ချင်းကျင်းဖန် စော်ကားခံရသလို ခံစားလိုက်ရသည်။

သူများအိမ်ရာရှေ့မှာ လျှောက်သွားနေတာ ဘာအကျိုးကျေးဇူးမှ မရရင်တောင် ချင်းကျင်းဖန်က သမာအာဇီဝကျကျ အလုပ်လုပ်ရမှာထက်စာလျှင် လျှောက်သွားရတာကို ပျော်မွေ့သူဖြစ်သည်။

သူ့အမြင်မှာတော့ လခစား အလုပ်တွေက အလွန်ပင်ပန်းရပြီး ရှက်ဖို့လည်း ကောင်းသည်။ ထိုသို့ အပင်ပန်းခံမည့်အစား အငတ်သာ ခံလိုက်ပါမည်။

“ညစ်ပတ်ပြီး ပင်ပန်းရတဲ့အလုပ်ဆိုတာ ဘာကိုပြောတာလဲ။ လစာတစ်ခုရဖို့ ထိုက်သင့်သလောက် ပြန်လုပ်ပေးရမှာ သဘာဝပဲလေ။ အလုပ်လုပ်ရတဲ့နေရာက ညစ်ပတ်ချင်ညစ်ပတ်နိုင်ပေမယ့် ပိုက်ဆံကတော့ သန့်ရှင်းတယ်!”

“ငါ့ကို တရားလာပြမနေစမ်းပါနဲ့။ မင်းတို့ကျတော့ ကောင်းကောင်းနေ ကောင်းကောင်းစားနိုင်ပြီး အိမ်မှာ ဒီတိုင်း ထိုင်နေရုံနဲ့ ငွေတွေ ဝင်နေတာ! ငါ့ကျတော့ လစာလေးနည်းနည်းရဖို့အတွက်နဲ့ သေအောင် အလုပ်လုပ်ရမှာလား။ ကိုယ်ချင်းစာစိတ်မရှိကြဘူးလား”

“ခင်ဗျားအစွမ်းအစအကြောင်း ခင်ဗျား နားမလည်ဘူးလား။ ခင်ဗျားက အစွမ်းအစကျတော့ မရှိဘဲ ကျုပ်အဘိုးနဲ့ အဘွားလို သက်တောင့်သက်သာဘဝမျိုးနဲ့ နေချင်နေတယ်။ ရူးများနေလား”

ချင်းယုကျီးက ချင်းကျင်းဖန်ကို လုံးဝ မသက်ညှာပေ။

“မဟုတ်တာတွေ ပြောမနေနဲ့! ငါက မင်းအဘိုးနဲ့ အဘွားလောက် ကံမကောင်းခဲ့လို့ ဒီလိုဖြစ်ရတာ! ငါ့ကံသာ သူတို့လောက်ကောင်းရင် အခုချိန် ငါလည်း ချမ်းသာနေလောက်ပြီ”

“အဲ့တာဆို အမှိုက်သရိုက်စကားတွေ ဘာလို့လာပြောနေသေးလဲ။ ခင်ဗျားရဲ့ စကားလုံးတွေက အိမ်သာထဲက ထွက်လာသလိုပဲ အော့အန်ချင်စရာ ကောင်းတယ်”။ ချင်းယုကျီး ပြန်ငေါက်လိုက်ပါသည်။

“လူကြီးကို အဲ့လိုပဲပြောရလားကွ ချင်းယုကျီး မင်းက ငါ့ကို အဘိုးလို့တောင် ခေါ်ရမှာ! မင်းတို့မှာ လူ့ယဉ်ကျေးမှုဆိုတာ မရှိတော့ဘူးလား”

“လူ့ယဉ်ကျေးမှုဆိုတာ လူတွေအပေါ်မှာပဲ သက်ရောက်မှုရှိတာ။ တိရိစ္ဆာန်တစ်ကောင်ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံပြလို့ ဘာထူးမှာလဲ”

“မင်း ဘယ်သူ့ကို တိရိစ္ဆာန်လို့ ခေါ်လိုက်တာလဲ!”။ ချင်းကျင်းဖန် ဒေါသဖြင့် မျက်လုံးများ နီရဲသွားပြီး ချင်းယုကျီးကို ဆုံးမဖို့ လက်မြှောက်လိုက်သည်။

သို့သော် ချင်းယုကျီးက ချင်းကျင်းဖန်၏ လက်ကို ဖမ်းဆုပ်ကာ သူ့မျက်လုံးများကို ပြန်စိုက်ကြည့်လိုက်သည်။ ချင်းယုကျီး၏ အကြည့်တွေကလည်း အေးစက်ပြီး ကြောက်စရာ ကောင်းလွန်းနေပါသည်။

… … …

All Chapters