အခန်း (၇၇၁-၇၇၅)
Vol. 31 Ch. 771-775
အခန်း(၇၇၁) ဆရာထန်ထိုက်ရဲ့ ထူးဆန်းတဲ့ အပြုအမူ
ယုဝမ်ရှု : [မင်းနားလည်သွားတာလား။ ထင်မထားဘူး]
ချင်းယုကျီး : […]
ယုဝမ်ရှု : [နောက်တာဝန်အသစ်ကို မင်းအီးမေးလ်ထဲ ပို့ပေးထားတယ်။ ကြိုးစားထား]
ချင်းယုကျီး အီးမေးလ်ကို ဖွင့်ကြည့်လိုက်ရာ တာဝန်တွေ တစီတတန်းကြီး မြင်လိုက်ရသည်။ ထို့ကြောင့် ယုဝမ်ရှုကို ချက်ချင်း မက်ဆေ့ပြန်ပို့လိုက်၏။
ချင်းယုကျီး : [အများကြီးပါလား။ မင်းလူစိတ်မရှိဘူးလား ငါ့ကို ညှပ်ချနေတာပဲ!]
ယုဝမ်ရှု : [မင်းကိုယ်တိုင် တောင်းဆိုခဲ့တာလေ]
ချင်းယုကျီး : [အလုပ်ပေးဖို့ တောင်းဆိုခဲ့တာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ဒီလောက်အများကြီး မတောင်းဆိုဘူးလေ! ငါ့ကို အလုပ်လုပ်ရင်း သေသွားစေချင်လို့လား!]
ယုဝမ်ရှု : [ငါက အမြဲတမ်း ပိုပိုလျှံလျှံပဲ ပေးတတ်တယ်]
ချင်းယုကျီး : [အဲ့တာဆို လစာကော ပိုပိုလျှံလျှံ မပေးဘူးလား]
ယုဝမ်ရှု : [လစာကတော့ လုပ်အားနဲ့ အချိုးကျပဲ။ အခု မင်းလစာရဖို့ လုပ်အားပေးလို့ရပြီ]
ချင်းယုကျီး : [ဒီတိုင်း ဆက်လုပ်နေမယ်ဆိုရင် မိတ်ဆွေကောင်းတစ်ယောက်ကို မင်းဆုံးရှုံးရတော့မယ်]
ယုဝမ်ရှု : [မင်းခန္ဓာကိုယ် ဒီလောက်ကြံ့ခိုင်နေတာ အလွယ်တကူ မသေနိုင်ပါဘူး။ အမြတ်ထုတ်လို့ ရနိုင်သေးတယ်]
ချင်းယုကျီး : [မင်းငါ့ကို တကယ်အမြတ်ထုတ်နေတာပဲ!!!]
--- --- ----
တနင်္လာနေ့တွင် စူစူလေး ဟုံဖုန်းမူကြိုသို့ ပြန်သွားခဲ့သည်။ စာသင်ခန်းထဲဝင်လိုက်တာနဲ့ တစ်ပြိုင်နက် ချူးယန်ရှီကို မြင်လိုက်ရပါသည်။
သူမက စူစူလေးကို စိုက်ကြည့်နေသည်။ မျက်နှာထားကလည်း ရန်လိုနေသည့်ပုံစံပင်။
စူစူလေးက သူမကို လျစ်လျူရှုကာ မျက်နှာလွှဲလိုက်ပါသည်။
သူ့ကို အာရုံစိုက်မနေတော့ဘူး! ခင်စရာကောင်းတဲ့သူတွေနဲ့ပဲ သွားကစားတော့မယ်!
သူမကို စူစူလေး လျစ်လျူရှုသွားမှန်း မြင်ပြီး ချူးယန်ရှီ အံကြိတ်လိုက်မိပါသည်။
ပေကျင်းမှာ ဘာတွေဖြစ်ခဲ့သလဲ ချူးယန်ရှီ သိပြီးသွားပြီ ဖြစ်သည်။ သူမတို့ မိသားစု စီးပွားရေး ပျက်စီးခဲ့ရုံတင် မကဘဲ သူမရဲ့အဖေလည်း ပြစ်မှုကြီးသည့် ပြန်ပေးဆွဲမှုတစ်ခုမှာ ပါဝင်ခဲ့ပြီး အဖမ်းခံလိုက်ရသည်။
ယခုတော့ ကုမ္ပဏီက ဝရုန်းသုမ်းကား ဖြစ်နေပါပြီ။ လုပ်ပိုင်ခွင့်ရှိသူများကလည်း ကိုယ့်လူကိုယ်ခေါ်ပြီး ခေါင်းရှောင်သွားကြသည်။ ရှယ်ယာဝင်တွေကလည်း သောင်းကျန်းနေကြပါပြီ။
ချူးယန်ရှီ အလွန် စိတ်ဖိစီးနေသော်လည်း ပြဿနာအတွက် ဖြေရှင်းချက် မရှာနိုင်ခဲ့ပါ။ ခိုကိုးရာမဲ့နေသည့် သူမကိုယ်သူမ မုန်းတီးသည်။ ဒါတွေအားလုံးရဲ့ တရားခံ ချင်းမိသားစုကို ပိုလို့တောင် မုန်းတီးပါသေးသည်။
သူမရဲ့ အဖေက ထက်မြက်သည့် စီးပွားရေးသမားတစ်ယောက် မဖြစ်နိုင်သော်လည်း အရူးတစ်ယောက်တော့ မဟုတ်ပါ။ ချင်းစူစူလိုလူမျိုးကို ကိုယ်တိုင် ပြန်ပေးဆွဲဖို့ ကြိုးစားမှာ မဟုတ်ပေ။
ချင်းမိသားစုက သူမအဖေကို တမင်သက်သက် ချောက်ချခဲ့တာဖြစ်မည်။ ဒီလို ကောက်ကျစ်သည့် နည်းလမ်းကိုသုံးပြီး သူမတို့ကို ပြိုင်ဘက်အဖြစ်မှ ဖယ်ရှားခဲ့တာဖြစ်ပါလိမ့်မည်။
ထိုစဉ် စာသင်ခန်းထဲ ထန်ထိုက်မင် ဖော်ရွေသောအပြုံးဖြင့် ဝင်လာခဲ့သည်။ “မင်္ဂလာနံနက်ခင်းပါ ကလေးတို့!”
“မင်္ဂလာနံနက်ခင်းပါ ဆရာမင်~”
ကလေးတွေကလည်း လက်ပိုက်လျက် လိမ်လိမ်မာမာ ချိုချိုသာသာနဲ့ ပြန်နှုတ်ဆက်လိုက်ပါသည်။
ထန်ထိုက်ဟူသည့် အမည်က ခေါ်ရခက်သဖြင့် ကလေးတွေက ထန်ထိုက်မင်ကို ‘ဆရာမင်’ဟုသာ ခေါ်ဆိုခဲ့ကြပါသည်။
“ကလေးတို့ ဒီနေ့ ပဟေဠိပြိုင်ပွဲတစ်ခု ကစားကြမယ်။ အမြန်ဆုံး ဖြေနိုင်တဲ့လူက ဆရာ့ဆီက ကြယ်ပွင့်နီလေး ရမယ်။ ဆရာ့ဆီက ကြယ်ပွင့်နီလေး ဘယ်သူရမလဲ မသိဘူးနော်”။
ထန်ထိုက်မင်၏ မျက်နှာက အပြုံးများဖြင့် ပြည့်နှက်နေသည်။ သူ့လေသံကလည်း ကလေးတွေအတွက် နားဝင်ချိုစရာ ဖြစ်သည်။
ချူးယန်ရှီက သုန်သုန်မှုန်မှုန်ဖြင့် ထိုင်နေပြီး ပဟေဠိလည်းမဖြေသလို စကားလည်း မပြောပါ။
ကလေးအဖြစ် ဟန်ဆောင်ရတာ သူမ အလွန် ပင်ပန်းလာပါပြီ။ သူမ မိသားစုအတွက် ဘာမှ အသုံးမဝင်သလို အချိန်ဖြုန်းရာပင် ကျသည်။
တခြားကလေးတွေကို ထိန်းပြီးနောက် ချူးယန်ရှီကို ထန်ထိုက်မင် သီးသန့် ခေါ်ဆိုလိုက်သည်။
“ယန်ရှီလေး စိတ်ညစ်နေတာလား။ ဘာလို့ သူငယ်ချင်းတွေနဲ့ ပဟေဠိတူတူ မဖြေတာလဲ”
“ဆရာ့အပူမပါဘူး”။ ချူးယန်ရှီ ရှင်းမပြချင်တော့ပါ။
“ဆရာ့အပူ မပါတာ သေချာရဲ့လား။ သမီးရဲ့အဖေကို ပြဿနာတွေ ပြေလည်သွားအောင် ကူညီပေးနိုင်မယ် ဆိုရင်ကော”
ချူးယန်ရှီ အံ့အားသင့်စွာ မော့ကြည့်လိုက်သည်။
ထန်ထိုက်မင်၏ မျက်နှာပေါ်မှာ ပုံမှန်မြင်နေကျ ဖော်ရွေသော အပြုံးမဟုတ်သည့် စဉ်းလဲသော အပြုံးတစ်ခုကို မြင်လိုက်ရသည်။
“သမီးအဖေအကြောင်း သိလို့လား”။ ချူးယန်ရှီ ဇဝေဇဝါဖြစ်စွာ မေးလိုက်သည်။
… … …
အခန်း(၇၇၂) ဆရာထန်ထိုက် ဘာလို့ ဒီလိုလုပ်ရတာလဲ
“သိတယ်”။ ထန်ထိုက်မင် ပြန်ဖြေလိုက်သည်။
သူ့မျက်လုံးများက ယုံကြည်ချက်များဖြင့် ပြည့်နှက်နေသည်။ နေ့စဉ် မြင်တွေ့နေရသည့် ဖော်ရွေသော မျက်နှာနဲ့ အခု မျက်နှာတို့က အတူတူပဲဖြစ်သော်လည်း မတူညီသည့် လူနှစ်ယောက်ဟု ထင်ရစေသည်။
ထန်ထိုက်မင်ကို ချူးယန်ရှီ အံ့အားသင့် တုန်လှုပ်စွာ ကြည့်လိုက်ပါသည်။
“ဆရာထန်ထိုက်က သမီးအဖေအကြောင်း ဘာလို့ သိနေရတာလဲ”။ ချူးယန်ရှီ မေးလိုက်ပါသည်။
“ဆရာသိတာတွေ အများကြီးရှိတယ်”။ ချူးယန်ရှီနားကို ကပ်ကာ ထန်ထိုက်မင် တီးတိုးပြောလိုက်သည်။ “ချင်းစူစူကို အနိုင်ယူချင်တာမလား။ အဲ့တာဆို ဒီ့ထက် ပိုကြိုးစားမှ ဖြစ်မှာပေါ့။ မင်းသုံးနေကျ အပေါစား လှည့်ကွက်လေးတွေနဲ့ လုံလောက်မှာ မဟုတ်ဘူး”
ချူးယန်ရှီ မျက်လုံးပြူးသွားသည်။
သူဘယ်လို သိတာလဲ။ ဘယ်လောက်ထိ သိထားတာလဲ။
ထို့အပြင် သူမက အသက် ၄ နှစ်အရွယ် ကလေးတစ်ယောက်ဖြစ်သည်။ သာမန်လူကြီးတစ်ယောက်က ၄ နှစ်သမီး တစ်ယောက်ကို ဒီလိုစကားမျိုး လာပြောမှာ မဟုတ်ပါ။
အရင်တစ်ခေါက် သူမကို စကားလာပြောကတည်းက သံသယရှိခဲ့သည်။ သို့သော် သူမ အတွေးများနေခဲ့သဖြင့် ဒီဆရာအသစ်၏ အကြောင်းကို မစုံစမ်းမိခဲ့ပါ။
ယခု ဒီဆရာထန်ထိုက်က အားလုံးထင်ထားသလောက် ဖော်ရွေပြီး သဘောကောင်းမည့်ပုံစံ မပေါ်ပေ။
“ဆရာ သမီးက စူစူလေးကို မမုန်းပါဘူး”။ ဘာပဲဖြစ်ဖြစ် စိတ်ချရဖို့အတွက် ချူးယန်ရှီ ရိုးသားဖြူစင်ချင်ယောင် ဆောင်လိုက်ပါသည်။
“အရင်တစ်ခေါက်က သူများတွေရဲ့ အကူအညီကို ယူဖို့ စူစူလေးရဲ့ ပုံမှန်မဟုတ်တဲ့ ခွန်အားကို လူတိုင်းသိအောင် ဖော်ထုတ်ဖို့ ငါအကြံပေးခဲ့တာ မေ့သွားပြီလား”။ ထန်ထိုက်မင် သတိပေးလိုက်သည်။
သူမ မမေ့ပါ။ သူမရဲ့ သရုပ်မှန်ကိုလည်း ဒီလူ သိထားသည့်ပုံစံပင်။ သို့သော် သူမ ဝန်မခံသရွေ့ ဒီလူ ဘာမှ စွပ်စွဲနိုင်မှာ မဟုတ်ပေ။
“ဆရာထန်ထိုက် ဘာတွေပြောနေတာလဲ။ သမီးနားမလည်ဘူး! စူစူလေးက သမီးနဲ့ မကစားဘူးဆိုပေမယ့် သမီးကတော့ စူစူလေးကို အရမ်းသဘောကျတယ်။ သူသာ ခွင့်ပြုရင် သမီးသူနဲ့ သူငယ်ချင်းတွေဖြစ်ချင်တာ!”
ချူးယန်ရှီက ကလေးတစ်ယောက်၏ အပြုအမူ၊ လေသံများဖြင့် ချင်းစူစူကို သဘောကျသည်ဟုပင် ပြောဆိုလိုက်သည်။
ထန်ထိုက်မင် ပြုုံးသွားသည်။ ချူးယန်ရှီ၏ ဟန်ဆောင်မှုများကို သူ မအံ့ဩဘဲ သူ့ဖုန်းကိုသာ ဖြည်းဖြည်းချင်း ထုတ်လိုက်ပါသည်။
ဖန်သားပြင်ပေါ်မှာ တစ်စုံတစ်ခုကို ရှာဖွေလိုက်ပြီးနောက် ချူးယန်ရှီအား ပြလိုက်လေသည်။
ဖန်းသားပြင်ပေါ်က အရာတွေကိုမြင်ပြီးနောက် ချူးယန်ရှီ တုန်လှုပ်ချောက်ချားကာ မျက်လုံးပြူးသွားလေသည်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… သူဘယ်လိုလုပ်…
ထန်ထိုက်မင် ခပ်ပါးပါး ပြုံးလိုက်၏။ “မအံ့ဩပါနဲ့။ စာသင်ခန်းထဲမှာ လုပ်စရာရှိတာသာလုပ်။ ကျောင်းဆင်းရင် မင်းအဖေကို ပြန်မြင်ရမယ်”
သူ့လေသံက အလွန်တည်ငြိမ်နေပါသည်။
“တကယ်လား”။ ချူးယန်ရှီက ဒီ့ထက်ပိုသေချာသော အဖြေကို လိုချင်နေပါသည်။
“ဘယ်လိုထင်လို့လဲ”။ ထန်ထိုက်မင် မျက်တောင်ပင့်လျက် မေးလိုက်သည်။
တကယ်ဖြစ်နိုင်တယ်…။
ချူးယန်ရှီ ပျော်ရွှင်သွားသည်။ ဒီတစ်ခါတော့ ထန်ထိုက်မင်၏ စကားလုံးများကို သူမ ယုံကြည်သွားပါသည်။
ထန်ထိုက်မင်ကို ချူးယန်ရှီ ကျေးဇူးတင်လိုက်သည်။ “ကျေးဇူးတင်ပါတယ်”
“ကိစ္စမရှိပါဘူး။ အပေးအယူတစ်ခုပဲ ဥစ္စာ”။ ထန်ထိုက်မင် အပြုံးဖြင့် ပြောလိုက်သည်။
“ကျွန်မနားလည်ပါတယ်။ မမေ့ပါဘူး။ ကျွန်မအစကတည်းက ဒီလိုလုပ်ဖို့ စီစဉ်ထားပြီးသားပဲ!”။ ထန်ထိုက်မင်ကို ချူးယန်ရှီ ကတိပေးလိုက်သည်။
“ကောင်းပြီ”
ထို့နောက် ထန်ထိုက်မင်အား ချူးယန်ရှီ မေးလိုက်သည်။ “ကျွန်မအဖေကို ချင်းမိသားစု ထောင်ချောက်ဆင်ပြီး စွပ်စွဲခဲ့လို့ အဖမ်းခံခဲ့ရတာမလား”
“မိတ်ဆွေ ချူးယန်ရှီလေး၊ ဒီကမ္ဘာကြီးမှာ ဘယ်အရာမှ အလကားမရဘူး။ ကိုယ့်ဘက်က တစ်ခုခုကိုလိုချင်ရင် တန်ဖိုးညီတဲ့ တစ်ခုခုကို ပြန်ပေးဆပ်ရတယ်။ ငါ့ဆီက အချက်အလက်တွေ ထပ်လိုချင်တယ်ဆိုရင် မင်းဘက်က ရလဒ်ကို အရင်ဆုံး ထုတ်ပြရမှာပေါ့ နားလည်ရဲ့လား”
…. … …
အခန်း(၇၇၃) ဒေါ်လေးစူစူ ပြောတာ နားထောင်ရမယ်
ချူးယန်ရှီ စကားပြန်ပြောမှာကို စောင့်မနေဘဲ ထန်ထိုက်မင်က ချူးယန်ရှီကို စာသင်ခန်းထဲ ပြန်ခေါ်သွားခဲ့ပါသည်။
သူမလက်ကို ဆွဲထားသည့် ထန်ထိုက်မင်အား ချူးယန်ရှီ မော့ကြည့်လိုက်သည်။ ရုပ်ရည်ချောမောပြီး တောက်ပသည့် မျက်နှာတစ်ခုကိုသာ မြင်ခဲ့ရသည်။
သာမန် မူကြိုဆရာတစ်ယောက်လိုပဲ ဖော်ရွေသော အပြုံးတစ်ခုကို ဆောင်ထားသည်။
ချူးယန်ရှီ ထူးထူးဆန်းဆန်း ခံစားလိုက်ရပြီး ခုနက သူမတို့ စကားပြောခဲ့သည့် ဖြစ်ရပ်က တကယ်ကော ဖြစ်ပျက်ခဲ့တာလားဟု သံသယဝင်လာမိသည်။
ထိုင်ခုံကို ပြန်ရောက်သောအခါ ချူးယန်ရှီ လေးလေးနက်နက် စတင်စဉ်းစားလေသည်။
ဆရာတစ်ယောက်ဖြစ်သည့် ထန်ထိုက်မင်က ဘာကြောင့် ဒီလိုလုပ်ရတာလဲ သူမ မသိသော်လည်း ချင်းမိသားစုကို အငြှိုးထားပုံပေါ်သဖြင့် သူမဘက်မှာရှိနေတာ သေချာပါသည်။
အခုချိန် ခိုကိုးရာမဲ့ဖြစ်နေသော သူမအတွက် ဒါသတင်းကောင်းဖြစ်သည်။
ချူးယန်ရှီ စိတ်တက်ကြွသွားပြီး ထန်ထိုက်မင်ကို မော့ကြည့်ကာ မျက်လုံးများ တောက်ပသွားလေသည်။
ချူးယန်ရှီရဲ့ အတွေးတွေကို စူစူလေးကတော့ သတိမထားမိပါ။ သို့သော် ချင်းလောင်ယွင်ကတော့ သတိထားမိသည်။
ချင်းလောင်ယွင် နှုတ်ခမ်းစူလျက် ကျိုးဟောက်ကို လှည့်ပြောလိုက်ပါသည်။ “ဟောက်ဟောက် ဟိုမှာကြည့်စမ်း။ လူဆိုးမ ယန်ရှီ ဒေါ်လေးစူစူကို စောင့်နေတယ်”
ကျိုးဟောက်က ချင်းလောင်ယွင်လုပ်သမျှ အကုန်လိုက်လုပ်တတ်သည်။ အခုသူလည်း ဒေါ်လေးစူစူနားက မခွာတော့ပါ။
“ဟုတ်တယ် လူဆိုးမ ယန်ရှီ!”။ ကျိုးဟောက်ကလည်း ထောက်ခံသည်။
ယွင်ယွင်ပြောတာမှန်ပါသည်။ လူဆိုးမ ယန်ရှီက စူစူလေးကို ထပ်စောင့်နေပြန်ပြီ။
“ယွင်ယွင်မကြောက်နဲ့ သူက အရမ်းပျော့ညံ့တယ်။ ငါတို့ ဒေါ်လေးစူစူက အရမ်းသန်မာတယ်။ ဒေါ်လေးစူစူကို လုံးဝ အနိုင်ကျင့်နိုင်မှာ မဟုတ်ဘူး”။ ကျိုးဟောက်က ပြောလိုက်လေသည်။
“သူ့ကို လှောင်ပိတ်ထားလို့ရရင် ကောင်းမှာပဲ”။ ချင်းလောင်ယွင် တီးတိုးရေရွတ်လိုက်ပါသည်။
ချင်းလောင်ယွင်၏ စကားကိုကြားပြီး ကျိုးဟောက်ချက်ချင်း အကြံပေးလိုက်သည်။ “အဲ့တာဆို ခဏနေရင် သူ့ကို မှောင်မှောင်မဲမဲ အခန်းကြီးထဲမှာ ပိတ်ထားရအောင်!”
“မရဘူး!”။ ချင်းလောင်ယွင် အမြန်ခေါင်းခါလိုက်ပါသည်။
အရင်တုန်းကဆို ကျိုးဟောက်ပြောသမျှ ချင်းလောင်ယွင် ထောက်ခံလောက်သည်။ သို့သော် အခုတော့ ပြောင်းလဲသွားပါပြီ။
“ဘာလို့လဲ ယွင်ယွင် အဲ့လိုလုပ်ချင်တာ မဟုတ်ဘူးလား”။ ကျိုးဟောက် ခေါင်းကုတ်ကာ မေးလိုက်သည်။
“တစ်ယောက်ယောက်ကို သဘောမကျရင် တိုက်ရိုက် ရင်ဆိုင်ရမယ်လို့ ဒေါ်လေးစူစူကပြောတယ်။ မကောင်းတာတွေ ခိုးလုပ်လို့မရဘူးတဲ့!”။ စူစူလေး မှာထားတာကို ချင်းလောင်ယွင် သေချာ မှတ်မိနေပါသည်။
“ဪ နားလည်ပြီ! အဲ့တာဆို ဒေါ်လေးစူစူစကားကို နားထောင်လိုက်မယ်။ သူ့ကို အခန်းထဲ ပိတ်မထားတော့ဘူး။ သူ့ကို… သူ့ကို…”။ ချူးယန်ရှီကို ဘယ်လို ထိပ်တိုက်ရင်ဆိုင်ရမလဲဆိုတာ ကျိုးဟောက် မစဉ်းစားတတ်တော့ပေ။
“မူကြိုမှာ သူ့ထက် တော်အောင် နေရမယ်! ပဟေဠိတွေလည်း သူ့ထက်မြန်မြန် ဖြေနိုင်ရမယ်! လျှောစီးတာလည်း သူ့ထက်သာအောင် စီးရမယ်!”။ ချင်းလောင်ယွင်က ဖြတ်ပြောလိုက်ပါသည်။
“ဟုတ်တယ် ဟုတ်တယ် ယွင်ယွင်ပြောတာမှန်တယ်!” ကျိုးဟောက် ခေါင်းငြိမ့်ထောက်ခံလိုက်သည်။ “သူ့ထက် ပိုသာပြီး ဆရာမတွေချီးကျူးတာခံရအောင် လုပ်ကြမယ်!”
ကလေး ၂ ယောက် ပြဿနာအတွက် အဖြေရသွားကြပြီး ချူးယန်ရှီကို ယှဉ်ပြိုင်ဖို့အတွက် ခေါင်းငုံ့ကာ ပဟေဠိတွေ ကြိုးစားပမ်းစား ဖြေဆိုနေလိုက်ကြပါသည်။
“ချင်းစူစူလေး ဆရာနဲ့ခဏလောက် အပြင်လိုက်ခဲ့ပါ”
ချူးယန်ရှီနဲ့ မကြာသေးခင်ကမှ စကားပြောခဲ့သည့် ထန်ထိုက်မင် စူစူလေး၏အမည်ကို ခေါ်လိုက်ပြန်သည်။
စူစူလေး ကြောင်စီစီဖြစ်သွား၏။
ဆရာက သူမကို ခေါ်နေတာလား။ ဘာလို့လဲ။
သူမ အိပ်မငိုက်ဘဲ ပဟေဠိတွေ ကြိုးစားပမ်းစားဖြေနေတာပါ။
ချူးယန်ရှီလည်း စူစူလေးလိုပဲ ထန်ထိုက်မင်ကို ဇဝေဇဝါဖြစ်စွာ ကြည့်လိုက်သည်။
ဆရာထန်ထိုက်မင် ဘာတွေကြံစည်နေတာလဲ။
ခုနကမှ သူမကို စကားပြောပြီးတာ အခု ချင်းစူစူနဲ့ စကားထပ်ပြောမလို့လား။
ချင်းစူစူကို ဘာပြောမလို့လဲ။
“ချင်းစူစူလေးရဲ့ အကူအညီလိုလို့ ဆရာနဲ့ ခဏလောက် လိုက်ခဲ့ပေးလို့ရမလား”။ စူစူလေးကို ထန်ထိုက်မင် ထပ်ဖိတ်ခေါ်လိုက်လေသည်။
… … …
အခန်း(၇၇၄) စူစူလေးကို ထန်ထိုက်မင် ချဉ်းကပ်ခြင်း (၁)
စူစူလေး ထိုင်ခုံမှ ချက်ချင်းထလိုက်ပြီး ခြေလှမ်းကျယ်ကျယ်လှမ်းကာ ထန်ထိုက်မင်နဲ့အတူတူ စာသင်ခန်းထဲမှ ထွက်သွားသည်။
သူတို့ နှစ်ယောက်ကိုကြည့်ရင်း ချူးယန်ရှီ မျက်မှောင်ကြုတ်သွားမိ၏။ သူမရင်ထဲ စိတ်မသက်မသာဖြစ်လာပြီး တစ်ခုခုကို စိုးရိမ်လာမိသည်။ ဘာကို စိုးရိမ်နေမှန်းလည်း အတိအကျမပြောနိုင်ပါ။
ထန်ထိုက်မင်အကြောင်း သူမ သိပ်မသိသေးတာကြောင့် ဖြစ်နိုင်သည်။ အခုချိန်မှာ သူက သူမရဲ့တစ်ခုတည်းသော အားကိုးရာဖြစ်နေတာကြောင့်လည်း ဖြစ်နိုင်ပါသည်။
ထန်ထိုက်မင်နဲ့အတူတူ ရုံးခန်းထဲသို့ စူစူလေး လိုက်လာခဲ့သည်။
ဆရာအသစ်ကို ကြည့်ရင်း စူစူလေးမျက်နှာ အူတူတူဖြစ်နေပါသည်။
သူက ချောတော့ ချောပါတယ်!
ဒါပေမယ့် တူချောလေးလောက်တော့ မချောဘူး!
“ဆရာမင်က သမီးကို ဘာပြောချင်လို့လဲ”။ စူစူလေး မေးလိုက်သည်။ သူမ အသံက ချစ်ဖို့ကောင်းသော်လည်း အရှိန်အဝါ ပါပါသည်။
ထန်ထိုက်မင်က စူစူလေးနဲ့ စကားပြောဖို့ ဆောင့်ကြောင့်ထိုင်လိုက်သည်။ ထိုစဉ် ရုံးခန်းပြူတင်းပေါက်နားမှ ရပ်ကြည့်နေသည့် ဟဲပေမူကိုလည်း သူဖြတ်ခနဲ မြင်သွားပါသည်။ ဟဲပေမူ၏ လှုပ်ရှားမှုများက အလွန် တိတ်ဆိတ်သဖြင့် သာမန်လူ မြင်နိုင်မှာ မဟုတ်ပါ။
စူစူလေးသွားသည့်နေရာတိုင်းကို သူလိုက်လာပြီး သေချာ စောင့်ကြည့်နေတတ်သည်။
ထို့အပြင် ဟဲပေမူလက်ထဲမှာ ကြောင်လေးတစ်ကောင် ပါလာတာကိုတောင် ထန်ထိုက်မင် သတိထားမိပါသည်။
ထန်ထိုက်မင် မျှော်လင့်ထားသလိုပဲ ဟဲပေမူက အခန်းထဲက လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည်။ စူစူလေးရဲ့ ဆရာဖြစ်နေတာနဲ့ပဲ စိတ်ချလက်ချ လွှတ်ပေးထားမှာ မဟုတ်ပါ။
ဟဲပေမူ၏ ဟူဒီထဲ ဝင်ပုန်းနေသည့် ဟူကျစ် ခေါင်းလေးပြူထွက်ကာ အပြင်ကို ချောင်းကြည့်လိုက်သည်။
အရင်တုန်းကဆို စူစူလေး ကျောင်းသွားလျှင် ဟူကျစ်က အိမ်မှာသာ စောင့်နေနိုင်သည်။
သို့သော်လည်း အခုတော့ ပိုကောင်းသည့် နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့ပါပြီ။ ဟဲပေမူနားမှာ ကပ်နေဖို့ ဖြစ်၏။ ဒီလိုသာဆို သူ့သခင်နောက်ကိုလည်း လိုက်နိုင်မည်ဖြစ်သလို ဟဲပေမူနဲ့လည်း ကစားနိုင်မည်။
မြောင်~
သူ့သခင် ဘေးကင်းပါသည်။ ထို့ကြောင့် ပြန်အိပ်နိုင်ပြီ။
ထို့နောက် ဟဲပေမူ၏ ဟူဒီထဲပြန်ဝင်ကာ ဟူကျစ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့လေသည်။
ထန်ထိုက်မင်လည်း စူစူလေးဆီ အကြည့်ပြန်လွှဲလိုက်ပြီး အပြုံးဖြင့် ပြောလိုက်၏။ “သမီးက အရမ်းတော်လွန်းလို့ ပြိုင်ပွဲလေးတစ်ခုမှာ ဝင်ပါစေချင်တယ်”
“ပြိုင်ပွဲလေးဟုတ်လား ဘာပြိုင်ပွဲလေးလဲ”။ စူစူလေး မေးလိုက်သည်။
ဆရာမင်က သူမကို ချီးကျူးသော်လည်း သိပ်မရင်းနှီးသဖြင့် အလွယ်တကူ ယုံကြည်မှာ မဟုတ်ပါ။
သူမက အလွန်စေ့စပ်သေချာသောလူတစ်ယောက်ဖြစ်သည်။ အဖြူရောင် အခိုးအငွေ့တွေနဲ့ လူတွေကိုသာ ယုံကြည်သည်။
ဆရာမင်၏ အခိုးအငွေ့များကို သူမ မမြင်ရပါ။ ထို့ကြောင့် သူက လူကောင်းလား လူဆိုးလား ဝေခွဲမရဖြစ်နေပါသည်။
“မြို့တော်က ကျင်းပပေးမယ့် ပြိုင်ပွဲပါ။ မူကြိုတိုင်းက ကိုယ်စားပြု ကျောင်းသားကျောင်းသူလေးတွေ ဝင်ပြိုင်ရမှာ။ ဆရာတို့ မူကြိုကျောင်းမှာလည်း ကိုယ်စားပြု ဝင်ပြိုင်ပေးမယ့်လူတစ်ယောက်လောက် လိုအပ်တယ်။ ဆရာတို့ ကျောင်းသားတွေထဲမှာ စူစူလေးက ခွန်အားအကြီးဆုံးလို့ ထင်လို့ ပြိုင်ပွဲမှာ ဆရာတို့ မူကြိုအတွက် ကိုယ်စားပြုပြီး ဝင်ပြိုင်စေချင်တာပါ။ ဘယ်လိုသဘောရလဲ စူစူလေး”
ဆရာမင်က အပြုံးများဖြင့် ရှင်းပြလိုက်ပါသည်။ သူ့အပြုံးက အလွန်နူးညံ့သိမ်မွေ့ကာ ကလေးတွေ သဘောကျလောက်မည့် အသံမျိုးဖြစ်သည်။
“မပြိုင်ချင်ဘူး! တခြားကလေးတွေကို ဝင်ပြိုင်ခိုင်းလိုက်! ဟောက်ဟောက် ပြိုင်လိမ့်မယ်! ဟောက်ဟောက်ကိုပဲ ပြိုင်ခိုင်းလိုက်!”။ စူစူလေး ငြင်းလိုက်ပြီး ကျိုးဟောက်ကိုသာ ရွေးဖို့ ပြောလိုက်ပါသည်။
ကလေးတွေထဲမှာ သူမမှအပ ဟောက်ဟောက်က အားအရှိဆုံး ဖြစ်သည်။
“ဘာလို့လဲ။ စူစူလေးက ပြိုင်ပွဲမှာ အနိုင်မရချင်ဘူးလား။ ဟုံဖုန်းမူကြိုတစ်ကျောင်းလုံးကို ကိုယ်စားပြုပြီး ဝင်ပြိုင်ရမှာနော်”။ ထန်ထိုက်မင် ချိုမြိန်စွာ ပြုံးကာ မေးလိုက်ပါသည်။
“သူတို့ကို မနိုင်ချင်ပါဘူး”
သူမ အနိုင်ယူချင်တာက နတ်ယုတ်မာကြီးကိုဖြစ်သည်။ လူသားပေါက်စနလေးတွေကို အနိုင်ယူရမှာ သိပ်ပြီး ကျေနပ်စရာ မကောင်းပါ။
“ဪ သူတို့ကို မနိုင်ချင်ဘူးဆိုရင် ဘယ်သူ့ကို နိုင်ချင်လို့လဲ”။ ထန်ထိုက်မင် စကားလမ်းကြောင်းသွယ်ကာ မေးမြန်းလိုက်လေသည်။
… … …
အခန်း(၇၇၅) စူစူလေးကို ထန်ထိုက်မင် ချဉ်းကပ်ခြင်း (၂)
“အဲ့တာတော့ ပြောပြလို့မရဘူး”။ စူစူလေး ငြင်းလိုက်ပါသည်။
နတ်ယုတ်မာကြီးအကြောင်းကို လူတိုင်းအား သူမ ပြောပြမှာ မဟုတ်ပါ။
“ဆရာ့ကို ဘာလို့ ပြောပြလို့မရတာလဲ။ စူစူလေး ဘယ်သူ့ကို အနိုင်ယူချင်တာလဲဆိုတာ ဆရာလည်း သိချင်တယ်လေ”။ ထန်ထိုက်မင် အပြုံးမပျက်ဘဲ ဖိအားပေးကာ မေးမြန်းလိုက်ပါသည်။
“သမီးက ဆရာနဲ့မှ မရင်းနှီးတာ!”။ စူစူလေး ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
“မရင်းနှီးဘူးဟုတ်လား။ ဒါပေမယ့် ဆရာဒီကို ရောက်တာ ၂ ပတ်ကျော်ပြီလေ”
“အဲ့တာလည်း မရင်းနှီးသေးဘူး! အဲ့တာကို ရင်းနှီးတယ်လို့ မခေါ်ဘူး!”
ဆရာသစ် ရောက်လာတာ ကြာပြီဖြစ်သော်လည်း သူမနဲ့ စကားများများ မပြောဖူးသဖြင့် ရင်းနှီးသည်ဟု ဆိုလို့ မရပေ။
“ဪ အဲ့လိုလား။ အဲ့တာဆို စူစူလေးနဲ့ ရင်းနှီးလာအောင် ဆရာ ဘာလုပ်ရမလဲ”
“မသိဘူး”
“ဒီလိုဆိုရင်ကော။ ဆရာက စူစူလေးကို အရသာရှိတဲ့ မုန့်တွေကျွေးမယ်။ အဲ့တာဆို ရင်းနှီးပြီလို့ သတ်မှတ်လို့ရလား”
ပြောပြောဆိုဆိုနဲ့ ထန်ထိုက်မင် ကြိုပြင်ဆင်ထားသည့် ချိစ့်ချောင်းတစ်ချောင်းကို ထုတ်ပေးလိုက်ပါသည်။
စူစူလေးက ကြည့်ပင်မကြည့်ဘဲ ပြတ်ပြတ်သားသား ငြင်းလိုက်သည်။ “စားလို့မရဘူး! ဆရာက ချင်းမိသားစုဝင် မဟုတ်ဘူး။ ခုတလော သမီးကို ဒုက္ခပေးချင်နေတဲ့လူတွေ များနေလို့ မိသားစုဝင်ကလွဲပြီး သူများတွေကျွေးတာကို မစားရဘူးလို့ တူကြီးက မှာထားတယ်!”
မကြာသေးခင်ကမှ ထုတ်ထားသည့် စည်းကမ်းတစ်ခုဖြစ်ပါသည်။ စူစူလေး ပြန်ပေးထပ်ဆွဲခံရပြီးနောက် ချင်းမိသားစုလည်း စည်းကမ်းချက်အသစ်တွေ ထပ်ထုတ်ခဲ့သည်။
“ဒါပေမယ့် ဆရာက စူစူလေးရဲ့ ဆရာလေ။ ဆရာ့စကား နားထောင်ရမယ်လို့ ဖေဖေနဲ့ မေမေက သင်မထားဘူးလား”
“အဲ… အဲ့လိုတော့ ပြောထားတယ် ထင်တယ်”။ စူစူလေး ခေတ္တစဉ်းစားလိုက်ပါသည်။ ဒီအချက်ကိုတော့ သူမ မှတ်မိပါသည်။
“အဲ့တာဆို ဆရာမုန့်လေးတစ်ခုကျွေးတာ စားလို့မရဘူးလား”။ ထန်ထိုက်မင် ဆက်ပြောလိုက်သည်။
“ပြီးရော ပြီးရော”
စူစူလေး ထိုချိစ့်ချောင်းကို ယူလိုက်ပါသည်။
သူမဆရာဖြစ်နေသည့်အတွက် တစ်ခုလေးပဲ စားပေးလိုက်ပါမည်။
“နင်စားလို့မရဘူး”။ ပြူတင်းပေါက်မှ ဟဲပေမူ ရုတ်တရက် ခေါင်းပြူဝင်လာပြီး စူစူလေးကို လှမ်းတားလိုက်သည်။
စူစူလေးက ဟဲပေမူကို လှည့်ကြည့်လိုက်ပြီး ထန်ထိုက်မင်အား ချိစ့်ချောင်း ပြန်ပေးလိုက်ပါသည်။
“ရော့။ သမီးဘော်ဒီဂတ်က မစားရဘူးတဲ့။ အာ့ကြောင့် မစားတော့ဘူး”
“သူက စူစူလေးရဲ့ ဘော်ဒီဂတ်လေ။ သူက စူစူလေးစကားကို နားထောင်ရမှာ မဟုတ်ဘူးလား။ စူစူလေးက ဘာလို့ သူ့စကားကို နားထောင်နေရတာလဲ”။ ထန်ထိုက်မင် မေးလိုက်၏။
“ဘာလို့လဲဆိုတော့ ဘော်ဒီဂတ်ကိုကြီးကို ဖေဖေနဲ့ မေမေတို့ လွှတ်ထားတာလေ! အာ့ကြောင့် သူပြောတာမှန်သမျှက ဖေဖေနဲ့မေမေတို့ပြောတာနဲ့ တူတူပဲ”
“ဒါပေမယ့် စူစူလေးက အရွယ်ရောက်နေပြီလေ။ ဖေဖေနဲ့ မေမေတို့စကားကို တသွေမတိမ်း လိုက်နာစရာမှ မလိုတော့တာ”
“ဘယ်လောက်ပဲ အရွယ်ရောက်ရောက် ဖေဖေနဲ့ မေမေတို့ ပြောတဲ့စကားက အဓိပ္ပာယ်ရှိရင် နားထောင်ရမှာပဲ”။ စူစူလေးက ခါးထောက်ပြီး ထန်ထိုက်မင်ကို ပြန်ဆုံးမလိုက်ပါသည်။ “ဆရာက အရွယ်ရောက်သွားတာနဲ့ပဲ ဆိုးသွမ်းပြီး လူကြီးတွေစကားကို နားမထောင်လို့ မရဘူး။ ဖေဖေနဲ့မေမေ ပြောတာ အဓိပ္ပာယ်မရှိရင် နားထောင်စရာ မလိုဘူးလို့ ပြောတယ်။ ပြောသမျှ နားထောင်ရင်လည်း ငတုံးလေးဖြစ်သွားလိမ့်မယ်တဲ့!”
“ဟုတ်လား အဲ့လိုတွေ ရှိတာလား”။ ထန်ထိုက်မင် ပြုံးသွားပါသည်။
ဟဲပေမူက အေးတိအေးစက် မျက်နှာဖြင့် သတိပေးလိုက်ပါသည်။ “ကျောင်းသားတွေကို နားလည်မှုလွဲအောင် မလုပ်နဲ့”
ထန်ထိုက်မင် ရယ်မောလိုက်ပြီး ပြန်ပြောလိုက်သည်။ “တောင်းပန်ပါတယ်။ ချင်းမိသားစုမှာ ဒီလို စည်းကမ်းတွေ ရှိနေလိမ့်မယ် ထင်မထားဘူး။ ငါ့ကျောင်းသားနဲ့ ပိုပြီး ခင်မင်ရင်းနှီးချင်ရုံပါ”
ပြောပြောဆိုဆိုနဲ့ ထန်ထိုက်မင်က ချိစ့်ချောင်းကို ပါးစပ်ထဲထည့်ပြီး ကိုက်စားပြလိုက်ပါသည်။ သူ့မုန့်ထဲမှာ ဘာမှ မထည့်ထားကြောင်း ဟဲပေမူကို သက်သေပြလိုက်တာလည်း ဖြစ်သည်။
ဟဲပေမူက ခံစားချက်မဲ့စွာ ပြောလိုက်၏။ “ဒီကိစ္စက ခင်ဗျားကျွေးတဲ့မုန့် ကောင်းတာ မကောင်းတာနဲ့ မသက်ဆိုင်ဘူး။ စူစူလေးရဲ့ မိဘတွေက စူစူလေးကို သူများကျွေးတာ မစားတတ်အောင် ဆုံးမထားတာ။ ဆရာတစ်ယောက်အနေနဲ့ စူစူလေးမိဘတွေရဲ့ ဆုံးဖြတ်ချက်ကို အားပေးသင့်တာ မဟုတ်ဘူးလား”
အသက် ၁၅ - ၁၆ နှစ်အရွယ် မျက်နှာနဲ့ ဟဲပေမူက စကားကို လူကြီးတစ်ယောက်ကို ပြေပြေပြစ်ပြစ် ပြောနိုင်နေပြီ ဖြစ်သည်။
“နားလည်ပါပြီ”။ ထန်ထိုက်မင် အပြုံးမပျက်ပေ။ “ဒါဆို သူ့ကို မုန့်မကျွေးတော့ဘူး။ ဒီတိုင်း စကားပြောလို့တော့ ရတယ်မလား”
… … …