အခန်း (၇၉၁-၇၉၅)
Vol. 32 Ch. 791-795
အခန်း(၇၉၁) မျက်လုံးထဲမှာ စန်းကျစ်ပဲရှိတယ်
သူ့ရုံးခန်းတံခါး ပွင့်လာသံကြားမှ ချင်းယုဟွိုင်း မော့ကြည့်လိုက်ပါသည်။
သူပထမဆုံး မြင်လိုက်သည့်လူက စန်းကျစ်ဖြစ်နေသည်။
ဒီနေ့ သူမ လှလှပပ ဝတ်ဆင်ထားသည်။ သူမရဲ့ ခါးအရှည်ရှိ ဆံနွယ်များကို စုကာ စည်းထားသည်။
“ဘာကိစ္စရှိလို့လဲ”
ချင်းယုဟွိုင်း မေးလိုက်သည်။ ဘာကြောင့်မှန်းမသိဘဲ သူမကို မြင်လိုက်ရချိန်မှာ သူ့နှလုံးသားထဲ ထူးထူးဆန်းဆန်း ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“နေ့လယ်စာ လာပို့ပေးတာ…”။ စန်းကျစ် ပြန်ပြောလိုက်သည်။
“နေ့လယ်စာ လာပို့ပေးတာ ဟုတ်လား”။ ချင်းယုဟွိုင်း ရင်ခုန်နှုန်း ၂ ဆ တိုးသွားသည်။ သူ့အသံတွေလည်း တုန်ယင်သွားပါသည်။ “မင်း… ငါ့အတွက် စိတ်ပူနေတာလား”
ခပ်ထူထူ အနက်ရောင်ကိုင်းမျက်နှာများ နောက်ရှိ စန်းကျစ်၏ မျက်ဝန်းတွေကို သူငေးကြည့်လိုက်သည်။
သူ့ရင်ထဲ ပူနွေးလာခဲ့သည်။
“အစ်ကိုကြီးက အစ်မစန်းကျစ်တစ်ယောက်တည်းကိုပဲ တွေ့တာလား”
ချင်းယုကျီး ဒီတိုင်း ရပ်ကြည့်မနေနိုင်တော့သဖြင့် ရုတ်တရက် ဝင်ပြောလိုက်သည်။
ချင်းယုကျီး၏ အသံက ချင်းယုဟွိုင်းကို ရေခဲရေဖြင့် ပက်လိုက်သလိုပင်။
“မင်းက ဘာလာလုပ်တာလဲ”။ ချင်းယုဟွိုင်း၏ မျက်လုံးများ အေးစက်သွားပြီး လေသံကလည်း ကြမ်းကြုတ်သွားပါသည်။
ချင်းယုကျီး ခေါင်းငုံ့ကာ ပြောလိုက်သည်။ “ဒေါ်လေး အစ်ကိုကြီးရဲ့အချိုးကို ကြည့်ပါဦး။ ငါ့ကို အသာထား ငါတို့ ဒေါ်လေးကိုတောင် သူမတွေ့ဘူးတဲ့”
ချင်းယုကျီးပြောမှ စူစူလေးလည်း ပါလာမှန်း ချင်းယုဟွိုင်းတွေ့သွားသည်။
သနားစရာစူစူလေးက သူမအရပ်ထက် ပိုမြင့်သည့် နေ့လယ်စာဘူးကြီးကို သယ်ထားဆဲဖြစ်ပြီး မျက်နှာကို ကွယ်နေသဖြင့် ခြေထောက်လေးတွေ လက်ကလေးတွေကိုသာ မြင်နိုင်ပါသည်။
စူစူလေး၏ မျက်နှာကို မြင်တော့ ချင်းယုဟွိုင်း ရင်တုန်သွားလေသည်။ ချင်းယုဟွိုင်းကို စူစူလေး ခေတ္တ စိုက်ကြည့်လိုက်ပြီး နောက်လှည့်ကာ ချင်းယုကျီးနဲ့ စန်းကျစ်တို့ကို ပြောလိုက်သည်။
“အိမ်ပြန်မယ်!”
ပြောပြောဆိုဆိုနဲ့ စူစူလေး လှည့်ထွက်သွားသည်။
ချင်းယုဟွိုင်း အမြန် ပြေးလာပြီး စူစူရှေ့မှာ ပိတ်ကာလိုက်ပါသည်။ “စိတ်မဆိုးပါနဲ့ ငါမရည်ရွယ်ပါဘူး”
“ဟွန်း!”။ စူစူလေး မျက်နှာလွှဲလိုက်သည်။
ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် စိတ်ကောက်တတ်တာ မိန်းကလေးသဘာဝ ဖြစ်သည်။ ဒီလို လျစ်လျူရှုခံရတာလောက် ဒေါသထွက်တာ မရှိပါ။
ချင်းယုဟွိုင်းလည်း စူစူလေးကို ဘယ်လိုချော့ရမလဲ မသိသဖြင့် သူ့ညီကို လှည့််ကြည့်လိုက်သည်။
ချင်းယုကျီးလည်း အလျစ်လျူရှုခံခဲ့ရသူဖြစ်သဖြင့် သူ့အစ်ကိုကြီးကို စကားမပြောချင်ပါ။
“ဟွန်း!”။ ချင်းယုကျီးလည်း စူစူလေးလိုပဲ ပြုမူလိုက်သည်။
ထို့ကြောင့် စန်းကျစ်ကိုသာ ချင်းယုဟွိုင်း တောင်းတောင်းပန်ပန် ကြည့်နိုင်တော့သည်။
“အဲ… စူစူလေးကို သေချာတောင်းပန်သင့်တယ် ထင်တယ်”။ စန်းကျစ် အကြံပေးလိုက်သည်။
ချင်းယုဟွိုင်းနဲ့ ယှဉ်လိုက်ပါက စန်းကျစ်က စူစူလေး၏ ခံစားချက်ကို ပိုစိတ်ပူပါသည်။
ချင်းယုဟွိုင်းက မတောင်းပန်ချင်တာ မဟုတ်သော်လည်း မတောင်းပန်တတ်တာဖြစ်သည်။
“စူစူလေး ငါတောင်းပန်ပါတယ်။ ခုနက တကယ် မမြင်လိုက်လို့ပါ။ တမင် မမြင်ချင်ယောင် ဆောင်တာ မဟုတ်ပါဘူး”။ ချင်းယုဟွိုင်း လေးလေးနက်နက် တောင်းပန်လိုက်ပါသည်။
“ဟွန်း! ငါက ဒီလောက်အကြီးကြီးကို ဘာလို့ မမြင်ရတာလဲ”။ စူစူလေး မေးလိုက်သည်။
သူမကို ဘာလို့ မမြင်လိုက်တာလဲ…
ထိုမေးခွန်းကို ချင်းယုဟွိုင်း တကယ်မဖြေနိုင်ပါ။ သူ စိတ်ညှို့ခံရသလို ဖြစ်သွားခဲ့သည်။ လူ ၃ ယောက်ဝင်လာသည့်အနက် စန်းကျစ် တစ်ယောက်တည်းကိုသာ မြင်ခဲ့လေသည်။
ချင်းယုဟွိုင်း ကိုယ်တိုင် နားမလည်သဖြင့် စူစူလေးကိုလည်း ပြန်ရှင်းမပြတတ်ပါ။
“ငါထိုင်နေတဲ့ နေရာကနေ မမြင်ရလို့ပါ” ချင်းယုဟွိုင်း ရှင်းပြဖို့ ကြိုးစားပါသည်။
ထိုစဉ် ချင်းယုကျီးက သူ့အစ်ကိုကြီးရဲ့ စီအီးအိုထိုင်ခုံမှာ သွားထိုင်ကြည့်လိုက်ပြီး စစ်ဆေးလိုက်သည်။
“အစ်ကိုကြီးလိမ်နေတာ! ငါမင်းထက် အရပ်ပိုပုတာတောင် စူစူလေးကို ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်!”။ အစ်ကိုဖြစ်သူရဲ့ အလိမ်အညာကို ချင်းယုကျီး ဖော်ထုတ်လိုက်ပါသည်။
“ဟွန်း! တူကြီးလိမ်တယ်!”။ စူစူလေး မျက်နှာ ပြန်လည်ခက်ထန်သွားပြန်သည်။
… … …
အခန်း(၇၉၂) သူ့ဆီက အကြည့်မခွာနိုင်လို့
စူစူလေးကို ချင်းယုဟွိုင်း လိမ်နေမှန်း သိလိုက်ရသဖြင့် စန်းကျစ်လည်း နှုတ်ခမ်းစူကာ အတည်ပေါက် ဝင်ပြောလိုက်သည်။ “သခင်လေးချင်း၊ ပြောစရာရှိတာကို အမှန်တိုင်း ပြော။ စူစူလေးကို မလှည့်စားနဲ့!”
စန်းကျစ်၏ ခက်ထန်သော မျက်နှာကို မြင်ပြီး ချင်းယုဟွိုင်းလည်း မျက်မှောင်ကြုတ်သွားသည်။ သူ့ရင်ထဲမှာ သူကိုယ်တိုင် နားမလည်နိုင်သည့် ခံစားချက်တစ်ခုကို ခံစားနေရသည်။
သူဘယ်သူ့ကိုမှ လှည့်စားတာ မဟုတ်ပါ။ စူစူလေးကိုကော စန်းကျစ်ကိုကော မလှည့်စားပါ။
ချင်းယုဟွိုင်း၏ အကြည့် စူစူလေးထံ ပြန်ရောက်သွားသည်။
“စူစူလေး ငါတောင်းပန်ပါတယ်။ စူစူလေးကို လှည့်စားတာ မဟုတ်ပါဘူး။ ခုနက စူစူလေးကို မမြင်လိုက်တာက မမလှလှကို မြင်ပြီး သူ့ဆီပဲ အာရုံရောက်သွားလို့ပါ။ သူက အရမ်းလှတော့ အကြည့်မခွာနိုင်ဘူး ဖြစ်သွားတာ။ ဘာကြောင့်မှန်း မသိပေမယ့် စူစူလေးကို တမင်တကာ မသိချင်ယောင်ဆောင်တာ မဟုတ်ပါဘူး”
ချင်းယုဟွိုင်း၏ မျက်နှာက ကုမ္ပဏီကိစ္စဆွေးနွေးနေသကဲ့သို့ အလွန်တည်တံ့နေသည်။ ချင်းယုဟွိုင်း ဆင်ခြေလည်း မပေးတတ်သလို ကိုယ့်ကိုယ်ကိုယ်လည်း မကာကွယ်တတ်ပါ။ မိန်းကလေးတစ်ယောက်ကိုလည်း တစ်ခါမှ မချော့ဖူးပါ။
သူလိမ်တာကိုလည်း စူစူလေး သဘောမကျသဖြင့် အမှန်တရားပြောဖို့သာ ရှိတော့သည်။
ထို့ကြောင့် ချင်းယုဟွိုင်း ဘာကိုမှ မဖုံးကွယ်တော့ဘဲ ဖြစ်ပျက်ခဲ့တာတွေအကုန် အမှန်အတိုင်း ပြောလိုက်ပါသည်။
ထိုသို့ပြောပြီးနောက် စန်းကျစ်ဆီ ချင်းယုဟွိုင်း အကြည့်ရောက်သွားသည်။
ဒါတွေက သူ့ခံစားချက် အစစ်အမှန်တွေဖြစ်၏။ သူမ ကြားသွားလျှင် ဘယ်လို သဘောထားမလဲ မသိပါ။
ချင်းယုဟွိုင်း၏ စကားကိုကြားပြီး စန်းကျစ် ကြက်သေသေသွားခဲ့သည်။ သူမ ခေါင်းထဲ တဝီဝီ မြည်လာပြီး ပါးတွေ နွေးလာပါသည်။
ချင်းယုဟွိုင်းကို စန်းကျစ် ကြက်သေသေသကာ ကြည့်နေသည်။
အခုချိန်မှာ သူမ ရင်တွေခုန်နေပြီး မျက်နှာတွေ ပူနွေးနေမှန်းသာ သိသည်။ ကျန်တာ ဘာမှ မစဉ်းစားနိုင်တော့ပေ။
သူတို့နှစ်ယောက် တစ်ယောက်မျက်နှာကိုတစ်ယောက် အချိန်အကြာကြီး စိုက်ကြည့်နေခဲ့ကြ၏။
အနောက်မှာ ချင်းယုကျီး မျက်လုံးပြူးနေသည်။။ သူ့အစ်ကိုကြီး… နောက်ဆုံးတော့ ဖွင့်ပြောလိုက်ပြီလား။
စူစူလေးလည်း ကြောင်စီစီဖြစ်သွားသည်။ တူကြီး ဘာပြောတာလဲ။
“တူကြီးပြောတာ နားမလည်ဘူး။ မမလှလှဆီက ဘာလို့ အကြည့်ခွာလို့ မရတာလဲ။ မမလှလှက လှပေမယ့် တူလေးနဲ့ ဒေါ်လေးတို့ကလည်း ရုပ်မဆိုးပါဘူး။ ဘာလို့ သူတစ်ယောက်တည်းကိုပဲ မြင်တာလဲ”။ စူစူလေးက ခေါင်းထဲမှာ မေးခွန်း တစ်ခုပေါ်လာတိုင်း ချက်ချင်း မေးတတ်သူဖြစ်သည်။
“သူ့ဆီက အကြည့်ခွာလို့မရတာက… သူက ငါ့အတွက် ထူးခြားတဲ့လူတစ်ယောက် ဖြစ်နေလို့။ သူ့ကို မြင်လိုက်တိုင်း ငါ့ရင်ထဲမှာ သူ့ပုံရိပ်တွေနဲ့ ပြည့်နှက်သွားတာ…”
စူစူလေး၏ မေးခွန်းကို ပြန်ဖြေနေသော်လည်း သူ့မျက်လုံးတွေက စန်းကျစ်ဆီမှာသာ ရှိပါသည်။
စူစူလေးက သူမတူကြီးကို ကြည့်လိုက်ပြီး မမလှလှကိုလည်း လှည့်ကြည့်လိုက်သည်။
ဘာမှ နားမလည်နိုင်တော့သဖြင့် ခေါင်းသာ ကုတ်လိုက်ပါသည်။
ချင်းယုကျီး ခေါင်းထောင်သွားပြီး စူစူလေးဘေးသို့ ပြေးလာကာ ပွေ့ချီလိုက်သည်။ ထို့နောက် လျှပ်စီးလို အလျှင်ဖြင့် ထွက်ပြေးသွားတော့သည်။
“တူလေး ဘာလုပ်တာလဲ”။ သူမကို ချီပြီး ထွက်ပြေးလာသည့် ချင်းယုကျီးကို စူစူလေး အူတူတူ ကြည့်လိုက်သည်။
ချင်းယုကျီးက ပြေးရင်းလွှားရင်း ပြန်ဖြေလိုက်၏။ “ဘာမှမဖြစ်ဘူး ဒေါ်လေး။ တစ်နေရာရာမှာ သွားကစားရအောင်နော်”
“ဒါမယ့် တူကြီးက သေချာ မရှင်းပြရသေးဘူးလေ! သူ့ကို ခွင့်လွှတ်ပေးရမလား မဆုံးဖြတ်ရသေးဘူး!”
“ဘာမှ ရှင်းပြစရာမလိုတော့ဘူး။ အစ်ကိုကြီးက တမင်တကာ လုပ်တာ မဟုတ်ဘူး”
“တကယ်လား”
“တကယ်ပေါ့! ဒေါ်လေး နားမလည်လောက်ပေမယ့် ယောက်ျားတစ်ယောက်က သူချစ်တဲ့ မိန်းမတစ်ယောက်ကို မြင်လိုက်ရင် ကမ္ဘာကြီးတစ်ခုလုံးကိုတောင် လျစ်လျူရှုနိုင်စွမ်းရှိတယ်တဲ့”
“ဒါပေမယ့် ငါက သူ့ဒေါ်လေးလေ! ကမ္ဘာကြီးတစ်ခုလုံးမှ မဟုတ်တာ”
တူမှမတူတာ!
“ဒေါ်လေး ခဏစောင့်စမ်းပါ။ တစ်နေရာရာမှာ စကားအေးဆေးပြောကြမယ်!”
ချင်းယုဟွိုင်း၏ လက်ထောက်ရုံးခန်းထဲသို့ ချင်းယုကျီးနဲ့စူစူလေး ဝင်လာကြသည်။
အသက်လုပြေးလာကြသည့် ချင်းယုကျီးနဲ့ စူစူလေးတို့ကိုကြည့်ရင်း ချင်းယုဟွိုင်း၏ လက်ထောက်လည်း ပါးစပ် အဟောင်းသား ဖြစ်သွား၏။
“သခင်လေးယုကျီးနဲ့ စူစူလေးတို့ ဘာလာလုပ်ကြတာလဲ”
“တံခါးပိတ်လိုက် တံခါး အမြန်ပိတ်လိုက်!”။ ချင်းယုကျီး ဂယောင်ချောက်ချားနဲ့ အမိန့်ပေးလိုက်လေသည်။
… … …
အခန်း(၇၉၃) တစ်သက်မှာတစ်ခါပဲ ကြုံရမယ့်အဖြစ်
ဘာတွေဖြစ်နေမှန်း မသိသော်လည်း ချင်းယုကျီး အလွန်စိတ်ချောက်ချားနေတာကိုမြင်ပြီး လက်ထောက်ဖြစ်သူက တံခါး အမြန်ပိတ်ပေးလိုက်ပါသည်။
တံခါးပိတ်ပြီးမှ ချင်းယုကျီးကို သေချာ မေးလိုက်သည်။ “သခင်လေးယုကျီး ဘာတွေဖြစ်နေတာလဲ”
“ကျွန်တော့်အစ်ကိုကြီး တစ်သက်မှာတစ်ခါပဲ ကြုံရမယ့် အဖြစ် ဖြစ်နေတာ!”။ ချင်းယုကျီး ပုံကြီးချဲ့ကာ ပြောလိုက်သည်။
“စီအီးအိုချင်း တစ်သက်မှာတစ်ခါကြုံရမယ့် အဖြစ်ဟုတ်လား”။ လက်ထောက်ဖြစ်သူ အံ့အားသင့်သွားခဲ့သည်။
စီအီးအိုချင်း ရည်းစားရသွားပြီလား။ နောက်ဆုံးတော့ သူစန်းပွင့်သွားပြီလား။
“ဟုတ်တယ်! နှစ် ၃၀ လောက် အကျဉ်းကျနေတဲ့ ကျွန်တော့်အစ်ကိုကြီးရဲ့ နှလုံးသား သော့ပွင့်လာခဲ့ပြီ! အဲ့တာ အရေးကြီးကိစ္စမဟုတ်လို့ ဘာလဲ”။
လက်ထောက်လည်း ခေါင်းငြိမ့်ကာ ထောက်ခံလိုက်သည်။ “လုံးဝ အရေးကြီးတဲ့ ကိစ္စပေါ့! သေချာတယ်!”
“အဲ့လောက်သိထားရင်ရပြီ။ ခင်ဗျား ဘယ်မှ မသွားနဲ့နော်။ အထူးသဖြင့် အစ်ကိုကြီးရဲ့ ရုံးခန်းထဲ မသွားနဲ့!”
လက်ထောက်ကို ညွှန်ကြားပြီးနောက် စူစူလေးကို ချင်းယုကျီး အောက်ချပေးလိုက်သည်။
“တူလေး။ ခုနက ဒေါ်လေးကို တူကြီး ဘာလို့ မမြင်တာလဲ ရှင်းပြတော့လေ!”။ စူစူလေး စိတ်မရှည်စွာ မေးလိုက်ပါသည်။
စူစူလေး၏ ဇဝေဇဝါဖြစ်နေသော မျက်နှာလေးကို ကြည့်ကာ ချင်းယုကျီး ခေတ္တစဉ်းစားလိုက်၏။ ထို့နောက် စူစူလေး နားလည်လွယ်မည့် နည်းလမ်းတစ်ခုကို ရွေးချယ်လိုက်သည်။
“ဒေါ်လေးကို တစ်ခုမေးမယ်။ အိမ်မှာ အဘွား သဘောအကျဆုံးလူက ဘယ်သူလဲ”
ချင်းယုကျီးက သာဓကပေးပြီး ရှင်းပြဖို့ ဆုံးဖြတ်လိုက်တာဖြစ်သည်။
“ဒေါ်လေးလေ!”။ စူစူလေးက ရင်ဘတ်ကို ပုတ်ပြကာ ဖြေလိုက်သည်။
“အာ… အဲ့တာဆို အဘိုးကကော။ အဘိုးသဘောအကျဆုံးလူက ဘယ်သူလဲ”
“မေမေ!”
“ဟုတ်ပြီ… အဘိုး သဘောအကျဆုံးက အဘွား။ ဒေါ်လေးကတော့ နံပါတ် ၂ ပေါ့။ အဲ့တာကြောင့် အဘိုးကို ဒေါ်လေးက စိတ်မဆိုးဘူးလား”
“မဆိုးပါဘူး! ယောက်ျားလေးတစ်ယောက်က သူ့မိန်းမကို အချစ်ဆုံးဖြစ်ရမယ်လို့ ဖေဖေ ပြောဖူးတယ်! ပြီးမှ သူတို့ ကလေးလေးတွေကို ချစ်ရမှာတဲ့။ မိန်းမကို ချစ်တဲ့အချစ်က တခြားအချစ်တွေနဲ့ မတူဘဲ အထူးခြားဆုံးတဲ့!”
“ဒါပဲလေ! အစ်ကိုကြီးကလည်း သူ့ရဲ့ အနာဂတ်ဇနီးလောင်း ဖြစ်လာမယ့်သူနဲ့ တွေ့နေတာ။ အဲ့တာကြောင့် အဲ့ဒီလူကို ဂရုအစိုက်သင့်ဆုံး မဟုတ်ဘူးလား” ချင်းယုကျီး မေးလိုက်သည်။
“ဟုတ်မယ်!”။ စူစူလေး ထောက်ခံလိုက်သည်။ “ဒါပေမယ့် အဲ့တာ မမလှလှနဲ့ ဘာဆိုင်လို့လဲ”
“စူစူလေးရဲ့ မမလှလှက အစ်ကိုကြီးရဲ့ ဇနီးလောင်း ဖြစ်လာနိုင်လို့ပေါ့!”
“အမ်။ မမလှလှက တူကြီးရဲ့ မိန်းမ ဖြစ်လာမှာ ဟုတ်လား”
“ဟုတ်တယ်! ဒရမ်မာတွေကို နှစ်ပေါင်းများစွာ ကြည့်လာတဲ့ အတွေ့အကြုံအရ အဲ့လိုဖြစ်နိုင်ချေ အရမ်းမြင့်တယ်!”
ချင်းယုကျီး မေးပွတ်ကာ ပညာရှင်တစ်ယောက်သဖွယ် သုံးသပ်ပြလိုက်သည်။
“အဲ့တာဆို ထျင်းထျင်းပြောတာ မှန်တာပေါ့။ သရဲအိမ်ထဲမှာ ကြိုက်ခဲ့ကြတာပဲ! ပြီးတော့ ရှက်လည်း ရှက်နေကြတယ်! သူတို့ ကလေးမွေးပြီးသွားပြီလားတော့ မသိသေးဘူး…”
စူစူလေးလည်း ချင်းယုကျီးလိုပဲ မေးပွတ်ကာ သုံးသပ်ပြလိုက်သည်။
သူတို့သာ ကလေးမွေးလိုက်လျှင် ပျော်စရာကောင်းပါလိမ့်မည်။ သူမ ဘွားလေးတစ်ယောက် ဖြစ်သွားလိမ့်မည်။
“ဘာ… သရဲအိမ်ထဲမှာ ကြိုက်ခဲ့ကြတာ ဟုတ်လား။ အစ်ကိုကြီးနဲ့ အစ်မစန်းကျစ်တို့က ကလေးမွေးတယ်ဟုတ်လား။ ဘာတွေလဲ။ ဘယ်တုန်းက ဖြစ်သွားတာလဲ”။ ချင်းယုကျီး မျက်လုံးပြူးသွားပါသည်။
စူစူလေး၏ စကားများက ဗုံးတစ်လုံးလို အာနိသင်ရှိသည်။ ချင်းယုကျီး ခေါင်းထဲမှ မီးခိုးတွေ ထွက်လာသည်။
လက်ထောက်ဖြစ်သူလည်း မျက်လုံးပြူးသွား၏။
တကယ်ကြီလား။
ဒီလောက် တည်ငြိမ်တဲ့ သူတို့စီအီးအိုက ကလေးတောင် မွေးတော့မှာလား။
“အရင်တစ်ခေါက်က ဒေါ်လေးရယ်၊ ယွင်ယွင်လေးရယ်၊ ထျင်းထျင်းရယ်၊ ကိုကြီးရယ်၊ ဦးလေးလျို့ရယ်၊ မမလှလှရယ်၊ တူကြီးရယ် အားလုံးအတူတူ ကစားကွင်းသွားခဲ့ကြတယ်လေ။ တော်တော်ကြာပြီ!”။ စူစူလေး ရှင်းပြလိုက်ပါသည်။
“အဲ့လိုဖြစ်ခဲ့တာလား။ ငါလုံးဝ မသိရပါလား!”။ ချင်းယုကျီးအလွန် အံ့အားသင့်နေပါသည်။
ဒီလောက်အရေးကြီးတဲ့အကြောင်းတွေကို သူဘာလို့ မသိရတာလဲ။
ကမ္ဘာကြီးတစ်ခုလုံးရဲ့ နောက်မှာ ကျန်ခဲ့သလိုမျိုး ချင်းယုကျီး ခံစားလိုက်ရသည်။
“ဪ နေပါဦး!”။ အလွန်အရေးကြီးသည့် အချက်တစ်ချက်ကို စူစူလေး မှတ်မိသွားလေသည်။ “တူကြီးနဲ့ မမလှလှတို့က လက်ထပ်လို့ မရဘူးတဲ့”
… … …
အခန်း(၇၉၄) အစ်ကိုကြီးသာ စူစူလေးလောက် နားလည်နိုင်ရင်
“ဟမ် ဘာလို့မရတာလဲ”။ ချင်းယုကျီး မေးလိုက်၏။
သူ မသိရသေးတာ ရှိသေးတယ်ပေါ့။
“အဲ့နေ့က တူကြီးနဲ့ မမလှလှတို့ တွဲနေကြတာလို့ ထျင်းထျင်းကပြောတယ်လေ။ အိမ်ပြန်ရောက်တော့ မေမေ့ကို ဒေါ်လေး မေးကြည့်လိုက်တာ။ အရင်တုန်းက မမလှလှကို သဘောမကျဘူးလို့ တူကြီးက ပြောဖူးတယ်တဲ့။ ပြီးတော့ မမလှလှကို ဘယ်တော့မှ လက်ထပ်မှာ မဟုတ်ဘူးလို့လည်း ပြောဖူးတယ်တဲ့”
မေမေပြောမှ တူကြီးဒီလိုပြောဖူးတာ စူစူလေးလည်း မှတ်မိသွားပါသည်။ အဲ့တာဆို တူကြီးနဲ့ မမလှလှတို့အကြား လုံးဝ မဖြစ်နိုင်ဘူးပေါ့။
စူစူလေးရှင်းပြတာကို နားထောင်ပြီး ချင်းယုကျီး ရယ်မောလိုက်သည်။
“တူလေး ဘာလို့ ရယ်တာလဲ”။ စူစူလေး မေးလိုက်၏။
ချင်းယုကျီးက အရယ်မပျက်ဘဲ စူစူလေးကို ရှင်းပြလိုက်ပါသည်။ “ဒေါ်လေး၊ ယောက်ျားလေးတွေဆိုတာ တစ်ခါတလေ ရင်ထဲ မရှိတာတွေ ပြောတတ်တယ်”
“ရင်ထဲမရှိတာတွေ ပြောတယ်ဟုတ်လား။ တူကြီးက လိမ်တယ်လို့ ပြောချင်တာလား”။ စူစူလေး နှုတ်ခမ်းစူသွားသည်။
လိမ်တယ်ဆိုတာ ကလေးဆိုးတွေပဲ လုပ်တာဖြစ်သည်။ ထို့ကြောင့် နာနာ ရိုက်ပေးရပါမည်။
“မဟုတ်ဘူး မဟုတ်ဘူး အဲ့လို မကောင်းတဲ့ လိမ်တာမျိုး မဟုတ်ဘူး”။ စူစူလေး ဓားထုတ်ဖို့ အသင်ပြင်နေတာကို မြင်ပြီး ချင်းယုကျီး အမြန် ရှင်းပြလိုက်သည်။
“ကောင်းတဲ့ လိမ်နည်း ရှိလို့လား”။ စူစူလေး မေးလိုက်သည်။ သူမရဲ့ မျက်လုံးများက အလွန်စူးရှနေပါသည်။
သူ့စကား အမှားပါသွားမှန်း ချင်းယုကျီး နားလည်သွား၏။
စူစူလေးက အလွန်ဖြောင့်မတ်သူဖြစ်သဖြင့် လိမ်ညာတာကို လုံးဝ လက်မခံနိုင်သေးပါ။
ဘေးမှ နားထောင်နေသည့် လက်ထောက်ဖြစ်သူလည်း စူစူလေး၏ အပြုအမူများကြောင့် ပြုံးရွှင်သွားခဲ့သည်။
ချင်းယုကျီး ခေတ္တစဉ်းစားလိုက်သည်။ “ဒေါ်လေး ငါရှင်းပြတာ ခဏနားထောင်။ အစ်ကိုကြီးပြောခဲ့တာကို အလိမ်အညာလို့ မခေါ်ဘူး။ ယောက်ျားလေးတွေက တစ်ခါတလေ ဉာဏ်တုံးပြီး ခံစားချက်အစစ်အမှန်ကို နားလည်ဖို့ အချိန်ယူရတယ်။ ငါ့အစ်ကိုကြီးကလည်း မွေးကတည်းက အခုချိန်ထိ တစ်ယောက်တည်းနေခဲ့တာ။ အခုမှ ပထမဆုံးအကြိမ် ချစ်ဖူးတာမို့လို့လေ။ ပထမတော့ သူ့ခံစားချက်သူ နားမလည်လို့ မမလှလှကို မကြိုက်ဘူးလို့ ငြင်းခဲ့တာ။ အခုမှ သူနားလည်သွားခဲ့တာ။ အဲ့တာကြောင့် အစ်ကိုကြီးကို စူစူလေး ခွင့်လွှတ်ပေးလိုက်ပါနော်”
စူစူလေး ခေါင်းလေးစောင်းကာ လေးလေးနက်နက် စဉ်းစားလိုက်သည်။
စက္ကန့်အနည်းငယ်ကြာမှ သူမ ခေါင်းငြိမ့်လိုက်ပါသည်။ “ဟုတ်ပြီ! ငါနားလည်သွားပြီ”
“တကယ်လား တကယ်နားလည်တာလား”။ ချင်းယုကျီး မယုံကြည်နိုင်သေးပါ။
ဒီကောင်မလေး တကယ်နားလည်တာလား နားလည်ချင်ယောင် ဆောင်နေတာလား။
“နားလည်ပါတယ်ဆို! တူကြီးက အရင်တုန်းက ရည်းစားမထားဖူးဘူး။ အခုမှ ရည်းစားထားဖူးတာ ဆိုတော့ မမမလှလှကိုပဲ မြင်ပြီး ဒေါ်လေးကို မမြင်တာ! ဒါပေမယ့် ဒေါ်လေး စိတ်မဆိုးတော့ပါဘူး။ ယောက်ျားလေးတစ်ယောက်က သူ့ကောင်မလေးကိုပဲ မြင်နိုင်တာမလား!”
“ဒေါ်လေးက အရမ်းဉာဏ်ကောင်းတာပဲ!”
“ဒါပေါ့! အစကတည်းက ဉာဏ်ကောင်းပြီးသား!”။ စူစူလေး ခေါင်းမော့ ရင်ကော့ကာ ပြောလိုက်ပါသည်။
ချင်းယုကျီး သက်ပြင်းချလိုက်၏။ “စူစူလေးရဲ့ တူကြီးသာ စူစူလေးရဲ့တစ်ဝက်လောက်ပဲ နားလည်နိုင်စွမ်းရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ…”
အခုချိန် သူ့အစ်ကိုကြီး ဘယ်လိုအခြေအနေရှိသလဲ ချင်းယုကျီး မသေချာပေ။
--- --- ----
စူစူလေးကို ခေါ်ပြီး ချင်းယုကျီး ထွက်ပြေးသွားသောအခါ ရုံးခန်းထဲမှာ ချင်းယုဟွိုင်းနဲ့ စန်းကျစ်တို့သာ ကျန်ခဲ့လေသည်။
သူတို့နှစ်ယောက် မျက်နှာချင်းဆိုင် မတ်တပ်ရပ်နေကြသည်။
ချင်းယုဟွိုင်း ပြောလိုက်သည့် စကားများကြောင့် စန်းကျစ်မျက်နှာက မှင်သက်နေဆဲဖြစ်သည်။
သူမရဲ့ ရီဝေနေသော မျက်နှာလေးကို ကြည့်ပြီး ချင်းယုဟွိုင်း ပွေ့ဖက်ချင်စိတ် ဖြစ်ပေါ်လာပါသည်။
သူမကို နမ်းပင် နမ်းချင်သည်။ သရဲအိမ်ထဲမှာတုန်းကလို သူမရဲ့ နူးညံ့မှုနဲ့ နွေးထွေးမှုတို့ကို ခံစားကြည့်ချင်သေးသည်…။
… … …
အခန်း(၇၉၅) ဖွင့်ပြောပြီးတာ ကြာပြီ
သို့သော် အခုတော့ ဒါမျိုးသွားလုပ်လို့ မရပေ။ သူမ လန့်ပြီး ထွက်ပြေးသွားမှာ စိုးရိမ်ရသည်။ အရင်တစ်ခေါက် ကိစ္စဖြစ်ပြီးကတည်းက သူ့ကို စန်းကျစ် ရှောင်နေခဲ့သည်။
ယခု ပြန်ဆုံနိုင်မည့် အခွင့်အရေးရလာခါမှ နောက်ထပ် ၁ လ ၂ လလောက် ပျောက်ကွယ်မသွားစေချင်ပါ။
မိနစ်အနည်းငယ် ကြာမှ စန်းကျစ် အသိစိတ်ပြန်ကပ်ပြီး ချင်းယုဟွိုင်းကို မေးလိုက်ပါသည်။ “ရှင်… ရှင်ခုနက ပြောသွားတဲ့ စကားတွေက အမှန်ပဲလား”
“ကိုယ်မလိမ်ဘူး” ချင်းယုဟွိုင်း ပြတ်ပြတ်သားသား ဖြေလိုက်သည်။
သူလိမ်နေသည်ဟု စန်းကျစ်အား ထပ်မထင်စေချင်တော့ပါ။
“ဒါဆို… ကျွန်မကို… ရှင် ဖွင့်ပြောနေတာလား”။ စန်းကျစ် မေးလိုက်သည်။
သူမ နားလည်နိုင်စွမ်း အနည်းငယ် နည်းပါးသော်လည်း ဉာဏ်ရည်ကတော့ မနိမ့်လှပါ။
သူမ ဝက်သားမစားဖူးသော်လည်း ဝက်တစ်ကောင်ကိုတော့ မြင်ဖူးပါသည်။ ရည်းစားမထားဖူးသော်လည်း ဒရမ်မာတွေကိုတော့ ကြည့်ဖူးပါသည်။
မိန်းကလေးတစ်ယောက်ကို ဒီလိုစကားမျိုးတွေ လာပြောနေတာ ရည်းစားစကားပြော ဖွင့်ပြောတာပဲ မဟုတ်ဘူးလား။
“မင်းကို ဖွင့်ပြောပြီးတာ ကြာပြီထင်နေတာ”။ ချင်းယုဟွိုင်း ပြောလိုက်သည်။
ဖွင့်ပြောခဲ့ရုံတင်မကဘဲ လက်ထပ်ဖို့ပါ အရိပ်အမြွက်ပြခဲ့သည်။
“အဲ့… အဲ့တုန်းက အတည်မဟုတ်ဘူးလေ။ နောက်နေတယ်လို့ ထင်နေတာ…”။ စန်းကျစ် ခေါင်းငုံ့ကာ ပြောလိုက်ပါသည်။
“နောက်နေတာဟုတ်လား။ နမ်းတာကလည်း နောက်တာပဲလား”။ ချင်းယုဟွိုင်း မေးလိုက်၏။
“အဲ့… အဲ့တာက မတော်တဆလေ”
ဖွင့်ပြောတာက နောက်နေတာ၊ နမ်းတာက မတော်တဆပေါ့။
ဆင်ခြေပေးတဲ့နေရာမှာ အရမ်းတော်တာပဲ။
ချင်းယုဟွိုင်း၏ အကြည့်များက ပိုမို နက်ရှိုင်းလာခဲ့သည်…။
အခုချိန်မှာ ချင်းယုဟွိုင်း၏ အာရုံထဲ ပုံရိပ်များစွာ ပြန်လည်ထင်ဟပ်လာခဲ့သည်။
သူတို့နှစ်ယောက်ရဲ့ ဟာသဆန်ဆန် ပထမဆုံး တွေ့ဆုံမှုကစလို့ အတူတူ စုံစမ်းခဲ့တာတွေ၊ အလုပ်လုပ်ခဲ့တာတွေ၊ ကစားကွင်းအတူတူ သွားခဲ့တာတွေ…
လက်ချင်းချိတ်ထားခဲ့တာတွေ၊ အမှောင်ထဲမှာ နှစ်ယောက်တည်း နမ်းခဲ့ကြတာတွေ…
သူတို့ မဆုံရသည့်နေ့တွေမှာ ညဘက်ရောက်တိုင်း သူမအကြောင်း စဉ်းစားမိတာတွေ…
သူမကို မြင်လိုက်တိုင်း ပျော်ရွှင်သွားခဲ့ရတာတွေ…
သူမကို ရောက်လာချိန်မှာ စူစူလေးနဲ့ သူ့ညီ ယုကျီးတို့ကိုတောင် မမြင်တော့ဘဲ သူ့မျက်လုံးထဲ သူမတစ်ယောက်တည်းသာ ရှိတော့သည်။
သို့သော် သူမကတော့ သူတို့ရဲ့ဆက်ဆံရေးကို သာမန် မိတ်ဆွေဆက်ဆံရေးဟုသာ ထင်နေသေးပုံရသည်။
သူ့ခံစားချက်တွေ မသိသာသေးလို့လား၊ သူလုပ်နေတာတွေ မလုံလောက်သေးလို့လား။
“အရင်တစ်ခေါက်က ကိုယ်ဖွင့်ပြောတာကို မလုံလောက်သေးဘူးလို့ ထင်ရင် ထပ်ဖွင့်ပြောပေးမယ်”
ချင်းယုဟွိုင်း ဘာမှ ထပ်မပြောနိုင်ခင် စန်းကျစ် ဖြတ်ပြောလိုက်သည်။ “ကျွန်မကို မကြိုက်ပါနဲ့ သခင်လေး ယုဟွိုင်း! ကျွန်မလည်း ရှင့်ကို မကြိုက်ဘူး! ပြီးတော့ ရည်းစားလည်း မထားချင်သေးဘူး!”
“ငါ့ကို မကြိုက်ဘူးဟုတ်လား”။ ချင်းယုဟွိုင်း မျက်မှောင်ကြုတ်သွားပြီး မျက်နှာကြွက်သားများ တင်းမာသွားသည်။
“အင်း! ရှင်က စူစူလေးရဲ့ တူကြီးဖြစ်ပြီး အရမ်းတော်တဲ့ လူဆိုပေမယ့် ကျွန်မတို့ မိတ်ဆွေအဖြစ်ပဲ နေတာ ပိုအဆင်ပြေမယ် ထင်တယ်! ရည်းစားထားတယ်ဆိုတာ မကောင်းပါဘူး။ ကျွန်မ ရည်းစားမထားချင်သေးဘူး”။ စန်းကျစ် အတည်ပေါက် ပြောလိုက်ပါသည်။
ချင်းယုဟွိုင်း ရုတ်တရက် ရှေ့တိုးလာပြီး စန်းကျစ်၏ ခါးကို ဖက်လိုက်သည်။ “အရင်တစ်ခေါက် ငါ့မောင်းကို လာတွဲတုန်းက မင်းပြောခဲ့တာ အဲ့လို မဟုတ်ပါဘူး။ မင်းပြောတော့ ငါက ထူးခြားတယ်ဆို။ ငါ့နေရာမှာ တခြား ယောက်ျားသာဆို မင်းဒီလို လုပ်မှာ မဟုတ်ဘူးဆို”
“ကျွန်… ကျွန်မလည်း မပြောတတ်ဘူး…။ တခြားဘယ်ယောက်ျားလေးကမှ ကျွန်မကို အဲ့တာမျိုး လာမလုပ်ဖူးဘူးလေ။ ခေါင်းဆောင်ရှောက်နဲ့ တခြားသူတွေကလည်း အဲ့လို မလုပ်တတ်ဘူး”။ စန်းကျစ် ရှင်းပြလိုက်သည်။
“မင်းပြောချင်တာက တခြားသူတွေ မင်းကို ဒီလိုလာလုပ်ရင်တောင် လက်ခံမယ်ပေါ့။ နမ်းတာ အပါအဝင်လေ”
ချင်းယုဟွိုင်း တဖြည်းဖြည်း အနားတိုးလာခဲ့သည်။
… … …