← Chapters

အခန်း (၇၉၆-၈၀၀)

Vol. 32 Ch. 796-800

အခန်း (၇၉၆-၈၀၀)

Vol. 32 Ch. 796-800

အခန်း(၇၉၆) ချင်းယုဟွိုင်းအား ဖမ်းချုပ်ခြင်း (၁)

ချင်းယုဟွိုင်းရဲ့ မျက်လုံးတွေမှာ ဒေါသနဲ့ ပြည့်နှက်နေပြီး အလွန်အေးစက် ခက်ထန်နေမှန်း စန်းကျစ် မြင်သွားပါသည်။

စန်းကျစ် ကြောက်လန့်ကာ ခြေလှမ်းတွေ နောက်ဆုတ်ရင်း နောက်ဆုံး နံရံနဲ့ ကျောနဲ့ ကပ်ကာ လွတ်လမ်းမရှိ ဖြစ်သွားသည်။

စန်းကျစ် ဘယ်လိုရှင်းပြပြီး တုန့်ပြန်ရမှန်းမသိ ဖြစ်နေစဉ် ချင်းယုဟွိုင်းက အရင်တစ်ခေါက် နမ်းခဲ့တုန်းကလို ခေါင်းကို တဖြည်းဖြည်းငုံ့လိုက်သည်။

သို့သော် ဒီတစ်ခေါက် အနမ်းက ဒေါသတွေ ပါဝင်သဖြင့် ကြမ်းကြုတ်လိမ့်မည်။

စန်းကျစ် စိတ်တွေ ဂယောက်ဂယက်ဖြစ်သွးသည်။ သူမ အာရုံက ချင်းယုဟွိုင်းထံမှာသာ ရှိနေပါသည်။

သူမ ခွန်အားတွေ အကုန်သုံးပြီး သူ့ကို ခုခံသင့်တာ ဖြစ်သည်။ သူတို့ လုပ်နေသည့်အရာတွေက မှားယွင်းသည်။

သို့သော် ဘာကြောင့်မှန်းမသိဘဲ သူမ ခန္ဓာကိုယ် အလွန်အားနည်းသွားသည်။ လက်တွေထဲ အားထည့်လို့ မရရုံတင် မဟုတ်ဘဲ ခြေထောက်တွေလည်း မခိုင်တော့ပေ။

သူမ လဲကျခါနီးတွင် သန်သန်မာမာ လက်တစ်ဖက်က သူမရဲ့ ခါးကို ဖက်ကာ ထိန်းပေးလိုက်သည်။

တချိန်တည်းမှာပင် ထိုလက်က သူမကို အနားရောက်အောင် ဆွဲခေါ်လိုက်သဖြင့် ခန္ဓာကိုယ်ချင်း ထိတွေ့သွားသည်။

သူ့ရင်ခွင်ထဲက ကောင်မလေး၏ နူးညံ့မှုကို ရုပ်ပိုင်းဆိုင်ရာမှာကော စိတ်ပိုင်းဆိုင်ရာမှာပါ ချင်းယုဟွိုင်း ခံစားမိခဲ့သည်။

ထိုနူးညံ့မှုကြောင့် သူ့ဒေါသတွေ ပျောက်ကွယ်သွားသည်။ သူ့အထိအတွေ့များက ချစ်သူနှစ်ဦးကဲ့သို့ သိမ်မွေ့သွားခဲ့ပါသည်။

စန်းကျစ်၏ ရီဝေနေသော မျက်လုံးများက ချင်းယုဟွိုင်း စားပွဲပေါ်ရှိ ဓာတ်ပုံတစ်ပုံကို မြင်သွားပါသည်။

အရင်တစ်ခေါက် သူတို့ ကစားကွင်းအတူတူ သွားခဲ့တုန်းက ရိုက်ထားသည့် ဓာတ်ပုံလေးဖြစ်သည်။ ဓာတ်ပုံထဲမှာ သူမနဲ့ ချင်းယုဟွိုင်း၊ စူစူလေး၊ လုကျန်းယွီ၊ ဟွော်ထျင်းနဲ့ ချင်းလောင်ယွင်တို့ ပါဝင်သည်။

စူစူလေး!

စူစူလေး၏ ပြုံးရွှင်နေသော မျက်နှာလေးကိုမြင်ပြီး စန်းကျစ် စိတ်များ ရုတ်တရက် ကြည်လင်သွားခဲ့သည်။

စူစူလေးရှိနေတာကို သူမ တူကြီးနဲ့ ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ။ စူစူလေး မြင်သွားရင် ဘယ်လိုလုပ်မလဲ!

လက်ရှိအခြေအနေကို စူစူလေး မြင်သွားနိုင်မှန်း တွေးမိကာ စန်းကျစ် အသိစိတ်များ ရုတ်တရက် ပြန်ကပ်သွားသည်။

ခွန်အားတွေလည်း ပြန်တက်လာပြီး ချင်းယုဟွိုင်း၏ လက်ကို ဆုပ်ကိုင်လိုက်ပါသည်။ ထို့နောက် သူ့လက်ကို လိမ်လိုက်ပြီး နေရာချင်းလဲလိုက်၏။

ချင်းယုဟွိုင်း ကြည်နူးနေစဉ် တစ်စက္ကန့်ပင် မကြာလိုက်ဘဲ နံရံဘက်ကို တွန်းပို့ခံလိုက်ရသည်။

ထို့နောက် စန်းကျစ်က သူ့ကို နံရံမှာကပ်ပြီး လက်နှစ်ဖက်ကို‌ နောက်ဆွဲကာ ဖမ်းချုပ်ထားလိုက်သည်။

ခွန်အားကို အသုံးချပြီး စန်းကျစ်က အခြေအနေတွေကို ပြောင်းပြန်လှန်ပစ်လိုက်ပါသည်။

ချင်းယုဟွိုင်း မျက်မှောင်ကြုတ်သွားပြီး တစ်ခုခု ပြောဖို့ ကြံလိုက်စဉ် စန်းကျစ်က ဘယ်ကမှန်းမသိ လက်ထိပ်တစ်ခုကို ထုတ်ကာ သူ့လက်တွေမှာ ခတ်လိုက်ပါသည်။

ချင်းယုဟွိုင်း မယုံကြည်နိုင်ဖြစ်သွား၏။

ဒီလို ကြည်နူးစရာကောင်းတဲ့အချိန်မှာ… သူ့ကို တကယ်ကြီး လက်ထိပ် ခတ်လိုက်တာလား။

ထို့နောက် ချင်းယုဟွိုင်းကို ဆိုဖာတစ်လုံးဆီ စန်းကျစ် ဆွဲခေါ်သွားခဲ့သည်။ သူမကို အန္တရာယ် မပေးနိုင်တော့မှန်း သေချာမှ စန်းကျစ် သက်ပြင်းချနိုင်တော့သည်။

တစ်ချိန်တည်းမှာပင် စန်းကျစ် မျက်နှာလည်း လွှဲလိုက်သည်။ သူ့မျက်နှာကို ထပ်ကြည့်မိလျှင် ထပ်ပြီး အညှို့ခံရနိုင်သည်။

နောက်ဆုံးတော့ ကပ်ဘေးမှ လွတ်မြောက်သွားပါသည်။

ဒရမ်မာတွေနဲ့ ဝတ္ထုတွေထဲမှာသာ မြင်ဖူးသည့် ဖြစ်ရပ်မျိုး ချင်းယုဟွိုင်း၏ ရုံးခန်းထဲမှာ သူမ ဖြစ်ခွင့်မပေးလိုက်တာ ကံကောင်းသည်ဟု ခံစားမိသည်။

တစ်ချိန်တည်းမှာပင် သူမရင်ထဲ ဆုံးရှုံးမှုခံစားချက်တစ်ခုကိုလည်း ခံစားလိုက်ရပါသည်။ သို့သော် ထိုခံစားချက်ကို သူမရဲ့ ဆင်ခြင်တုံတရားက ဖိနှိပ်လိုက်၏။

စိတ်ခံစားချက်များကို တည်ငြိမ်အောင် လုပ်ပြီးမှ ချင်းယုဟွိုင်းအား စန်းကျစ် မျက်နှာချင်း ပြန်ဆိုင်လိုက်ပါသည်။

ယခုဆို ချင်းယုဟွိုင်း၏ မျက်နှာက အလွန်အေးစက်နေပါပြီ။ ယခင်တုန်းက မြင်ဖူးသမျှထက် ပိုအေးစက်သည့် မျက်နှာမျိုးဖြစ်သည်။

“ရှင်… ကျွန်မကို အဲ့လိုမကြည့်နဲ့လေ! မသင့်တော်တာတွေ ရှင့်ဘက်က အရင်လုပ်ဖို့ ကြိုးစားတာ! ကျွန်မ ဒီလိုလုပ်တာ အပြစ်မတင်နဲ့…”

ချင်းယုဟွိုင်းကို ဖမ်းချုပ်ထားပြီးသားဖြစ်သော်လည််း သူ့အကြည့်ကို မြင်လိုက်တိုင်း စန်းကျစ် ကြောက်လန့်နေဆဲ ဖြစ်သည်။

… … …

အခန်း(၇၉၇) ချင်းယုဟွိုင်းအား ဖမ်းချုပ်ခြင်း (၂)

ချင်းယုဟွိုင်းက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်ဖြင့် ပြောလိုက်ပါသည်။ “မင်းမမှားပါဘူး။ ငါ လူရိုင်းတစ်ယောက်လို စိတ်လိုက်မာန်ပါ လုပ်လိုက်မိတာ”

စန်းကျစ်၏ တုန့်ပြန်မှုက ယုတ္တိရှိမှန်း သူသိပါသည်။

ခုနက သူ့လုပ်ရပ်တွေက လူရိုင်းတစ်ယောက်နဲ့ တူလှသည်။ သူမကို ဒီလိုဆက်ဆံသဖြင့် ပြန်ခံရတာ ထိုက်တန်ပါသည်။

“ရှင့်ကို လူရိုင်းလို့ ပြောချင်တာ မဟုတ်ပါဘူး”။ စန်းကျစ် ရှင်းပြဖို့ ကြိုးစားသည်။

ခုနက အခြေအနေအတွက် သူ့တစ်ယောက်တည်းကို အပြစ်တင်လို့ မရပေ။ သူမကိုယ်တိုင်ကလည်း… အခွင့်အရေးယူခွင့် ပေးခဲ့တာပဲ မဟုတ်လား။

ထိုသို့ပြောပြီးနောက် ချင်းယုဟွိုင်း၏ ဘောင်းဘီထံ စန်းကျစ် အကြည့်ရောက်သွားသည်။

ထို့နောက် ရှက်သွေးဖြာကာ ချက်ချင်း မျက်နှာလွှဲလိုက်ပါသည်။

ခုနက ဘာတွေ လုပ်ခဲ့မိတာလဲ!

“ငါ့ကို တကယ် မကြိုက်တာလား” ချင်းယုဟွိုင်း ဆက်မေးသည်။

သူ့အကြည့်တွေက စန်းကျစ်ပေါ်မှာသာရှိနေသည်။

သူ တဏှာရူးးမဟုတ်ပါ။ ခုနက သူ့ကို သူမရဲ့ ခန္ဓာကိုယ်က လက်ခံနေမှန်း သူခံစားနိုင်သည်။ မဟုတ်ပါက ဒီလောက်ထိ အဆင့်တက်ခဲ့စရာအကြောင်းမရှိပေ။

“အဲ့လို မဟုတ်ပါဘူး…”။

“အဲ့တာဆို ဘာတွေကြောက်နေတာလဲ”။ ချင်းယုဟွိုင်း ဆက်မေး၏။

“ကျွန်… ကျွန်မ မကြောက်ပါဘူး”။ စန်းကျစ် တိုးညှင်းစွာ ဖြေလိုက်သည်။

“ငါ့မျက်လုံးကို သေချာကြည့်”။ ချင်းယုဟွိုင်း အမိန့်ပေးလိုက်သည်။

“ဘာ… ဘာလို့ကြည့်ရမှာလဲ”

“ငါ့မျက်လုံးကို ကြည့်ရမှာ ကြောက်နေတာလား”။ ချင်းယုဟွိုင်း မေးလိုက်ပါသည်။

ချင်းယုဟွိုင်း လက်ထိပ်ခတ်ခံထားရသော်လည်း ကြောက်ရွံ့နေသည့်လူက စန်းကျစ်သာဖြစ်သည်။

“မကြောက်ပါဘူးဆို!” ချင်းယုဟွိုင်း၏ မျက်လုံးများကို စန်းကျစ် စိုက်ကြည့်လိုက်ပါသည်။

“မကြောက်ရင် ငါ့မျက်လုံးကို သေချာကြည့်ပြီး ငါ့မေးခွန်ကို သေချာဖြေ”။ ချင်းယုဟွိုင်း လေးလေးနက်နက် ပြောလိုက်ပါသည်။

“ဘာမေးခွန်းလဲ”

“ငါ့ကို မကြိုက်ဘူးလို့ပြောတော့ နင်ကြိုက်ဖူးတဲ့လူရှိလို့လား”။ ချင်းယုဟွိုင်း မေးလိုက်သည်။

“ကြိုက်ဖူးတဲ့လူ… မရှိပါဘူး”။ စန်းကျစ်တစ်ခါမှ ရည်းစား မထားဖူးပါ။ သူငယ်ချင်းတောင် များများစားစားမရှိပေ။

သူမကို ကြီးပြင်းလာရသည့် ပုံစံကြောင့် အမြဲတမ်း လူကြောက်တတ်ခဲ့သည်။

စူစူလေးကြောင့်သာ သူမ တဖြည်းဖြည်း တက်ကြွလာပြီး ပွင့်လင်းလာခဲ့တာဖြစ်သည်

တခြားနေရာတွေမှာသာ စန်းကျစ်ကို စူစူလေး လမ်းပြပေးနိုင်သည်။ အချစ်ရေးမှာတော့ သူမကို လမ်းပြပေးမည့်လူ မရှိပေ။

“ဒါဆို ငါ့ကိုမကြိုက်ဘူးဆိုတာ ဘာလို့ တပ်အပ်ပြောနိုင်ရတာလဲ” ချင်းယုဟွိုင်း မေးလိုက်သည်။

“ဟင်” စန်းကျစ် ကြက်သေသေသွား၏။

“မင်းအဖြေမသိတဲ့ ပြဿနာတွေနဲ့ ကြုံလာတိုင်း အမြဲတမ်း ရှောင်ပြေးနေမှာလား။ ငါ့ကို အမြဲတမ်း ရှောင်နေပြီး ငါ့ကို သဘောကျတာကို ဝန်မခံချင်တာလား။ ပြီးတော့ ငါတို့ကြားမှာ ဖြစ်ခဲ့တာတွေကိုတောင် ငြင်းချင်တာလား။ အဲ့လိုလား”

သူတို့နှစ်ယောက်အကြားက ဖြစ်ပျက်ခဲ့တာတွေကို စန်းကျစ်အား ရင်ဆိုင်စေချင်သည်။ ပြဿနာတွေထံမှ ထွက်မပြေးစေချင်တော့ပါ။

သူ့အပေါ် စန်းကျစ် လုံးဝ ခံစားချက်မရှိဘူးဆိုတာကို မယုံကြည်ပေ။

“ဒါပေမယ့်… ရှင့်အပေါ်ခံစားနေရတဲ့ ခံစားချက်က အဲ့လို သဘောကျတာလားဆိုတာာ မသေချာဘူးလေ… ရှင့်ကို ချစ်မိနေတာလားဆိုတာ ကျွန်မ မသေချာဘူး”။ စန်းကျစ် တိုးညှင်းစွာ ဖြေလိုက်၏။

တရားရုံးမှာ သက်သေမပြနိုင်မချင်း အပြစ်ကင်းသည်ဟုဆိုသလိုမျိုး သူမခံစားချက်က အချစ်ဖြစ်သည်ဟု သက်သေ မပြနိုင်မချင်း သူမ ဝန်ခံမှာ မဟုတ်ပါ။

“ကြိုက်ရင်ကြိုက်၊ မကြိုက်ရင် မကြိုက်ဘူးပေါ့။ နီးစပ်ချင်ရင် နီးစပ်အောင် လုပ်လိုက်။ ဘာမှ ရှုပ်ထွေးတာမှ မဟုတ်တာ” ချင်းယုဟွိုင်း လေးလေးနက်နက်ပြောလိုက်သည်။

စန်းကျစ် ခေါင်းခါလိုက်ပါသည်။ “အဲ့လို မဟုတ်ဘူး”

“ဘာလို့ မဟုတ်ရမှာလဲ။ မင်းမိဘတွေကို မေးကြည့်လိုက်။ သူတို့ စတွဲတုန်းက အချစ်ဟုတ်မဟုတ် အတည်ပြုခဲ့ကြလို့လား”

“ကျွန်… ကျွန်မ မိဘတွေကို မတွေ့ရဘူး”။ စန်းကျစ် တိုးညှင်းစွာ ပြောလိုက်ပါသည်။

စန်းကျစ်၏ အဖြေကြောင့် ချင်းယုဟွိုင်း ကြက်သေသေသွားလေသည်။ “မင်း…”

… … …

အခန်း(၇၉၈) ချင်းယုဟွိုင်းအား ဖမ်းချုပ်ခြင်း (၃)

“ကျွန်မက မိဘမဲ့လေ။ ငယ်ငယ်လေးကတည်းက ဆွေမျိုးတွေအိမ်မှာပဲ နေခဲ့တာ” စန်းကျစ် ရှင်းပြလိုက်သည်

ချင်းယုဟွိုင်း ဘာပြောရမှန်း မသိတော့ချေ။

သူမရဲ့ ပုံစံကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လိုက်မိသည်။ သူမအကြောင်းကို အစောကြီးကတည်းက စုံစမ်းထားခဲ့သင့်သည်။

“ကျွန်မကို အဲ့လို မကြည့်ပါနဲ့။ ဘာမှ ခံစားစရာလည်း မလိုဘူး။ ကျွန်မ ဘာမှမဖြစ်ဘူး”

ချင်းယုဟွိုင်း မျက််နှာပျက်သွားတာကိုမြင်ပြီး စန်းကျစ် အမြန်ပြောလိုက်သည်။

“မင်းအခု ဘယ်မှာနေနေတာလဲ”။ ချင်းယုဟွိုင်း ထပ်မေးလိုက်သည်။

“အလယ်တန်းကစပြီး ကျောင်းအဆောင်မှာပဲ နေတယ်”

စန်းကျစ် ငယ်ငယ်လေးကတည်းက ကွန်ပျူတာကျွမ်းကျင်မှုကြောင့် အင်တာနက်ပေါ်မှာ ငွေရှာနိုင်ခဲ့သည်။

ထို့ကြောင့် စားဖို့သောက်ဖို့ စိတ်ပူစရာမလိုဘဲ ကျောင်းမှာသာ နေထိုင်စားသောက်ခဲ့သည်။

သူငယ်ချင်း သိပ်မရှိတာကလွဲပြီး သူမ ဝမ်းနည်းစရာ ဘာမှမရှိပါ။

စူစူလေးနဲ့ ဆုံပြီးခါမှ စိတ်တူကိုယ်တူ လုပ်ငန်းပါတနာတွေလည်း အများကြီး ရလာခဲ့တာ ဖြစ်သည်။

သူမဘာကြောင့် ဒီလိုပုံစံဖြစ်နေရသလဲဆိုတာ ချင်းယုဟွိုင်း နားလည်သွားပါသည်။

“ငါတောင်းပန်ပါတယ်။ ငါခုနက လွန်သွားတယ်။ မင်းခွင့်ပြုချက်မရဘဲ အဲ့တာမျိုး ထပ်မလုပ်တော့ပါဘူး”

ခုနက သူစိတ်လောသွားမှန်း ချင်းယုဟွိုင်း နားလည်ပါသည်။ သူမအကြောင်း ဒီ့ထက် ပိုနားလည်သင့်ပြီး အချိန်လည်း ပေးသင့်သည်။ သူမခံစားချက်များကို အတင်းအကြပ် မတောင်းဆိုသင့်ပါ။

ချင်းယုဟွိုင်း ဒီလိုတောင်းပန်လိမ့်မည်ဟု စန်းကျစ်လည်း ထင်မထားသဖြင့် ခေတ္တ ဆွံ့သွားခဲ့သည်။

“အဲ… အင်း”။ စန်းကျစ်ခေါင်းငုံ့ကာ ချင်းယုဟွိုင်း တောင်းပန်တာကို လက်ခံလိုက်ပါသည်။

စန်းကျစ်၏ ခွင့်လွှတ်မှုကို ရမှ ချင်းယုဟွိုင်း မတ်တပ်ရပ်လာပါသည်။

ချင်းယုဟွိုင်း လက်ထိပ်နဲ့ ရှိနေဆဲဖြစ်မှန်း သတိရကာ စန်းကျစ် ပြန်ဖြုတ်ပေးဖို့ ကြိုးစားလိုက်သည်။

ရှေ့ကို ရုတ်တရက် တိုးလိုက်သဖြင့် နှစ်ယောက်သား ဝင်တိုက်မိကာ ဟန်ချက်ပျက်သွားပြီး ဆိုဖာပေါ် လဲကျသွားခဲ့ပါသည်။

ချင်းယုဟွိုင်းက တစ်ခုခုကို ဆွဲကိုင်ထားဖို့ ကြိုးစားသော်လည်း မအောင်မြင်သည့်အပြင် စားပွဲပေါ်က အလှထား ပစ္စည်းတစ်ခုကိုပါ တိုက်ချလိုက်မိသည်။ ထိုပစ္စည်းကြမ်းပြင်ပေါ် ပြုတ်ကျကာ ကွဲသွားခဲ့ကာ ပန်းအိုးတင်ထားသည့် ထောက်တိုင်တစ်ခုကိုပါ သွားမှန်လေသည်။

တစ်ခန်းလုံး ဝုန်းဒိုင်းကြဲသံ ဆူညံသွားပြီးနောက် စန်းကျစ်နဲ့ ချင်းယုဟွိုင်းတို့ နှစ်ယောက်စလုံး ဆိုဖာပေါ် လဲကျသွားလေသည်။

ချင်းယုဟွိုင်းက အောက်မှာ၊ စန်းကျစ်က အပေါ်မှာဖြစ်သည်။

ခန္ဓာကိုယ်ချင်း ထိကပ်သွားပြီး မျက်လုံးချင်းလည်း ဆုံကာ အချိန်တွေ ရပ်တန့်သွားခဲ့သည်။

ထိုစဉ် ရုံးခန်းတံခါးပွင့်သွားပြီး ချင်းယုကျီး ပြေးဝင်လာလေသည်။

“အစ်ကိုကြီးနဲ့ စန်းကျစ်တို့ အဆင်ပြေကြ-..”

ချင်းယုကျီး ကြက်သေသေသွား၏။

အစ်ကိုကြီး ကြမ်းလှချည်လား! လက်ထိပ်တွေတောင် သုံးထားတယ်!

“အစ်ကိုကြီးနဲ့ မရီးတို့ ကျွန်တော်တောင်းပန်ပါတယ်! အခုချက်ချင်း ပြန်ထွက်သွားပါ့မယ်!”

ချင်းယုကျီး ပြောပြောဆိုဆိုနဲ့ လစ်ထွက်ဖို့ ကြိုးစားသည်။

“မဟုတ်ဘူး မဟုတ်ဘူး!”။ ချင်းယုကျီးကို စန်းကျစ် အမြန်လိုက်ဆွဲကာ ရှင်းပြလိုက်ပါသည်။ “ယုကျီး အဲ့လို မဟုတ်ဘူး! နင့်အစ်ကိုကြီးနဲ့ ငါနဲ့က…”

“မရီး… ဘာမှ ရှင်းပြစရာမလိုဘူး! ကျွန်တော် အားလုံး နားလည်တယ်! အားလုံး တရားဝင်တယ်!’

ချင်းယုကျီးက အကုန်သိ အကုန်တတ် မျက်နှာထားဖြင့် ပြောလိုက်လေသည်။

အစ်ကိုကြီးရဲ့ နဂါးမျက်စောင်းကို ကြောက်ရွံ့သဖြင့် ချင်းယုကျီး အမြန်ဆုံး ထွက်ပြေးသွားလေတော့သည်။

ချင်းယုကျီး နားလည်မှုလွဲပြီး ထွက်ပြေးသွားတာကို စန်းကျစ် ဒီတိုင်း ငေးကြည့်နေခဲ့သည်။

သူမ နောက်လှည့်ကြည့်လိုက်ရာ ဆိုဖာပေါ်မှာ လှဲလျောင်းရင်း ပြုံးနေသည့် ချင်းယုဟွိုင်းအား မြင်လိုက်ရေလေသည်။

“ရှင်… ရှင်ဘာလို့ ပြုံးနေတာလဲ! ယုကျီး နားလည်မှုလွဲသွားပြီ!”။ စန်းကျစ် စိတ်ရှုပ်စွာ ကြမ်းပြင်ကို ခြေဖြင့် ဆောင့်လိုက်သည်။

“သူ မင်းကို မရီးလို့ ခေါ်သွားတယ်”။ ချင်းယုဟွိုင်းက ပြောလိုက်၏

“ဟင်…”။ စန်းကျစ် ရှင်းပြဖို့သာ စိတ်ရောက်နေသဖြင့် သူမကို ချင်းယုကျီး ဘယ်လိုခေါ်သွားမှန်းလည်း မကြားလိုက်ပါ။

ချင်းယုဟွိုင်း အသိပေးလိုက်မှ သူမ နားလည်သွားသည်။

“ရှင်ဘာလို့ ဝင်မရှင်းပြတာလဲ”

… … …

အခန်း(၇၉၉) နည်းပညာပြပွဲ (၁)

“ငါတို့ပုံစံကို ကြည့်ရသလောက် ရှင်းပြလည်းထူးတော့မယ် မထင်ဘူး”

သူတို့ပုံစံ ဟုတ်လား…

စန်းကျစ် ငုံ့ကြည့်လိုက်ရာ မျက်နှာတစ်ခုလုံး နီမြန်းသွားလေသည်။

“ရှင်… ရှင်လူရိုင်းကြီး!”

စန်းကျစ် လျှပ်စီးလို အလျှင်ဖြင့် ထွက်ပြေးသွားလေတော့သည်။

ချင်းယုကျီးလည်း လက်ထောက်ရုံးခန်းထဲသို့ ပြန်ရောက်လာသည်။ စူစူလေးက ချက်ချင်း မေးလိုက်၏။ “တူကြီး ဘာဖြစ်တာလဲ”

ဆူညံသံတွေကိုကြားပြီး သူမလည်း သွားကြည့်ချင်ခဲ့ပါသည်။ သို့သော် တူလေးနဲ့ တူကြီးရဲ့လက်ထောက်တို့က သူမကို သွားခွင့်မပြုကြပါ။

“ဘာမှမဖြစ်ပါဘူး ဘာမှမဖြစ်ဘူး။ စူစူလေးရဲ့ တူကြီး လုံးဝ အဆင်ပြေတယ်!”။ သူဖြေတာ နှေးလျှင် စူစူလေး ထွက်ပြေးသွားမှာ စိုးရိမ်သဖြင့် ချင်းယုကျီး အမြန်ပြန်ဖြေလိုက်ပါသည်။

ခုနက အဖြစ်ကို စူစူလေး လုံးဝ မြင်လို့မရပါ။

“ဒါဆို ခုနက ဆူညံသံတွေက ဘာတွေလဲ တူကြီးနဲ့မမလှလှတို့ ချော်လဲတာ မဟုတ်ဘူးလား”

“မဟုတ်ပါဘူး သူတို့ ဒီတိုင်း ကစားနေကြတာ!”

“တူကြီးနဲ့ မမလှလှတို့က အကျင့်ပုတ်လိုက်တာ! ကစားတာ ငါ့ကိုတောင် မခေါ်ကြဘူး”။ စူစူလေး ငြီးတွားလိုက်ပါသည်။

သို့သော်လည်း နောက်ဆုံးတော့ သူမတူကြီး ရည်းစားရသွားပြီဖြစ်သဖြင့် စူစူလေး စိတ်မဆိုးတော့ဖို့ ဆုံးဖြတ်လိုက်ပါသည်။

--- --- ---

၂၂ ကြိမ်မြောက် အီလက်ထရွန်းနစ် နည်းပညာပြပွဲကို ဟွာချန့်မြို့ကော်မာရှယ်စင်တာမှာ ကျင်းပခဲ့ပါသည်။

ကုမ္ပဏီများစွာက ၎င်းတို့ရဲ့ နည်းပညာစွမ်းရည်များကို အပြင်လောကသို့ ချပြနိုင်မည့် အခွင့်အလမ်းတစ်ခုဖြစ်သည်။ အများစုက ဒီပွဲကို ပရိုမိုးရှင်းဆင်းနည်းတစ်နည်းအဖြစ် သဘောထားကြသည်။

တချို့ဆို ဒီပွဲမှာ အဆင်ပြေလျှင် အော်ဒါတွေ အများကြီး ရရှိသွားတတ်ကြသည်။

ထို့ကြောင့် ဒီပြပွဲအတွက် ကုမ္ပဏီများစွာက လူအင်အားကော၊ ပစ္စည်းအင်အားပါ အများကြီး စိုက်ထုတ်ထားခဲ့ကြသည်။

ချူးဟမ့်၏ နည်းပညာကုမ္ပဏီနဲ့ ချင်းအုပ်စု၏ နည်းပညာကုမ္ပဏီ နှစ်ခုစလုံး ဒီပြပွဲမှာ ပါဝင်ကြမှာဖြစ်သည်။

ဒီပြပွဲအတွက် ချူးဟမ့် ပြင်ဆင်နေတာ တစ်လကျော် ကြာပါပြီ။ ကြားထဲ အနှောင့်အယှက်တွေသာ မဖြစ်ခဲ့လျှင် ဒီ့ထက် ပိုမိုစေ့စပ်စွာ ပြင်ဆင်နိုင်လိမ့်မည်ဟု ခံစားမိသည်။

သို့သော်လည်း သူ ယုံကြည်ချက် အလွန်ပြည့်ဝနေဆဲဖြစ်သည်။ မစ္စတာမင် သူ့ကို ထောက်ပံ့ထားသည့် နည်းပညာပစ္စည်းများက ပြည်တွင်းမှာ အရည်အသွေးအကောင်းဆုံးများ ဖြစ်နိုင်သည်။

အမြော်အမြင်ရှိသည့် ကုမ္ပဏီတိုင်း သူတို့ ထုတ်ကုန်တွေကိုသာ ရွေးချယ်လိမ့်မည်။

တစ်ချိန်တည်းမှာပင် လွန်ခဲ့သည့် ရက်အနည်းငယ်တုန်းက ချင်းမိသားစုအခြေအနေကို ချူးဟမ့် စုံစမ်းဖို့ လူလွှတ်ခဲ့သည်။

ချင်းရှင်းကျစ်တို့ ကုမ္ပဏီ၏ နည်းပညာများက ဒိတ်အောက်နေပြီဖြစ်မှန်း ချူုးဟမ့်သိပါသည်။ သို့သော် ပိုမို သေချာစေဖို့အတွက် ချူးဟမ့် လူလွှတ်ကာ စုံစမ်းခိုင်းခဲ့ပါသေးသည်။

သူလွှတ်လိုက်သည့်လူတွေ ပြန်ရောက်လာပြီဖြစ်ကာ ချူးဟမ့် အမြန်မေးလိုက်၏။ “ဘယ်လိုလဲ အခြေအနေ ဘယ်လို ရှိလဲ။ ဒီနှစ်အတွက် ချင်းအုပ်စုရဲ့ အစီအစဉ် ဘယ်လိုလဲ”

“စိတ်မပူပါနဲ့ စီအီးအိုချူး။ ကျွန်တော်စုံစမ်းပြီးသွားပြီ။ ပြပွဲကျင်းပဖို့ လဝက်လောက်ပဲ လိုတော့တာတောင် ချင်းမိသားစု ဘာမှ မပြင်ဆင်နိုင်ခဲ့ဘူး။ ရှေးဟောင်းပစ္စည်းလို့တောင် စာရင်းသွင်းရတော့မယ့် နည်းပညာတွေကိုပဲ ကိုင်ဆောင် ထားကြတုန်းပဲ။ ဒီနေ့အတွက် လုံးဝ မသင့်တော်ဘူး။ သူတို့နေရာမှာ ကျွန်တော်သာဆို ဒီပြပွဲကို တက်ရောက်ဖို့ ရှက်တောင် ရှက်မိမှာ”

ဒါကိုကြားတော့ ချူးဟမ့် ပြုံးရွှင်သွားခဲ့သည်။

ဒီလိုဖြစ်မယ်မှန်း သူသိသားပဲ!

“ကောင်းတယ် ကောင်းတယ်! လုပ်စရာရှိတာ ပြန်လုပ်ကြတော့။ ဒီပြပွဲက ငါတို့ တကျော့ပြန်လာနိုင်မယ့် အခွင့်အရေးပဲ။ ကျန်းရှင်းကြောင့် ဆုံးရှုံးသွားတဲ့ ဆုံးရှုံးမှုတွေ ဒီမှာ ပြန်ရှာနိုင်လိမ့်မယ်”။ ချူးဟမ့် ညွှန်ကြားလိုက်သည်။

မစ္စတာမင်က သူ့ကို အခွင့်အရေး ထပ်ပေးထားသဖြင့် သူကြိုးစားရမည်။ သူ့ကို မစ္စတာမင် သည်းခံနေတာလည်း အတိုင်းအတာရှိနိုင်မှန်း ချူးဟမ့် သိပါသည်။ သူသာ ဆက်တိုက် ကျရှုံးနေလျှင် မစ္စတာမင် သူ့ကို ပစ်သွားလိမ့်မည်။

ပြပွဲကို ကျောင်းပိတ်ရက်မှာ ကျင်းပတာဖြစ်တာကြောင့် အိမ်မှာအားနေသည့် ချူးယန်ရှီလည်း သူမကိုပါ ခေါ်သွားဖို့ ချူးဟမ့်ကို ပူဆာခဲ့သသည်။

ချူးဟမ့်က သူမ နားပူနားဆာလုပ်တာကို မခံနိုင်သဖြင့် ပြပွဲကိုလိုက်ပို့ပေးဖို့ ကလေးထိန်းအဒေါ်ကြီးကိုသာ တာဝန် ပေးလိုက်ပါသည်။

ချူးယန်ရှီအား လိုက်ခွင့်ပြုခဲ့သော်လည်း သူ့အလုပ်ကိစ္စတွေကို ဝင်မနှောင့်ယှက်ဖို့ ချူးယန်ရှီအား ချူးဟမ့် သတိပေးထားသည်။

ချူးယန်ရှီ အပေါ်ယံမှာတော့ ပြုံးကာ ခေါင်းငြိမ့်လိုက်သော်လည်း စိတ်ထဲမှ မကျေနပ်စွာ တွေးလိုက်သည်။ သူမ ပြဿနာ ရှာမှာကို စိုးရိမ်နေတယ်ဟုတ်လား။ သူ့ဖာသာသူ အောင်မြင်နိုင်ရင်တောင် ကံကောင်း!

ရုံထဲ ဝင်ထွက်သွားလာနေသည့် ပုဂ္ဂိုလ်များအား ချူးယန်ရှီ မတ်တပ်ရပ်ကာ ငေးကြည့်နေသည်။ သူမ မှတ်မိသည့် အထင်ကရ ပုဂ္ဂိုလ်တချို့ကို မြင်ရဖို့ မျှော်လင့်မိသည်။

ထိုစဉ် စူစူလေးကို ချူးယန်ရှီ ရုတ်တရက် မြင်သွားလေသည်။

… … …

အခန်း(၈၀၀) နည်းပညာပြပွဲ (၂)

“ဘာ… ချင်းစူစူလည်း ရောက်လာတာလား”

ဒီမသာမလေး! သူရောက်လာတဲ့နေရာတိုင်း ကောင်းတာ မဖြစ်နိုင်ဘူး!

ချူးယန်ရှီ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ချင်းစူစူကို အရှက်ခွဲနိုင်မည့် အကြံတစ်ခု ခေါင်းထဲ ရုတ်တရက် ပေါ်လာခဲ့သည်။

“ဖေကြီး အဒေါ်ကြီးနဲ့ သမီးကို လျှောက်ကြည့်ခွင့်ပေးပါလား။ သမီး လျှောက်ကြည့်ချင်လို့” ချူးယန်ရှီက ချူးဟမ့်ကို တောင်းဆိုလိုက်ပါသည်။

“နင်ဘာလို့ အဲ့လောက် တောင်းဆိုချက်တွေ များနေတာလဲ။ ဒီကို ရောက်ရင် ပြဿနာမရှာနဲ့လို့ ပြောမထားဘူးလား”။ ချူးဟမ့် စိတ်မရှည်စွာ ပြောလိုက်သည်။

ချူးယန်ရှီရင်ထဲ မီးတောက်သွားပြန်သည်။

ဒီဘဝမှာ သူ့အပေါ် ချူးဟမ့်ဆက်ဆံသည့် ပုံစံက အရင်ဘဝကထက်ပင် ပိုဆိုးနေပါသေးသည်။

အရင်ဘဝတုန်းကဆို သူမ ဆယ်ကျော်သက်အရွယ်ရောက်သွားပြီး ချူးမိသားစုလည်း ပျက်စီးသွားသည့်အချိန်ကျမှ သူမကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့တာဖြစ်သည်။

ဒီဘဝမှာတော့ လင်းယုရှန်းနဲ့ ကွာရှင်းတာ စောသွားရုံတင်မကဘဲ သူမအပေါ် ဆိုးဆိုးရွားရွား ဆက်ဆံတာလည်း စတင်လာပြီဖြစ်သည်။

သူမ စိတ်ထဲမှ ကိုယ့်ကိုယ်ကို အားပေးစကား ပြောလိုက်သည်။

အခုချိန်မှာ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးလို့ရတော့မယ်! လောလောဆယ်တော့ သည်းခံထားရမယ်!

ချူးယန်ရှီ ရှင်းပြလိုက်သည်။ “ဘယ်မှ လျှောက်မပြေးပါဘူး။ ဒီတိုင်း လျှောက်ကြည့်ချင်လို့ပါ”

“လျှောက်ပြေးတာနဲ့ လျှောက်ကြည့်တာနဲ့အတူတူပဲ မဟုတ်ဘူးလား။ နင်ပျောက်သွားရင် ငါက အလုပ်ရှုပ်ခံပြီး လိုက်ရှာနေရဦးမယ်!

ဒီလိုအရေးကြီးသည့်အချိန်တစ်ခုမှာ သမီးဖြစ်သူကြောင့် ချူးဟမ့် အာရုံမများချင်ပါ။

ချူးဟမ့်၏ အချိုးကို ချူးယန်ရှီ တော်တော်လေး မုန်းတီးနေပါပြီ။ သို့သော် သူမ ဒေါသက သက်ရောက်မှု မရှိပေ။

ချူးဟမ့်က ငွေရှာဖို့သာ အာရုံစိုက်နေသည်။

“စီအီးအိုချူး! စီအီးအိုချူး! စီအီးအိုကု ရောက်လာပြီ!”

ချူးဟမ့်၏ ဌာနမန်နေဂျာက ချူးဟမ့်ကို အမြန်လာခေါ်ပါသည်။

“စီအီးအိုကု ဟုတ်လား ဘယ်က စီအီးအိုကုလဲ”

“လင်းယွင်ကုမ္ပဏီက စီအီးအိုကုလေ!”

“လင်းယွင်ဟုတ်လား သူတို့ တကယ်ကြီး ဒီပွဲတက်လာတာလား!”။ ချူးဟမ့်ချက်ချင်း ခေါင်းထောင်သွားသည်။

မော်တော်ကားဈေးကွက်တွင် လင်းယွင်၏ ရှယ်ယာက အဆမတန် ကြီးမားသည်။ ပြည်တွင်းမှာကော ပြည်ပမှာပါ အလွန် ကျယ်ပြန့်ပြီး အကောင်းဆုံးလည်း ဖြစ်သည်။

လင်းယွင်မှ ကားမော်ဒယ်အသစ်တစ်ခု ထုတ်လုပ်လိုက်တိုင်း ကားလောက၏ စံပြဖြစ်လာတတ်သည်။

မကြာသေးခင်က လင်းယွင်မှာ ဆိုင်ကယ်တွေပါထုတ်လုပ်ဖို့ ခြေလှမ်းပြင်နေသည်ဟု ချူးဟမ့် ကြားမိသည်။ မော်တော်ကား Chips များအတွက် လင်းယွင်မှာ အချိန်အတော်ကြာ လက်တွဲလာသည့် ပါတနာ ရှိပြီးသား ဖြစ်သည်။

သို့သော် ယခု အသစ်ချဲ့ထွင်မည့် မော်တော်ဆိုင်ကယ်ကဏ္ဍအတွက်တော့ လင်းယွင် ပါတနာ မဆုံးဖြတ်ရသေးပေ။

ထို့ကြောင့် နည်းပညာကုမ္ပဏီအားလုံးနီးပါးက လင်းယွင်ကို အသည်းအသန်ဆက်သွယ်နေကြပြီး ပါတနာအဖြစ် လက်တွဲနိုင်ဖို့ မျှော်လင့်နေကြသည်။

ပါတနာတွေ ဖြစ်သွားပြီဆိုတာနဲ့ ဝင်လာမည့် အော်ဒါတွေက ရေတွက်၍ မရနိုင်အောင် ဖြစ်သွားမှာကြောင့် ဖြစ်ပါသည်။

အော်ဒါ သန်း ၁၀၀ ဆိုတာ လင်းယွင်အတွက် သမုဒ္ဒရာထဲက ရေစက်ပမာ သေးငယ်သည်။

“တကယ်ပြောတာ! စီအီးအိုကု ကိုယ်တိုင်ပဲ!”။ ဌာနမန်နေဂျာက အလွန်စိတ်လှုပ်ရှားစွာ ပြောလိုက်ပါသည်။

“တကယ်ကြီး… လင်းယွင်ရဲ့ စီအီးအိုကု ရောက်လာတာလား” ချူးဟမ့် ချက်ချင်း စိတ်လှုပ်ရှားသွားခဲ့သည်။

စီအီးအိုကုက ခရီးမထွက်သလောက်ရှားသည်။ သူကိုယ်တိုင် ရောက်လာတာကို ကြည့်ခြင်းအားဖြင့် ဒီ ပြပွဲကို လေးလေးနက်နက် စိတ်ဝင်စားပြီး ဒီပြပွဲမှာ ပါတနာ ရှာဖွေချင်တာကြောင့်လည်း ဖြစ်နိုင်ပါသည်။

“ဟုတ်တယ်! တကယ်ပါဆို! ပြပွဲ ခန်းမထဲတောင် ဝင်သွားပြီ!”။ ဌာနမန်နေဂျာလည်း လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်နေတာကိုမြင်ပြီး စုံစမ်းကြည့်မှ သိခဲ့ရတာဖြစ်သည်။

“ဒါဆို မြန်မြန် အသင့်ပြင်!။ ငါတို့နားက စီအီးအိုကုဖြတ်သွားရင် အခွင့်အရေးကို အရယူရမယ်!”။ ချူးဟမ့် အမြန် အမိန့်ပေးလိုက်ပါသည်။

ထို့နောက် သူ့ဝန်ထမ်းအားလုံးကို ခက်ထန်စွာ ပြောလိုက်သည်။ “အားလုံး နားထောင်ကြစမ်း! ဒီနေ့ လင်းယွင်ရဲ့ စီအီးအိုကုကို အထင်ကြီးသွားအောင် လုပ်နိုင်ရင် မင်းတို့အားလုံးကို လစာတိုးပေးပြီး ဘောနပ်စ်လည်း ပေးမယ်! အဲ့လိုမှ မဟုတ်ရင်တော့ အကုန်လုံးကို အလုပ်ထုတ်ပစ်မယ်! ကုမ္ပဏီမှာ သောက်သုံးမကျတဲ့ ဆန်ကုန်မြေလေးတွေ တစ်ယောက်မှ မထားဘူး!”

ဒါကိုကြားတော့ ဝန်ထမ်းတွေအားလုံး ပျော်လည်းပျော် ကြောက်လည်းကြောက်သွားကြသည်။

ဒီခေတ်ကြီးထဲ အလုပ်အကိုင် ရှာဖွေရတာ ခက်ခဲလွန်းပါသည်။ သူတို့ အလုပ်ထုတ်မခံချင်ပါ။

ဒေါသထွက်နေသည့် ချူးယန်ရှီလည်း စိတ်ပြန်ငြိမ်သွားသည်။

လင်းယွင်ကုမ္ပဏီဟုတ်လား…

သူတို့က အရင်ဘဝတုန်းကလည်း ထိပ်တန်း လျှပ်စစ်ကား ထုတ်လုပ်သူတွေပဲ…!

… … …

All Chapters