အခန်း (၇၈၁-၇၈၅)
Vol. 32 Ch. 781-785
အခန်း(၇၈၁) ထန်ထိုက်မင်ရဲ့ စမ်းသပ်မှု (၁)
သူ့ကို မြင်ရတာ ရင်းနှီးနေသလို ရှိသော်လည်း အသက် ၇ နှစ် ၈ နှစ်အရွယ်သာ ရှိသေးပြီး ခြေထောက်တွေလည်း မသန်ပေ။ သူရှာဖွေနေသည့် ပုဂ္ဂိုလ်က ဒီလိုပုံစံနဲ့ ရှိမနေသင့်ပါ။
ထိုပုဂ္ဂိုလ် လူဝင်စားဖို့ ဆုံးဖြတ်ခဲ့ရင်တောင် ကိုယ့်ကိုယ်ကိုယ် ဒုက္ခိတဖြစ်အောင် လုပ်မှာတော့ မဟုတ်ပေ။
ဒီကောင်လေး လုကျန်းယွီက ထိုပုဂ္ဂိုလ်နဲ့ ဆက်နွယ်မှုရှိနေမလားဆိုတာ သူ အတည်ပြုဖို့ လိုအပ်သည်။
သူ့ခန္ဓာကိုယ်ထဲ သွေးအသစ်တွေ စီးဆင်းလာသလိုမျိုး ဗလောင်ဆူနေခဲ့လေပြီ။
--- --- ---
စူစူလေး၏ အိမ်မှ လုကျန်းယွီ ပြန်လာသောအခါ ည ၉ နာရီပင် ထိုးနေပါပြီ။
စူစူလေးရဲ့ အိမ်စာကို ကူလုပ်ပေးခဲ့ရုံတင်မကဘဲ ချင်းမိသားစုနဲ့လည်း ညစာအတူတူ စားခဲ့သေးသည်။
စူစူလေး ရေမိုးချိုးပြီး အိပ်ခါနီးမှ သူပြန်လာခဲ့ခြင်းဖြစ်၏။
ချင်းအိမ်တော်နဲ့ လုအိမ်တော်တို့က မီတာ ၂၀၀ - ၃၀၀ သာ ကွာဝေးသည်။
ခြေလှမ်း နှစ်လှမ်းလောက် လှမ်းပြီးနောက် လမ်း၏ တစ်ဖက်တစ်ချပ်တွင် ရှိနေသော ခြုံပုတ်များထံမှ တရှပ်ရှပ် အသံမြည်လာသည်။
အိမ်တော်ထိန်းကျန်း ခြေလှမ်းများ ချက်ချင်း ရပ်တန့်သွား၏။
“ဘာဖြစ်လို့လဲ”။ လုကျန်းယွီက မေးလိုက်သည်။
“ဘာမှမဟုတ်ပါဘူး… သခင်လေးအိမ်ပြန် နည်းနည်းနောက်ကျမယ် ထင်တယ်”။ အိမ်တော်ထိန်းကျန်းက ပြုံးလျက် ပြန်ဖြေလိုက်သည်။
အိမ်တော်ထိန်းကျန်း၏ စကားကို နားလည်သဖြင့် လုကျန်းယွီ မျက်မှောင်ကြုတ်သွားခဲ့ပါသည်။
ခုတလော ပြဿနာတွေ များလွန်းလှသည်။
အိမ်တော်ထိန်းကျန်း စကားအဆုံးတွင် မျက်နှာဖုံးများတပ်၊ ဘေ့စ်ဘောဦးထုပ်များ ဆောင်းထားသည့် လူ ၁၀ ယောက်ကျော် ထွက်လာလေသည်။
အိမ်တော်ထိန်းကျန်းက လုကျန်းယွီဘေးမှာ တည်တည်ငြိမ်ငြိမ် ရပ်နေပါသည်။
လူမိုက်တွေကလည်း စကားတစ်ခွန်းမှ မပြောဘဲ လုကျန်းယွီထံ တန်းတန်းမတ်မတ် ပြေးလာကြ၏။
လုကျန်းယွီ လက်တစ်ဖက်ကို အသာအယာမြှောက်လိုက်ပြီး လူမိုက်တစ်ယောက်ကို တစ်ချက်တည်းနဲ့ မှောက်သွားအောင် လုပ်လိုက်သည်။
ထို့နောက် အနောက်မှ တိုက်ခိုက်ဖို့ ကြိုးစားနေသည့် လူမိုက်တစ်ယောက်ကိုလည်း ခြေထောက်ဖြင့် လှည့်ကန်လိုက်၏။
သူ့ပုံစံက ပြည့်ပြည့်ဖြိုးဖြိုး သက်လတ်ပိုင်း ယောက်ျားကြီးတစ်ယောက်နဲ့ တူသော်လည်း သူ့တိုက်ကွက်များက အလွန် မြန်ဆန်လွန်းပါသည်။
တိုက်ကွက်တိုင်းက ရန်သူများရဲ့ ဟာကွက်ကို ပစ်မှတ်ထားသဖြင့် အထိနာသွားကြသည်။
အချိန်အတန်ကြာ တိုက်ခိုက်ပြီးနောက် လူမိုက် ၁၀ ယောက်ကျော်စလုံးကို အိမ်တော်ထိန်းကျန်း ဆုံးမ ပြီးသွားပါပြီ။
၅ မိနစ်ခန့်ကြာပြီးနောက် လူမိုက်တွေ တစ်ပြိုင်တည်း ရပ်တန့်သွားကြသည်။ ထို့နောက် ချက်ချင်းဆိုသလို ပြန်ဆုတ်ခွာသွားခဲ့ကြသည်။
၁၀ စက္ကန့်အတွင်း ပတ်ဝန်းကျင်က အရင်လိုပဲ ပြန်တိတ်ဆိတ်သွားခဲ့ပါသည်။
အိမ်တော်ထိန်းကျန်းက ထိုလူတွေကို လိုက်မဖမ်းခဲ့ပါ။ သူ့အတွက် အရေးအကြီးဆုံးတာဝန်က လုကျန်းယွီကို ကာကွယ်ပေးဖို့ ဖြစ်သည်။ လူမိုက်တွေကို ဖမ်းဖို့ မဟုတ်ပေ။
တစ်ခုခု ထူးဆန်းနေသည်ဟု အိမ်တော်ထိန်းကျန်း ခံစားမိသည်။ “ဒီကောင်တွေက သာမန် လူမိုက်တွေ၊ ကလေကချေတွေ၊ ပြန်ပေးသမားတွေတော့ မဟုတ်ဘူး။ ကျွန်တော့်တပည့် အရင်က ရင်ဆိုင်ခဲ့ရဖူးတဲ့ လူတွေနဲ့ ဆင်တူနေတယ်”
စူစူလေး ခရီးထွက်တုန်းက တောထဲမှာ ဒီလိုလူတွေနဲ့ ဟဲပေမူ တိုက်ခိုက်ခဲ့ရဖူးသည်။
အိမ်ရာဝင်ပေါက်အပြင်ဘက်ရှိ လမ်းမပေါ်တွင် Rolls-Royce Phantom တစ်စီး ရပ်ထားသည်။
အိမ်ရာဝန်းကျင်တွင် သစ်ပင်များ ပေါများသဖြင့် ကားကို သတိမထားမိနိုင်စရာဖြစ်သည်။ သေချာ မကြည့်ပါက ကားရပ်ထားမှန်းတောင် မသိနိုင်ပါ။
အိမ်တော်ထိန်းကျန်း၏ ခုခံမှုကို ရင်ဆိုင်ခဲ့ရသည့် လူတွေက ထိုကားဆီ ချဉ်းကပ်လာကြပါသည်။
အားလုံး ခါးမတ်မတ်ရပ်ကာ အနည်းငယ် စိတ်ဖိစီးနေပုံရသသည်။
ကားတံခါးနဲ့ အနီးကပ်ဆုံးလူက အာ့ချောင်ဖြစ်၏။
“ဘော့စ်… သတ်မှတ်ထားတဲ့အချိန်အတွင်း ကျွန်တော်တို့ တာဝန်ကို မအောင်မြင်ခဲ့ပါဘူး”
အရင်တစ်ခေါက်ကလို မဟုတ်ဘဲ ဒီတစ်ခေါက်တော့ ဘော့စ်က သူတို့ကို အချိန် ၅ မိနစ် ပေးခဲ့သည်။ သူတို့ ၅ မိနစ်အတွင်း တာဝန်ကို မအောင်မြင်ပါက ချက်ချင်းဆုတ်ခွာရမည်။
ကားထဲမှာထိုင်နေသည့် ထန်ထိုက်မင်နဲ့ အကြည့်ချင်း မဆုံရဲဘဲ အာ့ချောင် ခေါင်းငုံ့ထားမိပါသည်။
ဒီတစ်ခါ သူတို့ကျရှုံးတာ ၃ ကြိမ်မြောက်ရှိပြီဖြစ်တာကြောင့် ကြောက်ရွံ့နေတာဖြစ်သည်။ ဒီတစ်ခါတော့ သူတို့ဘော့စ် ခွင့်လွှတ်မှာ မဟုတ်လောက်ပါ။
“ဝှီးချဲပေါ်က ကောင်လေးတစ်ယောက်ကိုတောင် မင်းတို့ မကိုင်တွယ်နိုင်ဘူးလား”။ ထန်ထိုက်မင်က အေးစက်သော လေသံဖြင့် မေးလိုက်သည်။
… … …
အခန်း(၇၈၂) ထန်ထိုက်မင်ရဲ့ စမ်းသပ်မှု (၂)
အာ့ချောင် အမြန်ရှင်းပြလိုက်သည်။ “ကောင်လေးက ပြဿနာမဟုတ်ဘူး။ သူ့ဘေးက ဆရာကြီးကမှ တကယ့်ပြဿနာ! သူ့ကို ကျွန်တော်တို့ တစ်ယောက်မှ မယှဉ်နိုင်ဘူး! သူ့ပုံစံက ချင်းစူစူဘေးက ကောင်လေးထက်တောင် ပိုပြီး စွမ်းမယ့်ပုံပဲ!”
“ဟုတ်လား…”
ထန်ထိုက်မင်၏ အသံက မကျယ်ပါ။ သို့သော် လက်အောက်ငယ်သားတွေ အားလုံးကို ဇောချွေးပြန်သွားစေသည်။
“ဟုတ်ပါတယ် ဘော့စ်။ တကယ်ပြောတာပါ။ ဆင်ခြေပေးတာ မဟုတ်ပါဘူး”။ အာ့ချောင် အမြန်ပြောလိုက်သည်။
အာ့ချောင် ခြေထောက်တွေ မခိုင်တော့ပါ။ တခြားသူတွေလည်း ထိုနည်းလည်းကောင်းပင်။
ဘော့စ်ကို ဒေါသထွက်အောင် လုပ်မိပါက အကျိုးဆက် မလှပနိုင်ပေ။ အားလုံး ကြောက်လန့်နေကြသည်။
“ငါသိတယ်။ သွားနားကြတော့”
ထန်ထိုက်မင် ဒေါသထွက်တော့မည်ဟု အားလုံးထင်နေစဉ် မစ်ရှင်မအောင်မြင်သော်လည်း အားလုံးကို သွားခွင့် ပေးလိုက်ပါသည်။
“ကျေးဇူးတင်ပါတယ် ဘော့စ်! ကျေးဇူးပါ!”
ဒါကိုကြားတော့ အားလုံး စိတ်အေးသွားကြသည်။ ထန်ထိုက်မင်ကို ကျေးဇူးတင်လိုက်ကြပြီး အမြန်ထွက်သွားခဲ့ကြပါသည်။
အားလုံးကို ပြန်လွှတ်ပြီးနောက် ကားထဲမှာ ထန်ထိုက်မင် အတွေးနက်နဲသွားသည်။
ဒီရလဒ်ကို သူ မကျေနပ်ပါ။ လုကျန်းယွီ ကိုယ်တိုင် လှုပ်ရှားတာကို သူမြင်ချင်တာဖြစ်သည်။ လုကျန်းယွီဘေးကလူ လှုပ်ရှားတာကို မြင်ချင်တာ မဟုတ်ပါ။
လုကျန်းယွီကို ဒီလိုပညာရှင်မျိုးက ကာကွယ်ပေးထားသဖြင့် ရိုးရိုးရှင်းရှင်း နည်းလမ်းများနဲ့ စမ်းသပ်လို့ ရနိုင်မှာ မဟုတ်တော့ပေ။
လူ့ပတ်ဝန်းကျင်အတွင်းက အကန့်အသတ်များကြောင့် ဒီလို နည်းလမ်းကတောင် လွန်ကြူးရာကျနေပါပြီ။ ဒီံ့ထက်သာ အဆင့်ထပ်တက်ရလျှင် ဗေဒင်ဆရာပြောသွားသလို လောကသုံးပါး နိယာမ၏ ပြစ်ဒဏ်ခတ်မှုကို ခံရနိုင်သည်။
ဒီ့ထက် ပိုသက်ရောက်မှုရှိမည့် နည်းလမ်းတစ်ခုခုကို စဉ်းစားဖို့ လိုပါပြီ။
--- --- ---
နောက်တစ်နေ့မနက် ကျောင်းတွင်း အားလပ်ချိန်တွင် စူစူလေးကို ထန်ထိုက်မင်က ကျောင်းတွင်း ကစားခန်းထဲသို့ ခေါ်လာခ့သည်။
အခန်းထဲမှာ ကလေးများအတွက် ကစားစရာများဖြင့် ပြည့်နှက်နေပါသည်။
ကလေးတွေ သဘောအကျဆုံးကတော့ လျှောစီးရတာကိုဖြစ်သည်။ ထိပ်ဆုံးထိရောက်အောင် လှေကားဖြင့် တက်ပြီး ဖင်ထိုင်လျက်သား လျှောစီးရတာဖြစ်သည်။
ရဲတိုက်ငယ်လေးလည်း ရှိသည်။ အထဲမှာ အခန်းသေးသေးလေးတွေရှိပြီး ဦးသူနေရာယူစနစ်ဖြင့် ထိုအခန်းလေးတွေကို လုရသည်။
ကလေးတွေ သဘောမကျဆုံးကတော့ နံရံတက်ကစားနည်းဖြစ်သည်။ ကလေးတွေအတွက် ဖန်တီးပေးထားသည့် နံရံတက် ကစားနည်းက လူကြီးတွေကစားသည့် ကစားနည်းလောက် မခက်ခဲသော်လည်း ခွန်အားတော့ သုံးဖို့ လိုပါသေးသည်။ ကလေးအများစုက ခွန်အား ထုတ်မသုံးနိုင်ကြပါ။
“သမီးတက်ရမှာ ဒီဟာလား”။ စူစူလေးက နံရံကြီးကို ချက်ချင်းမြင်သွားပြီး လက်ညှိုးထိုးပြလိုက်ပါသည်။
“စူစူလေး တက်ကြည့်ချင်လို့လား”
“အွန်း! သမီးက ဘာဖြစ်ဖြစ် တက်နိုင်တယ်!”။ စူစူလေး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် အပြည့်ရှိပါသည်။
ဒါလေးတောင် မတက်နိုင်လျှင် နတ်သားရဲတွေအတွက် အရှက်ရစရာ ဖြစ်သွားလိမ့်မည်။
“ဒါဆိုလည်း တက်ကြည့်လိုက်လေ။ ပြီးမှ တခြား တစ်ခုခုလုပ်ကြတာပေါ့”။ ထန်ထိုက်မင် ပြောလိုက်သည်။
“အွန်း!”။ စူစူလေး ခေါင်းငြိမ့်ကာ ခြေချောင်းတိုတိုလေးများနဲ့ နံရံပေါ် စတက်လေသည်။ နံရံပေါ်က အဖုအထစ်များကို အားယူပြီး ခြေထောက်ကော လက်တွေပါ သုံးကာ သွက်သွက်လက်လက်တက်သွားလေသည်။
အချိန်တိုအတွင်း ၃ မီတာ နံရံကို စူစူလေး တက်နိုင်ခဲ့ပါသည်။
နံရံက ၃ မီတာသာ မြင့်သဖြင့် စူစူလေး ဘာမှကြိုးစားစရာ မလိုလိုက်ဘဲ ပြီးမြောက်သွားလေသည်။
စူစူလေး အနည်းငယ် စိတ်ပျက်သွား၏။ “ခက်လည်း မခက်ဘူး။ မကြိုက်ဘူး”
ဒီအခန်းထဲမှာ သူမ စိတ်ဝင်စားတာ ဘာမှမရှိပါ။
ထန်ထိုက်မင်က အောက်မှာ မတ်တပ်ရပ်နေပြီး ပြုံးကာ ပြောလိုက်သည်။ “ဒါဆို စူစူလေး ဒီကစားနည်း ကစားကြည့်မလား”
ထန်ထိုက်မင် လက်ဖဝါးပေါ်မှာ ဖန်ဂေါ်လီလုံးတစ်လုံးကို တင်ထားသည်။
ဂေါ်လီလုံးလေးလား...
အဲ့တာ ဘာပျော်စရာကောင်းလို့လဲ။
စူစူလေး နားမလည်ပါ။ သို့သော် သူမ နံရံပေါ်မှ အရင်ဆုံး ပြန်ဆင်းလာခဲ့သည်။
ထန်ထိုက်မင်နား ရောက်သောအခါ သူ့လက်ထဲက ဂေါ်လီလုံးလေးနဲ့ ကစားနေတာကို စူစူလေး မြင်လိုက်ရပါသည်။
ဂေါ်လီလုံးလေးက သူ့လက်ဖဝါးပေါ်မှာ ဟိုလိမ့်လိုက်ဒီလိမ့်လိုက် သွားနေပြီး ကော်နဲ့ကပ်ထားသလိုမျိုး အောက်ကို လုံးဝ ပြုတ်မကျပါ။
စူစူလေး ဘေးကကြည့်ရင်း သဘောကျသွားသည်။
ထို့နောက် ထန်ထိုက်မင်က စူစူလေးဆီ ဂေါ်လီလုံးပေးလိုက်ပါသည်။
“စူစူလေး အလှည့်”
… … …
အခန်း(၇၈၃) ထန်ထိုက်မင်ရဲ့ စမ်းသပ်မှု (၃)
“သမီးအလှည့်လား”။ ဖန်ဂေါ်လီလုံးလေးကို စူစူလေး တွန့်ဆုတ်စွာ ယူလိုက်သည်။
ဖန်ဂေါ်လီလုံးလေးက စူစူလေးအတွက်တော့ အနည်းငယ် ကြီးမားနေပါသည်။ သူမရဲ့ လက်ကလေးနဲ့ ဖန်ဂေါ်လီလုံးလေးကို ဆုပ်ကိုင်လိုက်သည်။
“လက်ထိန်းချုပ်နိုင်စွမ်းကို လေ့ကျင့်ပေးချင်တာ။ ခွန်အားကို မဟုတ်ဘူး။ ဆရာ့လိုမျိုး ဂေါ်လီလုံးလေးကို ဘယ်လို ကစားရမလဲဆိုတာ သင်ယူရမှာ။ ခွန်အားထုတ်ပြစရာ မလိုဘူး” ထန်ထိုက်မင် ရှင်းပြလိုက်သည်။
စူစူလေး ခေါင်းငြိမ့်လိုက်သည်။ သူပြောတာ မှန်ပါသည်။
သူမ ခွန်အားက သန်မာပြီးသား ဖြစ်သော်လည်း လက်တွေကို သေချာ မထိန်းချုပ်တတ်သေးပါ။
ထန်ထိုက်မင်လုပ်သလိုမျိုး စူစူလေး လိုက်တုပခဲ့သည်။ လက်ဖဝါးပေါ် ဂေါ်လီလုံးတင်လျက် ကစားခဲ့သည်။
သို့သော် တစ်စက္ကန့်ပင် မခံလိုက်ဘဲ ကြမ်းပြင်ပေါ်သို့ ဂေါ်လီလုံး ပြုတ်ကျသွားလေသည်။
ကံကောင်းစွာဖြင့် အခန်းထဲမှာ ကော်ဇောထူထူများ ခင်းထားသဖြင့် ဂေါ်လီလုံးက အသံလည်း မထွက် ကွဲလည်း မကွဲသွားပါ။
စူစူလေး ဂေါ်လီလုံးကို ပြန်ကောက်လိုက်သည်။ ထို့နောက် ထပ်ကြိုးစားကြည့်ရာ ကြမ်းပြင်ပေါ် ထပ်ပြုတ်ကျသွားပြန်သည်။
ထန်ထိုက်မင် လုပ်ပြတုန်းကတော့ အလွန်ရိုးရှင်းမည့်ပုံစံပေါက်သော်လည်း သူမ လက်ထဲမှာ အလွန် ခက်ခဲပါသည်။ သူမ လက်ဖဝါးပေါ်မှာ လိုသလို လှိမ့်ပြဖို့နေနေသာသာ တင်လိုက်တာနဲ့ လျှောကျသွားသည်။
ကြမ်းပြင်ပေါ် ၃ ကြိမ် ၃ ခါလောက် ပြုတ်ကျပြီးနောက် စူစူလေး စိတ်ရှုပ်လာပြီး ခြေထောက် ဆောင့်လိုက်သည်။
“ပျော်စရာလည်း မကောင်းဘူး! မကစားချင်တော့ဘူး!”
ဂေါ်လီလုံးက ထန်ထိုက်မင်၏ ခြေဖဝါးနားသို့ ရောက်သွားသည်။ ထန်ထိုက်မင် ဂေါ်လီလုံးကို ကောက်ကာ ပြောလိုက်၏။ “စူစူလေး စွမ်းအားပိုကြီးလာချင်တယ်ဆို။ ဒီလို အသေးအဖွဲ အခက်အခဲလေးတစ်ခုကိုတောင် မကျော်ဖြတ်နိုင်ရင် ဘယ်လိုလုပ် စွမ်းအားကြီးလာတော့မှာလဲ”
စူစူလေး တွန့်ဆုတ်သွားပြီး ထန်ထိုက်မင်ကို ကြည့်ကာ သေချာစဉ်းစားလိုက်သည်။
ဟုတ်တယ်! နတ်ယုတ်မာကြီးကို အနိုင်ယူရဦးမယ်!
သူမက ပိုင်ကျဲနတ်သားရဲပဲဥစ္စာ! ဂေါ်လီလုံးတစ်လုံးကို မနိုင်စရာအကြောင်း မရှိဘူး!
“ဒီကိုပေး!”
ထန်ထိုက်မင်လက်ထဲမှ ဖန်ဂေါ်လီလုံးကို စူစူလေး ပြန်လုယူလိုက်သည်။
ထို့နောက် သူမ လေ့ကျင့်ခဲ့ပြန်သည်။
ဒီတစ်ခါတော့ ၃ စက္ကန့် ၄ စက္ကန့်လောက်အထိ ထိန်းထားနိုင်ခဲ့ပါသည်။ တိုးတက်လာသည်ဟု ဆိုရမည်။
ထိုစဉ် စူစူလေး ခွန်အားကို ထိန်းချုပ်ဖို့ မေ့လျော့သွားခဲ့သည်။
စူစူလေး၏ ခွန်အားကြောင့် ဖန်ဂေါ်လီလုံး ခံနိုင်ရည် မရှိတော့ဘဲ တစ်စစီကွဲသွားလေတော့သည်။
“တောင်းပန်ပါတယ်။ ဆရာ့ဖန်ဂေါ်လီလုံး ကွဲသွားပြီ။ သမီး အသစ်ဝယ်ပေးမယ်!”။ စူစူလေးက ကွဲသွားသော ဖန်ဂေါ်လီလုံးကို ကြည့်ရင်း တောင်းပန်လိုက်ပါသည်။
“ဘာမှမဖြစ်ပါဘူး။ သာမန်ဂေါ်လီလုံးလေးပဲ ဥစ္စာ”။ ထန်ထိုက်မင် အပြုံးဖြင့် ပြောလိုက်သည်။ ထို့နောက် စူစူလေးကို နောက်ထပ် ဖန်ဂေါ်လီလုံးတစ်လုံး ထပ်ပေးလိုက်ပြန်သည်။
“ဒီမှာ နောက်တစ်လုံး။ ဒီတစ်လုံးက ပိုမာတယ်။ ဒါနဲ့ လေ့ကျင့်ကြည့်”
“ဟုတ်ကဲ့”။ စူစူလေး ဂေါ်လီလုံးသစ်ကို ယူလိုက်ပြီး ဆက်လေ့ကျင့်ခဲ့သည်။
ထန်ထိုက်မင်က ဘေးနားမှာ ရပ်နေပြီး ပြုံးကာ စောင့်ကြည့်နေသည်။
အချိန်တွေ လျှင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး စူစူလေး အခြေအနေ အတော်လေး တိုးတက်လာသည်။ သို့သော် ပန်းတိုင် ရောက်ဖို့တော့ အများကြီးလိုပါသေးသည်။
ထန်ထိုက်မင်က ပြောလိုက်၏။ “ဒီဂေါ်လီလုံးကို စူစူလေးပဲ ယူလိုက်တော့။ အိမ်ပြန်ရောက်လို့ အားရင် ဒါလေးနဲ့ လေ့ကျင့်။ ပြီးတော့ စူစူလေးမှာ ခြေထောက်မသန်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်မလား။ သူ့ကိုလည်း ဒီဂေါ်လီလုံးလေး ငှားပြီး လက်တွေကို လေ့ကျင့်ခိုင်းလိုက်ပေါ့”
“ကိုကြီးကကော လက်လေ့ကျင့်ခန်း လုပ်ရမှာလား။ သူက ခြေထောက်မသန်တာလေ”။ စူစူလေး မေးလိုက်သည်။
“လက်လေ့ကျင့်ခန်းလုပ်တာ ခြေထောက်အတွက်လည်း ကောင်းတယ်။ မယုံရင် စူစူလေးတို့ မိသားစုထဲက ဆေးပညာအကြောင်း နားလည်သူတစ်ယောက်ယောက်ကို မေးကြည့်လိုက်။ သူတို့သိလိမ့်မယ်”။ ထန်ထိုက်မင် ပြောလိုက်သည်။
“အာ့ဆိုလည်း ပြီးရော။ ကိုကြီးကို နောက်မှ လေ့ကျင့်ခိုင်းလိုက်မယ်”
---- ---- ----
ကျောင်းဆင်းသောအခါ စူစူလေး အိမ်ပြန်လာခဲ့သည်။
ဒီနေ့ လုကျန်းယွီက ချင်းအိမ်တော်ကို မလာခဲ့ပါ။
ထို့ကြောင့် ညစာစားပြီးနောက် ဖန်ဂေါ်လီလုံးကို ယူပြီး လုကျန်းယွီအိမ်သို့ စူစူလေး သွားခဲ့သည်။
“ကိုကြီး ဒီမှာကြည့်!”။ စူစူလေးက လုကျန်းယွီထံ ပျော်ရွှင်စွာ ပြေးလာပြီး လက်ထဲက ဖန်ဂေါ်လီလုံးလေးကို မြှောက်ပြလိုက်သည်။
… … …
အခန်း(၇၈၄) အစီအစဉ်တွေ ပြိုလဲသွားခြင်း
“အဲ့တာဘာလဲ”။ လုကျန်းယွီ ကြောင်စီစီဖြစ်သွားပြီး စူစူလေးလက်ထဲက ပစ္စည်းကို ကြည့်ရင်း မေးလိုက်သည်။
“ဂေါ်လီလုံးလေးလေ။ လက်ကို လေ့ကျင့်ဖို့အတွက် သုံးရတာတဲ့!”
စူစူလေး ရှင်းပြလိုက်ပြီး လုကျန်းယွီအတွက် ချက်ချင်း သရုပ်ပြလိုက်သည်။
ကံမကောင်းစွာနဲ့ သူမလည်း သိပ်မကျွမ်းကျင်သဖြင့် ဖန်ဂေါ်လီလုံး သူမလက်ပေါ် လိမ့်သွားပြီး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
ကံကောင်းစွာဖြင့် ဖန်ဂေါ်လီလုံးကော၊ ကြမ်းပြင်ကောက အရည်အသွေးကောင်းသော ပစ္စည်းများဖြစ်သဖြင့် ထိခိုက်မှု မရှိခဲ့ပါ။
စူစူလေး ဖန်ဂေါ်လီလုံးကို ကောက်ကာ လုကျန်းယွီအား ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်ပါသည်။ “သမီးလည်း ဒီနေ့မှ စလေ့ကျင့်တာ။ အဲ့တာကြောင့် သမီးလည်း မကျွမ်းသေးဘူး။ ဒါမယ့် ဒါကို သေချာလေ့ကျင့်ရင် သမီးလက်တွေကို ပိုထိန်းချုပ်နိုင်လာလိမ့်မယ်တဲ့။ အဲ့တာဆို ပိုပြီး အစွမ်းထက်သွားမှာ!”
“စူစူလေးက အစွမ်းထက်ပြီးသားပါ”။ လုကျန်းယွီ ချီးကျူးလိုက်သည်။
“ဟုတ်တယ်မလား သမီးက အစွမ်းထက်ပြီးသား!”။ စူစူလေး သွားဖြီးပြလိုက်ပါသည်။
လုကျန်းယွီလည်း စူစူလေးထံမှ အပျော်တွေ ကူးစက်ကာ ပြုံးမိသွားပါသည်။
စူစူလေး ဂေါ်လီလုံးကို လက်ပေါ်ပြန်တင်ကာ လုကျန်းယွီအတွက် သရုပ်ထပ်ပြလိုက်သည်။
သို့သော် ထင်ထားသည့်အတိုင်းပဲ ဂေါ်လီလုံးက ကြမ်းပင်ပေါ် ပြုတ်ကျသွားပြန်သည်။
လုကျန်းယွီရယ်မောလိုက်ပြီး စူစူလေးကို အားပေးလိုက်ပါသည်။ “အချိန်ယူပါ။ ဘာမှ စိတ်မပူနဲ့။ ခြေထောက်လေးကို မထိစေနဲ့။ ကြမ်းပြင်က ဘာမှမဖြစ်ဘူး”
“ဟုတ်ကဲ့!”
စူစူလေးကို ခေတ္တစောင့်ကြည့်ပြီးနောက် လုကျန်းယွီ မေးလိုက်သည်။ “စူစူလေး ဘာလို့ ဒီလိုလေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်တာလဲ”
“ဆရာမင်က သင်ပေးထားတာ။ သမီးပြိုင်ပွဲမှာ ဝင်ပြိုင်မှာမို့လို့ ဆရာက ကူသင်ပေးနေတာတဲ့။ ဒီလို လေ့ကျင့်ရင် သမီးက… သမီးက ပိုထိန်းချုပ်လာနိုင်မှာတဲ့!”။ စူစူလေး ရှင်းပြလိုက်သည်။
စူစူလေး၏ လက်ရှိခွန်အားက လုံလောက်ပြီးသားဖြစ်သည်။ ထို့ကြောင့် ခွန်အားကို လေ့ကျင့်စရာ မလိုအပ်ပေ။ ထိုခွန်အားကို ထိန်းချုပ်နိုင်ဖို့က ပိုအရေးကြီးသည်။
“ဆရာမင်ဆိုတာ အဲ့ဒီနေ့က စူစူလေးတို့အိမ်မှာ မြင်ခဲ့ရတဲ့ ရုပ်ချောချောနဲ့ ဆရာလား”။ လုကျန်းယွီ မေးလိုက်သည်။
“ဟုတ်တယ် ဟုတ်တယ်! သူက ဆရာမင်။ အရမ်းချောပေမယ့် ကိုကြီးလောက်တော့ မချောဘူး!”။ စူစူလေးက လုကျန်းယွီကို ချီးကျူးလိုက်ပါသည်။
“ဂရုစိုက်ပါ၊ လက်ကောက်ဝတ်တွေ နာသွားမယ်”။ လုကျန်းယွီ သတိပေးလိုက်သည်။
“စိတ်မပူနဲ့ ကိုကြီး သမီးလုပ်နိုင်တယ်!’။ စူစူလေး ယုံကြည်ချက်များ ပြည့်ဝနေသည်။ “ဪ ဟုတ်သားပဲ ကိုကြီး။ ကိုကြီးလည်း ဒီဂေါ်လီလုံးနဲ့ လက်လေ့ကျင့်ကြည့်ပါလား!”
ထန်ထိုက်မင် ပြောလိုက်သည့်စကားကို စူစူလေး သတိရသွားသည်။
စူစူလေး ပြောနေတာ သိပ်အသုံးဝင်မည်ဟု မထင်သော်လည်း စူစူလေးက တောင်းဆိုသဖြင့် လုကျန်းယွီ စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်ပါသည်။
ဖန်ဂေါ်လီလုံးကိုယူဖို့ လုကျန်းယွီ လက်လှမ်းလိုက်စဉ် ဆရာကြီးရှုယီ ရုတ်တရက် ထပြောလိုက်လေသည်။ “စူစူလေး! ဘာလို့ သူ့ကိုပဲ အာရုံစိုက်နေတာလဲ။ အိမ်ထဲရောက်တာ ဒီလောက်ကြာနေပြီ။ ဦးလေးကို နှုတ်တောင် မဆက်ဘူးလား!”
ဖြစ်ချင်တော့ ဆရာကြီးရှုယီလည်း လုအိမ်တော်ထဲမှာ ရှိနေပါသည်။ လုကျန်းယွီနဲ့ မလှမ်းမကမ်းရှိ ဆိုဖာပေါ်မှာ လက်ဘက်ရည် သောက်နေတာဖြစ်သည်။
စူစူလေး ဝင်လာကတည်းက ဆရာကြီးရှုယီ လှမ်းမြင်လိုက်သည်။ သူ့ကို စူစူလေး လာနှုတ်ဆက်မည့်အချိန်အား စောင့်နေခဲ့တာဖြစ်သည်။
သို့သော်လည်း စူစူလေးကတော့ လာမနှုတ်ဆက်ခဲ့ပါ။ သူမ ကိုကြီးနဲ့သာ စကားများနေသည်။
ဆရာကြီးရှုယီ သည်းခံထားသော်လည်း စိတ်မထိန်းနိုင်တော့သဖြင့် စူစူလေးကို မနာလိုဖြစ်စွာ လှမ်းပြောလိုက်ခြင်းဖြစ်သည်။
“ဦးလေးပိုင်ဟူကျစ်ပါလား! ဘယ်တုန်းကရောက်နေတာလဲ”
သေချာပါသည်။ စူစူလေး သူ့ကို အခုမှ သတိထားမိတာဖြစ်မည်။
“ဒီမှာ ထိုင်နေတာကြာပြီလေ! မြင်တောင် မမြင်ဘူးလား!”။ ဆရာကြီးရှုယီ မနာလိုဖြစ်နေပါသည်။
“ဪ”။ စူစူလေး အံ့အားသင့်စွာ ရေရွတ်လိုက်ပါသည်။
“ဟင်း!”
… … …
အခန်း(၇၈၅) သူမှားသွားတာလား
“အခုတွေ့ပါပြီ”။ စူစူလေး အမြန်ပြောလိုက်၏။
“ဟင်း!”
ဆရာကြီးရှုယီ အလျှော့မပေးချင်သေးပါ။ “အခုမှတွေ့တော့ ဘာအသုံးဝင်တော့မှာလဲ။ စူစူလေး သတိမထားမိခင် ဦးလေးဘက်က အရင်ခေါ်ခဲ့ရတာ! ဦးလေးသာ စကားလာမပြောရင် တစ်သက်လုံး လျစ်လျူရှုထားမှာလား! စူစူလေးရဲ့ မျက်လုံးထဲမှာ ကိုကြီးတစ်ယောက်တည်းကိုပဲ ခင်တာမလား! ဦးလေးပိုင်ဟူကျစ်ဆိုတာ မရှိတော့ဘူး!”
“အဲ့တာဆို ဘယ်လိုလုပ်ရမလဲ”။ စူစူလေး မေးလိုက်ပါသည်။
“ဟင်း! ဦးလေး ဝမ်းနည်းသွားပြီ နာကျင်သွားပြီ။ စူစူလေး နှစ်သိမ့်ပေးဖို့ လိုအပ်တယ်!”။ ဆရာကြီးရှုယီ အချော့ခံချင်နေပါသည်။
သူ့ပုံစံကြောင့် အိမ်တော်ထိန်းကျန်းနဲ့ လုအိမ်စေတွေတောင် မျက်နှာပူမိသည်။
ဆရာကြီးရှုယီကို သူတို့ ရင်းနှီးနေတာ ကြာပြီဖြစ်သော်လည်း ဒီလို နတ်ဆေးသမားတော်ကြီးက စူစူလေးရှေ့မှာ ကလေးသဖွယ်ပြုမူနေတာကို မြင်ရတာ သူတို့အတွက် အလွန်ထူးဆန်းနေပါသည်။
“ဦးလေးပိုင်ဟူကျစ်ကို ပြန်ချော့ပါ့မယ်။ ဝမ်းမနည်းနဲ့။ သမီးက အရပ်ပုလို့ မမြင်လိုက်တာပါ!”
ထိုသို့ပြောပြီးနောက် ဆရာကြီးရှုယီကို သူမ မတ်တပ်ရပ်နေသည့် နေရာသို့ စူစူလေး ဆွဲခေါ်လာပြီး ထိုင်ခိုင်းလိုက်ပါသည်။
ဆရာကြီးရှုယီလည်း ဆောင့်ကြောင့်ထိုင်ကြည့်လိုက်ရာ စူစူလေးနဲ့ အရပ်တူတူပဲဖြစ်သွားသည်။ ထို့ကြောင့် စူစူလေး ထိုင်နေသည့်နေရာမှ သူ့ကို မမြင်ရမှန်း သိလိုက်ရပါသည်။
“ဟားဟားဟား! အဲ့တာကြောင့်ကိုး! အဲ့တာဆို ငါတို့စူစူလေး အပြစ်မရှိဘူးပေါ့!”။ ဆရာကြီးရှုယီ ပျော်ရွှင်မှုဖြင့် တောက်ပသွားခဲ့ပါသည်။
“အွန်း!”။ စူစူလေး ခေါင်းငြိမ့်လိုက်၏။ အစကတည်းက သူမ အပြစ်မဟုတ်ပါ။ သူမ လူကောင်သေးနေလို့သာ ဖြစ်သည်။
“ဒါဆို ငါတို့စူစူလေး အမြန်အရွယ်ရောက်လာပြီး အရပ်ရှည်သွားအောင် လုပ်ရမယ်!”
ဆရာကြီးရှုယီ ပျော်ရွှင်စွာ မတ်တပ်ပြန်ရပ်လိုက်ပြီး စူစူလေးကိုပါ ပွေ့ချီလိုက်ပါသည်။
“ဟုတ်တယ်! မြန်မြန် အရွယ်ရောက်လာရမယ်။ သစ်ပင်ကြီးတစ်ပင်လို အရပ်ရှည်သွားရမယ်!” စူစူလေးက လက်မြှောက်ကာ ကြွေးကြော်လိုက်လေသည်။
“ဟုတ်ပါတယ် ဟုတ်ပါတယ်” ဆရာကြီးရှုယီ အပြုံးဖြင့် ထောက်ခံလိုက်သည်။
လုမိသားစုဝင်တွေလည်း ပြုံးသွားကြပါသည်။
ကလေးတွေရဲ့ စိတ်က အလွန်ဖြူစင်ပြီး ချစ်ဖို့ကောင်းပါသည်။ ဘယ်သူမှ သစ်ပင်ကြီးလောက် အရပ်မရှည်နိုင်ပါ။
ဆရာကြီးရှုယီက စူစူလေးကို ချီပြီး အခန်းတစ်ပတ် ပြေးပြလိုက်သည်။ သူမကို အရပ်ရှည်ရသည့် ခံစားချက် ခံစားစေချင်လို့ဖြစ်ပါသည်။
ခဏလောက် ပြေးလွှားပြီးသောအခါ ဆရာကြီးရှုယီ ဟောဟဲဆိုက်သွားပြီး စူစူလေးအား မေးလိုက်သည်။ “ဘယ်လိုလဲ စူစူလေး ပျော်ဖို့ကောင်းရဲ့လား”
စူစူလေးက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ “ပျော်ဖို့ မကောင်းပါဘူး။ ဦးလေးပိုင်ဟူကျစ် ခါးနာသွားပြီလား”
“ခါးတော့မနာဘူး နှလုံးသား နာကျင်သွားပြီ”။
“အဲ့တာဆို ကိုယ့်အတွက်ကိုယ် ဆေးဖော်လိုက်ဦး။ ဆေးခါးခါးကြီးတွေ သောက်ရမှာ မကြောက်နဲ့။ ဆေးသောက်လိုက်ရင် မနာတော့ဘူး”။ စူစူလေး ညွှန်ကြားလိုက်ပါသည်။
ဆရာကြီးရှုယီ ကြည်နူးရမလား စိတ်ဓာတ်ကျရမလား မသေချာတော့ပါ။
လုကျန်းယွီ ပါးစပ်အုပ်လျက် ရယ်မောနေပါသည်။
ဆရာကြီးရှုယီ၏ နှောင့်ယှက်မှုကြောင့် လုကျန်းယွီကို ဖန်ဂေါ်လီလုံးနဲ့ လေ့ကျင့်ခိုင်းမည့်ကိစ္စ စူစူလေး မေ့သွားခဲ့သည်။
ဆရာကြီးရှုယီနဲ့ ခေတ္တကစားပြီးနောက် သူနဲ့အတူတူ လုအိမ်တော်မှ စူစူလေး ပြန်လာခဲ့တော့သည်။
--- --- ---
လုအိမ်တော်သို့ စူစူလေး သွားလည်စဉ် ထန်ထိုက်မင်လည်း စောင့်ကြည့်နေခဲ့သည်။
စူစူလေး ဂေါ်လီလုံးကိုင်ပြီး အိမ်ထဲမှ ပြန်ထွက်လာသည့်အချိန်အထိ ဘာထူးခြားချက်မှ မရျိခဲ့ပါ။
လုကျန်းယွီသာ သူရှာဖွေနေသည့်လူမှန်လျှင် ထိုဖန်ဂေါ်လီလုံးကို ထိလိုက်တာနဲ့တစ်ပြိုင်နက် ထူးခြားချက်တစ်ခု ဖြစ်ပေါ်လာလိမ့်မည်။
သို့သော် ဘာမှ မဖြစ်ခဲ့ပါ။
သူမျှော်လင့်ထားတာနဲ့ ခြားနားလို့နေသည်။
ဧကန္တ သူမှားသွားတာလား။
လုကျန်းယွီက သာမန်လူသားတစ်ယောက်ပဲလား။
“ဘော့စ်၊ ဘာလုပ်ကြမလဲ။ ဆက်စောင့်နေဦးမှာလား”။ အာ့ချောင်က ထန်ထိုက်မင်ကို မေးလိုက်ပါသည်။
… … …