အခန်း (၇၈၆-၇၉၀)
Vol. 32 Ch. 786-790)
အခန်း(၇၈၆) အစီအစဉ်တစ်ခု မအောင်မြင်ရင် နောက်တစ်ခု ထပ်ကြိုးစား
ထန်ထိုက်မင်၏ လက်ထောက်ဖြစ်သည့် အာ့ချောင်က သူ့ဘော့စ်အကြောင်းသူ ကောင်းကောင်း သိပါသည်။ ဒီလို အခြေအနေမျိုးမှာ သတိထားပြီး မမေးပါက သူ့အရိုးတွေ တစ်စစီကြေမွသွားနိုင်သည်။
“ငါ့အစီအစဉ်နဲ့ငါရှိပြီးသားပါ”
သူ့မျက်စိနဲ့ တပ်အပ် မမြင်နိုင်သေးသရွေ့ လုကျန်းယွီက သူရှာဖွေနေသည့်လူမဟုတ်မှန်း အကြွင်းမဲ့အတည်ပြု၍ မရနိုင်သေးပါ။
အတည်ပြုဖို့ တခြားနည်းလမ်းတစ်ခုခု ရှာဖွေရပါမည်။
--- --- ---
ရက်ပေါင်းများစွာ ကြာအောင် ဖန်ဂေါ်လီလုံးနဲ့ စူစူလေး လေ့ကျင့်ခဲ့သည်။ အိပ်ပျော်နေသည့် အချိန်တွေမှာတောင် ဖန်ဂေါ်လီလုံးကို ကိုင်ပြီး အိပ်တတ်ပါသည်။
သူမရဲ့ ဖြူဖြူဖွေးဖွေး နူးနူးညံ့ညံ့ လက်ကလေးများက လေ့ကျင့်ပါ များသဖြင့် နီမြန်းလာတတ်သည်။ သို့သော် မိနစ် အနည်းငယ်လောက် နားလိုက်တာနဲ့ ချက်ချင်း ပြန်ကောင်းသွားလေ့ရှိပါသည်။
သူမရဲ့ ပိုင်ကျဲနတ်သားရဲ စွမ်းအင်ကျေးဇူးကြောင့် ဖြစ်သည်။ မဟုတ်ပါက ဒီလို ကြမ်းတမ်းသည့် လေ့ကျင့်ခန်းတွေကို ခံနိုင်ရည်ရှိမှာ မဟုတ်ပါ။
သို့သော် ဒီလေ့ကျင့်ခန်းက တကယ် အာနိသင်ရှိပါသည်။
သူမရဲ့ လက်ကလေးများကို ယခင်ကထက်ပိုပြီး ထိန်းချုပ်နိုင်လာတာကို စူစူလေး သတိထားမိသည်။
ဒေါသထွက်စရာမလိုဘဲ မိုးကြိုးသေးသေးလေးတစ်ခုကိုပင် ဆင့်ခေါ်နိုင်ပါပြီ။
ထို့ကြောင့် နောက်တစ်ပတ်ရောက်သောအခါ ထန်ထိုက်မင်က သူမကို မူကြိုရှိ ကစားခန်းထဲ ထပ်ခေါ်ခဲ့ပြန်သည်။ စူစူလေးလည်း ဖန်ဂေါ်လီလုံးလေးကိုင်ပြီး ပျော်ပျော်ရွှင်ရွှင် လိုက်သွားခဲ့ပါသည်။
“ဆရာမင်! သမီးအကြာကြီး ထိန်းတတ်သွားပြီ ဒီမှာကြည့်!”။ စူစူလေးက သူမ တိုးတက်လာကြောင်း ထန်ထိုက်မင်အား သရုပ်ပြလိုက်ပါသည်။
“အင်း တော်လိုက်တာ”။ ထန်ထိုက်မင်က အလွန်တည်ငြိမ်နေပါသည်။ “ဒါဆို ဒီနေ့ အသစ်တစ်ခု ထပ်လေ့ကျင့်ရအောင်”
“အသစ်တစ်ခု ဟုတ်လား”။ စူစူလေး မျက်လုံးများ တောက်ပသွားပါသည်။
“ဟုတ်တယ်” ထန်ထိုက်မင်က ကြိုးလေးတစ်ချောင်းထုတ်ကာ စူစူလေးအား ပေးလိုက်ပါသည်။
“ဒါဘာကြီးလဲ” စူစူလေးက ကြိုးကိုကိုင်လျက် မေးလိုက်သည်။
“သာမန်ကြိုးလေးပါ”
“သာမန်ကြိုးဟုတ်လား။ သမီးက ဘာလုပ်ရမှာလဲ”
“ဆရာသင်ပေးမယ်”
ထန်ထိုက်မင်က ကြိုး၏ အစွန်းနှစ်ဖက်ကို ချည်ထုံးလိုက်သည်။ ထို့နောက် စူစူလေး၏ လက်မှာ ပတ်လိုက်သည်။ ထို့နောက် စူစူလေး၏ လက်ပေါ်မှာ ကြိုးကို ဆက်လက် ချည်ထုံးပြီး ရုပ်ပုံလေးများ ဖြစ်သွားအောင် ဖန်တီးလိုက်သည်။
“ဒါကို ကြိုးနဲ့ရုပ်ပုံလေးတွေ လုပ်တယ်လို့ခေါ်တယ်။ ကလေးလေးတွေ ကစားရတာ သဘောကျတဲ့ ကစားနည်းလေ”။ ထန်ထိုက်မင် ရှင်းပြလိုက်သည်။
ထန်ထိုက်မင်၏ လက်တွေကို စူစူလေး စိတ်ဝင်တစား စိုက်ကြည့်လိုက်ပါသည်။ ကြိုးတစ်ချောင်းတည်းနဲ့ ရုပ်ပုံအမျိုးမျိုး ဖန်တီးနိုင်တာကို မြင်ရတာ အတော်လေး မှော်ဆန်ပါသည်။
“အခု ဆရာ့လက်ထဲက ကြိုးကိုယူပြီး စူစူလေး ရုပ်ပုံတစ်ခုလုပ်ကြည့်”။ ထန်ထိုက်မင် ပြောလိုက်သည်။
“ဟုတ်ကဲ့”။ ထန်ထိုက်မင်လုပ်သလိုမျိုးပဲ စူစူလေး လိုက်လုပ်ကြည့်သည်။ သို့သော် သူမ လက်နဲ့ ကြိုးကို ဆွဲလိုက်သောအခါ ရုပ်ပုံ ပျက်သွားလေသည်။
“ဘာလို့ ပျက်သွားတာလဲ”
“အဲ့တာဆို စူစူလေး ရှုံးသွားပြီ”။ ထန်ထိုက်မင်က ရှင်းပြလိုက်၏။ “ဒီကစားနည်းက ရိုးရှင်းပါတယ်။ ဒါပေမယ့် ဦးနှောက်ကို နည်းနည်းသုံးဖို့ လိုတယ်။ အဲ့တာကြောင့် စူစူလေး ဦးနှောက်သုံးတတ်လာအောင် အထောက်အကူ ဖြစ်စေနိုင်တယ်”
“ဟုတ်လား! သမီးလုပ်နိုင်တယ်! သမီးက အရမ်းဉာဏ်ကောင်းတာ!”။ စူစူလေး စိတ်ဝင်စားမှုနဲ့ ကြိုးစားလိုစိတ်များ မြင့်တက်လာသည်။
“အင်း အိမ်ပြန်ရောက်ရင် သေချာလေ့ကျင့်။ ဒီကစားနည်းကို တစ်ယောက်တည်း ကစားလို့ မရဘူး။ စူစူလေးရဲ့ ကိုကြီးနဲ့ အတူတူကစား”။ ထန်ထိုက်မင် ပြောလိုက်သည်။
အရင်တစ်ခေါက် ဂေါ်လီလုံးက တစ်ယောက်တည်း ကစားလို့ရသည့် ကစားနည်းဖြစ်သဖြင့် လုကျန်းယွီ ထိုဂေါ်လီလုံးကို ထိလိမ့်မည်ဟု အာမမခံနိုင်ပါ။
သို့သော် ဒီအရုပ်ကြိုးလုပ် ကစားနည်းကတော့ လူ ၂ ယောက်ရှိမှ ကစားနိုင်တာဖြစ်သည်။ ထို့ကြောင့် လုကျန်းယွီ သေချာပေါက် ဒီကြိုးကို ထိရပါလိမ့်မည်။
--- --- ---
ထိုနေ့ညနေခင်း ကျောင်းဆင်းသောအခါ အိမ်မှာညစာစားပြီးနောက် ထန်ထိုက်မင်ပေးလိုက်သည့် ကြိုးနီလေးကို စူစူလေး ထုတ်လိုက်သည်။
ရှည်လျားပါးလွှာသည့် ကြိုးနီလေးက အတော်လေး ကြည့်ရလှပါသည်။
ကြိုးနီလေးကို ရတနာတစ်ခုလို ကိုင်တွယ်နေသည့် စူစူလေးကို မြင်သောအခါ ချင်းယုကျီး စပ်စုချင်သွား၏။
“စူစူလေး အဲ့ကြိုးက ဘာကြီးလဲ”
“ငါ့ကို ဒေါ်လေးလို့ ခေါ်မှ ပြောပြမယ်!”
သူမတူလေး ယုကျီးက သူမကို ဒေါ်လေးဟု ခေါ်ချင်သည့်အချိန်ခေါ် စူစူလေးဟု ခေါ်ချင်သည့်အချိန် ခေါ်နေသည်။ သူမက ဒေါ်လေးဟု အခေါ်ခံရတာကို ပိုသဘောကျပါသည်။
… … …
အခန်း(၇၈၇) ရှုံးတဲ့သူက နိုင်တဲ့သူနဲ့ အတူအိပ်ရမယ်
“ဒေါ်လေးက အဲ့ကြိုးနီလေးနဲ့ ဘာလုပ်မလို့လဲ”။ ချင်းယုကျီး ပြန်ပြင်ခေါ်ကာ မေးလိုက်ပါသည်။
“ကစားမလို့!”
“ကစားမယ် ဟုတ်လား ဘယ်လိုကစားရတာလဲ”။ ချင်းယုကျီး စိတ်ဝင်စားသွားပါသည်။
“ဒီလို ဟိုရွှေ့လိုက်ဒီရွှေ့လိုက်၊ ဟိုလှန်လိုက် ဒီလှန်လိုက် လုပ်ရတာ! အရမ်းပျော်ဖို့ကောင်းတယ်! ဉာဏ်ကောင်းမှ ကစားလို့ရတာတဲ့!” စူစူလေး ရှင်းပြလိုက်လေသည်။
“ဒီတိုင်း သာမန်ကြိုးတစ်ချောင်းကို ဘယ်လိုပျော်ဖို့ကောင်းမှာလဲ”
ချင်းယုကျီး မယုံကြည်ပါ။
စူစူလေးလက်ထဲက ကြိုးကို ယူပြီး သေချာ အကဲခတ်ကြည့်လိုက်သော်လည်း ဘာမှ ထူးခြားတာ မတွေ့မိပါ။
“အရမ်းပျော်ဖို့ကောင်းပါတယ်ဆို! အခု ကိုကြီးနဲ့ သွားကစားတော့မလို့”
စူစူလေး ကြိုးကို ပြန်ယူလိုက်ပြီး တံခါးဆီ ပြေးသွားလေသည်။
“ဟဲ့ ငါ့ကို စောင့်ဦး!”။ ချင်းယုကျီး အမြန်ပြေးလိုက်သွားပြီး တံခါးရှေ့မှာ ကာရပ်လိုက်ပါသည်။
သူမလက်ကို မဆွဲရဲတော့ပါ။ စူစူလေး သတိမထားမိပါက သူမနဲ့အတူ တရွတ်တိုက် ပါသွားနိုင်သည်။
“တူလေး ဘာလို့ ရှေ့ ပိတ်ထားတာလဲ” စူစူလေး မေးလိုက်သည်။
“နင်ကစားချင်ရင် ငါနဲ့ကစားလေ”။ ချင်းယုကျီး ပြောလိုက်၏။
“နင်နဲ့ ကစားရမယ်ဟုတ်လား”
“ဟုတ်တယ် နင့်ကိုကြီး လုပ်တတ်တာမှန်သမျှ ငါတို့လည်း လုပ်တတ်ပါတယ်။ သူနဲ့ပဲ ကစားနေတော့ ငါတို့ သဝန်တိုမှာပေါ့”
“သဝန်တိုတယ်ဟုတ်လား”
“ဟုတ်တယ် သဝန်တိုမှာ! နင်က ငါတို့ဒေါ်လေးလေ။ ငါတို့နဲ့ ကစားပေးရမှာ နင့်တာဝန်ပဲ!”။ ချင်းယုကျီး ပြောလိုက်ပါသည်။
“အာ့ဆိုလည်း… ပြီးရော!”
ဒေါ်လေးတစ်ယောက်အနေဖြင့် သူမရဲ့ တူလေးတွေကို ပိုဂရုစိုက်ရပါမည်။ ဒီနေ့ ကိုကြီးနဲ့ ကစားဖို့တော့ ခဏ ရွှေ့ဆိုင်းထားရမည်။
“တူလေးကို သင်ပေးမယ်!”။ စူစူလေးက ချင်းယုကျီး၏ လက်ကိုဆွဲပြီး ဆိုဖာဆီ ခေါ်သွားသည်။
စူစူလေးလည်း ဆိုဖာပေါ်တက်ကာ ချင်းယုကျီးနဲ့ မျက်နှာချင်းဆိုင် ထိုင်လိုုက်သည်။
အစက လုကျန်းယွီဆီ စူစူလေးအား မသွားစေချင်သဖြင့်သာ ချင်းယုကျီး တားလိုက်ခြင်းဖြစ်သည်။ ဒီကြိုးနဲ့ ကစားဖို့ လုံးဝ စိတ်မဝင်စားပါ။
သို့သော် ခဏလောက် ကစားကြည့်ပြီးနောက် စိတ်ဝင်စားသွားခဲ့သည်။ အင်္ကျီလက်ကို ခေါက်တင်ရင်း သေချာ အာရုံစိုက်လိုက်ပါသည်။
အဘွားချင်း အောက်ထပ်သို့ ဆင်းလာစဉ် ဧည့်ခန်းထဲမှာ သူမ သမီးလေးနဲ့ မြေးလေးတို့ ကြိုးအရုပ်လုပ်သည့် ကစားနည်း ကစားနေကြတာကို မြင်သွားလေသည်။
ဒါသူတို့ ငယ်ငယ်က ကစားဖူးတဲ့ ကစားနည်း မဟုတ်လား။
အဘွားချင်း သူတို့နား ရောက်လာခဲ့သည်။ သူတို့နှစ်ယောက် အလွန်စိတ်ပါဝင်စားနေကြတာကို မြင်သဖြင့် ဝင်မနှောင့်ယှက်ခဲ့ပါ။
စူစူလေး အခက်တွေ့သွားမှ အဘွားချင်း သင်ပေးဖို့ ပြင်လိုက်ပါသည်။
“ဒီကိုလာ မေမေ သင်ပေးမယ် လက်ချောင်းလေးနဲ့ ဒီထဲကို ထည့်လိုက်။ ပြီးရင် လက်မလေးနဲ့ ဒီကို ချိတ်၊ ဟုတ်တယ် ဟုတ်တယ်။ ပြီးရင် နောက်ပြန်ရစ်လိုက်။ အဲ့တာဆို ရသွားပြီ”
အဘွားချင်း၏ လမ်းပြပေးမှုနဲ့ စူစူလေးလည်း ကြိုးရုပ်ကို သူမလက်ထဲ ရောက်လာအောင် ပြုလုပ်နိုင်ခဲ့ပါသည်။
အနိုင်ရခါနီးမှ ရှုံးနိမ့်သွားသဖြင့် ချင်းယုကျီး ငြီးတွားလိုက်သည်။ “အဘွား ဘာလို့ သူ့ကို ကူညီပေးလိုက်တာလဲ! ကျွန်တော် နိုင်တော့မယ်ဟာကို!”
“သူက ငါ့သမီးလေ။ သူ့ကို မကူညီပေးလို့ ဘယ်သူ့ကိုကူညီပေးရမှာလဲ”။ အဘွားချင်း ပြန်ချေပလိုက်သည်။
“ကျွန်တော်လည်း အဘွားမြေးလေ!”
“နင့်အဖေတောင် ငါ့သမီးလေးနဲ့ လာယှဉ်လို့မရဘူး။ နင်တို့က ဘာအဆင့်ရှိလို့လဲ။ နင်မကျေနပ်ရင် နင့်အမေဆီ နင်သွားကပ်ပါလား”။ အဘွားချင်းက ဂုဏ်ယူဝံ့ကြွားစွာပြောလိုက်သည်။
စူစူလေးကလည်း ထောက်ခံသည်။ “ဟုတ်တယ် ဟုတ်တယ်! နင့်အမေနင် သွားရှာ! ဒါငါ့မေ!”
ချင်းယုကျီး ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။ “ပြီးရော ပြိးရော! ဆက်ကစားကြမယ်! ငါ့အဘွား နင့်ကို ကူညီပေးနေရင်တောင် ငါ့ကို မနိုင်ပါဘူး!”
“ဟွန်း! ငါ့မေမေက အတော်ဆုံးပဲ! ငါနဲ့ ငါ့မေမေ ပေါင်းလိုက်ရင် နင့်ကို မရှုံးတော့ဘူး!”
စူစူလေး ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်ပါသည်။
“အဲ့တာဆို လောင်းကြမလား! ဒီနေ့ ရှုံးတဲ့သူက နိုင်တဲ့သူနဲ့ အတူလာအိပ်ရမယ်! နင်လောင်းရဲလား”။ ချင်းယုကျီး ကမ်းလှမ်းလိုက်လေသည်။
… … …
အခန်း(၇၈၈) လုကျန်းယွီက သူရှာနေတဲ့လူ မဖြစ်နိုင်ဘူး
“ဟုတ်ပြီလေ! ကစားကြစို့!”။ စူစူလေး ချက်ချင်း သဘောတူလိုက်ပါသည်။
အဘွားချင်း ပြုံးလိုက်မိ၏။
သူမ သမီးလေးကတော့ အလှည့်စားခံရမှန်းတောင် မသိပါ။
ထို့နောက် သူမရဲ့ ကောက်ကျစ်စဉ်းလဲသော မြေးဖြစ်သူကို အဘွားချင်း မျက်စောင်းထိုးလိုက်သည်။
ချင်းယုကျီးက သူ့အဘွားကို မျက်လုံးတစ်ဖက်မှိတ်ပြကာ တောင်းပန်လိုက်ပါသည်။ မြေးဖြစ်သူ၏ အပြုအမူကို သဘောမကျသော်လည်း ဘာမှ မပြောတော့ဖို့ အဘွားချင်း ဆုံးဖြတ်လိုက်သည်။
နောက်ဆုံးမှာတော့ အဘွားချင်း၏ အကူအညီဖြင့် စူစူလေး အနိုင်ရသွားပါသည်။
စူစူလေးက ချင်းယုကျီးကို မေးလိုက်သည်။ “ငါနိုင်သွားပြီ! နင်အရှုံးပေးပြီလား!”
“အရှုံးပေးပါပြီ အရှုံးပေးပါပြီ!”။ ချင်းယုကျီး အရှုံးပေးလိုက်ပြီး အပြစ်ဒဏ်ကို ကျေကျေနပ်နပ်ကြီး ခံယူလိုက်ပါသည်။ “ငါရှုံးသွားပြီ ဒေါ်လေး။ ဒေါ်လေးက အရမ်းတော်တာပဲ။ ငါရှုံးသွားပြီဆိုတော့ ဒီနေ့ည ဒေါ်လေးနဲ့ လာအိပ်ရတော့မှာပေါ့”
အွန်း ဟုတ်တယ်!”။ စူစူလေး ခေါင်းငြိမ့်လိုက်သည်။
အခုချိန်ထိ သူမတို့ရဲ့ အလောင်းအစားက မတရားမှန်း စူစူလေး သတိမထားမိသေးပါ။
ချင်းယုကျီးကတော့ ဒီနေ့ည စူစူလေးကိုဘယ်လိုပုံပြင်ပြောပြရမလဲ စဉ်းစားနေပါပြီ။
--- --- ---
အိမ်ရာရှေ့တွင် မကြာခဏ ပေါ်လာလေ့ရှိသော Rolls-Royce Phantom တစ်စီး ဒီနေ့လည်း ရောက်နေပြန်ပါသည်။
ကားနောက်ခုံတွင် ထန်ထိုက်မင် ထိုင်နေပြီး လက်ချောင်းများဖြင့် ကားထိုင်ခုံကို ခေါက်နေပါသည်။
စူစူလေး ကျောင်းဆင်းတာ ၂ နာရီကျော်ပြီဖြစ်သည်
သူမရဲ့ အလေ့အထများကို ကြည့်ခြင်းအားဖြင့် အခုလောက်ဆို လုကျန်းယွီနဲ့ အရုပ်ကြိုးကစားနည်း ကစားနေလိမ့်မည်။
ထိုကြိုးနီထဲမှာ သူမန်းမှုတ်ထားသည်။ လုကျန်းယွီသာ တကယ်တမ်း ထိုပုဂ္ဂိုလ်ဖြစ်ပါက ထိလိုက်တာနဲ့တစ်ပြိုင်နက် ထူးခြားတာ ဖြစ်လာလိမ့်မည်။
အချိန်တွေ ကုန်လွန်လာပြီး ထန်ထိုက်မင်လည်း မျက်နှာ ပိုပျက်လာသည်။
“အာ့ချောင်”
ထန်ထိုက်မင် ကားမှန်ချလိုက်ပြီး အပြင်မှာ ရပ်စောင့်နေသည့် အာ့ချောင်အား ခေါ်လိုက်ပါသည်။
“ဘော့စ်”
“ချင်းစူစူနဲ့ လုကျန်းယွီတို့ ဘယ်မှာရှိလဲ သွားကြည့်စမ်း” ထန်ထိုက်မင် အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့”
အာ့ချောင် အမိန့်နာခံပြီး ချက်ချင်း ထွက်သွားခဲ့သည်။
၁၀ မိနစ်ခန့်ကြာမှ ပြန်ရောက်လာပြီး ထန်ထိုက်မင်ကို အစီရင်ခံလိုက်သည်။
“ဘော့စ်၊ လုကျန်းယွီက အခု သူ့အိမ်မှာသူရှိနေပါတယ်။ ဒါပေမယ့် သူဘာတွေလုပ်နေလဲ မမြင်ရဘူး။ လုမိသားစုရဲ့ လုံခြုံရေးက အားကောင်းလွန်းတယ်။ ပြီးတော့ အဲ့ဒီအဘိုးကြီးလည်း ရှိနေသေးတယ်။ ဒီနေ့ည ချင်းစူစူ လုအိမ်တော်ကို လာလည်ခဲ့တယ်။ တစ်နာရီလောက်နေပြီး ပြန်ထွက်သွားတယ်။ အခု သူ့အိမ်မှာသူ ပြန်ရောက်နေပြီ”
ချင်းစူစူက သွားတောင်ပြီးသွားပြီလား!
သူ့တွက်ချက်မှုသာ မမှားလျှင် လုကျန်းယွီနဲ့ ချင်းစူစူ အရုပ်ကြိုးကစားနည်းကို ကစားပြီးသွားလောက်ပါပြီ။
ထန်ထိုက်မင် အချိန်ကြာကြီး တိတ်ဆိတ်သွားခဲ့၏။ သူ့တိတ်ဆိတ်မှုကြောင့် လက်အောက်ငယ်သားတွေ စိတ်ဖိစီးကုန်ကြသည်။
“ပြန်ကြစို့”
ထန်ထိုက်မင်၏ အသံက အနည်းငယ် စိတ်ဓာတ်ကျနေပုံပေါက်ပါသည်။ သူ့လက်အောက်ငယ်သားတွေ ဒါမျိုး တစ်ခါမှ မမြင်ဖူးပါ။
သူတို့ဘော့စ်ရဲ့ အရှိန်အဝါက အမြဲတမ်း ပြောင်းလဲနေတာဖြစ်သည်။ သူဒေါသထွက်နေတာကို မြင်ဖူးသည်။ တခြား စိတ်ခံစားချက်ပေါင်းစုံကိုလည်း သူတို့ မြင်ဖူးပါသည်။ သို့သော်လည်း စိတ်ဓာတ်ကျနေတာမျိုးကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ပါ။
ခုတလော ဒီကလေး ၂ ယောက်ကို သူတို့ဘော့စ် ဘာကြောင့် အာရုံစိုက်နေရသလဲ ဆိုတာလည်း သူတို့ နားမလည်ပါ။
သို့သော် ဒီကလေး ၂ ယောက်က သူတို့ ဘော့စ်အတွက် အလွန်အရေးပါမှန်း သိသာသည်။ အရေးပါလွန်းသဖြင့် သူကိုယ်တိုင် လှုပ်ရှားနေရခြင်းဖြစ်သည်။
ယခုလည်း တချို့ကိစ္စတွေကို အတည်မပြုနိုင်တော့သဖြင့် ဘော့စ်၏ စိတ်ဓာတ် ကျဆင်းသွားခဲ့ပါသည်။
ကားဒရိုင်ဘာ ကားစက်နှိုးလိုက်ပြီး ထန်ထိုက်မင်ကို ချင်းအိမ်တော်နဲ့ လုအိမ်တော်တို့၏ အဝေးသို့ ခေါ်ဆောင် သွားခဲ့ပါသည်။
ထန်ထိုက်မင်က ပြူတင်းပေါက် အပြင်ဘက်ရှိ ညအမှောင်ကို ခံစားချက်မဲ့စွာ ငေးကြည့်နေခဲ့သည်။
ဒီကောင်လေးကို သူရှာဖွေနေသည့်ပုဂ္ဂိုလ် ဖြစ်ပါစေဟု မျှော်လင့်နေမိသည်။ တစ်ချိန်တည်းမှာပင် မဟုတ်ပါစေနဲ့ ဟူ၍လည်း ဆုတောင်းနေမိပါသည်။
… … …
အခန်း(၇၈၉) တူကြီးဆီ အစားအသောက်သွားပို့ဖို့ မမလှလှကို ခေါ်သွားခြင်း (၁)
ဒီကောင်လေးသာ သူရှာဖွေနေသည့် ပုဂ္ဂိုလ်ဖြစ်နေလျှင် နောက်ဆုံးတော့ သူနဲ့ ရင်ဆိုင်နိုင်တော့မည့် သဘောဖြစ်သည်။ သို့သော် ထိုပုဂ္ဂိုလ်က လက်ရှိမှာ အသက် ၇ နှစ် ၈ နှစ်အရွယ် ခြေထောက်မသန်သော ကလေးတစ်ယောက်၏ အသွင်ကို ယူထားလေသည်။
သူရှာဖွေနေသည့် ပုဂ္ဂိုလ် မဟုတ်ပါက သူဆက်လက်ရှာဖွေ စောင့်စားနေရဦးမည့်သဘောဖြစ်သည်။
သူ့လက်သီးကို အချိန်ကြာမြင့်စွာ ဆုပ်ထားပြီးမှ ပြန်ဖြေလျှော့လိုက်ပါသည်။
ကိစ္စမရှိပါ။ သူစောင့်နိုင်သည်။ ပိုင်ကျဲ နတ်သားရဲလေး သူ့မျက်စိရှေ့မှာ ရှိနေသဖြင့် သူလည်း အနှေးနဲ့အမြန် ရောက်လာပါလိမ့်မည်။
သူနှစ်ပေါင်းများစွာ ကြာအောင် စောင့်ခဲ့ပြီးပြီဖြစ်သဖြင့် နောက်ထပ် နှစ်နည်းနည်းလောက် ထပ်စောင့်ရလည်း ကိစ္စမရှိတော့ပါ။
--- --- ---
ခုတလော သူမ မိသားစုမှ လူကြီးတွေ အတော် အလုပ်များနေမှန်း စူစူလေး သတိထားမိသည်။
ဖေဖေ၊ မေမေနဲ့ အစ်ကိုကြီးတို့အားလုံး နေ့တိုင်း လူတွေအများကြီးနဲ့ တွေ့နေရသည်။ တချို့က အပြင်မှာ ထွက်တွေ့ရပြီး တချို့ကတော့ အိမ်မှာ လာတွေ့ကြသည်။
ထို့အပြင် ဖုန်းတွေလည်း အများကြီး ဆက်ရသည်။ သူမနဲ့ ကာတွန်းကားအတူတူကြည့်နေချိန် ဖုန်းအပြေးကိုင်ရသည့် အချိန်တွေ မနည်းတော့ပါ။
အရင်တုန်းက ဖေဖေ၊ မေမေတို့နဲ့အတူတူ လုပ်ခဲ့ရသည့် အလုပ်တွေကိုလည်း အခုတော့ တူလေး ယုကျီးနဲ့သာ လုပ်နိုင်တော့သည်။
“တူလေး၊ ဖေဖေ၊ မေမေ၊ အစ်ကိုကြီးနဲ့ တူကြီးတို့ ဘာတွေလုပ်နေကြတာလဲ”။ စူစူလေး မေးလိုက်ပါသည်။
“ပိုက်ဆံရှာဖို့ အလုပ်လုပ်နေကြတာလေ”
“ပိုက်ဆံရှာဖို့ အလုပ်လုပ်နေတာ ဟုတ်လား”
“ဟုတ်တယ်”
“အရင်တုန်းကလည်း အလုပ်လုပ်ကြတာပဲ။ အဲ့တုန်းကျကတော့ ဘာလို့ အလုပ်များကြတာလဲ”
“ဘာလို့လဲဆိုတော့ အခုတလော အလုပ်သစ်တွေ ထပ်ရထားလို့ပေါ့။ အဘိုးက နင့်အတွက် ကျောင်းအသစ် ဆောက်ပေးမလို့လေ။ အရင်တစ်ခေါက်က ပြောဖူးတယ် မှတ်မိလား”
“အွန်း!”
“ငါ့အဖေလည်း နည်းပညာကို အဆင့်မြှင့်တင်ပြီး ထုတ်ကုန်အသစ်တွေ ထုတ်နိုင်ဖို့ ကြိုးစားနေတယ်။ နင်နဲ့ ငါ့အဖေတို့ ပေကျင်းကနေ ခေါ်လာတဲ့ ချန်းပင်းဆိုတဲ့လူနဲ့ ပတ်သတ်တယ်လေ။ သူက ဒီနယ်ပယ်မှာ ပညာရှင်ပဲ။ သူအခု ငါတို့ ကုမ္ပဏီမှာ အလုပ်လုပ်နေပြီ။ ငါ့အဖေကိုလည်း နည်းပညာအသစ်အတွက် ကူညီပေးနေတယ်”
“ရှုပ်နေတာပဲ”။ စူစူလေး ခေါင်းကုတ်လိုက်ပါသည်။
“အဲ… ဒီလို တွေးလိုက်ပေါ။ သူတို့အားလုံးက ရွှေတွေ အများကြီး ပိုရဖို့ နည်းလမ်းအသစ်တွေ ကြိုးစားနေကြတာ! နည်းလမ်းအသစ်တွေက နည်းလမ်းအဟောင်းတွေထက် အများကြီး အလုပ်ရှုပ်ရတယ်”။ ချင်းယုကျီး ပြန်ရှင်းပြလိုက်သည်။
“ဪ နားလည်သွားပြီ!”
သေချပါသည်။ ငွေအကြောင်း ပြောလျှင် စူစူလေး သိပ်နားလည်မှာ မဟုတ်ပါ။ သို့သော် ရွှေအကြောင်း ပြောရင်တော့ ချက်ချင်း နားလည်သွားလိမ့်မည်။
ခေတ္တစဉ်းစားပြီးနောက် စူစူလေး ထပ်မေးလိုက်သည်။ “တူလေး၊ ဒေါ်လေးလည်း ကူညီချင်တယ်။ ဘာကူညီပေးရမလဲ’
“အဲ့တာက…”
ချင်းယုကျီး မေးပွတ်လျက် လေးလေးနက်နက် စဉ်စားလိုက်ပါသည်။
တကယ့် လုပ်ငန်းတွေကို ကူညီပေးဖို့တော့ မဖြစ်နိုင်ပါ။ စူစူလေးက အလွန်ငယ်သေးသဖြင့် အလုပ်ကိစ္စတွေ ဘာမှ နားလည်မှာ မဟုတ်ပါ။
သို့သော် သူမကို ဘာမှ မကူညီနိုင်ဘူးဟု ပြောလျှင်လည်း ဝမ်းနည်းသွားလိမ့်မည်။ စူစူလေးကို ဝမ်းနည်းခွင့် မပေးနိုင်ပါ။
အကူအညီဖြစ်တယ်လို့ ခံစားရစေမယ့် အလုပ်တစ်ခုခု ဘယ်လိုရှာရမလဲ…။
ချင်းယုကျီး ခေါင်းစားခံပြီး စဉ်းစားလိုက်ရာ အကြံတစ်ခု ရသွားသည်။
“ငါ့အစ်ကိုကြီးကို ကူညီပေးမလား ဒေါ်လေးစူစူ”
“ဟင် ဘယ်လိုကူညီရမှာလဲ’
“စူစူလေးရဲ့ မမလှလှကို ခေါ်လိုက်။ ပြီးရင် ငါ့အစ်ကိုကြီးအတွက် အစားအသောက်တွေ အတူတူ သွားပို့ပေးလိုက်! သူခုတလော အလုပ်များနေလို့ အိမ်လည်း ပြန်မလာနိုင်ဘူး။ ကုမ္ပဏီမှာလည်း အစားအသောက် သေချာ စားမှာ မဟုတ်ဘူး”
“အဲ့တာဆို မမလှလှကို ဘာလို့ ခေါ်ရမှာလဲ။ အစားအသောက်တွေ ချက်ပေးဖို့ တူချောလေးကို ခေါ်ရမှာ မဟုတ်ဘူးလား”
နှစ်ယောာက်စလုံးက ချောသော်လည်း မမလှလှနဲ့ တူချောလေးတို့က မတူပါ။ တူချောလေးက ဟင်းချက်ပိုတော်သည်။
“ချက်တာတော့ တူချောလေးကို ချက်ခိုင်းမှာပါ။ ဒါပေမယ့် အစားအသောက်ကို ကိုယ်တိုင် သွားပို့ပေးရမှာလေ။ အဲ့တာကြောင့် မမလှလှကို လိုတာပေါ့”
“ဘာလို့လဲ” စူစူလေး နားမလည်သေးပါ။
“ဘာလို့လဲဆိုတော့ ငါ့အစ်ကိုကြီးက မမလှလှကို သဘောကျလို့ပေါ့”
“သဘောကျတယ် ဟုတ်လား”။ စူစူလေး မျက်လုံးများ အရောင်လက်သွားပါသည်။
“ဟုတ်တယ်! ငါ့အစ်ကိုကြီးက မမလှလှကို သဘောကျနေတာ။ အဲ့တာကြောင့် သူ့ကို တွေ့ရင် ပျော်သွားလိမ့်မယ်။ သူပျော်သွားရင် အလုပ်လုပ်ဖို့ အားပိုရှိသွားမှာပေါ့!”
တူလေးရှင်းပြတာ အလွန်ယုတ္တိရှိပါသည်။
“ဟုတ်ပြီ အဲ့တာဆို မမလှလှကို ခေါ်လိုက်မယ်! ပြီးရင် တူကြီးကို သွားတွေ့ကြမယ်!”
… … …
အခန်း(၇၉၀) တူကြီးဆီ အစားအသောက်သွားပို့ဖို့ မမလှလှကို ခေါ်သွားခြင်း (၂)
စူစူလေး အင်္ကျီ လက်တင်လိုက်ပြီး သူမရဲ့ အသစ်စက်စက် ဖုန်းနာရီလေးကို ကြွားလိုက်သည်။
ခပ်လန်းလန်း ငွေရောင်နဲ့ အနက်ရောင်အရောလေးကို စူစူလေးကိုယ်တိုင် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။
ဖုန်းနာရီထဲမှာ နံပါတ်ခလုတ်လေးတွေ ရှိပြီး နံပါတ်တစ်ခုချင်းစီတိုင်းက စူစူလေး ဆက်သွယ်မှုအများဆုံး လူတွေကို ချိတ်ဆက်ထားခြင်းဖြစ်သည်။
စူစူလေး နံပါတ် ၃ ကို နှိပ်လိုက်သည်။ နံပါတ် ၃ က စန်းကျစ်၏ ဖုန်းနံပါတ်ဖြစ်ပါသည်။
ဖုန်း ၂ ချက်သာ မြည်လိုက်ပြီး ဝင်သွားလေသည်။
“စူစူလေး!”
“မမလှလှ! ဒီနေ့ အလုပ်လုပ်စရာရှိလား။ အချိန်အားလား!”
“အားပါ့ အားပါ့!”
“မမလှလှ သမီးတို့ အစားအသောက် အတူတူသွားပို့ပေးကြမယ်နော်!”
“ဟုတ်ပြီ!’
စန်းကျစ်က ဘယ်သူ့ကို ပို့ပေးရမှာလဲ မမေးသလို ဘာကြောင့်ပို့ပေးရမှာလဲလည်း မမေးပါ။ ချက်ချင်း သဘောတူလိုက်သည်။
စူစူလေး ဘာပဲလုပ်ခိုင်းလုပ်ခိုင်း တွန့်ဆုတ်မှုမရှိဘဲ လုပ်ပေးပါမည်။
စန်းကျစ်လည်း ခုတလော လုပ်စရာ မလုပ်သိပ်မရှိပါ။ သူမရဲ့ အဓိကတာဝန်က စူစူလေးကို ပြန်ပေးဆွဲဖို့ ကြိုးစားသည့် ဖြစ်ရပ်၏ နောက်ကွယ်ကလူကို စုံစမ်းဖို့အတွက် ရှောက်ကျင်းယန်အား ကူညီဖို့ဖြစ်ပါသည်။
ရှောက်ကျင်းယန်ကို ကူညီပေးနေသည်ဟု ဆိုသော်လည်း တကယ်တမ်းက သူမရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်သာ ဖြစ်သည်။
စူစူလေးကို မကြာခဏ ပစ်မှတ်ထားပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတာ ဘယ်လိုလူတွေလဲဆိုတာ သူမ သိချင်ပါသည်။
ထိုလူ့ကို ဖမ်းမိမှ စူစူလေး ဘေးကင်းနိုင်လိမ့်မည်ဟု စန်းကျစ် ခံစားမိသည်။
ချင်းအိမ်တော်ကို စန်းကျစ်ရောက်လာပြီး စူစူလေးနဲ့ ချင်းယုကျီးတို့ကို လာခေါ်ပါသည်။
စူစူလေးက လက်ထဲမှာ နေ့လယ်စာဘူးတစ်ဘူး ကိုင်ထားသည်။ အထပ်များစွာပါသည့် ဘူးတစ်ဘူးဖြစ်၏။
အရွယ်အစားကို ကြည့်ခြင်းအားဖြင့် လူ ၁၀ ယောက်စာလောက်အထိ ဆံ့သည်။ ဘူးကြီးကို ကိုင်ထားရသောအခါ စူစူလေး၏ မျက်နှာကိုပင် ကွယ်နေပါသည်။
အလေးချိန်ကို စူစူလေး မမှုသော်လည်း ရှေ့ကို မမြင်ရတော့ပေ။
ဒါကိုမြင်တော့ ဘေးမှာ လက်ဗလာနဲ့ ရပ်နေသည့် ချင်းယုကျီးကို စန်းကျစ် လှည့်ကြည့်လိုက်သည်။
ချင်းယုကျီးက အမြန်ရှင်းပြလိုက်၏။ “ကျွန်တော့်ကို လာမကြည့်နဲ့လေ! ကျွန်တော် ကူသယ်ပေးမယ်လို့ ပြောသားပဲ! ဒါပေမယ့် သယ်ခွင့်မပေးဘူး။ မတတ်နိုင်ဘူးလေ။ ကျွန်တော် သူ့ဆီက မလုရဲဘူး!”
စန်းကျစ်လည်း ဘာမှမပြောတော့ဘဲ ကားထဲကို နေ့လယ်စာဘူးထည့်ဖို့ စူစူလေးကို ကူညီပေးလိုက်ပါသည်။ ထို့နောက် စူစူလေးကို ကလေးထိုင်ခုံမှာ ထိုင်ခိုင်းလိုက်သည်။
ထို့နောက် လီထိုက်ဟိုတယ်သို့ စထွက်ခွာခဲ့ကြလေသည်။
စူစူလေး နေ့ယ်စာဘူးကြီးကို သယ်လျက် ဟိုတယ်လော်ဘီထဲ ရဲရဲဝံ့ဝံ့ ဝင်လာပါသည်။
စူစူလေးကို မြင်သောအခါ ဧည့်ကြိုဝန်ထမ်းမလေးတွေ ချက်ချင်း ဝန်းရံလိုက်ကြသည်။
ယခင်တုန်းက အဖြစ်အပျက်များကြောင့် စူစူလေးက ဟိုတယ်မှာ နာမည်အကြီးဆုံး ပုဂ္ဂိုလ်ဖြစ်လာသည်။ သူမရဲ့ ရာထူးက စီအီးအို ချင်းယုဟွိုင်းထက်ပင် ပိုမြင့်ပါသေးသည်။
“စူစူလေး! စီအီးအိုချင်းကို လာတွေ့တာလား”
“အွန်း! တူကြီးအတွက် နေ့လယ်စာ လာပို့ပေးတာ!” စူစူလေး အရှိန်အဝါအပြည့်ဖြင့် ပြောလိုက်ပါသည်။ ကလေးမျက်နှာလေးကြောင့်သာ မဟုတ်လျှင် အလွန်ကြောက်ဖို့ကောင်းလိမ့်မည်
“ဝါး… စီအီးအိုချင်းက အရမ်းကံကောင်းတာပဲ! အားကျလိုက်တာ!”။ ကောင်မလေးတွေအားလုံး အားကျသွားကြလေသည်။
“ရှေ့က ဖယ်ပေးကြ! အစားအသောက်တွေ အေးကုန်လိမ့်မယ်!”။ စူစူလေး အတည်ပေါက် ပြောလိုက်သည်။
ဧည့်ကြိုဝန်ထမ်းမလေးတွေလည်း ချက်ချင်း လမ်းဖယ်ပေးလိုက်ကြသည်။
တစ်ယောက် စူစူလေးအတွက် ဓာတ်လှေကားခလုတ်ကို နှိပ်ပေးလိုက်သည်။ နောက်တစ်ယောက်က စူစူလေးကို နေ့လယ်စာဘူး ကူသယ်ပေးဖို့ ကြိုးစားလိုက်ပါသည်။
“ကိုယ့်ဖာသာကိုယ် သယ်မယ်!”။ စူစူလေးက ရှောင်လိုက်ပြီး ပြန်ပြောလိုက်ပါသည်။
ချင်းယုကျီးက ဝင်ရှင်းပြလိုက်၏။ “ကျွန်တော့်ဒေါ်လေး သူ့ဖာသာသူ သယ်ပါလိမ့်မယ်။ ကျွန်တော့်ကိုတောင် သယ်ခွင့် မပေးဘူး”
“ဟုတ်ပါပြီ ဟုတ်ပါပြီ။ မကူညီတော့ဘူးနော်။ သခင်မလေးစူစူက တော်ပြီးသားဆိုတော့ အကူအညီမလိုပါဘူး”
သခင်လေးယုကျီးတောင် ကူညီခွင့်မရတာကို သူတို့ဆို စိတ်ကူးတောင် မယဉ်နိုင်ပါ။
စူစူလေးက နေ့လယ်စာဘူးကြီးကို ဖက်လျက် ဓာတ်လှေကားထဲ ဝင်သွားပြီး ထိပ်ဆုံးထပ်သို့ တက်လာခဲ့ပါသည်။
ဒီရက်ပိုင်းထဲ ချင်းယုဟွိုင်း အလွန်အလုပ်များနေသည်။ နေ့စဉ် ဟိုတယ်ကိစ္စများအပြင် အနောက်မြောက်ပိုင်း နယ်မြေမှာ ကျောင်းဆောက်ဖို့ကိစ္စအတွက်လည်း အာရုံများနေရသည်။
အခုလည်း သူ့စားပွဲပေါ်ရှိ စာရွက်စာတမ်းတွေကလွဲပြီး တခြားဘာကိုမှ အာရုံမစိုက်နိုင်ပါ။
… … …