ရေနေသားရဲများမှတိုက်ခိုက်လာခြင်း
Vol. 39 Ch. 537
ပေတစ်သောင်းသားရဲအား ရင်ဆိုင်ရမည်ကို ရွေးချယ်ခံများအားလုံးမှ ကြောက်ရွံ့နေလျက် ရှိကြသည်။ သို့သော် ထိုသတင်းအား မည်သည့်ရွေးချယ်ခံကမှ တပည့်များအား ပြောပြကြခြင်း မရှိချေ။ ယခုကဲ့သို့ တောင်ထွတ်ခုနစ်ခုလုံး စုစည်းမိသည့် အခါတွင်မှ ပေတစ်သောင်းသားရဲ ပေါ်ပေါက်လာသည့်အကြောင်းကို သိရှိကြရလေသည်။
ပေတစ်သောင်းသားရဲ ပေါ်ပေါက်လာသည့်သတင်း ပျံ့နှံ့သွားသည်နှင့်အမျှ ရွေးချယ်ခံများ ကြိုတင်တွက်ဆထားသည့်အတိုင်း အတော်ပင် ဂယက်ထသွားရ၏။ များပြားလှသော တပည့်များမှာ ကြောက်လန့်တုန်လှုပ်မှုကြောင့် ဆောက်တည်ရာမရ ဖြစ်နေကြရသည်။
"နားကြားများမှားတာလား။ ပေတစ်သောင်းသားရဲတဲ့။ ပေတစ်ထောင်သားရဲ မဟုတ်ဘူးလား။"
"ဘာလို့ဒီလိုဖြစ်ရတာလဲ။ အရင်တစ်ခါ ပေတစ်သောင်းသားရဲပေါ်လာတာ လွန်ခဲ့တဲ့နှစ်တစ်ရာတုန်းကပဲ။ အဲ့တုန်းကဆို ရှိသမျှ တောင်ထွတ်ခုနစ်ခုလုံးက တပည့်တွေ ပြိုင်ပွဲက ထုတ်ခံလိုက်ရတယ်တဲ့။ ကြောက်စရာကြီး။"
"သွားပါပြီကွာ။ ငါတို့တော့ အဆုံးသတ်ပြီပဲ။ ပေတစ်သောင်းသားရဲကို ဘယ်လိုမှ ရင်ဆိုင်လို့ရမှာ မဟုတ်ဘူး။ မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားကလည်း ဒီလောက်နဲ့တင် ပြီးပြီပဲ။"
"ငါတို့ ခက်ခက်ခဲခဲ ကြိုးစားထားရသမျှ အကုန်လုံး ပေတစ်သောင်းသားရဲကြောင့် ပျက်စီးတော့မှာပေါ့။ စိတ်ညစ်စရာကောင်းလိုက်တာ။"
"မစိုးရိမ်ပါနဲ့။ လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက တောင်ထွတ်ခုနစ်ခုလုံး ပြိုင်ပွဲက ထုတ်ခံခဲ့ရတယ်ဆိုတာ အချင်းချင်း မစုမိခဲ့လို့ပါ။ အခုက မတူတော့ဘူးလေ။ ရွေးချယ်ခံတွေက ထူးခြားတဲ့ လှုပ်ရှားမှုကို စတွေ့တာနဲ့ ငါတို့အားလုံးကို ဒီမှာစုစည်းစေလိုက်တယ်။ ငါတို့အကုန် စည်းစည်းလုံးလုံး ရှိနေသမျှ ပေတစ်သောင်းသားရဲက ဘာမှလုပ်လို့ရမှာ မဟုတ်ပါဘူး။ ဒီတစ်ခါတော့ လွန်ခဲ့တဲ့နှစ်တစ်ရာကနဲ့မတူပဲ ငါတို့တောင့်ခံနိုင်မှာပါ။"
"ဟုတ်တယ်။ ငါတို့သာ စည်းလုံးရင် ပေတစ်သောင်းသားရဲကို ရင်ဆိုင်နိုင်မှာပဲ။"
"ရွေးချယ်ခံတွေက ဦးဆောင်ပြီး ငါတို့ကို ကာကွယ်ပေးလိမ့်မယ်။"
"......."
ကျွန်းတစ်လျှောက်တွင် ထိုသို့သော ဆွေးနွေးဝေဖန်သံများဖြင့်သာ ပြည့်နှက်နေလျက် ရှိ၏။ ရွေးချယ်ခံများနှင့် တပည့်ခေါင်းဆောင်များမှာ ကြိုတင်စီစဉ်ထားသည့်အတိုင်း တပည့်များအား လွန်ကဲစွာ မကြောက်ရွံ့စေရန် စကားဝိုင်းများကို လျှို့ဝှက်စွာဖြင့် ပြန်လည်ထိန်းမတ်ပေးနေသည်။ ထို့ကြောင့် ပေတစ်သောင်းသားရဲအား အလွန်အကဲ ကြောက်ရွံ့ခြင်းမရှိတော့ပဲ တောင်ထွတ်ခုနစ်ခုလုံး၏ တပည့်များမှာ တစ်စထက်တစ်စ ပိုမိုစည်းလုံးလာကြသည်။
ယခုကဲ့သို့သော အချိန်တွင် စည်းလုံးခြင်းမရှိပါက အရာအားလုံး ပျက်သုန်းသွားရမည်ကို တပည့်များအားလုံး နားလည်စပြုလာပြီပင် ဖြစ်သည်။
အဓိကအားဖြင့် ရွေးချယ်ခံများ အတူတကွ စည်းစည်းလုံးလုံး ရှိနေခြင်းမှာ တပည့်များအား စိတ်သက်သာရာ ရစေ၏။
ဤသို့ဖြင့်ပင် နှစ်ရက်ခန့်သော အချိန်မှာ လျင်မြန်စွာပင် ကုန်ဆုံးသွားခဲ့လေသည်။
တတိယမြောက်နေ့၌ တပည့်များအားလုံးမှာ မူလရေကန်အတွင်းမှ ထွက်ပေါ်လာသော ပြင်းထန်လှသည့် စွမ်းအင်ဖိအားများအား ခံစားသိရှိနေရပြီပင် ဖြစ်သည်။
ဝူး....ဝူး....
လေပြင်းများမှာ ခက်ထန်စွာပင် တိုက်ခတ်လျက် ရှိသည်။
ရွေးချယ်ခံများနှင့် တပည့်ခေါင်းဆောင်များမှာ ဆူပွက်မတက် လှိုင်းထန်နေသော မူလရေကန်အား စောင့်ကြည့်နေကြ၏။
မူလရေကန်အတွင်းမှ များပြားလှသော ရေနေသားရဲများ၏ အော်ဟစ်ဟိန်းဟောက်သံများကိုလည်း ကြားနေရလေသည်။
လီချင်းချန်မှ လေးနက်သောအမူအရာဖြင့် စကားဆိုလိုက်သည်။ "ရေနေသားရဲတွေ အများကြီးက ငါတို့ဆီဦးတည်ပြီး လာနေကြတယ်။ ကြည့်ရတာ ပေတစ်သောင်းသားရဲရဲ့အမိန့်ကြောင့် ရောက်လာကြတာပဲ ဖြစ်မယ်။"
"တပည့်တွေကို အကာအကွယ်အစီအရင်ထဲမှာနေဖို့ ပြောလိုက်တော့။ အစီအရင်ထဲ ဝင်လာသမျှ ရေနေသားရဲတွေကိုလည်း သတ်ပစ်ရမယ်လို့ပြောထား။"
သူမ၏စကားအား နာခံနေသော တပည့်များမှာ ချက်ချင်းဆိုသလိုပင် လူစုခွဲ၍ အမိန့်အတိုင်း လုပ်ဆောင်လိုက်ကြသည်။ တောင်ထွတ်ခုနစ်ခုလုံး၏ တပည့်များမှာ အလျင်အမြန်ပင် များပြားလှသော အကာအကွယ် အစီအရင်များထဲသို့ ဝင်ရောက်သွားကြ၏။
ထိုအကာအကွယ်အစီအရင်မှာ လွန်ခဲ့သောနှစ်ရက်အတွင်း ယဲ့ကယ်နှင့်ယောင်ယောင်တို့၏ ဦးဆောင်မှုဖြင့် သူတော်စင်မှော်စာလုံးတောင်ထွတ်မှ တပည့်များ ရေးဆွဲထားကြခြင်းပင် ဖြစ်သည်။
လီချင်းချန်မှာ အစီအရင်များအတွင်း ဝင်ရောက်သွားသော တပည့်များအား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် ဇူယွမ်နှင့် အခြားသော တပည့်ခေါင်းဆောင်များအားကြည့်ကာ ပြောလိုက်သည်။ "ပေတစ်ထောင်သားရဲတွေ အရင်ပေါ်လာလိမ့်မယ်။ သူတို့ပေါ်လာရင် နင်တို့တပည့်ခေါင်းဆောင်တွေက စွမ်းဆောင်ရည်ပြည့်ဝတဲ့ တပည့်နည်းနည်းကို ဦးဆောင်ပြီးတော့ သတ်ပါ။"
ပေတစ်ထောင်သားရဲသည်ပင် အလွန်စွမ်းအားကြီးလှသော သားရဲများဖြစ်သောကြောင့် တပည့်ခေါင်းဆောင်များမှာ တစ်ဦးတည်းဖြင့် ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် အထောက်အပံ့ဖြစ်စေနိုင်မည့် တပည့်အနည်းငယ်အား လိုအပ်လိမ့်မည်ပင် ဖြစ်သည်။
"ငါတို့ကတော့...." လီချင်းချန်မှာ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးနောက် ရွေးချယ်ခံများအားကြည့်ကာ ဆက်လက်စကားဆိုလိုက်သည်။ "ပေတစ်သောင်းသားရဲပေါ်လာတာနဲ့ ငါတို့ရွေးချယ်ခံတွေက စွမ်းအားအပြည့်အဝသုံးပြီး တိုက်ခိုက်ရလိမ့်မယ်။"
သူမသည် ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်သွားကာ လေးနက်စွာဖြင့် ဆက်၍ပြောလိုက်သည်။ "ငါတို့က တောင်ထွတ်ခုနစ်ခုလုံးရဲ့ မျှော်လင့်ချက်ပဲ။ ငါတို့သာရှုံးသွားရင် တပည့်တွေအားလုံးလည်း ပေတစ်သောင်းသားရဲလက်ချက်နဲ့ မူလရေကန်အပြင်ဖက်ကို ရောက်ကုန်ကြရလိမ့်မယ်။"
"ရွေးချယ်ခံတစ်ယောက်အနေနဲ့ ငါတို့က ကလန်ထဲမှာ အကောင်းဆုံးဆိုတာတွေပဲ ရခဲ့ကြတယ်။ တပည့်တွေအားလုံးရဲ့ လေးစားကြောက်ရွံ့မှုကိုလည်း ရခဲ့ကြတယ်။ အဲ့ဒါကြောင့် အခုက သူတို့တွေအတွက် ပြန်ပြီးပေးဆပ်ရမယ့် အချိန်ပဲ။ ငါတို့ တပည့်တွေကို ကာကွယ်ရမယ်။"
လီချင်းချန်၏ အမူအရာမှာ အေးစက်ပြတ်သားနေဟန် ရှိ၏။ သူမသည် ပေတစ်သောင်းသားရဲအား တိုက်ခိုက်ရန်အတွက် ဆုံးဖြတ်ချက်ပြတ်သားစွာ ချမှတ်ပြီးဟန် ရှိသည်။
အခြားသော ရွေးချယ်ခံများမှာလည်း လေးနက်တည်ကြည်သော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။
ဝုန်း....ဝုန်း....
လီချင်းချန်မှ စကားပြောဆိုပြီး မကြာမီမှာပင် မူလရေကန်အတွင်းမှ ရေနေသားရဲများစွာ ပေါ်ထွက်လာလေသည်။
ကျွန်းပတ်ပတ်လည်တွင်ရှိနေသော တပည့်များ၏ အမူအရာမှာ ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် ပြည့်နှက်ကုန်ကြ၏။
မူလရေကန်တစ်ခုလုံးတွင်ရှိနေသော ရေနေသားရဲများအားလုံး ဤကျွန်းငယ်အနီးသို့ ရောက်ရှိလာကြသည့်အလား မျက်စိတဆုံး များပြားလှသော ပမာဏဖြစ်သည်။
ထိုအသင်္ချေမျှသော ရေနေသားရဲများမှာ အကာအကွယ်အစီအရင်များဆီသို့ ထိုးဖောက်ဝင်ရောက်လာကြလေတော့သည်။ ကျွန်းမြေတစ်ခုလုံးမှာ ပြင်းထန်လှသော စွမ်းအင်ဖိအားများနှင့် ပြည့်နှက်သွားရ၏။ ရေနေသားရဲများမှာ ခန့်မှန်းထားသကဲ့သို့ပင် ကျွန်းမြေအား အစုလိုက်အဝေးလိုက် တိုက်ခိုက်လာပြီပင် ဖြစ်သည်။
ဝုန်း....
ရေနေသားရဲများ အစီအရင်အတွင်းသို့ ဝင်ရောက်လာကြသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ထက်မှ ပြင်းထန်လှသော ချီစွမ်းအင်များစွာ ကျဆင်းလာလေသည်။ ထိုချီစွမ်းအင်များမှာ မိုးများအလား ကျဆင်းလာပြီးနောက် အစီအရင်အတွင်း ဝင်ရောက်လာသော ရေနေသားရဲများအား သတ်ဖြတ်လိုက်ကြ၏။ မြင်ကွင်းမှာ အမှန်တကယ်ပင် ဆန်းကြယ်လှပလှသည်။ တပည့်များ၏ အံ့အားသင့်စွာ အော်ဟစ်သံများမှာ ပတ်ဝန်းကျင်တစ်ခုလုံးအား ပြည့်နှက်သွားစေလေသည်။
များပြားလှသော ရေနေသားရဲများစွာ သေဆုံးသွားကြသော်လည်း အချို့သော ရေနေသားရဲများ၏ လက်ချက်ဖြင့် တပည့်အနည်းငယ်မှာ ပြိုင်ပွဲအတွင်းမှ ထုတ်ပယ်ခံလိုက်ရသည်။ ကောင်းကင်တစ်ခွင်လုံးမှာ ပုံရိပ်များစွာဖြင့် ပြည့်နှက်ရှုပ်ထွေးနေပြီး ရေနေသားရဲများရော တောင်ထွတ်ခုနစ်ခုလုံး၏ တပည့်များပါ ဆုံးရှုံးနစ်နာမှုများဖြင့် ရင်ဆိုင်နေရ၏။
သို့သော် တပည့်များမှ မည်မျှပင် အစီအရင်အား ကာကွယ်ကြစေကာမူ များပြားလှသော ရေနေသားရဲများမှာ အရပ်မျက်နှာအစုံမှ ဝင်ရောက်လာနေကြဆဲပင် ဖြစ်သည်။
ဤသို့ဖြင့် အချိန်များ ကုန်ဆုံးလာပြီးနောက် ပေတစ်ထောင်မျှရှိသော ရေနေသားရဲများ စတင်ပေါ်ထွက်လာကြ၏။ ပေတစ်ထောင်သားရဲများ ပေါ်ထွက်လာသည်နှင့်တကွ အခြားသော ရေနေသားရဲငယ်လေးများမှာ ကြောက်ရွံ့လွန်းလှသဖြင့် ထွက်ပြေးတိမ်ရှောင်ကုန်ကြသည်။
အစီအရင်အတွင်းရှိ တပည့်များမှာလည်း ပေတစ်ထောင်သားရဲများအား မြင်တွေ့လိုက်ရသောကြောင့် အလွန်ပင် ထိတ်လန့်နေကြပြီ ဖြစ်သည်။ ပုံမှန်ရေနေသားရဲများနှင့် ရင်ဆိုင်ရခြင်းသည်ပင် ၎င်းတို့အတွက် ခက်ခဲလှပြီ ဖြစ်၏။ ပေတစ်ထောင်သားရဲသည် ၎င်းတို့ကိုင်တွယ်နိုင်မည့် ပမာဏမျိုး မဟုတ်ပါချေ။
"တပည့်ခေါင်းဆောင်တွေအားလုံး ကိုယ့်အဖွဲ့ကိုယ်ဦးဆောင်ပြီး ပေတစ်ထောင်သားရဲတွေကို သတ်ကြတော့။"
လီချင်းချန်မှ အေးစက်တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။
တပည့်ခေါင်းဆောင်များအားလုံးမှာ လေးနက်သောအမူအရာဖြင့် ခေါင်းညိတ်လိုက်ကြ၏။
ကျောင်းဇူမှာ တပည့်ခေါင်းဆောင်များအား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် စိတ်အလိုမကျဟန်ဖြင့် စကားဆိုလိုက်သည်။ "ဓားကပ်ဘေးတောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်သာ ရှိနေရင် အခြေအနေတွေက ပိုပြီးစိတ်ချရမှာပဲ။ ဒါပေမယ့် အရူးတစ်ကောင်က မစဉ်စားမဆင်ခြင်ပဲ လုပ်ချင်ရာလုပ်ခဲ့တယ်။ အဲ့ဒါကြောင့် အခုပေတစ်ထောင်သားရဲတွေကို မခုခံနိုင်ခဲ့ရင် အဲ့လူရဲ့တာဝန်ပဲ။"
ကန်ရွှမ်းတောင်ထွတ်၏ တပည့်ခေါင်းဆောင် ထန်းမုရှင်း၊ သူတော်စင်မှော်စာလုံးတောင်ထွတ်၏ တပည့်ခေါင်းဆောင် ကျင်ကျန်းနှင့် အခြားသော တပည့်ခေါင်းဆောင်များမှာ ကျောင်းဇူ၏ ခနဲ့တဲ့တဲ့စကားကြောင့် ဇူယွမ်အား ကြည့်ရှုလိုက်ကြသည်။
ဇူယွမ်မှ တည်ငြိမ်စွာပင် စကားဆိုလိုက်သည်။ "ပိုင်လီချွီးကို ပြိုင်ပွဲက ထုတ်နိုင်တယ်ဆိုထဲက ကျွန်တော်က သူ့ထက်ပိုတော်လို့ပဲ။ အဲ့ဒါကြောင့် သူ့လိုအသုံးမကျတဲ့ တပည့်ခေါင်းဆောင်မျိုး ဒီနေရာမှာ ရှိနေလည်း ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ ကျွန်တော်ရှိနေတာနဲ့တင် လုံလောက်ပြီ။ အကိုတော်တို့ရဲ့ ဓားကပ်ဘေးတောင်ထွတ်က တပည့်ခေါင်းဆောင်ကြီးက ကျွန်တော့်ကိုတောင်မှ မယှဉ်နိုင်တာလေ...အဟက်။"
"မင်း....မင်း..။" ကျောင်းဇူမှာ ဒေါသတရားများကြောင့် မျက်နှာပင် ရဲတွတ်လာရ၏။ ထို့နောက် ဇူယွမ်အားကြည့်ကာ အေးစက်စွာပင် ပြောလိုက်သည်။ "အဟက်....မင်းက လျှာစောင်းတော့ အတော်ထက်တဲ့ ကောင်ပဲ။ တကယ်အသုံးကျမကျ စောင့်ကြည့်ဦးမယ်။"
ဇူယွမ်မှာ မထီမဲ့မြင်ပြုသော အမူအရာဖြင့် ရယ်မောလိုက်ပြီးနောက် ထူးချွန်သော ခရမ်းရောင်ခါးစည်း တပည့်များ စုဝေးရာနေရာသို့ အခြားသော တပည့်ခေါင်းဆောင်များနှင့်အတူ ပျံဝဲသွားလိုက်သည်။ ထို့နောက် တပည့်ခေါင်းဆောင်ခြောက်ဦးမှာ တပည့်များအား အုပ်စုခြောက်ခုအဖြစ်သို့ခွဲ၍ ဦးဆောင်လိုက်ကြ၏။
ဝှစ်....
အုပ်စုခြောက်ခုမှာ ပေတစ်ထောင်သားရဲများ ပေါ်ထွက်လာရာနေရာများသို့ ပျံဝဲသွားကြသည်။ အသက်ရှူချိန် အနည်းငယ်မျှ အချိန်အတွင်းမှာပင် မူလရေကန်အတွင်း၌ ပြင်းထန်လှသော တိုက်ပွဲများ စတင်ဖြစ်ပေါ်လာရ၏။
တပည့်ခေါင်းဆောင်များမှာ အနည်းငယ်မျှပင် ခိုကပ်ရဲခြင်းမရှိပဲ စွမ်းအင်အပြည့်အဝ အသုံးပြုကာ ပေတစ်ထောင်သားရဲများအား ရင်ဆိုင်နေကြသည်။ ပေတစ်သောင်းသားရဲမှာ အချိန်မရွေး ပေါ်ထွက်လာနိုင်သောကြောင့် လက်ရှိအချိန်တွင် ပေတစ်ထောင်သားရဲများအား တက်နိုင်သမျှ သုတ်သင်ထားရမည်ပင် ဖြစ်သည်။
တောင်ထွတ်ပေါ်တွင်ရှိနေသော ရွေးချယ်ခံများမှာလည်း ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလျက် အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေကြ၏။
ဤသို့ဖြင့် အချိန်များ ဖြည်းညင်းစွာ ကုန်ဆုံးလာခဲ့သည်။
ယောင်ယောင်မှာ အနောက်အရပ်သို့ ကြည့်ရှုလိုက်ပြီးနောက် ချူချင်းမှာလည်း ပြောင်လက်နေသော ဦးခေါင်းအားပွတ်လျက် လိုက်လံကြည့်ရှုလိုက်၏။
အခြားသော ရွေးချယ်ခံများမှာလည်း တစ်ဦးပြီးတစ်ဦး လိုက်လံကြည့်ရှုလိုက်ကြသည်။ "လာနေပြီပဲ။"
ကြီးမားလှသော လှိုင်းလုံးကြီးမှာ အနောက်အရပ်မှ ပေါက်ထွက်လာလေသည်။ ကြောက်မက်ဖွယ်ကောင်းလှသော ပုံရိပ်ကြီးတစ်ခုကိုလည်း လှိုင်းလုံးများအကြားမှ ဝိုးတဝါးမြင်တွေ့လိုက်ရ၏။
ထိုပုံရိပ်ကြီးမှာ အခြားသော ရေနေသားရဲများနှင့် မတူပဲ ခြေနှစ်ဖက်ရှိကာ မတ်တပ်အနေအထားဖြင့် လျှောက်လှမ်းလာသောကြောင့် ပေတစ်သောင်းအမြင့်မှာ အလွန်ပင် သိသာထင်ရှားနေသည်။ ခန္ဓာကိုယ်အပေါ်ပိုင်းမှ လက်ခြောက်ဖက် ထွက်ပေါ်နေလျက်ရှိကာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
နှစ်တစ်ရာ ကြာမြင့်သွားပြီးနောက် ကန်ရွှမ်းကလန်အတွင်း၌ ပေတစ်သောင်းမျှရှိသော ရေနေသားရဲကြီး ပြန်လည်ပေါ်ထွက်လာပြီပင် ဖြစ်ပေတော့သတည်း။