← Chapters

ပေတစ်သောင်းသားရဲအားတိုက်ခိုက်ခြင်း

Vol. 39 Ch. 538

ပေတစ်သောင်းသားရဲအားတိုက်ခိုက်ခြင်း

Vol. 39 Ch. 538

မူလရေကန်တစ်လျှောက်လုံးမှာ ပြင်းထန်လှသော စွမ်းအင်ဖိအားများကြောင့် လှိုင်းထန်နေရသည်။ ပေတစ်သောင်းသားရဲကြီး၏ ရင်အုပ်ပေါ်တွင် စွမ်းအင်စက်ဝန်းတစ်ခု ပြင်းထန်စွာ လည်ပတ်နေလျက် ရှိ၏။

တပည့်များမှာ ပေတစ်သောင်းသားရဲကြီးအား ကြောက်လန့်တုန်လှုပ်စွာဖြင့် ကြည့်ရှုနေကြလေသည်။

ဝုန်း....

သားရဲကြီး၏ ပုံရိပ်မှာ တောင်တန်းကြီးတစ်ခုသဖွယ် ကြီးမားလှသောကြောင့် အလွန်ပင် ထင်ရှားရှင်းလင်းနေ၏။ လက်ခြောက်ဖက်နှင့် ခြေနှစ်ချောင်းပါရှိသော သူ၏အသွင်သဏ္ဍာန်မှာ ရင်သက်ရှုမောဖွယ်ကောင်းလှပြီး ကြောက်မက်ဖွယ်မြင်ကွင်းကို ပေးစွမ်းလျက် ရှိသည်။

"ဒါကြီးက ပေတစ်သောင်းသားရဲကြီးပေါ့။"

ဇူယွမ်မှာ သားရဲကြီးအား ငေးမောကြည့်ရှုနေရင်းဖြင့် ရေရွတ်လိုက်၏။ သူ၏ အမူအရာမှာ အလွန်ပင် လေးနက်တည်ကြည်နေလေသည်။ သားရဲကြီးထံမှ ထွက်ပေါ်နေသော စွမ်းအင်ဖိအားများမှာ အမှန်တကယ်ပင် ပြင်းထန်ကြမ်းတမ်းလွန်းလှသည်။

ဇူယွမ်သည်ပင် ထိုဖိအား၏ အကျိုးသက်ရောက်မှုအား ခံစားနေရ၏။ တပည့်များအားလုံးမှာ ပြင်းထန်လှသော စွမ်းအင်ဖိအားများကြောင့် ဖြူရော်နေရပြီ ဖြစ်သည်။ ထားရှိခဲ့ကြသော ခွန်အားသတ္တိများမှာလည်း တစ်စစီလွင့်ပြယ်သွားရကာ ရုတ်ချည်းပင် ထိုနေရာမှ ထွက်​ပြေးလွတ်မြောက်ချင်စိတ်များသာ တစ်ဖွားဖွား ပေါ်ပေါက်လာကြရသည်။ ပေတစ်သောင်းသားရဲ၏ စွမ်းအင်ဖိအားသည်ပင် ထိုမျှလောက်ထိ ကြောက်မက်ဖွယ် ကောင်းလေသည်။

ပေတစ်သောင်းသားရဲ နီးကပ်လာသည်နှင့်အမျှ အခြားသော ရေနေသားရဲများမှာလည်း စွမ်းအင်များ ပိုမိုပြည့်ဝလာကြကာ အလုံးအရင်းဖြင့် ကျွန်းမြေဆီသို့ ဆက်လက်ချီတက်လာကြသည်။

အခြေအနေများမှာ အလွန်ပင် ရှုပ်ထွေးခက်ထန်နေရသည်။

တောင်ထွတ်ပေါ်တွင်ရှိနေသော ရွေးချယ်ခံများမှာလည်း ထိုပြောင်းလဲမှုအာ သတိပြုမိသွားသောကြောင့် မျက်ဝန်းများ အနည်းငယ် ပြူးကျယ်သွားကြရသည်။

လီချင်းချန်မှာ အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်လိုက်ရင်းဖြင့် စကားဆိုလိုက်၏။ "လူတိုင်း လှုပ်ရှားဖို့ အသင့်ပြင်ထားကြပါ။"

အခြားသော ရွေးချယ်ခံများမှ လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။ ၎င်းတို့၏ တာဝန်ဝတ္တရားမှာ အရေးအကြီးဆုံးပင် ဖြစ်၏။ သူတို့သာ ပေတစ်သောင်းသားရဲအား ရင်ဆိုင်ရာတွင် ရှုံးနိမ့်ခဲ့ပါက တောင်ထွတ်ခုနစ်ခုလုံးရှိ တပည့်များမှာ ပြိုင်ပွဲမှ ထွက်ခွာသွားရပေလိမ့်မည်။

ဝှစ်....

ပုံရိပ်ဆယ့်တစ်ခုမှာ ကောင်းကင်ထက်သို့ ပျံဝဲသွားကြသည်။ ယောင်ယောင်မှာမူ လက်မောင်းထက်၌ ပွေ့ချီထားလေသည်။ ၎င်းတို့သည် တစ်ယောက်တစ်နေရာစီ ​ဖြန့်ကားပျံသန်းလိုက်ကြပြီးနောက် ပေတစ်သောင်းသားရဲကြီး၏ အရှေ့ပတ်ပတ်လည်အနေအထားတွင် နေရာယူလိုက်ကြ၏။

ဝုန်း...

လီချင်းချန်မှာ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်နှင့်တကွ အခြားသော ရွေးချယ်ခံများမှာလည်း တွေဝေတုန့်ဆိုင်းခြင်းမရှိပဲ လျင်မြန်စွာပင် ချီစွမ်းအင်များအား ထွက်ပေါ်စေလိုက်ကြသည်။ ရွေးချယ်ခံများအား ယခုကဲ့သို့ မြင်တွေ့နေရသည်မှာ အလွန်ပင် ရင်သက်ရှုမောဖွယ်ကောင်းလှပေသည်။

ရွေးချယ်ခံများထံမှ ထွက်ပေါ်လာသော စွမ်းအင်ဖိအားများမှာ တပည့်ခေါင်းဆောင်များထက် အဆပေါင်းများစွာ သာလွန်လှ၏။

ပြင်းထန်လှသော စွမ်းအင်ဖိအားများကြောင့် မူလရေကန်အတွင်း သောင်းကျန်းနေကြသော ရေနေသားရဲများသည်ပင် အနည်းငယ်မျှ ကြောက်ရွံ့ကုန်ကြသည်။

"ဝေါင်း...."

ပေတစ်သောင်းသားရဲကြီးမှာ ကျယ်လောင်စွာပင် ဟိန်းဟောက်လိုက်ပြီးနောက် လက်ခြောက်ဖက်ဖြင့် ရေပြင်အား ရိုက်ခတ်လိုက်၏။

ဝုန်း....

ချက်ချင်းဆိုသလိုပင် မူလရေကန်တစ်လျှောက်လုံး လှိုင်းထန်သွားရလေသည်။ မြင့်တက်လာသော ရေလှိုင်းလုံးများမှာ ကောင်းကင်ကိုပင် အုပ်မိုးသွားတော့မယောင် ရှိ၏။

ရွေးချယ်ခံများထံမှ အကန့်အသတ်မဲ့ စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီးနောက် ထိုရေလှိုင်းလုံးများအား ဖိနှိပ်လိုက်ကြသည်။ ကျယ်လောင်လှသော ပေါက်ကွဲသံများနှင့် ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များမှာ ပတ်ဝန်းကျင်တစ်ခွင်လုံးအား ပျံ့နှံ့လွှမ်းခြုံသွားလေသည်။

ချီစွမ်းအင်အမျှင်တန်းတစ်ခုမှာ တိမ်တိုက်တစ်ခုအသွင် ဖြစ်ပေါ်လာပြီးနောက် ရွေးချယ်ခံများအား အုပ်မိုးကာကွယ်ထားလိုက်သည်။

ရွေးချယ်ခံများမှာ ပေတစ်သောင်းသားရဲကြီးအား အေးစက်ခက်ထန်စွာ ကြည့်ရှုလိုက်ကြပြီးနောက် ပြင်းထန်လှသော ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်၏။

ယောင်ယောင်နှင့် ယဲ့ကယ်မှာ စုတ်တံများအား ယိမ်းနွဲ့ကခုန်စေလျက် မှော်စာလုံးများကို အဆက်မပြတ် ဖန်တီးနေကြသည်။ ထိုမှော်စာလုံးများမှာ အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး ရွေးချယ်ခံများထံသို့ ရောက်ရှိသွားကာ ၎င်းတို့အား စွမ်းအင်ပိုမိုပြည့်ဝစေ၏။

လီချင်းချန်၊ ချူချင်းနှင့် အခြားသော ရွေးချယ်ခံများမှာ မှော်စာလုံးများ၏ အကူအညီကြောင့် မူလရေကန်အတွင်း ပင်ပန်းနွမ်းနယ်ခြင်းများ မဖြစ်တော့ပဲ လျင်မြန်စွာပင် ပေတစ်သောင်းသားရဲဆီသို့ ချည်းကပ်သွားကြသည်။

ဝုန်း...

ပေတစ်သောင်းသားရဲကြီးမှာ လက်ခြောက်ဖက်ဖြင့် ရင်ဘတ်အားထုလျက် ပြင်းထန်လှသော စွမ်းအင်ဖိအားများအား ထုတ်လွှတ်နေလျက် ရှိသည်။ ထို့နောက် ၎င်းမှာ လက်များကိုဆုပ်၍ ရေပြင်အား ပြင်းထန်စွာ ထိုးနှက်လိုက်၏။

ဝုန်း...

မူလရေကန်တစ်ခုလုံးမှာ မြေအောက်ငလျင် လှုပ်ခါသွားသည့်အလား တုန်ခါသွားရသည်။ ရေလှိုင်းလုံးကြီးများ ပြင်းထန်စွာ ခတ်ထန်သွားရပြီးနောက် စွမ်းအင်လှိုင်းဂယက်များမှာလည်း ပတ်ဝန်းကျင်တစ်ခွင်လုံးသို့ ပျံ့နှံ့လွှမ်းခြုံသွား၏။

စွမ်းအင်လှိုင်းဂယက်များမှာ ပြင်းထန်လွန်းလှသောကြောင့် တပည့်အချို့နှင့် ရေနေသားရဲအချို့သည်ပင် ရေစီးနှင့်အတူ မျောပါသွားကြရသည်။

ဇူယွမ်မှာ ဖြစ်ပျက်နေသည်များအား အဝေးတစ်နေရာမှ ကြည့်ရှုနေလျက် ရှိသည်။ စောင့်ကြည့်နေရင်းဖြင့်ပင် ရွေးချယ်ခံများနှင့် တပည့်ခေါင်းဆောင်များအကြား အဆင့်ပေါင်းများစွာ ကွာခြားနေလျက်ရှိသည်ကို သိမြင်လာရ၏။

မူလစဦး နဝမအဆင့်သို့ ရောက်ရှိသွားပြီးနောက်ပိုင်းတွင် ချီစွမ်းအင် အခြေခံအုတ်မြစ် သန်မာမှုကသာလျှင် အရေးပါတော့မည် ဖြစ်သည်။

လက်ရှိအချိန်တွင် ဇူယွမ်၏ ချီပင်လယ်အတွင်း ချီကြယ်ပွင့်ငါးထောင်ခန့်ရှိပြီး ပိုင်လီချွီးတွင်မူ ခြောက်ထောင်ခန့်မျှ ရှိပေသည်။ ထို့ကြောင့် ရွေးချယ်ခံများနှင့် နှိုင်းယှဉ်ပါက ချီကြယ်ပွင့်အရေအတွက် များစွာကွာဟနေဆဲပင် ဖြစ်သည်။ ၎င်းတို့အကြားရှိ ကွာခြားမှုမှာ အလွန်ပင် ကြီးမားလှသည်။

"ငါအများကြီး ကြိုးစားရဦးမှာပဲ။" ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ရင်းဖြင့် ရေရွတ်လိုက်သည်။ ကြည့်ရသည်မှာ ကျင့်ကြံမှုများအား လက်ရှိထက်ပို၍ အားစိုက်ရဦးမည်ပင် ဖြစ်၏။

"တကယ်လို့သာ နဂါးကိုးကောင်ကောင်းချီးကိုရခဲ့ရင် ငါ့ရဲ့ချီစွမ်းအင်အခြေခံအုတ်မြစ်တွေက အရမ်းကို သန်မာလာမှာပဲ။" ဇူယွမ်၏ မျက်ဝန်းများမှာ လိုချင်ရမ္မက်များဖြင့် တောက်လောင်လာရ၏။

သို့သော် နဂါးကိုးကောင်ကောင်းချီးအား ရရှိနိုင်ရန်မှာ လက်တွေ့နှင့် အလွန်ဝေးကွာလွန်းလှပေသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် ရွေးချယ်ခံများအတွက်ပင် ထူးခြားရှားပါးလှသော အရာဖြစ်၏။ လက်ရှိအချိန်၌ ပေတစ်ထောင်သားရဲ၏ နဂါးရှစ်ကောင်ကောင်းချီးအား ရရှိထားသည့်သူမှာ မိမိအပါအဝင် ချူချင်းနှင့် လီချင်းချန်တို့ သုံးဦးသာ ရှိသည်။ ထို့ကြောင့် နဂါးကိုးကောင်ကောင်းချီးအား လိုချင်တပ်မက်နေသည်မှာ ကောင်းကင်ဘုံမှ နတ်သစ်သီးအား မျှော်လင့်တောင့်တနေမိသကဲ့သို့ပင် စိတ်ကူးယဉ်ဆန်လွန်းလှသည်။

ဝုန်း....ဝုန်း.....

ဇူယွမ်မှာ အတွေးများကြား နစ်မြောနေသကဲ့သို့ ရွေးချယ်ခံများနှင့် ပေတစ်သောင်းသားရဲတို့၏ တိုက်ပွဲမှာလည်း ပြင်းထန်နေပြီပင် ဖြစ်သည်။ ပေတစ်သောင်းသားရဲကြီး၏ တိုက်ပွဲစွမ်းရည်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ရွေးချယ်ခံများ အတူတကွ ပေါင်းစည်းတိုက်ခိုက်ခြင်းသည်ပင် ပေတစ်သောင်းသားရဲကြီးအား အနည်းငယ်မျှ အသာစီးမရနိုင်ပဲ ရှိ၏။

ဘန်း...

သားရဲကြီးမှာ လက်ခြောက်ဖက်အား လှုပ်ယမ်းစေလိုက်ပြီးနောက် စွမ်းအင်စက်ဝန်းကြီးတစ်ခုအား ဖြစ်ပေါ်စေလိုက်သည်။ ထို့နောက် စွမ်းအင်စက်ဝန်းကြီးအား လီချင်းချန်အားချိန်ရွယ်၍ ပစ်လွှတ်လိုက်၏။

သို့သော် လီချင်းချန်အနီးသို့ စွမ်းအင်စက်ဝန်းကြီး မရောက်ရှိခင်မှာပင် ရှန့်ချွမ်ချူးမှ သူမ၏ရှေ့သို့ ဝင်ရောက်ကာဆီးလိုက်သည်။

ရှန့်ချွမ်ချူးသည် လက်နှစ်ဖက်အား ကြက်ခြေခတ်သဏ္ဍာန် ပြုလုပ်လိုက်ပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ချက်ချင်းဆိုသလိုပင် သူ၏ အသားအရေထက်တွင် ကျောက်စိမ်းရောင်အလင်းတန်းများ လင်းလက်လာပြီး အသွေးအသားများမှာ ငွေရောင်ခြည်အလင်းတန်းများ တောက်ပလာလေတော့သည်။

ထိုသည်မှာ ကန်ရွှမ်းကလန်၏ အသန်မာဆုံး ပြင်ပခန္ဓာကျင့်စဉ်ဖြစ်သော အစစ်အမှန် ဆန်းကြယ်သောခန္ဓာကျင့်စဉ်ပင် ဖြစ်​လေသည်။

ဒုန်း...

စွမ်းအင်စက်ဝန်းကြီးမှာ ရှမ့်ချွမ်ချူး၏ ခန္ဓာကိုယ်နှင့် ရိုက်ခတ်မိသွားသည်။ သူ၏ခန္ဓာကိုယ်မှာ မူလရေကန်တစ်လျှောက် လွင့်စင်သွားကာ ရေစီးကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားရသည်။

ရှမ့်ချွမ်ချူး၏ အဝတ်အစားများပင် ဆုတ်ပြဲကုန်ရသော်လည်း ကံကောင်းထောက်မစွာဖြင့် ပြင်းထန်သော ထိခိုက်ဒဏ်ရာများ မရရှိခဲ့ချေ။ တပည့်များမှာ အလွန်ပင် သန်မာလှသော သူ၏ခန္ဓာကိုယ်အား အံ့အားသင့်စွာဖြင့် ငေးမောကြည့်ရှုနေမိကြ၏။

ဤသို့ဖြင့် အချိန်အနည်းငယ် ကြာမြင့်သွားပြီးနောက် ရွေးချယ်ခံများမှာ ပေတစ်သောင်းသားရဲကြီး၏ ခန္ဓာကိုယ်အား အနည်းငယ် ဆုတ်ပြဲစေနိုင်ခဲ့လေသည်။

ဝေါင်း....

ကျယ်လောင်လှသော အော်ဟစ်သံကြီးနှင့်အတူ နက်ရွှေရောင်အလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာ၏။ ထန်ထန်မှာ ကြောက်မက်ဖွယ်ကောင်းလှသော အသွင်သဏ္ဍာန်ဖြင့် ပေတစ်သောင်းသားရဲကြီး၏ သေကွင်းသေကွက်များကို တိုက်ခိုက်လိုက်သည်။

ချပ်....

ထန်ထန်၏ လက်သည်းများမှာ ပေတစ်သောင်းသားရဲကြီးအား အညှာအတာမဲ့စွာ ကုပ်ခြစ်နေ၏။ ပေတစ်သောင်းသားရဲကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ ဆုတ်ပြဲရာကြီးမှာ ပိုမိုကြီးမားသွားရသည်။

အာဝူး....

ပေတစ်သောင်းသားရဲကြီးမှာ လက်ခြောက်ဖက်လုံးဖြင့် ထန်ထန်အား ထိုးနှက်လိုက်သည်။ ထန်ထန်မှာ လျင်မြန်စွာပင် ရှောင်တိမ်းလိုက်၏။

"ထန်ထန်ဆွဲဖြဲထားတဲ့နေရာကို တိုက်ခိုက်။" ယောင်​ယောင်မှ အော်ဟစ်ပြောဆိုလိုက်သည်။

လီချင်းချန်နှင့် အခြားသော ရွေးချယ်ခံများမှာ အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလျက် လှုပ်ရှားလိုက်ကြ၏။ ထို့နောက် ပေတစ်သောင်းမျှရှိသော စွမ်းအင်အလင်းတန်းကြီးဖြင့် ထန်ထန်ဆုတ်ဖြဲထားရာနေရာအား တိုက်ခိုက်လိုက်ကြလေသည်။

ဝုန်း...

ပေတစ်သောင်းသားရဲကြီးမှာ နာကျင်လွန်းလှသဖြင့် ကျယ်လောင်စွာ အော်ဟစ်ညည်းညူလိုက်သည်။ စွမ်းအင်လှိုင်းဂယက်များမှာလည်း ပတ်ဝန်းကျင်တစ်ခွင်လုံးအား ပျံ့နှံ့လွှမ်းခြုံသွား၏။

တပည့်များမှာ ပေတစ်သောင်းသားရဲကြီး အော်ဟစ်ညည်းညူနေသည်အား မြင်တွေ့လိုက်ရသောအခါ၌ အလွန်ပင် ပျော်ရွှင်သွားကြသည်။

လီချင်းချန်နှင့် ရွေးချယ်ခံများမှာမူ လေးနက်သော အမူအရာဖြင့် သားရဲကြီးအား စောင့်ကြည့်နေကြဆဲပင် ဖြစ်၏။  ဤသားရဲကြီးအား လွယ်ကူစွာဖြင့်သာ အနိုင်ယူနိုင်မည်ဆိုပါက လွန်ခဲ့သောနှစ်တစ်ရာ၌ တပည့်များအားလုံး ထုတ်ပယ်ခံရလိမ့်မည် မဟုတ်ပေ။

ဝေါင်း...

ထင်မှတ်ထားသည့်အတိုင်းပင် ပေတစ်သောင်းသားရဲကြီးမှာ မူလရေကန်အား ရုတ်တရက် ထိုးနှက်လိုက်လေသည်။ မူလရေကန်တစ်လျှောက် ရေလှိုင်းလုံးများ ခက်ထန်သွားရ၏။

လီချင်းချန်မှ လေးနက်စွာ စကားဆိုလိုက်သည်။ "ဒီကောင်ကြီးက တကယ်ချတော့မယ့်ပုံပဲ။"

ချူချင်းမှ ဆံပင်များမရှိသော ဦးခေါင်းအားပွတ်ကာ ပြောလိုက်သည်။ "ရှေးဟောင်းစာလိပ်တစ်ခုထဲမှာ ပေတစ်သောင်းသားရဲတွေအကြောင်း တစ်ခါဖတ်ဖူးတယ်။ သူတို့နဲ့ရင်ဆိုင်ရင် အရေးကြီးဆုံးအရာက အစစ်အမှန် နဂါးရေစင်ပဲ။ အဲ့ရေစင်က နဂါးချီတွေကနေ ဖြစ်တည်လာပြီးတော့ မူလရေကန်နဲ့ သားရဲနဲ့ကို ဆက်နွယ်သွားစေတယ်။ အဲ့ဒါက အဓိကပြဿနာပဲ။"

"အစစ်အမှန်နဂါးရေစင်က ဘယ်လိုပုံစံမျိုးလဲ။" ရွေးချယ်ခံတစ်ဦးမှ မေးမြန်းလိုက်၏။

ချူချင်းမှ ပြန်လည်စကားဆိုလိုက်သည်။ "သူက အမဲဖက်သမ်းတဲ့ အဝါရောင်ပုံစံမျိုးပဲ။ အဲ့ဒါက ပေတစ်သောင်းသားရဲကို အရမ်းစွမ်းအားကြီးစေတယ်။ မပူပါနဲ့ ဒီကောင်ကြီးမှာ ဒါမရှိလောက်ပါဘူး။ ရှိရင် ငါတို့သေနေပြီလေ ဟဲဟဲ။"

ချူချင်းသည် ရယ်မောနေရင်းဖြင့် အဝေးတစ်နေရာသို့ မျက်စိမျက်နှာပျက်စွာနှင့် ကြည့်ရှုနေသော လီချင်းချန်အား သတိပြုလိုက်မိသည်။ သူမကြည့်ရှုရာနေရာသို့ လိုက်လံကြည့်ရှုလိုက်သောအခါတွင် ချူချင်း နှုတ်ခမ်းထက်မှ အပြုံးများအားလုံး ကွယ်ပျောက်သွားရ၏။

ပေတစ်သောင်းသားရဲကြီး၏ ရင်ဘတ်တွင် ဖြစ်တည်နေသော စွမ်းအင်စက်ဝန်းကြီးမှာ အမဲရောင်ဖက်သမ်းသော အဝါရောင်အဖြစ်သို့ ဖြည်းညင်းစွာဖြင့် ပြောင်းလဲလာနေခြင်းပင် ဖြစ်သည်။

ထို့နောက် မူလရေကန်အတွင်းမှ ချီစွမ်းအင်များ စုဝေးလာကာ ထန်ထန်ဆုတ်ဖြဲခဲ့သော ဒဏ်ရာအား အကောင်းပကတိအတိုင်း ပြန်လည်ဖြစ်တည်သွားစေ၏။

သားရဲကြီးမှ ယခင်ကထက် ပိုမိုပြင်းထန်သော စွမ်းအင်ဖိအားများ ထွက်ပေါ်လာလေသည်။

ရွေးချယ်ခံများမှာ အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ချူချင်းအား ကြည့်ရှုလိုက်ကြသည်။

ချူချင်းမှာ မချိသွားဖြဲ အမူအရာဖြင့် ရယ်မောကာ စကားဆိုလိုက်လေသည်။ "ဟီးဟီး...သူ့မှာ နဂါးရေစင်ရှိနေတာ ငါနဲ့မဆိုင်ဘူးလေ။ ဟုတ်တယ်မို့လား။"

All Chapters