← Chapters

အစစ်အမှန်နဂါးရေစင်

Vol. 39 Ch. 539

အစစ်အမှန်နဂါးရေစင်

Vol. 39 Ch. 539

ဝေါင်း....

ပေတစ်သောင်းသားရဲကြီး၏ ကျယ်လောင်လှသော ဟိန်းဟောက်သံကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးသည်ပင် တုန်ခါသွားရသယောင် ရှိသည်။ ၎င်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ပြင်းထန်လှသည့် စွမ်းအင်ဖိအားများကြောင့် လေထုများပင် ဆုတ်ပြဲကုန်ရသည်။

အမဲရောင် အနည်းငယ်မျှ သမ်းနေသော ဝါကျင့်ကျင့်အရည်များမှာ ပေတစ်သောင်းသားရဲကြီး၏ ခန္ဓာကိုယ်အား တစ်လက်မပင်မကျန်လောက်အောင် လွှမ်းခြုံသွားလေသည်။

ကြောက်မက်ဖွယ်ကောင်းလှသော နဂါးဟိန်းသံသဲ့သဲ့မှာလည်း ကောင်းကင်တစ်ခွင်အား ပဲ့တင်ထပ်သွားစေသည်။

ပေတစ်သောင်းသားရဲကြီးမှာ မူလအနေအထားထက် ပိုမိုကြောက်မက်ဖွယ်ကောင်းလာသောကြောင့် ရွေးချယ်ခံများ၏ အမူအရာမှာ ခက်ထန်သွားကြရ၏။

မည်သို့ပင်ဆိုစေကာမူ ယခုအခြေအနေတွင်မှ လက်လျော့လိုက်ရန် မဖြစ်နိုင်မှန်း သိရှိနေကြသဖြင့် ရွေးချယ်ခံများမှာ တစ်ဦးနှင့်တစ်ဦး အကြည့်ချင်းဖလှယ်ကာ ရှေ့သို့ တစ်ပြိုင်နက်တည်း ပျံဝဲသွားလိုက်ကြသည်။

ဝုန်း....ဝုန်း...

၎င်းတို့၏ ဦးခေါင်းထက်မှ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာလေသည်။ မူလရေကန်တစ်လျှောက်မှာလည်း လှိုင်းလုံးကြီးများဖြင့် ခက်ထန်နေရသည်။ ထို့နောက် ရွေးချယ်ခံများအားလုံးမှာ လင်းလက်တောက်ပနေသော သန်းခေါင်ယံကောင်းကင်ထက်မှ ကြယ်အစင်းငယ်များ တဖြုတ်ဖြုတ် ကြွေဆင်းလာသကဲ့သို့ ပေတစ်သောင်းသားရဲကြီးအား အဆက်မပြတ် တိုက်ခိုက်ကြလေတော့သည်။

သို့သော် သားရဲကြီးမှာ တိုက်ခိုက်မှုများအား အနည်းငယ်မျှပင် ရှောင်ရှားခြင်းမပြုပဲ ခံယူနေလျက် ရှိသည်။

ဝုန်း...ဝုန်း...

၎င်း၏ကိုယ်ပေါ်သို့ ကျဆင်းလာသော ပြင်းထန်လှသည့် ချီစွမ်းအင်များအား ဝါကျင့်ကျင့်အရည်များမှ အလုံးစုံ ချေဖျက်နေလျက် ရှိ၏။ ထို့ကြောင့် မည်မျှပင်တိုက်ခိုက်စေကာမူ ပေတစ်သောင်းသားရဲကြီးအား အနည်းငယ်မျှပင် နာကျင်စေနိုင်ခြင်းမရှိချေ။

လီချင်းချန်နှင့် အခြားသော ရွေးချယ်ခံများ၏ အမူအရာမှာ အလွန်ပင် ပျက်ယွင်းနေရပြီ ဖြစ်သည်။ မည်သူကမှ အစစ်အမှန်နဂါးရေစင်သည် ထိုမျှလောက် စွမ်းအင်ပြည့်ဝလိမ့်မည်ဟု ထင်မှတ်မထားကြသောကြောင့် ဖြစ်သည်။

ဝုန်း....

ပေတစ်သောင်းသားရဲကြီးသည် လက်ခြောက်ဖက်လုံးဖြင့် ရေပြင်အား ရိုက်ခတ်လိုက်၏။ ထို့ကြောင့် ကြီးမားလှသော လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာရလေသည်။ ထို့နောက် ၎င်းမှာ ရေလှိုင်းလုံးကြီးတစ်ခုအား ဖြစ်ပေါ်စေ၍ ရွေးချယ်ခံများထံ ချိန်ရွယ်ပစ်လွှတ်လိုက်သည်။

ရေလှိုင်းလုံးကြီး၏ အရှိန်မှာ အလွန်ပင် လျင်မြန်လွန်းလှ၏။

ရွေးချယ်ခံများမှာ ရေလှိုင်းလုံးကြီးအား ရှောင်ရှားရန်အတွက် အလျင်အမြန် လူစုခွဲလိုက်ကြသည်။ သို့သော် ကျောင်းဇူမှာ အနည်းငယ်နှေးကွေးနေသောကြောင့် ရေလှိုင်းလုံးကြီးနှင့် တွေ့ဆုံသွားရလေသည်။

ဒုန်း...

ကျောင်းဇူ၏ပုံရိပ်မှာ လေထုထဲသို့ လွင့်စင်သွားရပြီးနောက် ကျောက်ဆောင်တစ်ခုနှင့် ရိုက်ခတ်မိသွား၏။ ပြင်းထန်လှသောအရှိန်ကြောင့် ပေထောင်ကျော်မျှရှိသော စွတ်ကြောင်းကြီးပင် ဖြစ်ပေါ်သွားရသည်။ ၎င်းမှာ ဖြူရော်ကြောက်ရွံ့နေသော အမူအရာဖြင့် ပါးစပ်အပြည့် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရ၏။ ထိခိုက်ဒဏ်ရာမှာ အလွန်ပင် ပြင်းထန်လွန်းလှသည်။

ဝုန်း....

ပေတစ်သောင်းသားရဲကြီးမှာ နာကျင်စွာလဲကျနေသော ကျောင်းဇူရှိရာသို့ ဦးတည်လျှောက်လှမ်းလာလေသည်။ သူ၏ရည်ရွယ်ချက်မှာ ကျောင်းဇူအား ပြိုင်ပွဲအတွင်းမှ ထုတ်ပယ်လိုက်ရန်ပင် ဖြစ်သည်။

သို့သော် ထိုအချိန်မှာပင် မူလရေကန်အတွင်းမှ ကြီးမားလှသော ရေနဂါးကြီးတစ်ကောင် ထွက်ပေါ်လာကာ သားရဲကြီးအား တားဆီးလိုက်သည်။ ထိုရေနဂါးကြီး၏ ခန္ဓာကိုယ်အတွင်း မူလမှော်စာလုံးအချို့ ယိမ်းနွဲ့ကခုန်နေလျက် ရှိသည်။

ကောင်းကင်ထက်တွင်ရှိနေသော ယောင်ယောင်မှာ စုတ်တံအား ထိန်းချုပ်ထားရင်းဖြင့် အော်ဟစ်ပြောဆိုလိုက်၏။ "နင်တို့တွေ မတိုက်ကြသေးဘူးလား။"

ရွေးချယ်ခံများမှာ အလျင်အမြန်ပင် နေရာယူလိုက်ကြပြီး သားရဲကြီးအား နောက်ထပ်တစ်ကြိမ် အဆက်မပြတ် တိုက်ခိုက်လိုက်ကြ၏။

ဝုန်း...ဝုန်း...

ပြင်းထန်လှသော စွမ်းအင်ဖိအားများကြောင့် မူလရေကန်မှာ အလွန်လှိုင်းထန်နေရသကဲ့သို့ ကောင်းကင်ထက်ရှိ လေထုမှာလည်း ဆုတ်ပြဲနေရသည်။

တပည့်များမှာ ကြောက်မက်ဖွယ်ရာကောင်းလှသော မြင်ကွင်းအား အံ့အားသင့်စွာ ငေးမောကြည့်ရှုနေကြရင်းဖြင့်ပင် ရွေးချယ်ခံများအား ပို၍ပို၍ လေးစားအားကျလာရသည်။

ဝုန်း...

စွမ်းအင်လှိုင်းဂယက်များမှာ အချိန်အနည်းငယ် ကြာမြင့်သည်အထိ ပတ်ဝန်းကျင်အား သက်ရောက်နေပြီးနောက် ဖြည်းညင်းစွာပင် ပြန်လည်ငြိမ်သက်သွားလေသည်။ စွမ်းအင်လှိုင်းဂယက်များ ငြိမ်သက်သွားသည်နှင့်တကွ စောင့်ကြည့်နေကြသော တပည့်များမှာ သားရဲကြီးရှိရာနေရာသို့ အလျင်အမြန် ကြည့်ရှုလိုက်ကြ၏။

မြင်တွေ့လိုက်ရသော မြင်ကွင်းမှာ ပေတစ်သောင်းသားရဲကြီးအား လွှမ်းခြုံထားသော အစစ်အမှန်နဂါးရေစင်သည် သံချပ်ကာတစ်ခုကဲ့သို့ပင် ကျစ်လစ်မာကြောသွားခြင်း ဖြစ်သည်။

ဝေါင်း....

ပေတစ်သောင်းသားရဲကြီး၏ ဟိန်းဟောက်သံနှင့်အတူ အစစ်အမှန်နဂါးရေစင်ထံမှ အလင်းရောင်များ ထွက်ပေါ်လာလေသည်။ ထို့နောက် မူလရေကန်အတွင်းရှိ စွမ်းအင်လှိုင်းများမှာ သားရဲကြီး၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်စီးဝင်သွားတော့၏။

လီချင်းချန်မှ အံကိုကြိတ်ကာ စကားဆိုလိုက်သည်။ "ငါတို့ဘယ်လိုမှ ရင်ဆိုင်လို့ရမှာ မဟုတ်ဘူး။ အစစ်အမှန်နဂါးရေစင်က အရမ်းစွမ်းအားကြီးလွန်းတယ်။"

မည်သည့်နည်းလမ်းအား အသုံးပြု၍ တိုက်ခိုက်စေ​ကာမူ အစစ်အမှန်နဂါးရေစင်ရှိနေသမျှ ကာလပတ်လုံး ပေတစ်သောင်းသားရဲကြီးအား အနည်းငယ်မျှပင် ထိခိုက်စေနိုင်မည် မဟုတ်ချေ။

ဤအခြေအနေအတိုင်းသာ ဆက်လက်ဖြစ်ပေါ်နေပါက ရွေးချယ်ခံများသည်သာ အားအင်ကုန်ခမ်း၍ ရှုံးနိမ့်သွားရပေလိမ့်မည်။

"အစစ်အမှန်နဂါးရေစင်ကို မထိုးဖောက်နိုင်သမျှ ငါတို့ဘယ်လို တိုက်ခိုက်တိုက်ခိုက် အပိုပဲ။ ဘာမှ အရာထင်မှာ မဟုတ်ဘူး။ ငါတို့ပဲ ပင်ပန်းပြီး ခြေကုန်လက်ပမ်း ကျသွားလိမ့်မယ်။" ခုန်းရှန်မှ တည်ငြိမ်စွာ စကားဆိုလိုက်သည်။

ရှမ့်ချွမ်ချူးမှ လေးနက်သောအမူအရာဖြင့် ​ပြောလိုက်၏။ "အစစ်အမှန်နဂါးရေစင်ကို မချိုးဖြတ်နိုင်ရင်တောင်မှ ငါတို့အလျှော့ပေးလိုက်လို့ မရဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့တိုက်ခိုက်ရမှာပဲ။ တပည့်တွေကိုကာကွယ်ဖို့ ငါတို့မှာ တာဝန်ရှိတယ်။"

ခုန်းရှန်မှ အေးစက်စွာ ပြောလိုက်သည်။ "ဒါ​ဆိုရင် ငါတို့ဘယ်လို တိုက်လိုက်ကြမှာလဲ ပြောပါဦး။ အဲ့သားရဲကြီးက မူလရေကန်ကနေ စွမ်းအင်တွေလိုသလောက် ရနေတာလေ။ ငါတို့စွမ်းအင်တွေကိုကြ ဘယ်သူလာဖြည့်ပေးမှာလဲ။ မောပြီးသေသွားတဲ့အထိ အရူးလို တိုက်နေရမှာလား။"

ရှမ့်ချွမ်ချူးမှာ တိတ်ဆိတ်ငြိမ်သက်သွားရသည်။

ရွေးချယ်ခံများမှာ ကူကယ်ရာမဲ့စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်ရှုနေမိကြသည်။ အစစ်အမှန်နဂါးရေစင်မှာ အမှန်တကယ်ပင် စွမ်းအားကြီးလှ၏။ မည်သို့ပင်တိုက်ခိုက်စေကာမူ ထိုအရာအား မထိုးဖောက်နိုင်ခြင်းက ၎င်းတို့အတွက် အကြီးမားဆုံး ပြဿနာပင် ဖြစ်သည်။

တပည့်များမှာလည်း လက်မှိုင်ကျနေသော ရွေးချယ်ခံများ၏ အမူအရာအား ကြည့်ရှုနေရင်းဖြင့် ဝမ်းနည်းနေကြပြီပင် ဖြစ်၏။ ကလန်၏ အထူးချွန်ဆုံး ရွေးချယ်ခံများ ပူပေါင်း၍တိုက်ခိုက်ခြင်းသည်ပင် ပေတစ်သောင်းသားရဲကြီးအား ထိခိုက်အောင် မလုပ်နိုင်ခြင်းက ၎င်းတို့အား စိတ်ဓာတ်ကျဆင်းစေ၏။

ရွေးချယ်ခံများသည်ပင် သားရဲကြီးအား ရင်မဆိုင်နိုင်သောကြောင့် ယခုအခေါက် မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားတွင် လူတိုင်းမှာ လက်ဗလာဖြင့်သာ ပြိုင်ပွဲအတွင်းမှ ထွက်လွာလာရမည့်ဟန် ရှိနေသည်။ အခြေအနေများမှာ အမှန်တကယ်ပင် ဆိုးရွားနေပြီ ဖြစ်၏။

ဇူယွမ်မှာလည်း အခြေအနေများအား ရိပ်စားမိသောကြောင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာရသည်။ ပေတစ်သောင်းသားရဲကြီးမှာ အလွန်ပင် စွမ်းအားကြီးလှသဖြင့် ရွေးချယ်ခံများအပြင် ယောင်ယောင်နှင့်ထန်ထန်တို့ ပူးပေါင်းတိုက်ခိုက်ခြင်းသည်ပင် အရာမထင် ဖြစ်နေရ၏။

အစစ်အမှန်နဂါးရေစင်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ၎င်းသည် သားရဲကြီးအား ကာကွယ်ထားရုံမျှမကပဲ မူလရေကန်အတွင်းမှ စွမ်းအင်များကိုပါ အလိုရှိသလို သုံးစွဲခွင့်ရစေ၏။ ထိုအစစ်အမှန်နဂါးရေစင်ကြောင့်ပင် ရွေးချယ်ခံများ၏ တိုက်ခိုက်မှုမှာ အရာမထင် ဖြစ်နေရခြင်း ဖြစ်သည်။ ထိုအရာအား မချိုးဖြတ်နိုင်သရွေ့ မည်သည့်တိုက်ခိုက်မှုကမှ သားရဲကြီးအား ထိခိုက်စေနိုင်မည် မဟုတ်ပေ။

ဇူယွမ်မှာ သက်ပြင်းချလိုက်မိ၏။ လက်ရှိအခြေအနေသည် သူလုပ်ဆောင်နိုင်သည်ထက် ပိုမိုရှုပ်ထွေးနေသောကြောင့် မည်သို့မှ ဝင်ရောက်ကူညီပေးနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ရွေးချယ်ခံများမှ သားရဲကြီးအား အနိုင်တိုက်နိုင်ပါစေဟုသာ မျှော်လင့်ဆုတောင်းနေမိသည်။ ထိုသို့မဟုတ်ပါက ကလန်တစ်ခုလုံး လက်ဗလာဖြင့် ပြိုင်ပွဲမှ ထွက်ခွာသွားရပေလိမ့်မည်။

ကောင်းကင်ထက်၌

လီချင်းချန်မှ အံကိုကြိတ်ကာ စကားဆိုလိုက်သည်။ "မျှော်လင့်ချက်မရှိဘူးဆိုရင်တောင် အဆုံးထိ ရင်ဆိုင်ရမှာပဲ။ ငါတို့စွမ်းအင်တွေ မကုန်ခမ်းမချင်း နောက်ဆုံးအချိန်ထိ တိုက်ခိုက်ကြတာပေါ့။ ဘာပဲဖြစ်ဖြစ် ငါတို့ရှိနေသမျှ ကလန်က တပည့်တွေကို မထိခိုက်စေရဘူး။"

အခြားသော ရွေးချယ်ခံများမှာ အနည်းငယ် တွေဝေသွားရ၏။ ပေတစ်သောင်းသားရဲကြီးမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလွန်းလှသည့်အပြင် မည်သို့ပင်တိုက်ခိုက်စေကာမူ အစစ်အမှန်နဂါးရေစင်အား မချိုးဖောက်နိုင်ပါက အဆုံးတွင် ရှုံးနိမ့်ရမည်ကို သိရှိနေသောကြောင့် တွေးတောချိန်ဆနေမိကြသည်။

ထို့အပြင် လက်ရှိအချိန်၌ မူလရေကန်အတွင်း တိုက်ခိုက်နေရသည်ဖြစ်သောကြောင့် ပေတစ်သောင်းသားရဲကြီးမှာ ပိုမိုအားသာနေရလေသည်။ ရွေးချယ်ခံများမှာ တစ်ဦးကိုတစ်ဦးကြည့်လျက် မည်သို့ဆုံးဖြတ်ရမည်ကို မသိရှိပဲ ဖြစ်နေကြရသည်။

"အစစ်အမှန်နဂါးရေစင်ကို ချိုးဖောက်ဖို့ နည်းလမ်းတစ်ခုတော့ ရှိတယ်။" ကြည်လင်ပြတ်သားလှသော အသံတစ်ခု ထွက်ပေါ်လာသည်။

ရွေးချယ်ခံများမှ အလျင်အမြန် ကြည့်ရှုလိုက်သောအခါတွင် ထိုစကားအားဆိုလိုက်သူမှာ ယောင်ယောင် ဖြစ်နေ၏။

လီချင်းချန်မှ ပျော်ရွှင်ဝမ်းမြောက်စွာ မေးမြန်းလိုက်သည်။ "အစစ်အမှန်နဂါးရေစင်ကို ဘယ်လိုထိုးဖောက်ရမလဲဆိုတာ နင်သိတယ်ပေါ့။"

ရွေးချယ်ခံများ၏ မျက်ဝန်းများမှာ စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်သွား၏။

ယောင်ယောင်မှ တည်ငြိမ်စွာပင် စကားဆိုလိုက်သည်။ "မပျက်စီးနိုင်တဲ့အရာဝတ္ထုဆိုတာ မရှိပါဘူး။ အရာအားလုံးမှာ သူတို့ကို ဖျက်စီးနိုင်မယ့်နည်းလမ်းတွေ ရှိတယ်။ ဒီအစစ်အမှန်နဂါးရေစင်ကလည်း အရမ်းကြောက်စရာကောင်းတယ်ဆိုပေမယ့် သူ့ကို ထိုးဖောက်နိုင်မယ့် နည်းလမ်းတစ်ခု ရှိပြီးသားပါ။"

"မင်းလုပ်နိုင်တယ်ပေါ့ အဲ့ဒါဆို။" ရှမ့်ချွမ်ချူးမှ အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်သည်။

ယောင်ယောင်မှ ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ "ဟင့်အင်း..ငါမလုပ်နိုင်ဘူး။"

ခုန်းရှန်မှ အေးစက်စွာ မေးမြန်းလိုက်သည်။ "အဲ့ဒါဆို ဘာလို့ပြောနေသေးလဲ။"

ယောင်ယောင်မှာ အနည်းငယ်မျှ ပြုံးကာ စကားဆိုလိုက်သည်။ "ငါမလုပ်နိုင်ဘူးဆိုပေမယ့် ဒီမှာလုပ်နိုင်တဲ့သူတစ်ယောက် ရှိနေတယ်လေ။"

ရွေးချယ်ခံများမှာ နားမလည်နိုင်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်ကြသည်။ ကျောင်းဇူမှာ တစ်စုံတစ်ခုအား သဘောပေါက်သွားဟန်ဖြင့် လှောင်ပြောင်ရယ်မောကာ မေးမြန်းလိုက်၏။ "အဟက်....အဲ့လူက ဇူယွမ်လို့တော့ ငါတို့ကို မပြောနဲ့နော်။"

ယောင်ယောင်မှာ ကျောင်းဇူအားကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်တယ် သူပဲ။"

All Chapters