← Chapters

အစစ်အမှန်နဂါးရေစင်အားထိုးဖောက်ခြင်း

Vol. 39 Ch. 541

အစစ်အမှန်နဂါးရေစင်အားထိုးဖောက်ခြင်း

Vol. 39 Ch. 541

"ငါသဘောမတူနိုင်ဘူး။"

ကျောင်းဇူမှာ အေးစက်ခက်ထန်စွာပင် အော်ဟစ်လိုက်သည်။ သူ၏အမြင်တွင်မူ ဇူယွမ်အား ပါဝင်တိုက်ခိုက်ခွင့်ပြုလိုက်သည်ကပင် အလွန်ရက်ရောသော ဆုံးဖြတ်ချက်ဖြစ်နေပြီ ဖြစ်သည်။ ထို့အတွက်ကြောင့် ဇူယွမ်နှင့် ယောင်ယောင်သည်ပင် ရွေးချယ်ခံများအား ကျေးဇူးတင်သင့်၏။ သို့သော် ယခုတွင်မူ ယောင်ယောင်သည် ဇူယွမ်အတွက်ပင် မူလနဂါးခြင်ဆီ သုံးဆယ်ရာခိုင်နှုန်း တောင်းဆိုနေလေသည်။

"ဂျူနီယာညီမတော်ယောင်ယောင်က ပေတစ်သောင်းသားရဲကြီးကိုရင်ဆိုင်ဖို့ အလေးမထားပဲ မူလနဂါးခြင်ဆီကိုပဲ ဂရုစိုက်နေတာပဲ။" ခုန်းရှန်မှ အေးစက်စွာ စကားဆိုလိုက်သည်။

အခြားသော ရွေးချယ်ခံများမှာ မည်သည့်စကားမှ ဝင်ရောက်ပြောဆိုခြင်း မရှိပါသော်လည်း ၎င်းတို့၏ အမူအရာသည် မူလနဂါးခြင်ဆီ သုံးဆယ်ရာခိုင်နှုန်းအား များလွန်းသည်ဟု ယူဆနေကြသည်မှာ ထင်ရှားလှ၏။

"ပိုပြီးစွမ်းဆောင်နိုင်တဲ့သူက မူလနဂါးခြင်ဆီ ပိုရမယ်လို့ သဘောတူထားခဲ့ကြတာ မဟုတ်ဘူးလား။ အစစ်အမှန်နဂါးရေစင်ကို ထိုးဖောက်ဖို့က အရမ်းလွယ်တယ် ထင်နေလား။ သုံးဆယ်ရာခိုင်နှုန်းမှ မတန်ဘူးထင်နေရင် ကိုယ့်ဟာကိုယ်လုပ်ကြလေ။"ယောင်ယောင်မှာ ရွေးချယ်ခံများအားကြည့်လျက် ဆက်လက်ပြောဆိုလိုက်သည်။ "သွားပြီးကြိုးစားကြည့်စမ်းပါ။ နင်တို့ထဲက ဘယ်သူပဲ အောင်မြင်အောင်မြင် မူလနဂါးခြင်ဆီ သုံးဆယ်ရာခိုင်နှုန်းပေးဖို့ ငါကတော့ သဘောတူတယ်။"

ခုန်းရှန်နှင့် ကျောင်းဇူမှာ အေးခဲသွားရ၏။ လက်ရှိအချိန်တွင် အရေးအကြီးဆုံးအရာမှာ အစစ်အမှန်နဂါးရေစင်အား ထိုးဖောက်နိုင်ရန်ပင် ဖြစ်သည်။ သို့သော် ရွေးချယ်ခံများကြား၌ ထိုအစစ်အမှန်နဂါးရေစင်အား ထိုးဖောက်ဖယ်ရှားပေးနိုင်မည့်သူ မရှိပါချေ။

မည်သို့ပင်ဆိုစေကာမူ ဇူယွမ်အား မူလနဂါးခြင်ဆီ သုံးဆယ်ရာခိုင်နှုန်း ပေးအပ်ရန် သဘောတူညီရမည့် အရေးမှာလည်း မဖြစ်နိုင်ပေ။

ရွေးချယ်ခံများမှာ မည်သို့ပြုလုပ်ရမည်မသိပဲ တိတ်ဆိတ်ငြိမ်သက်နေကြသည်။ လီချင်းချန်မှာ အနည်းငယ်မျှ တွေဝေနေပြီးနောက် စကားဆိုလိုက်၏။ "သုံးဆယ်ရာခိုင်နှုန်းကတော့ နည်းနည်းများမယ်ထင်တယ်။ ဒါပေမယ့် ဇူယွမ်က အစစ်အမှန်နဂါးရေစင်ကို ထိုးဖောက်ပေးနိုင်ခဲ့မယ်ဆိုရင် သူ့ရဲ့လုပ်ဆောင်ချက်ကို ငါတို့အသိအမှတ်ပြုပေးရမှာပဲ။ နှစ်ဆယ်ရာခိုင်နှုန်းကတော့ ပိုပြီးသင့်တော်လိမ့်မယ်လို့ ထင်တယ်။"

"နင်တို့တွေရော ဘယ်လိုထင်ကြလဲ။" သူမသည် အခြားသော ရွေးချယ်ခံများအားကြည့်ကာ မေးမြန်းလိုက်၏။

ချူချင်းမှ ပြုံးကာပြောလိုက်သည်။ "ဒီအကောင်ကြီးကို တိုက်နိုင်မယ်ဆိုလို့ကတော့ ဘယ်လောက်ရာခိုင်နှုန်းဖြစ်ဖြစ် ငါကသဘောတူပြီးသားပါ။"

အခြားသော ရွေးချယ်ခံများမှာလည်း ချူချင်း၏စကားအား ခေါင်းညိတ်ထောက်ခံလိုက်ကြ၏။

ခုန်းရှန်နှင့် ကျောင်းဇူမှာ မကျေမနပ်ဖြစ်နေရပါသော်လည်း ရွေးချယ်စရာ မရှိသောကြောင့် သဘောတူညီလိုက်ရသည်။ မည်သို့ပင်ဆိုစေကာမူ အစစ်အမှန်နဂါးရေစင်အား ဇူယွမ်မှ ထိုးဖောက်န်ုင်ပါ့မည်လားဆိုသည်ကို စောင့်ကြည့်ရဦးမည်ပင် ဖြစ်လေသည်။

ယောင်ယောင်မှာ အနည်းငယ် အလိုမကျဟန်ရှိနေသော်လည်း ငြင်းပယ်ခြင်းမပြုလိုက်ချေ။ ဇူယွမ်မှာ နှစ်ဆယ်ရာခိုင်နှုန်းမျှသာ ရရှိပါက သူမနှင့်ယောင်ယောင်တို့ ရရှိလာမည့် ဝေစုအား ပေါင်းစည်းလိုက်လျှင်ပင် နဂါးကိုးကောင်ကောင်းချီးအတွက် လောက်ငှရုံမျှသာ ရှိပေလိမ့်မည်။

ထန်ထန်မှာမူ ပေတစ်သောင်းသားရဲကြီးအား သားရေတစ်မြားမြားဖြင့် ကြည့်ရှုနေလေသည်။ သူသည် ရရှိလာမည့် မူလနဂါးခြင်ဆီဝေစုအား ဇူယွမ်အတွက် လုယူခြင်းခံရလိမ့်မည်ကို မသိရှိပဲ အမြှီးလေးတနန့်နန့်ဖြင့် ရှိနေ၏။

ယောင်ယောင်မှ ပေတစ်သောင်းသားရဲကြီးအားကြည့်ကာ ပြောလိုက်သည်။ "စလိုက်ကြရအောင်။ ငါတို့က တိုက်ခိုက်မယ်။ ဇူယွမ်က အစစ်အမှန်နဂါးရေစင်ကိုဖျက်စီးဖို့ အခွင့်အရေးရှာ။"

ဝေါင်း....

ပေတစ်သောင်းသားရဲကြီးအား လက်ခြောက်ဖက်ဖြင့် ရင်ဘတ်အားထုရိုက်လျက် ကျယ်လောင်စွာ ဟိန်းဟောက်နေလေသည်။

ရွေးချယ်ခံများမှာ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီးနောက် သားရဲကြီးအား နောက်ထပ်တစ်ကြိမ် တိုက်ခိုက်လိုက်ကြ၏။

ကောင်းကင်ထက်တွင်ရှိနေသော ဇူယွမ်မှာ ရွေးချယ်ခံများ၏ ပြင်းထန်လှသော တိုက်ခိုက်ပုံများအား ကြည့်ရှုနေရင်းဖြင့် နှုတ်ခမ်းများပင် စိုစွတ်လာရသည်။ ဖြစ်ပေါ်နေသောတိုက်ပွဲသည် သူနှင့်ပိုင်လီချွီးတို့၏တိုက်ခိုက်မှုထက် အဆပေါင်းများစွာ ပြင်းထန်လှ၏။

တပည့်များမှာ ကောင်းကင်ထက်တွင်ရှိနေသော ဇူယွမ်အား စိတ်ရှုပ်ထွေးနေသော မျက်ဝန်းများဖြင့် ကြည့်ရှုနေလျက် ရှိသည်။ ၎င်းတို့သည် သာမန်တပည့်ခေါင်းဆောင်တစ်ဦးသာဖြစ်သော ဇူယွမ်မှ ယခုကဲ့သို့ ပြင်းထန်လှသည့် တိုက်ပွဲအတွင်း ပါဝင်လာရခြင်းအပေါ် နားမလည်နိုင် ဖြစ်နေကြရ၏။

အထူးသဖြင့် မကျေမနပ် ဖြစ်နေကြသည်မှာ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များပင် ဖြစ်သည်။ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ တစ်ဦးကိုတစ်ဦးကြည့်၍ ဇူယွမ်အား တီတိုးဝေဖန်ကြတော့၏။ "ဇူယွမ်ကို ဒီတိုက်ပွဲထဲ အတင်းဆွဲသွင်းလာတာ ဇူရှောင်ယိုပဲ ဖြစ်မယ်။ သူမက ဇူယွမ့်ကို မူလနဂါးခြင်ဆီဝေစု နည်းနည်းဖြစ်ဖြစ် ရစေချင်နေတာနေမယ်။ သူမ အရမ်းတရားလွန်တာပဲ။ ဇူယွမ်ကလည်း အရှက်မရှိ ဝင်ပါရဲတယ်နော်။ သူ့အဆင့်နဲ့များ ရွေးချယ်ခံတွေကို ဘာမှအကူအညီပေးနိုင်မှာလည်း မဟုတ်ပဲနဲ့။"

ထိုဝေဖန်ဆွေးနွေးကြသော စကားများမှာ တပည့်များစွာအား စိတ်အနှောင့်အယှက် ဖြစ်သွားစေလေသည်။ ထိုစကားသာ မှန်ကန်ခဲ့ပါက ဇူယွမ်နှင့် ဇူရှောင်ယိုတို့မှာ အမှန်တကယ်ပင် အရှက်တရား ကင်းမဲ့လှ၏။ ပေတစ်သောင်းသားရဲအား ရင်ဆိုင်တိုက်ခိုက်ခြင်း မပြုရသေးခင်မှာပင် ရရှိလာမည့် ဝေစုအပေါ် လိုချင်လောဘ တက်နေကြသည်။ မည်မျှပင် တရားလွန်လိုက်ပါသနည်း။

သို့သော် အခြားတောင်ထွတ်၏ တပည့်တစ်ဦးမှ သုံးသပ်ပြောဆိုလိုက်သည်။ "အဲ့လိုတော့ မဖြစ်နိုင်ဘူး။ ဇူယွမ်ပါလာတာ သက်သက်အကြောင်းတစ်ခု ရှိလိမ့်မယ်။ ဇူရှောင်ယို ဆွဲသွင်းချင်တိုင်း ဆွဲသွင်းရအောင် ရွေးချယ်ခံတွေက အသာတကြည် လက်ခံမှာတဲ့လား။ သူတို့သဘောတူတယ်ဆိုထဲက တခြားအကြောင်းတစ်ခုတော့ ရှိမှာပဲ။"

"......."

ဝုန်း.....

စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ဇူယွမ်မှာ မူလရေကန်အတွင်းသို့ ရုတ်တရက် ထိုးဆင်းသွားလေသည်။

"ဒြပ်မဲ့သဏ္ဍာန်....."

ဇူယွမ်၏ပုံရိပ်မှာ သာမန်မျက်စိနှင့် မမြင်နိုင်တော့ပဲ ပျောက်ကွယ်သွား၏။

ဝုန်း...ဝုန်း....

မူလရေကန်၏ မျက်နှာပြင်ထက်၌ ပြင်းထန်လှသော တိုက်ပွဲမှာ ဆက်လက်ဖြစ်ပေါ်နေလျက် ရှိသည်။ ပေတစ်သောင်းသားရဲကြီးသည် သူ၏လက်ခြောက်ဖက်ဖြင့် ရေပြင်အား တဘုန်းဘုန်း ထုရိုက်နေ၏။

ရွေးချယ်ခံများမှာလည်း ပြင်းထန်လှသေည ချီစွမ်းအင်များဖြင့် သားရဲကြီးအား တိုက်ခိုက်နေကြသည်။

သို့သော် အစစ်အမှန်နဂါးရေစင် ရှိနေသောကြောင့် သားရဲကြီးအား အနိုင်မရနိုင်ပဲ ရှိ၏။ အစစ်အမှန်နဂါးရေစင်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ၎င်းကိုသာ မထိုးဖောက်နိုင်ပါက တိုက်ပွဲမှာ တစ်ဖက်သတ်ဆန်စွာ ပြီးဆုံးသွားရလိမ့်မည်ပင် ဖြစ်သည်။

ကျောင်းဇူမှာ ဒေါသထွက်စွာ အော်ဟစ်ပစ်လိုက်၏။ "အစစ်အမှန်နဂါးရေစင်ကို ဇူယွမ်က ဖယ်မှာလား မဖယ်ဘူးလား။"

အချိန်များစွာ ကြာမြင့်သွားသည့်တိုင်အောင် ဇူယွမ်အား မြင်ပင်မမြင်တွေ့ရပဲ ပျောက်ဆုံးနေလေသည်။ အစစ်အမှန်နဂါးရေစင်မှာလည်း မူလအတိုင်းသာ ရှိနေဆဲ ဖြစ်၏။ ထို့ကြောင့် ကျောင်းဇူမှာ စိတ်မထိန်းနိုင်တော့ပဲ အော်ဟစ်လိုက်ခြင်း ဖြစ်သည်။

ခုန်းရှန်မှာလည်း အေးစက်စွာဖြင့် စကားဆိုလိုက်သည်။ "ဂျူနီယာညီမတော်ရှောင်ယို ဇူယွမ်မှာ အစစ်အမှန်နဂါးရေစင်ကို ဖယ်ရှားပေးနိုင်တဲ့ အရည်အချင်း မရှိရင်လည်း ငါတို့ကို ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်ပါတော့။ လူတိုင်းရဲ့ အချိန်တွေကို လိုက်ဖြုန်းမနေနဲ့။"

လီချင်းချန်နှင့် အခြားသော ရွေးချယ်ခံများမှာလည်း ယောင်ယောင်အား ကြည့်ရှုလိုက်ကြသည်။

ယောင်ယောင်မှာ အရာအားလုံးအား လျစ်လျူရှုထားဟန်ဖြင့် စုတ်တံအား ကိုင်ဆွဲကာ ပေတစ်သောင်းသားရဲကြီးကိုသာ မှော်စာလုံးများဖြင့် ဆက်လက်တိုက်ခိုက်နေလေသည်။

လီချင်းချန်မှ ရွေးချယ်ခံများအားကြည့်ကာ ပြောလိုက်၏။ "ဘာပဲဖြစ်ဖြစ် အရင်ဆုံး တိုက်ခိုက်ကြတာပေါ့။"

အခြားသော ရွေးချယ်ခံများမှာ လီချင်းချန်၏စကားအား ခေါင်းညိတ်ပြလိုက်ကြ၏။ သို့သော် ၎င်းတို့၏အမြင်တွင်မူ ဇူယွမ်၏စွမ်းရည်နှင့်ပက်သတ်၍ တစ်စထက်တစ်စ တွေဝေလာကြပြီပင် ဖြစ်သည်။

ရေပြင်ထက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေသကဲ့သို့ ဇူယွမ်မှာလည်း ပေတစ်သောင်းသားရဲကြီး၏အနီးသို့ ရောက်ရှိလာ၏။

ပေတစ်သောင်းသားရဲကြီးမှာ အလွန်ပင် ကြီးမားလှသောကြောင့် ဇူယွမ်မှာ ပုရွက်ဆိတ်တစ်ကောင်သာသာမျှသာ ရှိလေသည်။ သို့သော် ထိုသို့အရွယ်အစား အလွန်ကွာခြားနေခြင်းကြောင့်ပင် သားရဲကြီးမှာ ဇူယွမ်ရောက်ရှိလာသည်အား မသိရှိလိုက်ပေ။

ဇူယွမ်မှာ သားရဲကြီးအား ဖုံးအုပ်လွှမ်းခြုံထားသော အစစ်အမှန်နဂါးရေစင်အလွှာအား အနီးကပ် ကြည့်ရှုစစ်ဆေးလိုက်သည်။ ထို့နောက် ဇူယွမ်မှာ လက်ဝါးထက်မှ နဂါးဒေါသအဆိပ်အား ထွက်ပေါ်စေလိုက်လေသည်။

နဂါးဒေါသအဆိပ်သည် အနည်းငယ်မျှ ခါယမ်းနေပြီးနောက် ၎င်းထံမှ ရွှေရောင်ချီစွမ်းအင်အမျှင်တန်းများ ထွက်ပေါ်လာ၏။ ဇူယွမ်သည် ထိုချီစွမ်းအင်အမျှင်တန်းများအား အစစ်အမှန်နဂါးရေစင်ရှိရာသို့ ပစ်လွှတ်လိုက်သည်။ အစစ်အမှန်နဂါးရေစင်သည် အနည်းငယ်မျှပင် တွန်းကန်ခြင်းမပြုပဲ ရွှေရောင်ချီစွမ်းအင်အမျှင်တန်းများ ဝင်ရောက်လာခြင်းကို လက်ခံလိုက်၏။

ဇူယွမ်မှာ အလွန်ပင် ပျော်ရွှင်သွားရသည်။ ခက်ခဲလိမ့်မည်ဟု ထင်မှတ်ထားပါသော်လည်း ယခုအခါတွင် လုပ်ဆောင်ရသည်မှာ အလွန်ပင် လွယ်ကူချောမွေ့နေ၏။

ဝုန်း......

ကောင်းကင်ထက်တွင် ပြင်းထန်လှသော တိုက်ပွဲမှာ ဆက်လက်ဖြစ်ပေါ်နေလျက် ရှိသည်။ ကျောင်းဇူသည် ထိခိုက်ဒဏ်ရာ ရရှိသွားသောကြောင့် ပေတစ်သောင်းသားရဲကြီးထံမှ စွမ်းအင်ဖိအားများကို အခြားသူများထက်ပို၍ ခံစားနေရ၏။

ကျောင်းဇူမှာ လက်ရှိအခြေအနေအား ဆက်လက်သည်းခံနိုင်စွမ်း မရှိတော့သောကြောင့် ဒေါသဖြစ်စွာ အော်ဟစ်လိုက်တော့သည်။ "ဇူယွမ် မင်းမှာအရည်အချင်းမရှိရင်လည်း လစ်လိုက်တော့။ ငါတို့အချိန်တွေကို လာဖြုန်းမနေနဲ့တော့။"

ယောင်ယောင်မှာ တည်ငြိမ်စွာဖြင့်ပင် ထန်ထန်အားကြည့်ကာ မေးငေါ့ပြလိုက်သည်။

ဝေါင်း.......

ထန်ထန်မှာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီးနောက် ကျောင်းဇူထံသို့ ဦးတည်သွားကာ လက်သည်းရှည်ကြီးများဖြင့် ကုပ်ချလိုက်သည်။

ချလန်း......

သို့သော် ထန်ထန်၏လက်သည်းများအား ဓားအလင်းတန်းတစ်မှ ဝင်ရောက်ကာဆီးလိုက်၏။

ခုန်းရှန်မှ ယောင်ယောင်အားကြည့်ကာ အော်ဟစ်လိုက်သည်။ "မင်းဘာလုပ်တာလဲ။"

ယောင်ယောင်မှာ မည်သည့်စကားမှ ပြန်လည်ပြောကြားခြင်းမရှိပဲ စုတ်တံအား ဝေ့ယမ်းကာ မှော်စာလုံးများကို ထွက်ပေါ်စေလိုက်သည်။ ထိုမှော်စာလုံးများမှာ မီးနဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ခုန်းရှန်ရှိရာသို့ ပျံဝဲသွားလေသည်။

ရွေးချယ်ခံများမှာ ယောင်ယောင်နှင့် ခုန်းရှန်တို့၏ အခြေအနေကြောင့် အလွန်တရာပင် ခေါင်းခဲနေကြရပြီ ဖြစ်သည်။ လီချင်းချန်မှာ အခြေအနေအား ဝင်ရောက်တားဆီးရန် ပြင်ဆင်လိုက်စဉ်မှာပင် မျက်ဝန်းများ ပြူးကျယ်သွားရ၏။

"အစစ်အမှန်နဂါးရေစင်က ပျက်ပြယ်သွားပြီလား..."

သူမ၏စကားကြောင့် ရွေးချယ်ခံများအားလုံးမှာလည်း ပေတစ်သောင်းသားရဲကြီးအား ကြည့်ရှုလိုက်ကြသည်။

အစစ်အမှန်နဂါးရေစင်မှာ တုန်ခါလာပြီးနောက် ပေတစ်သောင်းသားရဲကြီး၏ကိုယ်ပေါ်မှ ဖြည်းညင်းစွာ လျောကျသွားသည်ကို လူတိုင်းမှ တွေ့မြင်လိုက်ရ၏။

ဒေါသထွက်နေသော ကျောင်းဇူမှာလည်း ပါးစပ်အဟောင်းသားဖြင့် အလွန်ပင် အံ့အားသင့်သွားရသည်။

ခုန်းရှန်၏ မျက်ဝန်းများမှာလည်း တုန်လှုပ်မှုအရိပ်အယောင်များဖြင့် ပြည့်နှက်သွားလေသည်။

အစစ်အမှန်နဂါးရေစင်အား ဇူယွမ်မှ အမှန်တကယ်ပင် ပျက်ပြယ်စေနိုင်လိုက်ပြီပင် ဖြစ်သည်။

All Chapters