အစစ်အမှန်နဂါးရေစင်အားရရှိခြင်း
Vol. 39 Ch. 542
ပလောက်....ပလောက်....
ပေတစ်သောင်းသားရဲကြီး၏ ခန္ဓာကိုယ်ထံမှ အစစ်အမှန်နဂါးရေစင်များ ကျဆင်းလာလေသည်။ ထို့ကြောင့် သားရဲကြီး၏ မူလခန္ဓာကိုယ်အား မြင်တွေ့နေရပြီပင် ဖြစ်သည်။
ကောင်းကင်ထက်တွင်ရှိနေကြသော ရွေးချယ်ခံများမှာ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် အံ့အားသင့်ကုန်ကြရ၏။ အစစ်အမှန်နဂါးရေစင်သည် အမှန်တကယ်ပင် ပျက်ပြယ်သွားခြင်းပင် ဖြစ်သည်။
"ဇူယွမ်က တကယ်ကြီး လုပ်နိုင်တာလား။" ရွေးချယ်ခံများမှာ သားရဲကြီးအား ကြည့်ရှုနေရင်းဖြင့် ပြောစရာစကားများပင် ပျောက်ဆုံးကုန်ရ၏။ ၎င်းတို့သည်ပင် မည်သို့မှ မထိုးဖောက်နိုင်ခဲ့သော အစစ်အမှန်နဂါးရေစင်အား ဇူယွမ်မှ ဖယ်ရှားပေးခဲ့ပြီပင် ဖြစ်လေသည်။
မည်သူမှ မထိုးဖောက်နိုင်သော အစစ်အမှန်နဂါးရေစင်အား ဇူယွမ်မှ လွယ်ကူစွာပင် ပျက်ပြယ်စေခဲ့သည်။ ထိုကောင်လေးထံ၌ မည်သည့်နည်းလမ်းများ ရှိနေပါသနည်း။
ကျောင်းဇူမှာ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ငေးမောကြည့်ရှုနေမိသည်။ အစောပိုင်း၌ ဇူယွမ်အား သံသယဝင်မိသည့်အပြင် ခနဲ့သောစကားများပါ ပြောဆိုမိခဲ့သည့်အတွက် ယခုအချိန်တွင် ပါးရိုက်ခံလိုက်ရသလို ခံစားနေရ၏။
ကျောင်းဇူမှ အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ "ဘယ်....ဘယ်လိုလုပ်...ဖြစ်..နိုင်မှာလဲ။"
ကျောင်းဇူ၏ဘေးတွင်ရှိနေသော ခုန်းရှန်မှ အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်ကာ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ဇူယွမ့်ဆီမှာ အစစ်အမှန်နဂါးရေစင်ကို ကိုင်တွယ်နိုင်တဲ့ ထူးခြားတဲ့နည်းလမ်းတစ်ခု ရှိနေတဲ့ပုံပဲ။"
ခုန်းရှန်မှာလည်း ထိုဖြေရှင်းချက်မှလွဲ၍ အခြားဖြစ်နိုင်ခြေများကို မတွေးတောနိုင်ပါချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာခွန်အားအပြည့်အဝသုံး၍ အစစ်အမှန်နဂါးရေစင်အား တိုက်ခိုက်ပြီးခဲ့သောကြောင့်ပင် ဖြစ်သည်။ ရွေးချယ်ခံများအားလုံး မထိုးဖောက်နိုင်သော အစစ်အမှန်နဂါးရေစင်အား ဇူယွမ်မှ ပျက်ပြယ်နိုင်ခဲ့ခြင်းမှာ အမှန်တကယ်ပင် ထူးခြားလှ၏။
ကျောင်းဇူမှာ အံကိုတင်းတင်းကြိတ်လိုက်မိသည်။သူစိတ်အလိုမကျဖြစ်နေရသည်မှာ ဇူယွမ်မှ ရွေးချယ်ခံများအားလုံးကိုကျော်လွန်၍ အစစ်အမှန်နဂါးရေစင်အား ပျက်ပြယ်စေနိုင်ခဲ့သောကြောင့် မဟုတ်ပေ။ ယခုဆိုလျှင် ဇူယွမ်အား ရရှိလာမည့် မူလနဂါးခြင်ဆီ နှစ်ဆယ်ရာခိုင်နှုန်းအား သေချာစွာ ပေးအပ်ရတော့မည်ဖြစ်သောကြောင့်ပင် ဖြစ်သည်။
ခုန်းရှန်နှင့် သူတို့ နှစ်ဦးပေါင်း ရရှိမည့် မူလနဂါးခြင်ဆီ ပမာဏသည်ပင် ထိုမျှများပြားလိမ့်မည် မဟုတ်ပါချေ။
ကျောင်းဇူမှာ စိတ်အလိုမကျဖြစ်နေရသော်လည်း စောင့်ကြည့်နေကြသော တပည့်များမှာမူ ပေတစ်သောင်းသားရဲကြီးအား ကာကွယ်ပေးထားသော ဝါကျင့်ကျင့်အရည်များ ပျက်ပြယ်သွားသည့်အတွက်ကြောင့် ပျော်ရွှင်ဝမ်းမြောက်စွာ အော်ဟစ်နေကြသည်။ ဇူယွမ်ပါဝင်လာသည်နှင့်တစ်ပြိုင်နက် ထိုအကာအကွယ်မှာ ပျက်ပြယ်သွားရသည်ကို တပည့်တိုင်းမှ တွေ့ရှိလိုက်ကြလေသည်။
ထိုအရာမှာ တပည့်များအား ပျော်ရွှင်မှုနှင့် အံ့အားသင့်မှုများ ရောယှက်သွားစေရသည်။ ဇူယွမ်သည် ရွေးချယ်ခံများ မပြုလုပ်နိုင်သောအရာကိုပင် လုပ်ဆောင်ပြနိုင်ခဲ့၏။
"မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်ဇူယွမ်က အရမ်းအရည်အချင်းရှိတာပဲ။"
"ပိုင်လီချွီး သူ့ကိုရှုံးတာ မဆန်းတော့ပါဘူး။ သူက တအားတော်နေတာကို။ ရွေးချယ်ခံတွေ မလုပ်နိုင်တာတောင် သူလုပ်နိုင်တယ်လေ။"
"ဝါကျင့်ကျင့်အလွှာကြီး ကွာကျသွားတာအတွက် ဇူယွမ့်ကို ကျေးဇူးတင်ရမှာပဲ။ အခုဆို အကာအကွယ်အလွှာ မရှိတော့ဘူးဆိုတော့ ရွေးချယ်ခံတွေက ကောင်းကောင်းတိုက်ခိုက်လို့ရပြီ။ ငါတို့အတွက် မျှော်လင့်ချက်ရှိပြီကွ။ မူလသူတော်စင်တောင်ထွတ်က တပည့်ခေါင်းဆောင်ကောင်းကောင်း ရထားတာပဲ။"
"ဟုတ်တယ်။ ငါတို့အားလုံး မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်ဇူယွမ်ကို ကျေးဇူးတင်သင့်တယ်။"
"......."
တောင်ထွတ်အသီးသီး၏ တပည့်များသည် ဇူယွမ်အားကြည့်ကာ အရိုအသေပြုလိုက်ကြသည်။ ပေတစ်သောင်းသားရဲကြီး၏ အကာအကွယ်အလွှာအား ဖယ်ရှားပေးနိုင်ခဲ့ခြင်းမှာ တပည့်များအားလုံးအတွက် မျှော်လင့်ချက်များ သယ်ဆောင်လာပေးခြင်းနှင့် တူညီလေသည်။
တပည့်များအားလုံးမှာ ဇူယွမ်အား ရိုသေလေးစားနေကြသောကြောင့် ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များမှ လှောင်ပြောင်သရော်သောစကာများ ပြောဆိုရန် မဝံ့ရဲကြတော့ပေ။ ထို့ကြောင့် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ အံကိုကြိတ်၍ မကျေမနပ်ဖြစ်နေသော မျက်ဝန်းများဖြင့်သာ ဇူယွမ်အား ဆက်လက်စောင့်ကြည့်နေကြသည်။
ကောင်းကင်ထက်တွင်ရှိနေသော လီချင်းချန်မှာ အမိန့်ပေးသောအသံဖြင့် စကားဆိုလိုက်သည်။ "ဇူယွမ်က သူ့အလုပ်သူလုပ်ပြီးသွားပြီ။ အခုချိန်က ငါတို့တာဝန်ကျေရမယ့် အချိန်ပဲ။"
အခြားသော ရွေးချယ်ခံများမှာ တစ်ဦးကိုတစ်ဦးကြည့်ကာ ခေါင်းညိတ်ပြလိုက်ကြသည်။ ဇူယွမ်မှ အကာအကွယ်အလွှာအား ဖယ်ရှားပေးခဲ့ပြီဖြစ်သောကြောင့် ရွေးချယ်ခံများအားလုံးမှာ ပေတစ်သောင်းသားရဲကြီးအား အနိုင်ရနိုင်ရန်အတွက် ကောင်းစွာကြိုးစားရတော့မည်ပင် ဖြစ်၏။ ထိုသို့မဟုတ်ပါက တပည့်ခေါင်းဆောင်တစ်ဦးမျှပင် အသုံးမကျသော ရွေးချယ်ခံများအဖြစ် တပည့်များမှ သတ်မှတ်လိုက်ကြပေလိမ့်မည်။
ဝုန်း....
ရွေးချယ်ခံများမှာ ချီစွမ်းအင်များအား ပြင်းထန်စွာပင် ပေါက်ကွဲထွက်ပေါ်စေလိုက်၏။
ဝေါင်း......
ပေတစ်သောင်းသားရဲကြီးမှာ အစစ်အမှန်နဂါးရေစင် ပျောက်ဆုံးသွားသောကြောင့် ဒေါသထွက်စွာ အော်ဟစ်ဟိန်းဟောက်နေပြီပင် ဖြစ်သည်။
ထိုအချိန်မှာပင် ရွေးချယ်ခံများမှာ သားရဲကြီးထံသို့ ပြင်းထန်လှသော ချီစွမ်းအင်များ ပစ်လွှတ်လိုက်ကြလေသည်။
ဘန်း....ဘန်း....
အစစ်အမှန်နဂါးရေစင် မရှိတော့သောကြောင့် တိုက်ခိုက်မှုများအားလုံးမှာ သားရဲကြီးအား ပြင်းထန်စွာ ထိခိုက်သွားစေ၏။
သားရဲကြီးမှာ လက်ခြောက်ဖက်အားလှုပ်ယမ်းလျက် ရွေးချယ်ခံများဆီထံမှ ကျရောက်လာသော တိုက်ခိုက်မှုများကို ကာကွယ်နေရလေသည်။
သို့သော် အစစ်အမှန်နဂါးရေစင် မရှိတော့သဖြင့် ရွေးချယ်ခံများ၏ တိုက်ခိုက်မှုအား ထိရောက်စွာ ကာကွယ်နိုင်ခြင်း မရှိတော့ချေ။
ဝုန်း.....ဝုန်း.....
ရွေးချယ်ခံများမှာ ပြင်းထန်လှသော ချီစွမ်းအင်များဖြင့် အဆက်မပြတ် တိုက်ခိုက်နေကြလျက် ရှိသည်။ ၎င်းတို့အသုံးပြုနေကြသည်မှာ အဆင့်မြင့် ကောင်းကင်ဘုံကျင့်စဉ်များဖြစ်ပြီး ဇူယွမ်နှင့်ပိုင်လီချွီးတို့ အသုံးပြုတိုက်ခိုက်ခဲ့သော ကျင့်စဉ်များထက် အဆပေါင်းများစွာ ပို၍သာလွန်ပေ၏။
ရေပြင်ထက်တွင် ပြင်းထန်လှသော တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေသကဲ့သို့ အခြေအနေများမှာလည်း ရှုပ်ထွေးခက်ထန်နေလျက် ရှိသည်။ မူလရေကန်တစ်လျှောက် လွန်စွာလှိုင်းထန်နေသည့်အတွက် မြင်ကွင်းများလည်း ရှုပ်ထွေးနေရ၏။
ဇူယွမ်မှာမူ မူလရေကန်အတွင်း၌ ဒြပ်မဲ့သဏ္ဍာန်အား အသုံးပြုကာ ကောင်းမွန်စွာ ပုန်းကွယ်နေလေသည်။ လက်ရှိအချိန်တွင် မည်သူကမှ ဇူယွမ်အား ဂရုပြုမိနေမည် မဟုတ်ပါချေ။ သူသည် ရေပြင်ထက်တွင် ဖြစ်ပေါ်နေသော တိုက်ပွဲအား မူလရေကန်အတွင်းပိုင်းမှနေ၍ တစ်ချက်မျှ ကြည့်ရှုလိုက်သည်။
"တော်တော်ပြင်းတဲ့တိုက်ပွဲပဲ။"
"ကြည့်လို့တော့ကောင်းသား...အဟီး။"
ဇူယွမ်မှာ ကျေနပ်အားရစွာပြုံးရင်းဖြင့် ရေရွတ်လိုက်သည်။ ယခုဆိုလျှင် ရရှိလာမည့် မူလနဂါးခြင်ဆီ၏ နှစ်ဆယ်ရာခိုင်နှုန်းအား ဝေစုအဖြစ် ပိုင်ဆိုင်ခွင့်ရတော့မည်ဖြစ်သောကြောင့် ပါးစပ်ပင်မစိနိုင် ဖြစ်နေရသည်။ ယောင်ယောင်သည် သူ့အပေါ်တွင် အမှန်တကယ် ကောင်းလွန်းလှ၏။ လက်ရှိအချိန်တွင် ဇူယွမ်မှာ အစစ်အမှန်နဂါးရေစင်အား ဖယ်ရှားပေးရန်တာဝန်မှာ ပြီးဆုံးသွားပြီဖြစ်သောကြောင့် မူလရေကန်အတွင်းမှသာ တိုက်ပွဲအား စောင့်စားကြည့်ရှုနေရန်အတွက် ဆုံးဖြတ်လိုက်သည်။
"အမ်...."
ထိုအချိန်၌ပင် ဇူယွမ်မှာ တစ်စုံတစ်ခုအား သတိထားမိလိုက်၏။ ထိုသည်မှာ ဝါကျင့်ကျင့်အရည်လုံးလေးများမှ သူ၏ပတ်ပတ်လည်တွင် မျောပါနေကြခြင်းပင် ဖြစ်သည်။
ဇူယွမ်မှာ စိတ်ဝိဉာဉ်စွမ်းအင်ဖြင့် ထိုအရည်လုံးလေးအား ရယူလိုက်၏။ ထိုအလုံးငယ်လေးများထံမှ နဂါးဟိန်းသံသဲ့သဲ့အား ကြားလိုက်ရလေသည်။
"ဒါက....."
ဇူယွမ်မှာ အချိန်အနည်းငယ်မျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် မျက်ဝန်းများ တောက်ပလင်းလက်လာတော့၏။ ဤဝါကျင့်ကျင့်အရည်လုံးလေးများသည် သူဖယ်ရှားခဲ့သော ပေတစ်သောင်းသားရဲကြီးပေါ်မှ အစစ်အမှန်နဂါးရေစင်နှင့် တူညီနေသည်။
ဇူယွမ်မှာ စိတ်လှုပ်ရှားစွာဖြင့် နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်၏။ ထို့နောက် ချက်ချင်းဆိုသလိုပင် စိတ်ဝိဉာဉ်စွမ်းအင်များကိုဖြန့်ကျက်လျက် ပြန့်ကြဲနေသော အစစ်အမှန်နဂါးရေစင်များအားလုံးကို သိမ်းဆည်းလိုက်လေသည်။
အသက်ရှူချိန် အနည်းငယ်မျှသော အချိန်အတွင်းမှာပင် ဇူယွမ်မှာ အနီးရှိ အစစ်အမှန်နဂါးရေစင်များအားလုံးကို ရရှိသွားသည်။ သူသည် လက်ဝါးထက်တွင်ရှိနေသော ဦးခေါင်းအရွယ်ခန့်ရှိသည့် ဝါကျင့်ကျင့်အရည်လုံးကြီးအား ကျေနပ်အားရစွာ ကြည့်ရှုလိုက်သည်။
အစစ်အမှန်နဂါးရေစင်သည် ပေတစ်သောင်းသားရဲကြီးထံတွင် ရှိနေစဉ်က ကဲ့သို့ ကျစ်လစ်ခြင်းမရှိပါသော်လည်း ဇူယွမ်အတွက်မူ လုံလောက်သည်ထက်ပင် ပိုလျှံနေပြီ ဖြစ်သည်။
"တကယ်အဖိုးတန်တာပဲ။" ဇူယွမ်၏ မျက်ဝန်းများမှာ လိုချင်ရမ္မက်များဖြင့် တောက်ပလောင်ကျွမ်းနေ၏။ အစစ်အမှန်နဂါးရေစင်အား ရွေးချယ်ခံများသည်ပင် မထိုးဖောက်နိုင်သည့်အတွက် အလွန်ပင် ထူးခြားလှကြောင်း ထင်ရှားနေသည်။ ဤအစစ်အမှန်နဂါးရေစင်သည် ဇူယွမ်အတွက် များစွာအသုံးဝင်သော ရတနာတစ်မျိုးပင် ဖြစ်လာနိုင်၏။
ဇူယွမ်မှ ကျောက်စိမ်းပုလင်းငယ်တစ်ခုအားထုတ်ယူကာ အစစ်အမှန်နဂါးရေစင်များအားလုံးကို သိမ်းဆည်းလိုက်လေသည်။ ထို့နောက် ကျေနပ်အားရစွာဖြင့် ရယ်မောလိုက်သည်။ မူလရေကန်အတွင်း ပုန်းကွယ်နေစဉ်မှာပင် အစစ်အမှန်နဂါးရေစင်ကဲ့သို့သော ရတနာအား ရရှိလိမ့်မည်ဟု တစ်ခါမှပင် ထင်မှတ်မထားခဲ့ချေ။
"ဟီးဟီး.....လူကောင်းတွေက ဘယ်နေရာဖြစ်ဖြစ် အကောင်းဆုံးတွေကို ရတာပါပဲလား။" ဇူယွမ်မှ သဘောကျနှစ်ခြိုက်စွာဖြင့် ရေရွတ်လိုက်၏။
ရေပြင်ထက်၌ ပြင်းထန်စွာ တိုက်ခိုက်နေရစဉ်အတွင်း ဇူယွမ်မှာ အစစ်အမှန်နဂါးရေစင်များအား ပျော်ရွှင်မြူးထူးစွာ ရယူနေသည်ကို ရွေးချယ်ခံများသာ သိရှိသွားပါက နှလုံးသွေးပင်ကျမတက် ဒေါသထွက်ကြပေလိမ့်မည်။
ဤသို့ဖြင့် အချိန်အနည်းငယ် ကြာမြင့်သွားပြီးနောက် ဇူယွမ်မှာ ရေပြင်ထက်ရှိ အခြေအနေများသည် အနည်းငယ်မျှ ငြိမ်သက်လာသည်ကို တွေ့ရှိလိုက်ရလေတော့သတည်း။