ပေတစ်သောင်းသားရဲကြီးအားဖျက်စီးခြင်း
Vol. 39 Ch. 543
မူလရေကန်အတွင်းရှိ ကျွန်းငယ်အချို့မှာ ပြင်းထန်လှသော တိုက်ပွဲများကြောင့် ပျက်စီးကုန်ရသည်။ ကောင်းကင်ထက်တွင်ရှိနေသော ရွေးချယ်ခံများမှာ မူလရေကန်အတွင်း လဲကျသွားသော ပေတစ်သောင်းသားရဲကြီးအား ကြည့်ရှုနေကြ၏။ သားရဲကြီးမှာ ထိခိုက်ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး လက်နှစ်ဖက်သာလျှင် ကျန်ရှိတော့သည်။ သားရဲကြီးထံမှ ထွက်ပေါ်နေသော စွမ်းအင်ဖိအားများမှာလည်း အလွန်ပင် အားနည်းနေပြီ ဖြစ်သည်။
လက်ရှိအခြေအနေအရ ပြင်းထန်လှသော တိုက်ပွဲအပြီး၌ ပေတစ်သောင်းသားရဲကြီးမှာ ရှုံးနိမ့်သွားခဲ့ပြီပင် ဖြစ်သည်။ ၎င်းသည် မကျေမနပ်ဖြစ်စွာဖြင့် အော်ဟစ်ဟိန်းဟောက်နေပါသော်လည်း ပြန်လည်တိုက်ခိုက်ရန်အတွက် စွမ်းအင်များ မရှိတော့ပေ။
ရွေးချယ်ခံများမှာ စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။ အစစ်အမှန်နဂါးရေစင် မရှိတော့သော်လည်း ပေတစ်သောင်းသားရဲကြီးအား ခက်ခဲပင်ပန်းစွာ တိုက်ခိုက်လိုက်ရ၏။
သို့သော် အစစ်အမှန်နဂါးရေစင် မရှိတော့သည့်အတွက် ပေတစ်သောင်းသားရဲကြီး၏ အသိဉာဏ်မှာလည်း ထက်ဝက်မျှလျော့ကျသွားကာ ရွေးချယ်ခံများအတွက် များစွာအဆင်ပြေသွားစေခဲ့သည်။ ထိုသို့သာမဟုတ်ပါက ယခုအချိန်ထိပင် တိုက်ပွဲမှာ ပြီးဆုံးလိမ့်ဦးမည် မဟုတ်ပါချေ။
ဘန်း.....ဘန်း.....
လူတိုင်းမှ စိတ်သက်သာရာရနေစဉ်မှာပင် ပေတစ်သောင်းသားရဲကြီးမှာ ပြင်းထန်လှသော ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။ ၎င်း၏ပုံစံမှာ အချိန်မရွေး လှုပ်ရှားလာတော့မည့် အနေအထားတွင် ရှိနေ၏။
သားရဲကြီးထံမှ ပြန်လည်ထွက်ပေါ်လာသော ပြင်းထန်လှသည့် စွမ်းအင်ဖိအားများကြောင့် ရွေးချယ်ခံများသည်ပင် ယိမ်းယိုင်သွားရသည်။
ထို့နောက် ပေတစ်သောင်းသားရဲကြီးထံမှ ပေရာကျော်မျှရှိသော အလင်းတန်းကြီးတစ်ခုထွက်ပေါ်လာကာ မူလရေကန်အတွင်းသို့ ပေါင်းစည်းပျောက်ကွယ်သွားလေသည်။
လီချင်းချန်၏ အမူအရာမှာ ခက်ထန်သွားရပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "သူက ထွက်ပြေးဖို့ လုပ်နေတာပဲ။"
အခြားသော ရွေးချယ်ခံများ၏ အမူအရာမှာလည်း ခက်ထန်သွားရ၏။ မည်သူကမှ ပေတစ်သောင်းသားရဲကြီးသည် ခန္ဓာကိုယ်အားစွန့်လွှတ်ကာ ထွက်ပြေးသွားလိမ့်မည်ဟု ထင်မှတ်မထားကြချေ။
အကယ်၍ ၎င်းသည်သာ မူလရေကန် အတွင်းပိုင်းနက်နက်ထဲသို့ ထွက်ပြေးလွတ်မြောက်သွားပါက ရွေးချယ်ခံများမှ ရှာဖွေတွေ့ရှိနိုင်တော့မည် မဟုတ်ပေ။
ထိုသို့ဖြစ်သွားပါက မူလနဂါးခြင်ဆီအား ရရှိနိုင်တော့မည် မဟုတ်သည့်အပြင် ယခုအချိန်ထိ ခက်ခဲပင်ပန်းစွာ ကြိုးစားလာရသမျှ အရာအားလုံး အချည်းနှီးသာ ဖြစ်သွားရပေလိမ့်မည်။
"ထွီး...ဒီမကောင်းဆိုးဝါးက တော်တော်စိတ်ပျက်ဖို့ကောင်းတာပဲ။" ရွေးချယ်ခံများမှာ ဒေါသထွက်စွာဖြင့် ကျိန်ဆဲလိုက်ကြသည်။ သားရဲကြီးမှ ထုတ်လွှတ်ထားခဲ့သော စွမ်းအင်ဖိအားများကြောင့် လက်ရှိအချိန်တွင် ရွေးချယ်ခံများမှာ ၎င်းနောက်သို့ လိုက်မရပဲ ရှိနေ၏။
ထို့ကြောင့် ရွေးချယ်ခံများမှာ မူလရေကန်အတွင်းသို့ တိုးဝင်သွားသော အလင်းတန်းကြီးကိုသာ ကျိန်ဆဲရင်းဖြင့် ကူကယ်ရာမဲ့စွာ ကြည့်ရှုနေရလေသည်။ ထိုသို့ ကြည့်ရှုနေရသည်မှာ ၎င်းတို့အား နှလုံးသွေးပင်ကျမတက် ဒေါသထွက်စေ၏။
လီချင်းချန်မှာ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်မိသည်။ နေ့တစ်ဝက်ကြာမျှ ခက်ခဲပင်ပန်းစွာ ရင်ဆိုင်တိုက်ခိုက်ခဲ့ကြပါသော်လည်း ယခုအချိန်တွင် ပေတစ်သောင်းသားရဲကြီးမှာ ခန္ဓာကိုယ်အားစွန့်ခွာလျက် ထွက်ပြေးသွား၏။
ကြည့်ရသည်မှာ ၎င်းတို့သည် ပေတစ်သောင်းသားရဲကြီး၏ မူလနဂါးခြင်ဆီများနှင့် မထိုက်တန်ခြင်းပင် ဖြစ်ပေလိမ့်မည်။
"အမ်...."
လီချင်းချန်မှ လက်လျှော့လိုက်ရန် တွေးတောနေသော အချိန်မှာပင် မူလရေကန်အတွင်းရှိ ဒြပ်မဲ့သဏ္ဍာန် ပုံရိပ်တစ်ခုအား သတိထားမိသွားသည်။ ထိုပုံရိပ်သည် သားရဲအလင်းတန်းကြီးနောက်သို့ ထပ်ချပ်မကွာ လိုက်နေလျက် ရှိ၏။
လီချင်းချန်မှ အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။ "အဲ့ဒါ ဇူယွမ်ပဲ။"
အခြားသော ရွေးချယ်ခံများမှာ စိတ်နှလုံးများ တုန်လှုပ်သွားရပြီးနောက် မူလရေကန်အတွင်းသို့ သေချာစွာ ကြည့်ရှုလိုက်ကြသည်။ ထိုအခါတွင် သားရဲအလင်းတန်း၏နောက်သို့ ထပ်ချပ်မကွာ လိုက်ပါနေသော ဒြပ်မဲ့သဏ္ဍာန် ပုံရိပ်တစ်ခုအား တွေ့ရှိလိုက်ကြရ၏။
ရွေးချယ်ခံများအားလုံးမှာ မူလရေကန်အတွင်းပိုင်း၌ ဇူယွမ်ရှိနေသေးသည်ကို တိုက်ခိုက်နေစဉ် ကာလတစ်လျှောက်လုံး မေ့လျော့နေခဲ့ကြလေသည်။
သို့သော် ပေတစ်သောင်းသားရဲကြီးမှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိထားပါသော်လည်း ကြောက်မက်ဖွယ်ကောင်းနေဆဲပင် ဖြစ်သည်။ ထို့ကြောင့် ဇူယွမ်တစ်ဦးတည်းဖြင့် သားရဲကြီးအား တားဆီးနိုင်လိမ့်မည်မဟုတ်ချေ။
ရွေးချယ်ခံများ၏ သံသယမျက်ဝန်းများအောက်တွင်ပင် ဇူယွမ်နှင့် သားရဲအလင်းတန်းတို့၏ပုံရိပ်မှာ ဝေးကွာပျောက်ကွယ်သွားလေသည်။
မူလရေကန်၏ အတွင်းပိုင်း၌
ဇူယွမ်မှာ ဒြပ်မဲ့သဏ္ဍာန်ဖြင့် အရှိန်အားမြှင့်၍ သားရဲအလင်းတန်းကြီး၏ရှေ့မှ ပိတ်ရပ်ထားလိုက်သည်။
"မကောင်းဆိုးဝါးကောင် မင်းသာလွတ်သွားရင် ငါ့မူလနဂါးခြင်ဆီတွေ ဘယ်ရတော့မလဲ။" ဇူယွမ်မှာ သားရဲအလင်းတန်းအား မကျေမနပ်ဖြစ်စွာ ကြည့်ရှုလိုက်သည်။ သားရဲကြီးသည် ပေတစ်သောင်းမျှကြီးမားသော ခန္ဓာကိုယ် မရှိတော့ပါသော်လည်း ကြောက်မက်ဖွယ်ဖိအားကို ထုတ်လွှတ်နေဆဲ ဖြစ်၏။
သားရဲအလင်းတန်းကြီးမှာ သားရဲတစ်ကောင်၏ ပုံရိပ်အသွင်သို့ ပြောင်းလဲသွားလေသည်။ ထိုသားရဲကြီးမှာ ဇူယွမ်အား အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိပေ။ ဇူယွမ်မှာလည်း ထိတ်လန့်တုန်လှုပ်ခြင်း တစ်စုံတစ်ရာမျှပင် မရှိပဲ မျက်ဝန်းများမှာ ဆုံးဖြတ်ချက်ပြတ်သားသော အငွေ့အသက်များဖြင့်သာ ပြည့်နှက်နေသည်။ သူသည် ကောင်းကင်ဘုံယွမ်စုတ်တံအား ဆင့်ခေါ်လိုက်ပြီးနောက် သားရဲကြီးအား ချိန်ရွယ်ထားလိုက်သည်။
ဝေါင်း....
သားရဲကြီးမှာ အနည်းငယ်မျှပင် ကြောက်ရွံ့ဟန်မရှိပဲ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ထို့နောက် အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းမနေပဲ ၎င်း၏လက်မောင်းတစ်ဖက်အား ပြင်းထန်စွာပင် လွှဲချလိုက်၏။
ဘန်း.....
သားရဲကြီးထံမှ ပြင်းထန်လှသော စွမ်းအင်ဖိအားများ ထွက်ပေါ်လာလေသည်။ ဇူယွမ်မှာ သားရဲကြီး၏ လက်သီးအား အနည်းငယ်မျှပင် ရှောင်ရှားခြင်းမပြုချေ။ ထို့နောက် ဇူယွမ်၏အနောက်ဖက်မှ ကြီးမားလှသော ပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။
ထိုသည်မှာ ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်ကျင့်စဉ်ပင် ဖြစ်၏။ ဇူယွမ်မှာ သားရဲကြီးနှင့် တိုက်ရိုက်တိုက်ခိုက်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
ကောင်းကင်ထက်တွင်ရှိနေသော လီချင်းချန်နှင့် အခြားသော ရွေးချယ်ခံများ၏ အမူအရာမှာ ပြောင်းလဲသွားရသည်။
"အခုချိန်ထိ ရူးမိုက်နေတုန်းပဲ။" လီချင်းချန်မှာ ကူကယ်ရာမဲ့စွာဖြင့် ရေရွတ်လိုက်မိ၏။ သားရဲကြီးသည် ပြင်းထန်စွာ ဒဏ်ရာရထားပါသော်လည်း ကြောက်မက်ဖွယ်ရာကောင်းနေဆဲပင် ဖြစ်သည်။ ရွေးချယ်ခံများသည်ပင် တစ်ဦးတည်း ရင်ဆိုင်ရန် မဖြစ်နိုင်သော သားရဲကြီးအား ဇူယွမ်မှ ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်ကျင့်စဉ် အစပိုင်းအဆင့်ဖြင့် တိုက်ခိုက်ရန် တွေးတောနေခြင်းမှာ အလွန်ပင် ရူးနှမ်းလွန်းသော လုပ်ရပ်ဖြစ်၏။
အဝေးမှ စောင့်ကြည့်နေကြသော တောင်ထွတ်အသီးသီး၏ တပည့်များမှာလည်း အလွန်ပင် အံ့အားသင့်နေကြရသည်။
ဇူယွမ်မှာမူ အရာအားလုံးအား လျစ်လျူရှုထားလျက် သားရဲကြီး၏ လက်သီးကိုသာ အာရုံစိုက်ထားလျက် ရှိသည်။ ထို့နောက် ရုတ်ချည်းဆိုသလိုပင် ဇူယွမ်၏ သူတော်စင်စိတ်ဝိဉာဉ်သည် ကောင်းကင်ဘုံယွမ်စုတ်တံနှင့် ပေါင်းစည်းသွားလေတော့သည်။
ဝုန်း...
သားရဲကြီး၏ လက်သီးမှာ ဇူယွမ်၏ ကိုယ်ပေါ်သို့ ကျဆင်းလာ၏။ လူတိုင်းမှ အံ့အားသင့်သွားသည်မှာ ဇူယွမ်သည် ထိုထိုးနှက်ချက်အား ကြည်ဖြူစွာ လက်သင့်ခံလိုက်ခြင်းပင် ဖြစ်သည်။
သို့သော် ထိုအချိန်မှာပင် ပေါင်းစည်းထားသော သူတော်စင်စိတ်ဝိဉာဉ်နှင့် ကောင်းကင်ဘုံယွမ်စုတ်တံတို့မှာ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ သားရဲကြီးထံသို့ ဦးတည်ပျံဝဲသွား၏။
ဝုန်း...
သားရဲကြီး၏လက်သီး ဇူယွမ်၏ကိုယ်ပေါ်သို့ ကျရောက်လာသည့် အချိန်မှာပင် သူတော်စင်စိတ်ဝိဉာဉ်နှင့် ကောင်းကင်ဘုံယွမ်စုတ်တံတို့ ပေါင်းစည်းထားသော အလင်းတန်းမှာ သားရဲကြီး၏ ဦးခေါင်းအား ထုတ်ချင်းပေါက်သွားလေသည်။
ဇူယွမ်၏ ခန္ဓာကိုယ်မှာ မူလရေကန်အတွင်းပိုင်းအထိ လွင့်စင်သွားရပြီး ရေအောက်ကြမ်းပြင်ကိုပင် စွတ်ကြောင်းကြီး ဖြစ်ပေါ်သွားစေ၏။ လွင့်စင်သွားသောအရှိန်မှာ ပြင်းထန်လွန်းလှသောကြောင့် ရေပြင်ပေါ်တွင်ပင် လှိုင်းလုံးများ ခက်ထန်သွားရသည်။
အာဝူး.....
သားရဲကြီးမှာလည်း နာကျင်လွန်းလှသောကြောင့် ဆွဲဆွဲငင်ငင် အော်ဟစ်မြည်ကြွေးလိုက်၏။ ထို့နောက် ရုတ်ချည်းဆိုသလိုပင် သားရဲကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အလင်းတန်းများအဖြစ်သို့ ပေါက်ကွဲပျောက်ကွယ်သွားရတော့သည်။
အလင်းတန်းများ ပျောက်ကွယ်သွားရပြီးနောက် လူတိုင်းမှာ ခြေတစ်ချောင်းအရွယ်မျှရှိသော သလင်းကျောက်တစ်ခုအား တွေ့ရှိလိုက်ရလေသည်။
ထိုအရာမှာ ပေတစ်သောင်းသားရဲကြီး၏ မူလနဂါးခြင်ဆီပင် ဖြစ်သည်။
လူတိုင်းမှာ မူလနဂါးခြင်ဆီအား တွေ့ရှိလိုက်ရပြီးနောက် မူလရေကန်အတွင်းပိုင်းဆီသို့ နားမလည်နိုင်သော မျက်ဝန်းမျာဖြင့် ကြည့်ရှုလိုက်ကြ၏။
မည်သူကမှ ဇူယွမ်သည် သားရဲကြီးအား ရပ်တန့်ပစ်နိုင်ရန်အတွက် ထိုမျှလောက် ပေးဆပ်တိုက်ခိုက်ခြင်းပြုလိမ့်မည်ဟု ထင်မှတ်မထားကြပေ။
ကောင်းကင်ထက်တွင်ရှိနေသော ရွေးချယ်ခံများမှာ အမှန်တကယ်ပင် အံ့အားသင့်နေကြရသည်။
"ဂျူနီယာညီတော်ဇူယွမ်က တကယ့်ကို လူကောင်းပဲ။" ချူချင်းမှ ဦးခေါင်းအားပွတ်ကာ ရေရွတ်လိုက်သည်။
ရှန့်ချွမ်ချူးမှ ခေါင်းညိတ်ထောက်ခံကာ စကားဆိုလိုက်၏။ "အခုဆိုရင် ဂျူနီယာညီတော်ဇူယွမ်က မူလရေကန်အပြင်ဖက်ကို ရောက်နေလောက်ပြီ။ သူပြိုင်ပွဲက ထွက်သွားရပေမယ့် ကတိပေးထားတဲ့အတိုင်း သူရမယ့် မူလနဂါးခြင်ဆီဝေစုကို ငါတို့ပေးသင့်တယ်။"
လီချင်းချန်မှာ ခါးသက်စွာဖြင့် ရယ်မောလိုက်၏။ အကာအကွယ်ချိပ်စည်း ရှိနေသောကြောင့်သာ ဇူယွမ်မှာ အသက်မသေခဲ့ရခြင်း ဖြစ်သည်။ ဇူယွမ်ဆိုသော ကောင်လေးသည် အမှန်တကယ်ပင် ရူးနှမ်းလွန်းလှ၏။
"မူလနဂါးခြင်ဆီကို သွားယူကြရအောင်။" လီချင်းချန်မှ စကားဆိုလိုက်သည်။
အခြားသော ရွေးချယ်ခံများမှ ခေါင်းညိတ်ပြလိုက်ကြ၏။ သို့သော် ထိုအချိန်၌ပင် မူလရေကန်အတွင်းပိုင်းမှ လှုပ်ရှားမှုတစ်ခုအား သတိပြုမိလိုက်ကြသည်။
မူလရေကန် အတွင်းပိုင်းနက်နက်ဆီမှ အလင်းတန်းတစ်ခု ဖြာထွက်လာပြီးနောက် ရွံ့နွံများပေကျံနေသော ပုံရိပ်တစ်ခု ထွက်ပေါ်လာလေသည်။ ထိုပုံရိပ်မှာ မူလနဂါးခြင်ဆီအား ယူဆောင်လိုက်ပြီးနောက် ရေပြင်အပေါ်သို့ ထိုးထွက်လာ၏။
"ဇူ...ဇူယွမ်။"
ထိုပုံရိပ်မှာ အနည်းငယ်မျှ အားနည်းနေဟန်ရှိသော်လည်း တောက်ပစွာ ပြုံးရယ်နေလေသည်။ ၎င်းအား သေချာစွာ မြင်တွေ့လိုက်ရချိန်၌ ရွေးချယ်ခံများနှင့် စောင့်ကြည့်နေကြသော တပည့်များမှာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြရသည်။
ဇူယွမ်သည် ပေတစ်သောင်းသားရဲကြီး၏ ထိုးနှက်မှုအား ခံယူခဲ့ရသည့်တိုင်အောင် အကောင်းအတိုင်း ရှိနေဆဲသာ ဖြစ်လေသည်။
ထိုသည်မှာ မည်သို့ဖြစ်နိုင်ပါမည်နည်း......!