မူလနဂါးခြင်ဆီအားခွဲဝေခြင်း
Vol. 39 Ch. 544
များပြားလှသော မျက်ဝန်းများစွာမှာ ရေပြင်ထက်တွင်ရှိနေသော လူငယ်လေးအား မယုံကြည်နိုင်စွာဖြင့် ငေးမောကြည့်ရှုနေကြလေသည်။ ထိုလူငယ်လေးမှာ ရွံ့နွံများဖြင့် ညစ်ပတ်ပေရေနေပါသော်လည်း ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရထားခြင်း မရှိပါချေ။
ထို့အတွက်ကြောင့်ပင် လူတိုင်းမှာ အံ့အားသင့်နေရခြင်း ဖြစ်သည်။ ပေတစ်သောင်းသားရဲကြီး၏ ထိုးနှက်မှုအား ဇူယွမ်မှ ခံယူခဲ့ရသည်ကို လူတိုင်းမှ သေချာစွာ မြင်တွေ့ခဲ့ရပေသည်။
သားရဲကြီးသည် ထိခိုက်ဒဏ်ရာ ရနေသည့်တိုင်အောင် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းနေဆဲ ဖြစ်ပြီး ရွေးချယ်ခံများသည်ပင် သားရဲကြီးနှင့် တစ်ဦးချင်းစီ ရင်ဆိုင်ရပါက ပြိုင်ပွဲမှ ချက်ချင်းဆိုသလို ထွက်ခွာသွားရနိုင်၏။
ထို့ကြောင့် ဇူယွမ်မှ ထိခိုက်ဒဏ်ရာပင် မရရှိခဲ့သည်အား တွေ့ရှိလိုက်ရချိန်၌ သာမန်တပည့်များသာမက ရွေးချယ်ခံများသည်ပင် မယုံကြည်နိုင်စွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြရခြင်း ဖြစ်သည်။
ကျောင်းဇူမှ ကူကယ်ရာမဲ့စွာဖြင့် ရေရွတ်လိုက်၏။ "ဒါ...ဒါ..ဘယ်..လိုလုပ်..ဖြစ်နိုင်မှာလဲ။"
ဇူယွမ်သည် ပြိုင်ပွဲမှ ထွက်ခွာသွားရသည်ဖြစ်စေ၊ မထွက်ခွာရသည်ဖြစ်စေ ၎င်း၏ဝေစုဖြစ်သော မူလနဂါးခြင်ဆီအား ရရှိနေမည်ပင် ဖြစ်သည်။ ထို့ကြောင့် ကျောင်းဇူသည် ဇူယွမ် ပြိုင်ပွဲမှ ထွက်ခွာသွားရသည်ဖြစ်စေ၊ မထွက်ခွာရသည်ဖြစ်စေ စိတ်မဝင်စားပါချေ။ ကျောင်းဇူအား အံ့အားသင့်စေခဲ့သည်မှာ ဇူယွမ်သည် ပေတစ်သောင်းသားရဲကြီး၏ ထိုးနှက်မှုအား ခံယူခဲ့ရသည့်တိုင်အောင် ထိခိုက်ဒဏ်ရာ မရရှိခဲ့ခြင်း ဖြစ်သည်။
အခြားသော ရွေးချယ်ခံများမှာလည်း မယုံကြည်နိုင်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်ရှုနေမိကြ၏။
ချူချင်းမှာ အံ့အားသင့်နေမိသော်လည်း ပြုံးရယ်ကာ စကားဆိုလိုက်သည်။ "ဂျူနီယာညီတော်ဇူယွမ်က တကယ့်ကို အံ့သြဖို့ကောင်းတာပဲ။"
လီချင်းချန်မှ ခေါင်းညိတ်ထောက်ခံကာ ပြောလိုက်၏။ "ဟုတ်တယ်။ ပေတစ်သောင်းသားရဲကြီးကို တားဆီးပေးခဲ့တဲ့အတွက်လည်း သူ့ကိုကျေးဇူးတင်ရမယ်။ အဲ့လိုမှမဟုတ်ရင် ငါတို့တလျှောက်လုံး ကြိုးစားထားရသမျှတွေက အလဟဿဖြစ်ကုန်မှာ။"
ခုန်းရှန်နှင့် ကျောင်းဇူတို့သည်ပင် ဇူယွမ်မှ အချိန်ကိုက် လှုပ်ရှားပေးခဲ့ခြင်းအပေါ် ရွေးချယ်စရာမရှိပဲ ကျေးဇူးတင်ရတော့မည်ပင် ဖြစ်သည်။ ဇူယွမ်ကြောင့်သာ မဟုတ်ပါက ယနေ့ကြိုးစားထားရသမျှအကုန် သဲထဲရေသွန် ဖြစ်သွားနိုင်၏။
ယောင်ယောင်မှ တည်ငြိမ်စွာပင် စကားဆိုလိုက်သည်။ "အပိုစကားတွေ ပြောမနေနဲ့တော့။ ဇူယွမ်က ပေတစ်သောင်းသားရဲကြီးကို အချိန်ကိုက် တားဆီးပေးခဲ့တယ်။ အဲ့အတွက် မူလနဂါးခြင်ဆီကို နောက်ထပ်ဆယ်ရာခိုင်နှုန်း ထပ်ရသင့်တယ်။"
ယောင်ယောင်၏ အမြင်တွင်မူ သဘောတူညီထားခဲ့သော နှစ်ဆယ်ရာခိုင်နှုန်းမှာ အစစ်အမှန်နဂါးရေစင်းအာ ချေဖျက်ပေးရန်အတွက်သာ ဖြစ်သည်။ ထို့ကြောင့် ယခုအခါတွင် ပေတစ်သောင်းသားရဲကြီးအား တားဆီးပေးနိုင်ခဲ့ခြင်းအပေါ် ဝေစုထပ်မံရရှိသင့်ပေ၏။
ပေတစ်သောင်းသားရဲ၏ မူလနဂါးခြင်ဆီ များများရလေလေ နဂါးကိုးကောင်ကောင်းချီး ရရှိရန်အတွက် သေချာလေလေပင် ဖြစ်သည်။ ထို့ကြောင့် ယောင်ယောင်မှာ ဇူယွမ်မှ နဂါးကိုးကောင်ကောင်းချီးအား ရရှိနိုင်အတွက် တက်နိုင်သမျှ ဝေစုများစွာရရှိစေရန် ကြိုးစားပေးမည်ပင် ဖြစ်သည်။
ရွေးချယ်ခံများမှာ စိတ်အလိုမကျသော မျက်ဝန်းများဖြင့် ယောင်ယောင်၏ အပြစ်ကင်းစင်သော မျက်နှာလေးအား ကြည့်ရှုလိုက်ကြ၏။ စင်စစ်အားဖြင့် နတ်သမီးငယ်လေးအလား လှပဖူးငုံနေသော ယောင်ယောင်သည် ရိုးသားဖြူစင်သော ကြာပန်းဖြူလေးတစ်ပွင့်သာ ဖြစ်သင့်ပေသည်။ သို့သော် သူမသည် ကြာပန်းဖြူလေးကဲ့သို့ ရိုးသားဖြူစင်ရမည့်အစား ဇူယွမ်အတွက် ဝေစုများများ ရရှိစေရန် အကြံကုန်ထုတ်ကာ တောင်းဆိုနေသော စုန်းမငယ်လေးသာ ဖြစ်နေ၏။
မည်သို့ပင်ဆိုစေကာမူ ယောင်ယောင်၏ အပြစ်ကင်းစင်လွန်းသော မျက်လုံးဝိုင်းလေးများကြောင့် မည်သူကမှ ခက်ထန်သောစကားလုံးများအား မပြောဆိုလိုကြပေ။
"ဘာလို့လဲ။ ငါပြောတာ မှားနေလို့လား။" ယောင်ယောင်မှာ မျက်မှောင်ကျုံ့ကာ မေးမြန်းလိုက်၏။ တိုက်ပွဲမစခင် ပြုလုပ်ထားသော သဘောတူညီချက်အရ ဇူယွမ်မှာ ဝေစုများများ ရရှိသင့်ပေသည်။
"ငါကတော့ ငြင်းစရာမရှိပါဘူး။" ချူချင်းမှာ ယောင်ယောင်၏ မျက်စောင်းများအား ကြောက်ရွံ့သောကြောင့် အလျင်အမြန်ပင် လက်နှစ်ဖက်မြှောက်ကာ စကားဆိုလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ချူချင်းမှာ လက်ရှိအခြေအနေအား အမှန်တကယ်ပင် ကျေနပ်နေသည် ဖြစ်၏။ အထူးသဖြင့် ပေတစ်သောင်းသားရဲကြီးအား သတ်ပုတ်ရန်အတွက် အင်အားများစွာ အသုံးပြုရန် မလိုအပ်ခဲ့သောကြောင့် အလွန်ပင် သဘောကျနေရသည်။ ထို့အတွက် အချိန်ကိုက် လှုပ်ရှားပေးခဲ့သော ဇူယွမ်ကိုလည်း များစွာကျေးဇူးတင်နေမိသည်။
ဇူယွမ်ကြောင့်သာ မဟုတ်ပါက ထိုအခြေအနေ၌ မဖြစ်မနေ လှုပ်ရှားရတော့မည့်သူမှာ ချူချင်းသာ ဖြစ်သည်။ ဇူယွမ်သည် ၎င်း၏စွမ်းအင်များစွာအား ကောင်းမွန်စွာ ချွေတာပေးခဲ့၏။ အမှန်တကယ်ပင် သူ့အတွက် တာဝန်ကျေပွန်လှသော ဂျူနီယာညီတော်လေးဇူယွမ်ပင် ဖြစ်လေသည်။
ထို့အပြင် ပေတစ်သောင်းသားရဲ၏ မူလနဂါးခြင်ဆီမှာ ကောင်းမွန်လှပါသော်လည်း ချူချင်းအတွက်မူ ပြီးပြည့်စုံပြီးသော ပိုးထည်ပေါ်တွင် အလှဆင်လိုက်သည့် ပန်းပွင့်ငယ်လေးတစ်ခုမျှသာ ရှိသည်။ တစ်နည်းအားဖြင့် ဆိုရလျှင်မူ ထိုမူလနဂါးခြင်ဆီမှာ ချူချင်းအတွက် များစွာလိုအပ်နေသော အရာတစ်ခု မဟုတ်ပါချေ။ ၎င်း၏ ချီစွမ်းအင်အခြေခံအုတ်မြစ်မှာ ပေတစ်သောင်းသားရဲ၏ မူလနဂါးခြင်ဆီအား မလိုအပ်တော့လောက်အောင်ပင် သန်မာနေပြီ ဖြစ်သည်။
လီချင်းချန်မှာ အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက် စကားဆိုလိုက်၏။ "ငါတို့သဘောတူထားတဲ့အတိုင်းဆိုရင် ဇူယွမ်က သုံးဆယ်ရာခိုင်နှုန်း ရသင့်ပါတယ်။"
အခြားသော ရွေးချယ်ခံများမှာလည်း လီချင်းချန်၏စကားအား ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ ခုန်းရှန်နှင့် ကျောင်းဇူတို့နှစ်ဦးလုံးမှာ မကျေမနပ် ဖြစ်နေရပါသော်လည်း ငြင်းပယ်ရန် မဖြစ်နိုင်သောကြောင့် လက်ခံလိုက်ကြရ၏။
ရေမျက်နှာပြင်ထက်တွင်ရှိနေသော ဇူယွမ်မှာ ကြီးမားလှသော မူလနဂါးခြင်ဆီအား လက်တစ်ဖက်တည်းဖြင့် ကိုင်ဆောင်ထားလေသည်။ သို့သော် အစစ်အမှန်နဂါးရေစင်အား ပုလင်းငယ်တစ်ခုအတွင်းသို့ လျှို့ဝှက်စွာ သိမ်းဆည်းထားလိုက်သည်။
ဇူယွမ်မှာ ပေတစ်သောင်းသားရဲကြီးနှင့် တိုက်ခိုက်မှု၌ အစစ်အမှန်နဂါးရေစင်အား အသုံးပြုခဲ့ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ယခုအခါတွင် လျှို့ဝှက်စွာဖြင့် ပြန်လည်သိမ်းဆည်းနေခြင်း ဖြစ်၏။
အစစ်အမှန်နဂါးရေစင်၏ အကာအကွယ်စွမ်းအင်မှာ ဇူယွမ်အား အံ့အားသင့်စေခဲ့သည်။ ပေတစ်သောင်းသားရဲကြီး၏ ထိုးနှက်ချက်မှာ ရွေးချယ်ခံတစ်ဦး၏ စွမ်းအင်အကုန်အစင်ပါဝင်သော တိုက်ခိုက်မှုအလား ပြင်းထန်လှပါသော်လည်း အစစ်အမှန်နဂါးရေစင်မှ ကာကွယ်ပေးနိုင်ခဲ့လေသည်။
သို့သော် အစစ်အမှန်နဂါးရေစင်သည် မူလရေကန်နှင့် ဆက်စပ်နေသော ရတနာတစ်မျိုးပင် ဖြစ်သည်။ ထို့ကြောင့် မူလရေကန်အပြင်ဖက်သို့ ရောက်ရှိသွားသည်နှင့် အစစ်အမှန်နဂါးရေစင်၏ ရင်းမြစ်ဖြစ်သော နဂါးချီများနှင့် ဆက်နွယ်မှုပြတ်တောက်သွားကာ ယခုလောက်ထိ အသုံးဝင်နိုင်တော့မည် မဟုတ်ချေ။
ဇူယွမ်မှာ သက်ပြင်းချလိုက်ပြီးနောက် ရွေးချယ်ခံများရှိရာသို့ ပျံဝဲသွားလိုက်သည်။
လီချင်းချန်မှာ ကူကယ်ရာမဲ့စွာဖြင့် ဇူယွမ်အား ခေါင်းအစခြေအဆုံးကြည့်ကာ မေးမြန်းလိုက်၏။ "နင်အဆင်ပြေရဲ့လား။"
ဇူယွမ်မှာ ခပ်ဖွဖွရယ်မောလိုက်ပြီးနောက် မူလနဂါးခြင်ဆီအား လီချင်းချန်၏ လက်ထဲသို့ လွှဲပြောင်းပေးလိုက်သည်။ "ဟီးဟီး...ကျွန်တော် ကံကောင်းသွားတယ်မဟုတ်လား။ အမတော်တို့ကို စိတ်မပျက်စေခဲ့ပဲနဲ့ ပေတစ်သောင်းသားရဲကြီကို သတ်လိုက်နိုင်တယ်။"
ကြည်လင်တောက်ပနေသော သလင်းကျောက်တုံးကြီးမှာ ရွေးချယ်ခံများ၏ မျက်ဝန်းများအား လောဘရမ္မက်များဖြင့် ပြည့်နှက်သွားစေ၏။ ယခုကဲ့သို့ ကြီးမားလှသော မူလနဂါးခြင်ဆီအား မြင်တွေ့ရခြင်းမှာ ၎င်းတို့အတွက်ပင် ပထမဆုံးအကြိမ် ဖြစ်လေသည်။
လီချင်းချန်မှာ သလင်းကျောက်ကြီးအား ဂရုတစိုက်ဖြင့် လေထုထဲတွင် ပျံဝဲစေလိုက်ပြီးနောက် ချီစွမ်းအင်အမျှင်တန်းတစ်ခု ပို့လွှတ်လိုက်၏။
ချပ်....
မူလနဂါးခြင်ဆီမှာ သေသပ်စွာဖြင့် အပိုင်းငယ်များအဖြစ်သို့ ကွဲထွက်သွားလေသည်။
"ဒါကနင့်အတွက်။" လီချင်းချန်မှာ အကြီးဆုံး သလင်းကျောက်အပိုင်းအစအား ဇူယွမ်ထံသို့ ပေးလိုက်၏။
ဇူယွမ်မှာ သလင်းကျောက်အား သေချာစွာ ကြည့်ရှုလိုက်ပြီးနောက် အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် လီချင်းချန်အား စကားဆိုလိုက်သည်။ "သုံးဆယ်ရာခိုင်နှုန်းထက်ကို ပိုနေသလိုပဲ။"
လီချင်းချန်မှ ယောင်ယောင်အားကြည့်ကာ ပြောလိုက်သည်။ "တစ်စုံတစ်ယောက်က နင့်ကိုဝေစုပေးနိုင်ဖို့အတွက် ဆယ်ရာခိုင်နှုန်းဖိုးတောင် တိုက်ခိုက်ပေးထားတယ်။"
ဇူယွမ်မှာ ကျေးဇူးတင်သော မျက်ဝန်းများဖြင့် ယောင်ယောင်အား ကြည့်ရှုလိုက်သည်။ ယောင်ယောင်မှာ စကားလုံးများစွာ ပြောဆိုရန်စိတ်မဝင်စားပါသော်လည်း သူ့အတွက် အကောင်းဆုံးသော အရာများကိုသာ လုပ်ဆောင်ပေးခဲ့၏။
ထိုအချိန်၌ပသ် သလင်းကျောက်အပိုင်းအစငယ်တစ်ခုမှာ ထန်ထန်ထံသို့ ပျံဝဲလာသည်။ ထန်ထန်မှာ အမြှီးလေးတနှံ့နှံ့ဖြင့် မူလနဂါးခြင်ဆီအား စားသုံးရန် ပြင်ဆင်နေ၏။
သို့သော် လက်တစ်စုံမှ ထိုသလင်းကျောက်အား ဖမ်းယူထားလိုက်လေသည်။
ဝေါင်း....
ထန်ထန်မှာ ဒေါသဖြစ်စွာ အော်ဟစ်ဟိန်းဟောက်လိုက်၏။ သို့သော် ဖမ်းယူထားသော လက်ပိုင်ရှင်အား မြင်တွေ့ရသည်နှင့်တကွ အမြှီးလေးကုပ်ကာ ငြိမ်သက်သွားလေသည်။
ယောင်ယောင်မှာ ထန်ထန်၏ခေါင်းအား ပွတ်သပ်ပေးရင်းဖြင့် နူးညံ့သိမ်မွေ့စွာ စကားဆိုလိုက်သည်။ "ဒီတစ်ခါလောက်ပဲ ဇူယွမ်ကို အလျှော့ပေးလိုက်နော်။ နင်က လိမ္မာပါတယ်။ ဟုတ်တယ်မလား။"
ထန်ထန်မှာ မကျေမနပ်ဖြစ်နေဟန်ဖြင့် ခေါင်းခါပြလိုက်သည်။
"အော်...နင်ကဒီလိုလား။" ယောင်ယောင်မှာ အေးစက်စွာဖြင့် ထန်ထန်အား ကြည့်ရှုလိုက်၏။
ထန်ထန်မှာ ယောင်ယောင်၏ မျက်စောင်းကြောင့် အမြှီးလေးကုပ်ကာ ထွက်ပြေးသွားရလေသည်။
လီချင်းချန်နှင့် အခြားသော ရွေးချယ်ခံများမှာ ထန်ထန်အား သနားကရုဏာသက်စွာဖြင့် ကြည့်ရှုနေကြ၏။ ထန်ထန်သည် ပေတစ်သောင်းသားရဲကြီးအား တိုက်ခိုက်ရာ၌ ရှမ့်ချွမ်ချူးနှင့်အတူ ရှေ့တန်းမှ ကာကွယ်ပေးထားခဲ့သူ ဖြစ်သည်။ သို့သော် ရရှိလာသော မူလနဂါးခြင်ဆီအား အနည်းငယ်မျှပင် စားသုံးခွင့်မရလိုက်ပေ။
ချူချင်းမှာ သက်ပြင်းချလိုက်ပြီးနောက် ယဲ့ကယ်အားကြည့်ကာ ပြောလိုက်သည်။ "မင်းတွေ့တယ်မလား ဒီစုန်းမက တကယ်ကို နှလုံးသားမရှိဘူး။ ထန်ထန်လေးက ဒီလောက်ချစ်ဖို့ကောင်းတာတောင် သူရသင့်တဲ့ မူလနဂါးခြင်ဆီ မရရှာဘူး။"
ချူချင်းမှာ ထန်ထန်အားကြည့်လျက် အားကျမနာလိုသော မျက်ဝန်းများဖြင့် ဆက်လက်ပြောဆိုလိုက်သည်။ "အဲ့ဒါလေးက ဘယ်လိုမူလသားရဲ အမျိုးအစားလဲ မသိဘူးနော်။ အဲ့အကောင်လေးသာ ငါ့အပိုင်ဆိုရင် တော်တော်ကောင်းမှာ။ ငါတိုက်ခိုက်စရာ မလိုတော့ဘူးပေါ့။"
ယဲ့ကယ်မှာ စိတ်ပျက်စွာဖြင့် နှုတ်ခမ်းအား ရှုံ့မဲ့လိုက်၏။
ယောင်ယောင်မှာ သူမ၏လက်ထဲတွင်ရှိနေသော သလင်းကျောက်အပိုင်းအစအား ဇူယွမ်ထံသို့ ပေးအပ်လိုက်သည်။
ဇူယွမ်မှာ ထန်ထန်အတွက် အနည်းငယ် စိတ်မကောင်းဖြစ်နေရ၏။ "ဒီသလင်းကျောက်ကိုတော့ ထန်ထန့်ကိုပဲ ပေးလိုက်ပါလား။"
ယောင်ယောင်မှ တည်ငြိမ်စွာပင် စကားဆိုလိုက်သည်။ "မပြတ်မသား ဖြစ်မနေပါနဲ့။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာက ပွင့်လာတော့မှာ နင်ပိုသန်မာမှ ဖြစ်မှာလေ။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာကို ကန်ရွှမ်းကလန်လိုမျိုး လုံခြုံစိတ်ချလို့ရတဲ့နေရာများ နင်ထင်နေလား။ အဲ့နေရာမှာ ရွေးချယ်ခံတွေတောင် အများကြီး သေဆုံးသွားကြတယ်။ နင့်အဆင့်လောက်ဆို ပြောမနေနဲ့။"
"အခု ထန်ထန်အတွက် မတရားဘူးလို့ ခံစားရရင် နင်ပိုသန်မာလာအောင် ကြိုးစား။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာ မူလနဂါးခြင်ဆီထက် တန်ဖိုးရှိတာတွေ အများကြီးရှိတယ်။ အဲ့အခါကြရင် နင်ထန်ထန်ကို ပြန်ပြီးပေးဆပ်လို့ ရပြီလေ။"
ဇူယွမ်မှာ ခါးသက်စွာ ရယ်မောလိုက်ပြီးနောက် မူလနဂါးခြင်ဆီအား ရယူလိုက်၏။ "မပူပါနဲ့။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာ ထန်ထန်အတွက် တစ်ခုခုရအောင်ယူလာမှာပါ။"
ယောင်ယောင်မှာ ကျေနပ်အားရစွာဖြင့် ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။
ပေတစ်သောင်းသားရဲကြီး သေဆုံးသွားပြီးသည့်နောက် လာရောက်တိုက်ခိုက်နေကြသော ရေနေသားရဲများမှာလည်း ကျွန်းအားစွန့်ခွာထွက်ပြေးကုန်ကြပြီပင် ဖြစ်သည်။
ကျွန်းပေါ်တွင်ရှိနေသော တပည့်များမှာ ထွက်ပြေးသွားကြသော ရေနေသားရဲများအားကြည့်ကာ စိတ်သက်သာရာ ရသွားကြ၏။ ထို့နောက် တပည့်များမှာ ကောင်းကင်ထက်မှ ရွေးချယ်ခံများအားကြည့်ရှုကာ ပျော်ရွှင်ဝမ်းမြောက်စွာ အော်ဟစ်အောင်ပွဲခံလိုက်ကြသည်။
အောင်ပွဲခံသံများကြားမှ ကလန်ခေါင်းဆောင်ချင်းယန်၏ ကြည်လင်ပြတ်သားသော စကားသံ ထွက်ပေါလာလေသည်။
"ဂုဏ်ယူပါတယ် တပည့်တို့။"
"မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားက အောင်မြင်စွာပဲ ပြီးဆုံးသွားပါပြီ။"