သလင်းကျောက်အလင်းထောက်တိုင်
Vol. 40 Ch. 545
ကလန်ခေါင်းဆောင်ချင်းယန်မှာ စကားပြောဆိုပြီးသည်နှင့်တစ်ပြိုင်နက် ချီစွမ်းအင်များဖြင့် တပည့်များအားလုံးကို မူလရေကန်၏ အပြင်ဖက်သို့ ပို့ဆောင်စေလိုက်သည်။
မူလရေကန်၏ အပြင်ဖက်၌
တောင်ထွတ်ခုနစ်ခုမှ တပည့်များသည် မူလရေကန် အနီးတစ်ဝိုက်ရှိ တောင်တန်းများပေါ်၌ အသီးသီးနေရာယူထားလိုက်ကြသည်။ ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ စိတ်လှုပ်ရှားနေကြသော စကားစမြည်ပြောဆိုသံများဖြင့် ပြည့်နှက်နေ၏။
အချို့သော တပည့်များမှာ ခြေကုန်လက်ပမ်းကျနေဟန်ဖြင့် မြေပြင်ပေါ်တွင် လဲလျောင်နေကြသည်။ သို့သော် ၎င်းတို့၏ အပြုံးမှာ လက်ဆတ်ရွှန်းစိုနေ၏။
ယခုနှစ်တွင် ကျင်းပခဲ့သော မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားသည် အခက်အခဲများစွာဖြင့် ပြည့်နှက်နေခဲ့လေသည်။ သို့သော်လည်း တောင်ထွတ်ခုနစ်ခုလုံး၏ စည်းလုံးညီညွတ်မှုဖြင့် အခက်အခဲများအား ကောင်းမွန်စွာ ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့ကြသည်။
ယခုဆိုလျှင် တောင်ထွတ်အသီးသီးမှ တပည့်များအားလုံးမှာ အောင်မြင်မှု၏ အသီးအပွင့်များကို ခံစားရတော့မည်ပင် ဖြစ်လေသည်။
ဤအချိန်သည် တပည့်များအားလုံး မျှော်လင့်စောင့်စားနေသော အချိန်ပင် ဖြစ်၏။
ကောင်းကင်ထက်၌
ကလန်ခေါင်းဆောင်ချင်းယန်နှင့် အခြားသော တောင်ထွတ်ဆရာသခင်များမှာ တောင်တန်းတစ်လျှောက် ပြည့်နှက်နေသော တပည့်များအား ကျေနပ်အားရစွာ ကြည့်ရှုလိုက်ကြသည်။
ကလန်ခေါင်းဆောင်ချင်းယန်မှ ခပ်ဖွဖွရယ်မောကာ စကားဆိုလိုက်၏။ "ဒီကလေးတွေက အစကနေအဆုံးထိ လှည့်ကွက်တွေ၊ ဝှက်ဖဲတွေကို သုံးသွားတယ်ဆိုပေမယ့် ငါတို့ကို စိတ်မပျက်စေခဲ့ဘူးပဲ။"
ချင်းယန်သည် တောင်ထွတ်တစ်ခုပေါ်တွင်ရှိနေသော လူငယ်လေးတစ်ဦးအား ကြည့်ရှုလိုက်သည်။ ထိုလူငယ်လေးအား တပည့်ပေါင်းများစွာမှ ဝန်းရံထားလျက်ရှိကာ လမင်းကို ကြယ်တာယာများ ဝန်းရံထားသကဲ့သို့ ရှိ၏။ ထိုလူငယ်လေးမှာ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင် ဇူယွမ်ပင် ဖြစ်သည်။
ချင်းယန်သည် ကလန်ခေါင်းဆောင်တစ်ဦး ဖြစ်နေသည့်အလျောက် မူလရေကန်အတွင်း ဖြစ်ပျက်နေသော အကြောင်းကိစ္စများအားလုံးကို သိရှိနိုင်လေသည်။ ထို့ကြောင့် ဇူယွမ်မှာ အစစ်အမှန်နဂါးရေစင်ကို ဖယ်ရှားပေးခဲ့သည့်အပြင် ၎င်းအား အသုံးပြုကာ ပေတစ်သောင်းသားရဲကြီး၏ ထိုးနှက်မှုအား ကာကွယ်ခဲ့သည်ကိုပင် သိရှိနေ၏။
ချင်းယန်၏ မူလအစီအစဉ်မှာ ပေတစ်သောင်းသားရဲကြီးအား အသုံးပြု၍ ရွေးချယ်ခံများအား အဆုံးစွန်ထိ ဖိအားပေးရန်ပင် ဖြစ်သည်။ သို့သော် ဇူယွမ်ပါဝင်လာမှုကြောင့် ရွေးချယ်ခံများအားလုံးမှာ အကန့်အသတ်သို့ ရောက်သည်အထိ ဖိအားပေးတိုက်ခိုက်မှုများ မပြုလုပ်လိုက်ကြရချေ။
သို့သော် ချင်းယန်မှာ ကလန်ခေါင်းဆောင်တစ်ဦးအနေဖြင့် တပည့်အားလုံး၏ အတူတကွ လုပ်ဆောင်မှုများအား ကျေနပ်အားရနေဆဲပင် ဖြစ်၏။
တောင်ထွတ်ခုနစ်ခု၏ တပည့်များမှာ အရေးကြုံလာလျှင် စည်းလုံးသွားကြသည်သာ ဖြစ်သည်။ ထိုအချက်အား မြင်တွေ့လိုက်ရသည်နှင့်ပင် များစွာပီတိဖြစ်နေရပြီ ဖြစ်သည်။
အခြားသော တောင်ထွတ်ဆရာသခင်များမှာလည်း တပည့်များ၏ စည်းလုံးမှုအား မြင်တွေ့လိုက်ရသောကြောင့် ကျေနပ်အားရနေကြသည်။ ဓားကပ်ဘေးတောင်ထွတ်၏ ဆရာသခင်လင်ကျွမ်းမှာမူ မလှုပ်မယက်သာ ရှိနေ၏။ သူသည် ဓားကပ်ဘေးတောင်ထွတ်၏ ဆုံးရှုံးနစ်နာမှုများအတွက် များစွာစိတ်ထိခိုက်နေရခြင်းပင် ဖြစ်သည်။ ဓားကပ်ဘေးတောင်ထွတ်၏ အကြီးအကဲများဆိုလျှင် ၎င်းတို့၏ တောင်ထွတ်ဆရာသခင် စိတ်အဆင်မပြေဖြစ်နေသောကြောင့် အငွေ့ပျံပျောက်ကွယ်သွားချင်စိတ်များပင် ဖြစ်ပေါ်နေရပြီ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားပြီးဆုံးကာ ဓားကပ်ဘေးတောင်ထွတ်သို့ ပြန်လည်ရောက်ရှိသွားသည်နှင့်တကွ ဆရာသခင်ဖြစ်သူ လင်ကျွမ်း၏ အမျက်ဒေါသများအား ရင်ဆိုင်ရတော့မည်ကို သိရှိနေကြသောကြောင့်ပင် ဖြစ်သည်။
"အခမ်းအနားက ပြီးသွားပြီဆိုတော့ အခုအချိန်က ဆုလာဘ်တွေအတွက် အချိန်ပဲ။" ကလန်ခေါင်းဆောင်ချင်းယန်၏ စကားကြောင့် တပည့်များမှာ ပိုမို၍ စိတ်လှုပ်ရှားလာကြတော့သည်။
ဤအချိန်သည် တပည့်များအားလုံး မျှော်လင့်စောင့်စားနေကြသော အချိန်ပင် ဖြစ်လေသည်။
"တောင်ထွတ်ခုနစ်ခုလုံးက တပည့်တွေအားလုံး ရရှိထားတဲ့ မူလနဂါးခြင်ဆီပေါ်မူတည်ပြီးတော့ အဆင့်သတ်မှတ်ချက်တွေကို ရရှိပါလိမ့်မယ်။"
ကလန်ခေါင်းဆောင်ချင်းယန်မှာ ညင်သာစွာဖြင့် ချီစွမ်းအင်အမျှင်တန်းတစ်ခုအား လေထုအတွင်းသို့ ပို့လွှတ်လိုက်၏။
တပည့်များထံတွင်ရှိနေသော ကြည်လင်တောက်ပနေသည့် သလင်းကျောက်များမှာ ရုတ်ချည်းဆိုသလို လေထုအတွင်းသို့ မျောလွင့်လာလေသည်။ ထိုသလင်းကျောက်များမှာ တစ်စုတစ်တည်း အနေအထားသို့ ရောက်ရှိသွားကာ ထောက်တိုင်တစ်ခုအလား ဖြည်းညင်းစွာဖြင့် မြင့်တက်လာလျက် ရှိသည်။
တောင်ထွတ်ခုနစ်ခုရှိ တပည့်များစုဝေးရာနေရာအသီးသီးတွင် ကြည်လင်တောက်ပနေသော သလင်းကျောက်အလင်းထောက်တိုင်ခုနစ်ခု ရှိနေ၏။ သလင်းကျောက်အရေအတွက် များလာသည်နှင့်အမျှ ထောက်တိုင်များမှာလည်း ဖြည်းညင်းစွာ မြင့်တက်လာလေသည်။
"သလင်းကျောက်အလင်းထောက်တိုင်က မြင့်လေလေ ရရှိတဲ့ အဆင့်သတ်မှတ်ချက်က ကောင်းလေလေပဲ။"
တပည့်များမှာ သလင်းကျောက်အလင်းထောက်တိုင်များအား အကြည့်ပင်မခွာနိုင်ပဲ ငေးမောကြည့်ရှုနေလျက် ရှိသည်။
များပြားလှသော အကြည့်များစွာ၏အောက်၌ပင် သလင်းကျောက်အလင်းထောက်တိုင် ခုနစ်ခုမှာ ပေတစ်ထောင် အနေအထားသို့ ရောက်ရှိလာခဲ့ပြီပင် ဖြစ်သည်။ သို့သော် ထိုပေတစ်ထောင်အနေအထားသို့ ရောက်ရှိသွားပြီးသည့်နောက် သလင်းကျောက်အလင်းထောက်တိုင်တစ်ခုမှာ ဆက်လက်မြင့်မားလာခြင်းမရှိပဲ ရပ်တန့်သွားလေတော့သည်။ ထို့ကြောင့် ထိုအလင်းထောက်တိုင်အား ကိုယ်စားပြုသော တောင်ထွတ်သည် မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနား၌ အနိမ့်ဆုံးအဆင့်အားရရှိသည့် တောင်ထွတ် ဖြစ်လာလိမ့်မည်ပင် ဖြစ်၏။
ထိုတောင်ထွတ်သည် ဓားကပ်ဘေးတောင်ထွတ်ပင် ဖြစ်သည်။
ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကိုသာ ခါယမ်းနေကြ၏။
ခုန်းရှန်၊ ကျောင်းဇူနှင့် ပြိုင်ပွဲမှစောစီးစွာ ထွက်ခွာသွားရသော ပိုင်လီချွီးတို့၏ အမူအရာမှာလည်း အလွန်ပင် ခက်ထန်နေရလေသည်။
၎င်းတို့အားလုံး ခက်ခက်ခဲခဲ ရှာဖွေထားခဲ့ရသည့် မူလနဂါးခြင်ဆီများမှာ ဇူယွမ်နှင့် ယောင်ယောင်တို့၏ လှည့်ကွက်များကြောင့် မူလသူတော်စင်တောင်ထွတ်မှ တပည့်များထံ ရောက်ရှိသွားခဲ့ရသည်။ ထို့ကြောင့် နောက်ပိုင်းတွင် ပြန်လည်ရှာဖွေထားပါသော်လည်း လူအင်အား အနည်းငယ်မျှသာ ကျန်ရှိတော့သည့်အတွက် အနည်းငယ်မျှပင် ရရှိနိုင်ခဲ့၏။
ထိုသို့သော အကြောင်းအရာများကြောင့် ဓားကပ်ဘေးတောင်ထွတ်မှ ရရှိသည့် မူလနဂါးခြင်ဆီပမာဏသည် အနည်းဆုံး ဖြစ်နေရသည်မှာ မထူးဆန်းတော့ပေ။
ထိုပေတစ်ထောင်မျှရှိသော သလင်းကျောက်အလင်းထောက်တိုင်အတွင်း၌ နဂါးလေးကောင်၏ပုံရိပ်အား မှေးမှိန်စွာ မြင်တွေ့နေရ၏။ ထိုသည်မှာ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များသည် နဂါးလေးကောင်ကောင်းချီးအား ခံယူရရှိလိမ့်မည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်။
ဓားကပ်ဘေးတောင်ထွတ်အတွက် အနိမ့်ပါးဆုံး ကောင်းချီးပင် ဖြစ်သည်။ အတိတ်ကာလများ၌ ရရှိခဲ့သော အနိမ့်ပါးဆုံး ကောင်းချီးသည်ပင် နဂါးငါးကောင်ပမာဏ ရှိခဲ့၏။
ထိုနဂါးလေးကောင်ကောင်းချီးသည် တောင်ထွတ်တစ်ခုလုံး၏ တပည့်များအားလုံးအတွက်သာဖြစ်ပြီး ရွေးချယ်ခံများနှင့် တပည့်ခေါင်းဆောင်များမှာမု ပုဂ္ဂိလိက စွမ်းဆောင်ရည်အပေါ်မူတည်၍ တစ်ကိုယ်ရည် အကျိုးခံစားခွင့်အား ရရှိနိုင်ဦးမည်ပင် ဖြစ်သည်။ သို့သော် ယခုလက်ရှိ စွမ်းဆောင်မှုများအရ ခုန်းရှန်၊ ကျောင်းဇူနှင့် ပိုင်လီချွီးတို့မှာ နဂါးခုနစ်ကောင်ကောင်းချီးကိုသာ ရရှိနိုင်လိမ့်မည် ဖြစ်၏။
အခြားတောင်ထွတ်များမှ တပည့်များမှာမူ ရပ်တန့်သွားသော ဓားကပ်ဘေးတောင်ထွတ်၏ အလင်းထောက်တိုင်အား လျစ်လျူရှုလိုက်ပြီးနောက် ဆက်လက်မြင့်တက်နေသော အလင်းထောက်တိုင်ခြောက်ခုကိုသာ ကြည့်ရှုနေကြသည်။ မည်သို့ပင်ဆိုစေကာမူ ယခုကဲ့သို့ ဆိုးရွားသောရလဒ်များအတွက် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များသည် မိမိကိုယ်ကိုသာ အပြစ်တင်သင့်ပေသည်။
ဤသို့ဖြင့် အသက်ရှူချိန် အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် သူတော်စင်မှော်စာလုံးတောင်ထွတ်၏ သလင်းကျောက်အလင်းထောက်တိုင်မှာ ရပ်တန့်သွား၏။ ထို့နောက် ဟုန်ယာတောင်ထွတ်၊ မိုးကြိုးအကျဉ်းထောင်တောင်ထွတ်နှင့် နှင်းပဒုမ္မာတောင်ထွတ်တို့၏ ထောက်တိုင်များ မြင့်တက်လာမှုမှာလည်း နှေးကွေးလာကာ ဖြည်းညင်းစွာဖြင့် ရပ်တန့်သွားတော့သည်။
၎င်းထောက်တိုင်များအကြားရှိ ကွာဟမှုမှာ အနည်းငယ်မျှသာ ရှိသည်။
ထိုတောင်ထွတ်လေးခု၏ အလင်းထောက်တိုင်လေးခုအတွင်း၌ နဂါးခြောက်ကောင်၏ပုံရိပ်အား ဝိုးတဝါး မြင်တွေ့နေရလေသည်။
ထို့ကြောင့် ၎င်းတောင်ထွတ်လေးခုရှိ တပည့်များမှာ နဂါးခြောက်ကောင်ကောင်းချီးအား ခံစားခွင့်ရရှိမည်ပင် ဖြစ်၏။
ထိုတောင်ထွတ်များ၏ တပည့်များမှာ တစ်ဦးကိုတစ်ဦးကြည့်လျက် ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ပြီးနောက် ကျန်ရှိနေသေးသော အလင်းထောက်တိုင်နှစ်ခုအား စိတ်ဝင်တစားဖြင့် ဆက်လက်ကြည့်ရှုလိုက်ကြသည်။ ထိုထောက်တိုင်နှစ်ခုအနက် တစ်ခုမှာ ကန်ရွှမ်းကလန်တစ်ခုလုံးတွင် အကောင်းမွန်ဆုံးဖြစ်သော ကန်ရွှမ်းတောင်ထွတ်ပင် ဖြစ်လေသည်။ ထို့ကြောင့် ကန်ရွှမ်းတောင်ထွတ်၏ အလင်းထောက်တိုင် ဆက်လက်မြင့်တက်နေရခြင်းမှာ အထူးအဆန်းတစ်ခု မဟုတ်ပါသော်လည်း မူလသူတော်စင်တောင်ထွတ်၏ အလင်းထောက်တိုင် ဆက်လက်မြင့်တက်နေရခြင်းမှာမူ တပည့်များအားလုံးကို အံ့အားသင့်စေ၏။
မူလသူတော်စင်တောင်ထွတ်တွင် တပည့်ဦးရေ ငါးရာမျှသာရှိပြီး အခြားသော တောင်ထွတ်များ၏ ဆယ်ပုံတစ်ပုံစာမျှပင် မရှိသော ပမာဏ ဖြစ်သည်။ ထို့ကြောင့် မူလသူတော်စင်တောင်ထွတ်သည် ကလန်အတွင်း၌ လူအင်အားအနည်းဆုံး တောင်ထွတ်တစ်ခု ဖြစ်လေသည်။
ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ မကျေမနပ်ဖြစ်စွာဖြင့် မူလသူတော်စင်တောင်ထွတ်၏ အလင်းထောက်တိုင်အား ကြည့်ရှုနေကြသည်။ ယခုမျှအထိ ဆက်လက်မြင့်မားနေသော မူလနဂါးခြင်ဆီများသည် စင်စစ်အားဖြင့် ၎င်းတို့ဓားကပ်ဘေးတောင်ထွတ်အတွက်သာ ဖြစ်သင့်ပေသည်။
တစ်ဖက်တွင်မူ မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ ပျော်ရွှင်ကျေနပ်စွာဖြင့် အော်ဟစ်အောင်ပွဲခံနေကြ၏။ အတိတ်ကာလများ၌ မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားတိုင်းတွင် မူလသူတော်စင်တောင်ထွတ်သည် နောက်ဆုံးအနေအထားကိုသာ အစဉ်အမြဲ ရရှိခဲ့ရသည်။ ထိုအချိန်ကာလများ၌ နဂါးလေးကောင်ကောင်းချီး ရရှိရန်မှာပင် ၎င်းတို့အတွက် များစွာခက်ခဲခဲ့ရ၏။
ယခုတွင်မူ စိတ်ကူးပင်မယဉ်ရဲခဲ့သော ပမာဏအား ရရှိနိုင်ခဲ့ပြီပင် ဖြစ်သည်။ ကလန်၏ အကောင်းဆုံးတောင်ထွတ်ဖြစ်သော ကန်ရွှမ်းတောင်ထွတ်နှင့်ပင် မူလနဂါးခြင်ဆီပမာဏချင်း ယှဉ်ပြိုင်နိုင်သော အနေအထားသို့ ရောက်ရှိခဲ့ရ၏။
မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ ဇူယွမ်အား ကျေးဇူးတင်သော မျက်ဝန်းများဖြင့် ငေးမောကြည့်ရှုလိုက်မိကြသည်။ စိန်းထိုက်ယွမ်နှင့် လုစုန်တို့နှစ်ဦးမှာလည်း ဇူယွမ်အား လေးစားသဘောကျနေရလေသည်။
ယခုလက်ရှိ မူလသူတော်စင်တောင်ထွတ်၏ ရလဒ်ကောင်းများမှာ ဇူယွမ်နှင့် ယောင်ယောင်တို့ကြောင့်သာ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာမြင့်သွားပြီးသည့်နောက်တွင် မူလသူတော်စင်တောင်ထွတ်တွင် တပည့်ခေါင်းဆောင်ကောင်းတစ်ဦး ရှိလာခဲ့ပြီပင် ဖြစ်၏။
တောင်ထွတ်ခုနစ်ခုလုံး၏ တပည့်များမှာ ဆက်လက်မြင့်တက်နေကြသော ထောက်တိုင်နှစ်ခုအား အကြည့်ပင်မလွှဲနိုင်ပဲ ကြည့်ရှုနေလျက် ရှိသည်။
အချိန်များကုန်ဆုံးလာရပြီးနောက် မူလသူတော်စင်တောင်ထွတ်၏ အလင်းထောက်တိုင်မှာ စတင်နှေးကွေးလာပြီပင် ဖြစ်၏။
ပတ်ဝန်းကျင်တစ်ခုလုံး၌ သက်ပြင်းချသံများအသီးသီး ထွက်ပေါ်လာလေသည်။ မည်သို့ပင်ဆိုစေကာမူ မူလသူတော်စင်တောင်ထွတ်မှာ အားအနည်းဆုံး တောင်ထွတ်တစ်ခုသာ ဖြစ်၏။ လက်ရှိအချိန်၌ ဓားကပ်ဘေးတောင်ထွတ်၏ မူလနဂါးခြင်ဆီများ လုယူထားသည့်တိုင်အောင် ကန်ရွှမ်းတောင်ထွတ်အား ယှဉ်ပြိုင်နိုင်ရန် လိုအပ်နေဆဲပင် ဖြစ်လေသည်။
မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာမူ အလွန်ပင် ပျော်ရွှင်နေကြသည်။ ဒုတိယနေရာအား ရရှိခြင်းသည်ပင် ၎င်းတို့မျှော်မှန်းထားသည်ထက် များစွာသာလွန်နေပြီ ဖြစ်သည်။
ဇူယွမ်မှာ ခပ်ဖွဖွရယ်မောလိုက်ပြီးနောက် ရရှိထားသော ပေတစ်သောင်းသားရဲ၏ မူလနဂါးခြင်ဆီဝေစုတစ်ခုအား ထုတ်ယူလိုက်သည်။
ထိုသလင်းကျောက်အပိုင်းအစသည် မြင့်တက်မှု နှေးကွေးနေပြီဖြစ်သော မူလသူတော်စင်တောင်ထွတ်၏ အလင်းထောက်တိုင်နှင့် ပေါင်းစည်းသွားကာ မျက်စိတစ်မှိတ်စာမျှသော အချိန်လေးမှာပင် ကန်ရွှမ်းတောင်ထွတ်၏ အလင်းထောက်တိုင်ထက် များစွာမြင့်တက်သွားရ၏။
အသက်ရှူချိန် အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် ထောက်တိုင်နှစ်ခုလုံးမှာ မြင့်တက်မှု နှေးကွေးလာရပြီပင် ဖြစ်သည်။
နဂါးခုနစ်ကောင်၏ ပုံရိပ်သဲ့သဲ့အား ထိုထောက်တိုင်နှစ်ခုလုံးအတွင်း မြင်တွေ့နိုင်ပေသည်။
မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ မြင်တွေ့နေရသော နဂါးခုနစ်ကောင်ပုံရိပ်အား မယုံကြည်နိုင်ပင် ဖြစ်နေကြရ၏။
အခြားတောင်ထွတ်မှ တပည့်များမှာလည်း အမြင့်ဆုံး အလင်းထောက်တိုင်အားကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေကြရသည်။ အခြားတောင်ထွတ်များ၏ အကာအကွယ်အား အမြဲတစေ လိုအပ်နေခဲ့သော မူလသူတော်စင်တောင်ထွတ်သည် ယခုနှစ်တွင် ကန်ရွှမ်းတောင်ထွတ်ကိုပင် ကျော်လွန်၍ အမြင့်မားဆုံး အလင်းထောက်တိုင်အား ရရှိနိုင်ခဲ့ပြီပင် ဖြစ်သည်။
တောင်ထွတ်အသီးသီး၏ တပည့်များအားလုံးမှာ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်ဖြစ်သူ ဇူယွမ်အား လေးစားအားကျသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်ကြသည်။
ယခုအချိန်မှစ၍ ကန်ရွှမ်းကလန်တစ်ခုလုံးရှိ တပည့်များမှာ မူလသူတော်စင်တောင်ထွတ်အပေါ်၌ အထင်အမြင်သေးစွာ ပြောဆိုဆက်ဆံရဲတော့မည် မဟုတ်သည်မှာ မုချပင် ဖြစ်လေတော့သတည်း။
အပိုင်း ( ၅၃၆ ) : လေ့ကျင့်ခြင်း
မူလရေကန်၏ အလယ်ဗဟိုတွင်ရှိသော ကြီးမားလှသည့် ကျွန်းတစ်ခုပေါ်၌ ပျားပန်းခတ်မျှ စည်ကားနေလေသည်။ တောင်ထွတ်ခုနစ်ခုလုံးရှိ တပည့်များမှာ ပေတစ်သောင်းသားရဲအား အတူတကွ ဆန့်ကျင်တိုက်ခိုက်ကြရန်အတွက် စုဝေးရောက်ရှိနေကြခြင်း ဖြစ်သည်။ ထိုကျွန်းပေါ်၌ပင် တိုက်ခိုက်ရန် အစီအစဉ်များအား ဆွေးနွေးသွားကြမည် ဖြစ်၏။
တောင်ထွတ်ခုနစ်ခုလုံးရှိ တပည့်များအနက် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များ၏အမူအရာမှာ အလွန်ပင် ညှိုးနွမ်းနေလေသည်။ အဘယ့်ကြောင့်ဆိုသော် အခြားတောင်ထွတ်များမှ တပည့်များမှာ ၎င်းတို့အား လှောင်ပြောင်သရော်သော မျက်ဝန်းများဖြင့် ကြည့်ရှုနေကြသောကြောင့် ဖြစ်သည်။ အချို့ဆိုလျှင် တိုးညင်းစွာပင် တီတိုးဝေဖန်နေကြ၏။
မည်သို့ပင်ဆိုစေကာမူ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ ထိုသူများအား ပြန်လည်တုံ့ပြန်ခြင်း မပြုဝံ့ပေ။ လူအင်အားငါးရာမျှသာရှိသော မူလသူတော်စင်တောင်ထွတ်အား ရှုံးနိမ့်ခဲ့ရခြင်းမှာ အမှန်တကယ်ပင် ရှက်ရွံဖွယ်ကောင်းလှသော အကြောင်းကိစ္စပင် ဖြစ်သည်။ ထို့အပြင် မူလသူတော်စင်တောင်ထွတ်သည် ရွေးချယ်ခံတစ်ဦးမျှပင် မရှိသော အင်အားနည်းတောင်ထွတ်တစ်ခု ဖြစ်လေသည်။ ဓားကပ်ဘေးတောင်ထွတ်မှာမူ ရွေးချယ်ခံနှစ်ဦးမျှ ရှိသည့်အပြင် စွမ်းဆောင်ရည်ပြည့်ဝသော တပည့်ဦးရေများစွာ ရှိ၏။ ထို့ကြောင့် အဆင့်ပေါင်းများစွာ ကွာခြားလွန်းလှသော မူလသူတော်စင်တောင်ထွတ်အား ရှုံးနိမ့်ခဲ့ရခြင်းမှာ ၎င်းတို့အတွက် မျက်နှာပင်မပြရဲလောက်အောင် ရှက်ရွံ့သွားစေသည်။
တစ်ဖက်တွင်မူ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များနှင့်မတူပဲ မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ အလွန်ပင် ကျေနပ်အားရနေဟန် ရှိ၏။ ယခုဆိုလျှင် ကန်ရွှမ်းကလန်အတွင်း၌ ၎င်းတို့၏ အဆင့်အတန်းမှာ မြင့်တက်သွားရပြီပင် ဖြစ်သည်။ အတိတ်ကာလများတွင် မူလသူတော်စင်တောင်ထွတ်၏ အခြေအနေမှာ အလွန်ပင် ဆိုးရွားခဲ့ရပြီး မည်သည့်တောင်ထွတ်ကမှ အရေးတယူ မရှိခဲ့ကြချေ။ မူလသူတော်စင်တောင်ထွတ်မှ တပည့်ဟူသည့် အသံကြားရသည်နှင့် တာဝန်များပင် အတူတကွ လုပ်ဆောင်လိုစိတ် မရှိခဲကြပဲ အမြဲတစေ ခွဲခြားဆက်ဆံခံခဲ့ရ၏။
သို့သော် ယခုအခါတွင် ထိုအရာများအားလုံး ပြောင်းလဲသွားရပြီပင် ဖြစ်သည်။ ဓားကပ်ဘေးတောင်ထွတ်အား အနိုင်ယူနိုင်ခဲ့သောကြောင့် အခြားတောင်ထွတ်များမှ တပည့်များမှာ မူလသူတော်စင်တောင်ထွတ်အား အနည်းငယ်မျှပင် နှိမ့်ချဆက်ဆံခြင်း ပြုရဲမည်မဟုတ်တော့ချေ။ ထိုအချက်မှာ မူလသူတော်စင်တောင်ထွတ်၏ တပည့်များအား အလွန်ပင် ကျေနပ်အားရစေ၏။
ဇူယွမ်နှင့် ယောင်ယောင်တို့၏ ပြောင်မြောက်လှသော အစီအစဉ်ကြီးကြောင့်သာမဟုတ်လျှင် မူလသူတော်စင်တောင်ထွတ်မှာ ဓားကပ်ဘေးတောင်ထွတ်အား ယခုကဲ့သို့ ယှဉ်ပြိုင်နိုင်ခဲ့မည်မဟုတ်ပေ။ ထို့ကြောင့် မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ တပည့်ခေါင်းဆောင်ဖြစ်သူ ဇူယွမ်အား စိတ်ထဲနှလုံးသားထဲမှ လှိုက်လှဲစွာပင် ကျေးဇူးတင်နေမိကြသည်။
..........
ကျွန်းအလယ်ဗဟိုရှိ အလွန်မြင့်မားသော တောင်ထွတ်တစ်ခုပေါ်၌
ယာယီစခန်းတစ်ခု ဆောက်လုပ်ထားကာ ချူးချင်၊ လီချင်းချန်စသော ရွေးချယ်ခံများနှင့် တောင်ထွတ်အသီးသီးမှ တပည့်ခေါင်းဆောင်များ စုဝေးနေကြလေသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ကလန်၏ အထူးချွန်ဆုံး တပည့်များအားလုံး တစ်စုတစ်စည်းတည်း ရှိနေကြခြင်းပင် ဖြစ်သည်။
ယာယီစခန်းအတွင်း သန့်စင်သော ချီစွမ်းအင်အမျှင်တန်းတစ်ခုမှာ ခပ်မှိန်မှိန်လင်းလက်တောက်ပနေသော မြေပုံတစ်ချပ်အဖြစ်သို့ ပြောင်းလဲသွား၏။
လီချင်းချန်မှာ လေးနက်သောအမူအရာဖြင့် မြေပုံ၏ အနောက်မြောက်အရပ်သို့ညွှန်ပြကာ စကားဆိုလိုက်သည်။ "ပေတစ်သောင်းသားရဲရဲ့ လှုပ်ရှားမှုကို တွေ့ခဲ့ရတာ ဒီနေရာပဲ။ သွားပြီးထောက်လှမ်းလာတဲ့ တပည့်တွေပြောတာတော့ ရေနေသားရဲတွေအများကြီးက အဲ့နေရာမှာ စုဝေးနေကြတယ်တဲ့။ အဲ့ဒါကြောင့် အဲ့နေရာကိုသွားဖို့တောင် တော်တော်ခက်ခဲလိမ့်မယ်။"
"လှုပ်ရှားမှုအပြင် အဲ့နေရာမှာ စွမ်းအင်ဖိအားတွေလည်း ထွက်ပေါ်နေတယ်။ စွမ်းအင်တွေက တဖြည်းဖြည်းနဲ့မှ ပိုပြီးပြင်းထန်လာတဲ့အတွက် ငါမှန်းတာမမှားရင် ပေတစ်သောင်းသားရဲက အခုမှ ဖြစ်တည်ဖို့ အစပြုနေတုန်းပဲ ရှိဦးမယ်။ ဒီနှုန်းအတိုင်းဆိုရင် ပေတစ်သောင်းသားရဲ ရုပ်လုံးပေါ်လာဖို့ အချိန်နှစ်ရက်လောက် လိုလိမ့်မယ်။"
"ပေတစ်သောင်းသားရဲ ရုပ်လုံးပေါ်လာပြီဆိုတာနဲ့ မူလရေကန်ရဲ့ ဖြစ်တည်မှုမဟုတ်တဲ့ ငါတို့အကုန်လုံးကို တိုက်ခိုက်လိမ့်မယ်။"
လူတိုင်း၏ အမူအရာမှာ တည်ငြိမ်လေးနက်နေ၏။ ပေတစ်သောင်းသားရဲဟူသော ဖိအားမှာ အလွန်ပင် ကြီးမာသောအရာ ဖြစ်သည်။ ထို့ကြောင့် မည်သူကမှ ပေါ့တန်စွာ မပြုလုပ်ရဲပေ။
ဇူယွမ်မှ ရုတ်ချည်းဆိုသလို မေးမြန်းလိုက်သည်။ "သူရုပ်လုံးမပေါ်လာခင်ရော သတ်ပစ်လိုက်လို့ မရဘူးလား။"
"အဟက်...မလေ့လာပဲ ပေါက်ကရမေးခွန်းတွေ မေးနေတယ်။ တော်တော်မရင့်ကျက်တာပဲ။" ကျောင်းဇူမှ ဇူယွမ်အားကြည့်ကာ ခနဲ့လိုက်သည်။
တိုက်ပွဲရပ်စဲသွားသော်လည်း ကျောင်းဇူမှာ ဓားကပ်ဘေးတောင်ထွတ်၏ ဆုံးရှုံးနစ်နာမှုများအတွက် အလွန်ပင် စိတ်ကသိကအောက် ဖြစ်နေရဆဲ ဖြစ်သည်။ ထို့ကြောင့် အခွင့်အရေး အနည်းငယ်မျှပင် ရလာပါစေ ဇူယွမ်အား အပြည့်အဝ လှောင်ပြောင်လိုက်မည်ပင် ဖြစ်၏။
ဇူယွမ်မှ အလေးပင်မထားဟန်ဖြင့် ပြန်၍ပြောလိုက်သည်။ "အဟက်....အရှုံးသမားကများ။"
ကျောင်းဇူမှာ နှလုံးသွေးပင်ကျမတက် ဒေါသထွက်သွားရလေသည်။ စိတ်တိုလွန်းသောကြောင့် နဖူးကြောများပင် ထောင်ထလာရ၏။
လီချင်းချန်မှာ ခေါင်းအားခါယမ်းလိုက်ပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် ရှင်းပြလိုက်သည်။ "ပထမအချက်က ငါတို့မှာ အချိန်မလောက်တော့ဘူး။ ထပ်ပြောရမယ်ဆိုရင် အဲ့ဒါက မူလရေကန်ရဲ့ အရမ်းနက်ရှိုင်းတဲ့နေရာမှာ ရှိနေတာ။ မူလရေကန်ထဲမှာ လှုပ်ရှားရတာက ငါတို့ကို အရမ်းပင်ပန်းစေတယ်ဆိုတာ လူတိုင်းသိတယ်။ အဲ့ဒါကြောင့် အဲ့လောက်နက်တဲ့အထိ ငါတို့လုံးဝရောက်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ အဲ့လောက်ရေအနက်ထဲမှာ ငါတို့သူ့ကိုသတ်ဖို့ မဖြစ်နိုင်ဘူး။"
"အဲ့ဖြစ်တည်ကာစ ပေတစ်သောင်းသားရဲကိုလည်း အရမ်းများလွန်းတဲ့ ရေနေသားရဲတွေက ကာကွယ်ထားသေးတယ်။ သူ့ကိုစောင့်ရှောက်ပေးနေတဲ့ ရေနေသားရဲတွေက ပေတစ်ထောင်နဲ့အထက်တွေချည်းပဲ။ အဲ့ဒါကြောင့် သူ့နားတောင်ကပ်လို့ရမှာ မဟုတ်ဘူး။"
ဇူယွမ်မှာ လက်မှိုင်ကျသွားရ၏။ မူလရေကန်အတွင်းရှိ ပင်ပန်းနွမ်းနယ်စေသော စွမ်းအင်ဖိအားမှာ သူ့အပေါ်တွင် သက်ရောက်မှုမရှိပါသော်လည်း ထိုမျှများပြားသော ပေတစ်ထောင်သားရဲများအား ရင်ဆိုင်ရန်မှာမူ ခက်ခဲလွန်းလှ၏။
"အခုလက်ရှိ အခြေအနေအရဆိုရင် ပေတစ်သောင်းသားရဲ ရုပ်လုံးပေါ်တဲ့ထိ စောင့်ရုံပဲရှိတယ်။ သူရုပ်လုံးပေါ်ပြီး ငါတို့ကို လိုက်ရှာတဲ့အချိန်ကြမှ ပြန်ပြီးတိုက်ခိုက်ဖို့ကိုပဲ အစီအစဉ် ဆွဲထားရမယ်။"
"ပေတစ်သောင်းသားရဲက ဘယ်လောက်ပဲကြမ်းကြမ်း ငါတို့အားလုံး စည်းလုံးရင် မနိုင်စရာ မရှိပါဘူး။" ရှန့်ချွမ်ချူးမှ ပြုံးကာပြောလိုက်သည်။ သူ၏မျက်ဝန်းများမှာ ကြောက်ရွံ့ထိတ်လန့်မှု အနည်းငယ်မျှပင် ရှိမနေပဲ တိုက်ပွဲဆာလောင်သော အငွေ့အသက်များဖြင့် လင်းလက်တောက်ပနေ၏။
အခြားသော ရွေးချယ်ခံများမှာလည်း ရှန့်ချွမ်ချူး၏စကားအား ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။
"ငါ့မှာ မေးစရာလေးတွေ ရှိသေးတယ်။" ခုန်းရှန်မှ စကားဆိုလိုက်သည်။
"ပေတစ်သောင်းသားရဲကို သတ်ပြီးသွားရင် ရလာမယ့် မူလနဂါးခြင်ဆီတွေကို ငါတို့ဘယ်လိုခွဲဝေကြမှာလဲ။"
ခုန်းရှန်၏ စကားကြောင့် တပည့်များအားလုံး ငြိမ်သက်သွားကြ၏။ လူတိုင်း၏ မျက်ဝန်းများမှာ လိုချင်ရမ္မက်များဖြင့် တောက်လောင်နေလေသည်။
ပေတစ်ထောင်သားရဲသည်ပင် နဂါးရှစ်ကောင်ကောင်းချီအား ပေးစွမ်းနိုင်ပေသည်။ သို့သော် ကလန်အတွင်း နဂါးရှစ်ကောင်ကောင်းချီးထက်ပိုသော ကောင်းချီးအား ရရှိဖူးသည့်သူ မရှိချေ။ ပေတစ်သောင်းသားရဲသာဆိုလျှင် မြင့်မြတ်သော နဂါးကောင်းချီးများနှင့် ပြည့်နှက်နေမည်မှာ ထင်ရှားလှ၏။ ထို့ကြောင့် လူတိုင်းမှာ ပေတစ်သောင်းသားရဲထံမှ ရရှိလာမည့် မူလနဂါးခြင်ဆီများအား လိုချင်တပ်မက်နေကြလေသည်။
လက်ရှိအချိန်တွင် ကလန်၏ ရွေးချယ်ခံများအားလုံးမှာ မူလစဦး နဝမအဆင့်တွင် ရှိနေကြ၏။ ထို့ကြောင့် နဂါးကောင်းချီးများသာ လုံလောက်စွာ ရရှိခဲ့ပါက ချီစွမ်းအင်အခြေခံအုတ်မြစ်အား သန်မာစေကာ နတ်ဘုံခန်းဝါအဆင့်သို့ ကောင်းမွန်စွာ တက်လှမ်းနိုင်မည်ပင် ဖြစ်သည်။
အချိန်အတော်ကြာမျှ တိတ်ဆိတ်ငြိမ်သက်နေကြပြီးနောက် လီချင်းချန်မှ ဦးစွာစကားဆိုလိုက်သည်။ "ပေတစ်သောင်းသားရဲကို သတ်တဲ့အချိန်မှာ အဓိကလုပ်ဆောင်နိုင်တဲ့သူ ဘယ်သူဖြစ်ဖြစ် ရလာမယ့် မူလနဂါးခြင်ဆီရဲ့ ငါးဆယ်ရာခိုင်နှုန်းကို ရမယ်။ ကျန်တဲ့သူတွေကတော့ နောက်ထပ်ငါးဆယ်ရာခိုင်နှုန်းကိုပဲ ဝေမျှယူရမယ်။"
အခြားသူများမှာ အနည်းငယ်မျှ တွေဝေသွားကြသော်လည်း အဆုံးတွင် ခေါင်းညိတ်သဘောတူလိုက်ကြ၏။ လီချင်းချန်၏ စကားမှာ လူတိုင်းအတွက် အကောင်းဆုံး စိတ်ခွန်အားတစ်ခုပင် ဖြစ်သည်။ ငါးဆယ်ရာခိုင်နှုန်းသော မူလနဂါးခြင်ဆီမှာ လူတိုင်းအား အကောင်းဆုံး ကြိုးစားစေရန်အတွက် လုံလောက်ပေသည်။ ထို့ကြောင့် ချူချင်းသည်ပင် အပြည့်အဝ အားထုတ်လိမ့်မည်မှာ သေချာလှ၏။
"ငါတို့အားလုံး သဘောတူပြီးသွားပြီဆိုတော့ ဒီအစီအစဉ်အတိုင်းပဲ သွားကြမယ်။"
.......
တောင်ထွတ်ခုနစ်ခုလုံး၏ တပည့်များမှာ အစီအစဉ်များ ပြင်ဆင်လျက် စောင့်ဆိုင်းနေကြသကဲ့သို့ ကလန်ခေါင်းဆောင်ချင်းယန်နှင့် တောင်ထွတ်ဆရာသခင်များမှာလည်း မူလရေကန်၏ အပြင်ဖက်မှ စောင့်ဆိုင်းကြည့်ရှုနေကြလေသည်။
"နှင်းပဒုမ္မာတောင်ထွတ်က လီချင်းချန်က ခေါင်းဆောင်တစ်ယောက်နဲ့ အရည်အချင်းတွေနဲ့ တကယ်ကိုက်ညီတာပဲ။ ဒီကလေးမ တကယ်မဆိုးဘူး။" ကလန်ခေါင်းဆောင်ချင်းယန်မှ သဘောကျနှစ်ခြိုက်စွာ ချီးကျူးစကား ဆိုလိုက်၏။ အစမှအဆုံးထိ မတူညီသော တောင်ထွတ်အသီးသီးမှ တပည့်များအား သူမထိန်းကျောင်းသွားပုံမှာ အမှန်တကယ်ပင် လေးစားဖွယ် ကောင်းလှသည်။ သူမသည် ခေါင်းဆောင်ကောင်းတစ်ဦး၏ အင်္ဂါရပ်များဖြင့် ပြည့်စုံလှပေသည်။
တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှ ပြုံးကာပြောလိုက်သည်။ "ချင်ချန်းက ဘောင်ကျော်သလိုများ ဖြစ်နေမလား မသိဘူး။ တကယ်ဆိုရင် ဒီလိုဦးဆောင်ရမှာက ချူချင်းရဲ့တာဝန်လေ။"
ကလန်ခေါင်းဆောင်ချင်းယန်မှ ခေါင်းကိုခါယမ်းကာ ကူကယ်ရာမဲ့စွာဖြင့် စကားဆိုလိုက်၏။ "အားရား...အဲ့အပျင်းကြီးလွန်းတဲ့ ကောင်စုတ်လေးကို ပြောမနေပါနဲ့။ သူလား ဒီလိုဦးဆောင်မှာ။ အချိန်တိုင်း အပျင်းကြီးဖို့ပဲ သိတာ။"
"ကလန်ခေါင်းဆောင်က ချူချင်း အပျင်းကြီးတာ သိတယ်ဆိုမှတော့ အခြေအနေတွေကို ဒီလိုဖြစ်အောင် မလုပ်နဲ့လေ။" တောင်ထွတ်ဆရာသခင်မျက်ခုံးဖြူမှ ခပ်ဖွဖွရယ်မောကာ ပြောလိုက်သည်။ စင်စစ်အားဖြင့် ပေတစ်သောင်းသားရဲပေါ်လာရသည်မှာ ကလန်ခေါင်းဆောင်ကြောင့်ပင် ဖြစ်၏။ ကလန်ခေါင်းဆောင်မှာ မူလရေကန်ရှိ မူလနဂါးသွေးကြောအား နှိုးဆွရသူဖြစ်သောကြောင့် ပေတစ်သောင်းသားရဲ ပေါ်ပေါက်သေလိုလျှင် အနည်းငယ်မျှ အားပိုစိုက်လိုက်ရုံသာ ဖြစ်သည်။
ကလန်ခေါင်းဆောင်ချင်းယန်မှ သက်ပြင်းချကာ စကားဆိုလိုက်သည်။ "ရှန်းဟွပုံရိပ်ယောင်ကမ္ဘာက မကြာခင်မှာပဲ ပွင့်ဟလာတော့မယ်။ အဲ့အချိန်ကြရင် သွေးချောင်းစီးမယ့် အဖြစ်အပျက်တွေက ဖြစ်လာရဦးမှာ။ ကန်ရွှမ်းကလန်က ထူးချွန်တဲ့တပည့်တွေကလည်း ဒီကံကြမ္မာကို တားဆီးလို့ရမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် ပေတစ်သောင်းသားရဲနဲ့ သူတို့ကို လေ့ကျင့်ပေးတဲ့သဘောပါ။"
"ကလန်ထဲမှာပဲ သူတို့အတွက် အကာအကွယ်ချိပ်စည်းတွေ ထားပေးလိုက်ရမှာ။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲကို သွားရတော့မယ်ဆိုရင် ကိုယ့်ဘာသာကိုယ်ပဲ အားကိုးရတော့မှာ။ နည်းနည်းလောက် သတိမထားမိတာနဲ့ သူတို့အသက်ပါ ပါသွားလိမ့်မယ်။"
"ရှန်းဟွပုံရိပ်ယောင်ကမ္ဘာက အရမ်းကို အန္တရာယ်များတဲ့ နေရာပဲ။ အဲ့ဒီမှာ မူလသားရဲတွေတင်မကပဲ အခြားနေရာက လူတွေနဲ့ပါ တိုက်ခိုက်ရလိမ့်မယ်။ ငါတို့ကလန်ရဲ့ အထူးချွန်ဆုံး တပည့်တွေအများကြီးကို အဲ့နေရာမှာပဲ သဂြိုလ်ခဲ့ရတယ်။ အဲ့ဒါကြောင့် အခုပေတစ်သောင်းသားရဲနဲ့ ပေးတွေ့တာက ဘာမှမဟုတ်သေးဘူး။"
"ဒီပေတစ်သောင်းသားရဲလေးကိုတောင် ရင်မဆိုင်နိုင်ရင် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာကိုလည်း မသွားတာပဲကောင်းတယ်။ ငါ့တပည့်တွေကို တမင်သက်သက် သေလမ်းမပို့ချင်တော့ဘူး။"
ကလန်ခေါင်းဆောင်ချင်းယန်၏စကားကြောင့် တောင်ထွတ်ဆရာသခင်များအားလုံး တိတ်ဆိတ်ငြိမ်သက်သွားရသည်။ ထို့နောက် အားလုံးမှာ ချင်းယန်၏စကားအား လေးနက်စွာဖြင့် ခေါင်းညိတ်ထောက်ခံလိုက်ကြပြီးနောက် မူလရေကန်အားကြည့်ကာ ရေရွတ်လိုက်ကြသည်။
"ဒီကလေးတွေအားလုံး ကလန်ခေါင်းဆောင်ရဲ့ စေတနာကိုမြင်နိုင်ဖို့ မျှော်လင့်ပါတယ်။ ငါတို့ကို စိတ်ပျက်အောင် မလုပ်ပါနဲ့။"
အပိုင်း ( ၅၄၇ ) : တောင်ထွတ်ရွေးချယ်ပွဲအခမ်းအနား
များပြားလှသော တပည့်များမှ နဂါးကောင်းချီးအား ခံယူနေကြသည်မှာ အလွန်ပင် ရင်သက်ရှုမောဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင် ဖြစ်လေသည်။ မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားမှာ ကလန်၏ ကြီးကျယ်သော ပွဲအခမ်းအနားတစ်ခုဖြစ်သောကြောင့် ထိုနဂါးကောင်းချီးခံယူရရှိခြင်းသည်ပင် ရက်အတော်ကြာမြင့်ပေ၏။
အနိမ့်ဆုံးအဆင့်အား ရရှိခဲ့ကြသည့် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များအားလုံး နဂါးကောင်းချီးခံယူရရှိရန်အတွက်ပင် ရက်အနည်းငယ် ကြာမြင့်ခဲ့သည်။
ဤသို့ဖြင့် တောင်ထွတ်တစ်ခုပြီးတစ်ခု နဂါးကောင်းချီးအား ခံယူနေကြသည်မှာ ရက်အတော်ကြာမျှပင် ကြာမြင့်ခဲ့သည်။ ရွေးချယ်ခံများနှင့် တပည့်ခေါင်းဆောင်များ နဂါးကောင်းချီးခံယူရသည့်အချိန်သည် တစ်လနီးပါးမျှပင် ကြာမြင့်၏။
သို့သော် နဂါးကောင်းချီးခံယူသည့်ပွဲမှာ မပြီးဆုံးသေးပေ။ ကောင်းချီးယဇ်ပုလ္လင်၏ အမြင့်တစ်နေရာပေါ်၌ နဂါးကောင်းချီးအား လက်ခံရယူခြင်းမပြီးဆုံးသေးသည့် ပုံရိပ်တစ်ခု ရှိနေလေသည်။ ထိုပုံရိပ်မှာ နဂါးကိုးကောင်ကောင်းချီးအား လက်ခံရယူနေသော ဇူယွမ်ပင် ဖြစ်သည်။
နဂါးကိုးကောင်ကောင်းချီးအတွက် ရရှိသော ချီစွမ်းအင်များမှာ များပြားလွန်းလှသည်။ ထို့အတွက်ကြောင့်ပင် ဇူယွမ်မှာ လက်ခံရယူခြင်း မပြီးဆုံးသေးသည်ဖြစ်၏။
နဂါးကောင်းချီးများအား လက်ခံရယူကြပြီးသည့်နောက်တွင် တပည့်များမှာ အသီးသီး ပြန်လည်ထွက်ခွာသွားကြသည်။ ကလန်ခေါင်းဆောင်ချင်းယန်နှင့် တောင်ထွတ်ဆရာသခင်များမှာလည်း ဇူယွမ်အား ကြည့်ရှုရန်အတွက် အကြီးအကဲတစ်ဦးကိုသာထားရှိ၍ ပြန်လည်ထွက်ခွာသွားကြလေသည်။ ဤသို့ဖြင့် ဇူယွမ်တစ်ဦးသည်သာလျှင် ကောင်းချီးယဇ်ပုလ္လင်စင်မြင့်ပေါ်၌ ကျန်ရစ်တော့သည်။
အချိန်များစွာ ကုန်ဆုံးသွားပြီးနောက် ကန်ရွှမ်းကလန်မှာ အေးချမ်းငြိမ်သက်နေလျက် ရှိသည်။ သို့သော် တပည့်များမှာ မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားအကြောင်းအား စကားစမြည် ပြောဆိုကြတိုင်းတွင် ကောင်းချီးယဇ်ပုလ္လင်စင်မြင့်ထက်၌ရှိနေသောပုံရိပ်တစ်ခုအား အဝေးမှ ငေးမောကြည့်ရှုနေကြရဆဲသာ ဖြစ်၏။
ထိုသို့ ငေးမောကြည့်ရှုစဉ်တိုင်းတွင်လည်း ၎င်းတို့၏ မျက်ဝန်းများမှာ အားကျမနာလိုမှုနှင့် လေးစားမှု အငွေ့အသက်များ ရောပြွန်းနေကြရသည်။
"မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်ဇူယွမ်က ကောင်းချီးကိုလက်ခံတာ အရမ်းကိုကြာနေပြီနော်။"
"နဂါးကိုးကောင်ကောင်းချီးမို့ကြာတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ငါတို့မှ နဂါးကိုးကောင်ကောင်းချီးကို မမြင်ဖူးတာ။"
"ကောင်းချီးလက်ခံပြီးသွားရင် ဇူယွမ်ဘယ်လောက်ထိ သန်မာလာမလဲ မသိဘူးနော်။ စိတ်ဝင်စားစရာပဲ။"
"ဇူယွမ်ကတော့ ကျင့်ကြံရေးအဆင့်နိမ့်နေလို့ မပြောတက်ဘူး။ တခြားတပည့်ခေါင်းဆောင်တွေကတော့ အခုတစ်ခေါက် မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားပြီးလို့ ကောင်းချီးတွေကို လက်ခံပြီးသွားတဲ့အချိန်မှာ မူလစဦး နဝမအဆင့်ကို ရောက်ကုန်ကြပြီတဲ့။ သူတို့ရဲ့ ချီစွမ်းအင်အခြေခံအုတ်မြစ်က ရွေးချယ်ခံတွေလောက်တော့ မသန်မာဘူးပေါ့ကွာ။"
"ဟီးဟီး....ဓားကပ်ဘေးတောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင် ပိုင်လီချွီးကတော့ အဆင့်တက်သွားပြီးတဲ့အချိန် မြောက်ကြွမြောက်ကြွတောင် ဖြစ်သွားတာကွ။ အခုချိန် သူနဲ့ဇူယွမ်ချရင်တောင် တစ်ချက်တည်းနဲ့ ပွဲသိမ်းနိုင်ပြီဘာညာဆိုပြီး ပြောနေတာ။"
"အဟက်...ပိုင်လီချွီးရဲ့စကားကို ဘယ်သူက ယုံမှာတဲ့လဲ။ ဇူယွမ်က သူ့ကိုတစ်ခါချနိုင်မှတော့ နောက်တစ်ခါလည်း နိုင်မှာပဲလေ။"
"........"
ဤသို့ဖြင့် နဂါးကိုးကောင်ကောင်းချီးအား ဇူယွမ်ခံယူနေသည်မှာ နှစ်လမျှပင် ရှိလာပြီဖြစ်သည်။ ဇူယွမ်မှ နဂါးကောင်းချီးအား ခံယူနေဆဲပင်ဖြစ်သော်လည်း ကန်ရွှမ်းကလန်မှာမူ ပုံမှန်အတိုင်းသာ ဆက်လက်လည်ပတ်နေဆဲ ဖြစ်လေသည်။ ယခုဆိုလျှင် မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနား ကျင်းပပြီးစီးခဲ့သည်မှာ အချိန်နှစ်လမျှ ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် တပည့်အသစ်များအား လက်ခံရမည့် တောင်ထွတ်ရွေးချယ်ပွဲအခမ်းအနားအား ကျင်းပရန် အချိန်ရောက်လာပြီပင် ဖြစ်သည်။
...........
တောင်ထွတ်ရွေးချယ်ပွဲအခမ်းအနားနေ့၌
ကြီးမားလှသော ကွင်းပြင်ကျယ်ကြီးတစ်ခွင်လုံးတွင် အော်ဟစ်အားပေးသံများစွာဖြင့် ပြည့်နှက်နေလေသည်။
ထိုကွင်းပြယ်ကျယ်ကြီး၏ အလယ်ဗဟို၌ ငယ်ရွယ်ကာ အတွေ့အကြုံနည်းဟန်ရှိသော လူငယ်များစွာ ရပ်နေကြ၏။ ထိုလူငယ်လေးများ၏ မျက်ဝန်းများမှတဆင့် အလွန်ပင် စိတ်လှုပ်ရှားနေကြကြောင်း သိရှိနိုင်ပေသည်။
ထိုလူငယ်လေးများ၏ရှေ့၌ ကန်ရွှမ်းကလန်၏ တောင်ထွတ်ခုနစ်ခုအား ကိုယ်စားပြုသော ကျောက်တုံးစင်မြင့်ခုနစ်ခု ရှိနေသည်။
ထိုကျောက်တုံးစင်မြင့်တစ်ခုစီတွင် သက်ဆိုင်ရာတောင်ထွတ်မှ တပည့်ခေါင်းဆောင်များ ရှိနေကြ၏။ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်နေရာတွင်မူ ဇူထိုက်၊ ကျန်းယန်နှင့် လုယန်းတို့ကသာ ဦးဆောင်ထားလျက် ရှိလေသည်။
"ကံမကောင်းတာပဲ ဒီနှစ်တော့ ကလန်ခေါင်းဆောင်နဲ့ တောင်ထွတ်ဆရာသခင်တွေက တပည့်အသစ်တွေကို ကိုယ်တိုင်လာမရွေးပဲ တပည့်ခေါင်းဆောင်တွေကိုပဲ တာဝန်ပေးပြီး လွှတ်လိုက်တယ်။ ဒါပေမယ့် ဂျူနီယာညီတော်ဇူယွမ်ကမှ အခုချိန်ထိ နဂါးကောင်းချီးကို ခံယူလို့မှ မပြီးသေးတာ။ ငါတို့မူလသူတော်စင်တောင်ထွတ်ကို ဘယ်တပည့်ခေါင်းဆောင်က ဦးဆောင်ပြီး တပည့်အသစ်တွေ ခေါ်ပေးမှာလဲ။" ဇူယွမ်မှာ ကွင်းပြင်ကျယ်ကြီးအတွင်းမှ များပြားလှသော တပည့်အသစ်လေးများအားကြည့်ကာ ရေရွတ်လိုက်သည်။
လုယန်းမှာလည်း ခါးသက်စွာ ရယ်မောလိုက်မိ၏။ ဇူယွမ်သည် ကောင်းချီးယဇ်ပုလ္လင်စင်မြင့်ပေါ်၌ပင် ရှိနေဆဲဖြစ်သောကြောင့် ယောင်ယောင်မှာလည်း ဤနေရာသို့လာကာ ဦးဆောင်ဦးရွက်ပြုပေးလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် အခြားသော စင်မြင့်များပေါ်၌ တပည့်ခေါင်းဆောင်များအသီးသီးဖြင့် ခမ်းနားထည်ဝါနေပါသော်လည်း မူလသူတော်စင်တောင်ထွတ်၏ စင်မြင့်အနေအထားမှာမူ ဦးဆောင်မည့်သူမရှိပဲ အနည်းငယ် ကြည့်ရဆိုးနေရသည်။
ထိုအချိန်၌ပင် ကလန်၏ ကြီးကြပ်ရေးမှူးတစ်ဦး ရောက်ရှိလာကာ တည်ကြည်သောအသံဖြင့် စကားဆိုလိုက်၏။ "ကလန်ခေါင်းဆောင်ချင်းယန်က မျှမျှတတ ဖြစ်စေလိုတဲ့အတွက် အခုကစပြီး တောင်ထွတ်ရွေးချယ်ပွဲအခမ်းအနားကို အောင်မြင်သွားတဲ့ တပည့်တွေက ကိုယ်နှစ်သက်ရာ တောင်ထွတ်တွေဆီကို သွားလို့ရပါပြီ။"
ကြီးကြပ်ရေးမှူး၏စကားကြောင့် ကွင်းပြင်အတွင်းရှိ တပည့်များမှာ အလွန်ပင် ပျော်ရွှင်သွားကြ၏။
"အော်....အခုလာတဲ့ တပည့်အသစ်တွေများ ကံကောင်းလိုက်တာ။ သူတို့နှစ်သက်ရာတောင်ထွတ်ကို လွတ်လွတ်လပ်လပ် ရွေးချယ်လို့တောင် ရနေပြီ။ အရင်တုန်းကဆိုရင် တောင်ထွတ်ရွေးချယ်ပွဲမှာ ထူးထူးချွန်ချွန် လုပ်ဆောင်ခဲ့တဲ့ တပည့်တချို့ကလွဲလို့ ကျန်တဲ့သူတွေကို ကလန်ခေါင်းဆောင်နဲ့ တောင်ထွတ်ဆရာသခင်တွေကပဲ အလျဉ်းသင့်သလို ခွဲယူလိုက်ကြတာ။" ဇူထိုက်မှ သက်ပြင်းချကာ စကားဆိုလိုက်သည်။
လုယန်းမှ ပြောလိုက်သည်။ "အရင်တုန်းကဆိုရင် တခြားတောင်ထွတ်က မလိုချင်တဲ့သူတွေကိုပဲ ငါတို့မူလသူတော်စင်တောင်ထွတ်က ရွေးချယ်စရာမရှိပဲ လက်ခံခဲ့ရတာ။ အခုဆိုရင် ငါတို့မူလသူတော်စင်တောင်ထွတ်က ချိပ်စည်းပြယ်သွားပြီဆိုတော့ အဲ့လိုလုပ်စရာ မလိုတော့ပဲ တပည့်အသစ်တွေခေါ်ဖို့အတွက် အခွင့်အရေး ရှိလာပြီလေ။"
သို့သော် လုယန်းမှ စိုးရိမ်ပူပန်နေဟန်ဖြင့် ဆက်လက်စကားဆိုလိုက်၏။ "ဒါပေမယ့် တခြားတောင်ထွတ်ခြောက်ခုက လက်ရှိအမြင်တင်ကို ငါတို့ထက်သာနေပြီ။ သူတို့တွေရဲ့ ရွေးချယ်ခံတွေ မရှိနေဘူးဆိုပေမယ့် တပည့်ခေါင်းဆောင်တွေ ရှိနေတယ်လေ။ ငါတို့ကတော့ လူအင်အားကလည်း အရမ်းနည်းနေတယ်။ ဦးဆောင်မယ့် တပည့်ခေါင်းဆောင်လည်း လောလောဆယ် ရှိမနေဘူး။ တပည့်အသစ်တွေက အမြင်နဲ့တင် ငါတို့ဆီမလာတော့ရင် ဒုက္ခပဲ။"
ဇူထိုက်မှာ ခါးသက်စွာဖြင့်သာ ရယ်မောလိုက်ရ၏။ ဇူယွမ်သည် နဂါးကိုးကောင်ကောင်းချီးအား လက်ခံရယူနေသည်မှာ နှစ်လခန့်ပင် ရှိနေပြီဖြစ်ပါသော်လည်း ယခုအချိန်ထိ မပြီးဆုံးသေးပါချေ။
ဇူထိုက်တို့ တစ်ဦးနှင့်တစ်ဦး ဆွေးနွေးကြစဉ်မှာပင် ကွင်းပြင်အတွင်းရှိနေသော တပည့်အသစ်များမှ စတင်ဆွေးနွေးကြလေတော့သည်။
"ကန်ရွှမ်တောင်ထွတ်က ကလန်ခေါင်းဆောင်ကိုယ််တိုင် ကြီးကြပ်တဲ့နေရာပဲ။ ရွေးချယ်ခံထဲက နံပါတ်တစ်ကလည်း ကန်ရွှမ်းတောင်ထွတ်ကပဲတဲ့။ အဲ့ဒါကြောင့် အဲ့ကိုသွားရင်တော့ ငါတို့အနာဂတ်တွေ ကောင်းမှာသေချာတယ်။"
"ကန်ရွှမ်းတောင်ထွတ်က ကောင်းတယ်ဆိုပေမယ့် ထူးချွန်တဲ့ တပည့်တွေ သိပ်များလို့ အပြိုင်အဆိုင်များလွန်းတယ်။ အဲ့ကိုသွားရင် ငါတို့အသေအလဲ ပင်ပန်းရလိမ့်မယ်။"
"ငါကတော့ နှင်းပဒုမ္မာတောင်ထွတ်ကို စိတ်ဝင်စားတယ်။ ကလန်ရဲ့ အလှဆုံးမိန်းကလေးတပည့် စီနီယာအမတော်လီချင်းချန်က အဲ့တောင်ထွတ်ကတဲ့။"
"နှင်းပဒုမ္မာတောင်ထွတ်ကိုများ စိတ်ကူးယဉ်နေသေးတယ်။ ကိုယ့်ရုပ်ကိုအရင် ပြန်ကြည့်လိုက်ဦး။ အဲ့ကတောင်ထွတ်ဆရာသခင်မက ရုပ်ရည်ချောမောခန့်ညားတဲ့သူတွေကိုပဲ သဘောကျတာ။"
"ဓားကပ်ဘေးတောင်ထွတ်ဆိုရင်လည်း မဆိုးပါဘူး။ ဒီနှစ်တွေအတွင်း ဓားကပ်ဘေးတောင်ထွတ်က အများကြီး တိုးတက်လာတယ်တဲ့။"
"မူလသူတော်စင်တောင်ထွတ်ကရော တိုးတက်လာတယ် မဟုတ်ဘူးလား။ ငါကြားဖူးတာ မူလသူတော်စင်တောင်ထွတ်က မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်း နေထိုင်ခဲ့တဲ့နေရာတဲ့။"
"မူလသူတော်စင်တောင်ထွတ်က ချိပ်စည်းပြယ်သွားတာတောင် မကြာသေးဘူး။ သူတို့ဆီမှာ တောင်ထွတ်ဆရာသခင်တောင် မရှိဘူးကွ။ အဲ့ကိုသွားရင် မင်းမှာအနာဂတ် ရှိတော့မှာ မဟုတ်ဘူး။"
"အဲ့လိုတော့ မဖြစ်နိုင်ဘူးကွ။ အခုတစ်ခေါက်ကျင်းပတဲ့ မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားမှာ မူလသူတော်စင်တောင်ထွတ်က လူအင်အားအနည်းဆုံးပေမယ့် ပထမနေရာကို ရခဲ့တယ်လို့ပြောတယ်။ သူတို့ရဲ့ တပည့်ခေါင်းဆောင်က တအားကိုတော်တာတဲ့။"
"ဟုတ်လား။ အခုကြတော့ အဲ့မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်က ဒီနေရာကို ဘာလို့မလာတာလဲ။"
"အဲ့ဒါတော့ ငါဘယ်သိမလဲ။"
"........"
ဆွေးနွေးခြင်းများ ပြီးဆုံးသွားပြီးသည့်နောက် တပည့်အချို့မှာ ကျောက်တုံးစင်မြင့်များပေါ်သို့ စတင်ပျံသန်းလာကြပြီပင် ဖြစ်သည်။
သို့သော် ဇူထိုက်၊ ကျန်းယန်နှင့် လုယန်းတို့၏ အမူအရာမှာ ပျက်ယွင်းနေရ၏။ အခြားသော တောင်ထွတ်ခြောက်ခုမှာ ပုံရိပ်များစွာဖြင့် စည်ကားနေပါသော်လည်း မူလသူတော်စင်တောင်ထွတ်၏ စင်မြင့်ထက်တွင်မူ တပည့်အသစ် အနည်းငယ်မျှသာ ရှိနေသည်။ ထို့အပြင် မူလသူတော်စင်တောင်ထွတ်သို့ ရောက်ရှိလာကြသော တပည့်အသစ်များသည် သာမန်မျှသာ အရည်အချင်းရှိသူများ ဖြစ်နေ၏။
အနီးတွင်ရှိနေသော ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များမှာ မူလသူတော်စင်တောင်ထွတ်၏ အနေအထားအားကြည့်ရှုကာ အားရကျေနပ်စွာဖြင့် လှောင်ပြောင်ရယ်မောနေကြလေသည်။
မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနား၌ ဓားကပ်ဘေးတောင်ထွတ်မှ ရှုံးနိမ့်ခဲ့ရသော်လည်း မူလသူတော်စင်တောင်ထွတ်၏ အခြေခံအုတ်မြစ်သည် အားနည်းနေရဆဲပင် ဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ တပည့်အသစ်ရွေးချယ်ခြင်း အခမ်းအနားမျိုး၌ ဓားကပ်ဘေးတောင်ထွတ်အား ယှဉ်ပြိုင်နိုင်ရန် အရည်အချင်း မရှိပါချေ။
ဓားကပ်ဘေးတောင်ထွတ်၏ စင်မြင့်ပေါ်တွင် ပိုင်လီချွီးမှာ ခန့်ညားထည်ဝါသော အနေအထားဖြင့် ရှိနေ၏။ သူ၏ အသွင်သဏ္ဍာန်သည် လွန်ခဲ့သောနှစ်လကထက် များစွာတောက်ပနေသည်။ ၎င်းသည် မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနား၌ နဂါးကောင်းချီးအား ခံယူရရှိပြီးသည့်နောက် မူလစဦး နဝမအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီလည်း ဖြစ်သည်။
"ဟီးဟီး တပည့်ခေါင်းဆောင်ပိုင်လီချွီး ကြည့်ရတာ မူလသူတော်စင်တောင်ထွတ်က တပည့်အသစ်နည်းနည်းလောက်ကိုပဲ ရမှာသေချာတယ်။ သူတို့ရဲ့ ထူးချွန်ပြောင်မြောက်လွန်းတဲ့ တပည့်ခေါင်းဆောင်ကြီးက ဒီလိုပွဲမျိုးကို မလာနိုင်တာ သူတို့အတွက်တော့ သနားစရာပဲ။ ဒီလိုပုံစံနဲ့များ ကျွန်တော်တို့ ဓားကပ်ဘေးတောင်ထွတ်ကို ဘယ်လိုယှဉ်နိုင်မှာလဲ။" ဓားကပ်ဘေးတောင်ထွတ်၏ တပည့်တစ်ဦးမှ လှောင်ပြောင်သရော်လိုဟန်ဖြင့် ပျက်ရယ်ပြုစကားဆိုလိုက်သည်။
သို့သော် ပိုင်လီချွီး၏အမူအရာမှာ အေးစက်ခက်ထန်သွားရ၏။ "မင်းပြောချင်တဲ့သဘောက ဇူယွမ်ဒီနေရာမှာ ရှိနေရင်တော့ အနေအထားတွေက ပြောင်းလဲသွားမယ်ပေါ့လေ ဟုတ်လား။"
ပိုင်လီချွီးမှာ မူလရေကန်အတွင်း ဇူယွမ်အား ရှုံးနိမ့်ခဲ့ရခြင်းအပေါ် ယခုအချိန်ထိ အခဲမကြေနိုင် ဖြစ်နေရဆဲပင် ဖြစ်၏။ ၎င်းမှ အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်လိုက်ပြီးနောက် အေးစက်စွာ ဆက်လက်စကားဆိုလိုက်သည်။ "အခုငါက အရင်ကနဲ့ မတူတော့ဘူး။ အခုချိန်မှာသာ ဇူယွမ်နဲ့တိုက်ရမယ်ဆိုရင် သူ့ကိုတစ်ချက်တည်းနဲ့ ပွဲသိမ်းပေးလိုက်မှာကွ။"
ထိုတပည့်မှ လျင်မြန်စွာ စကားဆိုလိုက်သည်။ "ဒါပေါ့ ဒါပေါ့။ စီနီယာအကိုတော်ပိုင်လီချွီးက မူလစဦး နဝမအဆင့်ကိုတောင် ရောက်နေပြီလေ။ အရင်တစ်ခါတုန်းက ဇူယွမ်က ကံစွတ်သွားတာပါ။ အနာဂတ်မှာ ထပ်ပြီးတိုက်ခိုက်ခဲ့ရရင် စီနီယာအကိုတော်ပဲ နိုင်မယ်ဆိုတာ ကျွန်တော်တို့ သိပြီးသားပါ။"
ပိုင်လီချွီးမှာ ထိုတပည့်အား လျစ်လျုရှုလိုက်ပြီးနောက် လူအင်အား အနည်းငယ်မျှသာရှိသော မူလသူတော်စင်တောင်ထွတ်အား ကြည့်ရှုလိုက်သည်။ မူလသူတော်စင်တောင်ထွတ်၏ ဆိုးရွားနေသော အနေအထားကြောင့် သူ၏စိတ်ထဲတွင် လွန်စွာကျေနပ်အားရနေမိသည်။
ဇူယွမ်....ဇူယွမ်....မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားမှာ နည်းနည်းလေး အဆင်ပြေသွားရုံနဲ့ အရာအားလုံးကို ပြောင်းပစ်နိုင်ပြီများ ထင်နေလားကွ.. ဟမ်....
မူလသူတော်စင်တောင်ထွတ်က ဓားကပ်ဘေးတောင်ထွတ်ထက် အဆပေါင်းများစွာ နိမ့်ပါးနေတုန်းပဲ....ဟားဟား......
အပိုင်း ( ၅၄၈ ) : မုရှောင်းမန်
ကွင်းပြင်ကျယ်ကြီးမှာ ပျားပန်းခတ်မျှ စည်ကားသိုက်ဝန်းနေလေသည်။
တပည့်အသစ်များမှာ ကျောက်တုံးစင်မြင့်ခုနစ်ခုအပေါ်၌ အသီးသီး နေရာယူထားလျက် ရှိ၏။ မည်သို့ပင်ဆိုစေကာမူ အခြားသော တောင်ထွတ်ခြောက်ခုနှင့် နှိုင်းယှဉ်ကြည့်ပါက မူလသူတော်စင်တောင်ထွတ်တွင်ရှိနေသော တပည့်အသစ်ဦးရေမှာ အလွန်ပင် နည်းပါးလှပေသည်။
ထို့အပြင် မူလသူတော်စင်တောင်ထွတ်၏ စင်မြင့်ပေါ်၌ တပည့်ခေါင်းဆောင် ရှိမနေခြင်းက တပည့်အသစ်များ၏ စိတ်ဝင်စားမှုအား များစွာလျော့ပါးသွားစေသည်။ ထို့အတွက်ကြောင့်ပင် မူလသူတော်စင်တောင်ထွတ်ဆီသို့ တပည့်အနေဖြင့် ဝင်ရောက်လိုသော အရေအတွက်မှာ နည်းပါးနေရခြင်း ဖြစ်သည်။
ဇူထိုက်နှင့် လုယန်းတို့မှာ အလွန်ပင် စိတ်ညစ်နေရပြီ ဖြစ်သည်။ ဤပုံစံအတိုင်းသာဆိုပါက ယခုနှစ်တွင်လည်း မူလသူတော်စင်တောင်ထွတ်မှာ အရည်အချင်းမပြည့်မှီသော တပည့်ဦးရေအနည်းငယ်ကိုသာ လက်ခံရရှိတော့မည် ဖြစ်၏။
ဇူထိုက်နှင့် လုယန်းတို့မှာ ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်ရှုနေရင်းဖြင့် ကွင်းပြင်ကျယ်ကြီးအလယ်တွင်ရှိနေသော တပည့်အသစ်အုပ်စုငယ်တစ်ခုအား သတိပြုမိသွားသည်။ ထိုတပည့်အသစ်လေးများမှာ ယခုအချိန်ထိ မည်သည့်တောင်ထွတ်ကိုမှ ဝင်ရောက်ခြင်းမပြုပဲ လေ့လာသုံးသပ်နေကြဆဲဖြစ်ဟန် ရှိ၏။
ဇူထိုက်တို့သာမကပဲ အခြားသော တောင်ထွတ်ခြောက်ခု၏ တပည့်ခေါင်းဆောင်များမှာလည်း ထိုတပည့်အသစ်အုပ်စုငယ်အား ဦးဆောင်ထားသည့်သူကို စိတ်ဝင်တစား စောင့်ကြည့်နေကြလေသည်။
ထိုအုပ်စုငယ်အား ဦးဆောင်ထားသူမှာ မိန်းမငယ်လေးတစ်ဦးဖြစ်ပြီး မိုးပြာရောင်လွင်သော အဝတ်အစားအား ဆင်မြန်းထားသည်။ သူမ၏ မျက်ဝန်းများမှာ ကြယ်ပွင့်လေးများကဲ့သို့ တောက်ပရွှန်းလဲ့နေပြီး သွားများမှာလည်း ပုလဲလုံးလေးများသဖွယ် ဖြူဖွေးကြည်လင်နေ၏။ သူမသည် မဟူရာဆံနွယ်ရှည်လေးများအား အနောက်သို့ သပ်ရပ်စွာဖြင့် ခပ်မြင့်မြင့် စုချည်ထားလေသည်။ သူမ၏ ဇင်ယော်မျက်ခုံးလေးများမှာ ရှည်လျားသွယ်လျလှကာ အလွန်ပင် ကျက်သရေရှိသောအသွင်ကို ဆောင်နေ၏။
ထိုမိန်းမငယ်လေး၏ အမည်မှာ မုရှောင်းမန်ပင် ဖြစ်သည်။ သူမသည် ရှန်ဇူတိုက်ကြီး၏ အင်အားအကြီးဆုံး ကလန်တစ်ခုမှ လာရောက်ခဲ့ခြင်း ဖြစ်သည့်အပြင် ယခုကျင်းပပြီးစီးခဲ့သော တောင်ထွတ်ရွေးချယ်ခြင်းအခမ်းအနားတွင်လည်း ချန်ပီယံနေရာအား ရရှိခဲ့သူ ဖြစ်၏။
မုရှောင်းမန်သည် ဖြောင့်မတ်တည်ကြည်ကာ ရည်မှန်းချက်ကြီးမားသူတစ်ဦး ဖြစ်လေသည်။ သူမသည် လက်ရှိတပည့်အသစ်များပေါ်တွင်လည်း လွှမ်းမိုးနိုင်စွမ်းရှိသူ ဖြစ်၏။ ထို့ကြောင့် သူမအနားတွင်ရှိနေသော တပည့်များမှာ ယခုကျင်းပပြီးစီးခဲ့သော တောင်ထွတ်ရွေးချယ်ခြင်းအခမ်းအနား၌ အမြင့်မားဆုံးအဆင့်များကို ရရှိထားကြသူများသာ ဖြစ်သည်။
ကြည့်လိုက်ရုံမျှဖြင့်ပင် မုရှောင်းမန်သည် ထိုတပည့်အုပ်စု၏ ခေါင်းဆောင်သူတစ်ဦးဖြစ်ကြောင်း ထင်ရှားနေပေသည်။ သူမ၏အနီးတွင် ရှိနေကြသော တပည့်များမှာ သူမ မည်သည့်တောင်ထွတ်အား ရွေးချယ်ဝင်ရောက်မည်ကို စောင့်ဆိုင်းလျက် ရှိ၏။
"စီနီယာအမတော်ရှောင်းမန် အခုချိန်ထိ ဘယ်တောင်ထွတ်ကို သွားရမလဲဆိုတာ တွေဝေနေတုန်းပဲလား။ တောင်ထွတ်ခြောက်ခုထဲမှာ ဘယ်တောင်ထွတ်ကို သဘောကျလဲ။ ကျွန်တော်တို့ကို ပြောလေ။" သူမအနီးတွင်ရှိနေသော လူငယ်လေးတစ်ဦးမှ ပြုံးကာစကားဆိုလိုက်သည်။
မုရှောင်းမန်မှာ ကျောက်တုံးစင်မြင့်များအား ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် လူအင်အားနည်းပါးစွာရှိနေသော မူလသူတော်စင်တောင်ထွတ်၏ စင်မြင့်အား ငေးမောကြည့်ရှုလိုက်သည်။
"မူလသူတော်စင်တောင်ထွတ်လား။" မုရှောင်းမန်၏ အနီးတွင်ရှိနေသော တပည့်များမှာ အံ့အားသင့်သွားကြ၏။ "စီနီယာအမတော်ရှောင်းမန် မူလသူတော်စင်တောင်ထွတ်ကိုတော့ စဉ်းတောင်မစဉ်းစားဖို့ အကြံပေးချင်တယ်။ သူတို့ဆီမှာက တောင်ထွတ်ဆရာသခင်တောင် ရှိတာမဟုတ်ဘူး။"
မုရှောင်းမန်မှာ ထိုတပည့်အုပ်စုအားကြည့်ကာ ညင်သာစွာ စကားဆိုလိုက်သည်။ "နင်တို့သိရဲ့လား။ မူလသူတော်စင်တောင်ထွတ်က တောင်ထွတ်ဆရာသခင်မရှိဘူးဆိုပေမယ့် ချိပ်စည်းပြယ်သွားတဲ့အတွက် ကျင့်ကြံရေးအရင်းအမြစ်တွေက ပေါလျှံကြွယ်ဝနေတဲ့နေရာပဲ။ အဲ့လိုနေရာမျိုးကို ငါတို့မသွားသင့်ဘူးလား။ နင်တို့မှာသာ အရည်အချင်း အစစ်အမှန်ရှိရင် ဘယ်တောင်ထွတ်ကိုပဲသွားသွား နင်တို့ရဲ့ ဂုဏ်သတင်းက မွှေးပျံ့နေမှာပဲ။ တကယ်ယှဉ်ပြောရမယ်ဆိုရင် တခြားတောင်ထွတ်ခြောက်ခုက လူအင်အားများပြီး အခြေခံအုတ်မြစ်လည်း ကောင်းတယ်ဆိုပေမယ့် အရည်အချင်းတော့ သိပ်မရှိကြပါဘူး။"
"ပြီးတော့ နင်တို့သိရဲ့လား။ အခုလက်ရှိ မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်က ကလန်ထဲရောက်ပြီး ဘယ်လောက်အကြာမှာ အဲ့နေရာကို ရခဲ့တာလဲဆိုတာ။"
အခြားသော တပည့်များမှာ တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်ကြ၏။ ၎င်းတို့သည် အပြင်တောင်မှ ဝင်ရောက်လာကြခြင်းဖြစ်သောကြောင့် အတွင်းတောင်၏ သတင်းအချက်အလက်များအား ထိုမျှလောက်အထိ သိရှိကြခြင်း မရှိပေ။
ရှောင်းမန်မှာ ခပ်ဖွဖွပြုံးကာ လက်တစ်ချောင်းအား ထောင်ပြလိုက်သည်။ "အတွင်းတောင်ကိုရောက်ပြီး တစ်နှစ်အကြာမှာပဲ တပည့်ခေါင်းဆောင် ဖြစ်လာခဲ့တာ။ အဲ့မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်က မနှစ်က တောင်ထွတ်ရွေးချယ်ပွဲအခမ်းအနားမှာ ချန်ပီယံဖြစ်ခဲ့တဲ့သူပဲ။"
"ငါမှတ်မိသလောက်ဆိုရင် အဲ့စီနီယာအကိုတော်ရဲ့ နာမည်က ဇူယွမ်တဲ့။"
အခြားသော တပည့်များမှာ အလွန်ပင် အံ့အားသင့်သွားကြ၏။ "တစ်နှစ်အတွင်းမှာတင် တပည့်ခေါင်းဆောင် ဖြစ်သွားတာလား။"
ထိုသို့ လျင်မြင်စွာ တိုးတက်သွားသော အခြေအနေမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် အံ့အားသင့်စရာ ကောင်းလှသည်။ ပုံမှန်အားဖြင့် အတွင်းတောင်သို့ ရောက်ရှိလာသော တပည့်များသည် အနက်ရောင်ခါးစည်းအဆင့်ဖြင့်သာ စတင်ကြရလေ့ ရှိသည်။ ထို့နောက်မှသာ ရွှေခါးစည်းအဆင့်သို့ တက်လှမ်းကြရ၏။ ရွှေခါးစည်းအဆင့်သို့ ရောက်ရှိပြီးလျှင်မူ ခရမ်းရောင်ခါးစည်းရွေးချယ်ခြင်း အခမ်းအနား၌ ပါဝင်ယှဉ်ပြိုင်ကာ ခရမ်းရောင်ခါးစည်းအဆင့်သို့ တက်လှမ်းကြရခြင်း ဖြစ်သည်။ ထိုခရမ်းရောင်ခါးစည်းအဆင့်သို့ ရောက်ရှိသွားသည့်အခါမှသာ တပည့်ခေါင်းဆောင်ရွေးချယ်ခြင်း အခမ်းအနားတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် အပတ်တကုတ် ကြိုးစားသင်ယူရခြင်း ဖြစ်၏။ ထို့ကြောင့် တစ်နှစ်အတွင်း ခရမ်းရောင်ခါးစည်း တပည့်အဖြစ်သို့ တက်လှမ်းနိုင်ရန်မှာပင် လွန်စွာခက်ခဲလှပေသည်။
"မူလသူတော်စင်တောင်ထွတ်မှာ တပည့်ခေါင်းဆောင်ဖြစ်ဖို့က အရမ်းလွယ်တယ်ထင်တယ်...အဟက်။" တပည့်တစ်ဦးမှ ပျက်ရယ်ပြုကာ စကားဆိုလိုက်၏။ ၎င်း၏အမြင်တွင်မူ တစ်နှစ်အတွင်း တပည့်ခေါင်းဆောင် ဖြစ်လာရခြင်းမှာ မူလသူတော်စင်တောင်ထွတ်၌ အပြိုင်အဆိုင်များမရှိကြပဲ အရည်အချင်း မရှိကြသူများသာ ပြည့်နှက်နေ၍ဖြစ်ရမည်ဟု ယူဆလိုက်သည်။
"ငါကြားတာတော့ မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်ဇူယွမ်က မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားမှာ မူလသူတော်စင်တောင်ထွတ်ကို နံပါတ်တစ်ရအောင် လုပ်ပေးနိုင်ခဲ့တာတဲ့။ အဲ့လူအင်အားနည်းနည်းလေးပဲရှိတဲ့ မူလသူတော်စင်တောင်ထွတ်ကိုနော်။ ပြီးတော့သူက ဓားကပ်ဘေးတောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်ကိုတောင် အနိုင်ရခဲ့သေးတယ်။ အဲ့ဒါနဲ့တင် သူ့ရဲ့အရည်အချင်းကို ငါတို့မြင်နိုင်တယ်။" မုရှောင်းမန်မှ စကားဆိုလိုက်သည်။
မုရှောင်းမန်၏ အနီးတွင်ရှိသော မိန်းမငယ်လေးတစ်ဦးမှ ပြောလိုက်သည်။ "အဲ့ဒါဆိုသူကဘာလို့ ဒီနေရာကို မလာတာလဲဟင်။"
မုရှောင်းမန်မှာလည်း အနည်းငယ် တွေဝေသွားရ၏။ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်ဖြစ်သူမှာ ယခုကဲ့သို့ တောင်ထွတ်ရွေးချယ်ပွဲအခမ်းအနားအား မဖြစ်မနေ တက်ရောက်သင့်ပေသည်။
သူမသည် စိတ်ရှုပ်ထွေးသွားဟန်ဖြင့် တိုးညင်းစွာ ရေရွတ်လိုက်မိသည်။ "ငါရထားတဲ့ သတင်းအချက်အလက်တွေများ မှားနေတာလား။"
"အို...ဘာပဲဖြစ်ဖြစ် မေးကြည့်လိုက်ရင် သိရမှာပဲ။"
မုရှောင်းမန်မှာ တွေးတောလိုက်ပြီးနောက် မူလသူတော်စင်တောင်ထွတ်၏ စင်မြင့်ရှိရာသို့ ပျံဝဲသွားလိုက်သည်။
သူမသည် တောင်ထွတ်ရွေးချယ်ပွဲအခမ်းအနား၏ ချန်ပီယံတစ်ဦး ဖြစ်နေသောကြောင့် မူလသူတော်စင်တောင်ထွတ်ဆီသို့ ပျံဝဲသွားသည်ကို တွေ့ရှိလိုက်ရသောအခါတွင် အခြားသော တောင်ထွတ်ခြောက်ခုမှ အနည်းငယ် အံ့အားသင့်သွားရလေသည်။
ဇူထိုက်နှင့် လုယန်းတို့သည်ပင် ပျံဝဲလာနေသော မုရှောင်းမန်အားကြည့်ကာ မျက်လုံးအဝိုင်းသား ဖြစ်နေရသည်။
"ဒီကစီနီယာအကိုတော်နဲ့ အမတော်ကို ကျွန်မတစ်ခုလောက် မေးလို့ရမလား။" မုရှောင်းမန်မှ စင်မြင့်ပေါ်သို့ဆင်းသက်ကာ ဇူထိုက်တို့အား အရိုအသေပြုရင်းဖြင့် စကားဆိုလိုက်သည်။ ထိုနောက် လျင်မြန်စွာပင် ဆက်လက်မေးမြန်းလိုက်၏။ "အကိုတော်တို့ရဲ့ မူလသူတော်စင်တောင်ထွတ်က မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားမှာ ပထမနေရာ ရခဲ့တယ်ဆို။"
ဇူထိုက်နှင့် လုယန်းမှာ တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်ပြီးနောက် ပျော်ရွှင်စွာပင် ခေါင်းညိတ်စကားဆိုလိုက်ကြသည်။ "ဟုတ်ပါတယ်။ မူလသူတော်စင်တောင်ထွတ်က မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားမှာ ပထမနေရာ ရခဲ့တာပါ။"
မုရှောင်းမန်မှ ပြောလိုက်သည်။ "မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်ဇူယွမ်က ဓားကပ်ဘေးတောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်ပိုင်လီချွီးကို အနိုင်ရခဲ့တာကရော တကယ်ပဲလားဟင်။"
ဇူထိုက်မှာ ကျေနပ်အားရစွာဖြင့် ပြောလိုက်သည်။ "ဟုတ်ပါတယ်။ ဒါကလန်တစ်ခုလုံးသိနေကြတဲ့ အမှန်တရားတွေပါပဲ။"
ဝုန်း....
ထိုအချိန်မှာပင် အနီးနားရှိ စင်မြင့်တစ်ခုမှ ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာလေသည်။ ဇူထိုက်တို့မှ လျင်မြန်စွာ ကြည့်ရှုလိုက်သောအခါတွင် ခက်ထန်နေသော အမူအရာဖြင့် ပိုင်လီချွီးအား တွေ့ရှိလိုက်ရသည်။
ပိုင်လီချွီးမှ အေးစက်စွာ စကားဆိုလိုက်သည်။ "ခရမ်းရောင်ခါးစည်း တပည့်တွေကများ ငါ့ကိုအပုပ်ချစကား ပြောရဲတယ်ပေါ့လေ။"
ဇူထိုက်မှ ပြုံးကာပြောလိုက်သည်။ "တပည့်ခေါင်းဆောင် ပိုင်လီချွီးက ဘာဖြစ်ချင်နေတာလဲ။ မူလရေကန်မှာ ဘာဖြစ်ခဲ့သလဲဆိုတာ လူတိုင်းသိကြတာပဲ။ အခုမှ ငြင်းပယ်ဖို့ ကြိုးစားနေတာလား။"
လုယန်းမှာလည်း ရှုံ့မဲ့လျက် စကားဆိုလိုက်သည်။ "နင်ဇူယွမ်ကို ရှုံးခဲ့တယ်ဆိုတာ အမှန်တရားပဲလေ။ ငါတို့က တမင်သက်သက်များ မဟုတ်တာ လုပ်ကြံပြောနေလို့လား။"
ပိုင်လီချွီးမှ အေးစက်စွာ ပြောလိုက်သည်။ "အရင်တုန်းက ဖြစ်ခဲ့တာကို ငါဂရုမစိုက်ဘူး။ အခုချိန် ဇူယွမ်သာ ငါရှေ့မှာပေါ်လာရင် ဘာဖြစ်သွားမလဲသိလား။ ငါက အရင်ကနဲ့ မတူတော့ဘူး။"
ဝုန်း.....
ပိုင်လီချွီးမှာ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလျက် အစစ်အမှန် မူလစဦး နဝမအဆင့်တစ်ဦး၏ သန်မာမှုအား ပြသလိုက်လေသည်။
အခြားတောင်ထွတ်များ၏ တပည့်များမှာ ပိုင်လီချွီးမှ မူလသူတော်စင်တောင်ထွတ်၏ တပည့်များအား ယခုကဲ့သို့ အနိုင်ကျင့်နေခြင်းကို အနည်းငယ်မျှ သဘောမကျပါသော်လည်း မည်သို့မှ မပြုလုပ်နိုင်ပဲ ခေါင်းကိုသာ ခါယမ်းနေကြရ၏။ မူလသူတော်စင်တောင်ထွတ်အား ဝင်ရောက်ရန်အတွက် စိတ်ဝင်စားနေကြသော တပည့်အသစ်အချို့မှာလည်း ဆုံးဖြတ်ချက်များ ဇဝေဇဝါ ဖြစ်ကုန်ကြရသည်။
ဝုန်း....
သို့သော် ထိုအချိန်၌ပင် ကျယ်လောင်လှသော အသံတစ်ခုအား ကြားလိုက်ရကာ ရွှေရောင်အလင်းတန်းတစ်ခု ကောင်းကင်ထက်မှ ဆင်းသက်လာလေသည်။
ထိုရွှေရောင်အလင်းတန်းမှာ မူလသူတော်စင်တောင်ထွတ်၏ စင်မြင့်ရှိရာသို့ ဆင်းသက်လာပြီးနောက် လူငယ်တစ်ဦး၏အသွင် ပေါ်ထွက်လာသည်။
ထိုလူငယ်မှာ ပိုင်လီချွီးအား အေးစက်စွာ ကြည့်ရှုလိုက်ပြီးနောက် တည်ငြိမ်စွာပင် စကားဆိုလိုက်သည်။
"ဘာလို့ ဓားကပ်ဘေးတောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်က မူလသူတော်စင်တောင်ထွတ်က တပည့်တွေကို အနိုင်ကျင့်နေရတာလဲ။ မင်းကစားဖို့ ဆန္ဒရှိတယ်ဆိုရင် ငါကမင်းရဲ့ ဆုတောင်းကို ဖြည့်ဆည်းပေးမှာပေါ့။"
အပိုင်း ( ၅၄၉ ) : ချီစွမ်းအင်များမှကြယ်ပွင့်များအဖြစ်သို့ပြောင်းလဲခြင်း
ရွှေရောင်ပုံရိပ်တစ်ခု ကောင်းကင်ထက်မှ ဆင်းသက်လာသည်နှင့်တစ်ပြိုင်နက် ပိုင်လီချွီးထံမှ ထွက်ပေါ်နေသော စွမ်းအင်ဖိအားများမှာ အားနည်းသွားရလေသည်။
ကွင်းပြင်အတွင်းရှိနေသော တပည့်အသစ်များမှာ ခန့်ညားထည်ဝါစွာ ဆင်းသက်လာသော ရွှေရောင်ပုံရိပ်အား အံ့အားသင့်စွာ ငေးမောကြည့်ရှုလိုက်ကြသည်။
"အဲ့ဒါ မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်ဇူယွမ်လား။"
တပည့်များစွာမှ အံ့အားသင့်စွာ ရေရွတ်လိုက်ကြ၏။
နှစ်လမျှသော အချိန်များ ကုန်ဆုံးသွားပြီးသည့်နောက် ဇူယွမ်မှာ နဂါးကိုးကောင်ကောင်းချီးအား လက်ခံရယူခြင်း ပြီးဆုံးခဲ့ပြီပင် ဖြစ်သည်။
"ဂျူနီယာညီတော်ဇူယွမ်။" ဇူထိုက်တို့မှာ အလွန်ပင် ပျော်ရွှင်ဝမ်းမြောက်သွားရသည်။
စင်မြင့်ထက်တွင်ရှိနေသော မုရှောင်းမန်မှာလည်း ဇူယွမ်အား စိတ်ဝင်တစားဖြင့် ငေးမောကြည့်ရှုနေလေသည်။
“..ဝါး...”
ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များမှာမူ ဇူယွမ်ရောက်ရှိလာသည့်အတွက် အနည်းငယ်မျှ စိတ်မသက်မသာ ဖြစ်ကုန်ကြရသည်။ မူလရေကန်အတွင်း ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များအပြီး၌ ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များမှာ ဇူယွမ်အား ကြောက်ရွံ့နေကြပြီပင် ဖြစ်၏။
ပိုင်လီချွီးမှာ ခက်ထန်စွာဖြင့် ဇူယွမ်အားကြည့်ကာ စကားဆိုလိုက်သည်။ "မင်းစကားလုံးတွေက ရဲတင်လိုက်ချည်လား။ အရင်တစ်ခါက မင်းငါ့ကိုနိုင်တယ်ဆိုတာ ငါကဓားကပ်ဘေးတောင်ထွတ်က တပည့်တွေအတွက် အရမ်းကို စိုးရိမ်ပူပန်နေခဲ့လို့ကွ။ အဲ့ဒါကြောင့် ကောင်းကောင်းမတိုက်ခိုက်နိုင်ပဲ မင်းကိုရှုံးသွားရတာ။ အခုသာတိုက်ရင် မင်းဘာဖြစ်သွားမလဲသိလား။"
ဇူယွမ်ရောက်ရှိလာခြင်းအပေါ် ပိုင်လီချွီးမှာ အံ့အားသင့်နေမိပါသော်လည်း အနည်းငယ်မျှ ကြောက်ရွံ့ထိတ်လန့်ခြင်း မဖြစ်မိပေ။ လက်ရှိအချိန်တွင် သူသည် ယခင်ကနှင့် မတူတော့ပဲ မူလစဦး နဝမအဆင့်သို့ ရောက်ရှိနေပြီပင် ဖြစ်လေသည်။ ထိုအချက်မှာ ပိုင်လီချွီးအား များစွာယုံကြည်ချက် ရှိစေ၏။
ထို့ကြောင့် ပိုင်လီချွီးမှာ လက်ရှိအချိန်တွင်သာ ဇူယွမ်နှင့် ထပ်မံတိုက်ခိုက်ရပါက တစ်ချက်တည်းဖြင့်ပင် အနိုင်ရရှိလိမ့်မည်ဟု တစ်ထစ်ချ ယုံကြည်ထားပေသည်။
ဝုန်း....
ပိုင်လီချွီးမှာ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီးနောက် အခိုးအငွေ့အလား ကောင်းကင်ထက်သို့ ပျံဝဲသွားလိုက်သည်။ ပတ်ဝန်းကျင်တစ်ခွင်လုံးသည် ပြင်းထန်လှသော စွမ်းအင်ဖိအားများနှင့် ပြည့်နှက်သွားရ၏။
ပိုင်လီချွီးမှာ ဇူယွမ်အား မထီမဲ့မြင်ပြုစွာဖြင့် ကြည့်ရှုလိုက်သည်။ မူလစဦး နဝမအဆင့်သို့ ရောက်ရှိသွားပြီးနောက် သူ၏ချီပင်လယ်အတွင်း၌ ချီကြယ်ပွင့်များမှာ ကိုးထောင်ကျော်မျှအထိ ရှိလာပြီ ဖြစ်သည်။
ပိုင်လီချွီးမှ အေးစက်စွာ စကားဆိုလိုက်သည်။ "ဇူယွမ် အခုရော မင်းငါနဲ့ တိုက်ရဲသေးလား။"
ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာမူ ပိုင်လီချွီးအား လေးစားအားကျသော မျက်ဝန်းများဖြင့် ငေးမောကြည့်ရှုနေကြသည်။ တပည့်အသစ်များမှာမူ ပိုင်လီချွီးထံမှ ထွက်ပေါ်လာသော ပြင်းထန်လှသည့် စွမ်းအင်ဖိအားများကြောင့် ကြောက်ရွံ့ထိတ်လန့်နေကြသည်။
ဇူထိုက်နှင့် လုယန်းတို့မှာလည်း အလွန်ပင် စိုးရိမ်ပူပန်သွားကြရ၏။ ယခုလက်ရှိ ပိုင်လီချွီးသည် မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားတုန်းကနှင့် မတူညီတော့ပဲ မူလစဦး နဝမအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
ဇူယွမ်မှာလည်း ပိုမိုသန်မာလာသော ပိုင်လီချွီးအားကြည့်ကာ အနည်းငယ် အံ့အားသင့်သွားရသည်။ သို့သော် ယခုကုန်လွန်ခဲ့သော နှစ်လအတွင်း တိုးတက်လာသူမှာ ပိုင်လီချွီးတစ်ဦးတည်း မဟုတ်ပါချေ။ ဇူယွမ်သည်လည်း နဂါးကိုးကောင်ကောင်းချီးအား လက်ခံရရှိထားခဲ့သူ ဖြစ်၏။
"မင်းက အရမ်းတွေ ယုံကြည်ချက် ရှိနေတယ်ပေါ့လေ။"
ဇူယွမ်မှ ပြုံးကာစကားဆိုလိုက်သည်။ သူသည် တည်ငြိမ်စွာဖြင့်ပင် ပိုင်လီချွီးထံမှ ပြင်းထန်လှသော စွမ်းအင်ဖိအားများအား လက်ခံရယူလိုက်၏။
ဝုန်း....
ဇူယွမ်၏ ဦးခေါင်းထက်မှ ရွှေရောင်ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာလေသည်။ ကြောက်မက်ဖွယ်ကောင်းလှသော ချီစွမ်းအင်များမှာ ပတ်ဝန်းကျင်တစ်ခွင်လုံးအား ပျံ့နှံ့လွှမ်းခြုံသွား၏။
ထိုပြင်းထန်လှသော ရွှေရောင်ချီစွမ်းအင်များကြောင့် ပိုင်လီချွီးထံမှ ထွက်ပေါ်နေသော ချီစွမ်းအင်များသည်ပင် ဖိနှိပ်ခြင်းခံရကာ အနောက်သို့ဆုတ်သွားရသည်။ပိုင်လီချွီးမှ အတင်းအကြပ် ဖိနှိပ်ခြင်းခံနေရသည်အား လူတိုင်းမှ မြင်တွေ့နေရလေသည်။
ထိုမြင်ကွင်းမှာ တပည့်များကိုသာမက တောင်ထွတ်အသီးသီး၏ တပည့်ခေါင်းဆောင်များကိုပါ အံ့သြတုန်လှုပ်သွားစေသည်။ ၎င်းတို့အားလုံးမှာ ကောင်းကင်ထက်တွင်ရှိနေသော ဇူယွမ်အား အံ့အားသင့်စွာဖြင့် ငေးမောကြည့်ရှုလိုက်ကြ၏။
ဇူယွမ်ထံမှ ရွှေရောင်ချီစွမ်းအင်များနှင့် အလင်းတန်းများ ထွက်ပေါ်နေလေသည်။ ထိုအလင်းတန်းများအကြားတွင် ရွှေရောင်ကြယ်ပွင့်များ ယိမ်းနွဲ့ကခုန်နေခြင်းက အလွန်ပင် မင်သက်စရာကောင်းသောမြင်ကွင်းအား ဖြစ်ပေါ်စေ၏။
တပည့်ခေါင်းဆောင်များမှ အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။ "ဒါ...ဒါက..ချီစွမ်းအင်တွေကနေ ကြယ်ပွင့်အဖြစ်ကို ပြောင်းနေတာမလား။"
ချီစွမ်းအင်အခြေခံအုတ်မြစ်၏ သိပ်သည်းကျစ်လစ်မှုသည် အနေအထားတစ်ခုသို့ ရောက်ရှိသွားပါက ထူးခြားသောဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာလိမ့်မည်ဖြစ်သည်။ ထိုဖြစ်စဉ်အား ချီစွမ်းအင်မှ ကြယ်ပွင့်များအဖြစ်သို့ ပြောင်းလဲခြင်းဟု ခေါ်ဆိုသည်။ သို့သော် ထိုဖြစ်စဉ်သည် ချီပင်လယ်အတွင်း ချီကြယ်ပွင့်တစ်သောင်းကျော်သွားမှသာ ဖြစ်ပေါ်လာခြင်း ဖြစ်၏။
"ချီစွမ်းအင်တွေက ကြယ်ပွင့်တွေအဖြစ် ပြောင်းနေတာပဲ။ ဒါက ချီပင်လယ်ထဲမှာ ချီကြယ်ပွင့်တစ်သောင်းကျော်သွားလို့ ဖြစ်လာတဲ့အရာပဲ။" ကန်ရွှမ်းတောင်ထွတ်၏ တပည့်ခေါင်းဆောင်ဖြစ်သူ ထန်းမုရှင်းမှ ဇူယွမ်အား ငေးမောကြည့်ရှုကာ အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။ နှစ်လမျှသော အချိန်အတွင်းမှာပင် ဇူယွမ်၏ ချီစွမ်းအင်အခြေခံအုတ်မြစ်မှာ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် သန်မာလာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်ထားလိမ့်မည်မဟုတ်ပေ။
အခြားသော တောင်ထွတ်များမှ တပည့်ခေါင်းဆောင်များမှာလည်း ပါးစပ်အဟောင်းသားဖြင့် ဇူယွမ်အား ငေးမောကြည့်ရှုနေကြလေသည်။ အတိတ်ကာလများ၌ ဇူယွမ်၏ တိုက်ပွဲစွမ်းရည်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကောင်းမွန်ပါသော်လည်း ချီစွမ်းအင်သည် ကျန်ရှိသော တပည့်ခေါင်းဆောင်များထက် နိမ့်ပါးနေခဲ့၏။ သို့သော် ယခုအခါတွင် နဂါးကိုးကောင်ကောင်းချီးအား ခံယူရရှိပြီးသည့်နောက် ရုတ်ချည်းဆိုသလိုပင် ၎င်းတို့ထက် သာလွန်သွားခဲ့ရပြီပင် ဖြစ်သည်။
"နဂါးကိုးကောင်ကောင်းချီးက သူ့ကိုဘယ်လောက်တောင်များ သန်မာသွားစေခဲ့ပါလိမ့်။" တပည့်ခေါင်းဆောင်များအားလုံး၏ အတွေးထဲတွင် ထိုမေးခွန်းကိုသာ ထပ်ခါတစ်လဲလဲ တွေးတောနေမိကြသည်။
ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ တိတ်ဆိတ်ငြိမ်သက်နေလျက်ရှိပြီး တပည့်များအားလုံးမှာ ဇူယွမ်ထံမှ ထွက်ပေါ်နေသော ချီကြယ်ပွင့်များအား အံ့အားသင့်စွာ ငေးမောကြည့်ရှုနေကြလေသည်။
ပိုင်လီချွီး၏ ချီစွမ်းအင်များမှာလည်း မြေခွေးငယ်တစ်ကောင်မှ ကျားရဲကြီးနှင့် တွေ့လိုက်ရသကဲ့သို့ အတင်းအကြပ် ဖိနှိပ်ခြင်း ခံနေရဆဲ ဖြစ်သည်။ ပိုင်လီချွီးအပေါ် တပည့်အသစ်များ၏ အထင်ကြီးလေးစားမှုများ ပျောက်ဆုံးကုန်ရသည်။
ပိုင်လီချွီးမှာလည်း အံ့အားသင့်ခြင်းနှင့်အတူ နှလုံးသွေးများပင် အေးစက်တောင့်တင်းလာရသယောင် ရှိသည်။ ဇူယွမ်ထံမှ ထူးခြားဆန်းကြယ်စွာ ထွက်ပေါ်နေသော ချီကြယ်ပွင့်များအား မြင်တွေ့ရသည်မှာပင် အလွန်ပင် နာကျင်စရာ ကောင်းလွန်းလှ၏။
ချီစွမ်းအင်အခြေခံအုတ်မြစ်နှင့်ပက်သတ်၍ အပြည့်အဝရှိနေခဲ့သော ယုံကြည်ချက်များမှာလည်း ယခုအခါတွင် တစ်စစီ ကျိုးပဲ့ပျက်စီးကုန်ရပြီပင် ဖြစ်၏။
မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနား၌ သူ၏ ချီစွမ်းအင်များသည် ဇူယွမ်ထက် အဆပေါင်းများစွာ သာလွန်ခဲ့ပေသည်။ သို့သော် ထိုအချိန်၌ပင် ဇူယွမ်အား ရှုံးနိမ့်ခဲ့ရ၏။
ယခုအခါတွင်မူ ဇူယွမ်၏ ချီစွမ်းအင်အခြေခံအုတ်မြစ်မှာ ၎င်းထက်ပင် သာလွန်သွားပြီ ဖြစ်လေသည်။
ဇူယွမ်မှာ တည်ငြိမ်အေးစက်စွာဖြင့် ပိုင်လီချွီးအား ကြည့်ရှုနေသည်။ နဂါးကိုးကောင်ကောင်းချီးအား လက်ခံရရှိခဲ့ပြီးနောက် ဇူယွမ်မှာ မယုံနိုင်စရာကောင်းလောက်အောင်ပင် အကျိုးကျေးဇူးများစွာ ရရှိခဲ့၏။ သူ၏ ချီပင်လယ်အတွင်းရှိ ချီကြယ်ပွင့်အရေအတွက်မှာလည်း တစ်သောင်းကျော်အထိ ဖြစ်သွားခဲ့သည်။
ပုံမှန်မူလစဦး နဝမအဆင့် ကျင့်ကြံသူများသည်ပင် ထိုမျှများပြားသော ချီကြယ်ပွင့်အရေအတွက် ရှိနေလိမ့်မည် မဟုတ်ပေ။
ဇူယွမ်၏ ချီစွမ်းအင်ကျင့်ကြံခြင်းအဆင့်မှာလည်း မူလစဦး သတ္တမအဆင့်သို့ ရောက်ရှိသွားခဲ့လေသည်။
များစွာသော အကြည့်များ၏အောက်၌ပင် ဇူယွမ်မှာ ပိုင်လီချွီးအား အေးစက်စွာ စကားဆိုလိုက်၏။ "ပြီးခဲ့နဲ့နှစ်လအတွင်း မင်းတော်တော်တိုးတက်လာတာပဲ။ ဒါပေမယ့် စိတ်မကောင်းစရာက ငါ့ရဲ့တိုးတက်မှုကို မမှီသေးဘူး။"
"အဲ့ဒီတော့...."
"အခုရော မင်းငါနဲ့ ချရဲသေးလား။"
အပိုင်း ( ၅၅၀ ) : တပည့်အသစ်များအားလက်ခံခြင်း
ဇူယွမ်၏စကားအား ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် စောင့်ကြည့်နေကြသော တပည့်များမှာ ပိုင်လီချွီးအား ကြည့်ရှုလိုက်ကြသည်။
များစွာသော အကြည့်များ၏အောက်တွင် ပိုင်လီချွီး၏ အမူအရာမှာ တစ်စထက်တစ်စ ပိုမိုခက်ထန်လာရသည်။ လက်ရှိအချိန်၌ ဇူယွမ်နှင့် တိုက်ခိုက်ခြင်းမှာ မသင့်လျော်မှန်း သိရှိနေပါသော်လည်း ဒေါသစိတ်ကြောင့် အသိတရားများပင် ပျောက်ဆုံးချင်နေပြီ ဖြစ်၏။
လွန်ခဲ့သော နှစ်လအတွင်း သူ၏ချီစွမ်းအင်များမှာ ယခင်ကထက် များစွာတိုးတက်လာခဲ့ပါသော်လည်း ဇူယွမ်၏တိုးတက်မှုမှာ ၎င်းထက် အဆပေါင်းများစွာ သာလွန်နေပေသည်။
ယခင်အချိန်များ၌ ဇူယွမ်၏ ချီစွမ်းအင်သည် ပိုင်လီချွီးကဲ့သို့သော ဝါရင့်ခရမ်းရောင်ခါးစည်း တပည့်များထက် သိသာစွာပင် နိမ့်ပါးနေခဲ့ပါသော်လည်း ယခုအခါတွင်မူ ၎င်းတို့အားလုံးထက် သာလွန်သွားပြီပင် ဖြစ်၏။
အတိတ်ကာလများ၌ပင် ဇူယွမ်၏ တိုက်ပွဲစွမ်းရည်မှာ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ကောင်းမွန်ခဲ့သည်။ ယခုအချိန်သာဆိုပါက တွေးကြည့်စရာပင် လိုအပ်တော့မည်မဟုတ်ချေ။
ပိုင်လီချွီးမှာ အေးစက်ခက်ထန်စွာဖြင့် ဇူယွမ်အားကြည့်ကာ အံကြိတ်၍စကားဆိုလိုက်သည်။ "ဇူယွမ် မင်းသိပ်လည်းပျော်မနေနဲ့ဦး။ မိစ္ဆာသတ်ဓားစက်ဝန်းကို ပြီးပြည့်စုံတဲ့အဆင့်ထိ ရောက်သွားပြီဆိုတာနဲ့ ငါကိုယ်တိုင် မင်းဆီလာခဲ့မယ်။"
အစောပိုင်း၌ မောက်မာနေခဲ့သော ဓားကပ်ဘေးတောင်ထွတ်၏ တပည့်ခေါင်းဆောင် ပိုင်လီချွီးမှာ ယခုအချိန်တွင် မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်ဖြစ်သူ ဇူယွမ်အား တိုက်ခိုက်ရန် မဝံ့ရဲတော့ပဲ နောက်ဆုတ်လိုက်ပြီပင် ဖြစ်၏။
များပြားလှသော တပည့်အသစ်များမှာ ကောင်းကင်ထက်တွင်ရှိနေသော ဇူယွမ်၏ပုံရိပ်အား လေးစားအားကျနေသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်ကြသည်။ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်ဖြစ်သူ ဇူယွမ်မှာ ဓားကပ်ဘေးတောင်ထွတ်၏ တပည့်ခေါင်းဆောင်ဖြစ်သူ ပိုင်လီချွီးအား လူအများရှေ့၌ပင် ဖိနှိပ်ပြခဲ့လေသည်။
ထို့အပြင် အလွန်အံ့အားသင့်စရာကောင်းသောအရာမှာ ဇူယွမ်သည် လွန်ခဲ့သော တစ်နှစ်ခန့်ကမှ အတွင်းတောင်ဆီသို့ ရောက်ရှိလာခဲ့သည်ဟူသော အချက်ပင်ဖြစ်သည်။ တစ်နှစ်မျှသော အချိန်အတွင်းမှာပင် ဇူယွမ်မှာ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် တိုးတက်လာခဲ့၏။ ယခုဆိုလျှင် ဓားကပ်ဘေးတောင်ထွတ်၏ တပည့်ခေါင်းဆောင်ဖြစ်သူသည်ပင် ၎င်း၏ဖိနှိပ်ခြင်းအား လူအများ၏ရှေ့၌ပင် ခံယူလိုက်ရလေသည်။
တပည့်များမှာ လေးစားအားကျစွာဖြင့် ဇူယွမ်အား ငေးမောကြည့်ရှုနေသကဲ့သို့ မုရှောင်းမန်၏ မျက်ဝန်းလေးများမှာလည်း လင်းလက်တောက်ပနေလျက် ရှိသည်။ ဇူယွမ်သည် အမှန်တကယ်ပင် အရည်အချင်းရှိလှ၏။
မုရှောင်းမန်၏ ဘေးတွင်ရှိနေသော ဇူထိုက်တို့မှာလည်း အလွန်ပင် ပျော်ရွှင်နေကြရသည်။ ဖိနှိပ်ခံလိုက်ရသော ပိုင်လီချွီးအားကြည့်ကာ ဇူယွမ်အတွက် ကျေနပ်ပီတိများလည်း ဖြစ်ပေါ်နေရ၏။
အတိတ်ကာလများ၌ မူလသူတော်စင်တောင်ထွတ်သည် ဓားကပ်ဘေးတောင်ထွတ်၏ အပျင်းပြေ အနိုင်ကျင့်နှိပ်စက်စရာတစ်ခုသာ ဖြစ်ခဲ့သည်။ ယခုတွင်မူ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်ဖြစ်သူ ဇူယွမ်မှာ ဓားကပ်ဘေးတောင်ထွတ်၏ တပည့်ခေါင်းဆောင်ဖြစ်သူ ပိုင်လီချွီးအား လူအများရှေ့၌ပင် ဖိနှိပ်ပြနိုင်ခဲ့ပြီ ဖြစ်၏။
"မင်းတို့အားလုံး တော်ကြတော့။"
ကြီးကြပ်ရေးမှူးမှ တင်းမာနေသော အခြေအနေများအား တားဆီးရန် စကားဆိုလိုက်သည်။
ဇူယွမ်မှာ အေးစက်စွာဖြင့် ပိုင်လီချွီးအား တစ်ချက်မျှကြည့်ရှုလိုက်ပြီးနောက် ချီစွမ်းအင်များကို ရုတ်သိမ်းလိုက်၏။ ထို့နောက် တပည့်အသစ်များအား ကြည့်ရှုလိုက်သောအခါတွင် အတိတ်ကာလအား ပြန်လည်အမှတ်ရလိုက်မိသည်။ လွန်ခဲ့သော တစ်နှစ်ခန့်က သူသည်လည်း ဤနေရာ၌ ရပ်နေခဲ့ရခြင်းပင် ဖြစ်လေသည်။
ထိုစဉ်အချိန်၌ ဇူယွမ်မှာ တစ်နှစ်ကြာပြီးသည့်နောက်တွင် မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်တစ်ဦး ဖြစ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
ဇူယွမ်မှာ သက်ပြင်းချလိုက်ပြီးနောက် ခပ်ဖွဖွပြုံးလိုက်ရင်းဖြင့် စိတ်ခံစားချက်များအား ပြန်လည်သိမ်းဆည်းလိုက်၏။ ထို့နောက် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ရှိနေကြသော တပည့်အသစ်များအားကြည့်ကာ စကားဆိုလိုက်သည်။ "မကြာသေးခင်ကပဲ မူလသူတော်စင်တောင်ထွတ်ရဲ့ ချိပ်စည်းက ပြယ်သွားခဲ့တယ်။ ငါတို့မူလသူတော်စင်တောင်ထွတ်က တခြားတောင်ထွတ်တွေနဲ့ လူအင်အားချည်း မယှဉ်နိုင်သေးပါဘူး။ ဒါပေမယ့် မင်းတို့သာ အမှန်တကယ် ကြိုးစားမယ်ဆိုရင် ငါတို့တောင်ထွတ်ကနေ အစစအရာရာ ပံ့ပိုးပေးနိုင်ပါတယ်။ အဖိုးတန်တဲ့ ပုလဲမှန်သမျှကို ငါတို့ပစ်ထားမှာ မဟုတ်ပါဘူး။"
"အဲ့ဒါကြောင့် ရည်မှန်းချက်ကြီးပြီး ကြိုးစားချင်တဲ့ တပည့်တိုင်းကို ငါတို့မူလသူတော်စင်တောင်ထွတ်က အမြဲကြိုဆိုနေမှာပါ။"
မူလသူတော်စင်တောင်ထွတ်၌ တပည့်အသစ်များ လိုအပ်နေသည်ကို ဇူယွမ်မှ ကောင်းစွာသိရှိထား၏။ ထို့ကြောင့် မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်တစ်ဦးအနေဖြင့် တပည့်အသစ်များ ရရှိနိုင်ရန် ကြိုးစားရမည်ပင် ဖြစ်လေသည်။
ကွင်းပြင်ကျယ်ကြီးအတွင်းရှိနေကြသော တပည့်အသစ်များမှာ အလွန်ပင် စိတ်လှုပ်ရှားနေကြ၏။ အဘယ့်ကြောင့်ဆိုသော် ဇူယွမ်မှ ပိုင်လီချွီးအား ကောင်းစွာဖိနှိပ်ထားနိုင်သည်ကို တွေ့ရှိလိုက်ရသည့်အတွက်ပင် ဖြစ်သည်။
တစ်နှစ်အတွင်း များစွာတိုးတက်လာသော ဇူယွမ်အား ကြည့်ရုံမျှနှင့်ပင် မူလသူတော်စင်တောင်ထွတ်သည် အမှန်တကယ် အရည်အချင်းရှိသော တပည့်များအား ပစ်ပယ်ထားလိမ့်မည်မဟုတ်ကြောင်း သိရှိနိုင်၏။ ထို့အပြင် မူလသူတော်စင်တောင်ထွတ်သည် လူအင်အား နည်းပါးသဖြင့် အခြားသော တောင်ထွတ်ခြောက်ခုထက် ကျင့်ကြံခြင်းအရင်းအမြစ်များ ပိုမိုရရှိပေလိမ့်မည်။
တပည့်အသစ်များမှာ အချိန်အတော်ကြာသည်အထိ မည်သည့်စကားမှ မဆိုကြပဲ တွေးတောသုံးသပ်နေကြ၏။ ၎င်းတို့သည် ဇူယွမ်အားကြည့်၍ မူလသူတော်စင်တောင်ထွတ်ဆီသို့ ဝင်ရောက်ချင်ပါသော်လည်း အခြားတောင်ထွတ်များအား ဝင်ရောက်ခြင်းထက်စာလျှင် အနည်းငယ် စွန့်စားရာကျပေသည်။ ထို့ကြောင့် သေချာစွာ ဆုံးဖြတ်နိုင်ခြင်း မရှိသေးပဲ တွေဝေနေရ၏။
ပိုင်လီချွီးမှာ တွေဝေနေကြသော တပည့်အသစ်များအားကြည့်၍ ကျေနပ်အားရသွားရသည်။ ဇူယွမ်မှာ တပည့်အသစ်များရှေ့၌ စွမ်းအင်များ ထုတ်ဖော်ပြသခဲ့ပါသော်လည်း ၎င်းတို့မှာ မူလသူတော်စင်တောင်ထွတ်အား ဝင်ရောက်ကြလိမ့်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ မူလသူတော်စင်တောင်ထွတ်မှာ အစစအရာရာ နိမ့်ပါးနေသော တောင်ထွတ်တစ်ခုသာ ဖြစ်လေသည်။
ဇူယွမ်မှာလည်း အနည်းငယ် အံ့အားသင့်နေမိ၏။ လူအများရှေ့၌ ပိုင်လီချွီးအား ဖိနှိပ်ပြခဲ့ပါသော်လည်း တပည့်အသစ်များမှာ မူလသူတော်စင်တောင်ထွတ်သို့ ဝင်ရောက်ရန်အတွက် တွေဝေနေကြဆဲပင် ဖြစ်သည်။ ကြည့်ရသည်မှာ မူလသူတော်စင်တောင်ထွတ်၏ ဂုဏ်သတင်းမှာ အတော်ပင် ဆိုးရွားနေဟန် ရှိ၏။
"စီနီယာအကိုတော်ဇူယွမ် ကျွန်မသာ မူလသူတော်စင်တောင်ထွတ်ကိုဝင်ရင် တစ်နှစ်အတွင်း တပည့်ခေါင်းဆောင် ဖြစ်လာနိုင်ချေရှိလားဟင်။" ရုတ်တရက် ထွက်ပေါ်လာသော စကားသံကြောင့် ဇူယွမ်မှာ လန့်ဖြန့်သွားရလေသည်။ ဇူယွမ်မှ ကြည့်ရှုလိုက်သောအခါတွင် မိုးပြာရောင်အဝတ်အစားများ ဆင်မြန်းထားသော မိန်းမငယ်လေးတစ်ဦးအား တွေ့ရှိလိုက်ရသည်။
"မင်းက တကယ်ရည်မှန်းချက်ကြီးတာပဲ။"
ဇူယွမ်မှာ ထိုမေးခွန်းအား ကြားလိုက်ရသည့်အတွက် အလွန်ပင် ပျော်ရွှင်သွားရသည်။ ကြည့်ရသည်မှာ ယခုလက်ရှိ တပည့်အသစ်များသည် လွန်စွာရည်မှန်းချက် ကြီးမားကြဟန်ရှိလေသည်။
လုယန်းမှာ ဇူယွမ်အနီးသို့ကပ်၍ စကားအချို့အား တိုးညင်းစွာ ပြောဆိုလိုက်သည်။ ထို့နောက်
"တောင်ထွတ်ရွေးချယ်ပွဲအခမ်းအနားရဲ့ ချန်ပီယံလား။" ဇူယွမ်မှာ အနည်းငယ် အံ့အားသင့် ရေရွတ်လိုက်ရသည်။ တောင်ထွတ်ရွေးချယ်ပွဲအခမ်းအနား၌ ချန်ပီယံနေရာ ရရှိခဲ့သည်ကို ကြည့်ရုံမျှနှင့်ပင် သူမသည် မည်မျှကြိုးစားတက်သူဖြစ်ကြောင်း သိရှိနိုင်၏။
ဇူယွမ်မှာ ခပ်ဖွဖွပြုံးလိုက်ပြီးနောက် ထိုမိန်းမငယ်လေးအားကြည့်ကာ စကားဆိုလိုက်သည်။ "တစ်နှစ်အတွင်း တပည့်ခေါင်းဆောင်တစ်ယောက် ဖြစ်လာဖို့ဆိုတာတော့ မလွယ်ဘူးပေါ့။"
"စီနီယာအကိုတော်ဇူယွမ်တောင် လုပ်နိုင်မှတော့ ကျွန်မက ဘာလို့မလုပ်နိုင်ရမှာလဲ။” မုရှောင်းမန်မှ တောက်ပရွှန်းစိုနေသော မျက်ဝန်းများဖြင့် ပြောလိုက်သည်။ သူမ၏ အမူအရာမှာ အလွန်ပင် ဆုံးဖြတ်ချက် ပြတ်သားနေဟန် ရှိ၏။
လုယန်းမှာမူ မုရှောင်းမန်အား မူလသူတော်စင်တောင်ထွတ်ဆီသို့ ဝင်ရောက်စေချင်နေသည်။ ထို့အတွက်ကြောင့် ဇူယွမ်အား ပြေပြေလည်လည် ပြောဆိုဆက်ဆံရန် မျှော်လင့်နေမိ၏။ တောင်ထွတ်ချန်ပီယံဖြစ်သူ မုရှောင်းမန်သည်သာ မူလသူတော်စင်တောင်ထွတ်ဆီသို့ ဝင်ရောက်လာပါက အခြားသော တပည့်အသစ်များပါ လိုက်ပါလာလိမ့်မည် ဖြစ်သည်။
ဇူယွမ်မှာ လုယန်းအား လျစ်လျူရှုထားလျက် တည်ငြိမ်စွာပင် စကားဆိုလိုက်သည်။ "ဘာလို့လဲဆိုတော့ မူလသူတော်စင်တောင်ထွတ်ဆီကို တပည့်ခေါင်းဆောင်ဖြစ်ချင်တဲ့စိတ်နဲ့သာ လာမယ်ဆိုရင် နောက်တစ်နှစ် တပည့်ခေါင်းဆောင်ရွေးချယ်ပွဲမှာ ငါနဲ့တိုက်ခိုက်ရတော့မှာလေ။ ငါကတော့ မင်းငါ့ဆီကနေ တပည့်ခေါင်းဆောင်နေရာကို ယူနိုင်မယ် မထင်မိဘူး။"
မုရှောင်းမန်မှာ ဇူယွမ်အား ကြည့်ရှုလိုက်ပြီးနောက် ခပ်ဖွဖွရယ်မောကာ ပြောလိုက်သည်။ " ဟီးဟီး...စီနီယာအကိုတော်ဇူယွမ်က လှည့်ကွက်တွေသုံးတာ တကယ်တော်တာပဲ။ ကျွန်မကို မူလသူတော်စင်တောင်ထွတ်ကိုဝင်အောင် တစ်ဖက်လှည့်နဲ့ ပြောနေတယ်ပေါ့လေ။"
"ဘာပဲဖြစ်ဖြစ် အကိုတော်ရဲ့စကားကို ကျွန်မလက်မခံဘူး။ အကိုတော်တောင် တစ်နှစ်အတွင်း တပည့်ခေါင်းဆောင် ဖြစ်လာသေးတာပဲ။ ကျွန်မက ဘာလို့ မဖြစ်နိုင်ရမှာလဲ။"
"ကျွန်မ မူလသူတော်စင်တောင်ထွတ်ကို ဝင်မယ်။"
ဇူယွမ်မှာ မုရှောင်းမန်အား စိတ်ဝင်တစားဖြင့် ကြည့်ရှုလိုက်မိသည်။ ဤမိန်းမငယ်လေးသည် အမှန်တကယ်ပင် ကြိုးစားချင်စိတ် ပြင်းပြလွန်းလှ၏။
"အဲ့ဒါဆိုလည်း ငါ့ကိုစိန်ခေါ်နိုင်တဲ့အထိ မင်းကြိုးစားလိုက်ဦးပေါ့။ အဲ့အချိန်ကြရင် ငါကရွေးချယ်ခံတစ်ယောက်တောင် ဖြစ်ရင်ဖြစ်နေမှာ။" ဇူယွမ်မှာ ပြုံးဖြဲဖြဲဖြင့် စကားဆိုလိုက်၏။
မုရှောင်းမန်မှလည်း ရယ်မောကာ စကားဆိုလိုက်သည်။ "တပည့်ခေါင်းဆောင်က တကယ်ကို ဟာသပြောတက်တာပဲ...ဟီးဟီး။"
မုရှောင်းမန်မှ မူလသူတော်စင်တောင်ထွတ်အား ဝင်ရောက်သွားသည့်အတွက် များပြားလှသော တပည့်အသစ်များမှာလည်း မူလသူတော်စင်တောင်ထွတ်ကိုသာ ရွေးချယ်ကုန်ကြ၏။
"ကျွန်တော်လည်း မူလသူတော်စင်တောင်ထွတ်ကို ဝင်မယ်။"
"ကျွန်မလည်း အမတော်ရှောင်းမန်နောက်ပဲ လိုက်မယ်။"
"....."
ဇူယွမ်မှာ ထိုမြင်ကွင်းအားကြည့်ကာ ကျေနပ်အားရနေမိသည်။
ယခုအချိန်မှစ၍ မူလသူတော်စင်တောင်ထွတ်သည် များစွာထွန်းတောက်လာတော့မည်ပင် ဖြစ်လေတော့သတည်း။
..............
အပိုင်း ( ၅၅၁ ) : ဘိုးဘေးနဂါးပုရပိုက်၏ တင်းကြပ်သောအဆင့်သတ်မှတ်ချက်
"နဂါးကိုးကောင်ကောင်းချီးရသွားတော့ နင်အများကြီး တိုးတက်လာသားပဲ။"
ဂူနန်းအတွင်း၌ ယောင်ယောင်မှာ ဇူယွမ်အား ခေါင်းစခြေဆုံးကြည့်ကာ အနည်းငယ် အံ့သြနေလေသည်။ ဇူယွမ်၏ တိုးတက်မှုမှာ သူမခန့်မှန်းထားသည့်ထက်ပင် ပိုမိုသာလွန်ခဲ့၏။
"အမကြီးယောင်ယောင်ကလည်း နဂါးကိုးကောင်ကောင်းချီးလေ ဒီလောက်တော့ ရှိမှာပေါ့။" ဇူယွမ်မှ ခပ်ဖွဖွရယ်မောကာ စကားဆိုလိုက်သည်။ သူသည်လည်း ချီစွမ်းအင်တိုးတက်လာမှုအပေါ်၌ အလွန်ပင် စိတ်ကျေနပ်နေမိသည်။ ပထမ၌ ဇူယွမ်သည် မူလစဦး ဆဋ္ဌမအဆင့်သို့ တက်ရောက်နိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ပါသော်လည်း နဂါးကိုးကောင်ကောင်းချီးဖြင့် သတ္တမအဆင့်သို့ပင် ရောက်ရှိသွားနိုင်ခဲ့၏။
ဇူယွမ်မှ စားပွဲတွင်ထိုင်ကာ စကားဆိုလိုက်သည်။ "အမှန်တော့ နဂါးကိုးကောင်ကောင်းချီးကို လွန်ခဲ့တဲ့တစ်လထဲက လက်ခံရယူလို့ ပြီးခဲ့တာ။ ဒါပေမယ့် ချီစွမ်းအင်တိုးတက်မှုက အရမ်းကြီးမြန်နေတဲ့အတွက် ချီစွမ်းအင်အခြေခံအုတ်မြစ်ခိုင်မာမှုက အားနည်းနေမှာစိုးလို့ ကျွန်တော်အဲ့နေရာမှပဲနေပြီး သေချာကျင့်ကြံနေလိုက်တာ။ အခုဆိုရင် ကျွန်တော်ရဲ့ ချီစွမ်းအင်အခြေခံအုတ်မြစ်က လုံးဝတည်ငြိမ်နေပြီ။"
"နင်က ဦးနှောက်တော့ ရှိသားပဲ။" ယောင်ယောင်မှ ကျေနပ်အားရစွာဖြင့် ပြုံးကာပြောလိုက်သည်။ ဇူယွမ်၏ တိုးတက်မှုမှာ အလွန်လျင်မြန်လွန်းလှသောကြောင့် သေချာစွာ ထိန်းချုပ်နိုင်ခြင်း မရှိပါက ချီစွမ်းအင်အခြေခံအုတ်မြစ်အား အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေလိမ့်မည်ပင် ဖြစ်သည်။ သို့သော် ဇူယွမ်မှာ ထိုအရာများအား ထိန်းချုပ်နိုင်ရန်အတွက် တစ်လမျှအချိန်ယူကာ ကျင်ကြံခဲ့ပေသည်။
ယောင်ယောင်မှာ တောက်ပရွှန်းစိုနေသော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "နင်အခု အများကြီး တိုးတက်လာတယ်ဆိုပေမယ့် တပည့်ခေါင်းဆောင်ခုနစ်ယောက်ထဲမှာတော့ နံပါတ်တစ် မဖြစ်သေးဘူး။"
လက်ရှိ တပည့်ခေါင်းဆောင် ခုနစ်ဦးအနက် ကန်ရွှမ်းတောင်ထွတ်၏ တပည့်ခေါင်းဆောင် ထန်းမုရှင်း၊ မိုးကြိုးအကျဉ်းထောင်တောင်ထွတ်၏ တပည့်ခေါင်းဆောင် ရှဲ့ရန်နှင့် သူတော်စင်မှော်စာလုံးတောင်ထွတ်၏ တပည့်ခေါင်းဆောင် ကျင်ကျန်းတို့မှာ ဝါရင့်တပည့်ခေါင်းဆောင်ဟောင်းများပင် ဖြစ်သည်။ ယခုအချိန်ထိ ၎င်းတို့အား အနိုင်ယူနိုင်မည့်သူ မရှိသေးသောကြောင့် တပည့်ခေါင်းဆောင်နေရာအား ဆက်လက်တာဝန်ယူနေရသော ထူးချွန်သည့် ဝါရင့်ခရမ်းရောင်ခါးစည်း တပည့်များပင် ဖြစ်လေသည်။ ထို့ကြောင့် ၎င်းတို့မှာ အခြားသော တပည့်ခေါင်းဆောင်များထက် ပိုမိုသာလွန်ကြသူများ ဖြစ်၏။
မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနား ပြီးဆုံးသွားပြီးနောက် နဂါးကောင်းချီးများ ခံယူရရှိပြီးသည့်နောက်တွင် ၎င်းတို့၏ ချီကြယ်ပွင့်များမှာလည်း တစ်သောင်းကျော်အနေအထားသို့ ရောက်ရှိသွားခဲ့သည်။ ထို့ကြောင့် ထိုတပည့်ခေါင်းဆောင်များသည် ဇူယွမ်ထက် အားနည်းကြလိမ့်မည် မဟုတ်ပေ။
ဇူယွမ်မှာ တိုက်ပွဲဆာလောင်နေသော မျက်ဝန်းများဖြင့် ယောင်ယောင်အားကြည့်ကာ ပြောလိုက်သည်။ "သူတို့နဲ့ တိုက်ခိုက်လိုက်မယ်ဆိုရင် ဘယ်သူက ပိုသာမလဲဆိုတာ သိရမှာပါ။"
လွန်ခဲ့သော နှစ်လခန့်၌ ဇူယွမ်မှာ ထန်းမုရှင်းတို့နှင့် တွေ့ဆုံရသည့် အချိန်တိုင်းတွင် ကြီးမားလှသော စွမ်းအင်ဖိအားများကို ခံစားခဲ့ရသည်။ ယခုအချိန်တွင်မူ ဇူယွမ်မှာ ၎င်းတို့နှင့် တိုက်ခိုက်ရန်ပင် ယုံကြည်ချက်ရှိနေပြီ ဖြစ်၏။
သို့သော် ထန်းမုရှင်းတို့မှာ ပိုင်လီချွီးကဲ့သို့ သူနှင့်ကတောက်ကဆရှိသူ မဟုတ်သဖြင့် အလဟဿ တိုက်ခိုက်စရာအကြောင်း မရှိပါချေ။
ယောင်ယောင်မှ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "တပည့်ခေါင်းဆောင်တွေကြားမှာ နံပါတ်တစ်ဖြစ်သွားရင်တောင် နင်ကကျောင်းဇူနဲ့တော့ တိုက်ခိုက်လို့ရဦးမှာ မဟုတ်ဘူး။ ဒီနှစ်လအတွင်း တိုးတက်လာတာက နင်တစ်ယောက်ထဲ မဟုတ်ဘူးလေ။"
"ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာက ရွေးချယ်ခံအဆင့်လောက်ရှိတဲ့ လူတွေနဲ့ပဲ နင်တွေ့ရမှာ။ အဲ့ဒါကြောင့် သူတို့တွေကြားထဲမှာ နင်ကအားအနည်းဆုံး ဖြစ်နေလိမ့်မယ်။"
ဇူယွမ်၏မျက်နှာမှာ ငြိုးငယ်သွားရပြီးနောက် နှုတ်ခမ်းကိုရှုံ့ကာ စကားဆိုလိုက်သည်။ "ဟုတ်ပါပြီ ဟုတ်ပါပြီ။ ကျွန်တော် ကိုယ့်ကိုယ်ကို အထင်မကြီးပဲ ဆက်တိုက်ကြိုးစားမှာပါ။"
"ဘယ်လိုပဲဖြစ်ဖြစ် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာ ကောင်းချီးတစ်ခုရဖို့ဆိုတာ တော်တော်ကို မလွယ်လောက်ဘူး။" ဇူယွမ်မှ သက်ပြင်းချကာ ပြောလိုက်၏။
ယောင်ယောင်မှာ ထိုင်နေရာမှထလျက် ဇူယွမ်၏ဘေးသို့ ရောက်ရှိလာကာ လေးနက်စွာဖြင့် စကားဆိုလိုက်သည်။ "ဘယ်လောက်ပဲခက်ခဲပါစေ နင်အကောင်းဆုံး ကြိုးစားရမယ်နော်။"
ဇူယွမ်မှ ယောင်ယောင်အားကြည့်ကာ ပြောလိုက်သည်။ "တတိယမြောက် သူတော်စင်မှော်စာလုံးကြောင့်လား။"
ယောင်ယောင်မှာ အချိန်အနည်းငယ်မျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ "တတိယမြောက် သူတော်စင်မှော်စာလုံးက အရေးကြီးတယ်ဆိုပေမယ့် အဲ့ဒါက အဓိကအချက် မဟုတ်ဘူး။"
ဇူယွမ်မှာ အနည်းငယ်မျှ စိတ်ရှုပ်ထွေးသွားရ၏။ သူသည် တတိယမြောက် သူတော်စင်မှော်စာလုံးကြောင့်သာလျှင် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအား စိတ်ဝင်စားနေရခြင်း ဖြစ်ပါသော်လည်း ယောင်ယောင်မှပို၍အရေးကြီးသော အချက်ရှိသည်ဟုဆိုသောကြောင့် နားမလည်နိုင် ဖြစ်သွားရသည်။
"ရှန်းဟွပုံရိပ်ယောင်ကမ္ဘာဆိုတာ ကန်ရွှမ်းကောင်းကင်ဒေသတစ်ခုလုံးရဲ့ ကောင်းချီးတွေ ပြည့်နှက်နေတဲ့နေရာပဲ။ အဲ့ဒါကြောင့် နင်အကောင်းဆုံးကြိုးစားပြီး ကောင်းချီးရအောင် ကြိုးစားရမယ်။ အနည်းဆုံး နင်နတ်ဘုံခန်းဝါအဆင့်ကို တက်တဲ့အချိန်ကြရင် နိဗ္ဗာန်ခုနစ်ခုလောက် ရအောင်ပေါ့။" ယောင်ယောင်မှ လေးနက်စွာ စကားဆိုလိုက်သည်။
နတ်ဘုံခန်းဝါအဆင့်သို့ တက်ရောက်သောအခါတွင် ကျင့်ကြံသူ၏ ချီပင်လယ်မှာ နတ်ဘုံခန်းဝါပင်လယ်အဖြစ်သို့ ပြောင်းလဲသွားသည်။
နတ်ဘုံခန်းဝါပင်လယ်အား အဆင့်သတ်မှတ်ချက် ကိုးခုအနေဖြင့် ခွဲခြားသတ်မှတ်နိုင်ပြီး အမြင့်ဆုံးသတ်မှတ်ချက်မှာ အဆင့်ကိုးဖြစ်ပြီး နိဗ္ဗာန်ကိုးခုဟု ခေါ်ဆိုကြ၏။
"နတ်ဘုံခန်းဝါ နိဗ္ဗာန်ခုနစ်ခုလား။" ဇူယွမ်မှာ အနည်းငယ် အံ့အားသင့်သွားရသည်။ ကန်ရွှမ်းကလန်အတွင်းရှိ ရွေးချယ်ခံများတွင်ပင် လက်ရှိအချိန်၌ နတ်ဘုံခန်းဝါ နိဗ္ဗာန်ခုနစ်ခုအား ရရှိနိုင်မည့်သူ တစ်ဦးမျှမရှိနေပေ။
ပုံမှန်အားဖြင့် မူလစဦး ကျင့်ကြံသူများသည် နတ်ဘုံခန်းဝါအဆင့်သို့ တက်ရောက်သောအခါတွင် နိဗ္ဗာန်သုံးခု သို့မဟုတ် သုံးခုထက်နည်းသောအဆင့်ကိုသာ ရရှိကြလေ့ရှိသည်။ ထူးချွန်ထက်မြက်လှသော ကျင့်ကြံသူအနည်းငယ်ကသာလျှင် နိဗ္ဗာန်လေးခု သို့မဟုတ် ငါးခုအား ရရှိကြခြင်း ဖြစ်၏။ နတ်ဘုံခန်းဝါ နိဗ္ဗာန်ခြောက်ခုရရှိသောသူသည် အင်အားကြီးကလန်များ၏ အထူးချွန်ဆုံး တပည့်များကြားပင် ရှားပါးလွန်းသော ဖြစ်ရပ်တစ်ခု ဖြစ်လေသည်။
ယောင်ယောင်မှ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "နင့်အတွက်က နတ်ဘုံခန်းဝါအဆင့်ကို တက်တဲ့အချိန်ကြရင် အနည်းဆုံး နိဗ္ဗာန်ခုနစ်ခု ရဖို့လိုတယ်။"
ဇူယွမ်၏ အမူအရာမှာ လေးနက်တည်ကြည်သွားရ၏။ နတ်ဘုံခန်းဝါ နိဗ္ဗာန်ခုနစ်ခုဆိုသည်မှာ အလွန်ပင် မြင့်မားသော အဆင့်သတ်မှတ်ချက်တစ်ခု ဖြစ်သည်။
"ဘာလို့လဲ။" ဇူယွမ်မှာ လေးနက်စွာဖြင့် မေးမြန်းလိုက်သည်။
ယောင်ယောင်မှာ အချိန်အတန်ကြာမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။ "ဘာလို့လဲဆိုတော့ ဘိုးဘေးနဂါးပုရပိုက်ရဲ့ တတိယအဆင့်ကို ရောက်နိုင်ဖို့အတွက် အနည်းဆုံး နတ်ဘုံခန်းဝါ နိဗ္ဗာန်ခုနစ်ခုကို လိုအပ်တယ်။ နင်သာ နိဗ္ဗာန်ခုနစ်ခု မရခဲ့ရင် ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဘိုးဘေးနဂါးပုရပိုက်ရဲ့ ဒုတိယအဆင့်ကနေ တက်နိုင်မှာ မဟုတ်တော့ဘူး။"
ဘိုးဘေးနဂါးပုရပိုက်၌ အဆင့်သတ်မှတ်ချက် သုံးခုရှိသည်။
အဆင့်ငါး စပါးအုံးဘုရင်ချီ
အဆင့်ခုနစ် ကမ္ဘာဖျက်စီးခြင်းကောင်းကင်မြွေနဂါးချီ
အဆင့်ကိုး စကြာဝဠာတော်ဝင်နဂါးချီတို့ပင် ဖြစ်သည်။
စင်စစ်အားဖြင့် ဘိုးဘေးနဂါးပုရပိုက်တွင် တတိယမြောက်အဆင့်ထက်ကျော်လွန်သော စတုတ္ထမြောက်အဆင့်ပင် ရှိလေသည်။ သို့သော် ထိုအရာမှာ မည်သူမျှ မရောက်ရှိခဲ့ဖူးသော ဒဏ္ဍာရီလာ အဆင့်တစ်ခုပင် ဖြစ်သည်။
လက်ရှိအချိန်၌ ဇူယွမ်သည် ပထမအဆင့်နှင့် ဒုတိယအဆင့်ကြား ရှိနေခြင်း ဖြစ်လေသည်။ ပထမ၌ အဆင့်ငါး စပါးအုံးဘုရင်ချီအဆင့်ဖြင့် စတင်ခဲ့ခြင်းဖြစ်ပါသော်လည်း ဝူဟောင်ထံမှ မြင့်မြတ်သောနဂါးကောင်းချီးတဝက်ခန့်အား ရရှိခဲ့သောကြောင့် အဆင့်ခြောက်အဖြစ်သို့ ရောက်ရှိသွားခဲ့ရသည်။
ဇူယွမ်၏ အမူအရာမှာ အနည်းငယ် တင်းမာသွားရ၏။ ဘိုးဘေးနဂါးပုရပိုက်၏ အဆင့်သတ်မှတ်ချက်များသည် ထိုမျှလောက် တင်းကြပ်လိမ့်မည်ဟု ဇူယွမ်မှ ထင်မှတ်မထားခဲ့ပေ။
ယောင်ယောင်မှ ညင်သာစွာ စကားဆိုလိုက်သည်။ "ဘိုးဘေးနဂါးပုရပိုက်က သာမန်ချီကျင့်စဉ်တွေနဲ့ မတူဘူးလေ။ နင်ပထမဆုံး ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်ထဲက ငါသတိပေးခဲ့ဖူးသားပဲ။ ပြီးတော့ ဒီအခြေအနေရောက်မှ နင်နောက်ပြန်ဆုတ်လို့လည်း မရတော့ဘူး။"
"ဒါပေမယ့် အရမ်းလည်း မစိုးရိမ်ပါနဲ့။ ဒုတိယအဆင့်ကနေ တက်လို့မရတော့ဘူးဆိုရင်တောင် အဆင့်ခုနစ် ကမ္ဘာဖျက်စီးခြင်းကောင်းကင်မြွေနဂါးချီက သာမန်အဆင့်ရှစ်မူလချီထက် သာပါသေးတယ်။"
"မရဘူး။"
ဇူယွမ်ထံမှ ဆုံးဖြတ်ချက်ပြတ်သားသောအသံ ထွက်ပေါ်လာ၏။
"ကျွန်တော်က အဆင့်ခုနစ်မူလချီလောက်ကိုပဲ လိုချင်တယ်ဆိုရင် ဘိုးဘေးနဂါးပုရပိုက်ကို ရွေးချယ်ခဲ့မှာတောင် မဟုတ်ဘူး။"
ဇူယွမ်၏ မျက်ဝန်းများမှာ ဆုံးဖြတ်ချက်ပြတ်သားသော အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။
ယောင်ယောင်မှာ ဇူယွမ်အားကြည့်ကာ တိုးညင်းစွာ စကားဆိုလိုက်သည်။ "ဘာလို့ ကိုယ့်ကိုယ်ကို အရမ်းဖိအားပေးနေရတာလဲ။"
ဇူယွမ်မှာ အချိန်အနည်းငယ်မျှ တိတ်ဆိတ်ငြိမ်သက်သွားရပြီးနောက် တောက်ပရွှန်းစိုနေသော ယောင်ယောင်၏ မျက်ဝန်းများကိုကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။ "ဘာလို့လဲဆိုတော့ ကျွန်တော်သာ ကိုယ်တက်နိုင်တဲ့အခြေအနေထိ ဖိအားပေး မကြိုးစားဘူးဆိုရင် ယောင်ယောင့်ဘေးမှာနေနိုင်ဖို့ အရည်အချင်းမရှိမှာ စိုးရိမ်မိတယ်။"
ယောင်ယောင်၏ နှလုံးသားလေးမှာ အနည်းငယ် တုန်ခါသွားရ၏။
ဇူယွမ်၏ အမူအရာမှာ လေးနက်တည်ကြည်နေ၏။ ယောင်ယောင်သည် သူ၏ဘေး၌ နှစ်ပေါင်းများစွာ ရှိနေပေးခဲ့သည်။ အတိတ်တစ်ချိန်၌ စွမ်းအင်ဝင်ပေါက်ရှစ်ခုကိုပင် ရှာမတွေ့နိုင်ခဲ့သော မရင့်ကျက်သည့် ကောင်လေးဘဝမှစ၍ ကြီးမြတ်သောဇူအင်ပါယာအတွင်းမှ ထွက်ခွာလာကာ ယခုကန်ရွှမ်းကလန်သို့ ရောက်ရှိလာသည်အထိ သူမရှိနေပေးနေဆဲပင် ဖြစ်သည်။
ဆရာသခင်ကန်းယွမ်သည် ဇူယွမ်အား ယောင်ယောင့်ကို ကာကွယ်စောင့်ရှောက်ပေးပါရန် တောင်းဆိုခဲ့၏။ သို့သော် ဤနှစ်များအတွင်း ယောင်ယောင်ကသာ စောင့်ရှောက်ရသူ ဖြစ်ခဲ့လေသည်။
ထို့အပြင် ယောင်ယောင်၏ အတိတ်အကြောင်းအရာများမှာလည်း ယခုအချိန်ထိ အနည်းငယ်မျှပင် မသိရှိရပဲ ရှုပ်ထွေးနေဆဲ ဖြစ်သည်။ ဆရာသခင်ကန်းယွမ်မှ အစပြု၍ မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းအထိ ပါဝင်ပက်သတ်နေသော ယောင်ယောင်၏ အတိတ်သည် ရိုးရှင်းလိမ့်မည်မဟုတ်ကြောင်း ခန့်မှန်းနိုင်ပေသည်။
ယခုအချိန်ထိ ဇူယွမ်မှာ ယောင်ယောင်အား ကာကွယ်နိုင်ရန် အားနည်းနေဆဲ ဖြစ်သည်။ သို့သော် အနာဂတ်တစ်ချိန်၌ ယောင်ယောင်အား ကာကွယ်နိုင်ရန်အထိ သန်မာလာစေရန် ကြိုးစားနေမည်ပင် ဖြစ်၏။ ထို့ကြောင့် ဇူယွမ်၏ ဝှက်ဖဲတစ်ခုဖြစ်သော ဘိုးဘေးနဂါးပုရပိုက်အား အလွယ်တကူ လက်လျှော့လိုက်ရန် မဖြစ်နိုင်ပါချေ။
ယောင်ယောင်မှာ ဆုံးဖြတ်ချက်ပြတ်သားနေဟန်ရှိသော လူငယ်လေးအားကြည့်ကာ နှလုံးခုန်သံများပင် ကျယ်လောင်လာရသည်။
ဖြာကျနေသော နေရောင်ခြည်အလင်းတန်းငယ်၏အောက်တွင် ဖုန်မှုန့်လေးများ ယိမ်းနွဲ့ကခုန်နေကြ၏။
ဇူယွမ်မှာ တောက်ပရွှန်းစိုနေသော ယောင်ယောင်၏ မျက်ဝန်းများကိုကြည့်ကာ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "နတ်ဘုံခန်းဝါ နိဗ္ဗာန်ခုနစ်ခုမလား။"
"ကိစ္စမရှိပါဘူး။ ကျွန်တော် ရကိုရစေရမယ်။"
…………….
အပိုင်း ( ၅၅၂ ) : ရှန်းဟွပုံရိပ်ယောင်ကမ္ဘာပွင့်ဟခြင်း
မူလသူတော်စင်တောင်ထွတ်၏ မြင့်မားသောတောင်ကုန်းတစ်ခုပေါ်၌
စိန်းထိုက်ယွမ်မှာ လက်နှစ်ဖက်ကို ကျောဖက်တွင်ယှက်သိုင်းလျက် ကျင့်ကြံရေးစင်မြင့်ပေါ်တွင်ရှိနေကြသော တပည့်များအား ကျေနပ်အားရစွာ ကြည့်ရှုနေ၏။
ယခုဆိုလျှင် မူလသူတော်စင်တောင်ထွတ်မှာ စည်ကားသိုက်ဝန်းလာပြီပင် ဖြစ်သည်။
"ဇူယွမ် ဒီတစ်ကြိမ် တပည့်အသစ်တွေ အများကြီး ရရှိခဲ့အတွက် မင်းကိုပဲ ကျေးဇူးတင်ရတော့မယ်။ မင်းကြောင့်သာမဟုတ်ရင် ဒီလို အရည်အချင်းရှိတဲ့ တပည့်အသစ်တွေအများကြီးကို ရနိုင်မယ်မထင်ဘူး။" စိန်းထိုက်ယွမ်မှ ဇူယွမ်အားကြည့်၍ ပြုံးကာပြောလိုက်သည်။
ဇူယွမ်မှ ခေါင်းကိုခါယမ်းကာ စကားဆိုလိုက်သည်။ "ကျွန်တော်က မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်လေ။ တပည့်အသစ်တွေကို ခေါ်ဆောင်ပေးဖို့နဲ့ မူလသူတော်စင်တောင်ထွတ်ကို ပိုပြီးကောင်းမွန်လာအောင် လုပ်ရမှာက သေချာပေါက် ကျွန်တော့်တာဝန်တွေပါ။"
ဇူယွမ်မှာ ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် စိန်းထိုက်ယွမ်အားကြည့်ကာ မေးလိုက်သည်။ "ဆရာစိန်း ရှန်းဟွပုံရိပ်ယောင်ကမ္ဘာက ဘယ်အချိန်လောက် ပွင့်လာမလဲသိလားဟင်။"
ယမန်နေ့၌ ယောင်ယောင်နှင့် စကားစမြည် ပြောဆိုပြီးသည့်နောက်တွင် ဇူယွမ်မှာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအား ပိုမိုအလေးထားလာခဲ့သည်။ ယောင်ယောင်ပြောခဲ့သည့်အတိုင်းပင် ဘိုးဘေးနဂါးပုရပိုက်၏ တတိယအဆင့်ထိ တက်ရောက်နိုင်ရန်အတွက် နတ်ဘုံခန်းဝါအဆင့်သို့ တက်လှမ်းမည့်အချိန်တွင် နိဗ္ဗာန်ခုနစ်ခုအား ရရှိနိုင်ရန် လိုအပ်၏။
ထိုသို့မဟုတ်ပါက ဇူယွမ်သည် ဘိုးဘေးနဂါးပုရပိုက်၏ ဒုတိယမြောက်အဆင့်ဖြင့်သာ တစ်သက်လုံး ကျေနပ်သွားရပေလိမ့်မည်။
ဘိုးဘေးနဂါးပုရပိုက်သည် သာမန်မဟုတ်ပဲ ထူးခြားသော မူလချီကျင့်စဉ် တစ်ခုဖြစ်၏။ ထို့ကြောင့် ဇူယွမ်မှာလည်း သာမန်ထက်ပို၍ အဆပေါင်းများစွာ ကြိုးစားရမည်ပင် ဖြစ်သည်။
သို့သော် နတ်ဘုံခန်းဝါ နိဗ္ဗာန်ခုနစ်ခု ရရှိရန်မှာ မလွယ်ကူကြောင်း ဇူယွမ်မှ ကောင်းစွာသိရှိထားပေသည်။ နတ်ဘုံခန်းဝါ နိဗ္ဗာန်ခုနစ်ခု ရရှိနိုင်ရန်အတွက် စိတ်ကူး၍ပင် မရနိုင်သော ချီစွမ်းအင်အမြောက်အမြား လိုအပ်လိမ့်မည် ဖြစ်သည်။ လက်ရှိအချိန်၌ ကန်ရွှမ်းကလန်၏ ရွေးချယ်ခံများအကြားတွင်ပင် နတ်ဘုံခန်းဝါ နိဗ္ဗာန်ခုနစ်ခုအား ရရှိလိမ့်မည်ဟု မျှော်မှန်းရဲမည့်သူ ရှိမည်မဟုတ်ပေ။
ရွေးချယ်ခံများသည်ပင် မျှော်မှန်းရန် မဖြစ်နိုင်သောအရာသည် ဇူယွမ်ကဲ့သို့သော လူမျိုးအတွက်မူ ပိုမိုဝေးကွာပေသည်။ ထို့ကြောင့် ဇူယွမ်မှာ ပုံမှန်လေ့ကျင့် ခြင်းများထက်ပို၍ ကြိုးစားရပေလိမ့်မည်။
မကြာမီမှာပင် ကန်ရွှမ်းကောင်းကင်ဒေသ၏ ကောင်းချီးများ ပြည့်နှက်နေသောနေရာဖြစ်သည့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာမှာလည်း ပွင့်ဟလာတော့မည်ပင် ဖြစ်လေသည်။
ကန်ရွှမ်းကောင်းကင်ဒေသအတွင်း ပြိုင်ဖက်ကင်း ကျင့်ကြံသူများစွာမှာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ ပွင့်ဟလာမည့်အချိန်အား စောင့်ဆိုင်နေကြ၏။ အလွန်ပျင်းရိတက်သူဖြစ်သော ချူချင်းသည်ပင် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာသို့ သွားရောက်နိုင်ရန်အတွက် တစ်ဦးတည်း အပြင်းအထန် လေ့ကျင့်နေခဲ့သည်။
စိန်းထိုက်ယွမ်မှ ညင်သာစွာ စကားဆိုလိုက်သည်။ "ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ ပွင့်ဟလာဖို့က အရမ်းကို နီးကပ်နေပြီလို့တော့ ထင်တာပဲ။"
"အချိန်အတိအကျကိုတော့ ဆရာ မသိဘူး။"
ဇူယွမ်မှ ခေါင်းညိတ်ပြလိုက်သည်။
"ရှန်းဟွပုံရိပ်ယောင်ကမ္ဘာဆိုလို့ ပြောရဦးမယ်။ မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားမှာ မင်းက မူလသူတော်စင်တောင်ထွတ်ကို ကောင်းကောင်းဦးဆောင်ပြီး ပထမနေရာ ရယူနိုင်ခဲ့အတွက် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာကိုသွားဖို့ ငါတို့တောင်ထွတ်က နေရာအများဆုံး ရထားတယ်။ ဒါပေမယ့် ငါက ဆယ်နေရာပဲ ယူထားလိုက်ပြီးတော့ ကျန်တာတွေကို တခြားတောင်ထွတ်ခြောက်ခုကို လက်ဆောင်အနေနဲ့ ခွဲဝေပေးလိုက်တယ်။"
စိန်းထိုက်ယွမ်မှ သက်ပြင်းချကာ ဆက်လက်စကားဆိုလိုက်၏။ "အမှန်တော့ ငါလည်း မူလသူတော်စင်တောင်ထွတ်က တပည့်တွေအများကြီးကို ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲ သွားစေချင်ပါတယ်။ ဒါပေမယ့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာဆိုတာ ရွေးချယ်ခံတွေတောင် အသက်ရှင်ကျန်ဖို့ မသေချာတဲ့နေရာပဲ။ အခုလက်ရှိ မူလသူတော်စင်တောင်ထွတ်ရဲ့ အခြေအနေကတော့ မင်းလည်းသိတဲ့အတိုင်းပဲ။ လုံလောက်တဲ့ အရည်အချင်းမရှိပဲ အဲ့ကိုသွားမယ်ဆိုရင် ကိုယ့်ဒုက္ခကိုယ်ရှာသလိုပဲ ဖြစ်နေလိမ့်မယ်။"
"အဲ့ဒါကြောင့် တပည့်တွေအများကြီးကို သေလမ်းပို့တာထက်စာရင် လိုအပ်သလောက်ပဲ ယူထားပြီးတော့ ကျန်တဲ့နေရာခွဲတမ်းကို တခြားတောင်ထွတ်တွေကို ပေးလိုက်တာ ပိုကောင်းတယ်လေ။ ဘာပဲဖြစ်ဖြစ် အခုဆိုရင် ငါပေးလိုက်တဲ့ နေရာခွဲတမ်းတွေကြောင့် တခြားတောင်ထွတ်တွေက ငါတို့မူလသူတော်စင်တောင်ထွတ်အပေါ် ကျေးဇူးကြွေးတင်သွားပြီ။"
ဇူယွမ်မှာ စိန်းထိုက်ယွမ်၏ လုပ်ဆောင်ချက်နှင့်ပက်သတ်၍ မပျော်ရွှင်ပါသော်လည်း မှန်ကန်သောလုပ်ရပ်ဖြစ်သည်ဟု ယူဆမိသည်။ နေရာခွဲတမ်းများအား ခွဲဝေပေးလိုက်ပါသော်လည်း ဇူယွမ်၏နေရာမှာ ပျောက်ဆုံးသွားမည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ လက်ရှိအချိန်၌ မူလသူတော်စင်တောင်ထွတ်သည် အလွန်အင်အားနည်းနေသောကြောင့် အရည်အချင်း မပြည့်မှီပဲ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း ဝင်ရောက်ခြင်းက ဆိုးရွားသော အကျိုးသက်ရောက်မှုကိုသာ ဖြစ်ပေါ်စေလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် စိန်းထိုက်ယွမ်၏ ဆုံးဖြတ်လုပ်ဆောင်ချက်မှာ မှန်ကန်သင့်လျော်ပေ၏။
"ဆရာစိန်းက တကယ်ကောင်းတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တာပဲ။" ဇူယွမ်မှ ချီးကျူးစကားဆိုလိုက်သည်။
စိန်းထိုက်ယွမ်မှ ပြုံးကာခေါင်းညိတ်ပြလိုက်သည်။ လက်ရှိ စိန်းထိုက်ယွမ်၏ အနေအထားဖြင့်ဆိုပါက တပည့်တစ်ဦးအား ယခုကဲ့သို့ သတင်းအချက်အလက်များကို ပြောပြနေစရာအကြောင်းမရှိပေ။ သို့သော် စိန်းထိုက်ယွမ်သည် ဇူယွမ်အား လွန်စွာနှစ်ခြိုက်သည့်အပြင် သာမန်တပည့်တစ်ဦးဟု မယူဆထားပဲ သူအားကိုးအားထားပြုရသူဟု ယူဆထားသောကြောင့် ယခုကဲ့သို့ သတင်းအချက်အလက်များအား ပြောပြနေခြင်းပင် ဖြစ်ပေသည်။
ဒေါင်.....ဒေါင်....
စိန်းထိုက်ယွမ်နှင့် ဇူယွမ်တို့နှစ်ဦး စကားစမြည် ပြောဆိုနေစဉ်မှာပင် ကျယ်လောင်လှသော ခေါင်းလောင်းသံတစ်ခုအား ကြားလိုက်ရ၏။
စိန်းထိုက်ယွမ်မှ အံ့အားသင့်စွာ စကားဆိုလိုက်သည်။ "ဒီခေါင်းလောင်းသံ ကလန်ခေါင်းဆောင်က ငါတို့ကို ဆွေးနွေးခြင်းခန်းမမှာ စုဝေးဖို့ အချက်ပေးတဲ့ အသံပဲ။ ကြည့်ရတာ ကိစ္စကြီးကြီးမားမားတစ်ခုတော့ ဖြစ်နေပြီနဲ့တူတယ်။"
"မင်းလည်းငါနဲ့လိုက်ခဲ့လိုက်။" စိန်းထိုက်ယွမ်မှ ဇူယွမ်အားကြည့်ကာ ပြောလိုက်၏။
ဇူယွမ်မှ ခေါင်းညိတ်ပြလိုက်သည်။
စိန်းထိုက်ယွမ်မှာ ချီတိမ်တိုက်တစ်ခုအား ဖန်တီးလိုက်ပြီးနောက် ဇူယွမ်အားခေါ်ဆောင်ကာ ကန်ရွှမ်းကလန်၏ ဆွေးနွေးခြင်းခန်းမဆီသို့ ပျံဝဲသွားလိုက်သည်။
ဆွေးနွေးခြင်းခန်းမဆီသို့ ရောက်ရှိသွားသောအခါတွင် အခြားသော တောင်ထွတ်ဆရာသခင်များမှာလည်း ရွေးချယ်ခံများအားခေါ်ဆောင်လျက် ရောက်ရှိလာသည်ကို တွေ့ရှိလိုက်ရ၏။
အခြားသော တောင်ထွတ်ဆရာသခင်များမှာ စိန်းထိုက်ယွမ်အား ပြုံးကာနှုတ်ဆက်ကြသကဲ့သို့ ရွေးချယ်ခံများမှာလည်း ဇူယွမ်အား ရင်းနှီးစွာဖြင့် နှုတ်ဆက်ကြ၏။
ထို့နောက် ခန်းမအတွင်းသို့ ဝင်ရောက်ကာ သက်ဆိုင်ရာ ရာထူးများအလိုက် နေရာယူလိုက်ကြသည်။ ဇူယွမ်နှင့် ရွေးချယ်ခံများမှာမူ သက်ဆိုင်ရာ တောင်ထွတ်ဆရာသခင်များ၏နောက်တွင် နေရာယူထားကြ၏။
ကလန်ခေါင်းဆောင်ချင်းယန်မှာ ရောက်ရှိလာကြသော တောင်ထွတ်ဆရာသခင်များအား ကြည့်ရှုလိုက်ပြီးနောက် လေးနက်စွာ စကားဆိုလိုက်သည်။ "အခုလေးတင်ပဲ သတင်းရလာတယ်။ ရှန်ဇူတိုက်ကြီးရဲ့ တောင်ဘက်ပင်လယ်မှာ မူလချီတွေ ဆူပွက်နေပြီတဲ့။ ငါမှန်းတာမမှားရင် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာက အဲ့တောင်ဘက်ပင်လယ်မှာ ပွင့်ဟလာလိမ့်မယ်။"
ရှန်းဟွပုံရိပ်ယောင်ကမ္ဘာသည် တိကျသောတည်နေရာတစ်ခုမရှိပဲ နေရာတိုင်းတွင် ပေါ်ပေါက်လာနိုင်၏။ ထို့ကြောင့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ ပွင့်ဟလာမည့် လက္ခဏာ မပေါ်ပေါက်သေးသမျှ မည်သည့်နေရာတွင် ပွင့်ဟလာမည်ကို မည်သူကမှ သိရှိနိုင်မည်မဟုတ်ချေ။
ကလန်ခေါင်းဆောင်ချင်းယန်၏စကားကြောင့် ရွေးချယ်ခံများမှာ အလွန်ပင် စိတ်လှုပ်ရှားသွားကြသည်။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ ပွင့်ဟလာမည့်အချိန်မှာ လွန်စွာနီးကပ်နေပြီပင် ဖြစ်၏။
စိန်းထိုက်ယွမ်၏ နောက်တွင်ရှိနေသော ဇူယွမ်မှာလည်း စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်သည်။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာသာ မရှိပါက ဇူယွမ်မှာ ချီစွမ်းအင်အခြေခံအုတ်မြစ်အား သန်မာလာစေရန်အတွက် ကန်ရွှမ်းကလန်၏ အပြင်ဖက်သို့ ထွက်ခွာသွားရမည်ပင် ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် အင်အားကြီးကလန်ဖြစ်သော ကန်ရွှမ်းကလန်၏ လေ့ကျင့်သင်ကြားမှုများနှင့်ပင် နတ်ဘုံခန်းဝါ နိဗ္ဗာန်ခုနစ်ခုအား ရရှိရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။
"ငါ့ခန့်မှန်းချက်အရဆိုရင် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာက နောက်ငါးရက်အတွင်း ပွင့်ဟလာလိမ့်မယ်။" ကလန်ခေါင်းဆောင်ချင်းယန်မှ တောင်ထွတ်ဆရာသခင်များအားကြည့်ကာ ပြောလိုက်သည်။ "တောင်ထွတ်ဆရာသခင်တွေက ရှန်းဟွပုံရိပ်ယောင်ကမ္ဘာကို စေလွှတ်မယ့် တပည့်တွေကို ပြင်ဆင်ထားလိုက်ပါတော့။ နောက်နှစ်ရက်ဆိုရင် တောင်ပင်လယ်ဆီကို တပည့်တွေကို လွှတ်တော့မယ်။"
တောင်ထွတ်ဆရာသခင်များမှ ခေါင်းညိတ်ပြလိုက်ကြသည်။
ဇူယွမ်မှာ ကလန်ခေါင်းဆောင်၏စကားကြောင့် အနည်းငယ် တွေဝေသွားရ၏။
ကလန်ခေါင်းဆောင်ချင်းယန်မှ ဇူယွမ်အားကြည့်၍ ပြုံးကာမေးမြန်းလိုက်သည်။ "ဇူယွမ် မင်းမေးချင်တာများ ရှိလို့လား။"
ဇူယွမ်မှ အရိုအသေပြုကာ စကားဆိုလိုက်သည်။ "ဒီတပည့်က ရှန်းဟွပုံရိပ်ယောင်ကမ္ဘာနဲ့ပက်သတ်ပြီး မသိတာတွေ အများကြီးပါ။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာ ကျွန်တော်တို့ရဲ့ ချီစွမ်းအင်အခြေခံအုတ်မြစ် သန်မာလာဖို့လိုအပ်တဲ့ အထူးပစ္စည်းတွေများရှိမလားဆိုတာ သိချင်ပါတယ်။"
…………………
အပိုင်း( ၅၅၃ ) : နတ်ဘုံခန်းဝါရတနာ
ဆွေးနွေးခြင်းခန်းမ၌
ကလန်ခေါင်းဆောင်ချင်းယန်မှာ ဇူယွမ်၏ မေးခွန်းအပေါ် အံ့အားသင့်သွားခြင်းမရှိပေ။ ဇူယွမ်သည် ရှန်ဇူတိုက်ကြီးမှ မဟုတ်သောကြောင့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအကြောင်း ကြားဖူးနားဝမျှသာ ရှိပေလိမ့်မည်။
"ရှန်းဟွပုံရိပ်ယောင်ကမ္ဘာဆိုတာ တည်နေရာ အတိအကျမရှိပဲ နေရာတိုင်းမှာ ပေါ်လာနိုင်တယ်။ ပြီးတော့ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ စတင်ပေါ်ပေါက်လာခဲ့တာ အရမ်းကိုကြာပြီ။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာ ကောင်းချီးတွေအများကြီးနဲ့ ပြည့်နှက်နေတယ်။ အဲ့ကောင်းချီးတွေထဲမှာ အထူးခြားဆုံးကတော့ ရှန်းဟွချန်ယင်းအဆီအနှစ်ပဲ။"
"ရှန်းဟွချန်ယင်းအဆီအနှစ်။" ဇူယွမ်မှ တိုးညင်းစွာ ရေရွတ်လိုက်သည်။
"ရှန်းဟွချန်ယင်းအဆီအနှစ်က ရှန်းဟွပုံရိပ်ယောင်ကမ္ဘာက အရမ်းကို ထူးခြားတဲ့အရာတစ်ခုပဲ။ အဲ့ရှန်းဟွချန်ယင်းအဆီအနှစ် နတ်ဘုံခန်းဝါရတနာတစ်ခုကို ဖန်တီးနိုင်တယ်။"
နတ်ဘုံခန်းဝါရတနာဟူသော စကားကြောင့် ရွေးချယ်ခံများ၏ မျက်ဝန်းများမှာ လိုချင်ရမ္မက်များဖြင့် တောက်လောင်သွားရသည်။
ဇူယွမ်မှ အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်၏။ "နတ်ဘုံခန်းဝါရတနာဆိုတာ ဘာလဲဟင်။"
ကလန်ခေါင်းဆောင်ချင်းယန်မှာ ခပ်ဖွဖွပြုံးလိုက်ပြီးနောက် စိတ်ရှည်စွာဖြင့် ရှင်းပြလိုက်သည်။ "ရှန်းဟွချန်ယင်းအဆီအနှစ်ကို စုပ်ယူလိုက်မယ်ဆိုတာနဲ့ သူကချီပင်လယ်ထဲမှာ တဖြည်းဖြည်း ကျစ်လစ်လာပြီးတော့ နတ်ဘုံခန်းဝါရတနာလို့ခေါ်တဲ့ အရာတစ်ခု ဖြစ်လာလိမ့်မယ်။"
"အဲ့ကျင့်ကြံသူက နတ်ဘုံခန်းဝါအဆင့်ကို ရောက်သွားပြီဆိုရင် နတ်ဘုံခန်းဝါရတနာက ချီပင်လယ်နဲ့ ပေါင်းစည်းသွားပြီးတော့ နတ်ဘုံခန်းဝါနိဗ္ဗာန်တွေ ဖြစ်ပေါ်လာတဲ့နေရာမှာ အကူအညီပေးလိမ့်မယ်။"
ကလန်ခေါင်းဆောင်ချင်းယန်မှ ချီစွမ်းအင်အမျှင်တန်းတစ်ခုအား ထွက်ပေါ်စေကာ ပန်းဖူးတစ်ခုအသွင်အဖြစ် ပြောင်းလဲစေလိုက်သည်။ ထိုပန်းဖူးသည် အလွန်ထူးခြားကာ ရောင်စဉ်ငါးမျိုး ဖြာထွက်နေပြီး ထူးခြားသော ရနံ့တစ်မျိုးကိုလည်း ထုတ်လွှတ်နေလေသည်။
ဇူယွမ်မှာ ထိုပန်းဖူးအား မြင်တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် သူ၏ချီစွမ်းအင်များမှာ အစာငတ်နေသော လူတစ်ဦးမှ အစားအသောက်ကို တွေ့ရှိလိုက်ရသည့်အလား တုန်ခါလာသည်။
"ဒီရောင်စဉ်ငါးသွယ် နတ်ဘုံခန်းဝါရတနာက နောက်ဆုံးအကြိမ် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ ပွင့်ဟလာတုန်းက တပည့်တစ်ယောက် ရလာခဲ့တဲ့အရာပဲ။ ဒါပေမယ့် အဖြစ်အပျက်တစ်ခုကြောင့် နတ်ဘုံခန်းဝါအဆင့်ကို မရောက်ခင်မှာပဲ ဆုံးပါးသွားရရှာတယ်။ အဲ့ဒါကြောင့် ဒီပန်းဖူးက ကျန်နေခဲ့တာ။"
"ဒီရောင်စဉ်ငါးသွယ် နတ်ဘုံခန်းဝါရတနာကို အသုံးပြုတဲ့သူရဲ့ ချီစွမ်းအင်အခြေခံအုတ်မြစ်က နတ်ဘုံခန်းဝါ နိဗ္ဗာန်သုံးခုလောက်ပဲရဖို့ လုံလောက်တယ်ဆိုရင်တောင် ဒီရောင်စဉ်ငါးသွယ် ပန်းဖူးနဲ့ဆိုရင် နတ်ဘုံခန်းဝါ နိဗ္ဗာန်ငါးခုအထိ ရရှိနိုင်လိမ့်မယ်။" ကလန်ခေါင်းဆောင်ချင်းယန်မှ ရှင်းပြလိုက်၏။
ဇူယွမ်မှာ အလွန်ပင် အံ့အားသင့်သွားရသည်။ နတ်ဘုံခန်းဝါရတနာတစ်ခုသည် နတ်ဘုံခန်းဝါငါးခုရသည်အထိပင် ကူညီပေးနိုင်၏။
"ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာ နတ်ဘုံခန်းဝါရတနာတွေကို အဆင့်ကိုးမျိုးနဲ့ တွေ့ရနိုင်တယ်။ အဆင့်တွေကို ထွက်ပေါ်နေတဲ့ ရောင်စဉ်တွေကိုကြည့်ပြီး ခွဲခြားလို့ရတယ်။ အမြင့်ဆုံးအဆင့်ကတော့ ဒဏ္ဍာရီလာ ရောင်စဉ်ကိုးသွယ် နတ်ဘုံခန်းဝါရတနာပဲ။"
"ဒဏ္ဍာရီလာ ရောင်စဉ်ကိုးသွယ် နတ်ဘုံခန်းဝါရတနာက အသုံးပြုသူကို နတ်ဘုံခန်းဝါ နိဗ္ဗာန်ကိုးခုအထိ ရစေနိုင်တယ်တဲ့။ ဒါပေမယ့် ဒီနှစ်တစ်သောင်းကျော်အတွင်း ဘယ်သူကမှ ရောင်စဉ်ကိုးသွယ် နတ်ဘုံခန်းဝါရတနာကို မြင်တောင်မမြင်ဖူးကြဘူး။"
ဇူယွမ်မှာ ရောင်စဥ်ကိုးသွယ် နတ်ဘုံခန်းဝါရတနာအကြောင်း ကြားလိုက်ရသဖြင့် နှလုံးသွေးများ ဆူပွက်မတက် အံ့အားသင့်သွားရသည်။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း ထိုမျှလောက် ထူးခြားသောရတနာ ရှိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ဖူးချေ။
"အဲ့ဒါကြောင့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲကိုရောက်ရင် ရှန်းဟွချန်ယင်းအဆီအနှစ်ကို ရှာဖွေပြီးတော့ မင်းတို့ရဲ့ ကိုယ်ပိုင်နတ်ဘုံခန်းဝါရတနာတွေကို ဖန်တီးရမယ်။" ကလန်ခေါင်းဆောင်ချင်းယန်မှ ပြုံးကာပြောလိုက်သည်။
"ပြီးတော့ မင်းတို့သတိထားရမှာ တစ်ခုရှိသေးတယ်။ နတ်ဘုံခန်းဝါရတနာက အတင်းအကြပ် လုယူခံရနိုင်တယ်။ အဲ့လိုဖြစ်ခဲ့ရင် မင်းတို့ကြိုးစားထားရသမျှအကုန် အလဟဿ ဖြစ်သွားရလိမ့်မယ်။"
ကလန်ခေါင်းဆောင်မှ လေးနက်စွာ ဆက်လက်စကားဆိုလိုက်သည်။ "အဲ့ဒါကြောင့်ပဲ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာ သတ်ဖြတ်မှုတွေ ဖြစ်နေတာ။ နတ်ဘုံခန်းဝါရတနာကို ရလာတာနဲ့ လူတိုင်းက မျက်စိကျနေမှာပဲ။"
ဇူယွမ်၏ အမူအရာမှာ တင်းမာသွားရ၏။ နတ်ဘုံခန်းဝါရတနာသည် အတင်းအကြပ် လုယူ၍ရသည်ဟူသော အချက်ဖြင့်ပင် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း သတ်ဖြတ်မှုများ ပေါ်ပေါက်နေရခြင်းအတွက် လုံလောက်သောအဖြေတစ်ခု ရှိနေပြီဖြစ်၏။
တွေးကြည့်ရုံမျှဖြင့်ပင် ရှန်းဟွချန်ယင်းအဆီအနှစ်အား စုဆောင်းရသည်ထက်စာလျှင် အသင့်ရှိနေသော နတ်ဘုံခန်းဝါရတနာအား လုယူရခြင်းမှာ ပိုမိုလွယ်ကူနေသည်။
မကြာမီ၌ပင် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း၌ များစွာသော ကလန်များမှ ပါရမီရှင် တပည့်များ တွေ့ဆုံကြတော့မည်ပင် ဖြစ်သည်။ ထိုအချိန်တွင်လည်း ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း သွေးချောင်းစီးကြရဦးမည်ပင် ဖြစ်၏။
ဇူယွမ်၏ အမူအရာမှာ တင်းမာနေရသည်။ ယခင်အချိန်များ၌ သူသည် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအကြောင်းအား အနည်းငယ်မျှသာ နားလည်ခဲ့လေသည်။ ယခုတွင်မူ သူ၏နှာခေါင်းဝ၌ပင် သွေးနံ့အချို့အား ရရှိနေသကဲ့သို့ ရှိ၏။
ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း တွေ့ကြုံရမည့် အန္တရာယ်များမှာ ဇူယွမ်ခန့်မှန်းထားသည်ထက်ပင် ပိုမိုဆိုးရွားနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ နတ်ဘုံခန်းဝါရတနာမှာ အမှန်တကယ် တပ်မက်စရာပင် ဖြစ်သည်။
ဇူယွမ်မှာ ကလန်ခေါင်းဆောင်လက်အတွင်းရှိနေသော ရောင်စဉ်ငါးသွယ်ပန်းဖူးအား ကြည့်ရှုလိုက်ပြီးနောက် ဆုံးဖြတ်ချက် ပြတ်သားစွာ ချမှတ်လိုက်သည်။ သူသည် နတ်ဘုံခန်းဝါ နိဗ္ဗာန်ခုနစ်ခုအား ရရှိရန်လိုအပ်သောကြောင့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း မဖြစ်မနေ ရောင်စဉ်ခုနစ်သွယ်ရတနာအား ရှာဖွေရပေလိမ့်မည်။
ကလန်ခေါင်းဆောင်ချင်းယန်မှာ ရောင်စဉ်ငါးသွယ်ပန်းဖူးအား သိမ်းဆည်းလိုက်ပြီးနောက် ဇူယွမ်နှင့် ရွေးချယ်ခံများအား ကြည့်ရှုလိုက်သည်။ ထို့နောက် ချူချင်းအားကြည့်၍ ဖြည်းညင်းစွာ စကားဆိုလိုက်၏။ "ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲကို မြင့်မြတ်သောနန်းတော်က ရွေးချယ်ခံဆယ့်ခြောက်ယောက် စေလွှတ်လိမ့်မယ်လို့ ကြားခဲ့တယ်။"
"မြင့်မြတ်သောနန်းတော်က ရွေးချယ်ခံတွေရဲ့ ခေါင်းဆောင်တွေကို မင်းတို့လည်း သိကြမှာပါ။ ကျောင်းထိုက်ရှင်း၊ ကျန်းထိုက်ချင်နဲ့ ကျင်းချန်းဇယ်တို့လေ။"
ထိုနာမည်များအား ကြားလိုက်ရသောအခါ၌ လီချင်းချန်၊ ခုန်းရှန်နှင့် အခြားရွေးချယ်ခံများ၏ အမူအရာမှာ ခက်ထန်သွားရ၏။ ပုံမှန်အားဖြင့် ပျင်းရိနေတက်သော ချူချင်း၏အမူအရာသည်ပင် လေးနက်သွားရလေသည်။
သို့သော် ဇူယွမ်မှာမူ ထိုနာမည်များအား ကြားပင်မကြားပါချေ။
ယဲ့ကယ်မှာ နားလည်ဟန်မရှိသော ဇူယွမ်၏အမူအရာအား ကြည့်ရှုလိုက်ပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ကျောင်းထိုက်ရှင်း၊ ကျန်းထိုက်ချင်နဲ့ ကျင်းချန်းဇယ်တို့က မြင့်မြတ်သောနန်းတော်ရဲ့ အတော်ဆုံးတပည့်တွေပဲ။ သူတို့က ရှန်ဇူတိုက်ကြီးတစ်ခုလုံးရဲ့ အထူးချွန်ဆုံးထဲမှာတောင်ပါတယ်။"
"သူတို့သုံးယောက်ထဲမှာ ကျောင်းထိုက်ရှင်းက ကြောက်စရာအကောင်းဆုံးပဲ။ သူက မြင့်မြတ်သောနန်းတော်ရဲ့ နံပါတ်တစ် ရွေးချယ်ခံတပည့်လည်း ဟုတ်တယ်။ ချူချင်းက သူနဲ့တိုက်ဖူးပေမယ့် ကပ်သီးလေး ရှုံးသွားခဲ့ရတယ်။ အဲ့ဒါကြောင့် ရှန်ဇူတိုက်ကြီးရဲ့ လူငယ်မျိုးဆက်ထဲမှာတော့ ကျောင်းထိုက်ရှင်းက အသန်မာဆုံးလို့ ပြောလို့ရတယ်။"
"ကျန်းထိုက်ချင်နဲ့ ကျင်းချန်းဇယ်ကိုလည်း လျှော့တွက်လို့မရဘူး။ သူတို့က ရှန်ဇူတိုက်ကြီးရဲ့ လူငယ်မျိုးဆက်ထဲမှာ နံပါတ်သုံးနဲ့ နံပါတ်ငါးချိတ်ကြတယ်။"
ဇူယွမ်မှာ အနည်းငယ် တုန်လှုပ်သွားရ၏။ ယောင်ယောင်မှာ ချူချင်းသည် ပျင်းရိသည်ဟု ထင်မှတ်ရသော်လည်း အလွန်သန်မာသူတစ်ဦးဖြစ်ကြောင်း ပြောပြခဲ့ဖူး၏။ မြင့်မြတ်သောနန်းတော်မှ ကျောင်းထိုက်ရှင်းသည် ချူချင်းထက်ပင် သန်မာသည်ဆိုပါက မည်မျှပင် သန်မာလိမ့်မည်နည်း။ တွေးကြည့်ရုံမျှနှင့်ပင် ကြောက်မက်ဖွယ်ကောင်းလှ၏။
ထို့အပြင် ကျန်းထိုက်ချင်နှင့် ကျင်းချန်းဇယ်တို့သည်လည်း ရှန်ဇူတိုက်ကြီး၏ လူငယ်မျိုးဆက်၌ နံပါတ်သုံးနှင့်နံပါတ်ငါးအသီးသီးကို ရယူထားနိုင်ကြလေသည်။ မြင့်မြတ်သောနန်းတော်သည် ရှန်ဇူတိုက်ကြီးမှ လူငယ်မျိုးဆက်များ၏ အဆင့်သတ်မှတ်ချက်အတွင်း ထိပ်ဆုံးငါးနေရာ၌ သုံးနေရာကိုပင် ရယူထားနိုင်ခြင်း ဖြစ်၏။ မြင့်မြတ်သောနန်းတော်၏ တည်ရှိမှုမှာလည်း အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာတစ်ခု ဖြစ်သည်။
ယခုဆိုလျှင် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း၌ မြင့်မြတ်သောနန်းတော်မှ ရွေးချယ်ခံများနှင့် တွေ့ဆုံရတော့မည်ပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ကလန်နှစ်ခုကြား ပဋိပက္ခများကြောင့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း ဖြစ်ပေါ်လာမည့်တိုက်ပွဲအား ရှောင်လွှဲ၍ရနိုင်တော့မည် မဟုတ်ပေ။
ကလန်ခေါင်းဆောင်ချင်းယန်မှ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ ပွင့်ဟလာပြီဆိုတာနဲ့ ကန်ရွှမ်းကောင်းကင်ဒေသမှာရှိတဲ့ ကလန်တွေအားလုံးက ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲက အဖြစ်အပျက်တွေကိုပဲ အာရုံစိုက်လာကြလိမ့်မယ်။ အဲ့ဒါကြောင့် မင်းတို့လည်း ကန်ရွှမ်းကလန်ကို ဂုဏ်သိက္ခာမကျစေနဲ့။"
ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း ဖြစ်ပျက်ခဲ့သော အကြောင်းအရာများအားလုံးသည် ကန်ရွှမ်းကောင်းကင်ဒေသတစ်ခုလုံးသို့ သတင်းစကားအဖြစ် ပျံ့နှံ့သွားမည်ပင် ဖြစ်သည်။
ရွေးချယ်ခံများအားလုံး၏ အမူအရာမှာ လေးနက်သွားရ၏။
"ကျွန်တော်တို့ကလန်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ဖို့အတွက် အကောင်းဆုံး ကြိုးစားမှာပါ။"
ဇူယွမ်မှာလည်း ရွေးချယ်ခံများနှင့်အတူ အရိုအသေပြုကာ စကားဆိုလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း၌ ဖြစ်ပေါ်လာမည့် တိုက်ပွဲများအား ရှောင်လွှဲ၍ရနိုင်မည် မဟုတ်ချေ။
ရှန်းဟွပုံရိပ်ယောင်ကမ္ဘာသည် အမှန်တကယ်ပင် အန္တရာယ်များဖြင့် ပြည့်နှက်နေသော နေရာတစ်ခုပင် ဖြစ်လေတော့သတည်း။
………………..
အပိုင်း ( ၅၅၄ ) : တာဝန်
ရှန်ဇူတိုက်ကြီး၏ မြောက်ဖျားပိုင်းတွင်တည်ရှိသည့် မြင့်မြတ်သောနန်းတော်၌
ဖြူဖွေးနေသော အဆောက်အအုံကြီးများမှာ နှင်းမှုန်များအလား ခန့်ညားထည်ဝါသော တောင်တန်းများအကြား ထိုးထိုးထောင်ထောင်ဖြင့် ရှိနေလေသည်။ ကြည့်လိုက်ရုံမျှဖြင့်ပင် ထိုနေရာသည် လုံခြုံရေး အလွန်တင်းကြပ်ထားသည့် နေရာတစ်ခုဖြစ်ကြောင်း သိရှိနိုင်၏။
ထိုမြူခိုးများ ရစ်ဝဲနေသည့် တောင်ကုန်းတစ်ခုပေါ်၌ ပုံရိပ်တစ်ခု ထိုင်နေလျက်ရှိသည်။ ထိုပုံရိပ်သည် ကြီးမားလှသော ဝတ်ရုံတစ်ခုအား ဆင်မြန်းထားလေသည်။ သူ၏ ငွေရောင်ဆံနွယ်များနှင့် နှင်းကဲ့သို့ ဖြူဖွေးနေသော မျက်တောင်မွှေးများမှာ ထူးခြားဆန်းကြယ်နေ၏။
ထိုပုံရိပ်မှာ မြင့်မြတ်သောနန်းတော်၏ အရှင်သခင် ရှန့်ယွမ်ပင် ဖြစ်သည်။
သူသည် ဝါးတစ်ချောင်းအား ဆွဲကိုင်ထားလျက်ရှိကာ အဖြူရောင်ကြိုးစတစ်ခုသည် ထိုဝါးမှတစ်ဆင့် တောင်ကုန်းအောက်ရှိ ရှည်ကျနေလေသည်။
တောင်ကုန်း၏အောက်တွင်မူ အလွန်ပင်ရေစီးသန်သော မြစ်တစ်စင်းရှိနေ၏။ ထိုမြစ်၏ အရောင်အဆင်းမှာ မဲညစ်လျက် အန္တရာယ်ရှိမည့် အငွေ့အသက်များ ထွက်ပေါ်နေသည်။ ထူးခြားဆန်းကြယ်သော အရိပ်မည်းကြီးများကိုလည်း ရေမျက်နှာပြင်ပေါ်၌ တစ်ခါတစ်ရံ မြင်တွေ့နေရသည်။ သို့သော် ထိုအရိပ်မည်းကြီးမှာ တောင်ကုန်းပေါ်ရှိပုံရိပ်အား ကြောက်ရွံ့နေသည့်အလား အလျင်အမြန်ပင် ပျောက်ကွယ်သွားကြလေသည်။
ဝှစ်.....
လေတိုးသံသဲ့သဲ့အား ကြားလိုက်ရကာ ကောင်းကင်ထက်မှ ပုံရိပ်သုံးခု ရောက်ရှိလာ၏။ ထိုပုံရိပ်သုံးခုမှာ မြေပြင်ပေါ်သို့ ဆင်းသက်ပြီးသည်နှင့်တကွ ရှန့်ယွမ်အား အရိုအသေပြုကာ နှုတ်ဆက်လိုက်ကြသည်။ "နှုတ်ဆက်ပါတယ် နန်းဆောင်အရှင်သခင်။"
ထိုသုံးဦးမှာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်၏။
ထိုသုံးဦးအနက် ဦးဆောင်နေသူမှာ ချောမောခန့်ညားသော လူငယ်တစ်ဦးဖြစ်ပြီး အဖြူရောင်ဆံနွယ်များအား အနောက်ဖက်တွင် ခပ်မြင့်မြင့် စုချည်ထားလျက် ရှိသည်။ ထိုဆံနွယ်များ စုချည်ထားသည့်နေရာမှ ပုခုံးနှစ်ဖက်ပေါ်သို့ ကြိုးနှစ်ချောင်းဖြာကျနေလေသည်။ ထိုကြိုးစနှစ်ခု၏ အဆုံးတွင် သွေးနီရောင်ပုတီးစေ့များ တစ်ခုစီရှိနေ၏။ ၎င်းသွေးနီရောင်ပုတီးစေ့များထံမှ သွေးနီရောင်အလင်းတန်းများ မှေးမှိန်စွာ တောက်ပနေဟန် ရှိသည်။
ထိုလူငယ်လေးမှာ နွေးထွေးကြင်နာသော အပြုံးတစ်ခုအား ဆင်မြန်းထားကာ ခင်မင်နှစ်လိုဖွယ်ကောင်းသောအသွင် ရှိနေ၏။ သူ၏ ရှည်လျားကျဉ်မြောင်းသော မျက်ဝန်းများကပင် ကြယ်ပွင့်များကဲ့သို့ တောက်ပလင်းလက်နေလေသည်။
သူသည် ရှန်ဇူတိုက်ကြီး၏ လူငယ်မျိုးဆက်ထဲတွင် အထူးချွန်ဆုံး နံပါတ်တစ်ဖြစ်သည့် မြင့်မြတ်သောနန်းတော်၏ ကျောင်းထိုက်ရှင်းပင် ဖြစ်သည်။
ကျောင်းထိုက်ရှင်း၏ ဘေးတွင်မူ အနက်ရောင်ဝတ်စုံအား ဆင်မြန်းထားသော မိန်းမငယ်လေးတစ်ဦး ရှိနေသည်။ ထိုမိန်းမငယ်လေးမှာ နီရဲနေသော နှုတ်ခမ်းသားလေးဖြင့် အလွန်ပင် လှပရွှန်းလဲ့နေပြီး သူမ၏ ဟန်ပန်အမူအရာများမှာလည်း နူးညံ့သိမ်မွေ့လှ၏။
သူမ၏ အနက်ရောင်ဝတ်စုံအောက်မှ ထွက်ပေါ်နေသော ရှည်လျားသွယ်လျသည့် ခြေတံရှည်လေးများမှာ ရင်သက်ရှုမောဖွယ်ရာပင် ဖြစ်သည်။
သူမ၏ အသားအရေမှာ နှင်းပွင့်များကဲ့သို့ပင် ဖြူဖွေးနေသည့်အတွက် အနည်းငယ် အားနည်းနေသည်ဟုပင် ထင်မှတ်ရ၏။ သူမ၏ မျက်တောင်ရှည်လေးများမှာမူ အလွန်ပင် ထူးခြားလှကာ သွေးနီရောင် သမ်းနေလေသည်။
သူမသည် တိတ်ဆိတ်ငြိမ်သက်စွာပင် ရပ်နေလျက်ရှိပြီး နူးညံ့သိမ်မွေ့လွန်းသော မိန်းမငယ်တစ်ဦး၏ အငွေ့အသက်အား ပေးစွမ်းနေ၏။
သို့သော် ထိုနူးညံ့သိမ်မွေ့လှသည့် မိန်းမငယ်လေးအား မြင့်မြတ်သောနန်းတော်၏ မည်သည့်တပည့်ကမှ ထိပါးရဲလိမ့်မည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် သူမသည် ကျောင်းထိုက်ရှင်းပြီးလျှင် အထူးချွန်ဆုံးဖြစ်သည့် ကျန်းထိုက်ချင်ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ သူမသည် ရှန်ဇူတိုက်ကြီး၏ လူငယ်မျိုးဆက်များအတွင်း အထူးချွန်ဆုံး နံပါတ်သုံးနေရာကို ရရှိထားသူလည်း ဖြစ်၏။
ထိုသုံးဦးအနက် နောက်ဆုံးတွင်ရှိနေသော လူငယ်လေးမှာ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးဖြင့် ကြည့်ကောင်းသော အသွင်သဏ္ဍာန်ရှိသည့် လူငယ်လေးတစ်ဦးပင် ဖြစ်သည်။ သူသည် ရွှေရောင်ဆံနွယ်များဖြင့် အလွန်ပင် တောက်ပနေပြီး နှစ်လိုဖွယ်အပြုံးဖြင့် ခင်မင်ရင်းနှီးချင်စရာကောင်းသောအသွင် ရှိလေသည်။ သူ၏ မျက်တောင်မွှေးများမှာလည်း ဆံနွယ်များကဲ့သို့ပင် ရွှေရောင်တောက်ပနေ၏။
ထိုလူငယ်လေးသည် ရှန်ဇူတိုက်ကြီး၏ လူငယ်မျိုးဆက်များအတွင်း အထူးချွန်ဆုံး နံပါတ်ငါးဖြစ်သည့် ကျင်းချန်းဇယ်ပင် ဖြစ်သည်။
ထိုသုံးဦးမှာ မြင့်မြတ်သောနန်းတော်၏ အထူးချွန်ဆုံး တပည့်များ ဖြစ်လေသည်။
နန်းဆောင်အရှင်သခင်ရှန့်ယွမ်မှာ ဝါးချောင်းကို ကိုင်ထားရင်းမှ ပြုံးကာစကားဆိုလိုက်သည်။ "နောက်ရက်နည်းနည်းဆိုရင်ပဲ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာက တောင်ဘက်ပင်လယ်မှာ ပွင့်ဟလာတော့မယ်။ မြင့်မြတ်သောနန်းတော်ကနေ စေလွှတ်မယ့် တပည့်တွေကိုတော့ ဆုံးဖြတ်ပြီးသွားပြီ။ မင်းတို့သုံးယောက်က သူတို့တွေကို ဦးဆောင်သွားရမယ်။"
ကျောင်းထိုက်ရှင်း၊ ကျန်းထိုက်ချင်နှင့် ကျင်းချန်းဇယ်တို့မှာ အရိုအသေပြုကာ ခေါင်းညိတ်ပြလိုက်ကြ၏။
"ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ ပွင့်ဟလာပြီဆိုတာနဲ့ ကန်ရွှမ်းကောင်းကင်ဒေသတစ်ခွင်က ကလန်တွေအားလုံးက ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲက အဖြစ်အပျက်တွေကိုပဲ အာရုံစိုက်လာကြလိမ့်မယ်။ အဲ့ဒါကြောင့် အနာဂတ်မှာလည်း ရှန်ဇူတိုက်ကြီးတစ်ခုလုံးမှာ ငါတို့မြင့်မြတ်သောနန်းတော်ရဲ့ ဂုဏ်သတင်းကိုပဲ မွှေးပျံ့နေစေချင်တယ်။ မင်းတို့ ငါ့ရဲ့မြင့်မြတ်သောနန်းတော်ကလန်ကို ဂုဏ်ယူရအောင်လုပ်ခဲ့ကြ။"
"အခုအချိန်ထိ လူတော်တော်များများက ကန်ရွှမ်းကောင်းကင်ဒေသမှာ မြင့်မြတ်သောနန်းတော်က နံပါတ်တစ်ဆိုတာကို လက်မခံချင်ကြဘူး။"
ကျောင်းထိုက်ရှင်းမှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီးနောက် ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "တခြားကလန်က ရွေးချယ်ခံတွေ များများသေလေ ကောင်းလေပဲမလား နန်းဆောင်အရှင်သခင်။"
"မင်းတို့ သင့်တော်မယ်ထင်သလို လုပ်ခဲ့ကြပေါ့။" နန်းဆောင်အရှင်သခင်ရှန့်ယွမ်မှာ အခြားကလန်များမှ ရွေးချယ်ခံများအား အာရုံစိုက်နေရန်ပင် မထိုက်တန်ဟု ယူဆထားလေသည်။
နန်းဆောင်အရှင်သခင်ရှန့်ယွမ်မှာ ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်၏။ "တခြားကလန်က ရွေးချယ်ခံတွေက နည်းနည်းတော့ အရေးကြီးပါတယ်။ ဒါပေမယ့် ငါမင်းတို့သုံးယောက်ကို ပေးမယ့်တာဝန်က ပိုအရေးကြီးတယ်။"
"အမိန့်ပေးတော်မူပါ နန်းဆောင်အရှင်သခင်။"
"ကန်ရွှမ်းကလန်က ဇူယွမ်လို့ခေါ်တဲ့ တပည့်ခေါင်းဆောင်တစ်ယောက်ကလည်း ရှန်းဟွပုံရိပ်ယောင်ကမ္ဘာကို ရွေးချယ်ခံတွေနဲ့အတူ ပါလာလိမ့်မယ်။ မင်းတို့သုံးယောက်က သူ့ကိုဖမ်းပြီးတော့ ဒီကိုခေါ်လာခဲ့ကြ။" နန်းဆောင်အရှင်သခင်ရှန့်ယွမ်မှ လေးနက်စွာ ပြောလိုက်သည်။ ထိုအချိန်၌ပင် သူ၏လက်တွင်ကိုင်ထားသော ဝါးချောင်းငယ်မှာလည်း ငါးမိသွားသောကြောင့် လှုပ်ခါလာ၏။
ကျောင်းထိုက်ရှင်း၊ ကျန်းထိုက်ချင်နှင့် ကျင်းချန်းဇယ်တို့မှာမူ နန်းဆောင်အရှင်သခင်ရှန့်ယွမ်၏ အမိန့်စကားကြောင့် အံ့အားသင့်သွားရသည်။
နန်းဆောင်အရှင်သခင်ရှန့်ယွမ်၏ အဆင့်အတန်းဖြင့်ဆိုလျှင် အခြားကလန်များမှ ရွေးချယ်ခံများကိုပင် ဂရုစိုက်နေစရာ လိုအပ်မည်မဟုတ်ပေ။ ယခုတွင်မူ ရွေးချယ်ခံပင်မဟုတ်သော တပည့်ခေါင်းဆောင်တစ်ဦးအား ဖမ်းဆီးခေါ်ဆောင်လာရန် အမိန့်ပေးနေ၏။
နန်းဆောင်အရှင်သခင်ရှန့်ယွမ်မှ တည်ငြိမ်စွာ စကားဆိုလိုက်သည်။ "ဘယ်လိုလဲ မင်းတို့လုပ်နိုင်ရဲ့လား။"
ကျောင်းထိုက်ရှင်းမှ ခေါင်းညိတ်ပြကာ ပြောလိုက်၏။ "နန်းဆောင်အရှင်သခင်က သူ့ကို အသေလိုချင်တာလား။ အရှင်လိုချင်တာလား။"
နန်းဆောင်အရှင်သခင်ရှန့်ယွမ်မှ ပျင်းရိစွာဖြင့် ပြောလိုက်သည်။ "ရှင်နေရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် ဘယ်လိုမှ မတက်နိုင်တော့ဘူးဆိုရင်တော့ အသေလည်း ရပါတယ်။ အရေးကြီးတာက သူ့ကိုဒီကို ခေါ်လာဖို့ပဲ။"
ကျောင်းထိုက်ရှင်းမှ အရိုအသေပြုကာ ခေါင်းညိတ်ပြလိုက်သည်။ နန်းဆောင်အရှင်သခင်မှ တပည့်ခေါင်းဆောင်တစ်ဦးအပေါ် အာရုံစိုက်နေရခြင်းအား အံ့အားသင့်မိပါသော်လည်း ဇူယွမ်အား ဖမ်းဆီးခေါ်ဆောင်လာရန်မှာ တာဝန်တစ်ရပ် ဖြစ်သွားပြီပင် ဖြစ်၏။
နန်းဆောင်အရှင်သခင်ရှန့်ယွမ်မှာ လိုအပ်သည်များအား ဆက်လက်မှာကြားလိုက်ပြီးနောက် ထိုသုံးဦးအား သက်ဆိုင်ရာဂူနန်းများဆီသို့ပြန်ရန် ပြောလိုက်သည်။
ကျောင်းထိုက်ရှင်းတို့သုံးဦး ပြန်သွားပြီးသည့်နောက် နန်းဆောင်အရှင်သခင်ရှန့်ယွမ်၏နောက်မှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုပုံရိပ်သည် အနက်ရောင်ဝတ်ရုံရှည်ဖြင့် ခန္ဓာကိုယ်တစ်ခုလုံးအား ဖုံးအုပ်ထားလေသည်။
ထိုပုံရိပ်သည် ဝူဟောင်ပင် ဖြစ်သည်။
နန်းဆောင်အရှင်သခင်ရှန့်ယွမ်မှ ခပ်ဖွဖွပြုံးကာ စကားဆိုလိုက်သည်။ "ဝူဟောင် မင်းမှာအခု အသူရာသွေးခန္ဓာရှိနေပြီဆိုပေမယ့် မြင့်မြတ်သောနန်းတော်အတွက် မင်းကအရမ်းအရေးကြီးတယ်ဆိုတာ သိတယ်မလား။ အဲ့ဒါကြောင့် လက်လွတ်စပယ် ကလန်အပြင်ဖက်ကို လျှောက်သွားလို့မရဘူးနော်။"
"အဲ့ဒါကြောင့် မင်းမှာ ပျောက်ဆုံးနေတဲ့အရာကို ပြန်ယူဖို့ ငါကူညီပေးနေတာ။ အခုချိန်မှာ အရေးကြီးဆုံးက ဇူယွမ်ခန္ဓာကိုယ်ထဲမှာရှိတဲ့ မြင့်မြတ်သောနဂါးကောင်းချီးကို ပြန်ယူပြီးတော့ မင်းရဲ့ခန္ဓာကိုယ်ထဲကို ပေါင်းထည့်ဖို့ပဲလေ။"
ဝူဟောင်မှ အရိုအသေပြုကာ ခေါင်းညိတ်ပြလိုက်သည်။ သူ၏ ခန္ဓာကိုယ် ဖျက်စီးခံခဲ့ရခြင်းအတွက် ဇူယွမ်အား ကိုယ်တိုင်ကိုယ်ကျ လက်စားချေချင်ပါသော်လည်း နန်းဆောင်အရှင်သခင်ရှန့်ယွမ်၏ စီစဉ်ပေးမှုအား ငြင်းပယ်လိုက်ရန် မဝံ့ရဲပေ။ ထို့ကြောင့် နန်းဆောင်အရှင်သခင်ရှန့်ယွမ်၏ အစီအစဉ်ကိုသာ လက်ခံရန် ဆုံးဖြတ်လိုက်ရ၏။
နန်းဆောင်အရှင်သခင်ရှန့်ယွမ်မှာ ဝူဟောင်၏ အတွေးများအား အနည်းငယ်မျှပင် ဂရုမစိုက်ဟန်ဖြင့် ရှိနေလေသည်။ ထိုအချိန်မှာပင် သူ၏လက်ထဲတွင်ရှိနေသော ဝါးချောင်းငယ်မှ လှုပ်ခါလာပြန်၏။
ဝုန်း....
နန်းဆောင်အရှင်သခင်ရှန့်ယွမ်မှာ ဝါချောင်းငယ်အား ဆောင့်ဆွဲလိုက်သည်။ ပေတစ်သောင်းမျှရှိသော အရိပ်မည်းကြီးတစ်ခုသည် ကြိုးစအဖြူနှင့်အတူ ချိတ်ပါလာ၏။ ထိုအရိပ်မည်းကြီးသည် အလွန်ပင် ကြောက်ရွံ့နေဟန်ဖြင့် ရုန်းကန်လှုပ်ရှားနေသည်။
"ဟားဟား...ငါမိထားတဲ့သားကောင်က လွတ်သွားရိုးထုံးစံ ရှိမတဲ့လား။" နန်းဆောင်အရှင်သခင်ရှန့်ယွမ်မှ ခပ်ဖွဖွရယ်မောကာ ရေရွတ်လိုက်သည်။ တဖြည်းဖြည်းနှင့် ထိုအရိပ်မည်းကြီးမှာ အဖြူရောင်ငါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ထို့နောက် ထိုငါးကြီး၏ အသွေးအသားများမှာ ဖြည်းညင်းစွာဖြင့် သွေးနီရောင်ချီစွမ်းအင်များအဖြစ်သို့ ပြောင်းလဲလာ၏။
နန်းဆောင်အရှင်သခင်ရှန့်ယွမ်မှာ ထိုချီစွမ်းအင်များအား တစ်ကြိမ်တည်းဖြင့် စုပ်ယူစားသုံးလိုက်သည်။
ထို့နောက် အနောက်တွင်ရှိနေသော ဝူဟောင်အားကြည့်ကာ ခပ်ဖွဖွပြုံးပြလိုက်ပြီးနောက် ကောင်းကင်ထက်သို့ ပျံဝဲသွားလေတော့သည်။
မြင့်မြတ်သောနဂါးကောင်းချီးအား လုံလောက်အောင် စုစည်းပြီးသည်နှင့်တစ်ပြိုင်နက် ရှန့်ယွမ်မှာ မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်း ဖုံးကွယ်ထားခဲ့သော ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ရှာဖွေနိုင်တော့မည်ပင် ဖြစ်၏။ ထိုအချိန်သို့ရောက်လျှင် သူသည် ကန်ရွှမ်းကောင်းကင်ဒေသတစ်ခုလုံး၏ အရှင်သခင်အသစ် ဖြစ်လာပေလိမ့်မည်။
"ကန်ရွှမ်း......"
"မင်းက သေသွားတာတောင်မှ ငါ့ကိုစိတ်အနှောင့်အယှက် ဖြစ်စေတုန်းပဲ။ ငါကန်ရွှမ်းကောင်းကင်ဒေသရဲ့ အရှင်သခင်အသစ် ဖြစ်လာတာနဲ့ မင်းတည်ထောင်ခဲ့တဲ့ ကန်ရွှမ်းကလန်တစ်ခုလုံးကို တစ်စမကျန် ဖျက်စီးပြမယ်။"
"အဲ့အချိန်ကြရင် မင်းရဲ့တပည့်တွေအကုန်လုံးလည်း နောက်ဘဝမှာ မင်းကိုလိုက်ပြီး အဖော်ပြုပေးလို့ ရတာပေါ့။ ငါ့ဆီကရမယ့် နောက်ဆုံးလက်ဆောင်လို့ပဲ မင်းသဘောထားလိုက်ပေါ့ကွာ။"
………………..
အပိုင်း ( ၅၅၅ ) : ထွက်ခွါခြင်း
ကန်ရွှမ်းကလန်၏ အဓိကဝင်ပေါက်၌
ကျောက်စိမ်းကဲ့သို့ ကြည်လင်နေသော လှေကားထစ်များမှာ မြူခိုးများ အုပ်ဆိုင်းနေသော ကောင်းကင်ထက်သို့ ညွှန်ပြနေလျက် ရှိသည်။ ထိုလှေကားထစ်များ၏အဆုံးတွင် ကြီးမားလှသော ကျောက်ပြားကြီးတစ်ခုရှိ၏။ ထိုကျောက်ပြားကြီးပေါ်တွင် ကန်ရွှမ်းဟု ရေးထွင်းထားလေသည်။
ထိုကျောက်ပြားကြီးမှာ ကန်ရွှမ်းကလန်၏ အဖိုးတန်သော မူလရတနာတစ်ခုပင် ဖြစ်သည်။ ကန်ရွှမ်းကလန်အား ရန်ပြုလိုသော မည်သည့်သက်ရှိကိုမဆို ထိုကျောက်ပြားဖြင့် ဖိနှိပ်နိုင်၏။
လက်ရှိအချိန်၌ ထိုကျောက်ပြားကြီး၏ ရှေ့မျက်နှာစာတွင် ပုံရိပ်များစွာ ရှိနေကြလေသည်။ ထိုပုံရိပ်များမှာ အုပ်စုအဖွဲ့များ အသီးသီးစုလျက် ရပ်နေကြ၏။
ထိုအုပ်စုအဖွဲ့များအား ဦးဆောင်းထားကြသူများမှာ ကန်ရွှမ်းကလန်၏ ရွေးချယ်ခံများနှင့် တောင်ထွတ်အသီးသီး၏ တပည့်ခေါင်းဆောင်များပင် ဖြစ်သည်။
ကန်ရွှမ်းကလန်၏ တပည့်များအားလုံးမှာလည်း ၎င်းတို့အနီး ကောင်းကင်ထက်တွင် ရှိနေကြ၏။ လာရောက်စောင့်ကြည့်ကြသူများမှာ များပြားလွန်းလှသဖြင့် ကောင်းကင်တစ်ခွင်လုံးပင် ပြည့်နှက်နေသယောင် ရှိပေသည်။ လာရောက်စောင့်ကြည့်နေကြသော တပည့်များမှာ ကွင်းပြင်အတွင်းရှိနေကြသော အုပ်စုအဖွဲ့များအား လေးစားအားကျသော မျက်ဝန်းများဖြင့် ငေးမောကြည့်ရှုနေကြသည်။
ဇူယွမ်နှင့် ယောင်ယောင်မှာလည်း အုပ်စုတစ်ခုအား ဦးဆောင်ထားလျက် ရှိသည်။ ဇူယွမ်တို့၏ အုပ်စုတွင်မူ ဇူထိုက်၊ ကျန်းယန်၊ လုယန်းနှင့် မူလသူတော်စင်တောင်ထွတ်မှ အခြားဝါရင့်ခရမ်းရောင်ခါးစည်း တပည့်ငါးဦးတို့ ပါဝင်ပေသည်။ ဇူယွမ်၏ အမူအရာမှာ အလွန်ပင် စိတ်လှုပ်ရှားတက်ကြွနေဟန် ရှိသည်။
အဘယ့်ကြောင့်ဆိုသော် မကြာမီအချိန်၌ပင် သူတို့သည် ကန်ရွှမ်းကလန်မှ စေလွှတ်လိုက်သော တပည့်များအနေဖြင့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာဆီသို့ ဦးတည်ထွက်ခွာကြရတော့မည် ဖြစ်သောကြောင့်ပင် ဖြစ်သည်။
မူလသူတော်စင်တောင်ထွတ်မှ တပည့်များအနေဖြင့်လည်း ယခုကဲ့သို့ ကလန်ကိုယ်စားပြုအနေဖြင့် သွားရောက်ရသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်လေသည်။ ထို့ကြောင့် ၎င်းတို့မှာ ထိုအခွင့်အရေးအား ဖန်တီးပေးခဲ့သော ဇူယွမ်နှင့်ယောင်ယောင်တို့ကို အလွန်ပင် ကျေးဇူးတင်နေကြ၏။
ဇူယွမ်၏ ဦးဆောင်မှုကြောင့်သာမဟုတ်လျှင် မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနား၌ မူလသူတော်စင်တောင်ထွတ်မှာ ပထမနေရာအား ရရှိနိုင်လိမ့်မည် မဟုတ်ချေ။ မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနား၌သာ ပထမနေရာ မရရှိခဲ့ပါက ယခုကဲ့သို့ နေရာခွဲတမ်းများစွာ ရရှိလိမ့်မည်မဟုတ်ပဲ နှစ်နေရာ သို့မဟုတ် သုံးနေရာမျှသာ ရရှိနိုင်ပေလိမ့်မည်။ ဇူယွမ်၏ ကျေးဇူးကြောင့်သာ ယခုကဲ့သို့ နေရာခွဲတမ်းများအား ပေါပေါသီသီ ရရှိနိုင်ခဲ့ခြင်း ဖြစ်၏။
ဇူယွမ်၏ မျက်ဝန်းများမှာ အလွန်ပင် လေးနက်တည်ကြည်နေလျက် ရှိသည်။ သူသည် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာနှင့်ပက်သတ်၍ အလွန်ပင် အာရုံစိုက်ထား၏။
ယောင်ယောင်သတိပေးစကားဆိုထားသည့်အတိုင်းပင် နတ်ဘုံခန်းဝါ နိဗ္ဗာန်ခုနစ်ခုအား ရရှိနိုင်ရန်မှာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း သူလုပ်ဆောင်ရမည့် အဓိကတာဝန်ဟု သတ်မှတ်ထားလိုက်သည်။
ကွင်းပြင်အတွင်းရှိနေကြသော အုပ်စုအဖွဲ့များအနက် မူလသူတော်စင်တောင်ထွတ်၏ လူအင်အားမှာ အနည်းပါးဆုံးပင် ဖြစ်လေသည်။ အခြားသော တောင်ထွတ်များ၏ အုပ်စုအဖွဲ့များမှာ မူလသူတော်စင်တောင်ထွတ်ထက်ပို၍ သိုက်သိုက်ဝန်းဝန်း ရှိကြသည်။
သို့သော် မည်သူကမှ မူလသူတော်စင်တောင်ထွတ်၏ အုပ်စုအဖွဲ့အား လှောင်ပြောင်သရော်လိုသော မျက်ဝန်းများဖြင့် မကြည့်နေကြပေ။ အခြားတောင်ထွတ်များမှ တပည့်များမှာ မူလသူတော်စင်တောင်ထွတ်အား ခင်မင်ရင်းနှီးစွာဖြင့်သာ ပြောဆိုဆက်ဆံကြလေသည်။
ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များသည်ပင် မူလသူတော်စင်တောင်ထွတ်အား ရန်ပြုလိုသော အမူအရာ ရှိမနေကြချေ။
အဘယ့်ကြောင့်ဆိုသော် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာသို့ သွားရောက်နိုင်ရန်အတွက် နေရာခွဲတမ်းများစွာအား မူလသူတော်စင်တောင်ထွတ်မှ အခြားသော တောင်ထွတ်ခြောက်ခုသို့ ခွဲဝေပေးအပ်ထားခဲ့သောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် မူလသူတော်စင်တောင်ထွတ်အား အခြားတောင်ထွတ်များမှ ငြင်းပယ်မရနိုင်သော ကျေးဇူးကြွေးတင်နေကြရ၏။
ကွင်းပြင်အတွင်းရှိ စင်မြင့်ပေါ်၌ ကလန်ခေါင်းဆောင်ချင်းယန်နှင့် အခြားသော တောင်ထွတ်ဆရာသခင်များ ရှိနေကြလေသည်။
"မကြာခင်မှာပဲ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာက တောင်ဘက်ပင်လယ်မှာ ပွင့်ဟလာတော့မယ်။ မင်းတို့တွေက ငါတို့ကန်ရွှမ်းကလန်ရဲ့ အထူးချွန်ဆုံး တပည့်တွေပဲ။ အဲ့ဒါကြောင့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲကိုရောက်ရင် ကိုယ့်ကိုယ်ကို အကောင်းဆုံး ကာကွယ်ကြပါ။ ငါတို့ကန်ရွှမ်းကလန်ရဲ့ ဂုဏ်သိက္ခာကိုလည်း ထိန်းသိမ်းကြဖို့ မမေ့ပါနဲ့။" ကလန်ခေါင်းဆောင်ချင်းယန်မှ ကြည်လင်ပြတ်သားသောအသံဖြင့် စကားဆိုလိုက်သည်။
တပည့်များမှာ လေးစားစွာဖြင့် အရိုအသေပြုကာ ခေါင်းညိတ်ပြလိုက်ကြ၏။
"ကန်ရွှမ်းကောင်းကင်ဒေသမှာရှိတဲ့ ကလန်တွေအားလုံးက အထူးချွန်ဆုံး တပည့်တွေကို ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာ တွေ့ဆုံရလိမ့်မယ်။ ကန်ရွှမ်းကလန်က တပည့်ဖြစ်တယ်ဆိုပြီး ကိုယ့်ကိုယ်ကို မမောက်မာပါနဲ့။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာ ဘာမဆိုဖြစ်သွားနိုင်တဲ့အတွက် အစစအရာရာ သတိနဲ့ပြုမူပြောဆိုပါ။"
"ထွက်ခွာမယ့် ခရီးအတွက်ကတော့ ချူချင်းက ခေါင်းဆောင်အဖြစ်နဲ့ မင်းတို့အားလုံးကို ဦးဆောင်လိမ့်မယ်။ ခုန်းရှန်နဲ့ လီချင်းချန်တို့ကတော့ ဒုခေါင်းဆောင်တွေ ဖြစ်တယ်။ လူတိုင်းက သူတို့သုံးယောက်ရဲ့စကားကို နာခံရလိမ့်မယ်။" ကလန်ခေါင်းဆောင်ချင်းယန်မှ တပည့်များကိုကြည့်ကာ မှာကြားလိုက်သည်။
ချူချင်းမှာ အမူအရာ ပျက်ယွင်းသွားရပြီးနောက် အလျင်အမြန်ပင် စကားဆိုလိုက်သည်။ "ဂျူနီယာညီမတော်ချင်းချန်က ဒီလိုဦးဆောင်ရတာတွေနဲ့ပက်သတ်ပြီး ပိုတော်တာပါ။ ကျွန်တော့်နေရာကို သူမကိုပေးလိုက်လို့ မရဘူးလား။"
ကလန်ခေါင်းဆောင်ချင်းယန်မှ ချူချင်းအား စူးရဲစွာ စိုက်ကြည့်လိုက်သည်။ ထို့ကြောင့် ချူချင်းမှာ မျက်လုံးလေး ကလယ်ကလယ်ဖြင့် ပါးစပ်အား လက်ဖြင့်အုပ်ထားလိုက်ရလေသည်။
ကလန်ခေါင်းဆောင်ချင်းယန်သည် ချူချင်းအား ချစ်လည်းချစ်ရသလို မုန်းလည်းမုန်းရ၏။ ချူချင်းသည် အရည်အချင်းပိုင်းနှင့်ပက်သတ်၍ ပြောစရာမလိုလောက်အောင် ထူးချွန်သူတစ်ဦး ဖြစ်ပါသော်လည်း အလွန်ပင် ပျင်းရိလွန်းလှသည်။ ထိုသို့ ပျင်းရိလေးဖင့်လွန်းသောကြောင့်ပင် မည်သူကမှ ချူချင်းအား ကလန်၏ နံပါတ်တစ် ရွေးချယ်ခံတပည့်အနေဖြင့် မလေးစားကြခြင်း ဖြစ်သည်။
လီချင်းချန်နှင့် ခုန်းရှန်မှာမူ ချူချင်းကဲ့သို့ ကလန်ခေါင်းဆောင်၏စကားအား ငြင်းပယ်ခြင်းမပြုပဲ အရိုအသေပြုကာ စကားဆိုလိုက်သည်။ "ဒီတပည့်က ဆရာသခင်ရဲ့အမိန့်ကို နာခံပါတယ်။"
ချူချင်းမှာလည်း ငြင်းပယ်ရန်မဖြစ်နိုင်တော့သဖြင့် ရှုံ့မဲ့စွာပင် အရိုအသေပြုကာ လက်ခံလိုက်ရသည်။
"တောင်ထွတ်ဆရာသခင်မလျန်းယီက မင်းတို့နဲ့အတူ တောင်ဘက်ပင်လယ်ကို လိုက်ပါလာလိမ့်မယ်။ ပြီးတော့ မင်းတို့ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲက ပြန်ထွက်လာမယ့်အချိန်ထိ စောင့်ဆိုင်းပေးနေလိမ့်မယ်။" ကလန်ခေါင်းဆောင်ချင်းယန်မှ ပြောလိုက်သည်။
ကလန်ခေါင်းဆောင်ချင်းယန်၏ဘေးတွင်မူ လှပသည်ထက်ပို၍ ညှို့အားပြင်းလွန်းလှသော တောင်ထွတ်ရောသခင်မလျို့လျန်းယီ ရှိနေသည်။ သူမသည် ပြုံးရွှင်လျက်ရှိကာ စိတ်ကြည်လင်နေဟန် ရှိ၏။ သူမ၏ အလှအပသည် ရင့်ကျက်သောအလှမျိုးဖြစ်ကာ လီချင်းချန်နှင့်အပြိုင် လှပဖူးငုံနေသော အလှနတ်ဘုရားမလေးအသွင် ရှိသည်။
ဇူယွမ်မှာ ကလန်ခေါင်းဆောင်ချင်းယန်၏စကားကြောင့် အနည်းငယ် အံ့အားသင့်သွားရသည်။ ကန်ရွှမ်းကလန်သည် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာဆီသို့ သွားရောက်ရန်အတွက် တောင်ထွတ်ဆရာသခင်မတစ်ဦးကိုပင် အတူတကွ စေလွှတ်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာသည် ကလန်အတွက်ပင် အလွန်အရေးကြီးသော နေရာတစ်ခု ဖြစ်ဟန်ရှိ၏။
ယောင်ယောင်မှ ဇူယွမ်အားကြည့်ကာ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာ ဘာမဆို ဖြစ်သွားနိုင်တယ်လေ။ တချို့ကလန်တွေဆိုရင် သူတို့ဂုဏ်သတင်း ကျော်ကြားဖို့အတွက်သက်သက်နဲ့ တမင်ကို သတ်ဖြတ်တာတွေ လုပ်ကြတယ်။ အဲ့လိုကိစ္စတွေကနေ ကာကွယ်နိုင်ဖို့အတွက် အဆင့်အတန့်မြင့်ပြီး အင်အားကြီးတဲ့သူတစ်ယောက်ကို လိုအပ်တယ်။ အဲ့ဒါမှ ကလန်က တပည့်တွေအတွက် အန္တရာယ်နည်းသွားမှာ။"
"ပုံမှန်အကြီးအကဲတွေက ကောင်းကင်ဘုံနေမင်းအဆင့်လောက် ရှိကြတယ်ဆိုပေမယ့် ကန်ရွှမ်းကောင်းကင်ဒေသတစ်ခုလုံးက လူတွေစုဝေးကြမှာဖြစ်လို့ အဲ့အဆင့်လောက်နဲ့ ငါတို့ကိုကာကွယ်ဖို့ မလုံလောက်ဘူး။ အဲ့ဒါကြောင့် တောင်ထွတ်ဆရာသခင်အဆင့်ရှိတဲ့သူကို ငါတို့နဲ့အတူ ထည့်ပေးလိုက်ရတာပဲ။"
ဇူယွမ်မှာ နားလည်သဘောပေါက်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် တောင်ထွတ်ဆရာသခင်မလျို့လျန်းယီအား ကြည့်ရှုလိုက်မိ၏။
"အခုဆိုရင် စပြီးထွက်ခွာသင့်ပြီထင်တယ် တောင်ထွတ်ဆရာသခင်မလျန်းယီ။" ကလန်ခေါင်းဆောင်ချင်းယန်မှ တောင်ထွတ်ဆရာသခင်မလျို့လျန်းယီအားကြည့်ကာ စကားဆိုလိုက်သည်။
တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် လက်ချောင်းလေးများအားဝေ့ယမ်းကာ ချီစွမ်းအင်အမျှင်တန်းတစ်ခုအား ထွက်ပေါ်စေလိုက်သည်။ ထိုချီစွမ်းအင်အမျှင်တန်းလေးသည် ခမ်းနားထည်ဝါလှသော ရွက်လှေကြီးတစ်စီးအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ထိုရွက်လှေကြီးထံမှ ရောင်စဉ်များ ဖြာထွက်နေလျက်ရှိကာ အလွန်ပင် လှပလွန်းလှသည်။ ရွက်လှေ၏ ကိုယ်ထည်ပေါ်၌ ရှေးဟောင်းကနုတ်များနှင့် စာလုံးများလည်း ထွင်းထုထား၏။
"လှေပေါ်တက်ကြတော့ ကလေးတွေ။" တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှ ပြုံးကာပြောလိုက်သည်။
တပည့်များမှာ အရိုအသေပြုကာ ခေါင်းညိတ်ပြလိုက်ပြီးနောက် တစ်ဦးပြီးတစ်ဦး ကောင်းကင်ထက်တွင်ရှိနေသော ရွက်လှေကြီးပေါ်သို့ ပျံဝဲသွားလိုက်ကြ၏။
ဇူယွမ်၊ ဇူထိုက်နှင့် အခြားသော မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ စိန်းထိုက်ယွမ်အား ကြည့်ရှုလိုက်ကြသည်။ စိန်းထိုက်ယွမ်မှ နွေးထွေးစွာပြုံးကာ စကားဆိုလိုက်၏။ "သတိထားပြီး သွားကြနော်။ မင်းတို့အသက်က အရေးအကြီးဆုံးပဲဆိုတာ မမေ့ကြနဲ့။"
ဇူယွမ်တို့မှာ ပြုံးကာခေါင်းညိတ်ပြလိုက်ပြီးနောက် စိန်းထိုက်ယွမ်အား အရိုအသေပြု နှုတ်ဆက်လိုက်ကြ၏။ ထို့နောက် လှေပေါ်သို့ ပျံဝဲသွားလိုက်ကြသည်။
အသက်ရှူချိန် အနည်းငယ်မျှ အချိန်အတွင်းမှာပင် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာဆီသို့ သွားရောက်ကြမည့် တပည့်များအားလုံး လှေပေါ်သို့ ရောက်ရှိနေကြပြီပင် ဖြစ်၏။
"စီနီယာအကိုတော် ကလန်ခေါင်းဆောင် ကျွန်မတို့ သွားတော့မယ်နော်။" တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှာ ကလန်ခေါင်းဆောင်အား အရိုအသေပြု နှုတ်ဆက်လိုက်ပြီးနောက် လှေပေါ်သို့ ပျံဝဲလာလိုက်သည်။
ကောင်းကင်ထက်တွင် ရှိနေကြသော ကန်ရွှမ်းကလန်၏ တပည့်များမှာလည်း ရွက်လှေကြီးအားကြည့်ကာ အော်ဟစ်အားပေးလိုက်ကြ၏။ "စီနီယာအကိုတော်၊ အမတော်တို့ ကျွန်တော်တို့ စောင့်နေမယ်နော်။ ကန်ရွှမ်းကလန်ကဘာလဲဆိုတာ လူတွေသိအောင် ပြခဲ့လိုက်။"
တပည့်များမှာ စိတ်လှုပ်ရှားစွာဖြင့် လက်များကို ဝေ့ယမ်းကာ နှုတ်ဆက်နေကြသည်။
တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှာ ခပ်ဖွဖွပြုံးလိုက်ပြီးနောက် လက်ချောင်းလေးများအား လှုပ်ယမ်းလိုက်၏။
ရွက်လှေထံမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ လျင်မြန်စွာဖြင့်ပင် မိုးကုပ်စက်ဝိုင်းအား ဖြတ်သန်းထွက်ခွာသွားလေတော့သည်။
ထွက်ခွာသွားသော ရွက်လှေအားကြည့်ကာ ကလန်ခေါင်းဆောင်ချင်းယန်မှ စကားဆိုလိုက်၏။ " ရှန်းဟွပုံရိပ်ယောင်ကမ္ဘာကိုသွားတိုင်း ငါတို့ကလန်က တပည့်တွေကို အနည်းနဲ့အများ ဆုံးရှုံးရလေ့ ရှိတယ်။ ဒီတစ်ကြိမ်တော့ ကလေးတွေအားလုံး အန္တရာယ်ကင်းကင်းနဲ့ ပြန်လာနိုင်ကြရင် ကောင်းမှာပဲ။"
ကလန်ခေါင်းဆောင်၏ အနီးတွင်ရှိနေသော တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှ ဖြည်းညင်းစွာ ပြောလိုက်သည်။ "မြင့်မြတ်သောနန်းတော်က သူတို့ကို လွယ်လွယ်နဲ့ လွှတ်ပေးလောက်မယ်မထင်ဘူး။"
ကလန်ခေါင်းဆောင်ချင်းယန်၏ မျက်ဝန်းများမှာ အေးစက်ခက်ထန်သွားပြီးနောက် အံကြိတ်ကာ ပြောလိုက်သည်။
"ငါတို့ကန်ရွှမ်းကလန်က အရင်ကလို အားမနည်းတော့ပါဘူး။ ငါတို့ရဲ့ တပည့်တွေကို အမဲလိုက်လို့ရမယ့် သားကောင်တွေလိုမျိုး မြင်နေရင်ဆိုရင်တော့ မြင့်မြတ်သောနန်းတော်ကလည်း ကြီးမားတဲ့ဆုံးရှုံးမှုတွေအတွက် ကြိုပြီးပြင်ဆင်ထားသင့်တယ်။"
"အဆုံးမှာ ဘယ်သူက အနိုင်ရမလဲဆိုတာ ငါတို့စောင့်ကြည့်ကြတာပေါ့။"
……….
အပိုင်း ( ၅၅၆ ) : တိမ်တိုက်များစုဝေးခြင်း
ရှန်ဇူတိုက်ကြီး၏ တောင်ဘက်ပင်လယ်၌
တောင်ဘက်ပင်လယ်သည် ကြီးမားကျယ်ပြန့်လှပြီး အဆုံးမရှိသော ရေပြင်ကြီးတစ်ခုဖြစ်ကာ ကျွန်းငယ်ပေါင်းများစွာ တည်ရှိနေလေသည်။ ထိုတောင်ပင်လယ်အတွင်းရှိနေသော ကျွန်းအချို့မှာ နိုင်ငံတစ်ခု၏ အရွယ်အစားမျှပင် ရှိ၏။ ထို့အပြင် ၎င်းတောင်ပင်လယ်အတွင်း၌ အသင်္ချေမျှသော ရေနေသားရဲကြီးများဖြင့် ပြည့်နှက်နေသေးသည်။ ထို့ကြောင့် နတ်ဘုံခန်းဝါအဆင့်ရှိသော ကျင့်ကြံသူများသည်ပင် တောင်ပင်လယ်၏ အတွင်းပိုင်းနက်နက်ထဲသို့ တစ်ဦးတည်း သွားရောက်ရဲခြင်း မရှိကြပေ။
ထို့အပြင် တောင်ပင်လယ်သည် ပြင်းထန်သော ရာသီဥတုနှင့် ဆိုးရွားသော ပတ်ဝန်းကျင်ကို ပိုင်ဆိုင်ထားလေသည်။ ဆိုးရွားသော သဘာဝဘေးအန္တရာယ်များ မကြာခဏဖြစ်ပေါ်လေ့ ရှိ၏။
ထိုသို့ ပြင်းထန်သည့် ရာသီဥတု အခြေအနေများကြောင့်ပင် တောင်ပင်လယ်အား ရှန်ဇူတိုက်ကြီး၏ အန္တရာယ်ရှိသော နေရာတစ်ခုအဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာသည် ပွင့်ဟလာတော့မည်ဖြစ်သောကြောင့် ကန်ရွှမ်းကောင်းကင်ဒေသတစ်ခုလုံးမှ ကလန်များအားလုံးမှာ တောင်ပင်လယ်ဆီသို့ ရောက်ရှိလာကြတော့မည်ပင် ဖြစ်လေသည်။
ရှန်းဟွပုံရိပ်ယောင်ကမ္ဘာသည် ကန်ရွှမ်းကောင်းကင်ဒေသ၏ ကောင်းချီးများ ပြည့်နှက်နေသောနေရာတစ်ခု ဖြစ်သည်။ နှစ်ပေါင်းများစွာတိုင်အောင် ရှန်ဇူတိုက်ကြီးအတွင်းမှ ထူးချွန်ထက်မြက်သော ကျင့်ကြံသူများစွာသည် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်းမှ ကောင်းချီးများကို ရရှိခဲ့ကြ၏။ ယခုလက်ရှိ ရှန်ဇူတိုက်ကြီးမှ ကလန်ခေါင်းဆောင်များ၊ နန်းဆောင်အရှင်သခင်များသည်လည်း ငယ်ရွယ်စဉ်အချိန်၌ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်းမှ ကောင်းချီးများအား လက်ခံရယူဖူးခဲ့သူများပင် ဖြစ်သည်။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်းမှ ကောင်းချီးများသာ မရရှိခဲ့ပါက ယခုလက်ရှိ နေရာများ၌ပင် ရှိနေလိမ့်မည်မဟုတ်ဟု ပြောနိုင်ပေသည်။
ထို့ကြောင့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအား ကန်ရွှမ်းကောင်းကင်ဒေသတစ်ခုလုံးမှ စိတ်ဝင်တစား ရှိနေကြရခြင်း ဖြစ်သည်။
သို့သော် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာသည် တည်နေရာ အတိအကျမရှိသောကြောင့် မည်သည့်အချိန်တွင် မည်သည့်နေရာ၌ ပေါ်ပေါက်လာမည်ကို လက္ခဏာမပြသေးသမျှ မည်သူကမှ ကြိုတင်ခန့်မှန်းနိုင်ကြခြင်း မရှိချေ။ ထို့ကြောင့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း ဝင်ရောက်ရန်မှာ ကံတရားအခွင့်သာမှသာ ဖြစ်နိုင်ပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာသည် မူလစဦးအဆင့် ကျင့်ကြံသူများသာ ဝင်ရောက်ခွင့်ရနိုင်သောကြောင့် ဖြစ်သည်။
ထို့အတွက်ကြောင့် ယခုအကြိမ် ဝင်ရောက်ခွင့်ရရှိမည့် လူငယ်များမှာ ကံတရားအခွင့်သာကြသူများပင် ဖြစ်၏။
..........
တောင်ပင်လယ်တစ်နေရာ၌
လေပြင်းများ ခက်ထန်စွာ တိုက်ခတ်နေလျက်ရှိကာ မုန်တိုင်းကျရောက်လာတော့မည့်အလား တိမ်တိုက်များ စုဝေးလာလေသည်။ ရေလှိုင်းလုံးများ ပြင်းထန်နေပြီး တောင်ပင်လယ်အတွင်းရှိ ချီစွမ်းအင်များမှာလည်း ဆူပွက်နေ၏။
တောင်ပင်လယ်၏ ကောင်းကင်ထက်တွင် အရပ်မျက်နှာအစုံမှ ပုံရိပ်များစွာ ပျံဝဲနေကြသည်။ ထိုပုံရိပ်များသည်ပင် ပျံဝဲနေကြသည်ထက် ရပ်တန့်နေကြခြင်းပင် ဖြစ်၏။
ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ ပွင့်ဟလာတော့မည်ဖြစ်သောကြောင့် ကန်ရွှမ်းကောင်းကင်ဒေသတစ်ခုလုံးတွင်ရှိကြသော ကလန်အသီးသီးမှ ထိပ်တန်းတပည့်များ တောင်ပင်လယ်သို့ ရောက်ရှိလာကြခြင်းပင် ဖြစ်လေသည်။
၎င်းတို့အားလုံးမှာ မျှော်လင့်ချက်ကိုယ်စီဖြင့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း ဝင်ရောက်နိုင်ရန် ရောက်ရှိလာကြခြင်း ဖြစ်၏။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း ရှန်းဟွချန်ယင်းအဆီအနှစ်များကို လုံလောက်သည်အထိ စုဆောင်းကာ နတ်ဘုံခန်းဝါရတနာများ ရရှိနိုင်ရန် တွေးတောနေကြလေသည်။
နတ်ဘုံခန်းဝါရတနာများ ရရှိလာမည့် တပည့်များမှာ အနာဂတ်၌ သက်ဆိုင်ရာကလန်များ၏ အထူးချွန်ဆုံး တပည့်များ ဖြစ်လာကြမည်ပင် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်မည့် ခြေတစ်လှမ်းပင် ဖြစ်၏။
ထို့ကြောင်ပ့င် ကန်ရွှမ်းကောင်းကင်ဒေသတစ်ခုလုံးတွင်ရှိကြသော ကလန်များအားလုံးမှာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအား အလေးထားကြခြင်း ဖြစ်လေသည်။
အရပ်မျက်နှာအစုံမှ ရောက်ရှိလာကြသော လူစုများမှာ ရာသီဥတုအခြေအနေ ပြင်းထန်နေသော တောင်ပင်လယ်အား ကြည့်ရှုနေကြသည်။ ဆူပွက်နေသော ချီစွမ်းအင်များအတွင်း၌ အလွန်သေးငယ်စွာ ပွင့်ဟလာသော လေဟာနယ်တစ်ခုအား မြင်တွေ့နိုင်၏။
ထိုသေးငယ်စွာ ပွင့်ဟလာသော လေဟာနယ်ဒေသလေးသည် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာသို့ ဝင်ရောက်ရမည့်နေရာပင် ဖြစ်သည်။
တဖြည်းဖြည်းနှင့် တောင်ပင်လယ်သို့ ကလန်ပေါင်းများစွာမှ ရောက်ရှိလာကြပြီ ဖြစ်သည်။ လူစုလူဝေးကြီးမှာ ကြီးမားလွန်းလှသဖြင့် ကောင်းကင်ကိုပင် ဖုံးအုပ်ထားမတက် ရှိ၏။ အင်အားကြီးကလန်မျမှာ အရှေ့ပိုင်းတွင် နေရာယူထားကြပြီး ကလန်ငယ်လေးများမှာမူ အနောက်ဖက်ပိုင်းတွင် နေရာယူထားကြသည်။
မည်သို့ပင်ဆိုစေကာမူ အရှေ့ဖက်အကျဆုံးနေရာသည် အစီအရင်တစ်ခုဖြင့် အခြားမည်သည့်ကလန်ကမှ ဝင်ရောက်၍မရအောင် တားဆီးထားလေသည်။ စင်စစ်အားဖြင့် ထိုသို့သောအပြုအမူမှာ လက်သင့်မခံနိုင်စရာဖြစ်ပါသော်လည်း မည်သူကမှ ပြောဆိုရဲခြင်း မရှိကြပေ။
အဘယ့်ကြောင့်ဆိုသော် ထိုနေရာတွင် ရှိနေကြသူများမှာ အင်အားကြီးကလန်များမှ တပည့်များ ဖြစ်နေကြသောကြောင့်ပင် ဖြစ်၏။
ဓားလမ်းစဉ်ကလန်၊ ကောင်းကင်တစ္ဆေကလန်၊ မြောက်ပိုင်းနဂါးပင်လယ်ခန်းမနှင့် အလှပန်းတစ်ရာနန်းတော်မှ တပည့်များ စုဝေးနေကြခြင်းပင် ဖြစ်သည်။
၎င်းတို့မှာ ကန်ရွှမ်းကောင်းကင်ဒေသတစ်ခွင်လုံး၏ အင်အားကြီးကလန်ကြီးခြောက်ခုတွင် အပါအဝင် ဖြစ်သည်။
ဓားလမ်းစဉ်ကလန်၏ တပည့်များမှာ ကောင်းကင်ထက်တွင် ကြီးမားသောဓားကြီးတစ်ချောင်းပေါ်၌ စုဝေးနေကြ၏။
ကောင်းကင်တစ္ဆေကလန်မှ တပည့်များမှာမူ သည်းထိတ်ရင်ဖိုခံစားချက်အား ပေးစွမ်းနေသည်။ ၎င်းတို့စုဝေးနေသောနေရာတဝိုက်တွင် အမည်းရောက်မြူခိုးများ အုပ်ဆိုင်းနေပြီး နေရောင်ခြည်ပင် ထိုးဖောက်နိုင်ခြင်း မရှိပေ။ ထို့အပြင် တိုးညင်းသော ဟိန်းဟောက်သံကိုပါ ကြားနေရသယောင် ရှိ၏။
အလှပန်းတစ်ရာနန်းတော်၏ တပည့်များ စုဝေးနေသောအရပ်မှာ လူအားလုံး၏ အာရုံစိုက်ခြင်းအခံရဆုံးပင် ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ထိုအလှပန်းတစ်ရာနန်းတော်၏ တပည့်များ စုဝေးနေရာအရပ်တွင် တောက်ပသော ပန်းရောင်စုံများ ဖူးပွင့်ဝေဆာနေကာ ငှက်ကလေးများက သာယာသောတေးသံများ သီကြူးနေကြသောကြောင့်ပင် ဖြစ်သည်။ ထို့အပြင် အလှပန်းတစ်ရာနန်းတော်မှ တပည့်များဖြစ်ကြသော မိန်းမငယ်လေးများမှာလည်း နတ်မိမယ်လေးများနှင့်ပင် ထင်မှတ်မှားရလောက်အောင် လှပလွန်းကြပေသည်။
မြောက်ပိုင်းနဂါးပင်လယ်ခန်းမ၏ တပည့်များ စုဝေးနေရာအရပ်မှာမူ ကြီးကျယ်ခမ်းနားလှသော လှေကြတစ်စင်းရှိနေကာ ထိုလှေအား မြစိမ်းရောင်မြွေနဂါးရှစ်ကောင်မှ သယ်ဆောင်ထားကြ၏။ ထိုမြွေနဂါးများထံမှ ပြင်းထန်လှသော စွမ်းအင်ဖိအားများ ထွက်ပေါ်နေလျက် ရှိသည်။
အင်အားကြီးကလန်ကြီးလေးခု၏ တည်ရှိနေမှုမှာ အခြားသော ကလန်များထက် အဆပေါင်းများစွာ သာလွန်လှ၏။
ဝှစ်....
လေတိုးသံတစ်ချက်အား ကြားလိုက်ရပြီးနောက် ကြီးမားလှသော ရွက်လှေတစ်စင်းမှာ မိုးကုပ်စက်ဝိုင်းအားကျော်လွန်ကာ ရောက်ရှိလာသည်။ ထိုရွက်လှေမှာလည်း အစီအရင်ဖြင့် တားဆီးထားသောနေရာ၏ အလယ်သို့ ဆင်းသက်လာ၏။
တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှာ လှေဦးထိပ်သို့ ထွက်လာလိုက်ပြီးနောက် ရောက်ရှိနေပြီးသော အင်အားကြီးကလန်ကြီးလေးခုမှသူများအားကြည့်ကာ နှုတ်ဆက်လိုက်သည်။ "အစောကြီး ရောက်နေကြတာပဲ။"
ရွက်လှေပေါ်တွင်ရှိနေသော ကန်ရွှမ်းကလန်၏ တပည့်များမှာ ပတ်ဝန်းကျင်အား စူးစမ်းလေ့လာနေကြ၏။
"ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ ပွင့်ဟလာဖို့က နေ့တဝက်လောက် လိုပါသေးတယ်။ တောင်ထွတ်ဆရာသခင်မလျို့လျန်းယီတို့ ရောက်လာတဲ့အချိန်က အတော်လောက်ပါပဲ။" ဓားလမ်းစဉ်ကလန်မှ ပုံရိပ်တစ်ခုမှာ ပြုံးကာစကားဆိုလိုက်သည်။
ထိုပုံရိပ်သည် ရိုးရှင်းသော အဝတ်အစားများကိုသာ ဆင်မြန်းထားလျက်ရှိပြီး ဆံနွယ်များမှာ ငွေရောင်ရှိ၏။ ၎င်းမှာ အလွန်ချောမောခန့်ညားသော ယောက်ျားတစ်ဦး၏ ကြင်အင်လက္ခဏာများ ပိုင်ဆိုင်ထားကာ အသားအရေမှာလည်း ကောင်းမွန်လွန်းလှ၏။ ထိုသူသည် တောင်ထွတ်ဆရာသခင်မလျို့လျန်းယီအားကြည့်လျက် နွေးထွေးစွာပြုံးပြနေလေသည်။
တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှာ ထိုသူအား မြင်တွေ့လိုက်ရသည့်အတွက် အနည်းငယ် အံ့အားသင့်သွားပြီးနောက် လျင်မြန်စွာပင် ပြန်လည်နှုတ်ဆက်လိုက်၏။ "မြစ်ဝှမ်းအရှင်သခင် ယင်ရှောင်း။"
ဓားလမ်းစဉ်ကလန်၌ မြစ်ဝှမ်းခြောက်ခုရှိပြီး ထိုမြစ်ဝှမ်းများ၏ အရှင်သခင်များမှာ ကန်ရွှမ်းကလန်၏ တောင်ထွတ်ဆရာသခင်များနှင့် အဆင့်အတန်း တူညီပေသည်။
မြစ်ဝှမ်းအရှင်သခင် ယင်ရှောင်းမှာ တောင်ထွတ်ဆရာသခင်မလျို့လျန်းယီနှင့် အလွန်ပင် စကားစမြည် ပြောဆိုချင်နေပါသော်လည်း သူမသည် နှုတ်ဆက်ပြီးသည်နှင့်တပြိုင်နက် တစ်ဖက်သို့လှည့်သွားသောကြောင့် ခါးသက်စွာ ရယ်မောရင်းဖြင့်သာ ကျန်ရစ်ခဲ့ရသည်။
ဓားလမ်းစဉ်ကလန်မှ တပည့်များမှာလည်း ထိုမြင်ကွင်းအား ကြည့်ရှုနေရင်းဖြင့် အလွန်ပင် အံ့အားသင့်သွားနေကြရသည်။ အချို့ဆိုလည်း ကိုယ့်ပါးကိုယ်ပင် ရိုက်ကြည့်နေကြ၏။ အဘယ့်ကြောင့်ဆိုသော် မြစ်ဝှမ်းအရှင်သခင် ယင်ရှောင်းမှာ ဓားလမ်းစဉ်ကလန်၌ မိန်းကလေးများ သဲသဲလှုပ် နှစ်ခြိုက်ခြင်းခံရသူတစ်ဦး ဖြစ်၏။ သို့သော် မြစ်ဝှမ်းအရှင်သခင် ယင်ရှောင်းသည် အမြဲတစေပင် မပြုံးမရယ်သော မျက်နှာထားဖြင့်သာ ရှိနေခဲ့လေသည်။ ထို့ကြောင့် ယခုအခါတွင် ကန်ရွှမ်းကလန်၏ တောင်ထွတ်ဆရာသခင်မဖြစ်သူအား နွေးထွေးကြင်နာစွာ ပြုံးပြနှုတ်ဆက်နေခြင်းက တပည့်များအား အံ့အားသင့်စေ၏။ ပို၍အံ့အားသင့်စရာကောင်းသည်မှာ ကန်ရွှမ်းကလန်၏ တောင်ထွတ်ဆရာသခင်မဖြစ်သူသည် မြစ်ဝှမ်းအရှင်သခင် ယင်ရှောင်းအား နှုတ်ဆက်ပြီးသည်နှင့်တစ်ပြိုင်နက် လှည့်ထွက်သွားခြင်းပင် ဖြစ်သည်။ ကြည့်ရသည်မှာ ၎င်းတို့နှစ်ဦးအကြားတွင် ဇာတ်လမ်းဟောင်းတစ်ပုဒ် သေချာပေါက် ရှိနေလိမ့်မည်ပင် ဖြစ်သည်။
တပည့်များမှာ ထိုကိစ္စနှင့်ပက်သက်၍ အလွန်ပင် သိရှိချင်နေကြပါသော်လည်း မည်သူကမှ မြစ်ဝှမ်းအရှင်သခင် ယင်ရှောင်းအား မေးမြန်းရဲခြင်း မရှိပေ။
ထိုအချိန်မှာပင် ကောင်းကင်တစ္ဆေကလန်၊ မြောက်ပိုင်းနဂါးပင်လယ်ခန်းမနှင့် အလှပန်းတစ်ရာတို့မှလည်း တောင်ထွတ်ဆရာသခင်မလျို့လျန်းယီအား လာရောက်နှုတ်ဆက်လိုက်ကြသည်။
တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှာလည်း ပြန်လည်နှုတ်ဆက်ကာ စကားစမြည် ပြောဆိုနေ၏။
ဇူယွမ်မှာ အခြားသော အင်အားကြီးကလန်လေးခုမှ တပည့်များအားကြည့်ကာ အံ့အားသင့်စွာဖြင့် စကားဆိုလိုက်သည်။ "ချင်ယု၊ လုလျိုနဲ့ လီချွင်းကျင်းတို့ရော ဒီနေရာမှာ ရှိနေမလားမသိဘူး။"
ဇူယွမ်အား ကလန်လေးခုအား မျက်စိတောင်းမှောက် ကြည့်ရှုရှာဖွေလိုက်ပါသော်လည်း ရင်းနှီးကျွမ်းဝင်သောသူအား တစ်ယောက်တစ်လေမျှပင် တွေ့ရှိရခြင်းမရှိပေ။
တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှာ ကောင်းကင်အား ကြည့်ရှုလိုက်ပြီးနောက် တိုးညင်းစွာ စကားဆိုလိုက်၏။ "မြင့်မြတ်သောနန်းတော်က အခုချိန်ထိ ရောက်မလာသေးဘူးလား။"
ဝုန်း....
ထိုအချိန်၌ပင် ကျယ်လောင်လှသော အသံတစ်ခု ထွက်ပေါ်လာကာ ကောင်းကင်ထက်မှ ကြီးမားလှသော လက်ကြီးတစ်ဖက် ဆင်းသက်လာ၏။ ထိုလက်ကြီးသည် အဖြူရောင်တောင်တန်းတစ်ခုအား သယ်ဆောင်ထားလေသည်။
ထိုတောင်တန်း၏ထိပ်၌ အနက်ရောင်ဝတ်စုံအား ဆင်မြန်းထားသော ပုံရိပ်တစ်ခု ရှိနေသည်။ ထိုပုံရိပ်မှာ တောင်ထွတ်ဆရာသခင်မလျို့လျန်းယီအား စူးရဲစွာ ကြည့်ရှုနေလျက် ရှိ၏။
ဝုန်း....
ကန်ရွှမ်းကလန်၏ ရွက်လှေရှိနေသော ပတ်ဝန်းကျင်တစ်ဝိုက်သို့ ရုတ်တရက် ပြင်းထန်လှသော အဖျက်စွမ်းအင်များ ဝင်ရောက်လာလေသည်။ ရွက်လှေကြီးမှာ စတင်၍ ယိမ်းထိုးနေပြီပင် ဖြစ်သည်။ တပည့်များမှာ မြင့်မြတ်သောနန်းတော်မှ မည်သည့်စကားမှမဆိုပဲ ယခုကဲ့သို့ ရုတ်ချည်းတိုက်ခိုက်ခြင်းပြုလိမ့်မည်ဟု ထင်မှတ်မထားသဖြင့် အလွန်ပင် ကြောက်လန့်တုန်လှုပ်နေရသည်။
ထိုအချိန်မှာပင် တောင်တန်း၏ထိပ်တွင်ရှိနေသော ပုံရိပ်မှ တည်ငြိမ်စွာ စကားဆိုလိုက်လေသည်။
"ဟားဟားဟား.....ဒီလောက်နှစ်တွေကြာသွားတာတောင် တောင်ထွတ်ဆရာသခင်မလျို့လျန်းယီက စိတ်မရှည်တက်သေးဘူးပဲ။ ဘာပဲဖြစ်ဖြစ် ကန်ရွှမ်းကလန်က အရင်ကနဲ့ မတူတော့ဘူးဆိုတာလည်း သိထားလိုက်ဦး။ ဒီနေ့တော့ ငါကိုယ်တိုင် မင်းတို့ကို နည်းနည်းလောက် သင်ခန်းစာပေးမှရမယ်။"
…………..
အပိုင်း ( ၅၅၇ ) : ချင်းလင်
ဝုန်း....
ကန်ရွှမ်းကလန်၏ ရွက်လှေရှိနေသော ပတ်ဝန်းကျင်တစ်ဝိုက်သို့ အရပ်မျက်နှာအစုံမှ အဖျက်စွမ်းအင်များ ဝင်ရောက်လာလေသည်။ ရွက်လှေကြီးမှာ ပြင်းထန်လှသော အဖျက်စွမ်းအင်များကြောင့် ကောင်းကင်ထက်၌ ယိမ်းထိုးနေရသည်။
ရွက်လှေပေါ်ရှိ ကန်ရွှမ်းကလန်၏ တပည့်များမှာ ကြောက်လန့်တုန်လှုပ်နေကြပြီပင် ဖြစ်သည်။ ဤကဲ့သို့သော ပြင်းထန်လှသည့် အဖျက်စွမ်းအင်များ၏ရှေ့တွင် ၎င်းတို့မှာ ပုရွက်ဆိတ်တစ်ကောင်သာသာမျှသာ ရှိ၏။
ဇူယွမ်၏ အမူအရာမှာလည်း ခက်ထန်သွားရပြီးနောက် တောင်ထွတ်ဆရာသခင်မလျို့လျန်းယီအား လျင်မြန်စွာ ကြည့်ရှုလိုက်သည်။ တောင်ထွတ်ဆရာသခင်မလျို့လျန်းယီ၏ မျက်ဝန်းများသည် အနည်းငယ်မျှပင် ကြောက်ရွံ့နေဟန်မရှိပဲ အေးစက်ခက်ထန်နေ၏။
"ငါက ဘယ်သူများလဲလို့။ လက်စသတ်တော့ မြင့်မြတ်သောနန်းတော်ရဲ့ တိစစ်ခန်းဆောင်သခင် ချင်းလင်ပဲ။ ငါတို့မတွေ့တာ နှစ်ပေါင်းများစွာ ရှိနေပြီဆိုပေမယ့် နင့်ရဲ့အရည်အချင်းတွေကတော့ နည်းနည်းလောက်တောင် တိုးတက်မလာဘူးနော်။ တကယ်ရှက်စရာပဲ..အဟက်။" တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှာ လှောင်ပြောင်သရော်ဟန်ဖြင့် စကားဆိုလိုက်ပြီးနောက် လှေဦးကြမ်းပြင်အား ခြေထောက်ဖြင့် ဆောင့်နင်းချလိုက်သည်။
ဝုန်း.....
တောင်ထွတ်ဆရာသခင်မလျို့လျန်းယီထံမှ ပြင်းထန်လှသော စွမ်းအင်အချို့ ထွက်ပေါ်လာပြီးနောက် ရွက်လှေမှာ ချက်ချင်းဆိုသလို ပြန်လည်တည်ငြိမ်သွားလေသည်။
ထို့နောက် သူမ၏လက်အား ဝေ့ယမ်းလိုက်သည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များမှာ ကြီးမားလှသော ဇာမဏီငှက်တစ်ကောင်အသွင်သို့ ပြောင်းလဲသွားသည်။ ဇာမဏီငှက်ကြီးသည် ကောင်းကင်တစ်ခွင် လှပစွာပျံသန်းလိုက်ပြီးနောက် တောင်တန်းအဖြူပေါ်ရှိ တိစစ်ခန်းဆောင်သခင်ရှိရာသို့ ထိုးဆင်းသွားသည်။
တောင်ထိပ်ပေါ်တွင်ရှိနေသော တိစစ်ခန်းဆောင်သခင်၏ မျက်ဝန်းများမှာ ခက်ထန်သွားရပြီးနောက် လျင်မြန်စွာပင် ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလျက် ကြီးမားလှသော လက်ကြီးတစ်ဖက်အသွင်သို့ ပြောင်းလဲလိုက်သည်။ ထို့နောက် ၎င်းလက်ကြီးဖြင့် ဇာမဏီငှက်အား ရိုက်ချလိုက်၏။
ဝုန်း....
စွမ်းအင်နှစ်ခု ထိတွေ့သွားကြပြီးနောက် ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များမှာ ပတ်ဝန်းကျင်တစ်ခွင်လုံးသို့ ပျံ့နှံ့သွားလေသည်။ ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များကြောင့် လေထုများပင် ဆုတ်ပြဲကုန်ရပြီး အောက်တွင်ရှိနေသော ရေပြင်မှာလည်း ဆိုးရွားစွာ လှိုင်းထန်ကုန်ရ၏။
ကလန်အသီးသီးမှ တပည့်များ၏ အမူအရာမှာ ပြောင်းလဲကုန်ရပြီးနောက် ချက်ချင်းဆိုသလိုပင် အနောက်သို့ ဆုတ်ခွာသွားကြသည်။ စွမ်းအင်လှိုင်းဂယက်များမှာ ပြင်းထန်လွန်းလှသည့်အတွက် အချိန်အတော်ကြာသည့်တိုင်အောင် မပျောက်ကွယ်နိုင်ပဲ ရှိ၏။
တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှာ သူမ၏လက်အား ဝေ့ယမ်းလျက် စွမ်းအင်လှိုင်းဂယက်များကို ပျက်ပြယ်စေလိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များအား စုဝေးကာ ကြာပန်းတစ်ခုအသွင်သို့ ပြောင်းလဲစေလိုက်လေသည်။
ထိုကြာပန်းထံမှ အလွန်ပြင်းထန်သော စွမ်းအင်ဖိအားများ ထွက်ပေါ်နေလျက် ရှိသည်။
တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှာ အမှန်တကယ် တိုက်ခိုက်တော့မည့်ဟန် ရှိ၏။
သို့သော် ၎င်းတို့နှစ်ဦးသာ အပြင်းအထန် တိုက်ခိုက်ခဲ့ပါက ထိုမှထွက်ပေါ်လာမည့် စွမ်းအင်လှိုင်းဂယက်များကြောင့် ပွင့်ဟလာတော့မည်ဖြစ်သော ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ဝင်ပေါက် ပျက်စီးသွားနိုင်ပေသည်။ ထို့ကြောင့် အခြားသော အင်အားကြီးကလန်လေးခုမှ အရှင်သခင်များမှာ ၎င်းတို့နှစ်ဦးအား ဝင်ရောက်ဖြောင်းဖြလိုက်ကြ၏။
"ရှန်းဟွပုံရိပ်ယောင်ကမ္ဘာက ပွင့်ဟလာတော့မယ်။ အဲ့ဒါကြောင့် မင်းတို့ရဲ့ ဒေါသတွေကို သိမ်းဆည်းထားလိုက်ပါဦး။"
အင်အားကြီးကလန်လေးခုမှ အရှင်သခင်များ ဝင်ရောက်တားဆီးနေသောကြောင့် တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှာ မျက်နှာကိုရှုံ့မဲ့လျက် ကြာပန်းအား ပျက်ပြယ်စေလိုက်သည်။ သူမသည်လည်း ယခုအချိန်သည် တိုက်ခိုက်ရန် အချိန်ကောင်းတစ်ခုမဟုတ်ကြောင်း ကောင်းစွာသိရှိပေ၏။
"ခန်းဆောင်သခင်ချင်းလင် တကယ်လို့ ရှင်တိုက်ခိုက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ ပွင့်ဟလာပြီဆိုတာနဲ့ ကျွန်မတို့ တခြားနေရာတစ်ခုမှာသွားပြီး တိုက်ကြရအောင်။" တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှာ အလွန်ပင် ဒေါသကြီးသူတစ်ဦးဖြစ်သဖြင့် ထိုကိစ္စအား အခဲမကြေနိုင် ဖြစ်နေရဆဲပင် ဖြစ်သည်။
"တောင်ထွတ်ဆရာသခင်မလျို့လျန်းယီက ဖိတ်ခေါ်နေမှတော့ ကျွန်တော်က ငြင်းပယ်နေစရာလား။" တောင်တန်းပေါ်တွင်ရှိနေသော ခန်းဆောင်သခင်ချင်းလင်မှ ပြုံးကာစကားဆိုလိုက်သည်။
ထို့နောက် ခန်းဆောင်သခင်ချင်းလင်မှာ ထိုင်နေရာမှထကာ သူ၏စွမ်းအင်များအား ပြန်လည်ရုတ်သိမ်းလိုက်၏။ တင်းမာနေခဲ့သော ပတ်ဝန်းကျင်မှာ ဖြည်းညင်းစွာဖြင့် ပြန်လည်တည်ငြိမ်လာပြီပင် ဖြစ်သည်။
"ဒီလူက မြင့်မြတ်သောနန်းတော်ရဲ့ ခန်းဆောင်သခင်ပေါ့။" ဇူယွမ်မှာ တောင်တန်းပေါ်တွင်ရှိနေသော ခန်းဆောင်သခင်ချင်းလင်၏ပုံရိပ်အားကြည့်ကာ ရေရွတ်လိုက်သည်။ ထိုပုံရိပ်ထံမှ ထွက်ပေါ်နေသော စွမ်းအင်ဖိအားများသည် တောင်များကိုပင် ဖြိုခွင်းနိုင်လောက်အောင် ပြင်းထန်လှ၏။
မြင့်မြတ်သောနန်းတော်တွင် ခန်းဆောင်ဆယ်ခုရှိသည့်အနက် ချင်းလင်သည် တိစစ်ခန်းဆောင်၏ အရှင်သခင် ဖြစ်သည်။
တောင်ထွတ်ဆရာသခင်မလျို့လျန်းယီနှင့် ခန်းဆောင်သခင်ချင်းလင်တို့၏ တိုက်ခိုက်မှုများအရ ကန်ရွှမ်းကလန်နှင့် မြင့်မြတ်သောနန်းတော်တို့၏ ဆက်ဆံရေးသည် အလွန်ပင် ဆိုးဝါးနေကြောင်း သိရှိနိုင်၏။ ထိုသို့ဖြစ်နေရသည်မှာ မြင့်မြတ်သောနန်းတော်၏ ကြံစည်မှုကြောင့် မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်း ကွယ်လွန်သွားရသည့်အချိန်မှ စတင်ခဲ့လေသည်။ ထိုအချိန်မှစ၍ ကန်ရွှမ်းကလန်မှာလည်း အင်အားနည်းပါးလာခဲ့ရသည်။ ကလန်ခေါင်းဆောင်ချင်းယန်သာ မတားဆီးခဲ့ပါက တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှာ မြင့်မြတ်သောနန်းတော်ကိုပင် သွားရောက်တိုက်ခိုက်ခဲ့မည် ဖြစ်၏။
တောင်ထွတ်ဆရာသခင်မလျို့လျန်းယီနှင့် ခန်းဆောင်သခင်ချင်းလင်တို့ ချီစွမ်းအင်များအား ရုတ်သိမ်းလိုက်သောကြောင့် ပတ်ဝန်းကျင်ရှိလူများမှာ အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။
ယခုဆိုလျှင် မြင့်မြတ်သောနန်းတော်မှ ရောက်ရှိလာပြီဖြစ်သဖြင့် ကန်ရွှမ်းကောင်းကင်ဒေသ၏ အင်အားကြီးကလန်ကြီးခြောက်ခုလုံး ဤနေရာတွင် ရှိနေကြပြီပင် ဖြစ်၏။
ဝုန်း.....ဝုန်း....
ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ဝင်ပေါက်မှာ ပိုမိုပွင့်ဟလာပြီးနောက် သန့်စင်သောချီစွမ်းအင်များ စိမ့်ထွက်လာ၏။ ပတ်ဝန်းကျင်ရှိ လေထုမှာ ဖြည်းညင်းစွာဖြင့် ပိုမိုလတ်ဆတ်သန့်ရှင်းလာပေသည်။
ဤသို့ဖြင့် အသက်ရှူချိန် အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ဝင်ပေါက်မှာ ပေတစ်ရာဝန်းကျင်သို့ ရောက်ရှိလာပြီပင် ဖြစ်သည်။
ထိုအချိန်၌ပင် အင်အားကြီးကလန်ကြီးခြောက်ခု၏ အရှင်သခင်များမှာ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ကြသည်။ ထို့နောက် ချီစွမ်းအင်များအား လက်ကြီးခြောက်ဖက်အသွင် ဖြစ်ပေါ်စေလျက် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ဝင်ပေါက်အား ပိုမိုကျယ်ပြန့်လာစေရန် ချဲ့ကားလိုက်ကြသည်။
ဝင်ပေါက်မှာ ပိုမိုကျယ်ပြန့်လာပြီးသည့်နောက် ချီစွမ်းအင်လက်ကြီးခြောက်ဖက်မှာလည်း ပျောက်ကွယ်သွားတော့၏။
ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ဝင်ပေါက်မှာ အမှန်တကယ် ပွင့်ဟလာခဲ့ပြီပင် ဖြစ်သည်။
တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှ တပည့်များအားကြည့်ကာ စကားဆိုလိုက်သည်။ "ရှန်းဟွပုံရိပ်ယောင်ကမ္ဘာရဲ့ဝင်ပေါက်က ပွင့်ဟလာပြီ။ အထဲဝင်ဖို့ ပြင်ဆင်ထားကြတော့။"
"ကလန်ထဲမှာ လေ့ကျင့်နေရသလိုပုံစံနဲ့ နည်းနည်းမှတူမှာမဟုတ်ဘူးဆိုတာကို မှတ်ထားပါ။ ကလန်ထဲမှာဆိုရင် မင်းတို့ဘယ်လောက်ပဲ တိုက်ခိုက်ရပါစေ အသက်အန္တရာယ်ကို မထိခိုက်နိုင်ဘူး။ ဒါပေမယ့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာတော့ မင်းရဲ့အသက်ကို ဘယ်သူကမှ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ကောင်းကောင်းဂရုစိုက်ကြ။"
"ရှန်းဟွချန်ယင်းအဆီအနှစ်ကို ရဖို့အတွက် နင်တို့ရဲ့အသက်ကို ဘယ်သူကမှ ငဲ့ညှာနေမှာ မဟုတ်ဘူး။"
"နင်တို့က ကန်ရွှမ်းကလန်ရဲ့ အထူးချွန်ဆုံး တပည့်တွေပဲ။ အဲ့ဒါကြောင့် ငါတို့ကလန်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းပါ။ နင်တို့ရဲ့ လုပ်ရပ်တိုင်းက ကန်ရွှမ်းကလန်ကို ကိုယ်စားပြုနေတယ်ဆိုတာ မမေ့ပါနဲ့။"
တပည့်များမှာ လေးနက်စွာဖြင့် အရိုအသေပြုကာ ခေါင်းညိတ်ပြလိုက်ကြသည်။
"ချူချင်း၊ လီချင်းချန်နဲ့ ခုန်းရှန်။ နင်တို့သုံးယောက်လုံးက ဒီတပည့်တွေရဲ့ ခေါင်းဆောင်ပဲ။ အဲ့ဒါကြောင့် အမြဲတမ်း သတိနဲ့နေပြီး အရာရာကို စောင့်ကြည့်ထားပါ။ တက်နိုင်သလောက် တပည့်တွေကို ကာကွယ်ပါ။ နင်တို့ကိုယုံကြည်လို့ ခေါင်းဆောင်နေရာ ပေးထားတာကိုလည်း မမေ့ပါနဲ့။" တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှ ချူချင်းတို့သုံးဦးအားကြည့်ကာ ပြောလိုက်သည်။ "အရေးအကြီးဆုံးကတော့ မြင့်မြတ်သောနန်းတော်က တပည့်တွေကို သတိထားပါ။"
ချူချင်းတို့သုံးဦးမှ အရိုအသေပြုကာ ခေါင်းညိတ်ပြလိုက်ကြ၏။
တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှာ လိုအပ်သည်များကို မှာကြားပြီးသည့်နောက် လက်ချောင်းများကိုလှုပ်ယမ်းကာ ချီတိမ်တိုက်တစ်ခုအား ဖန်တီးလိုက်သည်။ ထို့နောက် ၎င်းချီတိမ်တိုက်ဖြင့် တပည့်များအား တင်ဆောင်စေကာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ ဝင်ပေါက်အတွင်းသို့ ပို့ဆောင်ပေးလိုက်၏။
ထိုအချိန်၌ပင် အခြားသော အင်အားကြီးကလန်ငါးခု၏ အရှင်သခင်များမှာလည်း တပည့်များကို ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်းသို့ အသီးသီး ပို့ဆောင်ပေးလိုက်ကြသည်။
ဝှစ်.....ဝှစ်....
ထို့နောက် အင်အားကြီးကလန်များ၏နောက်တွင် စောင့်ဆိုင်းနေကြသော ကလန်များမှလည်း စတင်လှုပ်ရှားလိုက်ကြ၏။ ကောင်းကင်တစ်ခွင်လုံးသည် ချီတိမ်တိုက်များဖြင့် ပြည့်နှက်နေသယောင် ရှိသည်။
ခန်းဆောင်သခင်ချင်းလင်မှာ တောင်ထွတ်ဆရာသခင်မလျို့လျန်းယီအား ကြည့်ရှုလိုက်ပြီးနောက် ပြုံးကာစကားဆိုလိုက်သည်။ "တောင်ထွတ်ဆရာသခင်မလျို့လျန်းယီ အရင်တုန်းက ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ ပွင့်ဟလာတဲ့ အချိန်တွေမှာ မြင့်မြတ်သောနန်းတော်က အကောင်းဆုံးရလဒ်တွေကိုရခဲ့တာ အကြိမ်ရေ မနည်းဘူးနော်။ မင်းတို့ရဲ့ ကန်ရွှမ်းကလန်ကတော့ အခေါက်တိုင်း တပည့်တွေကို ဆိုးဆိုးရွားရွား ဆုံးရှုံးကြရတယ်။ ဒီတစ်ခေါက်ရော မင်းတို့ကန်ရွှမ်းကလန်က တပည့်ဘယ်လောက်များ အသက်ရှင်ကျန်မလဲဆိုတာ ငါသိချင်နေမိပြီ။"
တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှ အေးစက်ခက်ထန်စွာ ပြောလိုက်သည်။ "အဟက်...အရမ်းကြီးလည်း ကိုယ့်ကလန်ကို အထင်ကြီးမနေပါနဲ့ဦး။ တကယ်လို့ ဆုံးရှုံးမှုတွေဖြစ်ခဲ့ရင် နင့်ရဲ့စကားကြောင့် နင်တို့ပိုအရှက်ကွဲနေရလိမ့်မယ်။"
ခန်းဆောင်သခင်ချင်းလင်မှာ ခပ်ဖွဖွရယ်မောလိုက်ပြီးနောက် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ဝင်ပေါက်အားကြည့်ကာ စကားဆိုလိုက်သည်။ "ငါတို့ စောင့်ကြည့်ကြတာပေါ့။"
"အဆုံးသတ်မှာ စိတ်ညစ်ရမယ့်သူက တောင်ထွတ်ဆရာသခင်မလျို့လျန်းယီပဲ ဖြစ်နေမှာတော့ စိုးရိမ်မိတယ်....အဟက်။"
……….
အပိုင်း ( ၅၅၈ ) : တာဝန်ပေးအပ်ခံရခြင်း
ချီတိမ်တိုက်ပေါ်တွင် ရှိနေသော ကန်ရွှမ်းကလန်၏ တပည့်များမှာ အလွန်ပင် စိတ်လှုပ်ရှားနေကြသည်။ ၎င်းတို့အားလုံးမှာ ပျော်ရွှင်တက်ကြွစွာဖြင့် ရှေ့တွင်ရှိနေသော ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ဝင်ပေါက်အား ကြည့်ရှုနေကြ၏။
လီချင်းချန်မှာ တောက်ပရွှန်းစိုနေသော မျက်ဝန်းများဖြင့် တပည့်များအားကြည့်ကာ စကားဆိုလိုက်သည်။ "ရှန်းဟွပုံရိပ်ယောင်ကမ္ဘာက အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်။ အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကို သတိအပြည့်ထားကြပါ။ ဘယ်လိုအခြေအနေပဲ ဖြစ်နေပါစေ အသက်က အရေးအကြီးဆုံးပဲဆိုတာ မမေ့ပါနဲ့။ နင်တို့ မသေမချင်း ဘာမဆို ကြိုးစားခွင့်ရှိတယ်။ အဲ့ဒါကြောင့် ကိုယ့်ရဲ့အသက်ကို တန်ဖိုးထားကြပါ။"
လီချင်းချန်မှာ သတိပေးစကားဆိုလိုက်ပြီးနောက် လက်ချောင်းများကိုလှုပ်ယမ်းကာ တပည့်များထံသို့ ပစ္စည်းများ ပေးအပ်လိုက်သည်။
ဇူယွမ်မှ ပစ္စည်းအား လက်ခံရယူလိုက်သောအခါတွင် ထောင်ဇယ်ကျောက်စိမ်းဖြစ်နေသည်ကို တွေ့ရှိလိုက်ရ၏။
"ရှန်းဟွပုံရိပ်ယောင်ကမ္ဘာရဲ့ မြေပြင်အနေအထားတချို့ကို ထောင်ဇယ်ကျောက်စိမ်းထဲမှာ မှတ်တမ်းတင်ထားတယ်။ ဒါပေမယ့် မြေပုံက ပြီးပြည့်စုံမှုတော့ မရှိဘူး။ ဒါကအရင်တုန်းက ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲဝင်ဖူးတဲ့ တပည့်တွေဆီကရတဲ့ သတင်းအချက်အလက်တွေနဲ့ ရေးဆွဲထားတဲ့မြေပုံပဲ။ မြေပုံမှာပါတဲ့ လင်းလက်နေတဲ့ အစက်အပြောက်လေးတွေက ရှန်းဟွချန်ယင်းအဆီအနှစ်ကို ရှာလို့ရနိုင်မယ့် နေရာတွေပဲ။ အဲ့ဒါကြောင့် ဒီမြေပုံမှာပါတဲ့ အစက်အပြောက်ရှိတဲ့ နေရာတွေဆီသွားမယ်ဆိုရင် ရှန်းဟွချန်ယင်းအဆီအနှစ်တွေကို အရမ်းမခက်ခဲပဲ ရှာဖွေနိုင်လိမ့်မယ်။"
တပည့်များမှာ အလွန်လှုပ်ရှားသွားကြပြီးနောက် ထောင်ဇယ်ကျောက်စိမ်းအား အာရုံခံကာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ မြေပုံအား ကြည့်ရှုလိုက်ကြသည်။
ဇူယွမ်မှာလည်း မျက်လုံးများကိုပိတ်ကာ ထောင်ဇယ်ကျောက်စိမ်းအား အာရုံခံလိုက်၏။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာနှင့်ပက်သတ်သော သတင်းအချက်အလက်များသည် သူ၏စိတ်အတွင်းသို့ ဝင်ရောက်လာကာ မြေပုံတစ်ချပ်အသွင် ပြောင်းလဲသွား၏။ မြေပုံမှာ ပြီးပြည့်စုံခြင်း မရှိပါသော်လည်း လင်းလက်နေသော အစက်အပြောက်အချို့ကို ထင်ရှားစွာ မြင်တွေ့နေရလေသည်။
ဇူယွမ်မှာ သေချာစွာ သေချာစွာ ကြည့်ရှုစစ်ဆေးလိုက်သောအခါ၌ အလင်းအစက်အပြောက်များမှာ အရောင်များကွဲပြားနေသည်ကို တွေ့ရှိလိုက်ရသည်။ အချို့မှာ ရောင်စဉ်နှစ်ခုရောနှောနေခြင်းဖြစ်ပြီး အချို့မှာမူ ရောင်စဉ်သုံးခု၊ လေးခု စသည်ဖြင့် ရောနှောနေကြခြင်း ဖြစ်၏။
"အရောင်တွေက ဘာလို့ကွဲနေတာလဲ။" ဇူယွမ်မှ မေးမြန်းလိုက်သည်။
လီချင်းချန်မှ ဖြည်းညင်းစွာ ရှင်းပြလိုက်၏။ "ရောင်စဉ်နှစ်ခုရောနေတာက အဲ့နေရာမှာ ရောင်စဉ်နှစ်သွယ် ရှန်းဟွချန်ယင်းအဆီအနှစ်ကို ရရှိခဲ့ဖူးတယ်လို့ ဆိုလိုတာပဲ။ ရောင်စဉ်သုံးခုဆို ရောင်စဉ်သုံးသွယ် ရှန်းဟွချန်ယင်းအဆီအနှစ်ကို အဲ့နေရာမှာ ရခဲ့ဖူးတာ။ ဒါပေမယ့် ဒါကအရင်က သတင်းအချက်အလက်ကို မှတ်ထားရုံလောက်ပဲ။ အခုတစ်ကြိမ်မှာ အစစအရာရာ ကွဲပြားသွားနိုင်တယ်။ အဲ့ဒါကြောင့် မြေပြင်အနေအထားနဲ့ ရှန်းဟွချန်ယင်းအဆီအနှစ် ရနိုင်တဲ့နေရာကိုပဲမှတ်ထား။ ရောင်စဉ်ဘယ်နသွယ်ရမလဲဆိုတာကတော့ ကိုယ်ရဲ့ကံပေါ်ပဲ မူတည်လိမ့်မယ်။"
ဇူယွမ်မှာ နားလည်းသဘောပေါက်သွားဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"တပည့်ခေါင်းဆောင်တွေက ကိုယ့်ရဲ့အစုအဖွဲ့တွေကို ဦးဆောင်ပြီးတော့ အဲ့အလင်းအစက်အပြောက်တွေရှိတဲ့နေရာကို သွားကြပါ။ ပြီးရင် အဲ့နေရာမှာရှိတဲ့ ရှန်းဟွချန်ယင်းအဆီအနှစ်တွေကို ရသလောက် စုဆောင်းခဲ့ကြ။"
"ဒီလိုမျိုး ရှန်းဟွပုံရိပ်ယောင်ကမ္ဘာရဲ့ မြေပုံနဲ့ သတင်းအချက်အလက်တွေကို ရရှိဖို့အတွက် ကန်ရွှမ်းကလန်က တပည့်တွေအများကြီး သွေးစက်တွေနဲ့ ပေးဆပ်ခဲ့ရတယ်ဆိုတာ မမေ့ပါနဲ့။ ဒီအမှတ်အသားတွေကို ကန်ရွှမ်းကလန်က တပည့်တွေ ရှာတွေ့ထားတာဆိုပေမယ့် တခြားကလန်တွေမှာလည်း ဒီလိုမျိုး မြေပုံတွေ ရှိနေနိုင်တယ်။ လောဘနဲ့ပက်သတ်လာရင် ဘယ်သူကမှ ငါတို့က ကန်ရွှမ်းကလန်ကလာတာပဲဆိုပြီး ငဲ့ညှာနေမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် အစစအရာရာ သတိထားကြပါ။"
"ဘာလို့လဲဆိုတော့ နင်တို့သာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာ သေသွားမယ်ဆိုရင် ဘယ်သူက သတ်လိုက်မှန်းတောင် ဘယ်သူကမှ သိမှာမဟုတ်ဘူး။" လီချင်းချန်မှ လေးနက်စွာ စကားဆိုလိုက်၏။
တပည့်များမှာ လီချင်းချန်၏စကားကြောင့် အနည်းငယ် ကြောက်လန့်တုန်လှုပ်သွားကြသည်။
"အမတော်တို့ကရော ဘာလုပ်မှာလဲ။" ဇူယွမ်မှ မေးမြန်းလိုက်သည်။ လီချင်းချန်မှာ တပည့်ခေါင်းဆောင်များကိုသာ တာဝန်ပေးအပ်ခြင်းပြုပြီး ရွေးချယ်ခံများနှင့်ပက်သတ်၍ ပြောဆိုသွားခြင်း မရှိပေ။
"ငါတို့က ရှန်းဟွပုံရိပ်ယောင်ကမ္ဘာရဲ့ အတွင်းပိုင်းထဲထိဝင်ပြီး နင်တို့အတွက် လမ်းရှင်းပေးထားရမှာ။ အဲ့ဒါကြောင့် မြေပုံပေါ်က အစက်အပြောက်တွေ ရှိတဲ့နေရာမှာ ရှန်းဟွချန်ယင်းအဆီအနှစ်တွေကို စုဆောင်းပြီးပြီဆိုတာနဲ့ လူစုပြီးတော့ အရှေ့အရပ်အတိုင်း လာခဲ့ကြ။" လီချင်းချန်မှ ပြောလိုက်၏။
ဇူယွမ်မှ လီချင်းချန်အား ခေါင်းညိတ်ပြလိုက်သည်။ သို့သော် ရွေးချယ်ခံများ၏ ရည်ရွယ်ချက်အား ဇူယွမ်မှ သိရှိနေ၏။ ရွေးချယ်ခံများသည် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ အတွင်းပိုင်းဆီသို့ ဝင်ရောက်လိုကြသည်မှာ ရရှိလာသော ရှန်းဟွချန်ယင်းအဆီအနှစ်များအား မည်သူနှင့်မျှ မခွဲဝေလိုသောကြောင့်ပင် ဖြစ်သည်။ ထို့အပြင် ၎င်းတို့မှာ လုံလောက်သောသန်မာမှုရှိသဖြင့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ အတွင်းသို့ ဝင်ရောက်ရန်လည်း အရည်အချင်းပြည့်မှီနေပြီပင် ဖြစ်၏။
ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ အတွင်းပိုင်းသို့ရောက်လေလေ ရရှိလာမည့် ရှန်းဟွချန်ယင်းအဆီအနှစ်များမှာ တန်ဖိုးရှိလေလေပင်ဖြစ်ကြောင်း တွေးတောကြည့်ရုံမျှဖြင့်ပင် သိရှိနိုင်ပေသည်။ သို့သော် အတွင်းပိုင်းဆီသို့ ရောက်လေလေ အန္တရာယ်များလေလေပင် ဖြစ်သည်။
ရွေးချယ်ခံများမှ အတွင်းပိုင်းဆီသို့ ဦးစွာဝင်ရောက်ကြမည့် အကြောင်းအရင်းမှာ တပည့်များအတွက် လမ်းရှင်းပေးရုံမျှသာမဟုတ်ပဲ တန်ဖိုးကြီးမားသော ရှန်းဟွချန်ယင်းအဆီအနှစ်များအား ရရှိနိုင်ရန်ပင် ဖြစ်သည်။
လီချင်းချန်မှ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ရှန်းဟွပုံရိပ်ယောင်ကမ္ဘာက နင်ထင်ထားထက်ပိုပြီး ကြီးမားတယ်။ အစက်အပြောက်ချထားတဲ့ နေရာတွေက ရှန်းဟွချန်ယင်းအဆီအနှစ်တွေကို အကုန်စုဆောင်းနိုင်မယ်ဆိုရင် နင်တို့တွေအတွက် ကောင်းကောင်းလုံလောက်နေပြီ။ အဓိကကတော့ အစစအရာရာ သတိထားပြီး လုပ်ဆောင်ဖို့ပဲ။"
ဇူယွမ်မှ ပြုံးကာခေါင်းညိတ်ပြလိုက်သည်။ လီချင်းချန်သည် သူ့အား မဆင်မခြင်ဖြင့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏အတွင်းပိုင်းအား ဝင်ရောက်လာမည်ကို စိုးရိမ်ပူပန်နေကြောင်း ကောင်းစွာနားလည်ထားပေသည်။ မည်သို့ပင်ဆိုစေကာမူ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာသည် သူနှင့်ရင်းနှီးကျွမ်းဝင်နေသော နေရာတစ်ခု မဟုတ်သောကြောင့် ဇူယွမ်ကိုယ်တိုင်လည်း ဖြည်းညင်းစွာ လှုပ်ရှားရန်သာ စဉ်းစားထားခြင်း ဖြစ်၏။
လီချင်းချန်မှာ သက်ပြင်းချလိုက်ပြီးနောက် ယောင်ယောင်အားကြည့်ကာ ပြောလိုက်သည်။ "နင်နဲ့ထန်ထန်နဲ့ကိုတော့ ငါတို့ရွေးချယ်ခံတွေနဲ့အတူ လိုက်ခဲ့စေချင်တယ်။"
ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ အတွင်းပိုင်းသည် အလွန်အန္တရာယ်များလွန်းလှသည်။ ထို့ကြောင့် လီချင်းချန်နှင့်တကွ အခြားသော ရွေးချယ်ခံများမှာ တက်နိုင်သမျှ အားကိုး၍ရမည့်သူအား လိုက်ပါစေချင်ကြ၏။ ယောင်ယောင်နှင့် ထန်ထန်မှာ ရွေးချယ်ခံများနည်းတူ သန်မာကြသူများ ဖြစ်ကြသောကြောင့် ၎င်းတို့နှင့် အတူတကွ လိုက်ပါလာရန် ခေါ်ဆောင်နေရခြင်းပင် ဖြစ်သည်။
ယောင်ယောင်မှာ လီချင်းချန်၏ ခေါ်ဆောင်မှုကြောင့် အနည်းငယ် အံ့အားသင့်သွားရလေသည်။ ထို့နောက် စိုးရိမ်ပူပန်စွာဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်မိသည်။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာသည် အန္တရာယ်များဖြင့် ပြည့်နှက်နေသော နေရာတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် သူမသည် ဇူယွမ်အား တစ်ဦးတည်း ထားရစ်ခဲ့ရန် အနည်းငယ်မျှပင် စိတ်မချပါချေ။
ယောင်ယောင်၏ အမူအရာအား မြင်တွေ့လိုက်ရသောအခါ၌ လီချင်းချန်မှ ဇူယွမ်အား မျက်စောင်းထိုးကာ စကားဆိုလိုက်သည်။ "ယောင်ယောင်ရယ် ဇူယွမ်က ကလေးသေးသေးလေးလည်း မဟုတ်တော့ပါဘူး။ နင်အချိန်တိုင်း နောက်ကလိုက်ထိန်းနေစရာ လိုလို့လား။ နင်က သူရဲ့ကလေးထိန်းလား။"
အခြားသော တပည့်များမှာ လီချင်းချန်၏စကားကြောင့် ပြုံးစိပြုံးစိ ဖြစ်သွားကြလေသည်။ မည်သို့ပင်ဆိုစေကာမူ ဇူယွမ်နှင့် ယောင်ယောင်တို့၏ ဆက်ဆံရေးမှာ အားကျမနာလိုဖြစ်စရာပင် ဖြစ်သည်။ နတ်မိမယ်တမျှ လှပလွန်းသော ယောင်ယောင်မှာ ဇူယွမ်မှလွဲ၍ မည်သူ့ကိုမှ အရေးတယူ ဆက်ဆံခြင်း မရှိလောက်အောင်ပင် ဇူယွမ်အပေါ် အလေးထားခြင်း ဖြစ်သည်။ ထို့အပြင် ယောင်ယောင်သည် လှပသည်သာမက အရည်အချင်းမှာလည်း ရွေးချယ်ခံများနှင့် နှိုင်းယှဉ်နိုင်လောက်အောင် ထူးချွန်လှသူ ဖြစ်သည်။
ချူချင်းမှာ ယဲ့ကယ်၏ပုခုံးအားဆွဲ၍ တီတိုးစကားဆိုလိုက်သည်။ "အမယ်...ဒီစုန်းမက သူ့ဟာလေးအပေါ်တော့ စိတ်ပူတက်သားပဲ။"
ယဲ့ကယ်၏ မျက်ဝန်းများမှာမူ ဝမ်းနည်းပက်လက်ပင် ဖြစ်နေရပြီ ဖြစ်၏။ သူသည် ချူချင်းအား အလုံးစုံ လျစ်လျူရှုထားလိုက်သည်။
ဇူယွမ်မှ ယောင်ယောင်အားကြည့်ကာ ပြုံး၍ပြောလိုက်သည်။ "ကျွန်တော့်ကို စိတ်မပူပါနဲ့။"
ဇူယွမ်၏ လက်ရှိစွမ်းအင်ဖြင့်ဆိုပါက ရွေးချယ်ခံများနှင့် တွေ့ဆုံခဲ့ရလျှင်ပင် အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်ရှိလိမ့်မည် မဟုတ်ပေ။ ထို့အပြင် ရွေးချယ်ခံအဆင့်ရှိသူများမှာလည်း ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ အတွင်းပိုင်းသို့သာ ဝင်ရောက်ကြလိမ့်မည်ဖြစ်သောကြောင့် ဇူယွမ်အနေဖြင့် ပြဿနာ တစ်စုံတစ်ရာ ကြုံတွေ့ရခြင်း နည်းပါးလိမ့်မည်ပင် ဖြစ်လေသည်။
ထို့အပြင် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာသည် ၎င်းတို့အားလုံးအတွက် အတွေ့အကြုံအသစ် တစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် မည်သည့်အခက်အခဲအား ကြုံတွေ့ရပါစေ ကိုယ်ပိုင်စွမ်းအင်အပေါ်သာမှီခို၍ ကြိုးစားဖြေရှင်းသင့်၏။ ယောင်ယောင်မှသာ လမ်းတစ်လျှောက် လိုက်လံကာကွယ်ပေးနေပါက သူ၏စွမ်းရည်များအားလုံး အလဟဿ ဖြစ်သွားရပေလိမ့်မည်။ ထို့ကြောင့် ယခုအချိန်တွင် တစ်ဦးတည်း ကြိုးစားဝင်ရောက်ခြင်းကသာ ပို၍သင့်တော်ပေသည်။
ယောင်ယောင်မှာလည်း ဇူယွမ်၏ စိတ်ခံစားချက်ကို နားလည်နေသည့်အတွက် အနည်းငယ် စိတ်မချဖြစ်မိပါသော်လည်း လီချင်းချန်ကိုသာ ခေါင်းညိတ်သဘောတူလိုက်တော့၏။ မည်သို့ပင်ဆိုစေကာမူ သူမသည်လည်း ဇူယွမ်အား အတွေ့အကြုံများရှာဖွေကာ ပိုမိုသန်မာလာစေချင်သည်။
ယောင်ယောင်မှ ဇူယွမ်အားကြည့်ကာ စကားဆိုလိုက်သည်။ "ဘာပဲဖြစ်ဖြစ် လုံးဝသတိမလွတ်စေနဲ့နော်။ အချိန်ပြည့် သတိနဲ့နေ။"
ဇူယွမ်မှ ပြုံးကာခေါင်းညိတ်ပြလိုက်သည်။
ထိုသို့ဖြင့် အသက်ရှူချိန် အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် ကန်ရွှမ်းကလန်မှ တပည့်များ စီးနင်းလိုက်ပါလာသော ချီတိမ်တိုက်မှာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ ဝင်ပေါက်အနီးသို့ ရောက်ရှိလာပြီပင် ဖြစ်သည်။
"အသင့်ပြင်ထားကြတော့။" လီချင်းချန်မှ လေးနက်စွာ စကားဆိုလိုက်၏။
ဇူယွမ်နှင့် အခြားသော တပည့်ခေါင်းဆောင်များမှာ သက်ဆိုင်ရာ အုပ်စုများ၏ရှေ့မှ အသင့်အနေအထားဖြင့် ရပ်နေလိုက်ကြသည်။
"နင်တို့တွေအကုန် သတိထားကြရမယ်နော်။" လီချင်းချန်မှ တပည့်များအားကြည့်ကာ ပြောလိုက်သည်။ "ငါတို့အားလုံး နောက်တစ်ကြိမ် ပြန်တွေ့နိုင်ဖို့ မျှော်လင့်ပါတယ်။"
တပည့်များအားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြ၏။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာသည် ရွေးချယ်ခံများပင် အသက်ရှင်ကျန်ရန် မသေချာသော နေရာတစ်ခု ဖြစ်သည်။
"ဂရုစိုက်ကြပါ။"
တပည့်များမှ ရွေးချယ်ခံများအား အရိုအသေပြုလိုက်ကြ၏။
ဇူယွမ်မှာ ယောင်ယောင်အား ကြည့်ရှုလိုက်ပြီးနောက် အနည်းငယ်မျှပင် တွေဝေခြင်းမရှိပဲ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။ ထို့နောက် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ ဝင်ပေါက်အတွင်းသို့ တိုးဝင်ပျံသန်းသွားတော့၏။
ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ......ငါလာပြီ....
……….