← Chapters

နဂါးကိုးကောင်ကောင်းချီး

Vol. 40 Ch. 546

နဂါးကိုးကောင်ကောင်းချီး

Vol. 40 Ch. 546

မူလသူတော်စင်တောင်ထွတ်၏ တပည့်များစုဝေးရာအရပ်တွင်ရှိနေသော သလင်းကျောက်အလင်းထောက်တိုင်ကြီးသည် မြင့်မားလွန်းလှသည့်အတွက် အဝေးမှပင် ကောင်းစွာမြင်တွေ့နေရလေသည်။

တောင်ထွတ်ခုနစ်ခုလုံးမှ တပည့်များမှာ ထိုသလင်းကျောက်အလင်းထောက်တိုင်ကြီးအား အံ့အားသင့်စွာ ငေးမောကြည့်ရှုနေကြ၏။ မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနား၌ မူလသူတော်စင်တောင်ထွတ်မှ ပထမရသွားရခြင်းမှာ အားလုံးအတွက် အံ့သြတုန်လှုပ်စရာပင် ​ဖြစ်သည်။

ပထမ၌ ကန်ရွှမ်းတောင်ထွတ်မှ အသာစီးရနေပါသော်လည်း ဇူယွမ်မှ ပေတစ်သောင်းသားရဲကြီးထံမှ ရရှိလာသော မူလနဂါးခြင်ဆီ အပိုင်းအစတစ်ခုအား ထပ်မံပေါင်းထည့်ခဲ့လေသည်။

ပေတစ်သောင်းသားရဲကြီး၏ မူလနဂါးခြင်းဆီ အပိုင်းအစကြောင့် မူလသူတော်စင်တောင်ထွတ်၏ သလင်းကျောက်အလင်းထောက်တိုင်မှာ အဆပေါင်းများစွာ မြင့်တက်သွားရ၏။

မည်သို့ပင်ဆိုစေကာမူ မူလသူတော်စင်တောင်ထွတ်နှင့် ကန်ရွှမ်းတောင်ထွတ်အား နှိုင်းယှဉ်ကြည့်ရန်မှာ ဝေးကွာလွန်းနေပါသေးသည်။ အဘယ့်​ကြောင့်ဆိုသော် မူလသူတော်စင်တောင်ထွတ်မှ ရရှိထားသော မူလနဂါးခြင်ဆီ၏ ကိုးဆယ်ရာခိုင်နှုန်းမှာ ဇူယွမ်နှင့် ယောင်ယောင်တို့၏ အားထုတ်မှုကြောင့်သာ ဖြစ်လေသည်။

ဇူယွမ်နှင့် ယောင်ယောင်သာမရှိပါက မူလသူတော်စင်တောင်ထွတ်တစ်ခုလုံးမှာ ဓားကပ်ဘေးတောင်ထွတ်၏ လက်ချက်ဖြင့် ကိစ္စတုံးသွားရမည်သာ ဖြစ်သည်။ တောင်ထွတ်အသီးသီး၏ တပည့်များအားလုံးမှာ မူလသူတော်စင်တောင်ထွတ်၏ ရလဒ်ကောင်းများအား အားကျမနာလို ဖြစ်နေကြရသည်။

"မူလသူတော်စင်တောင်ထွတ်အတွက် အခုလိုမျိုး ပထမနေရာ ရဖို့ဆိုတာ တကယ်မလွယ်ဘူး။ အကြီးအကဲစိန်းက တပည့်တွေကို သေသေချာချာ ပြုစုပျိုးထောင်ထားတာပဲ။" ကလန်ခေါင်းဆောင်ချင်းယန်မှ အကြီးအကဲစိန်းထိုက်ယွမ်အားကြည့်ကာ ပြုံး၍ပြောလိုက်သည်။

စိန်းထိုက်ယွမ်မှာ ကျေနပ်ပျော်ရွှင်စွာဖြင့် အရိုအသေပြုကာ စကားဆိုလိုက်၏။ "ကျွန်တော် ဘာမှတောင် မလုပ်လိုက်ရပါဘူး။ အကုန်လုံးက ကျွန်တော့်တပည့်လေးဇူယွမ်ရဲ့ ကြိုးစားအားထုတ်မှုတွေပါပဲ။"

စိန်းထိုက်ယွမ်မှာ အမှန်တရားကိုသာ စကားဆိုလိုက်ခြင်း ဖြစ်သည်။ သူသည် ဇူယွမ်အပေါ် လိုအပ်သည်ထပ်ပို၍ တာဝန်ကျေပွန်ခဲ့ပါသော်လည်း ယနေ့မူလသူတော်စင်တောင်ထွတ်၏ ရလဒ်ကောင်းများမှာ ဇူယွမ်ကိုယ်တိုင် လိုလားစွာဖြင့် ပေးဆပ်ခဲ့ခြင်းများကြောင့်သာ ဖြစ်လေသည်။

စင်စစ်အားဖြင့်ဆိုလျှင် ဇူယွမ်အပေါ် စိန်းထိုက်ယွမ်ပြုလုပ်ပေးရခြင်းမှာ လုပ်ဆောင်လိုသမျှ ခွင့်ပြုပေးရခြင်းသာ ရှိ၏။ တစ်ခါတစ်ရံတွင်တော့ ဇူယွမ် ကျင့်ကြံရန် လိုအပ်နေသည့် မူလအရင်းအမြစ်များကို ရယူပေးရတက်သည်။ ထိုအရာများမှလွဲ၍ ဇူယွမ်မှာ ကျင့်ကြံရေးလမ်းစဉ်များနှင့်ပက်သတ်ပြီး စိန်းထိုက်ယွမ်အား ညွှန်ကြားပြသပေးပါရန် လာရောက်မေးမြန်းသည်မှာ မရှိသလောက်ပင် ဖြစ်သည်။

ကလန်ခေါင်းဆောင်ချင်းယန်မှ ခေါင်းညိတ်ပြကာ စကားဆိုလိုက်၏။ "မူလသူတော်စင်တောင်ထွတ်ကို အဲ့ကလေး ရောက်သွားတာက သူ့ရဲ့အရည်အချင်းတွေကို ဖြုန်းတီးသလို ဖြစ်သွားလိမ့်မယ်လို့ ငါထင်နေမိတာ။ အခုလိုမျိုး ကောင်းကောင်းမွန်မွန် ဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ တကယ်ကိုတော်တဲ့ ကလေးပဲ။"

စိန်းထိုက်ယွမ်မှ နားလည်သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ဇူယွမ်သည် တောင်ထွတ်ရွေးချယ်ခြင်းအခမ်းအနား၌ ချန်ပီယံတစ်ဦး ဖြစ်ခဲ့သောကြောင့် တောင်ထွတ်ဆရာသခင်များအားလုံး၏ သောင်းသောင်းဖြဖြကြိုဆိုခြင်းကို ခံယူခဲ့ရသူ ဖြစ်သည်။ သို့သော် ဇူယွမ်မှာ အင်အားအနည်းဆုံး တောင်ထွတ်တစ်ခုဖြစ်သည့် မူလသူတော်စင်တောင်ထွတ်သို့သာ ရောက်ရှိလာခဲ့လေသည်။

"နောက်လဆိုရင် အတွင်းတောင်ထဲကို တပည့်အသစ်တွေ ရောက်ရှိလာဖို့အတွက် တောင်ထွတ်ရွေးချယ်ပွဲအခမ်းအနား လုပ်တော့မှာ။ အခုမူလသူတော်စင်တောင်ထွတ်ရဲ့ အနေအထားနဲ့ဆိုရင် တပည့်အသစ်တွေ အများကြီးကို ရနိုင်တော့မှာပဲ။" စိန်းထိုက်ယွမ်မှာ အလွန်ပင် ကျေနပ်ပျော်ရွှင်နေရ၏။ မူလသူတော်စင်တောင်ထွတ်၏ ချိပ်စည်းပြယ်သွားသည့် အချိန်မှစ၍ ကျင့်ကြံခြင်းအရင်းအမြစ်များမှာ ပြန်လည်ပေါကြွယ်ဝလာပြီပင် ဖြစ်သည်။ ထို့အပြင် ယခုအခါ၌ မူလသူတော်စင်တောင်ထွတ်၏ ဂုဏ်သတင်းမှာ ဆက်တိုက်ဆိုသလို မွှေးပျံ့နေသောကြောင့် တပည့်အသစ်များအား ဆွဲဆောင်နိုင်မည်မှာ သေချာပေသည်။ တပည့်အသစ်များစွာ ရရှိလာပါက မူလသူတော်စင်တောင်ထွတ်၏အင်အားမှာ ယခင်ကထက် များစွာပို၍ သန်မာလာတော့မည်ပင် ဖြစ်သည်။

ကလန်ခေါင်းဆောင်ချင်းယန်မှ တပည့်များအားကြည့်ကာ စကားဆိုလိုက်သည်။ "အဆင့်သတ်မှတ်ချက်တွေကတော့ ထွက်ပေါ်လာပါပြီ။ ဓားကပ်ဘေးတောင်ထွတ်က တပည့်တွေက နဂါးလေးကောင်ကောင်းချီးကို ရရှိပါမယ်။ ဓားကပ်ဘေးတောင်ထွတ်ရဲ့ ရွေးချယ်ခံနဲ့ တပည့်ခေါင်းဆောင်တွေကတော့ နဂါးခြောက်ကောင်ကောင်းချီးကို ရရှိပါမယ်။"

"သူတော်စင်မှော်စာလုံးတောင်ထွတ်၊ နှင်းပဒုမ္မာတောင်ထွတ်၊ ဟုန်ယာတောင်ထွတ်နဲ့ မိုးကြိုးအကျဉ်းထောင်တောင်ထွတ်က တပည့်တွေကတော့ နဂါးခြောက်ကောင်ကောင်းချီးကို ရရှိပါမယ်။ ရွေးချယ်ခံနဲ့ တပည့်ခေါင်းဆောင်တွေအတွက်ကတော့ နဂါးရှစ်ကောင်ကောင်းချီးပါ။"

"ကန်ရွှမ်းတောင်ထွတ်က ဒုတိယနေရာကို ရရှိခဲ့ပါတယ်။ ကန်ရွှမ်းတောင်ထွတ်ရဲ့ တပည့်တွေက နဂါးခုနှစ်ကောင်ကောင်းချီးကို ရမှာဖြစ်ပြီးတော့ ရွေးချယ်ခံနဲ့ တပည့်ခေါင်းဆောင်တွေကတော့ နဂါးရှစ်ကောင်ကောင်းချီးကို ရရှိပါမယ်။"

ကလန်ခေါင်းဆောင်၏ ကြေညာချက်များအကြားတွင် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှလွဲ၍ အခြားတောင်ထွတ်များမှ တပည့်များအားလုံးမှာ ကျေနပ်ပျော်ရွှင်နေကြလေသည်။ နဂါးခြောက်ကောင်ကောင်းချီးမှာ ခရမ်းရောင်ခါးစည်း တပည့်များအတွက်ပင် ရှားပါးအဖိုးတန်သော အရာဖြစ်၏။ ထိုအရာအား တောင်ထွတ်တစ်ခုလုံး၏ စည်းလုံးမှုဖြင့် သာမန်တပည့်များသည်ပင် ရရှိခံစားကြရသောကြောင့် ကျေနပ်အားရနေကြသည်။

နဂါးခုနစ်ကောင်ကောင်းချီးဆိုလျှင်မူ ပုံမှန်အားဖြင့် တပည့်ခေါင်းဆောင်များသည်ပင် ရရှိရန် မဖြစ်နိုင်သော အရာဖြစ်၏။ ထိုအရာအား ရရှိခဲ့ကြသော ကန်ရွှမ်းတောင်ထွတ်နှင့် မူလသူတော်စင်တောင်ထွတ်မှ တပည့်များမှာ ကျေနပ်ပီတိဖြစ်လွန်းသောကြောင့် မျက်ရည်များပင် ဝေ့ဝဲနေရလေသည်။

နဂါးရှစ်ကောင်ကောင်းချီးအား ရရှိခ့ဲကြသော ရွေးချယ်ခံများနှင့် တပည့်ခေါင်းဆောင်များမှာလည်း အလွန်ပင် ကျေနပ်အားရနေကြသည်။ ပုံမှန်အားဖြင့် နဂါးရှစ်ကောင်ကောင်းချီးသည် ရွေးချယ်ခံများအကြားတွင်ပင် ရှားပါးအဖိုးတန်သောအရာ ဖြစ်လေသည်။

ယခုအခါတွင် ပေတစ်သောင်းသားရဲကြီး၏ မူလနဂါးခြင်ဆီအား ခွဲဝေရယူနိုင်ခဲ့ခြင်းကြောင့်သာ နဂါးရှစ်ကောင်ကောင်းချီးအား လောက်ငစွာ ရရှိခဲ့ကြခြင်းပင် ဖြစ်၏။

"ပထမနေရာရရှိတဲ့ မူလသူတော်စင်တောင်ထွတ်က တပည့်တွေကတော့ နဂါးခုနစ်ကောင်ကောင်းချီးကို ရရှိမှာ ဖြစ်ပါတယ်။"

မူလသူတော်စင်တောင်ထွတ်နှင့် ကန်ရွှမ်းတောင်ထွတ်တို့၏ သလင်းကျောက်အလင်းထောက်တိုင်အမြင့်မှာ များစွာကွာဟမှုမရှိသဖြင့် ဆုလာဘ်တူညီနေရခြင်းပင် ဖြစ်၏။

မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် အော်ဟစ်အောင်ပွဲခံလိုက်ကြသည်။ မူလသူတော်စင်တောင်ထွတ်မှ ထိပ်သီးတပည့်များဖြစ်ကြသော ဇူထိုက်၊ ကျန်းယန်နှင့် လုယန်းတို့သည်ပင် ကျေနပ်ပီတိဖြစ်မှုအား ထိန်းချုပ်မထားနိုင်ပဲ ရှိသည်။

"တပည့်ခေါင်းဆောင်ဇူယွမ်..."

"အလှနတ်သမီးလေး ဇူရှောင်ယို..."

မူလသူတော်စင်တောင်ထွတ်မှ တပည့်များ၏ အော်ဟစ်အားပေးသံများမှာ ပတ်ဝန်းကျင်တစ်ခွင် ပဲ့တင်ထပ်နေ၏။ နဂါးခုနစ်ကောင်ကောင်းချီး ရရှိခဲ့ရခြင်းအတွက် မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ ဇူယွမ်နှင့် ယောင်ယောင်တို့အား အလွန်ပင် ကျေးဇူးတင်နေမိကြသည်။

အခြားတောင်ထွတ်များမှ တပည့်များမှာမူ မူလသူတော်စင်တောင်ထွတ်၏ တပည့်များအား အားကျမနာလိုသော မျက်ဝန်းများဖြင့် ငေးမောကြည့်ရှုနေကြလေသည်။

ကလန်ခေါင်းဆောင်ချင်းယန်မှာ ညင်သာစွာ ပြုံးလိုက်ပြီးနောက် ဇူယွမ်အားကြည့်ကာ စကားဆိုလိုက်သည်။ "ဇူယွမ် မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်တစ်ယောက်အနေနဲ့ မင်းရဲ့လုပ်ဆောင်ချက်တွေက တကယ်ကိုစံထားလောက်စရာပါပဲ။ ပြီးတော့ ပေတစ်သောင်းသားရဲကြီးကို တိုက်ခိုက်တဲ့နေရာမှာလည်း ရွပ်ရွပ်ချွံချွံဆောင်ရွက်ခဲ့တဲ့အတွက် အကြီးမားဆုံး မူလနဂါးခြင်ဆီဝေစုကို ရရှိနိုင်ခဲ့တယ်။ အဲ့ဒါကြောင့် မင်းရရှိမယ့် နဂါးကောင်းချီးပမာဏက...."

"နဂါးကိုးကောင်ကောင်းချီးပဲ ဖြစ်တယ်။"

ကလန်ခေါင်းဆောင်ချင်းယန်၏ စကားကြောင့် သာမန်တပည့်များသာမက အချို့သော ရွေးချယ်ခံများကပါ ဇူယွမ်အား အားကျမနာလိုနေသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်ကြသည်။

နဂါးကိုးကောင်ကောင်းချီးသည် လူတစ်ဦး ရရှိနိုင်သော အမြင့်မားဆုံး ကောင်းချီးပမာဏပင် ဖြစ်သည်။ ယခုလက်ရှိ ရွေးချယ်ခံများကို မဆိုထားနှင့် ခေတ်အဆက်ဆက်မှ ရွေးချယ်ခံများသည်ပင် နဂါးကိုးကောင်ကောင်းချီးအား မရရှိခဲ့ကြဖူးချေ။

မည်သူကမှ နဂါးကိုးကောင်ကောင်းချီးအား ပထမဆုံး ရရှိသည့်သူမှာ ရွေးချယ်ခံတစ်ဦးမဟုတ်ပဲ တပည့်ခေါင်းဆောင်တစ်ယောက်သာ ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားကြပေ။

ထို့အပြင် ၎င်းတပည့်ခေါင်းဆောင်မှာ မူလသူတော်စင်တောင်ထွတ်မှ ဖြစ်နေ၏။

အားကျမနာလိုနေကြသော အကြည့်များကြားတွင် ဇူယွမ်မှာလည်း အလွန်ပင် စိတ်လှုပ်ရှားနေရသည်။ ကန်ရွှမ်းကလန်အတွင်းသို့ စတင်ရောက်ရှိစဉ်ကာလ၌ တောင်ထွတ်ချန်ပီယံဖြစ်ခဲ့သောကြောင့် မူလရေကန်အတွင်းသို့ ဝင်ရောက်ခွင့် ရရှိခဲ့ဖူးလေသည်။ ထိုစဉ်၌ပင် ဇူယွမ်မှာ နဂါးရှစ်ကောင်ကောင်းချီးအား ခံစားခဲ့ရဖူးပြီပင် ဖြစ်၏။ နဂါးရှစ်ကောင်ကောင်းချီးသည်ပင် အံ့အားသင့်စရာကောင်းလှသော ကောင်းကျိုးများစွာကို ပေးစွမ်းနိုင်ခဲ့၏။ ထို့ကြောင့် နဂါးကိုးကောင်ကောင်းချီးသည် ပြောစရာမလိုလောက်အောင်ပင် အကျိုးကျေးဇူးများလိမ့်မည်မှာ သေချာပေသည်။

ကန်ရွှမ်းကလန်သို့ စတင်ရောက်ရှိလာစဉ်မှစ၍ တစ်နှစ်မျှသော အချိန်အတွင်း ဇူယွမ်မှာ များစွာတိုးတက်လာစေရန်အတွက် မဆုတ်မနစ် အမြဲတစေ ကြိုးစားခဲ့သည်။

ယခုဆိုလျှင် ဝူဘုရင်နှင့် ဇူယွမ်တို့အကြားရှိ ကွာဟချက်မှာလည်း ဖြည်းညင်းစွာပင် သေးငယ်လာခဲ့ပြီပင် ဖြစ်၏။

ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်လိုက်ပြီးနောက် အဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်ရှုလိုက်သည်။ သူ၏အဖေသည် တိုင်းပြည်အတွက်ရော သူ၏အနာဂတ်အတွက်ပါ အကောင်းဆုံး ကြိုးစားနေလိမ့်မည်ဖြစ်ကြောင်း ဇူယွမ်မှ ကောင်းစွာ သိရှိထားပေသည်။

"ကျွန်တော့်ကို စောင့်နေပါ အဖေ။ ဇူအင်ပါယာကို ကျွန်တော် ပြန်လာတဲ့အချိန်ကြရင် ကျွန်တော်ပေးထားတဲ့ကတိအတိုင်း ဝူအင်ပါယာက လုယူသွားတဲ့ အရာတွေအကုန်လုံးကို ပြန်ယူပေးမှာပါ။"

ဇူယွမ်၏ မျက်ဝန်းများမှာ ဆုံးဖြတ်ချက်ပြတ်သားသော အငွေ့အသက်များဖြင့် လောင်ကျွမ်းနေ၏။

ကောင်းကင်ထက်တွင်ရှိနေသော ကလန်ခေါင်းဆောင်ချင်းယန်မှာ အင်္ကျီလက်မောင်းအိုးအားလှုပ်ခါလျက် အကန့်အသတ်မဲ့စွမ်းအင်များအား  ဖြန့်ကျက်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် တပည့်များအားလုံးမှာ ကောင်းချီးယဇ်ပုလ္လင်ပေါ်သို့ ရောက်ရှိသွားလေသည်။

ကောင်းချီးယဇ်ပုလ္လင်စင်မြင့်သည် ပိရမစ်တစ်ခုနှင့် အလသဏ္ဍာန်တူညီ၏။ အမြင့်တွင်နေရလေ ရရှိသောကောင်းချီးကောင်းမွန်လေပင် ဖြစ်သည်။

ဇူယွမ်မှာ ကောင်းချီးယဇ်ပုလ္လင်၏ အမြင့်ဆုံး နေရာတွင် ရှိနေလေသည်။

ဝုန်း....

ကောင်းကင်ထက်မှ အကန့်အသတ်မဲ့စွမ်းအင်များ ဖြာဆင်းကျလာ၏။ ဇူယွမ်မှ ကြည့်ရှုလိုက်သောအခါတွင် သန့်စင်သောချီစွမ်းအင်များဖြင့် ပြည့်နှက်နေသည့် နဂါးပုံရိပ်များအား တွေ့ရှိလိုက်ရသည်။

ဇူယွမ်မှာ မျက်ဝန်းများအား ဖြည်းညင်းစွာ ပိတ်လိုက်ပြီးနောက် နဂါးကိုးကောင်ကောင်းချီးအား ပျော်ရွှင်စွာပင် ခံယူလိုက်လေတော့သတည်း။

All Chapters