စစ်မှန်တဲ့ဆရာသခင်
Vol. 16 Ch. 217
ဟွမ်ပထျန်း လုံးဝဆွံ့အသွားခဲ့သည်။ အစကတော့ သူတို့နှစ်ယောက်လုံး ဟန်ဆောင် ရန်ဖြစ်နေတာပင်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ရင်ထဲက ဒေါသတွေကို အတုအယောင်လား အစစ်အမှန်လား မခွဲခြားတတ်တော့ပေ။
တစ်စတစ်စများပြားလာသော တပ်သားများက တဲအတွင်းမှာရော တဲအပြင်မှာပါ စိတ်လှုပ်ရှားစွာ ကြည့်နေကြလေရဲ့။
သူတို့ကတဲကို ဝန်းရံထားကြကာ မြင်ကွင်းကနေ လက်လွှတ် မခံနိုင်ဟန် ရှိ၏။
တဲအတွင်းထဲက လီယုဟန်နှင့် ဟွမ်ပထျန်းရဲ့ အသံကတော့ အချိန်နဲ့အမျှ ကျယ်လောင်လာခဲ့သည်။ အပြင်ဘက်က နားဆွင့်နေတဲ့ တပ်သားအားလုံး ရှင်းလင်းစွာ ကြားနိုင်၏။
"နင်အရင်က ငါ့ကိုပြောခဲ့တယ်၊ နင်က ခေါင်းဆောင်လိုအပ်သမျှကို သေချာဖြစ်အောင် လုပ်ဆောင်ပေးမဲ့ သစ္စာအရှိဆုံးသူပါဆို။ အခုတော့အဲ့တာတွေ အားလုံးကို မေ့သွားပြီလား။ ယောကျ်ားတစ်ယောက်အနေနဲ့ နင်ဒီလိုလုပ်တာလား"
လီယုဟန်ရဲ့ အသံက ဖျော့တော့ပြီး မျက်ရည်ကျဖွယ် ကောင်းလှ၏။ ထိုစာကြောင်းကြောင့် အပြင်ဘက်က နားထောင်နေတဲ့ တပ်သားတွေအားလုံးပင် အံ့သြမှင်သက်သွားခဲ့သည်။
"ဟမ် ငါက လက်ထောက်ခေါင်းဆောင်ဟွမ်ကို အဲ့လိုလူမျိုးလို့ တစ်ခါမှမကြားခဲ့ဖူးဘူး၊ ဘယ်လိုလုပ် ဒီလိုမျိုး ဖြစ်ကုန်ရတာလဲ။ လူတစ်ယောက်ကို ပုံပန်းအသွင်အပြင်ကြည့်ပြီး ဝေဖန်လို့မရဘူးဆိုတာ အမှန်ပဲကို။ အေးပေါ့ အဲ့ဒီလူအိုကြီးက အပျော်အိမ်တွေကိုတောင် ပိုက်ဆံမပေးဘဲ သွားလည်နေတဲ့ လူတစ်ယောက်ပဲ၊ ဒါကြောင့် ဒီလိုမျိုးကိစ္စကိုလုပ်တာလည်း ဖြစ်နိုင်တာပဲလေ"
"သူက အပျော်အိမ်တော်မှာ ပိုက်ဆံမပေးဘဲ လည်ပတ်ခဲ့တဲ့အပြင် ငါတို့ရဲ့ထိပ်သီးအလှမယ်လေးဆီကနေ ငွေတုံးနှစ်တုံးတောင် ချေးသွားခဲ့တယ် ငါသိသလောက်တော့ အဲ့တာကို ပြန်မဆပ်သေးဘူးတဲ့”
ဟွမ်ပထျန်းရဲ့ သတင်းတွေက တပ်သားတွေကြားမှာ ပျံနှံ့လာခဲ့သည်။ အကုန်လုံး ဆွံ့အသွား၏။ အားလုံးရဲ့ ရင်ထဲမှာ ဟွမ်ပထျန်းကို မနေနိုင်အောင် လေးစားသွားကြသည်။
"အပျော်အိမ်တော်ကိုသွားပြီး ပိုက်ဆံမပေးဘူးဆိုတာက အတော်ကိုမျက်နှာပြောင်တိုက်တဲ့ လုပ်ရပ်ပဲ။ ငါတို့ရဲ့ လက်ထောက်ခေါင်းဆောင်ဖြစ်ဖို့ ထိုက်တန်တယ်"
တဲအတွင်းက ပထမအဆင့် ကျင့်ကြံသူတစ်ယောက်အနေနဲ့ ထိုတပ်သားတွေရဲ့ စကားကို သူမတို့နှစ်ယောက်လုံး ရှင်းလင်းစွာ ကြားနိုင်ပါသည်။
သူမကမျက်ခုံးတစ်ဖက် ပင့်ကာကြည့်လိုက်၏။ သူမရဲ့ ရန်စတဲ့မျက်နှာပေးကြောင့် ဟွမ်ပထျန်း သွေးအန်လုနီးပါး ဖြစ်သွားခဲ့သည်။
"ငါက ဘယ်လိုကောင်ဆိုတာ အဲ့လောက် အရေးမကြီးပါဘူး။ တစ်ကယ့်အရေးကြီးတာက ငါဟိုတစ်နေ့က ခေါင်းဆောင်ဖူမဲ့ရဲ့ တဲအတွင်းမှာ မင်းရဲ့ညည်းညူသံတွေ ကြားခဲ့တယ်။.ဘာလဲ အခုမှ မသိချင်ယောင် ဆောင်ချင်နေတာလား”
ဟွမ်ပထျန်း ရဲ့ ရိုက်ချက်က ပြင်းထန်၏။ ကြီးမားလှတဲ့ သတင်းခေါင်းစဥ်ကြောင့် တဲအပြင်က တပ်သားတွေအားလုံး အံ့သြသွားကြသည်။
"ဘုရားရေ.. ငါတို့ရဲ့လက်ထောက် ခေါင်းဆောင်လီက ခေါင်းဆောင်ဖူမဲ့နဲ့ ဒီလိုဆက်ဆံရေး ရှိထားတာလား”
"သူတို့ရဲ့ ဆက်ဆံရေးက တော်တော်လေး နက်ရှိုင်းနေလောက်တယ်မလား။ ငါတို့ ဒါကို သူတို့ရန်ဖြစ်တဲ့အချိန်မှ သိခဲ့ရတာ"
"အမှန်ပဲလေ သူမလိုအလှလေးက ခေါင်းဆောင်ဖူမဲ့ရဲ့ အကြိုက်ကို နှိုးဆွနိုင်မှာပဲ၊ သူတို့နှစ်ယောက်လုံးက စိန်နဲ့မြလိုပဲ လိုက်ဖက်ကြပါတယ်"
တပ်သားတွေရဲ့ စကားက လျင်မြန်စွာ ပျံ့နှံ့လာခဲ့သည်။ လီယုဟန်ရဲ့ မျက်နှာကတော့ အစိမ်းရောင်သို့ ပြောင်းလုနီးနီးဖြစ်လာ၏။ သူမရဲ့ မျက်နှာတစ်ခုလုံးက နေရာမှာတင် အေးခဲသွားဟန်ရှိသည်။
ပထမအဆင့် ကျင့်ကြံသူနှစ်ယောက်ရဲ့ ထွက်ပေါ်လာသော အရှိန်အဝါကြောင့် လီရှီနဲ့ ချန်ပန်တို့ နှစ်ယောက်လုံး အတွင်းစွမ်းအင် မတည်ငြိမ်မှုကို ခံစားလိုက်ရသည်။
ပိုမိုများပြားလာခဲ့တဲ့ လီယုဟန်ရဲ့ အရှိန်အဝါက တရားထိုင်ကာ အတင်းအကျပ်ဖိနှိပ်ထားခဲ့တဲ့ လီရှီရဲ့ အတွင်းစွမ်းအင်ကို ဖိအားနှစ်ဆ ဖြစ်ပေါ်စေခဲ့သည်။
"လက်ထောက်ခေါင်းဆောင်လီ ကျေးဇူးပြုပြီး အရင် စိတ်တည်ငြိမ်အောင် လုပ်လိုက်ပါလား? ခေါင်းဆောင်ဖူမဲ့က ကျွန်တော်တို့ကို ခိုင်းစေသွားခဲ့တယ်မလား။ ကျွန်တော်တို့ ခေါင်းဆောင်ရဲ့ အကြံအတိုင်း လိုက်လုပ်သင့်တယ်လေ"
ချန်ပန်သည် ရိုးသားသောသူတစ်ယောက်ဖြစ်သည်။ သူက စိတ်ထဲကအတိုင်းပဲ ပြောလိုက်၏။ ဒါပေမယ့် သူ့ရဲ့စကားက ရန်ဖြစ်နေသူနှစ်ယောက်ကို နှိုးဆွမိသွားသည်။
"ချန်ပန် နင်က အရမ်းကြီးနားလည်နေတာပေါ့ ဟမ်”
ရန်ဖြစ်နေသူနှစ်ယောက်လုံး ချန်ပန်ကို လှည့်ကြည့်လိုက်ကြသည်။
သူတို့နှစ်ယောက်လုံးရဲ့ အကြည့်မှာ ခြိမ်းခြောက်မှုများ ပါဝင်နေ၏။ ချန်ပန်ရဲ့ နှလုံးသားပင် မသက်မသာခံစားလိုက်ရသည်။
ချန်ပန်တစ်ယောက် ဇက်ပုသွားကာ စကားမပြောရဲတော့ပေ။
……..
တောင်ခြေတပ်စခန်းတင်မကဘဲ….
နှင်းနဂါးမြို့အတွင်းက တပ်ဖွဲ့လည်း အနည်းငယ် မတည်မငြိမ်ဖြစ်နေခဲ့၏။
ရှကျိုးယွီရဲ့အမိန့်ကြောင့် တပ်သားတွေအပြင် မြို့ထဲက မိန်းကလေးတွေနဲ့ ကလေးတွေလည်း ပြောင်းရွှေ့နေကြသည်။
ရှကျိုးယွီက အရည်အချင်းမပြည့်ဝတဲ့ အုပ်ချုပ်သူတစ်ယောက်သာ ဖြစ်ချင်ခဲ့သည်။ ဘုရင်ဆိုးတစ်ယောက်တော့ မဖြစ်ချင်ပါချေ။ ထို့ကြောင့် တိုက်ပွဲဖြစ်လာရင်တောင် အထိအခိုက်နည်းပါးစေရန် မြို့သူမြို့သားအားလုံးကို ပြောင်းရွေ့ခိုင်းထား၏။
ကျောက်ကောင်းက ပြောင်းရွေ့တဲ့အဖွဲ့ကို ဦးဆောင်စီမံနေခဲ့သည်။ ထိုအချိန်မှာပဲ သူလျှိုတစ်ယောက်က ရုတ်တရက် ရောက်လာပြီး ကျောက်ကောင်း လက်ထဲကို အနီရောင်စာတစ်စောင် ပေးသွားခဲ့သည်။
"တိုက်ပွဲကွင်းပြင်မှာ မုန်တိုင်းကျရောက်နေပြီ"
ကျောက်ကောင်းရဲ့ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွား၏။ ချက်ချင်းပဲ စာစောင်ကို ဖွင့်ဖတ်လိုက်သည်။
ထိုအချိန်မှာပဲ ဘေးမှာရှိနေတဲ့ ဟူယူက မနေနိုင်စွာ ဝင်ပြောလိုက်၏။
"သခင်လေး ဘာဖြစ်လို့လဲ"
ကျောက်ကောင်းရဲ့ မျက်နှာက အနည်းငယ် နီရဲနေခဲ့သည်။ သူ့ရဲ့ပုံစံက အတော်စိတ်လှုပ်ရှားနေပုံပဲ။
အမွှေးတိုင်တစ်ဝက်ခန့် အချိန်ကြာပြီးတဲ့နောက်မှာ ကျောင်ကောင်း ရယ်မောလိုက်တော့သည်။
"နည်းဗျူဟာချတဲ့နေရာမှာ ငါကအရှင်မင်းကြီးထက် အများ...အများကြီးကို နောက်ကျနေပါလား"
ကျောက်ကောင်းရဲ့ စကားလုံးတွေက နှလုံးသားအောက်ခြေမှ အစပြုလာခဲ့တာပင်။ ဟူယူ အနည်းငယ်နားမလည်နိုင် ဖြစ်သွားခဲ့သည်။
"သခင်လေး ဘာဖြစ်လို့ပါလဲ။ အရှင်မင်းကြီးရဲ့ လုပ်ရပ်က တောင်ခြေတပ်စခန်းက သူပုန်တွေကို ကြောက်ရွံ့သွားစေခဲ့လို့လား။
ဒါပေမယ့် အခုကျွန်တော်တို့ကမြို့ရဲ့ တပ်ဖွဲ့တွေကို တပ်ပြန်ဆုတ်နေရတာလေ။ သူတို့တွေ ကျွန်တော်တို့ရဲ့အားနည်းချက်ကို တွေ့သွားတာတော့ မဟုတ်ဘူးမလား”
ကျောက်ကောင်း ခေါင်းယမ်းလိုက်လေကာ..
"အရှင်မင်းကြီးရဲ့ အစီအစဥ်တွေကို ငါတောင် နားမလည်နိုင်တာ၊ မင်းလိုမျိုး ပဥ္စမအဆင့် ရုံးတော်အရာရှိ တစ်ယောက်က ဘယ်လိုလုပ်နားလည်နိုင်မှာလဲ။ ဒီတစ်ခေါက် အရှင်မင်းကြီးရဲ့ အလောင်းအစားက အောင်မြင်တယ်လို့ပြောလို့ရတယ်။ သွေးတစ်စက်မှ မစွန်းစေဘဲ အောင်မြင်မှုကို ရရှိတော့မယ်”
“အခုလိုမျိုး တိုက်ခတ်ခြင်းမရှိဘဲ ရလာတဲ့ အောင်မြင်မှုကမှ စစ်ပွဲရဲ့ အနုပညာတစ်ရပ်ပဲ"
ကျောက်ကောင်း ခပ်ဖွဖွရေရွတ်လိုက်သည်။ ထို့နောက်မှာ လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး စာစောင်ကို ဟူယူရှေ့မှာ ဖွင့်ပြလိုက်၏။
"တောင်ခြေတပ်စခန်းအတွင်းမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်ခဲ့တယ်၊ သေးငယ်တဲ့ သူပုန်အဖွဲ့အတွက် ဒီလိုဖြစ်လာပြီဆိုရင် ဖျက်ဆီးနိုင်ဖို့ အလွယ်လေးပဲ”
“အရှင်မင်းကြီးက ဒါကိုကြိုတင် ခန့်မှန်းနိုင်ခဲ့တာဖြစ်မယ်၊ ဒါကြောင့် ငါတို့ကိုနောက်ဆုတ်ဖို့ အမိန့်ပေးခဲ့တာပဲ”
“ငါတို့ဘက်က တပ်ဆုတ်ပြီးတော့ အဲ့ဒီသူပုန်တွေကို စိတ်ရှုပ်ထွေးအောင် လုပ်ခဲ့တယ်၊ အဲ့ဒီနောက်မှာ မြို့အလွတ်ကြီးကိုပဲ ချန်ထားခဲ့တယ်။ ဒီနည်းလမ်းက သူတို့တွေကို ကြောက်ရွံ့စေလိမ့်မယ်၊ သူတို့ထဲက လူတစ်ချို့က တိုက်ခိုက်ချင်တယ်ဆိုပေမယ့် တစ်ချို့က ထောင်ချောက်ဖြစ်နေမှာကို စိုးရိမ်နေလိမ့်မယ်”
“အတွင်းမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်ပြီဆိုတာနဲ့ ကျရှုံးမှုကို ဦးတည်နေပြီပဲ”
"အရှင်မင်းကြီးက အရမ်းကို ညဏ်ပညာပြည့်စုံလိုက်တာ"
ကျောက်ကောင်းရဲ့ မျက်နှာက အလွန်လေးစားနေဟန်ရှိသည်။ ရှကျိုးယွီသာ ရှိလို့ကတော့ သေချာပေါက် အမြင်ကပ်စွာဖြင့် ကန်ချက်တစ်ချို့ကို လက်ခံရရှိလိမ့်မည်။
ဒါပေမဲ့ ကံဆိုးစွာပဲ ရှကျိုးယွီက နေရာမှာမရှိခဲ့ပေ။ သူက အချိန်ရတိုင်း တော်ဝင်ဆရာမကြီးနဲ့ ယင်ယန်ရွှေရောင်သိုင်းကျင့်ကြံရင်း အနားယူလေ့ရှိသည်။
လျိုချင်းချန်ရဲ့ ကျင့်ကြံမှုသာမက ရှကျိုးယွီရဲ့ ရုပ်ပိုင်းဆိုင်ရာသန်မာမှုနဲ့ အတွင်းစွမ်းအင်လည်း ပိုမိုမြင့်မားခဲ့ရ၏။
သခင်ဖြစ်သူရဲ့ စကားတွေကို နားထောင်နေရင်း ဟူယူပင် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေခဲ့သည်။
"အရှင်မင်းကြီးက တကယ်ကို အင်အားကြီးမားလိုက်တာ...ဒါမျိုးအစီအစဥ်တစ်ခုကို ဖန်တီးနိုင်မယ်လို့ ကျွန်တော်ယုံတောင်မယုံကြည်နိုင်ဘူး။ ဖြစ်နိုင်တာ… အရှင်မင်းကြီးရဲ့ဘေးမှာ ကျွမ်းကျင်ပုဂ္ဂိုလ်တစ်ယောက်ယောက်များ ရှိနေလို့လား"
ဒါပေမယ့် ကျောက်ကောင်းက ချက်ချင်းပဲ ငြင်းဆိုလိုက်သည်။
"မဟုတ်ဘူး အရှင်မင်းကြီးက အရင်ကတည်းက အဲ့ဒီစာတတ်ပေတတ်လူတွေကို သဘောမကျလို့ အနားအကပ်မခံခဲ့ဘူး…”
“အရှင်မင်းကြီးက လက်တွေ့လုပ်ဆောင်နိုင်တဲ့သူကိုပဲ သဘောကျတယ် ဒီလိုမှမဟုတ်ရင် ငါလိုမျိုးသေးငယ်တဲ့ မိန်းမစိုးတစ်ယောက်ကို ဘာကြောင့် အနီးကပ်အစေခံအဖြစ် ရာထူးတိုးပေးခဲ့မှာလဲ"
ကျောက်ကောင်းက စိတ်ပျက်စွာဖြင့် ဟူယူကိုကြည့်လိုက်သည်။ ထိုမိန်းမဆန်တဲ့အကြည့်ကြောင့် ဟူယူ နေရာမှာတင် ကြက်သီးမွေးညှင်းများ ထသွားလေရဲ့။
"အရှင်မင်းကြီးအပေါ် ကျွန်တော့်ရဲ့ နက်ရှိုင်းတဲ့ နားလည်မှုအရ ဒီမြင့်မားတဲ့အကြံအစည်က သေချာပေါက် အရှင်မင်းကြီးရဲ့ အကြံစည်ပဲ ဖြစ်မှာပါ”
“ အေး မင်းပြောတာမှန်တယ်”
"တစ်ခါက စစ်သူကြီး တစ်ယောက်က ပြောခဲ့ဖူးတယ်၊ အသေးစိတ်ကျတဲ့ စီမံခန့်ခွဲသူတစ်ယောက်က တစ််ဖက်သူရဲ့ သစ္စာရှိမှုနဲ့ အရိုအသေပေးမှုကို ဘယ်တော့မှ စိတ်မကုန်ဘူး..အဲ့လိုပဲ တိုက်ပွဲတစ်ခုကလည်း လှည့်စားမှုနဲ့ လိမ်ညာမှုကနေ လွတ်ကင်းတာမျိုးမရှိနိုင်ဘူး”
“အရှင်မင်းကြီးက တကယ်ကိုလှည့်စားတဲ့ ပညာရပ်ကိုအသုံးပြုခဲ့တာပဲ၊ အရှင်မင်းကြီးရဲ့ လုပ်ရပ်က...ညဏ်များပြီး လုပ်နိုင်စွမ်းရှိတယ်ဆိုတဲ့ အခြေအနေကို ကိုယ်စားပြုနိုင်တယ်"
"အရှင်မင်းကြီးရဲ့ အကြံအစည်ကြောင့် ဘာမှကြိုးစားစရာမလိုဘဲ ရန်သူက သူတို့ဘာသာသူတို့ နှစ်ပိုင်းကွဲသွားကြ လိမ့်မယ်"
ကျောင်ကောင်းက စာကြီးပေကြီးများနဲ့ ခမ်းနားစွာပြောလိုက်လေ၏။ ဒါပေမယ့် ဟူယူအတွက်ပိုပြီး စိတ်ရှုပ်ထွေးသွားခဲ့သည်။ သူ့အနေနဲ့ မှတ်မိတာ တစ်ခုပဲ ရှိသည်။
အရှင်မင်းကြီးရဲ့ တွေးခေါ်မှုက အားလုံးထက် မြင့်မားသည်။
သူ့ရဲ့သခင် ကျောက်ကောင်းက အမြဲတမ်း ညဏ်များပြီး အရည်အချင်းရှိတဲ့သူဟု ဟူယူထင်မှတ်ခဲ့သည်။
ဒါပေမယ့် အခုချိန်မှာ သဘောပေါက်သွား၏။ သခင်ကျောက်နဲ့ နှိုင်းယှဥ်လိုက်မယ်ဆိုရင် အရှင်မင်းကြီးကမှ စစ်မှန်ပြီး အရာအားလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ သူတစ်ယောက်ပဲ။
အရှင်မင်းကြီးရဲ နည်းဗျူဟာစနစ်က အမြင့်ဆုံးအနေအထားမှာ ရှိနေသည်။
………