အစီအစဥ်ကြီးကို ဆွေးနွေးကြရအောင်)
Vol. 16 Ch. 219
မတ်လကို ရောက်လာပြီဖြစ်၍ ရာသီဥတုက အေးစက်လာသလို.. လေပြေ တစ်ချို့လည်း တိုက်ခတ်နေ၏။ နှင်းနဂါးမြို့ရဲ့ လက်ကျန်တပ်သားတွေအားလုံး မနေနိုင်စွာ ကိုယ်ကို ကျုံ့လိုက်မိကြသည်။ သူတို့ရဲ့ ခေါင်းထိပ်မှာရှိနေတဲ့ အနီရောင် ပန်းမွှားစသည် လေပြေကို အံတုရင်း ခေါင်းမာစွာ လှုပ်ခတ်နေခဲ့သည်။ အသက်ကြီးကြီး အဖိုးကြီးတစ်ယောက်ရဲ့ လက်ကျန်ဆံပင်လိုမျိုး ထိုပါးလွှာတဲ့ အနီရောင်ပန်းမွှားစများက တိုက်ခတ်လာတဲ့ လေထုကို ခုခံနေဆဲပင်။
“ခေါင်းဆောင် ကျွန်တော်တို့ ဘယ်လောက်တောင် စောင့်ကြပ်နေရအုံးမှာလဲ။ ထပ်ပြီးစောင့်နေမယ်ဆိုရင် အဲ့ဒီတောင်ခြေတပ်စခန်းရဲ့ သူပုန်တွေ တကယ်ပဲ ကျူးကျော်လာမှာ စိုးရတယ်။ ကျွန်တော့်ရဲ့ အိုမင်းနေပြီဖြစ်တဲ့ ခြေတွေလက်တွေက မစွမ်းနိုင်တော့ဘူး”
မြို့နံရံပေါ်မှာရှိတဲ့ တပ်သားဟောင်းတစ်ယောက်က မနေနိုင်စွာ ညည်းညူ လိုက်သည်။ ထိုသူရဲ့ ဆံပင်တွေက မီးခိုးရောင် သမ်းနေပြီပင်။ အသက်ကြီးလာ၍ အားအင်ချိနှဲ့နေတာ သိသာလှသည်။ ထိုသူက သူ့ထက် မျိုးဆက်တစ်ခုစာလောက် ငယ်မယ့်ပုံရသော ခေါင်းဆောင်ဖြစ်သူကို ညည်းညူ လိုက်သည်။
ထိုခေါင်းဆောင်လည်း ညီတူညီမျှ မောပမ်းနေဟန်ပင်။ လက်ရှိနှင်းနဂါးမြို့တွင် အိုဟောင်းပြီး မစွမ်းဆောင်နိုင်တော့သော တပ်သားဟောင်းများသာ ကျန်ရစ်ခဲ့၏။ မိန်းမစိုးကျောက်က နှင်းနဂါးမြို့ကို လက်လျော့လိုက်တာ သိသာလှသည်။
ဒါပေမဲ့ ထိုစကားလုံးတွေကို ထုတ်မပြောရဲပါချေ။ သူ့ရဲ့ စိတ်ထဲမှာသာ တွေးတောနိုင်၏။ ထုတ်ပြောလိုက်မိတာနဲ့ တပ်ဖွဲ့ရဲ့ စိတ်ဓာတ်ကို ပျက်ပြားစေမှာ စိုးရိမ်ရသည်။ ထို့ကြောင့် ခေါင်းဆောင်ခင်ဗျာ… မတတ်နိုင်စွာ ပြောလိုက်သည်။
“အဆင်ပြေပါတယ်။ အဲ့ဒီ ပုန်ကန်သူတွေက စွမ်းဆောင်ရည်ရှိတဲ့ သူတွေမှ မဟုတ်တာ။ သူတို့ အားလုံးက အလုပ်ကြိုးစားတဲ့ လယ်သမားတွေပဲ။ ငါတို့ရဲ့ အနီးပတ်ဝန်းကျင်က ရွာတွေကနေ စုဆောင်းထားကြတာ။ သူတို့တွေ သန်မာတယ်ဆိုရင်တောင်မှ ငါတို့လိုမျိုး အတွေ့အကြုံရပြီးသား တပ်သားတွေကို အနိုင်မယူနိုင်ဘူး။ ငါတို့မှာ လက်နက်အင်အားလည်းရှိတယ်”
ခေါင်းဆောင်က ဂုဏ်ယူဟန်ဖြင့် သူ့ရဲ့ သံချပ်ကာဝတ်စုံကို ပုတ်ပြလိုက်သည်။ ခေါင်းဆောင်ရဲ့ မျက်နှာထက်မှာ ဂုဏ်ယူမှုတစ်ချို့ ဝင်ရောက်လာ၏။
ထိုအချိန်မှာပဲ အနက်ရောင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
“ဟေ့ သူခိုးတွေ။ ငါ့ရဲ့ဓားကို ခံစားကြည့်လိုက်စမ်း”
ဆွစ်ရှ်..
ငွေရောင် အလင်းတစ်ချက် အပြီးမှာပဲ မြို့နံရံရဲ့ ကျောက်တုံးတစ်ချို့ ဖွာထွက်သွားခဲ့သည်။ ကျောက်တုံးပိုင်းတစ်ချို့နှင့်အတူ အိုဟောင်းနေတဲ့ တပ်သားခုနစ်ယောက်လောက်ရဲ့ ဦးခေါင်းတို့လည်း တစ်ပြိုင်နက်ထဲ လွင့်မြောလာလေရဲ့။
“ဘုရားရေ၊ ဘာတွေဖြစ်နေတာလဲ”
ခေါင်းဆောင်က အံ့သြတကြီး ရေရွတ်လိုက်သည်။ သူ့ရဲ့နှလုံးသားက ရင်ဘတ်ထဲက ခုန်ထွက်တော့မတတ် ခုန်ပေါက်နေ၏။
ထိုအချိန်မှာပဲ ချန်ပန်က မြေပြင်ပေါ်ကို ပေါ့ပါးစွာ ဆင်းသက်လိုက်သည်။ သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအင် အရှိန်အဝါကို အပြည့်အဝ ဖော်ထုတ်လိုက်၏။
“မင်းတို့လို အသုံးမကျတဲ့ သူတွေကများ နှင်းတောင်တန်းဂိုဏ်းရဲ့ လမ်းမှာ ပိတ်ရဲတယ်လား”
ချန်ပန်ရဲ့ စကားဆုံးတာနဲ့ တပ်သားအိုတွေအားလုံး နှလုံးရောဂါ ရသွားသည့်နယ် မြေပြင်ပေါ်မှာ လဲကျသွားခဲ့သည်။ သူတို့ရဲ့ ခန္ဓာကိုယ်အတွင်းက တိုက်ခိုက်လိုတဲ့ စိတ်ဓာတ်အားလုံး ပျက်ပြားကုန်လေပြီ။
“ခေါင်းဆောင်.. သူတို့အားလုံးက လယ်သူမားတွေဆို”
အစောပိုင်းက စကားပြောခဲ့တဲ့ တပ်သားအိုက ခေါင်းဆောင်ဖြစ်သူကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်သည်။ ခေါင်းဆောင်ဖြစ်သူက မြေပြင်ပေါ် လဲကျရာကနေ တစ်ဖြည်းဖြည်းလုံးဝ မလှုက်တော့ပဲ သေချင်ယောင်ဆောင်နေလေရဲ့။
ခေါင်းဆောင်ဖြစ်သူရဲ့ သံချပ်ကာဝတ်စုံ အတွင်းကနေ အဝါရောင်အရည်တစ်ချို့ စီးကျလာခဲ့သည်။ လတ်ဆတ်ပြီး ရွံရှာဖွယ်အနံံ့ကြောင့် ထိုတပ်သားအို ချက်ချင်းပဲ သဘောပေါက်လိုက်သည်။
အခုလက်ရှိ ခံတပ်အတွင်းမှာ တပ်သားအယောက်နှစ်ရာ နီးပါးသာရှိ၏။ ထို အယောက်နှစ်ရာလုံးကလည်း အသက်တစ်ရာနားကပ်နေတဲ့ အဖိုးအိုများပင်။ ဒါကြောင့် ကျင့်ကြံသူပုဂ္ဂိုလ်ကို သူတို့အနေနဲ့ ဘယ်လိုမှ တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။ ထို့ကြောင့် အဖိုးအိုက မြေပြင်ပေါ်ကနေ မထသေးဘဲ ပြန်လည်အော်ဟစ်လိုက်တော့သည်။
“အစစ်အမှန် တိုက်ခိုက်ကြရအောင်။ ဟန်ဆောင်ပန်ဆောင် မလုပ်တော့ဘူး။ တစ်ကယ်တော့ ငါက ပုန်ကန်ဖို့ စောင့်နေတာ အရမ်းကြာပြီ။ ရဲရင့်တဲ့လူငယ်လေး ငါမင်းနဲ့အတူ ပူးပေါင်းမယ်”
နှင်းနဂါးမြို့ရဲ့ခုခံသူတွေအားလုံးက အိုမင်းပြီးအားနည်းတဲ့ သူများသာ ဖြစ်နေသည့်အတွက် အချိန်တစ်ခဏကြာသည်အထိ ချန်ပန်ပင် ရှုပ်ထွေးသွားခဲ့သည်။
“မင်းတို့ရဲ့မြို့ကို ခုခံမဲ့ တပ်သားတွေက ဘယ်မှာလဲ”
“ငါ့ကို အရေးမပါတဲ့ စကားတွေ လာပြောမနေနဲ့။ မြို့တံခါးကို အမြန်ဖွင့်လိုက်စမ်း”
ထိုတပ်သားအိုက အံ့သြသွားဟန်ဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
“ဆရာကြီးရေ ငါတို့က မြို့ကို ကာကွယ်နေတဲ့ တပ်သားတွေ မဟုတ်လို့လား”
ထိုတပ်သားအိုက ပြောပြီးတာနဲ့ သူ့ရဲ့ခေါင်းဆောင်းကို ချွတ်ပြလိုက်သည်။ အနီရောင် ပန်းမွှားနဲ့အတူ ဖြူဖွေးနေတဲ့ ဆံပင်ရှည်တွေက လေပြေကြောင့် လွှင့်မျောနေ၏။
“မင်း ဟုတ်လား။ အသက်ကြီးနေတဲ့ မင်းတို့ လူအိုတစ်အုပ်ကပဲ မြို့ကို ကာကွယ်နေတာလား။ ကျောက်ကောင်း ရူးသွားပြီလား”
ချန်ပန် စိတ်တိုသွားခဲ့သည်။ ဘယ်လိုလုပ် ဒီလောက်တောင် ရူးမိုက်တဲ့ ငမိုက်သားတစ်ကောင် ရှိနေရတာလဲ..
ထိုအဖိုးအိုလည်း အနည်းငယ် ရှက်ရွံ့သွားဟန်ပဲ။
“ဟုတ်တယ် ငါလည်းပဲ သခင်ကျောက် ဘယ်လိုစဉ်းစားလည်းဆိုတာ သိချင်နေခဲ့တာ။ ငါတို့ကို ကာကွယ်ဖို့အတွက် ထားခဲ့တယ်တဲ့လေ”
အဖိုးအိုက ပြောပြီးတာနဲ့ အရှက်ပြေ ရယ်မောလိုက်သည်။
ထို့နောက်မှာ အခွင့်အရေးယူပြီး မြေပြင်ပေါ်လဲကျကာ သေချင်ယောင်ဆောင်နေတဲ့ အဖွဲ့ခေါင်းဆောင်စီကနေ မြို့မြေပုံကို သွားယူလိုက်သည်။ ထို့နောက်မှာ ချန်ပန် ရှိရာသို့ တိုက်ရိုက်ပဲ ပေးလိုက်၏။
“သခင်ကြီး ဒီမြေပုံကို ထောက်ထားပြီးတော့ ကျွန်တော်တို့ လူအိုကြီးတစ်သိုက်ကို အသက်ချမ်းသာပေးပါ”
ထိုတပ်သားအိုသည် တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်နေသည့်အတွက် ပြောင်းလဲလွယ်တဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင်ထားသည်။ ချန်ပန်ပင် ဘာဆက်လုပ်ရမလဲ မသိတော့ပေ။
အရင်ဦးဆုံး ကမ်းပေးလာတဲ့ မြေပုံကို လှန်းယူလိုက်ပြီး မှန်မမှန် စစ်ဆေးလိုက်၏။ ထို့နောက်မှာ ခေါင်းငြိမ့် ပြလိုက်သည်။
“ကောင်းပြီ။ ဒီခုခံမြေပုံရဲ့ မျက်နှာကို ထောက်ထားပြီးတော့ ငါမင်းတို့ရဲ့အသက်ကို ချမ်းသာပေးလိုက်မယ်။ မိန်းမစိုးရဲ့ ခွေးတစ်သိုက်”
ချန်ပန်ထံက ခွင့်ပြုချက်ရတာနဲ့ အဖိုးအိုက သံချပ်ကာ ဝတ်စုံကို ချက်ချင်း ချွတ်လိုက်ပြီး နေရာကနေ ထွက်ပြေးသွားလေတော့၏။ မသွားခင်မှာ သေချင်ယောင် ဆောင်နေတဲ့ ခေါင်းဆောင်ဖြစ်သူထံကို တံတွေးတစ်ချက် ထွေးသွားခဲ့သေးသည်။
ချန်ပန်လည်း သူတို့ရဲ့ အစီအစဉ်အတိုင်း မြို့တံခါးကို လျှင်မြန်စွာ ဖွင့်လိုက်တော့သည်။
ချန်ပန်အနေနဲ့ သာမန်လူတွေကို တိုက်ခိုက်ရင် သေချာပေါက် အနိုင်ရမည်မှန်း ဟွမ်ပထျန်း မျှော်မှန်းထားပြီးသားပင်။ ဒါပေမဲ့ လုံးဝ ထိခိုက်ဒဏ်ရာမရှိတဲ့ ချန်ပန်ကို မြင်လိုက်ရတဲ့အတွက် ဟွမ်ပထျန်းပင် အနည်းငယ် အံ့သြသွားခဲ့သည်။
“ချန်ပန် ဘယ်လိုလုပ် ဒီလောက်အမြန်ကြီး ဆောင်ရွက်နိုင်ခဲ့တာလဲ။ ဘာလဲ မြို့ထဲမှာ ရှိနေတဲ့ တပ်သားတွေအားလုံး မရှိတော့လို့လား”
ချန်ပန်က အနည်းငယ် ရှက်ရွံ့ဟန်ဖြင့် သူ့ရဲ့နှာခေါင်းထိပ်ကို ထိလိုက်သည်။
“ငါသူတို့အားလုံးကို အနိုင်ယူနိုင်ခဲ့တာ။ သူတို့ကို အတင်းအကြပ် ဖိအားပေးပြီး လက်နက်ချ၊ ထွက်ပြေး ခိုင်းလိုက်တာပဲ”
“ငါရှိနေမှတော့ အဲ့ဒီလက်ရွေးစဉ် တပ်သားတွေက ရိုင်းရိုင်းစိုင်းစိုင်း ပြုမူရဲမယ် ထင်လို့လား”
ချန်ပန်က ပြောပြီးတာနဲ့ သူ့ရဲ့ခေါင်းကို လေးဆယ့်ငါးဒီဂရီ အပေါ်ကို စောင်းလိုက်၏။ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ဆရာကြီးတစ်ယောက်ရဲ့ ဟန်ပန်တို့ ချက်ချင်းပဲ ပေါ်ပေါက်လာသည်။ သူ့ရဲ့ မျက်လုံးကလည်း ကိုယ့်ကိုယ်ကို လေးစားမှုနဲ့ ဝင်းလက်လာတော့သည်။
ဟွမ်ပထျန်း သဘောတူစွာ ခေါင်းငြိမ့် လိုက်သည်။
“ကောင်းပြီ။ ဒါဆိုရင် ငါပြန်ရောက်တဲ့ အချိန်ကျ ခေါင်းဆောင်ဖူမဲ့ကို မင်းရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး ကောင်းကောင်း တင်ပြပေးမယ်။ မင်းကို ဆုလာဘ်တွေ ချီးမြှင့်နိုင်အောင်လို့ ပြောဆိုပေးမယ်”
ဒီလိုနဲ့ပဲ ဟွမ်ပထျန်းရဲ့ စစ်တပ်သည် မြို့အတွင်းသို့ တစ်ဟုန်ထိုး ဝင်ရောက်လာခဲ့သည်။
မြို့ထဲက လူအများစုက ပြောင်းရွှေ့ခံထားရ၏။ လက်ကျန်ရှိနေသော လူနည်းစုကသာ သေဖို့ရည်ရွယ်ချက်နဲ့ ကျန်နေခဲ့တာ ဖြစ်သည်။
မြို့ထဲက အခြေအနေကို မြင်လိုက်တာနဲ့ ဟွမ်ပထျန်း အံ့သြသွားသည်။
“နှစ်တွေအများကြီး စစ်ပွဲဒဏ်ခံခဲ့ရတော့ မြို့ထဲက ငယ်ရွယ်တဲ့လူတွေအားလုံး မရှိတော့ဘူးနဲ့ တူပါတယ်။ အခုလူတွေကို ကြည့်လိုက်အုံး။ အသုံးမကျတဲ့ လူတွေကြည့်ပဲ။ မြို့က တော်တော်လေး ခံစားနေခဲ့ရတာပဲ”
ဟွမ်ပထျန်း အကြောင်းရင်းမရှိ သနားသွားခဲ့သည်။
အဖိုးအိုတစ်ချို့ကလွဲရင် ပြောင်သလင်းခါနေတဲ့ မြို့လမ်းမကို ကြည့်လိုက်တာနဲ့ ဘယ်သူမဆို ထိုသို့ ခံစားနိုင်၏။
ချန်ပန်ပင် လူတွေကို ကူညီချင်တဲ့ သူ့ရဲ့ အကျင့်ဟောင်းကို မထိန်းနိုင်အောင် ဖြစ်သွားခဲ့သည်။
“လက်ထောက်ခေါင်းဆောင် ဟွမ်၊ ကျွန်တော်ဒီလူတွေကို အရင်ကူညီလိုက်ရင်ကော။ သူတို့အားလုံးက သာမန်မြို့သူတွေပဲလေ။ အပြစ်မရှိတဲ့သူတွေပဲမလား”
ဟွမ်ပထျန်းရဲ့ မျက်နှာက ချက်ချင်းပဲ လှုပ်ရှားသွားခဲ့သည်။
“မင်းပြောတာ အဓိပ္ပါယ်ရှိတယ်။ ဒါပေမဲ့ ငါတို့တွေ နှင်းနဂါးမြို့တစ်ခုလုံးကို သိမ်းပိုက်ပြီးတဲ့အထိ စောင့်မှရမယ်။ ခေါင်းဆောင်ဖူမဲ့ရဲ့ အမိန့်ကို မနာခံလို့မရဘူး။ ငါတို့တိုက်ပွဲကို အရင်ဦးဆုံး လက်စသတ်ရမယ်။ ပြီးတဲ့အချိန်ကျမှ ကူညီလို့ရတာပဲ”
ဟွမ်ပထျန်းရဲ့ အလွန်စာနာပုံရနေသော မျက်နှာထားကြောင့် မသိတဲ့သူသာဆိုလျှင် စည်းကမ်းရှိပြီး ထူးချွန်တဲ့ ခေါင်းဆောင်တစ်ယောက်ဟု အထင်မှားသွားနိုင်သည်။ ဒါပေမဲ့ အကြောင်းသိတဲ့ သူတွေအားလုံးကတော့ ဟွမ်ပထျန်းက အပျော်အိမ်ကို နှစ်ခြိုက်တဲ့ သူတစ်ယောက်ဆိုတာကို ကောင်းမွန်စွာ သိကြသည်။
………
နှင်းနဂါးမြို့ရဲ့ မီတာငါးဆယ် အကွာတွင် တပ်ဖွဲ့တစ်ခုကို ပုန်းကွယ်ပြီး နေရာချထားသည်။ ထိုတပ်ဖွဲ့ရဲ့ ဦးဆောင်သူက ကျောက်ကောင်း….
အနက်ရောင် သံချပ်ကာ ဝတ်ရုံကြားက သိမ်မွေ့တဲ့ ဟန်ပန်နဲ့ မိန်းမစိုး တစ်ယောက်သည် ကြောက်မက်ဖွယ်ကောင်းတဲ့ အရှိန်အဝါများကို ထုတ်လွှတ်နေသည်။
“သခင်ကျောက် အရှင်မင်းကြီးက နန်းတော်ကို သွားနှင့်ပြီလို့ ပြောခဲ့တယ်။ ကျန်တဲ့ကိစ္စတွေအားလုံးက မိန်းမစိုးကျောက်အပေါ်မှာပဲ မူတည်သွားပြီ”
သတင်းပို့က ရိုကျိုးစွာဖြင့် သတင်းပို့လာခဲ့သည်။
ကျောက်ကောင်း ခေါင်းငြိမ့် လိုက်၏။ သူ့ရဲ့နှုတ်ခမ်းတွေက စိတ်လှုပ်ရှားမှုကြောင့် အပေါ်တက်သွားခဲ့သည်။
“ဟူယူ အရှင်မင်းကြီးရဲ့ ရည်မှန်းချက်ကို ငါတို့ အောင်မြင်စွာ မှန်းဆနိုင်ခဲ့တယ်။ မဟုတ်ဘူးဆိုရင် ငါ့ကိုဒီလိုမျိုး ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးခဲ့မှာ မဟုတ်ဘူး”
ကျောက်ကောင်း တစ်ယောက် အလွန် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ ကြည့်လိုက်မယ်ဆိုရင် အရှင်မင်းကြီးရဲ့ အမိန့်မရှိဘဲ လှုပ်ရှားခဲ့တဲ့ သူ့ရဲ့လုပ်ရပ်က မှားယွင်းတဲ့ အပြုမူတစ်ခုဆိုပေမဲ့ သူ့အတွက်တော့ အရှင်မင်းကြီးရဲ့ သွယ်ဝိုက်အမိန့်တစ်ခု ဖြစ်သည်။
ဟူယူရဲ့ နှလုံးသားထဲက လေးစားမှုတွေလည်း ပိုမို ပြင်းထန်လာခဲ့သည်။
“သခင်ကျောက်ကို တာဝန်ယူပေးထားမှတော့ အရှင်မင်းကြီးက စိုးရိမ်ဖို့ လိုအုံးမှာလား။ သခင်ကျောက်က အရှင်မင်းကြီးရဲ့ ညာလက်ရုံး တစ်ယောက်တင်မကဘူး။ တရှားတိုင်းပြည်ရဲ့ စောင့်ရှောက်သူလည်းဖြစ်တယ်”
ထိုမြှောက်ပင့်စကားကြောင့် ကျောက်ကောင်း အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။ ရှကျိုးယွီ မရှိတဲ့အချိန်မှာ လေးစားခံရဆုံးပုဂ္ဂိုလ်က သူဖြစ်နေ၏။ မနေနိုင်စွာပဲ ကျောက်ကောင်းရဲ့ နှလုံးသားက ထိုအခြေအနေကို သဘောကျနေခဲ့သည်။
“ကောင်းပြီ ဟူယူ၊ ညအချိန်ထိ ငါတို့စောင့်ရမယ်။ ရန်သူတွေ နှင်းနဂါးမြို့ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ပြီး အခြေကျပြီဆိုတာနဲ့ မင်းကငါ့ကို စည်တော်တီးပြီး အချက်ပြရမယ်”
“အဲ့ဒီအချိန်ကျရင် အရှင်မင်းကြီးကို ကြီးမားတဲ့ အံ့သြဖွယ်ရာ အခြေအနေတစ်ခု ငါတို့ ဖန်တီးပေးလို့ရပြီ။ ငါကျောက်ကောင်းက အရှင်မင်းကြီးနဲ့ တိုင်းပြည်ကို ဘယ်လောက်တောင် သစ္စာရှိလဲဆိုတာ တစ်ကမ္ဘာလုံးမြင်တွေ့စေရမယ်”
ဒီနေ့ကို ကျောက်ကောင်း စောင့်ဆိုင်းနေခဲ့တာ ကြာပြီပင်။
အကုန်လုံးက ကျောက်ကောင်းကို အာဏာပြပြီး ဖိနှိပ်တတ်တဲ့ သူတစ်ယောက်ဟု ထင်မြင်ကြသည်။ ဒါပေမဲ့ တစ်ကယ့် ကျောက်ကောင်းက စစ်မှန်လှတဲ့ သစ္စာရှိသူတစ်ယောက်ဆိုတာ ဘယ်သူသိမှာလဲ…
ဟူယူ ချက်ချင်းပဲ အမိန့် နာခံလိုက်သည်။ ကျောက်ကောင်းထံကနေ ကျားတံဆိပ်တော်ကို လက်ခံလိုက်ပြီး တဲအပြင်သို့ထွက်သွားကာ တပ်သားတွေကို ရွှေ့လျားဖို့ ပြင်ဆင်လိုက်တော့သည်။
ဒါပေမဲ့ ထွက်မသွားခင်မှာ ဟူယူက မေးခွန်းတစ်ခု မေးသွားခဲ့လေရဲ့။
“ဒါနဲ့သခင်ကျောက် အရှင်မင်းကြီးက နှင်းနဂါးမြို့ကနေ ဘာလို့ ထွက်သွားခဲ့တာလဲ။ အရှင်မင်းကြီးက အန္တာရယ်ကြုံတွေ့ရမှာကို ကြောက်လို့လား”
ကျောက်ကောင်း ခဏမျှတွေးတောလိုက်သည်။
“မဟုတ်လောက်ဘူး။ ဖြစ်နိုင်တာ အရှင်မင်းကြီးက တော်ဝင်ဆရာမကြီးနဲ့ အရေးပါတဲ့ အကြံစည်တစ်ခုကို ဆွေးနွေးနေရလို့ဖြစ်မယ်”
တစ်ကယ်တော့ ရှကျိုးယွီသည် လျိုချင်းချန်ကို မြို့တော်ရှိရာသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။ သူကိုယ်တိုင်ကတော့ နှင်းနဂါးတောင်ခြေသို့ သွားလိုက်၏။ သူပုန်တပ်ဖွဲ့ကိုဦးဆောင်ပြီး နှင်းနဂါးမြို့ကို အလုံးရင်းနဲ့ တိုက်ခိုက်ဖို့ စီစဉ်ထားခဲ့သည်။
………….