မဟာအစီအစဥ်
Vol. 16 Ch. 220
ရှကျိုးယွီရဲ့ ကြီးမားတဲ့အစီအစဥ် အတွင်းမှာ နှင်းနဂါးမြို့က အရေးပါတဲ့ နေရာက ရပ်တည်နေ၏။ သူပုန် တပ်ဖွဲ့ အတွက် တိုင်းပြည်အတွင်းကို ဝင်ရောက်နိုင်မဲ့ တံခါးတစ်ချပ်သာမကဘူး။ အနာဂတ်မှာ အင်အားကြီးတဲ့ အခြေကုပ် စခန်းတစ်ခု ဖြစ်လာနိုင်သည်။ ထို့ကြောင့် ဒီကိစ္စမှာ ရှကျိုးယွီက အားကုန်သုံးပြီး ဂရုစိုက်ခဲ့တာပင်။
တောင်ခြေတပ် စခန်း အတွင်းမှာရှိတဲ့ လီယုဟန် တစ်ယောက် ခေါင်းဆောင်ဖူမဲ့ရဲ့ အမိန့်ကို အဆက်မပြတ် တွေးတောနေခဲ့သည်။ နှင်းနဂါးမြို့ရဲ့ ခုခံလာမှုကို သူမ ဂရုမစိုက်ပါချေ။ သူမတို့ထံမှာ လက်ရွှေးစင် တပ်သား ခြောက်ထောင်ရှိ၏။ အခုဆိုရင် ထိုတပ်သား ခြောက်ထောင် လုံးက မြို့ထဲကို ဝင်ရောက်ပြီး မြို့တစ်ခုလုံးကို သိမ်းပိုက်နေပြီ ဖြစ်သည်။ သူမရဲ့ လက်နှစ်ဖက်လုံး စိတ်လှုပ်ရှားမှုကြောင့် တုန်လှုပ်နေ၏။
“ပြီးသွားပြီ။ တကယ်ကို ပြီးမြှောက်သွားပြီပဲ”
သူမရဲ့ မျက်လုံးထဲမှာ မျက်ရည်များ ပြည့်နှက်လာခဲ့သည်။
ထိုအချိန်မှာပဲ လီရှီက လက်ကိုင်ပုဝါ တစ်ခုကို ကမ်းပေးလိုက်သည်။ သူရဲ့ မျက်နှာက မထိန်းနိုင်အောင် ပျော်ရွှင်နေလေရဲ့။
“လက်ထောက် ခေါင်းဆောင်လီ အဲ့ဒီတုန်းက ဟန်ဆောင်နေမှန်း ကျွန်တော်လုံးဝ မသိခဲ့ဘူး။ ချန်ပန်နဲ့ ကျွန်တော်ဆိုရင် တစ်ကယ်သွားပြီလို့ ထင်နေခဲ့တာ။ အမတို့ရဲ့ သရုပ်ဆောင် အရည်အချင်းက တော်တော်လေး ထူးခြားတာပဲဗျာ။ ရန်သူကို လှည့်စားနိုင်ရုံ တင်သာမကပဲ ကျွန်တော်တို့ အားလုံးကိုပါ လှည့်စား သွားခဲ့တာဗျ”
လီရှီက လက်ကိုင်ပုဝါကို တိုက်ရိုက် ကမ်းမပေးသေးပဲ အရင်ဦးဆုံး နွေးထွေးတဲ့ ရေနွေးထဲမှာ စိမ်လိုက်သည်။ ရေခြောက်အောင် ညှစ်ပြီးမှ လီယုဟန်ကို ကမ်းပေးလိုက်၏။
လီယုဟန် ဒဏ်ရာ ကုနေချိန်အတွင်းမှာ လီရှီက ဘေးမှ တောက်လျှောက် ကူညီပေးခဲ့သည်။ လီယုဟန်လိုမျိုး အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို လေးစားမှု သက်သက်နဲ့ ကူညီပေးနေတာပဲ။
လီယုဟန်က သူမရဲ့ မျက်ရည်ရောင်လဲ့နေတဲ့ မျက်လုံးထောင့်ကို အသာ သုတ်လိုက်ပြီး ကုတင်ပေါ်မှာ ခပ်မတ်မတ် ထိုင်လိုက်သည်။
“ဒါက ငါတို့ရဲ့ ပထမဦးဆုံး ခြေလှမ်းပဲ။ ဒါပေမဲ့ မြို့ထဲက အဲ့ဒီ အသုံးမကျတဲ့ မိန်းမစိုး ဘယ်လို တုံ့ပြန်လာမလဲ မသိသေးဘူး။ ချက်ချင်းငါ့ရဲ့ အမိန့်ကို ထုတ်ပြန်လိုက် ကျန်နေတဲ့ တပ်ဖွဲ့တွေအားလုံး နှင်းနဂါးမြို့ထဲကို ချက်ချင်း ဝင်ရောက်ရမယ်။ ကြန့်ကြာစေတာနဲ့ စစ်တပ် သစ္စာဖောက်မှုပဲ”
လီယုဟန်ရဲ့ အေးစက်တဲ့ အသံသည် တဲအတွင်းမှာ ပျံ့နှံ့သွားခဲ့သည်။ တည်ငြိမ်နေပေမဲ့ သူမရဲ့ အသံထဲမှာ စိတ်လှုပ်ရှားမှု တစ်ချို့ ပါဝင်နေ၏။ လီရှီ မတုံ့ဆိုင်းပဲ အမိန့်ကို ချက်ချင်း နာခံလိုက်သည်။
လီရှီထွက်သွားတာနဲ့ လီယုဟန် ပျင်းရိစွာ သန်းဝေလိုက်သည်။ သူမရဲ့ ရှည်လျားပြီး လှပတဲ့ ခြေချောင်းဖြူများကို စောင်အောက်ကနေ ထုတ်လိုက်သည်။ ကြီးမားလုံးဝင်းတဲ့ ရင်ဘက်နှစ်ခုကိုလည်း သက်သောင့်သက်သာ အနေအထားသို့ ပြုပြင်လိုက်၏။ သွယ်လျတဲ့ခါးကို ဘယ်ညာလှည့်ချိုးရင်း အကြောဆန့်လိုက်သည်။ ဘယ်သူမှမရှိတာကို အခွင့်ကောင်းယူရင်း သက်တောင့်သက်သာ အကြောလျှော့ နေလိုက်သည်။ သူမရဲ့ မျက်လုံးတွေက စိတ်လှုပ်ရှားမှုတို့ ပြည့်နေ၏။
“ဟဲဟဲ တရှားရဲ့ဘုရင် နင်ဒီလောက်ထိ ပုန်းနေခဲ့တာ။ အချိန်ဘယ်လောက်များ နင်ထပ်ပုန်း နိုင်အုန်းမလဲ ငါကြည့်မယ်”
လူတွေရှိနေချိန်ဆိုရင် လီယုဟန်က တစ်ဖက်လူရဲ့ နှလုံးသားထဲထိ ကြောက်ရွံ့မှုတွေ တိုက်ရိုက်ပို့ဆောင် ပေးနိုင်တဲ့ အေးစက်တဲ့ မိန်းကလေး တစ်ယောက်ဖြစ်သည်။ ဒါပေမဲ့ အခုလိုမျိုး သူမရဲ့ ရာဂစိတ် ပြင်းထန်တဲ့ ဘက်ခြမ်းကိုတော့ ဘယ်သူကမျှ မသိကြချေ။
နှင်းနဂါးမြို့အတွင်းမှာ ဟွမ်ပထျန်း ဦးဆောင်သော တပ်ဖွဲ့သည် လမ်းမအတွင်း လွတ်လပ်စွာ သွားလာနေခဲ့သည်။ တစ်ကယ်တော့ သူ့အနေနဲ့ ဒီလိုမျိုး သွားလာနေချင်ခဲ့တာ အချိန်အတော်ကြာပြီပင်။ ဒါပေမဲ့ အရင်တုန်းက နှင်းနဂါးမြို့သည် အစောင့်အကြပ် တင်းကျပ်သည်။ သာမန်လူတွေ အနေနဲ့ မြင်းစီးပြီး လွတ်လပ်စွာ ဝင်ရောက်ခွင့် မရှိခဲ့ဘူး။ မင်းသားတွေနဲ့ ရုံးတော်အရာရှိတွေသာ အစီးအနင်း အသုံးပြုပြီး ဝင်ရောက်ခွင့်ရှိသည်။
ဒီနေ့တော့ ဟွမ်ပထျန်းရဲ့ အချိန်ကြာမြင့် နေပြီဖြစ်တဲ့ ဆန္ဒတစ်ခု အောင်မြင်စွာ ပြီးမြှောက်သွားလေ၏။ ဟွမ်ပထျန်း ကျေနပ်အားရစွာ ရယ်မောလိုက်သည်။ သူ့ရဲ့ ခေါင်းကို အနောက်လှည့်ပြီး ချန်ပန်ကိုပါ မေးလိုက်၏။
“ဒီမြို့ရဲ့ အရှည်ဆုံး အဆောက်အဦးဖြစ်တဲ့ ခုနှစ်ထပ် အဆောက်အအုံကို မင်းမြင်ဖူးသလား ချန်ပန်”
ဟွမ်းပထျန်း ကြည့်နေတဲ့ နေရာကို ချန်ပန် ချက်ချင်းပဲ လိုက်ကြည့်လိုက်သည်။
ခမ်းနားစွာ တည်ရှိနေတဲ့ စံအိမ်တော်သည် ရောင်စုံခြယ်သထားပြီး အင်အားကြီးသားရဲ ခုနှစ်ကောင်ရဲ့ ပုံရိပ်ကို ဆေးခြယ်ထားခဲ့သည်။ ထိုအရာကြောင့်ပဲ စံအိမ်ရဲ့ အရည်အချင်းက အများကြီး မြှင့်တက်သွား၏။
ဒါက နှင်းနဂါးမြို့ရဲ့ အုပ်ချုပ်သူ စံအိမ်ပင်။
ချန်ပန်အနေနဲ့ အခုလိုမျိုး ဆန်းကျယ်လှတဲ့ အဆောက်အဦးကို ပထမဦးဆုံး မြင်တွေ့ခြင်းဖြစ်သည်။
သူ့ရဲ့ အရင်ဂိုဏ်း စံအိမ်ဖြစ်တဲ့ သုံးထပ် အဆောက်အဦးနဲ့ နှိုင်းယှဉ်လိုက်မည် ဆိုလျှင် မျက်စိရှေ့က ခုနှစ်ထပ် အဆောက်အဦးသည် ပိုမို ကြီးမားပြီး အဆပေါင်းများစွာ အဖိုးတန်လောက်သည်။
ချန်ပန်ရဲ့ အကြည့်က တစ်ဖြည်းဖြည်း တောက်ပလာတော့သည်။
“လက်ထောက် ခေါင်းဆောင်ဟွမ် ကျွန်တော်တို့ ဒီမြို့ရဲ့ အုပ်ချုပ်သူ စံအိမ်ကိုသာ ပိတ်သိမ်းလိုက်နိုင်ရင် မြို့တစ်ခုလုံးကို သိမ်းလိုက်နိုင်ပြီ မဟုတ်လား။ ဘာကို စောင့်နေရမှာလဲ။ အခုဝင်ကြရအောင်။ အထဲမှာ ရုံးတော်အရာရှိတွေပဲ ပိုင်ဆိုင်မဲ့ ရတနာတွေ ရှိရင် ရှိနေမှာ”
သိုင်းလောကအတွင်းမှာ အချိန်တစ်ခု ကြာသည်အထိ လှည့်ပတ်သွားလာ ပြီးသည့်အတွက် နဂိုကရိုးအသော ချန်းပန်လည်းပဲ ငွေနဲ့ ပတ်သက်ရင် လောဘကြီးတက်လာပြီပင်။ ရိုးအစွာရှင်သန်နေပါက အချိန်သာ ကုန်သွားမည်၊ ပိုက်ဆံရလာမှာမဟုတ်ဘူး။ အဆုံးမှာ ကိုယ့်ကိုယ်ကိုပင် မထောက်ပံ့နိုင်သည်အထိ ဖြစ်ရလိမ့်မည်။
ငွေနဲ့ ပတ်သက်ရင် ဟွမ်ပထျန်းက ပိုပြီး လောဘကြီးသည်။ သူက သေးငယ်တဲ့ ရွာတစ်ခုမှာ မွေးဖွားလာတဲ့ သူတစ်ယောက်သာ ဖြစ်သည်။ အဆင့်မြင့် အိမ်တော်က တိုက်ရိုက် ဆင်းသက်လာတဲ့ ဂိုဏ်းတပည့်တွေနဲ့ နှိုင်းယှဉ် လိုက်မယ်ဆိုလျှင် သူ့ဘဝ အခြေအနေက ပိုပြီးဆိုးရွား၏။
ရတနာလို့ ကြားလိုက်တာနဲ့ ဟွမ်ပထျန်းရဲ့ မျက်လုံးတွေက ဆာလောင်နေတဲ့ ဝံပုလွေတစ်ကောင်လိုမျိုး တောက်ပသွားခဲ့သည်။ ဒါပေမဲ့ သူ့ရဲ့ နှလုံးသားထဲမှာ ထိန်းချုပ်မှုတစ်ချို့ ရှိနေပါသေးသည်။
“ခဏစောင့်အုံး။ ငါတို့ တာဝန်က မြို့ကိုချိတ်ပိတ်ဖို့ တစ်ခုတည်းပဲ။ ငါတို့သာ အုပ်ချုပ်သူစံအိမ်ထဲကို မစစ်ဆေးပဲ ဝင်လိုက်မယ်ဆိုရင် အဲ့ဒီအရာရှိတွေက ချုံခိုတိုက်ခိုက် လာနိုင်တယ်။ ငါနဲ့ လီယုဟန်နဲ့ သဘောတူညီမှု တစ်ခုလုပ်ထားတယ်။ မြို့ဝင်ပေါက်ကို ဖွင့်ပြီးတာနဲ့ လီယုဟန်ဘက်က ကျန်တဲ့ တပ်ဖွဲ့တွေကို စေလွှတ်လာလိမ့်မယ်။ အဲ့ဒီအချိန်ကျမှ စံအိမ်ထံဝင်လည်း နောက်မကျသေးပါဘူး”
ချန်ပန်လည်း ကောင်းမွန်စွာ နားလည်၏။ ဟွမ်ပထျန်းက သေချာအောင် လုပ်ချင်နေတာပဲ။ ဘယ်လိုပဲ ကြည့်ကြည့် အောင်မြင်နေတဲ့ ကိစ္စတစ်ခုဆိုပေမဲ့ နောက်ဆုံး အချိန်အထိ သတိထားချင်နေတာ ဖြစ်သည်။
ထိုအချိန်မှာ ဟွမ်ပထျန်းက ဆက်ပြောလိုက်သည်။
“လာမဲ့ နှစ်ရက်အတွင်းမှာ မြို့ရဲ့ အုပ်ချုပ်သူ စံအိမ်ကို ငါတို့ အပိုင်သိမ်းမယ်။ ဒါပေမဲ့ အောင်မြင်မှုတွေ ရလာတာနဲ့ ကိုယ့်ရဲ့ နောက်ခံကို မေ့ပစ်ဖို့ မကြိုးစားနဲ့။ မင်းတို့ရဲ့အောင်မြင်မှုတွေ အားလုံးအတွက် တိုက်ရိုက် တာဝန်ရှိတဲ့သူက ဘယ်သူဆိုတာကို အမှတ်ရမယ်လို့ ငါထင်တယ်။ ဒီအခြေအနေကို ရောက်လာပြီးမှတော့ ကိုယ့်ရဲ့တာဝန်နဲ့ နောက်ခံကို မမေ့သင့်ဘူး”
ချန်ပန် အနည်းငယ် အံ့ဩသွားခဲ့သည်။
ဟွမ်ပထျန်းရဲ့ စကားလုံးတွေက အကုန်လုံးကို ပြောလိုက်ဟန်ရှိ၏။ ဒါပေမဲ့ သူ့ကို တိုက်ရိုက် ပြောလိုက်သလိုမျိုးပဲ..။
ချန်ပန်ရဲ့ နှလုံးသားက တုန်ယင်သွားပြီး သူ့ရဲ့နဖူးထက်မှာ ချွေးစီးတစ်ချို့ ဝင်ရောက်လာခဲ့သည်။
ခေါင်းဆောင်ဖူမဲ့က အလွန်အင်အား ကြီးမားသည်။ ဒုတိယအဆင့် ကျင့်ကြံသူ နှစ်ယောက်ကို တိုက်ရိုက်ပဲ ပထမအဆင့် ကျင့်ကြံသူအဖြစ် အဆင့် တိုးပေးနိုင်ခဲ့၏။ ဒီလို စွမ်းအင်မျိုးက မသေမျိုး တစ်ယောက်တောင်မှ အလွယ်တကူ ပိုင်ဆိုင်နိုင်တဲ့ အရာမဟုတ်ဘူး..
အကယ်လို့ သူတို့ကသာ ခေါင်းဆောင်ဖူမဲ့ကြောင့် အောင်မြင်မှုရခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစွာ ပြုမူခဲ့မယ်ဆိုရင်.....
ချန်ပန် ဆက်လက်ပြီး မတွေးတောရဲတော့ပေ။ ချက်ချင်းပဲ ဟွမ်ပထျန်း ရှိရာသို့ လှည့်ကြည့်လိုက်၏။
ဟွမ်ပထျန်းကလည်း ချန်ပန်ကို ကြည့်နေခဲ့သည်။ အကြည့်ချင်း ဖလှယ်ပြီး နောက်မှာ ချန်ပန်ရဲ့ အတွေးတွေက ပိုမို ရှင်းလင်းလာတော့သည်။
ခေါင်းဆောင်ဖူမဲ့က အရာအားလုံးမှာ အရေးကြီးဆုံးပဲ။
“ချန်ပန် မင်း ဘာပြောချင်နေလဲ”
ချန်ပန်ရဲ့ မျက်နှာထားကြောင့် ဟွမ်ပထျန်း ပုံမှန်လိုပဲ မေးလိုက်သည်။ မထင်မထားစွာပဲ ချန်ပန်က သူ့ရဲ့ လက်ဖဝါး နှစ်ဖက်ကို ကျယ်လောင်စွာ ရိုက်လိုက်သည်။ ထို့နောက်မှာ ကျေးဇူးတင်လှတဲ့ လေသံနဲ့ ပြောလာလေရဲ့။
“လက်ထောက် ခေါင်းဆောင်ဟွမ်ရဲ့ သင်ပြပေးမှုအတွက် ကျေးဇူးပါ။ လက်ထောက် ခေါင်းဆောင်ဟွမ်ရဲ့ စကားကြောင့်သာ မဟုတ်ရင် ကျွန်တော့်ရဲ့ လမ်းကြောင်းက လွဲချော်သွားမှာ စိုးရတယ်”
ဟွမ်ပထျန်း အနည်းငယ် အံ့ဩသွားခဲ့သည်။ ဒါပေမဲ့ ပုံမှန်လိုပဲ ပြန်ဖြေကြား လိုက်၏။
“ကောင်းပါတယ် ငါ့ရဲ့ လေ့ကျင့် ပေးမှုက အလကား မဖြစ်သွားတာပေါ့”
တကယ်တော့ ချန်ပန်ဘာတွေ ကျေးဇူးတင် နေလဲဆိုတာကို ဟွမ်ပထျန်း နားမလည်ပါချေ။ သူက ဟန်ကိုယ့်ဖို့ရန် စကားတစ်ချို့ ပြောခဲ့ခြင်းသာ ဖြစ်၏။
အမှန်တော့ သူ့ရဲ့ သတ်ိပေးချက်က အနောက်က တပ်သား အားလုံးကို ပြောချင်ခဲ့တာပင်။ သူ့ရဲ့အကူအညီကို မမေ့မလျော့နဲ့ အနာဂတ်မှာ ပြန်လည်ကျေးဇူးဆပ်ဖို့ ရည်ရွယ်ပြောဆိုခဲ့ပေမဲ့ ချန်ပန်က ဖူမဲ့ကိုသာ တွေးမိလေ၏။
တောင်ခြေ တပ်စခန်းရဲ့ တပ်သားတွေ ရောက်လာပြီး မကြာခင်မှာပဲ နှင်းနဂါးမြို့ရဲ့ လမ်းတစ်လျှောက်လုံး ဆူညံသံများ ပြည့်နှက်သွားခဲ့သည်။ လီယုဟန်လည်း ဖြူဖွေးနေတဲ့ မျက်နှာနဲ့ပဲ နှင်းနဂါးမြို့ အတွင်းသို့ ရောက်အောင်လာခဲ့သည်။ သာမန်လူတွေ အတွက်တော့ နှင်းနဂါးမြို့က မြိုတစ်ခုဆိုပေမဲ့ သူမတို့ အတွက်တော့ အိမ်သစ်တစ်ခုဖြစ်သည်။
“ဟွမ်ပထျန်း နင်က မြန်သားပဲ”
လီယုဟန် ပုံမှန်နဲ့ မတူစွာ ဟွမ်ပထျန်းကို ချီးကျူးလိုက်သည်။
“ဒီလောက်တော့ မဟုတ်ပါဘူး။ မင်းမေ့သွားပြီလား။ ဒါတွေအားလုံးက ခေါင်းဆောင်ဖူမဲ့ရဲ့ အကြံအစည်ပဲ။ သေချာပေါက် အလုပ်ဖြစ်ရမှာပေါ့”
ခေါင်းဆောင်ဖူမဲ့ အပေါ်မှာထားတဲ့ ဟွမ်ပထျန်းရဲ့ လေးစားမှုတွေက မြင့်သထက်မြင့်လာသည်။ အဲ့ဒီလူက နတ်ဘုရား တစ်ပါးလိုမျိုးပဲ။ ထူးချွန်လှတဲ့ အရည်အချင်းကို ပိုင်ဆိုင် ထားရုံသာမကဘူး။ အများနဲ့ မတူတဲ့ အမြင်ကောင်း တစ်ခုကိုပါ ပိုင်ဆိုင်ထားသေးသည် မလား။
ခေါင်းဆောင်ဖူမဲ့က လုံးဝကို ပြစ်ချက်မရှိတဲ့ လူတစ်ယောက်ပဲ။
ဟွမ်ပထျန်းရဲ့ ခန္ဓာကိုယ် တစ်ခုလုံး ကြက်သီးမွှေးညှင်းများ ထသွားခဲ့သည်။ သန်မာတဲ့ သူတစ်ယောက်က ကိုယ့်ထက် ပြီးပြည်စုံတဲ့ သူတစ်ယောက်ကို တွေ့ရမှာ မကြောက်ရွံ့ဘူး။ ကိုယ့်မှာ အရည်အချင်း ရှိတဲ့ အတွက် အခြားသူရဲ့ အရည်အချင်းရှိမှုကိုလည်း တိုက်ရိုက်ပဲ လက်ခံပေးနိုင်သည်။
လီယုဟန်ရဲ့ နှလုံးသားထဲမှာလည်း ထပ်တူညီမျှ လေးစားနေခဲ့သည်။
“ဒါနဲ့ ငါတို့ရဲ့ ခေါင်းဆောင်ဖူမဲ့ အခုဘယ်မှာလဲ။ ငါဘာလို့ သူကို မတွေ့ရတာလဲ”
ဟွမ်ပထျန်း အံ့ဩသွားသည်။
“သူက တပ်စခန်းထဲမှာ မဟုတ်ဘူးလား။ မင်းဘာလို့ သူ့ကို မတွေ့ရတာလဲ”
လီယုဟန်လည်း ပိုမိုအံ့ဩသွား၏။
“ခေါင်းဆောင်ဖူမဲ့က ငါတို့ကို ဒီလောက်တောင် ယုံကြည်တာလား။ တောက်လျှောက် လူလုံးထွက်မလာပဲ ငါတို့နဲ့ပဲ အပ်ထားခဲ့တယ် ဆိုတော့ ငါတို့ကိုယ်တင်မကဘူး။ သူ့ရဲ့ ပြောင်မြောက်တဲ့ အကြံအစည်ကိုလည်း အပြည့်အဝ ယုံကြည်ထားလို့ ဖြစ်ရမယ်”
သူမတို့ နှစ်ယောက်လုံး အံ့ဩစွာဖြင့် ပြောလိုက်သည်။ ဒါပေမဲ့ သူမတို့ နှစ်ယောက်လုံး မမျှော်လင့်ထားမိတာက ရှကျိုးယွီသည် သူမတို့ကို ယုံကြည်လို့ မဟုတ်ပဲ လျိုချင်းချန်နဲ့အတူ ယင်ယန်ရွှေရောင်သိုင်း လေ့ကျင့်နေသည့်အတွက် မအားလို့ ဆိုတာကိုပဲ။
……….