တွေ့ဆုံခြင်း
Vol. 16 Ch. 222
ဒီလိုနဲ့ပဲ မြို့တပ်သားတွေသည် ဒီရေလိုမျိုး အရှိန်အဟုန်ပြင်းစွာဖြင့် ချီတက်လာခဲ့သည်။ မကြာခင်မှာဘဲ မြို့နံရံအနီးသို့ ရောက်ရှိလာ၏။ ပုန်ကန်သူ တပ်ဖွဲ့ကတော့ သတိမထားမိသေးချေ။
အုပ်ချုပ်သူ စံအိမ်အတွင်းသို့ တိုက်ပွဲမီးစတွေလည်း မရောက်ရှိလာသေးပေ။ ရှကျိုးယွီသည် စံအိမ်အတွင်းမှာ ထိုင်နေရင်း မျက်လုံးများ ကျဥ်းမြောင်းနေခဲ့သည်။ အုပ်ချုပ်သူ ထိုင်ခုံပေါ်မှာ ဇိမ်ကျစွာဖြင့် ထိုင်နေ၏။ တူညီတဲ့နေရာမှာ တူညီတဲ့ပုံစံအတိုင်း ထိုင်နေတာဆိုပေမဲ့ မတူညီတဲ့လူအုပ်ကို ဦးဆောင်နေရသည်။
"ခေါင်းဆောင်ဖူမဲ့က တကယ်ကို လွှမ်းမိုးချုပ်ကိုင်နိုင်တာပဲ။ ဒီလိုမျိုး ကြီးမားတဲ့ လိမ်လည်မှုကို လုပ်ဆောင်နိုင်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။ တစ်ကယ်ကို အများနဲ့မတူအောင် ထူးချွန်တဲ့သူ တစ်ယောက်လို့ ပြောရမယ်"
လီယုဟန်ရဲ့မျက်နှာက လေးစားမှုတို့ ပြည့်နေခဲ့သည်။ သူမရဲ့ ကြိုတင်မှန်းဆချက်တွေ အားလုံးက မှန်ကန်နေခဲ့၏။ ရှကျိုးယွီက တကယ်ကို ကြံစည်နိုင်တဲ့သူ တစ်ယောက်ပဲ။ အဆုံးမှာတော့ သူမတို့သည် အများကြီး ကြိုးစားအားမထုတ်ရဘဲ နှင်းနဂါးမြို့ကို အပိုင်သိမ်းနိုင်ခဲ့သည်။
စံအိမ်အတွင်းကို ရောက်တာနဲ့ ဟွမ်ပထျန်း.ချက်ချင်းပဲ လှည့်ပတ်စစ်ဆေးလိုက်၏။ အုပ်ချုပ်သူ စံအိမ်အတွင်းမှာ ရှားပါးမျိုးစိတ် ပန်းပွင့်များနဲ့အတူ ထူးခြားတဲ့ ရှေးဟောင်း ပစ္စည်းများလည်း ရှိသည်။ ကမ္ဘာကြီးနဲ့ပတ်သက်ပြီး အများကြီး မတွေ့ကြုံဖူးတဲ့ လူတစ်ယောက်အနေနဲ့ ဟွမ်ပထျန်းအတွက်တော့ အရာအားလုံးက သစ်လွင်ပြီး အံ့သြဖွယ်ကောင်းလှသည်။ လေးစားစွာဖြင့် ရှကျိုးယွီကို လှမ်းပြောလိုက်၏။
"ခေါင်းဆောင်ဖူမဲ့၊ နှင်းနဂါးမြို့ရဲ့အရှင်က ကျွန်တော်တို့အတွက် တစ်ခုခုများ ချန်ထားခဲ့မလား သိချင်မိတယ်။ အကယ်လို့ ချန်ထားခဲ့တယ်ဆိုရင် ကျွန်တော့်ကို ပေးလို့ရလား"
စံအိမ်အတွင်းကို ဝင်လာပြီး ထိုင်ခုံမှာ မထိုင်ရသေးခင်မှာဘဲ ဟွမ်ပထျန်းက စိတ်မရှည်စွာဖြင့် မေးလာခဲ့သည်။ ရှကျိုးယွီက သေချာပေါက် နားလည်တာပေါ့။ ထို့ကြောင်ြ ရိုးရှင်းစွာ ပြုံးလိုက်သည်။
"မင်းက အချိန်မကျသေးဘဲနဲ့ ဆုလာဘ်ကို တောင်းခံနေတာလား။ ဒါက အလောတကြီး မဆန်လွန်းဘူးလား။ ဒါ့အပြင် ဘာစိတ်ပူစရာကိစ္စမှ ပေါ်မလာတော့ဘူးလို့ မင်း သေချာလို့လား"
ဟွမ်ပထျန်းရဲ့ မျက်လုံးတွေက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ ရှကျိုးယွီရဲ့ စကားလုံးကို ပြန်လည်စဥ်းစားနေချိန်မှာပဲ သတင်းပို့တစ်ယောက်ရဲ့ အသံကို အပြင်ကနေ ကြားလိုက်ရ၏။
"ခေါင်းဆောင်ဖူမဲ့၊ မြို့တောင်ဘက် ၅၀မိုင် အကွာလောက်ကနေ မြို့တပ်သား ၆သောင်းနီးပါး ချီတက်လာတာ တွေ့ရတယ်"
ဟွမ်ပထျန်းနဲ့ လီယုဟန်တို့ မတုံ့ပြန်နိုင်ခင်မှာဘဲ နောက်ထပ် သတင်းပို့သူက စံအိမ်အတွင်းကို အရှိန်ပြင်းစွာဖြင့် ဝင်ရောက်လာ၏။
"ခေါင်းဆောင်၊ မြို့အနောက်ဘက်ပိုင်းက အခြေအနေတွေလည်း အရေးကြီးနေပါတယ်။ တပ်သား လေးသောင်းလောက်က မြို့ဂိတ်ကို ဝန်းရံလာတယ်။ ကျွန်တော်တို့အတွက် ထွက်လမ်းတွေ အားလုံးကို ပိတ်ထားတယ်။ ဒါကြောင့် ခေါင်းဆောင် ကူညီဖြေရှင်းပေးဖို့ အမိန့် တောင်းခံပါတယ်"
ရုတ်တရက် ရောက်ရှိလာတဲ့ သတင်းနှစ်ခုကြောင့် စံအိမ်အတွင်းက လူနှစ်ယောက်လုံး လုံးဝ ကြောင်အမ်းသွားခဲ့သည်။
ရှကျိုးယွီပင် မျက်မှောင်ကြုတ်သွား၏။
'ဘာတွေဖြစ်နေတာလဲ။ ငါ သူတို့အားလုံးကို တပ်ဆုတ်ဖို့ မပြောခဲ့ဘူးလား။ သူတို့တွေ ဘာလို့ ရုတ်တရက် ချုံခိုပြီး တိုက်ခိုက်ရတာလဲ’
ရှကျိုးယွီ ချက်ချင်းပဲ မတ်တတ်ရပ်လိုက်သည်။ စကားပြောဖို့ ပြင်နေစဥ်မှာပဲ လီယုဟန်က ရုတ်တရက် ပြောလိုက်၏။
"ဘာတွေ စောင့်နေရမှာလဲ။ ငါတို့ရဲ့ ပင်မတပ်သားတွေအားလုံးကို မြို့နံရံကို စောင့်ရှောက်ဖို့ စေလွှတ်လိုက်ကြ။ ခဏတာ ခုခံဖို့ ခက်ခဲမယ်ဆိုရင်တောင်မှ တပ်ကူတွေ မရောက်လာခင် အချိန်အထိ တောင့်ခံထားရမယ်"
"ကျွန်တော် အမိန့်ကို နာခံပါတယ်”
"ဟွမ်ပထျန်း၊ နင်က လက်ရွေးစင် တပ်သား၃,၀၀၀ကို စုဆောင်းပြီးတော့ နှင်းနဂါးမြို့ကို တိုက်ခိုက်နေတဲ့ အဲဒီတပ်သားတွေကို ပြန်ပြီးတော့ ချုံခိုတိုက်ခိုက်ဖို့ ကြံစည်"
"ဒါက ငါတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ"
"အကယ်လို့ ကျရှုံးခဲ့မယ်ဆိုရင် ခေါင်းဆောင်ဖူမဲ့ ဝင်ပါရမှာပဲ စိုးရိမ်ရတယ်"
လီယုဟန်သည် စိတ်လှုပ်ရှားစွာဖြင့် အမိန့်တွေ အများကြီး တစ်ဆက်တည်း ပေးလိုက်၏။
ဟွမ်ပထျန်း အံ့သြသွားခဲ့သည်။
ရှကျိုးယွီိကိုယ်တိုင်ပင် အံ့သြစွာဖြင့် လီယုဟန်ကို လှမ်းကြည့်လာခဲ့သည်။
သူ့အနေနဲ့ စကားမပြောနိုင်ခဲ့တာ မဟုတ်ပေ။ ထိုရုတ်တရက် ရောက်ရှိလာတဲ့ တပ်ဖွဲ့၂ခုလုံးကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကို စဥ်းစားနေတာပင်။ ပြောရရင် သူက နှစ်ဖက်စလုံးရဲ့ ခေါင်းဆောင်တစ်ယောက်ပဲ။
ရှကျိုးယွီ နာကျင်စွာပဲ ပြုံးလိုက်တော့သည်။ ရုတ်တရက်ဆိုသလို သူ့ရဲ့ လက်ဖဝါးရော လက်ဖမိုးရောက အသားစိုင်နဲ့ ပြုလုပ်ထားတာကို အမှတ်ရသွား၏။ ဘယ်ဘက်ကပဲ ခိုက်မိပါစေ ထပ်တူညီတဲ့ နာကျင်မှုကို ခံစားရလိမ့်မည်။
ဒါပေမဲ့ တောင်ခြေတပ်စခန်းက အခုအချိန်မှာ အရေးနိမ့်နေ၏။
လီယုဟန်ရဲ့ ညွှန်ကြားချက်က အမှားမရှိပေ။ ထို့ကြောင့် လီယုဟန်ရဲ့ ညွှန်ကြားချက်တွေ အားလုံးကို ရှကျိုးယွီ ခွင့်ပြုပေးခဲ့သည်။ ရှကျိုးယွီ တည်ငြိမ်စွာဖြင့် ပြောလိုက်၏။
"ကောင်းပြီ ဒီကိစ္စကို အောင်မြင်စွာ ဖြေရှင်းနိုင်ရင် မင်းကို ငါ ဆုလာဘ် ချီးမြှင့်မယ်"
အစကတော့ ရုတ်တရက် ရလိုက်ရသော စစ်သတင်းကြောင့် လီယုဟန် လွန်စွာ စိတ်လှုပ်ရှားသွားကာ ချက်ချင်းပဲ ရှေ့တန်းကို သွားရောက်ချင်ခဲ့သည်။ ဒါပေမဲ့ ခေါင်းဆောင်ဖူမဲ့ရဲ့ မျက်နှာကို ပြန်လည်ကြည့်ရှုလိုက်မိတာနဲ့ သူမရဲ့ နှလုံးသားက တည်ငြိမ်သွားခဲ့သည်။ သူမ ကြောက်ရွံ့မှုကို မခံစားရတော့ပေ။ ထို့ကြောင့် ချိုမြိန်စွာဖြင့် ပြုံးပြလိုက်၏။
"ခေါင်းဆောင်ဖူမဲ့ကြောင့်သာ မဟုတ်ဘူးဆိုရင် ကျွန်မတို့ရဲ့ တိုးတက်မှုက ဒီလောက်ကြီးထိ ချောမွေ့မှာမဟုတ်ဘူး။ ခေါင်းဆောင်ဖူမဲ့အနေနဲ့ ညွှန်ပြချင်တာ ရှိပါသေးသလား"
လီယုဟန်က ဖူမဲ့ကို ခေါင်းဆောင်တစ်ယောက်အဖြစ် သတ်မှတ်ထားသည်။
နောက်ကွယ်က ဘော့စ်တစ်ယောက်အနေနဲ့ တိုက်ရိုက်ဝင်ပါရတာတော့ မကောင်းလှဘူးပေါ့…
ရှကျိုးယွီ ခဏမျှ စဥ်းစားလိုက်သည်။
"ကောင်းကျိုးနဲ့ ဆိုးကျိုးကို သေချာတွေးတော၊ အကောင်းဆုံးက အကောင်းဆုံးပဲ"
လီယုဟန်ရဲ့ မျက်လုံးက အနည်းငယ် တုန်ယင်သွားခဲ့သည်။ ခေါင်းဆောင်ဖူမဲ့ရဲ့ ထူးကဲလှတဲ့ မျက်နှာထားကြောင့် သူမ မနေနိုင်စွာ သက်ပြင်းချလိုက်၏။
'ဘယ်လိုတောင် စစ်မှန်လှတဲ့ လူတစ်ယောက်လဲ။ ဒီလိုမျိုး နက်ရှိုင်းတဲ့ အတွေးအခေါ်က ကမ္ဘာကြီးတစ်ခုလုံးရဲ့ စံပြပဲ။ သူက သေချာပေါက် ဘုရင်ဖြစ်ဖို့ မွေးဖွားလာတဲ့ လူတစ်ယောက် ဖြစ်ရမယ်’
လီယုဟန် ရွှင်ပျစွာ ပြုံးလိုက်သည်။
"ကောင်းပြီ ခေါင်းဆောင်ဖူမဲ့ရဲ့ ညွှန်ပြချက်အတိုင်း သေချာပေါက် ဆောင်ရွက်ပါ့မယ်"
သူမက ပြောပြီးတာနဲ့ အလင်းတန်းအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။
ရှကျိုးယွီ တစ်ယောက်တည်းပဲ အခန်းထဲမှာ ကျန်ခဲ့တော့၏။ ရှကျိုးယွီသည် ပါးစပ်ဟလိုက်သည်။ တစ်ကယ်တော့ သူ့ရဲ့စကားကို ဆုံးအောင် မပြောရသေးပေ။
…အခြေအနေ မကောင်းဘူးဆိုရင် ဆုတ်ခွာတာကလည်း ကောင်းမွန်တဲ့ ရွေးချယ်မှု တစ်ခုပဲ…
ရှကျိုးယွီအနေနဲ့ ထိုစကားကို ပြောချင်ခဲ့သည်။ ဒါပေမဲ့ လီယုဟန်ရဲ့ ယုံကြည်မှုရှိနေတဲ့ အကြည့်ကြောင့် ဆက်မပြောနိုင်ခဲ့ပေ။ သူမက ထူးချွန်တဲ့ သူတစ်ယောက်ပဲ။ သေချာပေါက် ဆောင်ရွက်နိုင်မှာပါ။
ရှကျိုးယွီအနေနဲ့ ထိပ်ဆုံးလူ တစ်ယောက်ဖြစ်ပြီး တိုက်ရိုက် ဝင်မပါရတာကိုဘဲ အနည်းငယ် စိတ်သက်သာရာရမိသည်။
နှင်းနဂါးမြို့ရဲ့ မြို့နံရံ အပြင်ဘက်တွင် တပ်သား ၁ဝဝ,ဝဝဝသည် ပြည့်ကျပ်စွာ နေရာယူထားပြီး ကျယ်လောင်တဲ့ အော်ဟစ်သံတွေက ကောင်းကင်တစ်ခုလုံးကိုပင် တုန်ယင်စေသည်။ ဒါပေမဲ့ သူတို့အားလုံးကို စစ်သူကြီး အသစ်တွေက ဦးဆောင်ထား၏။ ဟူယူကိုလည်း မမြင်ရပေ။
တစ်ကယ်တော့ ဟူယူက နှင်းနဂါးမြို့အတွင်းကို လျှို့ဝှက် ဝင်ရောက်ခဲ့ပြီး ပုန်ကန်သူ စစ်တပ်ကို တိတ်တဆိတ် ရှာဖွေနေခဲ့သည်။
"ဖြစ်နိုင်တာ အဲ့သူခိုးက အုပ်ချုပ်သူ စံအိမ်အတွင်းမှာများလား"
ဟူယူ ချက်ချင်းပဲ ဝတ်စုံကို ပြင်လိုက်သည်။ ဆင်းရဲတဲ့သူ တစ်ယောက်လိုမျိုး အတတ်နိုင်ဆုံး ကြိုးစားရင်း ပုန်ကန်သူတစ်ယောက်နဲ့ ဆင်တူအောင် ဖန်တီးလိုက်၏။ ငယ်ရွယ်တဲ့ အသွင်အပြင်ကြောင့် ဖြစ်နိုင်သည်။ ပုန်ကန်သူတွေက ဟူယူကို သတိမထားမိခဲ့ပေ။ ထို့ကြောင့် လွယ်ကူစွာဖြင့် အုပ်ချုပ်သူ စံအိမ်ရှိရာသို့ ရောက်ရှိသွားသည်။
ဟူယူ ဂရုတစိုက်နဲ့ အုပ်ချုပ်သူစံအိမ်ရဲ့ တံခါးကို ထိကိုင်လိုက်စဥ်မှာပဲ လွဲမှားနေတဲ့ တစ်စုံတစ်ခုကို သတိထားမိသွားခဲ့သည်။
အလွန်ကို အင်အားကြီးမားတဲ့ ပုံရိပ်တစ်ခုက တံခါးရဲ့ဘေးမှာ ရပ်နေ၏။
ဟူယူ ချက်ချင်းပဲ အနောက်ကို ဝင်ပုန်းလိုက်သည်။ အရှေ့နဲ့အနောက် လျှောက်လှမ်းနေရင်း ဘာဆက်လုပ်ရမလဲ မသိတော့ပေ။ ဟူယူရဲ့ နှလုံးသားက ကြောက်ရွံ့မှုကြောင့် တုန်ယင်နေ၏။
'သူက ပုန်ကန်သူတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်လောက်တယ်။ ငါက သခင်ကျောက်ရဲ့ အမိန့်အတိုင်း ခေါင်းဆောင်ကို အရင်ဖမ်းဆီးဖို့ လာခဲ့တာ။ ဒါပေမဲ့ အဲဒီလူက အရမ်း အင်အားကြီးနေတယ်။ ခေါင်းဆောင်ကို ဖမ်းဆီးတာက အန္တရာယ်များလောက်တယ်’
ဟူယူ နူးညံ့စွာ သက်ပြင်းချလိုက်သည်။
နောက်ဆုံး ဆုံးဖြတ်ချက်အနေနဲ့ နှလုံးသားထဲက ခံစားချက်တွေကို အတင်းအကြပ် ထိန်းချုပ်လိုက်၏။ ထို့နောက်မှာ လျင်မြန်စွာဖြင့် စံအိမ်အတွင်းကို ဝင်ရောက်သွားခဲ့သည်။ လက်လျှော့ အရှုံးပေးသလိုမျိုး ဟန်ဆောင်ရင်း အခြေအနေကို အကဲခတ်ဖို့ ကြိုးစားလိုက်သည်။ ဟူယူက လေးစားစွာဖြင့် မေးလိုက်၏။
"တစ်ဆိတ်လောက်ပါ။ ခင်ဗျားက နှင်းနဂါးတောင်ရဲ့ တောင်ခြေတပ်စခန်းက အထင်ကရ ပုဂ္ဂိုလ်များလား။ ကျွန်တော်က ကျွန်တော့်အဖေရဲ့ အမိန့်အတိုင်း ခေါင်းဆောင်ကို ရှာဖွေပြီးတော့ လာရောက်ခိုလှုံဖို့ တောင်းဆိုတာပါ"
ထို့နောက်မှာ ဟူယူက အိတ်ကပ်အတွင်းမှ ငွေဒင်္ဂါးတစ်ချို့ကို ထုတ်ယူပြီး ရိုသေစွာဖြင့် ကမ်းပေးလိုက်သည်။
ချန်ပန်က ရွံရှာစွာ လှည့်ကြည့်လာ၏။ ဒါပေမဲ့ ပိုက်ဆံတွေကိုတော့ လက်ခံထားလိုက်သည်။
"ဟမ်း။ မင်းကိုယ်မင်းများ ငါတို့ရဲ့ ခေါင်းဆောင်ဖူမဲ့ကို တွေ့ချင်တိုင်း တွေ့လို့ရမယ်လို့ ထင်နေလား။ မင်းမှာ ပြောစရာရှိတယ်ဆိုရင် ငါ့ကိုပြောလိုက်။ ငါ ပြီးကျတဲ့အချိန်ကျမှ ခေါင်းဆောင်ကို တင်ပြရမလား မတင်ပြရဘူးလား ဆိုတာကို ဆုံးဖြတ်မယ်"
ဟူယူတစ်ယောက် အထီးကျန်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။ ကူကယ်ရာမဲ့စွာပင် အိတ်ကပ်အတွင်းမှ နောက်ထပ် ငွေဒင်္ဂါးတစ်ချို့ကို ထပ်မံထုတ်ယူလိုက်၏။
“ဒါက ခေါင်းဆောင်အတွက် နောက်ထပ် ဆုလာဘ်လေးပါ။ ကျွန်တော့်ရဲ့အဖေက သွားတွေ့ဖို့ ပြောထားလို့ပါ။ ဒါကြောင့် ကျေးဇူးပြုပြီး ခွင့်ပြုပေးလို့ရမလား”
ချန်ပန် အနည်းငယ် အံ့သြသွားခဲ့သည်။ သူ့အနေနဲ့ ဒီလောက်များပြားတဲ့ ပိုက်ဆံကို မတွေ့ဖူးဘူး။ ဟူယူ ထုတ်ပေးလာတဲ့ ပိုက်ဆံက ငွေဒင်္ဂါး၁,၀၀၀ နီးပါးရှိ၏။
ထို့ကြောင့် ချန်ပန်ရဲ့မျက်နှာက အနည်းငယ် နူးညံ့သွားခဲ့သည်။
"ကြည့်ရတာ မင်းက နှင်းနဂါးမြို့ရဲ့ အင်အားကြီး အိမ်တော်တစ်ခုက သားတစ်ယောက် ဖြစ်မယ်နဲ့ တူတယ်။ လာပါ အထဲဝင်ခဲ့လေ။ ငါတို့ရဲ့ ခေါင်းဆောင်ဖူမဲ့က အထဲမှာ အနားယူနေတယ်။ သူ့ကိုတော့ မနှောင့်ယှက်နဲ့ပေါ့"
ဟူယူ လေးစားစွာဖြင့် အရိုအသေ ပေးလိုက်သည်။ ခပ်ပြုးပြုံးနဲ့ပဲ အိတ်ကပ်အတွင်းမှ ငွေဒင်္ဂါးတစ်ချို့ကို ထပ်မံထုတ်ယူပြီး ချန်ပန်ရဲ့ လက်အတွင်းသို့ ထိုးထည့်လိုက်၏။
ချန်ပန်ကတော့ အလွန် ပျော်ရွှင်သွားလေကာ ကိုယ်တိုင်ကိုယ်ကျ စံအိိမ်အတွင်းသို့ လိုက်ပို့ပေးနေသည်။