ပုန်ကန်သူ ဘုရင်နဲ့ တွေ့ဆုံခြင်း
Vol. 16 Ch. 223
"ခေါင်းဆောင်၊ ခေါင်းဆောင်ကို လာတွေ့တဲ့လူရှိတယ်"
ချန်ပန်သည် ကျယ်လောင်သောအသံနဲ့ စံအိမ် အပြင်ကနေ လေးစားစွာ ခွင့်ပြုချက်တောင်းလိုက်သည်။
ရှကျိုးယွီ အနည်းငယ် ရှုပ်ထွေးသွား၏။
"ဒီလို အရေးပါနေတဲ့အချိန်မှာ ဘယ်ကောင်က ငါ့ကိုလာတွေ့တာလဲ"
"ငါ ဘယ်သူ့ကိုမှ မတွေ့ဘူး"
ရှကျိုးယွီရဲ့အသံက ခန်းမထဲကနေ ပဲ့တင်ထပ်ပြီး ထွက်လာခဲ့သည်။
ချန်ပန်ရဲ့မျက်နှာက အနည်းငယ် ရှက်ရွံ့သွားဟန်ပဲ။တောင်းပန် တိုးလျှိုးစွာဖြင့် အနောက်ကပုဂ္ဂိုလ်ကို ပြန်လှည့်ကြည့်လိုက်သည်။ ထိုပုဂ္ဂိုလ်ကို အားနာသွားသဖြင့် စကားတစ်ချို့ ပြောဖို့ ပြင်လိုက်သည်။
ဒါပေမဲ့ ဟူယူရဲ့ မျက်နှာပေါ်မှာ နားမလည်နိုင်တဲ့ ရှုပ်ထွေးမှုများ ရှိနေခဲ့သည်။
“မင်းတို့ရဲ့ခေါင်းဆောင်က အရပ်ရှည်ပြီး ခန့်ညားတဲ့ ပုံရိပ်ရှိလား။ ပြီးတော့ သူက စကားအများကြီးမပြောဘူး၊ မကြာခဏဆိုသလို ကောင်းမွန်တဲ့ အကြံဉာဏ်တွေ ထုတ်ပေးတတ်တယ်မလား”
ဟူယူရဲ့ နှလုံးသားထဲမှာ မုန်တိုင်းထန်နေခဲ့သည်။ သူက လျင်မြန်စွာ မေးလိုက်၏။ ထိုစကားတွေကြောင့် ချန်ပန်ပင် အံ့ဩသွားခဲ့သည်။
"ဟမ်၊ မင်းက ငါတို့ရဲ့ခေါင်းဆောင် ဖူမဲ့ကို သိလို့လား။ မင်းတို့က မိတ်ဆွေဟောင်းတွေလား။ ဒါဆိုရင်ကောင်းတယ်။ ငါ့ကို မင်းရဲ့ နာမည်ကိုပြောလိုက် သူသေချာပေါက် မင်းကိုတွေ့မှာပါ"
ချန်ပန် ထပ်မံ ဝင်ရောက်ဖို့ ပြင်လိုက်သည်။ ဒါပေမဲ့ ဟူယူက လှမ်းဆွဲ ထားလိုက်၏။
တစ်ကယ်တော့ ဟူယူက အကဲစမ်းခဲ့တာဖြစ်သည်။ ဒါပေမဲ့ ချန်ပန်ရဲ့ စကားလုံးတွေကြောင့် သူရဲ့သံသယက ပိုမို ကြီးထွားလာ၏။
အကယ်လို့ သူသာ အထဲဝင်သွားမယ်ဆိုရင် ရှကျိုးယွီကို ဘယ်လို ရင်ဆိုင်ရမှာလဲ…
ဟူယူ ခဏမျှ တွေးတောနေလိုက်သည်။
"အရှင်မင်းကြီး ဘယ်လိုတောင် တိုက်ဆိုင်တာလဲ။ ဒီနေရာမှာ လာတွေ့ရတယ်လို့၊ အရှင်မင်းကြီးက ဒီကို ပုန်ကန်ဖို့ ရောက်လာတာလား”
ရင်ဆိုင်ရမဲ့ အဖြစ်အပျက်ကို တွေးမိသွားတာနဲ့ ဟူယူရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးမွှေးညှင်းများ ပြည့်သွားခဲ့သည်။ ဟူယူက သူရဲ့ခန္ဓာကိုယ်ကို ပြင်းထန်စွာ ခါရမ်းလိုက်၏။ ချက်ချင်းပဲ ထွက်ခွာဖို့ ပြင်လိုက်သည်။
"တောင်းပန်ပါတယ် သခင်ချန်၊ ကျွန်တော့်မှာ အရေးကြီး ကိစ္စတွေ ရှိနေလို့၊ မနှောင့်ယှက်တော့ဘူးနော်"
ပြောပြီးတာနဲ့ ဟူယူက လှည့်ထွက်သွားလိုက်သည်။နေရာမှာ တစ်ယောက်ထဲ ကျန်နေခဲ့တဲ့ ချန်ပန်ခင်ဗျာ အံ့ဩနေဆဲပဲ။
"ချန်ပန် ခုနကလူက ဘယ်သူလဲ”
ဟူယူ ထွက်သွားတာနဲ့ ရှကျိုးယွီ ပေါ်လာခဲ့သည်။ သူရဲ့ မျက်နှာက မျက်လုံး တစ်ဖက်ပင့်ထားကာ စစ်ဆေးနေဟန်ရှိသည်။
ချန်ပန်ချက်ချင်းဘဲ ဖြေကြားလိုက်သည်။
"ခေါင်းဆောင်ဖူမဲ့ အဲဒီလူပြောတာတော့ ကျွန်တော်တို့ကို ကူညီဖို့ရောက်လာတာတဲ့၊ သူက နှင်းနဂါးမြို့ရဲ့ ချမ်းသာတဲ့ အိမ်တော်တစ်ခုကပါ၊ တရှားရဲ့ အုပ်ချုပ်ရေးမှူး ကျဆုံးသွားတာကို သိတာနဲ့ ကျွန်တော်တို့ကို လာရောက်နှုတ်ဆက်ဖို့ ရောက်လာခဲ့တာတဲ့ "
ချန်ပန် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
ရှကျိုးယွီကတော့ သံသယဝင်နေဆဲပင်။
" နှင်းနဂါးမြို့ရဲ့ ချမ်းသာတဲ့ အိမ်တော်က ဟုတ်လား။ ဘာလို့ ငါ့ကို ဘာတွေ့ရတာလဲ”
ချန်ပန် ခပ်ဖွဖွခေါင်းကုတ်လိုက်တော့သည်။
"ဖြစ်နိုင်တာက သူတို့က ခေါင်းဆောင်ဖူမဲ့ကို လေးစားလို့ ရောက်လာတာနေမှာပေါ့”
ဒါပေမဲ့ ချန်ပန်ရဲ့ မြှောက်ပင့်စကားက ရှကျိုးယွီအတွက်တော့ အလုပ်မလုပ်ပါချေ။ ရှကျိုးယွီက ပုံမှန်လိုသာ ခေါင်းငြိမ့် ပြလိုက်သည်။
"အခုကစပြီး ဒီကိစ္စတွေကို မင်းသေချာ ကိုင်တွယ်ရမယ်၊ အသုံးမကျတဲ့လူတွေကို ငါ့ဆီ ခေါ်မလာနဲ့၊ အရေးကြီးတဲ့ ကိစ္စမဟုတ်ရင် ငါ့ကိုလာ မနှောင့်ယှက်နဲ့"
အစကတော့ ချန်ပန်သည် သူကိုယ်သူ သေးငယ်တဲ့ ပုစွန်တစ်ကောင်လိုမျိုး ခံစားခဲ့ရ၏။ သူ့မှာ ဘာလွှမ်းမိုးမှုမှ မရှိခဲ့ပေ။ ဒါပေမဲ့ အခု ရှကျိုးယွီရဲ့ ခွင့်ပြုမှုကို လက်ခံလိုက်ရတာနဲ့ ရုတ်တရက် အာဏာများစွာကို ရရှိသွားခဲ့သည်။ ချန်ပန်ရဲ့ နှလုံးသားတစ်ခုလုံး ခံစားသွားရပြီး မျက်ရည်များ ပြည့်နှက်လာ၏။
"ကောင်းပါပြီ။ ကျွန်တော် သေချာပေါက် ခေါင်းဆောင်ဖူမဲ့ရဲ့ မျှော်လင့်ချက်အတိုင်း ဖြစ်စေရမယ်။ ဒီကိစ္စကို ကောင်းကောင်း ကိုင်တွယ်လိုက်ပါ့မယ်”
ဒါပေမဲ့ ရှကျိုးယွီအတွက်တော့ ချန်ပန်ရဲ့ တုံ့ပြန်မှုက အရေးမကြီးပါချေ။ သူအနေနဲ့ လူတွေကို ကြိုက်တဲ့အချိန်မှာ ကြိုက်သလို ခိုင်းစားလို့ရသည်ပဲ။
ဒ့ါအပြင် ချန်ပန် လက်ခံထားတဲ့ ငွေတွေအားလုံးကိုလည်း အချိန်မရွေး ရယူနိုင်၏။
ဒါပေမဲ့ ချန်ပန်အတွက်တော့ ငွေသည် အသက်ဖြစ်သည်။ အခု ရှကျိုးယွီရဲ့ အမိန့်အောက်မှာ ငွေတွေ အများကြီးကိုလည်း လက်ခံ ရရှိနိုင်တော့မည်။
……..
ထိုအချိန်မှာ ကြားခဲ့ရတဲ့ အရှင်မင်းကြီးရဲ့ အသံကြောင့် ဟူယူ အံ့ဩစွာဖြင့် ကျောက်ကောင်းရှိရာသို့ အလျင်အမြန် ပြန်သွားခဲ့သည်။ အရှိန်ပြင်းစွာ မောင်းနှင်လာမှုကြောင့် ဝတ်ရုံအောက်က သူရဲ့ ဘောင်းဘီစသည် ချွေးများ စိုစွတ်နေခဲ့သည်။ ဒါပေမဲ့ ဟူယူက အလျှော့မပေးပါချေ။ ပြင်းထန်လှတဲ့ အရှိန်နဲ့ တစ်စက်မှ အလျှော့မပေးဘဲ ကျောက်ကောင်းရှိရာသို့ သွားနေ၏။ အဆုံးမှာ မြင်းရဲ့ ခြေထောက်များပင် ပျော့ခွေလာခဲ့သည်။
နောက်ဆုံးတော့ ဟူယူ ကျောက်ကောင်းကို တွေ့ခဲ့ရသည်။ ချက်ချင်းပဲ တဲအတွင်းသို့ အပြေးဝင်သွားခဲ့သည်။
"သခင်ကျောက်..သခင်ကျောက်"
"ကိစ္စကြီးတစ်ခု ဖြစ်နေပါတယ်"
ဟူယူ အသက်မရှူနိုင်တော့ပေ။ လက်နှစ်ဖက်ကို ခါးမှာ ထောက်ထားပြီး သူရဲ့မျက်နှာက နာကျင်နေဟန် ရှိ၏။
လက်ဖက်ရည်ခွက်ကို မထားရင်း ကျောက်ကောင်း မော့ကြည့်လာခဲ့သည်။ သူရဲ့မျက်နှာက မကျေနပ်နေဟန်ပဲ။
အရွယ်ရပြီးသား မိန်းမစိုးတစ်ယောက်က ဘဝရဲ့ ခက်ခဲမှု အများကြီးကို ကျော်ဖြတ်ခဲ့ပြီးပြီ။ ကျန်တဲ့လူတွေ ကြောက်ရွံနေတာကိုမြင်ရတာက သူအတွက် ပျော်ရွင်ဖွယ်အရာတစ်ခု မဟုတ်ဘူး။
"ဘာကိစ္စလဲ၊ ကောင်းကင်ကြီး ပြိုကျရင်တောင်မှ ငါတို့ ဖြည်းဖြည်းချင်း ပြုပြင်လို့ရတယ်၊ ဘာကိစ္စ ဒီလောက်ထိ ဖြစ်ပျက်ပြနေရတာလဲ။ မင်း ငါ့နောက် လိုက်လာတာ ဒီလောက်ကြာပြီ၊ မင်းလေ့ကျင့်ထားတဲ့ ချီလည်ပတ်ခြင်း သိုင်းပညာတွေ အားလုံးက အသုံးမဝင်တော့ဘူးလား။ ဒီလောက်ထိ မောပန်းနေရအောင် ဘာဖြစ်နေရတာလဲ”
ဟူယူ အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။ ကျယ်လောင်စွာ သက်ပြင်းချလိုက်ပြီးနောက်မှာ ခန္ဓာကိုယ် အတွင်းက ချီစွမ်းအင်ကို ချက်ချင်း လည်ပတ်စေလိုက်သည်။ သူရဲ့မျက်နှာထားက အချိန်နဲ့အမျှ တည်ငြိမ်လာ၏။
"တောင်ခြေတပ်စခန်းရဲ့ နောက်ကွယ်က ခေါင်းဆောင်က အရှင်မင်းကြီးပဲ”
ဘုန်း….
ကျောက်ကောင်းရဲ့ လက်ဖက်ရည်ခွက်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေရဲ့။
တစ်စစီကွဲကြေသွားတဲ့ အဖြူရောင် ကြွေစတွေနဲ့အတူ လက်ဖက်ရည်ပေါ်က ခရမ်းရောင် ပန်းပွင့်ချပ် တစ်ချို့က ကြမ်းပြင်ပေါ်မှာ မှင်ဆေးဆိုးလိုက်သည့်နှယ် အကွက်ထင်သွား၏။
"မင်း ဘာကိစ္စ ငါကို စောစော မပြောခဲ့ရတာလဲ။ ချီးပဲ"
ကျောက်ကောင်း ဒေါသထွက်စွာဖြင့် ဟူယူရဲ့ ခေါင်းကို ပိတ်ရိုက်လိုက်၏။
"မင်း ဘာလို့ ငါ့ကို စောစော မပြောခဲ့ရတာလဲ။ ငါမှားသွားခဲ့ပြီ။ စကားပြောရုံနဲ့ ပြုပြင်လို့ မရတော့ဘူး"
"သခင်ကျောက် ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”
ဟူယူ နောက်ထပ် သက်ပြင်းတစ်ချက် ချလိုက်သည်။ သခင်ကျောက်ရဲ့ မျက်နှာထားက အချိန်နဲ့အမျှ ပြောင်းလဲနေ၏။ သံသယဝင်မှုကနေ ကြောက်ရွံ့မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။ အဆုံးမှာတော့ အလင်းပွင့်သွားသလိုမျိုး လင်းလက်သွား၏။
"ငါနားလည်ပြီ"
"ငါနားလည်ပြီကွ”
"အရှင်မင်းကြီး… အရှင်မင်းကြီးက ဖုံးကွယ်တာတော်လိုက်တာ”
ကျောက်ကောင်းရဲ့မျက်နှာထားက အလွန် တည်ငြိမ်နေခဲ့သည်။ ချက်ချင်းပဲ သူ့ရဲ့မျက်နှာမှာ ထိန်းချုပ်မထားနိုင်တဲ့ စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်လာ၏။
ဟူယူ လွန်စွာ ရှုပ်ထွေးသွားသည်။
"အရှင်မင်းကြီးရဲ့ တကယ်ရည်ရွယ်ချက်က ဘာလဲ။ ဒီတိုင်းပြည်က အရှင်မင်းကြီးရဲ့ အပိုင်ပဲလေ၊ ဘာကိစ္စ တခြားပုံစံတစ်ခုနဲ့ တိုင်းပြည်ကို အပိုင်သိမ်းဖို့ လုပ်နေရတာလဲ"
ထိုအချက်ကို ကျောက်ကောင်း အဖြေရှာတွေ့သွားခဲ့သည်နှင့် သူရဲ့ ကျောရိုးတစ်လျှောက်လုံး ချမ်းစိမ့်သွား၏။ အရှင်မင်းကြီး လှမ်းလိုက်တဲ့ခြေလှမ်းတိုင်းက အလွန်မြင့်မြတ်တဲ့ လှည့်စားမှု တစ်ခုလိုမျိုး လူတိုင်းကို အံ့ဩမှင်သက်စေသည်။ ကျောက်ကောင်း တစ်ယောက် အံ့ဩမှုကြောင့် သူရဲ့ ဆံပင်တွေ တစ်မွှေးမကျန် ထောင်ထနေသလိုမျိုး ခံစားရသည်။ သူ ခပ်ဖြည်းဖြည်းနဲ့ ပြောလိုက်တော့သည်။
" ဆုတ်ခွာမယ်၊ချက်ချင်း ဆုတ်ခွာကြ"
"တပ်သားတွေအားလုံး နားထောင်။ မမှောင်ခင် ငါတို့ရဲ့ စခန်းကိုပြန်ရမယ်။ နောက်ကျတဲ့ လူတိုင်း စစ်တပ် အပြစ်ပေးမှုကို ခံရမယ်”
ဟူယူရဲ့ မျက်နှာထားက ကြောက်ရွံ့မှုကြောင့် ဖြူဖွေးသွားခဲ့သည်။
"သခင်ကျောက် ဘာတွေလုပ်နေတာပါလဲ”
ဒါပေမယ့် မထင်ထားစွာပဲ နောက်တစ်ချက် ရိုက်ခံလိုက်ရပြန်၏။
"ဖတ်"
ထိုရိုက်ချက်ကိုတော့ ကျောက်ကောင်း အလွန်စိတ်ပျက်စွာဖြင့် ရိုက်ခဲ့တာပင်။
"စောက်ရူး၊ မင်းနားမလည်ဘူးလား"
"အရှင်မင်းကြီးက ငါတို့ကို စမ်းသပ်နေတာပဲ"
ဟူယူရဲ့မျက်နှာက မကျေနပ်မှုကြောင့် ဆူပုပ်နေခဲ့သည်။
"သခင်ကျောက် မပြောဘူးဆိုရင် ကျွန်တော်က ဘယ်လိုလုပ် နားလည်မှာလဲ၊ ကျွန်တော်ရဲ့ ဦးနှောက်က အသုံးမကျဘူး၊ အရှင်မင်းကြီးရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်ကိုလဲ နားမလည်နိုင်ဘူး”
ကျောက်ကောင်း ခပ်ဖြည်းဖြည်း ခေါင်းယမ်းလိုက်သည်။
" အရှင်မင်းကြီးက ဒီကိစ္စနဲ့ ပတ်သက်ပြီး နက်ရှိုင်းတဲ့ သင်ခန်းစာတစ်ခုကို ငါ့ကို သင်ပေးသွားခဲ့တာပဲ၊ တောင်ကို တောင်လိုမျိုး မကြည့်ရဘူး၊ ရေကို ရေလိုမျိုး မမြင်ရဘူး၊ ဒါက မြင့်မားတဲ့ နားလည်နိုင်စွမ်းပဲ"
"ဒါပေမဲ့ အရှင်မင်းကြီးရဲ့ နားလည်မှုက သဘာဝတရားကြီးကို ဖောက်ထွင်းမြင်နိုင်လောက်တဲ့ထိ မြင့်မားတယ်၊ ဒီလိုမျိုး နက်ရှိုင်းတဲ့ကိစ္စကို ကိုင်တွယ် ဖြေရှင်းတဲ့ နေရာနဲ့ ပတ်သက်လာရင် အရှင်မင်းကြီးရဲ့ အရည်အချင်းက လူတိုင်းထက်ကို မြင့်မားတယ်"
ကျောက်ကောင်း လျင်မြန်စွာ ပြောလိုက်သည်။ စကားလုံးတွေလောက်နဲ့ သူရဲ့ နှလုံးသားထဲက လေးစားမှုကို ဖော်ပြလို့ မရနိုင်ဘူး။
သူရဲ့ အိမ်တွင်းမှာ ရှကျိုးယွီရဲ့ ကြီးမားတဲ့ ပုံတူ ပန်းချီကားကို ချိတ်ဆွဲချင်မိသည်။ ဒါပေမဲ့ ကောင်းကင်ဘုံရဲ့ သားတော်ကို ဘယ်လိုလုပ် လုပ်ရဲပါ့မလဲ။
ဟူယူအတွက်တော့ နားထောင်လေ စိတ်ရှုပ်လာလေလေပင်။ ဟူယူ ရှုပ်ထွေးနေပေမဲ့ တပ်ဖွဲ့အားလုံးကို ပြန်လည် ဆုတ်ခွာဖို့ အမိန့်ပေးလိုက်သည်။
ခုခံဖို့ ပြင်နေတဲ့ သူပုန်တပ်ဖွဲ့တွေအားလုံး မထင်ထားစွာ စိတ်သက်သာရာ ရသွားခဲ့သည်။ ရုတ်တရက်ကြီး မြို့တပ်သားတွေ အယောက် တစ်သိန်းခန့် ပေါ်ပေါက်လာခဲ့သည်။ ဒါပေမဲ့ ချက်ချင်းပဲ လျင်မြန်စွာ ပျောက်ကွယ်သွား၏။ သူတို့တွေက လျင်မြန်စွာဖြင့် အမြီးတစ်ချက်တောင် မမြင်ရတော့အောင် ပျောက်ကွယ်သွားခဲ့သည်။
သူတို့အားလုံး ဆွံ့အနေတော့၏။
"လီရှီ သူတို့တွေ အလျင်အမြန်ကြီး ဆုတ်ခွာသွားခဲ့တာ ငါတို့ရဲ့ စစ်မှန်တဲ့ သန်မာမှုကို သတိထားမိသွားလို့လား"
ဟွမ်ပထျန်းရဲ့ အပြုံးက အနည်းငယ်ရိုးရှင်းသည်။ လက်အောက်ခံ တစ်ယောက် ဖြစ်ပေမဲ့ လီရှီ မပျော်ရွှင်တော့ပေ။ လီရှီရဲ့ နှုတ်ခမ်းတွေက တွန့်လိမ်သွား၏။
"အမ်.... မှန်တယ် မှန်တယ်။ ဟုတ်ပါတယ်"
"ခေါင်းဆောင်ဖူမဲ့ကြောင့်သာမဟုတ်ဘူးရင် သူတို့ အလျင်အမြန် ဆုတ်ခွာသွားမှာ မဟုတ်ဘူး၊ ခေါင်းဆောင်ဖူမဲ့က နောက်ကွယ်ကနေ တစ်ခုခု လုပ်ခဲ့တာလို့ ကျွန်တော်ထင်တယ်"
လီရှီက အလွန် စိတ်ပိုင်းဖြတ်ထားတဲ့ ယုံကြည်မှုတို့နဲ့ ပြောလိုက်သည်။ တကယ်တော့ သူရဲ့ ခန့်မှန်းချက်က တစ်ဝက်မှန်ခဲ့သည်လေ။
……….