← Chapters

ကြမ်းတမ်းတဲ့ လှိုင်းလုံးများ

Vol. 16 Ch. 213

ကြမ်းတမ်းတဲ့ လှိုင်းလုံးများ

Vol. 16 Ch. 213

ကျောက်ကောင်းလည်းပဲ အံ့ဩနေခဲ့သည်။ ဒီအခြေအနေကို သူ မမျှော်လင့်ထားမိဘူး။ တော်ဝင်ဆရာမကြီးရဲ့ သန်မာမှုက သူမျှော်လင့်ထားတာထက် ပိုနေခဲ့သည်။ ဒါပေမဲ့ ကံကောင်းစွာနဲ့ လျိုချင်းချန်ရဲ့ သန်မာမှုက မြင့်နေလို့သာ အခုအခြေအနေကို ထိန်းသိမ်းနိုင်ခဲ့တာဖြစ်သည်။

အကယ်လို့ လျိုချင်းချန်သာ မရှိဘူးဆိုရင် ကျောက်ကောင်းအနေနဲ့ အသက်နဲ့အိုးစားကွဲနေလောက်ပြီ။

“တော်ဝင်ဆရာမကြီး ဒီလမ်းအတိုင်းလာခဲ့ပေးပါ”

ကျောက်ကောင်း အလျင်အမြန်ပဲ နားနေဆောင်သို့ဖိတ်ခေါ်လိုက်သည်။

ကျူးကော့ချင်းအာလည်း လျိုချင်းချန်ကိုကူထိန်းရင်း အိပ်ရာရှိရာသို့ ပို့ဆောင်ပေးလိုက်၏။ လျိုချင်းချန်ရဲ့မျက်နှာက ဖြူဖျော့နေခဲ့သည်။

“ကျောက်ကောင်း၊ အရှင်မင်းကြီးကို ငါ့အတွက်ရှာပေးပါ။ ဒါက ငါ့ရဲ့တစ်ခုတည်းသော တောင်းဆိုချက်ပဲ။ ကျေးဇူးပြုပြီး ရှာပေးပါ”

ကျူးကော့ချင်းအာက အိပ်ရာဘေးမှာ ဒူးထောက်ထိုင်နေရင်း လျိုချင်းချန်ရဲ့လက်ကို စိုးရိမ်တကြီးကိုင်ဆောင်ထားခဲ့သည်။ သူမကလည်းပဲ ကျောက်ကောင်းကိုလှည့်ကြည့်လိုက်၏။

“ကျေးဇူးပြုပြီး ဆရာမ တောင်းဆိုတဲ့အတိုင်းလုပ်ပေးပါ သခင်ကျောက်”

ကျောက်ကောင်းရဲ့ရင်ထဲကို ခံစားချက်များရောပြွန်းလာခဲ့သည်။

“ကျွန်တော် တော်ဝင်ဆရာမကြီးရဲ့ မျှော်မှန်းချက်အတိုင်း ဖြစ်စေရပါမယ်”

သူက တော်ဝင်ရုံးတော်မှာ ခွေးတစ်ကောင်လိုမျိုး အရှင်မင်းကြီးရဲ့အမိန့်ကိုပဲ နာခံရတဲ့သူတစ်ယောက် ဖြစ်၏။ တော်ဝင်ဆရာမကြီးရဲ့ရှေ့မှာ သူက ဘာကောင်မှမဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ တော်ဝင်ဆရာမကြီးကိုယ်တိုင် တောင်းဆိုလာခဲ့သည်။

ထို့ကြောင့် သူ့အနေနဲ့ ငြင်းဆိုစရာအကြောင်းအရင်းမရှိပေ။ ကျောက်ကောင်းရဲ့ခြေလှမ်းတွေက လေးလံနေ၏။ လေးလံစွာနဲ့ပဲ စံအိမ်အတွင်းကို ဦးတည်နေခဲ့သည်။ ရုတ်တရက်ဆိုသလို တကျီကျီအော်မြည်နေတဲ့ ငှက်သံတွေနဲ့အတူ စိမ်းလန်းစွာကြီးထွားနေတဲ့ ကုက္ကိုပင်တန်းကြီးကို ကြည့်ရှုမိသွားခဲ့သည်။ ထိုမြင်ကွင်းက လွန်စွာအသက်ဝင်နေ၏။ ဒါပေမဲ့ ဘာကြောင့်ရယ်မသိဘူး၊ သူ့ရဲ့နှလုံးသားက တုန်လှုပ်နေခဲ့သည်။

“ဟူယူ၊ ငါ့ရဲ့အမိန့်ကိုပြောလိုက်။ တပ်သားတစ်သိန်းကို နှင်းနဂါးမြို့ကိုစေလွှတ်ခိုင်းလိုက်။ ခုနှစ်ရက်အတွင်း နှင်းနဂါးတောင်ကို တိုက်ခိုက်ရမယ်”

အမိန့်ပေးပြီးတာနဲ့ ကျောက်ကောင်းရဲ့ခန္ဓာကိုယ်အတွင်းက သန်မာမှုတွေအားလုံး ဆုတ်ယုတ်သွားသလိုမျိုး ခံစားလိုက်ရသည်။ မောပန်းစွာဖြင့် အုပ်ချုပ်သူစံအိမ်ရဲ့ အုပ်ချုပ်ရေးမှူးထိုင်ခုံမှာ ထိုင်လိုက်တော့သည်။

“သခင်ကျောက်၊ ဒီကိစ္စက...”

ဟူယူရဲ့မျက်နှာက ထိတ်လန့်နေဟန်ပဲ။ သူ့အနေနဲ့ ဘာမှမတတ်နိုင်တော့ဘူး။

အခုဆိုရင် သခင်ကျောက်က အတွင်းဒဏ်ရာရရှိထားသည်။ ဒါပေမဲ့ အနားမယူဘဲနဲ့ စစ်ပွဲမှာ ဝင်ရောက်တိုက်ခိုက်ဖို့ စဉ်းစားနေ၏။ ဒါ့အပြင် အရှင်မင်းကြီးရဲ့ခွင့်ပြုမိန့်ကိုလည်း မရရှိသေးဘူး။ တပ်သားတစ်သိန်းကို စေလွှတ်ခိုင်းမည်ဆိုလျှင် စစ်တပ်အင်အားကို အလွဲသုံးစားလုပ်တဲ့ အပြစ်ဒဏ်ကျရောက်နိုင်သည်။

မြို့တော်ကိုပြန်ရောက်လို့ အရှင်မင်းကြီး ဒေါသထွက်ခဲ့မယ်ဆိုရင် မျိုးဆက်ကိုးဆက်လုံး အပြစ်ပေးခံရနိုင်၏….

သမိုင်းတစ်လျှောက်လုံးမှာ ဘယ်ဘုရင်ကများ ဒီလိုဖြစ်ရပ်မျိုးကို ခွင့်ပြုပေးခဲ့လို့လဲ..

ဒါပေမဲ့ ကျောက်ကောင်းက ဖြည်းငြင်းစွာ ခေါင်းငြိမ့်ပြ လိုက်သည်။ သူ့ရဲ့မျက်လုံးတွေက စိတ်ပိုင်းဖြတ်ထားဟန်ရှိ၏။

“ ဒီကိစ္စကို ရုံးတော်ကိုတင်ပြလိုက်။ ငါတို့ ဒီကိစ္စကို အချိန်ဆွဲလို့မရတော့ဘူး။ ငါတို့သာ အချိန်ဆွဲနေမယ်ဆိုရင် နှင်းနဂါးမြို့က အရင်ဦးဆုံးခံစားရမှာပဲစိုးရိမ်ရတယ်”

ကျောက်ကောင်း သက်ပြင်းချလိုက်သည်။ သူ့ရဲ့လက်ကနေ စိတ်ဝိဉာဥ်စွမ်းအင်တန်းများ ထွက်ပေါ်လာ၏။ ခြံဝန်းထဲမှာရှိနေတဲ့ ငှက်တွေအားလုံးကို ရိုက်ခက်သွားခဲ့သည်။ ချက်ချင်းပဲ မြေပြင်ပေါ်မှာ သွေးများပြန့်ကျဲလာ၏။

ဟူယူပင် ထိတ်လန့်သွားခဲ့သည်။ ကျောက်ကောင်းရဲ့နောက်ကို လိုက်လာခဲ့တဲ့သူတစ်ယောက်အနေနဲ့ သူ့သခင်ရဲ့ လက်ရှိစိတ်အခြေအနေက လူသတ်လိုစိတ်နှုန်းထားအမြင်ဆုံးကို ရောက်ရှိနေပြီဆိုတာကို နားလည်လိုက်သည်။

“ကျွန်တော် ချက်ချင်းပဲ ဆောင်ရွက်လိုက်ပါ့မယ်”

ပြောပြီးတာနဲ့ ဟူယူချက်ချင်းပဲ လှည့်ထွက်သွားလိုက်သည်။ ခြေတစ်လှမ်းတောင် မရပ်တန့်ခဲ့ဘူး။

အခန်းထဲမှာရှိတဲ့ ကျောက်ကောင်းရဲ့မျက်နှာကတော့ ပြင်းထန်နေ၏။ သူ့ရဲ့လက်ချောင်းတွေက ထိုင်ခုံလက်ရန်းကို ညင်သာစွာဖြင့် စည်းချက်ကျကျခေါက်နေခဲ့သည်။

“တောင်ပေါ်မှာရှိနေတဲ့မင်းက တကယ်ပဲ ဘယ်သူများလဲ”

ဘာကြောင့်ရယ်မသိဘူး၊ ထိုပုဂ္ဂိုလ်ကို ကျောက်ကောင်း စတင်ကြောက်ရွံ့နေခဲ့သည်။ တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးပေမဲ့ တစ်ဖက်လူရဲ့တည်ရှိမှုက ကျောက်ကောင်းရဲ့နှလုံးသားကို ထိန်းချုပ်ထားပြီး ရှေ့တိုးရခက် နောက်ဆုတ်ရခက် အခြေအနေမျိုးကို ခံစားရစေသည်။ ဒီလိုဖိနှိပ်နိုင်တဲ့ခံစားမှုကို အရှင်မင်းကြီးထံမှာပဲ ကြုံခဲ့ဖူး၏။

ဒါကြောင့် အခုလိုရဲတင်းတဲ့ အပြုအမူကို ကျောင်းကောင်း ပြုလုပ်ခဲ့တာ ဖြစ်သည်။ သူ့အနေနဲ့ ကျန်တာ ဘာမှမလုပ်နိုင်တော့ဘူး။ တရှားတိုင်းပြည်ရဲ့နယ်စပ်ကို သေချာပေါက်ကာကွယ်ရမည်။ အသက်ပေးရမယ်ဆိုရင်တောင်မှ…

တောင်ခြေတပ်စခန်းသို့ လီယုဟန် ဒဏ်ရာဒဏ်ချက်များနဲ့ ပြန်ရောက်လာခဲ့သည်။ သူမရဲ့နှင်းလိုဖြူဖွေးတဲ့ခန္ဓာကိုယ်မှာ သွေးများစွန်းပေနေ၏။ တဲအတွင်းကိုဝင်ရောက်လာတာနဲ့ ဟွမ်ပထျန်း ချက်ချင်းပဲ သူမကို ခေါ်ဆောင်သွားခဲ့သည်။ သူမနဲ့ပတ်သတ်တဲ့ သတင်းတွေအားလုံးကိုလည်း တားမြစ်ထား၏။

ကြီးမားတဲ့ တဲကြီးအတွင်းမှာ ရှကျိုးယွီလည်း ဘေးမှာရပ်နေခဲ့သည်။ သူ့ရဲ့မျက်လုံးတွေက နက်ရှိုင်းကာ မဲမှောင်နေ၏။

“ခေါင်းဆောင်ဖူမဲ့၊ ကျွန်မရဲ့ အရည်အချင်းမပြည့်မှီမှုကြောင့်ပါ။ ပထမအဆင့်ကျင့်ကြံသူဖြစ်ပြီး ဒုတိယအဆင့်ကျင့်ကြံသူ နှစ်ယောက်ဆီမှာ ရှုံးနိမ့်ခဲ့တယ်။ ကျွန်မအနေနဲ့ အရှက်ရမိပါတယ်”

လီယုဟန် အားသုံးကာ မတ်တပ်ရပ်ဖို့ ကြိုးစားလိုက်သည်။ ဒါပေမဲ့ ရှကျိုးယွီ အမြန် တားမြစ်လိုက်၏။

“ကျောက်ကောင်းအပြင် တခြားဘယ်သူရှိနေသေးတာလဲ”

ရှကျိုးယွီ အေးစက်စွာ မေးလိုက်သည်။ သူ့ရဲ့မျက်လုံးထဲမှာ လူသတ်ငွေ့များ ပျံ့နှံ့နေ၏။ သူ့ရဲ့အရှိန်အဝါကလည်း ပြင်းထန်နေခဲ့သည်။ အခန်းထဲမှာရှိတဲ့ လေထုကို ပြင်းထန်စွာ နှောက်ယှက်နေ၏။

လီယုဟန် ရုတ်တရက် အသက်မရှူနိုင်တော့သလိုပဲ။ သူမရဲ့မျက်နှာက ပိုမိုဖြူဖွေးလာခဲ့သည်။

လီယုဟန်က ရှကျိုးယွီရဲ့ လူပဲ။ ရှကျိုးယွီအနေနဲ့ သူမကို ဆူလို့လည်းရသည်၊ ရိုက်လို့လည်းရသည်။ ကြိုက်သလိုလုပ်လို့ရသည်။ ဒါပေမဲ့ ဘယ်သူကမှ သူမကို ထိလို့မရဘူး။ သူမက ရှကျိုးယွီရဲ့ ခွေးတစ်ကောင်ဖြစ်နေရင်တောင်မှ ဘယ်သူကမှ သူမကို အနိုင်ကျင့်ခွင့်မရှိဘူး။

လီယုဟန် ခဏတာစဥ်းစားလိုက်၏။

“ကြည့်ရတာ အဲဒီကျောက်ကောင်းက သူမကို တော်ဝင်ဆရာမကြီးလို့ခေါ်နေခဲ့တယ်”

ရှကျိုးယွီ ထိတ်လန့်သွားခဲ့သည်။

“လျိုချင်းချန်လား..”

သူ့ရဲ့ပါးစပ်ကနေ မထိန်းနိုင်စွာပဲ နာမည်တစ်ခုထွက်ပေါ်လာ၏။ လီယုဟန်ပင် ရှုပ်ထွေးသွားခဲ့သည်။

'ခေါင်ဆောင်ဖူမဲ့က တရှားတိုင်းပြည်ရဲ့လူတိုင်းကို သိနေတာပါလား…’

'ကျောက်ကောင်းနဲ့ပတ်သတ်ပြီး အသေးစိတ်သိနေရုံသာမကဘူး၊ တော်ဝင်ဆရာမကြီးလို့ ပြောလိုက်တာနဲ့ လျိုချင်းချန်လို့ တိုက်ရိုက်သိနေခဲ့တယ်။ ဘာများလဲ..’

ရှကျိုးယွီ ချက်ချင်းပဲ လီယုဟန်မျက်လုံးထဲက ရှုပ်ထွေးမှုကို သတိထားမိသွားခဲ့သည်။ နှိမ်ကြိမ်ခန့် ချောင်းဟန့်လိုက်လေကာ...

“သူမဆိုမှတော့ နားလည်နိုင်ပါတယ်။ မင်းရဲ့ဒဏ်ရာတွေကို ဂရုစိုက်လိုက်ပါ။ ငါအပြင် ခဏသွားလိုက်ဦးမယ်။ ငါပြန်လာတာနဲ့ မင်းကို ငါကိုယ်တိုင်လိုက်ပို့ပေးပြီး နှင်းနဂါးမြို့ကို သိမ်းပိုက်ခိုင်းမယ်”

ရှကျိုးယွီ တကယ်တော့ စဥ်းစားပြီးသားပင်။ နှင်းနဂါးမြို့ကို သိမ်းပိုက်ချင်ရင် လွယ်ကူတဲ့ကိစ္စတစ်ခုမဟုတ်ဘူး။ တရှားတိုင်းပြည်ရဲ့ နန်းတော်ထဲကို အရင်ပြန်သွားမှဖြစ်မည်။ ဒါ့အပြင် ပြန်သွားပြီးတာနဲ့ နှင်းနဂါးမြို့ကို စောင့်ကြပ်နေတဲ့တပ်သားတွေအားလုံးကို စွန့်ခွာခိုင်းရမည်။

တစ်ချိန်တည်းမှာပဲ တောင်ခြေတပ်စခန်းမှာရှိတဲ့လူတွေကို အခွင့်အရေးအမိဖမ်းလိုက်ပြီး တိုက်ခိုက်ဖို့အတွက် နှိုး‌ဆော်ရမည်။ ဒီလိုဆိုမှပဲ လိုချင်တဲ့ရလဒ်ကို ရရှိနိုင်လိမ့်မည်။

လီယုဟန် ခေါင်းငြိမ့်လိုက်လေကာ နာကျင်မှုတစ်ချို့နဲ့ပြောလိုက်သည်။

“ခေါင်းဆောင်ဖူမဲ့က စီစဉ်ထားပြီးပြီဆိုမှတော့ ကျွန်မ ဘာမှမပြောတော့ပါဘူး။ ဒါပေမဲ့ သတိပေးချင်တာတော့ တစ်ခုရှိတယ်”

ရှကျိုးယွီ လှည့်ကြည့်လာခဲ့သည်။

“ပြော”

လီယုဟန်ရဲ့မျက်လုံးထဲကို ကြောက်ရွံ့မှုတစ်ခု ဖြတ်ပြေးသွားလေ၏။

“အဲဒီတော်ဝင်ဆရာမကြီး... သူမရဲ့နာမည်က လျိုချင်းချန်မလား။ သူမက ထင်ထားတာထက်ပိုပြီးသန်မာတယ်။ သူမ အသုံးပြုလိုက်တဲ့ဓားက မျိုးရိုးစဥ်ဆက်လက်ဆင့်ကမ်းလာတဲ့ ဓားတစ်ခုလိုမျိုးပဲ စွမ်းအားကြီးမားတယ်။ ကျွန်မသာ မမှားဘူးဆိုရင် အဲဒါက ဓားအိမ်တော်မှာ ထူးချွန်တဲ့လျိုအိမ်တော်နဲ့ ဆက်စပ်နေရမယ်”

ရှကျိုးယွီ မျက်မှောင်ကြုတ်သွားလေကာ…

“အဲဒီလျိုအိမ်တော်က ပျောက်ကွယ်သွားတာ နှစ်တစ်ရာကြာပြီမဟုတ်ဘူးလား။ နှစ်တစ်ရာကြာပြီးတဲ့ အိမ်တော်တစ်ခုက ဘယ်ပုဂ္ဂိုလ်က ဆက်လက်ရှင်သန်နိုင်မှာမို့လို့လဲ။ ဘယ်လိုလုပ် သူတို့ရဲ့အမွေဆက်ခံမှုက ဆက်လက်တည်မြဲနေရမှာလဲ”

ဒါပေမဲ့ ရှကျိုးယွီ ချက်ချင်းပဲ အခြေအနေတစ်ချို့ကို မှန်းဆမိသွားသည်။ တစ်ကယ်တော့ တိုင်းပြည်မှာ အရေးပါတဲ့ပုဂ္ဂိုလ်များဖြစ်နေပြီး နောက်ခံကို သေချာမသိရသေးတဲ့ လူတွေရှိနေသေးသည်။ ကြည့်ရတာ သူ့ရဲ့နန်းတော်ထဲမှာ မထင်ထားတဲ့ လျှို့ဝှက်ချက်တွေရှိနေတာပဲ။

“ ဘယ်လိုနေနေ ဒီကိစ္စတွေက မင်းစိတ်ပူစရာမလိုဘူး။ အချိန်ကျလာတာနဲ့အမျှ အမှန်တရားက အလိုလိုပေါ်လာလိမ့်မယ်။ မင်းအနေနဲ့ အတွေးများနေဖို့ အချိန်မကျသေးဘူး။ ဒီကိစ္စကို ငါကိုယ်တိုင်စုံစမ်းလိုက်မယ်။ အခုနားလိုက်တော့။ ငါ့ရဲ့သတင်းကိုပဲ စောင့်နေ”

ရှကျိုးယွီက ပြောပြီးတာနဲ့ နတ်ဘုရားစာရင်းစာချုပ်ကို လီယုဟန်အတွက် အကာအကွယ်အဖြစ်ထားခဲ့လိုက်သည်။ ထို့နောက်မှာမှ တဲအပြင်သို့ ထွက်သွားလိုက်၏။ ရှည်လျားတဲ့ပုံရိပ်ကိုသာ ထင်ကျန်နေစေခဲ့သည်။

“ခေါင်းဆောင်ဖူမဲ့”

လီယုဟန် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ဘာကြောင့်ရယ်မသိ သူမရဲ့နှလုံးသားထဲမှာ သူမကိုတိုက်ခိုက်ခဲ့တဲ့ ဓားသိုင်းကွက်အပြင် ဆန်းကြယ်တဲ့ အဖြူရောင်ဝတ်ရုံနဲ့ မိန်းကလေးကို ပြန်လည်စဉ်းစားမိသွားသည်။

“တရှားရဲ့ ဘုရင်ကြီး...သူမကရော ရှင့်ရဲ့ကိုယ်လုပ်တော်တွေထဲက တစ်ယောက်ပဲလား..”

လီယုဟန်ရဲ့မျက်လုံးတွေက ချက်ချင်းပဲ ရှုပ်ထွေးဝေဝါးလာခဲ့သည်။ သူမရဲ့နှလုံးသားထဲမှာ အမည်မသိတဲ့ မီးတောက်တစ်ခု တောက်လောင်လာသလိုပဲ။ ဘယ်အချိန်က စခဲ့တယ်မသိဘူး။ သူမကိုယ်သူမ တော်ဝင်ဆရာမကြီးနဲ့ နှိုင်းယှဉ်နေမိသည်။ မတတ်နိုင်စွာပဲ သူမရဲ့နှလုံးသားက ဒုက္ခရောက်နေရ၏။

လျိုချင်းချန်နဲ့ နိုင်ယှဉ်လိုက်မည်ဆိုလျှင် သူမက ချို့ယွင်းချက်မရှိတဲ့သူတစ်ယောက်ပဲ။ ဒါပေမဲ့ သူမရဲ့တစ်ခုတည်းသော ချို့ယွင်းချက်က တရှားရဲ့ဘုရင်နဲ့ အခုထိမတွေ့ရသေးတာများလား…

နောက်ပိုင်း ခေါင်းဆောင်ဖူမဲ့က တရှားကိုသိမ်းပိုက်ပြီးသွားရင် သူမအနေနဲ့ ထိုပုဂ္ဂိုလ်ကို သေချာပေါက် တွေ့ဆုံနိုင်လိမ့်မည်။ ထိုပုဂ္ဂိုလ်က သူမရဲ့စိတ်နှလုံးကို အမြဲတမ်း အပိုင်စားရထားတဲ့သူတစ်ယောက်ပဲ…

………

All Chapters