← Chapters

ချီစွမ်းအင်များမှကြယ်ပွင့်များအဖြစ်သို့ပြောင်းလဲခြင်း

Vol. 40 Ch. 549

ချီစွမ်းအင်များမှကြယ်ပွင့်များအဖြစ်သို့ပြောင်းလဲခြင်း

Vol. 40 Ch. 549

ရွှေရောင်ပုံရိပ်တစ်ခု ကောင်းကင်ထက်မှ ဆင်းသက်လာသည်နှင့်တစ်ပြိုင်နက် ပိုင်လီချွီးထံမှ ထွက်ပေါ်နေသော စွမ်းအင်ဖိအားများမှာ အားနည်းသွားရလေသည်။

ကွင်းပြင်အတွင်းရှိနေသော တပည့်အသစ်များမှာ ခန့်ညားထည်ဝါစွာ ဆင်းသက်လာသော ရွှေရောင်ပုံရိပ်အား အံ့အားသင့်စွာ ငေးမောကြည့်ရှုလိုက်ကြသည်။

"အဲ့ဒါ မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်ဇူယွမ်လား။"

တပည့်များစွာမှ အံ့အားသင့်စွာ ရေရွတ်လိုက်ကြ၏။

နှစ်လမျှသော အချိန်များ ကုန်ဆုံးသွားပြီးသည့်နောက် ဇူယွမ်မှာ နဂါးကိုးကောင်ကောင်းချီးအား လက်ခံရယူခြင်း ပြီးဆုံးခဲ့ပြီပင် ဖြစ်သည်။

"ဂျူနီယာညီတော်ဇူယွမ်။" ဇူထိုက်တို့မှာ အလွန်ပင် ပျော်ရွှင်ဝမ်းမြောက်သွားရသည်။

စင်မြင့်ထက်တွင်ရှိနေသော မုရှောင်းမန်မှာလည်း ဇူယွမ်အား စိတ်ဝင်တစားဖြင့် ငေးမောကြည့်ရှုနေလေသည်။

“..ဝါး...”

ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များမှာမူ ဇူယွမ်ရောက်ရှိလာသည့်အတွက် အနည်းငယ်မျှ စိတ်မသက်မသာ ဖြစ်ကုန်ကြရသည်။ မူလရေကန်အတွင်း ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များအပြီး၌ ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များမှာ ဇူယွမ်အား ကြောက်ရွံ့နေကြပြီပင် ဖြစ်၏။

ပိုင်လီချွီးမှာ ခက်ထန်စွာဖြင့် ဇူယွမ်အားကြည့်ကာ စကားဆိုလိုက်သည်။ "မင်းစကားလုံးတွေက ရဲတင်လိုက်ချည်လား။ အရင်တစ်ခါက မင်းငါ့ကိုနိုင်တယ်ဆိုတာ ငါကဓားကပ်ဘေးတောင်ထွတ်က တပည့်တွေအတွက် အရမ်းကို စိုးရိမ်ပူပန်နေခဲ့လို့ကွ။ အဲ့ဒါကြောင့် ကောင်းကောင်းမတိုက်ခိုက်နိုင်ပဲ မင်းကိုရှုံးသွားရတာ။ အခုသာတိုက်ရင် မင်းဘာဖြစ်သွားမလဲသိလား။"

ဇူယွမ်ရောက်ရှိလာခြင်းအပေါ် ပိုင်လီချွီးမှာ အံ့အားသင့်နေမိပါသော်လည်း အနည်းငယ်မျှ ကြောက်ရွံ့ထိတ်လန့်ခြင်း မဖြစ်မိပေ။ လက်ရှိအချိန်တွင် သူသည် ယခင်ကနှင့် မတူတော့ပဲ မူလစဦး နဝမအဆင့်သို့ ရောက်ရှိနေပြီပင် ဖြစ်လေသည်။ ထိုအချက်မှာ ပိုင်လီချွီးအား များစွာယုံကြည်ချက် ရှိစေ၏။

ထို့ကြောင့် ပိုင်လီချွီးမှာ လက်ရှိအချိန်တွင်သာ ဇူယွမ်နှင့် ထပ်မံတိုက်ခိုက်ရပါက တစ်ချက်တည်းဖြင့်ပင် အနိုင်ရရှိလိမ့်မည်ဟု တစ်ထစ်ချ ယုံကြည်ထားပေသည်။

ဝုန်း....

ပိုင်လီချွီးမှာ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီးနောက် အခိုးအငွေ့အလား ကောင်းကင်ထက်သို့ ပျံဝဲသွားလိုက်သည်။ ပတ်ဝန်းကျင်တစ်ခွင်လုံးသည် ပြင်းထန်လှသော စွမ်းအင်ဖိအားများနှင့် ပြည့်နှက်သွားရ၏။

ပိုင်လီချွီးမှာ ဇူယွမ်အား မထီမဲ့မြင်ပြုစွာဖြင့် ကြည့်ရှုလိုက်သည်။ မူလစဦး နဝမအဆင့်သို့ ရောက်ရှိသွားပြီးနောက် သူ၏ချီပင်လယ်အတွင်း၌ ချီကြယ်ပွင့်များမှာ ကိုးထောင်ကျော်မျှအထိ ရှိလာပြီ ဖြစ်သည်။

ပိုင်လီချွီးမှ အေးစက်စွာ စကားဆိုလိုက်သည်။ "ဇူယွမ် အခုရော မင်းငါနဲ့ တိုက်ရဲသေးလား။"

ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာမူ ပိုင်လီချွီးအား လေးစားအားကျသော မျက်ဝန်းများဖြင့် ငေးမောကြည့်ရှုနေကြသည်။ တပည့်အသစ်များမှာမူ ပိုင်လီချွီးထံမှ ထွက်ပေါ်လာသော ပြင်းထန်လှသည့် စွမ်းအင်ဖိအားများကြောင့် ကြောက်ရွံ့ထိတ်လန့်နေကြသည်။

ဇူထိုက်နှင့် လုယန်းတို့မှာလည်း အလွန်ပင် စိုးရိမ်ပူပန်သွားကြရ၏။ ယခုလက်ရှိ ပိုင်လီချွီးသည် မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားတုန်းကနှင့် မတူညီတော့ပဲ မူလစဦး နဝမအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

ဇူယွမ်မှာလည်း ပိုမိုသန်မာလာသော ပိုင်လီချွီးအားကြည့်ကာ အနည်းငယ် အံ့အားသင့်သွားရသည်။ သို့သော် ယခုကုန်လွန်ခဲ့သော နှစ်လအတွင်း တိုးတက်လာသူမှာ ပိုင်လီချွီးတစ်ဦးတည်း မဟုတ်ပါချေ။ ဇူယွမ်သည်လည်း နဂါးကိုးကောင်ကောင်းချီးအား လက်ခံရရှိထားခဲ့သူ ဖြစ်၏။

"မင်းက အရမ်းတွေ ယုံကြည်ချက် ရှိနေတယ်ပေါ့လေ။"

ဇူယွမ်မှ ပြုံးကာစကားဆိုလိုက်သည်။ သူသည် တည်ငြိမ်စွာဖြင့်ပင် ပိုင်လီချွီးထံမှ ပြင်းထန်လှသော စွမ်းအင်ဖိအားများအား လက်ခံရယူလိုက်၏။

ဝုန်း....

ဇူယွမ်၏ ဦးခေါင်းထက်မှ ရွှေရောင်ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာလေသည်။ ကြောက်မက်ဖွယ်ကောင်းလှသော ချီစွမ်းအင်များမှာ ပတ်ဝန်းကျင်တစ်ခွင်လုံးအား ပျံ့နှံ့လွှမ်းခြုံသွား၏။

ထိုပြင်းထန်လှသော ရွှေရောင်ချီစွမ်းအင်များကြောင့် ပိုင်လီချွီးထံမှ ထွက်ပေါ်နေသော ချီစွမ်းအင်များသည်ပင်  ဖိနှိပ်ခြင်းခံရကာ အနောက်သို့ဆုတ်သွားရသည်။ပိုင်လီချွီးမှ အတင်းအကြပ် ဖိနှိပ်ခြင်းခံနေရသည်အား လူတိုင်းမှ မြင်တွေ့နေရလေသည်။

ထိုမြင်ကွင်းမှာ တပည့်များကိုသာမက တောင်ထွတ်အသီးသီး၏ တပည့်ခေါင်းဆောင်များကိုပါ အံ့သြတုန်လှုပ်သွားစေသည်။ ၎င်းတို့အားလုံးမှာ ကောင်းကင်ထက်တွင်ရှိနေသော ဇူယွမ်အား အံ့အားသင့်စွာဖြင့် ငေးမောကြည့်ရှုလိုက်ကြ၏။

ဇူယွမ်ထံမှ ရွှေရောင်ချီစွမ်းအင်များနှင့် အလင်းတန်းများ ထွက်ပေါ်နေလေသည်။ ထိုအလင်းတန်းများအကြားတွင် ရွှေရောင်ကြယ်ပွင့်များ ယိမ်းနွဲ့ကခုန်နေခြင်းက အလွန်ပင် မင်သက်စရာကောင်းသောမြင်ကွင်းအား ဖြစ်ပေါ်စေ၏။

တပည့်ခေါင်းဆောင်များမှ အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။ "ဒါ...ဒါက..ချီစွမ်းအင်တွေကနေ ကြယ်ပွင့်အဖြစ်ကို ပြောင်းနေတာမလား။"

ချီစွမ်းအင်အခြေခံအုတ်မြစ်၏ သိပ်သည်းကျစ်လစ်မှုသည် အနေအထားတစ်ခုသို့ ရောက်ရှိသွားပါက ထူးခြားသောဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာလိမ့်မည်ဖြစ်သည်။ ထိုဖြစ်စဉ်အား ချီစွမ်းအင်မှ ကြယ်ပွင့်များအဖြစ်သို့ ပြောင်းလဲခြင်းဟု ခေါ်ဆိုသည်။ သို့သော် ထိုဖြစ်စဉ်သည် ချီပင်လယ်အတွင်း ချီကြယ်ပွင့်တစ်သောင်းကျော်သွားမှသာ ဖြစ်ပေါ်လာခြင်း ဖြစ်၏။

"ချီစွမ်းအင်တွေက ကြယ်ပွင့်တွေအဖြစ် ပြောင်းနေတာပဲ။ ဒါက ချီပင်လယ်ထဲမှာ ချီကြယ်ပွင့်တစ်သောင်းကျော်သွားလို့ ဖြစ်လာတဲ့အရာပဲ။" ကန်ရွှမ်းတောင်ထွတ်၏ တပည့်ခေါင်းဆောင်ဖြစ်သူ ထန်းမုရှင်းမှ ဇူယွမ်အား ငေးမောကြည့်ရှုကာ အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။ နှစ်လမျှသော အချိန်အတွင်းမှာပင် ဇူယွမ်၏ ချီစွမ်းအင်အခြေခံအုတ်မြစ်မှာ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် သန်မာလာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်ထားလိမ့်မည်မဟုတ်ပေ။

အခြားသော တောင်ထွတ်များမှ တပည့်ခေါင်းဆောင်များမှာလည်း ပါးစပ်အဟောင်းသားဖြင့် ဇူယွမ်အား ငေးမောကြည့်ရှုနေကြလေသည်။ အတိတ်ကာလများ၌ ဇူယွမ်၏ တိုက်ပွဲစွမ်းရည်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကောင်းမွန်ပါသော်လည်း ချီစွမ်းအင်သည် ကျန်ရှိသော တပည့်ခေါင်းဆောင်များထက် နိမ့်ပါးနေခဲ့၏။ သို့သော် ယခုအခါတွင် နဂါးကိုးကောင်ကောင်းချီးအား ခံယူရရှိပြီးသည့်နောက် ရုတ်ချည်းဆိုသလိုပင် ၎င်းတို့ထက် သာလွန်သွားခဲ့ရပြီပင် ဖြစ်သည်။

"နဂါးကိုးကောင်ကောင်းချီးက သူ့ကိုဘယ်လောက်တောင်များ သန်မာသွားစေခဲ့ပါလိမ့်။" တပည့်ခေါင်းဆောင်များအားလုံး၏ အတွေးထဲတွင် ထိုမေးခွန်းကိုသာ ထပ်ခါတစ်လဲလဲ တွေးတောနေမိကြသည်။

ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ တိတ်ဆိတ်ငြိမ်သက်နေလျက်ရှိပြီး တပည့်များအားလုံးမှာ ဇူယွမ်ထံမှ ထွက်ပေါ်နေသော ချီကြယ်ပွင့်များအား အံ့အားသင့်စွာ ငေးမောကြည့်ရှုနေကြလေသည်။

ပိုင်လီချွီး၏ ချီစွမ်းအင်များမှာလည်း မြေခွေးငယ်တစ်ကောင်မှ ကျားရဲကြီးနှင့် တွေ့လိုက်ရသကဲ့သို့ အတင်းအကြပ် ဖိနှိပ်ခြင်း ခံနေရဆဲ ဖြစ်သည်။ ပိုင်လီချွီးအပေါ် တပည့်အသစ်များ၏ အထင်ကြီးလေးစားမှုများ ပျောက်ဆုံးကုန်ရသည်။

ပိုင်လီချွီးမှာလည်း အံ့အားသင့်ခြင်းနှင့်အတူ နှလုံးသွေးများပင် အေးစက်တောင့်တင်းလာရသယောင် ရှိသည်။ ဇူယွမ်ထံမှ ထူးခြားဆန်းကြယ်စွာ ထွက်ပေါ်နေသော ချီကြယ်ပွင့်များအား မြင်တွေ့ရသည်မှာပင် အလွန်ပင် နာကျင်စရာ ကောင်းလွန်းလှ၏။

ချီစွမ်းအင်အခြေခံအုတ်မြစ်နှင့်ပက်သတ်၍ အပြည့်အဝရှိနေခဲ့သော ယုံကြည်ချက်များမှာလည်း ယခုအခါတွင် တစ်စစီ ​ကျိုးပဲ့ပျက်စီးကုန်ရပြီပင် ဖြစ်၏။

မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနား၌ သူ၏ ချီစွမ်းအင်များသည် ဇူယွမ်ထက် အဆပေါင်းများစွာ သာလွန်ခဲ့ပေသည်။ သို့သော် ထိုအချိန်၌ပင် ဇူယွမ်အား ရှုံးနိမ့်ခဲ့ရ၏။

ယခုအခါတွင်မူ ဇူယွမ်၏ ချီစွမ်းအင်အခြေခံအုတ်မြစ်မှာ ၎င်းထက်ပင် သာလွန်သွားပြီ ဖြစ်လေသည်။

ဇူယွမ်မှာ တည်ငြိမ်အေးစက်စွာဖြင့် ပိုင်လီချွီးအား ကြည့်ရှုနေသည်။ နဂါးကိုးကောင်ကောင်းချီးအား လက်ခံရရှိခဲ့ပြီးနောက် ဇူယွမ်မှာ မယုံနိုင်စရာကောင်းလောက်အောင်ပင် အကျိုးကျေးဇူးများစွာ ရရှိခဲ့၏။ သူ၏ ချီပင်လယ်အတွင်းရှိ ချီကြယ်ပွင့်အရေအတွက်မှာလည်း တစ်သောင်းကျော်အထိ ဖြစ်သွားခဲ့သည်။

ပုံမှန်မူလစဦး နဝမအဆင့် ကျင့်ကြံသူများသည်ပင် ထိုမျှများပြားသော ချီကြယ်ပွင့်အရေအတွက် ရှိနေလိမ့်မည် မဟုတ်ပေ။

ဇူယွမ်၏ ချီစွမ်းအင်ကျင့်ကြံခြင်းအဆင့်မှာလည်း မူလစဦး သတ္တမအဆင့်သို့ ရောက်ရှိသွားခဲ့လေသည်။

များစွာသော အကြည့်များ၏အောက်၌ပင် ဇူယွမ်မှာ ပိုင်လီချွီးအား အေးစက်စွာ စကားဆိုလိုက်၏။ "ပြီးခဲ့နဲ့နှစ်လအတွင်း မင်းတော်တော်တိုးတက်လာတာပဲ။ ဒါပေမယ့် စိတ်မကောင်းစရာက ငါ့ရဲ့တိုးတက်မှုကို မမှီသေးဘူး။"

"အဲ့ဒီတော့...."

"အခုရော မင်းငါနဲ့ ချရဲသေးလား။"

All Chapters