← Chapters

မိုးမြေဝါနက်ထူးခြားစေတီအတွင်းသို့ ဝင်ရောက်ခြင်း၊ အခန်းလွတ်မြောက်ခြင်း စိန်ခေါ်မှု။

Vol. 31 Ch. 450

မိုးမြေဝါနက်ထူးခြားစေတီအတွင်းသို့ ဝင်ရောက်ခြင်း၊ အခန်းလွတ်မြောက်ခြင်း စိန်ခေါ်မှု။

Vol. 31 Ch. 450

"မင်း..."

အထွတ်အထိပ်ဘိုးဘေးက မျက်မှောင်ကြုတ်လိုက်၏။

သူသည် အနည်းငယ်နားမလည်နိုင်ဖြစ်သွားတော့သည်။ ချူးဝမ်တောက်က အဘယ်ကြောင့် ထိုသို့ပြောသည်ကို နားမလည်နိုင်ခဲ့ပေ။

သို့ရာတွင် ချူးဝမ်တောက်မှာ ထာဝရအထွတ်အထိပ်အရှင်တစ်ပါးဖြစ်ရာ သူ့အား လိမ်ညာပြောဆိုမည်မဟုတ်သည်မှာ သေချာပါ၏။

ဤသို့တွေးမိလျှင် အထွတ်အထိပ်ဘိုးဘေးသည် ချက်ချင်းပင် ခေါင်းမော့လိုက်ပြီး ချီမင်ကို ကြည့်လိုက်လေသည်။

သူသည် အံ့ဖွယ်စွမ်းအားကို လှည့်ပတ်လိုက်ကာ ဂရုတစိုက် စစ်ဆေးကြည့်လိုက်၏။

ထိုအခါမှသာ သူသည် ချီမင်၏ခန္ဓာကိုယ်ကို ကောင်းကင်နှင့်မြေကြီးမဟာတာအိုသည် အမှန်တကယ် ရစ်ပတ်လွှမ်းခြုံထားသည်ကို ရှာဖွေတွေ့ရှိသွားလေသည်။

"ဒါက..."

အထွတ်အထိပ်ဘိုးဘေးသည် အံ့အားသင့်သောလေသံဖြင့် ဆိုလိုက်သည်။

"မဟာတာအိုကျင့်ကြံသူ။ သူ... သူက တကယ်ကြီး မဟာတာအိုကျင့်ကြံသူတစ်ယောက်ပဲ။ သူက နဝမမြောက် မဟာတာအိုကျင့်ကြံသူပဲ။"

"ဒါ... ဒါ..."

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"

အထွတ်အထိပ်ဘိုးဘေးသည် နားမလည်နိုင်မှုများဖြင့် ပြည့်နှက်သွားရကာ မေးလိုက်ပေသည်။

"မိုးမြေဝါနက်ထူးခြားစေတီက ပေါ်ထွက်နေခဲ့တာ နှစ်ပေါင်းတစ်ထောင်ကျော်နေပြီ။"

"တခြား မဟာတာအိုကျင့်ကြံသူ ရှစ်ယောက်က စေတီထဲကို ဝင်သွားတာ ကြာလှပြီ။"

"အခု နှစ်တစ်ထောင်ကျော်တောင် ကြာသွားပြီဆို‌တော့။"

"နဝမမြောက် မဟာတာအိုကျင့်ကြံသူက အခုမှ ရောက်လာတာလား။"

အထွတ်အထိပ်ဘိုးဘေးသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်၏။

သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။

"ချူးဝမ်တောက်... အိုး ချူးဝမ်တောက်။"

"မင်းက ဒီလူရဲ့ တာအိုကာကွယ်သူအဖြစ် လုပ်ပေးဖို့ ဆန္ဒရှိနေတာ မထူးဆန်းတော့ပါဘူး။"

"ဒီတော့ သူက မဟာတာအိုကျင့်ကြံသူတစ်ယောက်ကိုး။"

"ဒီကိစ္စသာအမှန်ဆိုရင် မင်းမှာ ကောင်းကင်တာအိုမူလအစကို ရပြီး ကိုးကမ္ဘာကနေ ထွက်သွားဖို့ အခွင့်အရေး တကယ်ရှိနေတာပဲ။"

"ဖြစ်နိုင်ပါတယ်..."

ချူးဝမ်တောက်က ခေါင်းခါလိုက်သည်။

သူသည် ဆက်လက်ရှင်းပြမနေတော့ပေ၊ အကြောင်းမှာ ရှင်းပြရန် မလိုအပ်သောကြောင့်ဖြစ်၏။

အထွတ်အထိပ်ဘိုးဘေးဖြစ်စေ၊ ရှိနေကြသော ကောင်းကင်အရှင်များဖြစ်စေ၊ စီနီယာချီမင်က မည်မျှ ကြောက်မက်ဖွယ်ကောင်းပြီး မည်မျှ နက်နဲလှသည်ကို သူတို့ မသိကြပေ။

အကယ်၍ ချီမင်က မဟာတာအိုကျင့်ကြံသူတစ်ယောက်ဖြစ်ခြင်းကြောင့်သာဆိုလျှင် ချူးဝမ်တောက်က ဤမျှလောက် ဖြစ်နေလိမ့်မည် မဟုတ်ချေ။

အထွတ်အထိပ်ဘိုးဘေးသည် ချူးဝမ်တောက်နှင့် မတူညီပေ။

ကိုးကမ္ဘာထဲတွင်...

အဓိကအားဖြင့် မတူညီသော ဆန့်ကျင်ဘက် အတွေးအခေါ်နှစ်မျိုး ရှိခဲ့သည်။

ပထမအမျိုးအစားမှာ ချူးဝမ်တောက်ကဲ့သို့ ဖြစ်၏။

သူတို့သည် ကမ္ဘာကိုးကမ္ဘာဆိုသည်မှာ လှောင်အိမ်တစ်ခုမျှသာဖြစ်သည်ဟု ယုံကြည်ကြသည်။

ထာဝရအထွတ်အထိပ်အရှင်တစ်ပါး ဖြစ်လာပြီးနောက် သူတို့တွင် ရည်မှန်းချက်တစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ မိုးမြေဝါနက်ထူးခြားစေတီအတွင်းသို့ ဝင်ရောက်ကာ ကောင်းကင်တာအိုမူလအစကို ရယူပြီး ကိုးကမ္ဘာလှောင်အိမ်မှ ထွက်ခွာသွားရန် ဖြစ်၏။

ဒုတိယအမျိုးအစားမှာ အထွတ်အထိပ်ဘိုးဘေးကဲ့သို့ ဖြစ်ပေသည်။

သူတို့က ကမ္ဘာကိုးကမ္ဘာသည် သူတို့၏ မွေးရပ်မြေဖြစ်သည်ဟု တွေးထင်ကြ၏။

သူတို့သည် ကမ္ဘာကိုးကမ္ဘာကို ကာကွယ်ရန်လိုအပ်သည်ဟု တွေးတောပြီး ထွက်ခွာသွားရန် မည်သည့်အခါကမျှ မတွေးခဲ့ကြပေ။

သူတို့၏ ရည်မှန်းချက်မှာ မိမိတို့၏ ကိုယ်ပိုင်အဖွဲ့အစည်းကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကောင်းကင်တာအိုမူလအစကို ရရှိရန် မိုးမြေဝါနက်ထူးခြားစေတီအတွင်းသို့ ဝင်ရောက်ရန် ဖြစ်သည်။

သို့သော်လည်း ၎င်းမှာ ကမ္ဘာကိုးကမ္ဘာမှ ထွက်ခွာသွားရန်အတွက်မဟုတ်ဘဲ၊ ကောင်းကင်တာအိုမူလအစကို အသုံးပြု၍ ထာဝရအထွတ်အထိပ်အရှင်များ ပိုမိုမွေးထုတ်ရန်အတွက် ဖြစ်လေ၏။

"တိုက်။"

ခရမ်းရောင်ဆံပင်လူငယ်က အော်လိုက်သည်။

"အသင်္ချေနဂါးချိတ်စည်း။"

ခရမ်းရောင်ဆံပင်လူငယ်သည် သူ၏ ကိုယ်ပိုင်တာအိုရတနာကို ထုတ်ယူလိုက်ရာ နဂါးဟိန်းသံလှိုင်းများ ထွက်ပေါ်လာ၏။

မရေမတွက်နိုင်သော စစ်မှန်နဂါးအရိပ်များနှင့်အတူ ၎င်းတို့သည် စုစည်းသွားကာ ကြီးမားသည့် ကျောက်စိမ်းချိတ်စည်းတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

၎င်းသည် ခရမ်းရွှေရောင်သန်းကာ နဂါးပုံကောင်းကင်တာအိုစစ်မှန်အဆောင်တစ်ခုက ရစ်ပတ်ထားပြီး နေရာလွတ်ကို ကြေမွသွားစေကာ ချီမင်အား ဖိနှိပ်လိုက်ပေသည်။

"သတ်"

ချီမင်က ခံစားချက်ကင်းမဲ့စွာ ဆိုလိုက်၏။

"ဟုတ်ကဲ့။"

မာရက ပြန်ဖြေလိုက်သည်။

ချီမင်က ကိုယ်တိုင်တိုက်ခိုက်ရန် အစီအစဉ်မရှိပေ။

သူသည် ထိုသို့ပြုလုပ်ရန်ပင် မလိုအပ်ချေ။

"ဖရိုဖရဲ"

မာရသည် သူ၏လက်ကို မြှောက်လိုက်ပြီး မဟာတာအိုအံ့ဖွယ်စွမ်းအားကို အသုံးပြုလိုက်၏။

ကောင်းကင်နှင့်မြေကြီးမဟာတာအို၏ စွမ်းအားတို့သည် စုစည်းသွားပြီး အထက်ကမ္ဘာကောင်းကင်တာအို၏ စွမ်းအားကို ထိန်းချုပ်ကာ ဖရိုဖရဲကောင်းကင်တာအိုအဖြစ် ပြောင်းလဲလိုက်သည်။

တစ်ခဏအတွင်းမှာပင် မာရ၏ ညာလက် ကျရောက်သွားသည့်အချိန်၌ ဖရိုဖရဲကမ္ဘာတစ်ခု ပေါ်ထွက်လာပြီး ခရမ်းရောင်ဆံပင်လူငယ်၏ အသင်္ချေနဂါးချိတ်စည်းကို ဝါးမျိုလိုက်ကာ ဖရိုဖရဲ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားစေခဲ့၏။

ခရမ်းရောင်ဆံပင်လူငယ်သည် အော်ဟစ်လိုက်ပြီး သွေးများအန်ထွက်လာသည်။

သူ၏ ကိုယ်ပိုင်တာအိုရတနာသည် ပျက်စီးသွားခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော နောက်ဆက်တွဲဒဏ်ကို သူ ခံစားလိုက်ရ၏။

သူ၏မျက်နှာသည် သွေးမရှိသကဲ့သို့ ဖြူဖျော့သွားကာ အရှိန်အဝါတို့သည် နိမ့်ဆင်းသွားသည်။

သူ၏မျက်နှာသည် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေကာ မေးလိုက်သည်။

"ငါ့... ငါ့ရဲ့ ကိုယ်ပိုင်တာအိုရတနာ၊ မင်း... မင်း... မင်း ဘာလုပ်လိုက်တာလဲ။"

"ဒါက..."

အထွတ်အထိပ်ဘိုးဘေးသည် အံ့ဩသွားပြီး မာရထံမှ ထုတ်လွှတ်လိုက်သော သူ့ကိုပင် ကြောက်ရွံ့သွားစေသည့် အရှိန်အဝါကို အာရုံခံလိုက်မိရာ ထုတ်ပြောလိုက်လေသည်။

"မဟာတာအိုအံ့ဖွယ်စွမ်းအားပဲ။"

"ပြီးတော့... နောက်ထပ် ထာဝရအထွတ်အထိပ်အရှင်တစ်ပါးပဲ။"

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"

တုန်လှုပ်စရာပင်။

၎င်းမှာ အလွန်ပင် တုန်လှုပ်စရာကောင်းလှ၏။

ခရမ်းရောင်ဆံပင်လူငယ်သည် သနားစဖွယ် အော်ဟစ်လိုက်ရသည်။

သူသည် ဖရိုဖရဲအတွင်း၌ နစ်မြုပ်သွားခဲ့ပြီး လွတ်မြောက်နိုင်ခြင်း သို့မဟုတ် ရုန်းကန်နိုင်ခြင်း မရှိတော့ပေ။

သူသည် ရေနစ်နေသော ကလေးတစ်ယောက်ကဲ့သို့ပင် အားအင်ကင်းမဲ့ခြင်းနှင့် မျှော်လင့်ချက်ကင်းမဲ့ခြင်းတို့ဖြင့် ပြည့်နှက်သွားတော့သည်။

ဤအခိုက်အတန့်တွင် ခရမ်းရောင်ဆံပင်လူငယ်သည် ကြောက်ရွံ့မှုကို နက်ရှိုင်းရှိုင်းခံစားလိုက်ရ၏။

ထိုအခါမှသာ သူသည် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကို သွားရောက်စော်ကားလိုက်မိမှန်း နားလည်သွားတော့သည်။

သူသည် အလွန်အမင်း နောင်တရသွားခဲ့သည်။

ကံမကောင်းစွာဖြင့်...

၎င်းမှာ နောက်ကျသွားခဲ့ပြီ ဖြစ်၏။

"ရပ်လိုက်။"

အထွတ်အထိပ်ဘိုးဘေးသည် သူ့အား ကယ်တင်လိုခဲ့သည်။

"ကျုပ်သာ ခင်ဗျားနေရာမှာဆိုရင် အဲ့ဒီလို အဓိပ္ပါယ်မရှိတဲ့အရာကို လုပ်မှာမဟုတ်ဘူး"

ချူးဝမ်တောက်က ဆိုလိုက်၏။

"ဘာ... ကျုပ်..."

အထွတ်အထိပ်ဘိုးဘေး ကြောင်ငေးသွားသည်။

သူသည် တိတ်ဆိတ်သွားခဲ့သည်။

"အထွတ်အထိပ်ဘိုးဘေး... ဘိုးဘေး... ကယ်... ကယ်ပါ..."

ခရမ်းရောင်ဆံပင်လူငယ်သည် မျှော်လင့်ချက်ကင်းမဲ့စွာ အော်ဟစ်လိုက်၏။

"..."

အထွတ်အထိပ်ဘိုးဘေးက သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် ခရမ်းရောင်ဆံပင်လူငယ်သည် လုံးဝ သေဆုံးသွားခဲ့၏။

သူသည် မာရ၏ ဖရိုဖရဲထဲသို့ ပေါင်းစပ်ပါဝင်သွားခဲ့ပြီး ၎င်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားခဲ့သည်။

သူသည် ဤကမ္ဘာမှ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

"..."

ဤအခိုက်အတန့်တွင် လူတိုင်း တိတ်ဆိတ်သွားကြသည်။

အပ်ကျသံပင် ကြားရနိုင်လောက်သည်အထိ တိတ်ဆိတ်နေ၏။

"ဒါဆို... ဘယ်သူကန့်ကွက်ချင်သေးလဲ။"

ချီမင်၏ အကြည့်တို့သည် ရှိနေသော ကောင်းကင်အရှင်များအားလုံးကို ဝေ့ဝဲကြည့်လိုက်သည်။

သို့သော်လည်း မည်သည့် ကောင်းကင်အရှင်ကမျှ ချီမင်ကို မော့မကြည့်ရဲတော့ပေ။

သူတို့သည် အသက်ပင် ပြင်းပြင်းမရှူရဲကြချေ။

သူတို့အားလုံး ခေါင်းများကို ငုံ့ထားကြပြီး ပုန်းကွယ်နေကြသည်။

ယခုလေးတင် ဖြစ်ပျက်သွားခဲ့သည့်အရာမှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှသဖြင့် ၎င်းသည် ရှိနေသော ကောင်းကင်အရှင်များအားလုံးကို ကြောက်ရွံ့သွားစေခဲ့၏။

"ကြောက်...ကြောက်ဖို့ကောင်းလိုက်တာ..."

"ဒါ... ဒါ..."

"သူ့နောက်မှာ ထာဝရအထွတ်အထိပ်အရှင် တာအိုကာကွယ်သူ နှစ်ယောက်တောင် လိုက်နေတာပဲ။"

"ခရမ်းရောင်ဆံပင်လူငယ်က သူ့ရဲ့ တာအိုကာကွယ်သူကို ခေါ်လိုက်ပေမယ့် အဲ့ဒီလူက လုံးဝ မတိုက်ခိုက်ရဲလောက်အောင် ကြောက်နေခဲ့တာပဲ။ ခရမ်းရောင်ဆံပင်လူငယ် အသတ်ခံရတာကို ကြည့်နေရုံပဲ တတ်နိုင်ခဲ့တယ်ကွာ။"

"အရမ်း အစွမ်းထက်တာပဲ။"

"..."

ကောင်းကင်အရှင်များသည် တုန်လှုပ်သွားကြ၏။

သူတို့ အသံများက ချီမင်ကို ဒေါသထွက်သွားစေမည် စိုးရိမ်သောကြောင့် စကားပင်မပြောရဲကြဘဲ နှလုံးသားထဲတွင်သာ အော်ဟစ်နေနိုင်ကြသည်။

"ခင်ဗျားရော ဘယ်လိုလဲ။"

ချီမင်က အထွတ်အထိပ်ဘိုးဘေးကို မော့ကြည့်လိုက်ပြီး တည်ငြိမ်စွာ မေးလိုက်သည်။

"ငါ... ငါက မင်းကို စေတီထဲဝင်ဖို့ ကြိုဆိုပါတယ်။"

အထွတ်အထိပ်ဘိုးဘေးသည် ခေတ္တမျှ ကြောင်ငေးသွားပြီးနောက် ချက်ချင်း တုံ့ပြန်လိုက်၏။

သူ၏ သဘောထားသည် လုံးဝ ပြောင်းလဲသွားကာ လက်သီးဆုပ်လိုက်ပြီး ချီမင်ကို ဦးညွှတ်လိုက်သည်။ သူ၏လေသံမှာ အလွန်ပင် ရိုသေလေးစားနေပေသည်။

"ကောင်းပြီလေ။"

ချီမင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

"စေတီထဲ ဝင်ကြ။"

ချီမင်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် လှည့်ထွက်လိုက်သည်။

လေဟာနယ်နှင့် အသင်္ချေတောင်တို့သည် အနီးကပ် လိုက်ပါလာကြသည်။

မာရနှင့် ချူးဝမ်တောက်တို့သည် ဘေးနှစ်ဖက်မှ စောင့်ကြပ်လိုက်ပါလာကြပြီး လူတိုင်း၏ အကြည့်များအောက်တွင် မိုးမြေဝါနက်ထူးခြားစေတီထံသို့ လျှောက်လှမ်းသွားကြသည်။

အပြင်ဘက်ကမ္ဘာတွင်။

နန်းတော်ကိုးခုအတွင်း၌။

"ဒီ ချီမင်က တကယ်ကို အထင်ကြီးစရာပဲ။"

"သူက ကမ္ဘာကိုးကမ္ဘာထဲကို ပထမဆုံးအကြိမ်ဝင်လာတုန်းက မဟာတာအိုကျင့်ကြံသူ ကိုးယောက်ထဲ အောက်ဆုံးမှာ ရှိနေခဲ့တာ။ဒါပေမဲ့ နှစ်ပေါင်း (၉၀၀၀၀) ကျော် ကြာသွားတော့ သူ့ရဲ့ ကျင့်ကြံမှုနဲ့ နယ်ပယ်က စည်းမျဉ်းကောင်းကင်အရှင် နဝမအဆင့်ကို ရောက်သွားတယ်။ သူက တခြား မဟာတာအိုကျင့်ကြံသူ ရှစ်ယောက်ကိုတောင် အမီလိုက်နိုင်လာပြီပဲ။"

"သူ့ဘေးမှာ ထာဝရအထွတ်အထိပ်အရှင် နှစ်ယောက်တောင် တကယ်ကြီးရှိနေတယ်။"

"ဟုတ်တယ်။"

"ဒီလိုဆိုတော့လည်း မဆိုးဘူးပဲနော်"

"သူက စေတီထဲကို နှစ်တစ်ထောင်လောက် နောက်ကျပြီးမှ ဝင်သွားပေမယ့် ဒါက မဖြစ်နိုင်တာတော့ မဟုတ်ဘူး။"

"ဟုတ်တယ် ဟုတ်တယ်။"

"..."

ထာဝရအထွတ်အထိပ်အရှင်များသည် တက်ကြွစွာ ဆွေးနွေးနေကြ၏။

ချီမင်၏ စွမ်းဆောင်ရည်နှင့် ခွန်အားကို မြင်တွေ့ပြီးနောက် သူတို့သည် သူ့အပေါ် ပိုပို၍ပင် အထင်ကြီးလာကြသည်မှာ ထင်ရှားပေသည်။

ခိုင်ယာ့သည် မျက်မှောင်ကြုတ်လိုက်ကာ စိုးရိမ်သွားတော့၏။

"သူက နှစ်ပေါင်း (၉၀,၀၀၀)တောင်မပြည့်သေးဘဲ ဒီအခြေအနေထိ အင်အားကြီးလာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။"

"ဆလိုင်ယွန်က လွန်ခဲ့တဲ့ နှစ် (၅၀၀) ကတည်းက တန်းစီခဲ့တာ။ အခု အဆင့် ၁၅၈ ကို ရောက်နေပြီ။"

"ချီမင်သာ အမီလိုက်လာခဲ့ရင် မကောင်းတာတစ်ခုခု ဖြစ်လာနိုင်တယ်။"

ကမ္ဘာဦးအထွတ်အထိပ်အရှင်၏ မျက်နှာသည် စိတ်သက်သာရာရသွားဟန်ဖြင့် ပြည့်နှက်သွားကာ ဆို၏။

"ဂျူနီယာညီလေး ချီရဲ့ တိုးတက်နှုန်းက ငါ့ထက် အများကြီး ပိုမြန်တာပဲ။ ငါ မင်းကို ယှဉ်နိုင်တော့မှာ မဟုတ်ဘူး ထင်တယ်။"

"ဖြစ်နိုင်တာကတော့ မင်းက ဆရာသခင်ရဲ့ အတွင်းစည်းတပည့် ဒါမှမဟုတ် သူ့ရဲ့ ကိုယ်ပိုင်တပည့်တောင် ဖြစ်လာနိုင်တယ်။"

"အဲ့ဒီအခါကျရင် ငါက မင်းရဲ့ ဂျူနီယာညီလေး ဖြစ်လာမှာပေါ့။"

"ဟားဟားဟား..."

ကမ္ဘာဦးကောင်းကင်အရှင်သည် ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

နန်းတော်ကိုးခု၏ အပြင်ဘက်တွင်။

ချင်ယွီ၊ ဝမ်ရှန်းနှင့် စီနီယာအစ်ကို စုတို့သည် ပုံမှန်အားဖြင့် သူတို့၏ အာရုံစိုက်မှုကို မိုးမြေဝါနက်ထူးခြားစေတီအပေါ်တွင်သာ ထားရှိကြ၏။

ထို့ကြောင့် သူတို့သည် ချီမင်ပြုလုပ်ခဲ့သော အရာများကို သတိပြုမိလိုက်ကြသည်။

"ဒီ ချီမင်က..."

ဝမ်ရှန်းက ခပ်တိုးတိုး ဆိုလိုက်သည်။

"သူ တကယ်ကို တော်တော်လေး သန်မာလာတာပဲ။"

"ဟုတ်တယ်နော်။"

ချင်ယွီက ပြုံးလိုက်သည်။

"အဲဒါကြောင့် သူက အကြီးဆုံးစီနီယာအစ်ကိုလိုပဲ မိုးမြေဝါနက်ထူးခြားစေတီရဲ့ တကယ့် လျှို့ဝှက်ချက်ကို ရနိုင်လောက်တယ်။"

"အခုပြောဖို့ကတော့ အရမ်းစောလွန်းပါသေးတယ်။"

ဝမ်ရှန်းက ခံစားချက်ကင်းမဲ့စွာ ဆိုလိုက်၏။

စီနီယာအစ်ကိုစုသည် တိတ်ဆိတ်နေခဲ့သည်။

မိုးမြေဝါနက်ထူးခြားစေတီ။

ချီမင်နှင့် အခြားသူများသည် စေတီတံခါးရှေ့သို့ ရောက်ရှိလာကြပြီး ပထမအဆင့်၏ ဝင်ပေါက်တွင် ရပ်နေကြ၏။

စေတီတံခါးသည် ရှေးဆန်းသည့် ရိုးရှင်းသော အလင်းရောင်များကို ထုတ်လွှတ်နေသည်။

ချီမင်က 'သော့' ဖြစ်သော ပွင့်လွှာသုံးဆယ့်ခြောက်ချပ် နတ်ဆိုးကြာပန်းနက်ကို ထုတ်ယူလိုက်၏။

ထိုကြာပန်းနက်သည် ပျံသန်းထွက်သွားပြီး အလင်းလှိုင်းများကို ထုတ်လွှတ်လိုက်သည်။

ထို့နောက် စေတီတံခါးဆီသို့ ပျံဝဲသွားကာ အလယ်ဗဟိုရှိ ကြာပန်းနက်အမှတ်အသားနှင့် ထပ်တူကျသွားလေသည်။

ချီမင်က တုန်ခါမှုအနည်းငယ်ကို ခံစားလိုက်ရ၏။

နတ်ဆိုးကြာပန်းသော့သည် ၎င်းထဲသို့ ပေါင်းစပ်ဝင်ရောက်သွားပြီးနောက် သူ၏ရှေ့မှ ရှေးဟောင်းစေတီတံခါးသည် ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။

သူသည် အပြင်ဘက်တွင် ရပ်ကာ ကြည့်လိုက်၏။

အတွင်းဘက်သည် အမှောင်အတိ ကျနေခဲ့သည်။

သူ မည်သည်ကိုမျှ မမြင်နိုင်ခဲ့ပေ။

၎င်းသည် ဆန်းကြယ်မှုနှင့် ကြောက်မက်ဖွယ်ရာများဖြင့် ပြည့်နှက်နေသော အမှောင်အတိကျနေသည့် ကမ္ဘာတစ်ခုနှင့် တူနေ၏။

မိုးမြေဝါနက်ထူးခြားစေတီတွင် စုစုပေါင်း အဆင့်ပေါင်း (၁၂၉,၆၀၀) ရှိသည်။

အဆင့်တိုင်းတွင် မတူညီသော စမ်းသပ်မှုတစ်ခု ရှိ၏။

ထို့အပြင် ဤစမ်းသပ်မှုများသည် အမျိုးမျိုး ကွဲပြားပြီး ထူးဆန်းလှသည်။

၎င်းတို့တွင် ကောင်းကင်နှင့်မြေကြီးရှိ အသင်္ချေကမ္ဘာများ၏ အမှန်တရားအမျိုးမျိုးနှင့် ဆန်းကြယ်မှုများ ပါဝင်နေ၏။

ကောင်းကင်နှင့်မြေကြီးမဟာတာအို၏ ဆန်းကြယ်မှုများကို အမှန်တကယ် နားလည်သဘောပေါက်ခြင်းဖြင့်သာလျှင် တစ်စုံတစ်ယောက်သည် ၎င်းတို့အားလုံးကို ရှင်းလင်းနိုင်ပြီး စေတီ၏ ထိပ်ဆုံးသို့ လျှောက်လှမ်းနိုင်မည် ဖြစ်ပေသည်။

ထိုအချိန်တွင်သာ သူသည် ကောင်းကင်တာအိုမူလအစကို ရရှိနိုင်မည် ဖြစ်၏။

"သွားကြမယ်။"

ချီမင်က အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး စေတီ၏ ပထမအဆင့်ဆီသို့ လျှောက်လှမ်းသွားသည်။

သူ၏ပုံရိပ်သည် အမှောင်ထုထဲသို့ တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားတော့၏။

လေဟာနယ်၊ အသင်္ချေတောင်၊ ချူးဝမ်တောက်နှင့် မာရတို့သည် လျင်မြန်စွာ လိုက်ပါသွားကြသည်။

နောက်ထပ် တုန်ခါမှုအနည်းငယ် ဖြစ်ပေါ်လာသည်။

မိုးမြေဝါနက်ထူးခြားစေတီ၏ ပထမအဆင့်တံခါးသည် ဖြည်းညှင်းစွာ ပိတ်သွားသည်။

"သူ နောက်ဆုံးတော့ ထွက်သွားပြီ"

" ဘာလို့ နှစ်တစ်ထောင်လောက် နောက်ကျနေတာလဲဆိုတာ ငါ နားမလည်နိုင်ဘူး။"

"ဟူး"

"ငါတို့ လိလိမ္မာမ္မာပဲ တန်းစီကြရအောင်ကွာ။"

"ငါ့အလှည့်က ဘယ်တော့ရောက်မှာလဲဟ။ ငါ စောင့်နေတာ နှစ်တစ်ထောင်ကျော်နေပြီ။"

"ဖြည်းဖြည်းချင်း စောင့်ကြတာပေါ့"

"..."

ကောင်းကင်အရှင်များ သက်ပြင်းချလိုက်ကြသည်။

မြင်ကွင်းကား ပြောင်းလဲသွား၏။

ပထမအဆင့် အတွင်း၌။

"ဒါက..."

ချီမင် ဝင်ရောက်လာခဲ့ပြီး ဖြစ်သည်။

သူ ခြေလှမ်းဝင်လိုက်သည့်အခါ သူသည် ကမ္ဘာတစ်ခုကို ဖြတ်ကျော်ပြီး ဤနေရာသို့ ရောက်ရှိလာသကဲ့သို့ ခံစားလိုက်ရ၏။

သူ ပတ်ပတ်လည်ကို ကြည့်လိုက်သည်နှင့် ချီမင်၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်မှာ ကိုးစတုရန်းမီတာ အရွယ်အစားရှိသော အခန်းလွတ်တစ်ခု ဖြစ်၏။

အခန်းထဲတွင် အပြင်ဘက်မှ ကောင်းကင်ပြာကို မြင်နိုင်သော ပြတင်းပေါက်တစ်ပေါက်မှလွဲ၍ ဘာမျှမရှိခဲ့ပေ။

ကံကောင်းစွာဖြင့် လေဟာနယ်၊ အသင်္ချေတောင်၊ ချူးဝမ်တောက်နှင့် မာရတို့သည် ချီမင်နောက်သို့ လိုက်ပါလာခဲ့ကြသည်။

"မိုးမြေဝါနက်ထူးခြားစေတီရဲ့ ပထမအဆင့်ကနေ ကြိုဆိုပါတယ်။"

"အခန်းလွတ်မြောက်ခြင်း စိန်ခေါ်မှု။"

ရုတ်တရက် ချီမင်၏ရှေ့တွင် အလင်းတန်းများ စုစည်းသွားပြီး ပုံရိပ်ဖန်သားပြင်ကဲ့သို့သော မြင်ကွင်းတစ်ခုအဖြစ် ဖွဲ့စည်းလိုက်၏။

၎င်းသည် လေထဲတွင် ပျံဝဲနေပြီး သက်ဆိုင်ရာ အချက်အလက်များကို ပြသနေသည်။

"ဟမ်။"

ချီမင်က ကြောင်ငေးသွားကာ ဆိုလိုက်သည်။

"ဘာ၊ အခန်းလွတ်မြောက်ခြင်း စိန်ခေါ်မှု ဟုတ်လား"

All Chapters