ရှန်းဟွပုံရိပ်ယောင်ကမ္ဘာပွင့်ဟခြင်း
Vol. 40 Ch. 552
မူလသူတော်စင်တောင်ထွတ်၏ မြင့်မားသောတောင်ကုန်းတစ်ခုပေါ်၌
စိန်းထိုက်ယွမ်မှာ လက်နှစ်ဖက်ကို ကျောဖက်တွင်ယှက်သိုင်းလျက် ကျင့်ကြံရေးစင်မြင့်ပေါ်တွင်ရှိနေကြသော တပည့်များအား ကျေနပ်အားရစွာ ကြည့်ရှုနေ၏။
ယခုဆိုလျှင် မူလသူတော်စင်တောင်ထွတ်မှာ စည်ကားသိုက်ဝန်းလာပြီပင် ဖြစ်သည်။
"ဇူယွမ် ဒီတစ်ကြိမ် တပည့်အသစ်တွေ အများကြီး ရရှိခဲ့အတွက် မင်းကိုပဲ ကျေးဇူးတင်ရတော့မယ်။ မင်းကြောင့်သာမဟုတ်ရင် ဒီလို အရည်အချင်းရှိတဲ့ တပည့်အသစ်တွေအများကြီးကို ရနိုင်မယ်မထင်ဘူး။" စိန်းထိုက်ယွမ်မှ ဇူယွမ်အားကြည့်၍ ပြုံးကာပြောလိုက်သည်။
ဇူယွမ်မှ ခေါင်းကိုခါယမ်းကာ စကားဆိုလိုက်သည်။ "ကျွန်တော်က မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်လေ။ တပည့်အသစ်တွေကို ခေါ်ဆောင်ပေးဖို့နဲ့ မူလသူတော်စင်တောင်ထွတ်ကို ပိုပြီးကောင်းမွန်လာအောင် လုပ်ရမှာက သေချာပေါက် ကျွန်တော့်တာဝန်တွေပါ။"
ဇူယွမ်မှာ ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် စိန်းထိုက်ယွမ်အားကြည့်ကာ မေးလိုက်သည်။ "ဆရာစိန်း ရှန်းဟွပုံရိပ်ယောင်ကမ္ဘာက ဘယ်အချိန်လောက် ပွင့်လာမလဲသိလားဟင်။"
ယမန်နေ့၌ ယောင်ယောင်နှင့် စကားစမြည် ပြောဆိုပြီးသည့်နောက်တွင် ဇူယွမ်မှာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအား ပိုမိုအလေးထားလာခဲ့သည်။ ယောင်ယောင်ပြောခဲ့သည့်အတိုင်းပင် ဘိုးဘေးနဂါးပုရပိုက်၏ တတိယအဆင့်ထိ တက်ရောက်နိုင်ရန်အတွက် နတ်ဘုံခန်းဝါအဆင့်သို့ တက်လှမ်းမည့်အချိန်တွင် နိဗ္ဗာန်ခုနစ်ခုအား ရရှိနိုင်ရန် လိုအပ်၏။
ထိုသို့မဟုတ်ပါက ဇူယွမ်သည် ဘိုးဘေးနဂါးပုရပိုက်၏ ဒုတိယမြောက်အဆင့်ဖြင့်သာ တစ်သက်လုံး ကျေနပ်သွားရပေလိမ့်မည်။
ဘိုးဘေးနဂါးပုရပိုက်သည် သာမန်မဟုတ်ပဲ ထူးခြားသော မူလချီကျင့်စဉ် တစ်ခုဖြစ်၏။ ထို့ကြောင့် ဇူယွမ်မှာလည်း သာမန်ထက်ပို၍ အဆပေါင်းများစွာ ကြိုးစားရမည်ပင် ဖြစ်သည်။
သို့သော် နတ်ဘုံခန်းဝါ နိဗ္ဗာန်ခုနစ်ခု ရရှိရန်မှာ မလွယ်ကူကြောင်း ဇူယွမ်မှ ကောင်းစွာသိရှိထားပေသည်။ နတ်ဘုံခန်းဝါ နိဗ္ဗာန်ခုနစ်ခု ရရှိနိုင်ရန်အတွက် စိတ်ကူး၍ပင် မရနိုင်သော ချီစွမ်းအင်အမြောက်အမြား လိုအပ်လိမ့်မည် ဖြစ်သည်။ လက်ရှိအချိန်၌ ကန်ရွှမ်းကလန်၏ ရွေးချယ်ခံများအကြားတွင်ပင် နတ်ဘုံခန်းဝါ နိဗ္ဗာန်ခုနစ်ခုအား ရရှိလိမ့်မည်ဟု မျှော်မှန်းရဲမည့်သူ ရှိမည်မဟုတ်ပေ။
ရွေးချယ်ခံများသည်ပင် မျှော်မှန်းရန် မဖြစ်နိုင်သောအရာသည် ဇူယွမ်ကဲ့သို့သော လူမျိုးအတွက်မူ ပိုမိုဝေးကွာပေသည်။ ထို့ကြောင့် ဇူယွမ်မှာ ပုံမှန်လေ့ကျင့် ခြင်းများထက်ပို၍ ကြိုးစားရပေလိမ့်မည်။
မကြာမီမှာပင် ကန်ရွှမ်းကောင်းကင်ဒေသ၏ ကောင်းချီးများ ပြည့်နှက်နေသောနေရာဖြစ်သည့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာမှာလည်း ပွင့်ဟလာတော့မည်ပင် ဖြစ်လေသည်။
ကန်ရွှမ်းကောင်းကင်ဒေသအတွင်း ပြိုင်ဖက်ကင်း ကျင့်ကြံသူများစွာမှာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ ပွင့်ဟလာမည့်အချိန်အား စောင့်ဆိုင်နေကြ၏။ အလွန်ပျင်းရိတက်သူဖြစ်သော ချူချင်းသည်ပင် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာသို့ သွားရောက်နိုင်ရန်အတွက် တစ်ဦးတည်း အပြင်းအထန် လေ့ကျင့်နေခဲ့သည်။
စိန်းထိုက်ယွမ်မှ ညင်သာစွာ စကားဆိုလိုက်သည်။ "ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ ပွင့်ဟလာဖို့က အရမ်းကို နီးကပ်နေပြီလို့တော့ ထင်တာပဲ။"
"အချိန်အတိအကျကိုတော့ ဆရာ မသိဘူး။"
ဇူယွမ်မှ ခေါင်းညိတ်ပြလိုက်သည်။
"ရှန်းဟွပုံရိပ်ယောင်ကမ္ဘာဆိုလို့ ပြောရဦးမယ်။ မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားမှာ မင်းက မူလသူတော်စင်တောင်ထွတ်ကို ကောင်းကောင်းဦးဆောင်ပြီး ပထမနေရာ ရယူနိုင်ခဲ့အတွက် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာကိုသွားဖို့ ငါတို့တောင်ထွတ်က နေရာအများဆုံး ရထားတယ်။ ဒါပေမယ့် ငါက ဆယ်နေရာပဲ ယူထားလိုက်ပြီးတော့ ကျန်တာတွေကို တခြားတောင်ထွတ်ခြောက်ခုကို လက်ဆောင်အနေနဲ့ ခွဲဝေပေးလိုက်တယ်။"
စိန်းထိုက်ယွမ်မှ သက်ပြင်းချကာ ဆက်လက်စကားဆိုလိုက်၏။ "အမှန်တော့ ငါလည်း မူလသူတော်စင်တောင်ထွတ်က တပည့်တွေအများကြီးကို ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲ သွားစေချင်ပါတယ်။ ဒါပေမယ့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာဆိုတာ ရွေးချယ်ခံတွေတောင် အသက်ရှင်ကျန်ဖို့ မသေချာတဲ့နေရာပဲ။ အခုလက်ရှိ မူလသူတော်စင်တောင်ထွတ်ရဲ့ အခြေအနေကတော့ မင်းလည်းသိတဲ့အတိုင်းပဲ။ လုံလောက်တဲ့ အရည်အချင်းမရှိပဲ အဲ့ကိုသွားမယ်ဆိုရင် ကိုယ့်ဒုက္ခကိုယ်ရှာသလိုပဲ ဖြစ်နေလိမ့်မယ်။"
"အဲ့ဒါကြောင့် တပည့်တွေအများကြီးကို သေလမ်းပို့တာထက်စာရင် လိုအပ်သလောက်ပဲ ယူထားပြီးတော့ ကျန်တဲ့နေရာခွဲတမ်းကို တခြားတောင်ထွတ်တွေကို ပေးလိုက်တာ ပိုကောင်းတယ်လေ။ ဘာပဲဖြစ်ဖြစ် အခုဆိုရင် ငါပေးလိုက်တဲ့ နေရာခွဲတမ်းတွေကြောင့် တခြားတောင်ထွတ်တွေက ငါတို့မူလသူတော်စင်တောင်ထွတ်အပေါ် ကျေးဇူးကြွေးတင်သွားပြီ။"
ဇူယွမ်မှာ စိန်းထိုက်ယွမ်၏ လုပ်ဆောင်ချက်နှင့်ပက်သတ်၍ မပျော်ရွှင်ပါသော်လည်း မှန်ကန်သောလုပ်ရပ်ဖြစ်သည်ဟု ယူဆမိသည်။ နေရာခွဲတမ်းများအား ခွဲဝေပေးလိုက်ပါသော်လည်း ဇူယွမ်၏နေရာမှာ ပျောက်ဆုံးသွားမည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ လက်ရှိအချိန်၌ မူလသူတော်စင်တောင်ထွတ်သည် အလွန်အင်အားနည်းနေသောကြောင့် အရည်အချင်း မပြည့်မှီပဲ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း ဝင်ရောက်ခြင်းက ဆိုးရွားသော အကျိုးသက်ရောက်မှုကိုသာ ဖြစ်ပေါ်စေလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် စိန်းထိုက်ယွမ်၏ ဆုံးဖြတ်လုပ်ဆောင်ချက်မှာ မှန်ကန်သင့်လျော်ပေ၏။
"ဆရာစိန်းက တကယ်ကောင်းတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တာပဲ။" ဇူယွမ်မှ ချီးကျူးစကားဆိုလိုက်သည်။
စိန်းထိုက်ယွမ်မှ ပြုံးကာခေါင်းညိတ်ပြလိုက်သည်။ လက်ရှိ စိန်းထိုက်ယွမ်၏ အနေအထားဖြင့်ဆိုပါက တပည့်တစ်ဦးအား ယခုကဲ့သို့ သတင်းအချက်အလက်များကို ပြောပြနေစရာအကြောင်းမရှိပေ။ သို့သော် စိန်းထိုက်ယွမ်သည် ဇူယွမ်အား လွန်စွာနှစ်ခြိုက်သည့်အပြင် သာမန်တပည့်တစ်ဦးဟု မယူဆထားပဲ သူအားကိုးအားထားပြုရသူဟု ယူဆထားသောကြောင့် ယခုကဲ့သို့ သတင်းအချက်အလက်များအား ပြောပြနေခြင်းပင် ဖြစ်ပေသည်။
ဒေါင်.....ဒေါင်....
စိန်းထိုက်ယွမ်နှင့် ဇူယွမ်တို့နှစ်ဦး စကားစမြည် ပြောဆိုနေစဉ်မှာပင် ကျယ်လောင်လှသော ခေါင်းလောင်းသံတစ်ခုအား ကြားလိုက်ရ၏။
စိန်းထိုက်ယွမ်မှ အံ့အားသင့်စွာ စကားဆိုလိုက်သည်။ "ဒီခေါင်းလောင်းသံ ကလန်ခေါင်းဆောင်က ငါတို့ကို ဆွေးနွေးခြင်းခန်းမမှာ စုဝေးဖို့ အချက်ပေးတဲ့ အသံပဲ။ ကြည့်ရတာ ကိစ္စကြီးကြီးမားမားတစ်ခုတော့ ဖြစ်နေပြီနဲ့တူတယ်။"
"မင်းလည်းငါနဲ့လိုက်ခဲ့လိုက်။" စိန်းထိုက်ယွမ်မှ ဇူယွမ်အားကြည့်ကာ ပြောလိုက်၏။
ဇူယွမ်မှ ခေါင်းညိတ်ပြလိုက်သည်။
စိန်းထိုက်ယွမ်မှာ ချီတိမ်တိုက်တစ်ခုအား ဖန်တီးလိုက်ပြီးနောက် ဇူယွမ်အားခေါ်ဆောင်ကာ ကန်ရွှမ်းကလန်၏ ဆွေးနွေးခြင်းခန်းမဆီသို့ ပျံဝဲသွားလိုက်သည်။
ဆွေးနွေးခြင်းခန်းမဆီသို့ ရောက်ရှိသွားသောအခါတွင် အခြားသော တောင်ထွတ်ဆရာသခင်များမှာလည်း ရွေးချယ်ခံများအားခေါ်ဆောင်လျက် ရောက်ရှိလာသည်ကို တွေ့ရှိလိုက်ရ၏။
အခြားသော တောင်ထွတ်ဆရာသခင်များမှာ စိန်းထိုက်ယွမ်အား ပြုံးကာနှုတ်ဆက်ကြသကဲ့သို့ ရွေးချယ်ခံများမှာလည်း ဇူယွမ်အား ရင်းနှီးစွာဖြင့် နှုတ်ဆက်ကြ၏။
ထို့နောက် ခန်းမအတွင်းသို့ ဝင်ရောက်ကာ သက်ဆိုင်ရာ ရာထူးများအလိုက် နေရာယူလိုက်ကြသည်။ ဇူယွမ်နှင့် ရွေးချယ်ခံများမှာမူ သက်ဆိုင်ရာ တောင်ထွတ်ဆရာသခင်များ၏နောက်တွင် နေရာယူထားကြ၏။
ကလန်ခေါင်းဆောင်ချင်းယန်မှာ ရောက်ရှိလာကြသော တောင်ထွတ်ဆရာသခင်များအား ကြည့်ရှုလိုက်ပြီးနောက် လေးနက်စွာ စကားဆိုလိုက်သည်။ "အခုလေးတင်ပဲ သတင်းရလာတယ်။ ရှန်ဇူတိုက်ကြီးရဲ့ တောင်ဘက်ပင်လယ်မှာ မူလချီတွေ ဆူပွက်နေပြီတဲ့။ ငါမှန်းတာမမှားရင် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာက အဲ့တောင်ဘက်ပင်လယ်မှာ ပွင့်ဟလာလိမ့်မယ်။"
ရှန်းဟွပုံရိပ်ယောင်ကမ္ဘာသည် တိကျသောတည်နေရာတစ်ခုမရှိပဲ နေရာတိုင်းတွင် ပေါ်ပေါက်လာနိုင်၏။ ထို့ကြောင့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ ပွင့်ဟလာမည့် လက္ခဏာ မပေါ်ပေါက်သေးသမျှ မည်သည့်နေရာတွင် ပွင့်ဟလာမည်ကို မည်သူကမှ သိရှိနိုင်မည်မဟုတ်ချေ။
ကလန်ခေါင်းဆောင်ချင်းယန်၏စကားကြောင့် ရွေးချယ်ခံများမှာ အလွန်ပင် စိတ်လှုပ်ရှားသွားကြသည်။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ ပွင့်ဟလာမည့်အချိန်မှာ လွန်စွာနီးကပ်နေပြီပင် ဖြစ်၏။
စိန်းထိုက်ယွမ်၏ နောက်တွင်ရှိနေသော ဇူယွမ်မှာလည်း စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်သည်။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာသာ မရှိပါက ဇူယွမ်မှာ ချီစွမ်းအင်အခြေခံအုတ်မြစ်အား သန်မာလာစေရန်အတွက် ကန်ရွှမ်းကလန်၏ အပြင်ဖက်သို့ ထွက်ခွာသွားရမည်ပင် ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် အင်အားကြီးကလန်ဖြစ်သော ကန်ရွှမ်းကလန်၏ လေ့ကျင့်သင်ကြားမှုများနှင့်ပင် နတ်ဘုံခန်းဝါ နိဗ္ဗာန်ခုနစ်ခုအား ရရှိရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။
"ငါ့ခန့်မှန်းချက်အရဆိုရင် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာက နောက်ငါးရက်အတွင်း ပွင့်ဟလာလိမ့်မယ်။" ကလန်ခေါင်းဆောင်ချင်းယန်မှ တောင်ထွတ်ဆရာသခင်များအားကြည့်ကာ ပြောလိုက်သည်။ "တောင်ထွတ်ဆရာသခင်တွေက ရှန်းဟွပုံရိပ်ယောင်ကမ္ဘာကို စေလွှတ်မယ့် တပည့်တွေကို ပြင်ဆင်ထားလိုက်ပါတော့။ နောက်နှစ်ရက်ဆိုရင် တောင်ပင်လယ်ဆီကို တပည့်တွေကို လွှတ်တော့မယ်။"
တောင်ထွတ်ဆရာသခင်များမှ ခေါင်းညိတ်ပြလိုက်ကြသည်။
ဇူယွမ်မှာ ကလန်ခေါင်းဆောင်၏စကားကြောင့် အနည်းငယ် တွေဝေသွားရ၏။
ကလန်ခေါင်းဆောင်ချင်းယန်မှ ဇူယွမ်အားကြည့်၍ ပြုံးကာမေးမြန်းလိုက်သည်။ "ဇူယွမ် မင်းမေးချင်တာများ ရှိလို့လား။"
ဇူယွမ်မှ အရိုအသေပြုကာ စကားဆိုလိုက်သည်။ "ဒီတပည့်က ရှန်းဟွပုံရိပ်ယောင်ကမ္ဘာနဲ့ပက်သတ်ပြီး မသိတာတွေ အများကြီးပါ။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာ ကျွန်တော်တို့ရဲ့ ချီစွမ်းအင်အခြေခံအုတ်မြစ် သန်မာလာဖို့လိုအပ်တဲ့ အထူးပစ္စည်းတွေများရှိမလားဆိုတာ သိချင်ပါတယ်။"