ခန္ဓာကိုယ်ကို အသစ်ပြန်မွမ်းမံခြင်း
Vol. 89 Ch. 1239
တုန်ရီနေသော ကျင့်ကြံသူမှာ လောဘ ပူးကပ်ထားသော မန်ဟို၏လက်မှတစ်ဆင့် စိမ့်အေးလာသည်ကို ခံစားလိုက်ရသည်။ ခံစားချက်က ရေခဲတုံးကြီးတစ်တုံးနှင့် ထိနေသကဲ့သို့ဖြစ်ကာ သူ့စိတ်ထဲတွင် အော်ညည်းသံများ ပြည့်နှက်လာစေသည်။ သူ့မှာ ချက်ချင်းဆိုသလို သေမင်းအရိပ်အောက် ကျရောက်သွားသဖြင့် မျက်နှာဖြူဆုပ်သွားတော့၏။
ကျင့်ကြံသူမှာ ထပ်မံမတောင့်ခံနိုင်တော့ကြောင်း ခံစားနေရသည့်အချိန်မှာပင် မန်ဟို့လက်က ရုတ်တရက် အားလျော့သွားသည်။ ကျင့်ကြံသူသည် စူးစူးဝါးဝါး အော်ပြီး ကြောက်လန့်တကြား ထွက်ပြေးတော့သည်။
လောဘပူးကပ်ထားသော မန်ဟိုက ထွက်ပြေးသွားသောကျင့်ကြံသူကို လျစ်လျူရှုရင်း ဖြေးဖြေးချင်း ထရပ်လိုက်သည်။ ထိုသို့ထရပ်လိုက်သည့်အခါ သူ့ခေါင်းပြတ်သည် မြေကြီးထက်မှ မြောက်တက်လာပြီး သူ့လည်ပင်းအပေါ် ဖြေးညင်းစွာ ကျလာ၏။ ထို့နောက် အသားနှင့်အရိုးများက လျင်မြန်စွာ ပြန်ဆက်သွားသည်။
သူ့ဒဏ်ရာများလည်း ချက်ချင်းဆိုသလို သက်သာလာသည်။ သူ့ကိုယ်ထဲရှိ ကြေမွနေသောအရိုးများ ပြန်ဆက်ပြီး မူလနေရာသို့ ပြန်ရောက်နေသဖြင့် တဂျွတ်ဂျွတ်မြည်သံများက သည်းထိတ်ရင်ဖိုဖွယ်ကောင်းစွာ ထွက်ပေါ်နေသည်။
ဤအရာအားလုံး ပြီးမြောက်ရန် အသက်ရှူချိန်အနည်းငယ်ကြာလိုက်ပြီးနောက် သူကား အကောင်းပကတိ ပြန်ဖြစ်သွားလေပြီ။
ထိုအခိုက်အတန့်တွင် ကျင့်ကြံသူမှာ အခန်း၏ထွက်ပေါက်ကို ရှာတွေ့ခဲ့၍ အသည်းအသန် ပြေးနေသည်။
မန်ဟိုက အညောင်းအညာပြေဇက်ချိုးပြီး မျက်လုံးများကို ဖျတ်ခနဲ ဖွင့်လိုက်သည်။ ၎င်းတို့ ပွင့်လာလျှင်ချင်း မိုးပြာရောင်အလင်းသည် အေးစက်မှု၊ ရက်စက်မှုအပြည့်ဖြင့် စီးမျောထွက်လာ၏။ သူ့မျက်လုံးများကား အဆုံးမဲ့ရှေးကျနေပြီး လောဘတို့ စိုးမိုးနေသည်။ သူက ခေါင်းမော့လိုက်ပြီးနောက် ဖျတ်ခနဲ ပျောက်ကွယ်သွားလေသည်။
သူ ပြန်ပေါ်လာသောအခါ အခန်း၏ထွက်ပေါက်၊ ထွက်ပြေးနေသော ကျင့်ကြံသူ၏အရှေ့တည့်တည့်တွင် ဖြစ်သည်။ ထိုလူ မတုံ့ပြန်နိုင်ခင် မန်ဟို့လက်က မြွေလိမ်မြွေကောက်ထွက်သွားပြီး ထိုလူ၏လည်မျိုကို ဆုပ်ကိုင်လိုက်၏။
ဂျွတ်
လည်တိုင်ကား စိစိညက်ညက် ကြေမွသွားသည်။
မန်ဟိုက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီးနောက် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “အာ... သတ်လိုက်ရတဲ့ ခံစားချက်လေး... ငါ ကောင်းကောင်းမသတ်ရတာ အင်မတန့် အင်မတန် ကြာခဲ့ပြီ
“ခန္ဓာကိုယ်ရှိရတာ ... တော်တော်ခံစားလို့ကောင်းတာပဲ” ၎င်းက မန်ဟို့အသံဖြစ်သည့်တိုင် အတိတ်မှ ပဲ့တင်ရိုက်ခတ်နေသကဲ့သို့ ဩရှရှဖြစ်နေသည်။
“ဒီခန္ဓာကိုယ်က ... ငါ နှစ်ပေါင်းများစွာ မတွေ့ခဲ့ဖူးတဲ့ကိုယ်ပဲ။ ထူးခြားတဲ့သွေးဆက်လည်း ရှိထားတယ်... ကောင်းတယ်။ သိပ်ကောင်းတယ်။ ပိုလို့တောင် ရှားတာ ... သူ့ရဲ့ အခြေခံပဲ။ ဒီလိုကိုယ်မျိုးနဲ့ဆို ငါ သေချာပေါက် မိုးနင်းခြေအဆင့်ကို ရောက်နိုင်တယ်” မန်ဟို၏ အပြုံးသည် ပို၍ပင် ချောက်ချားဖွယ်ကောင်းလာ၏။
“ဒါ့အပြင် ဒီလူရဲ့ ဒဏ်ရာတွေက ပြင်းထန်ထားတော့ ပူးကပ်တာကို ငါ ထင်ထားတာထက် ပိုလွယ်ကူစေခဲ့တယ်။ အာ ... ဒါက ကောင်းကင်ဘုံရဲ့ အလိုတော်ပဲ ဖြစ်ရမယ်။ ငါ လောဘ နောက်ဆုံးတော့ လောကကြီးထဲ နောက်တစ်ကြိမ် ထွက်လာနိုင်ပြီ” အက်ကွဲကွဲ ရယ်သံကြီးသည် အခန်းထဲတွင် ဟိန်းထွက်နေ၏။
“ဒီနေ့ကစပြီး ဒါဟာ ငါ့ ခန္ဓာကိုယ်ဖြစ်လာတော့မှာဆိုတော့ .... ပိုလို့တောင် အစွမ်းထက်သွားအောင် လုပ်ပေးရတော့မှာပေါ့” သူသည် မျက်လုံးများ တောက်ပနေလျက် လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်ပြီးနောက် သူ့လက်ချောင်းကို သူ့ခန္ဓာကိုယ်အနှံ့အပြားသို့ ထပ်ခါတလဲလဲ ထိုးဖိလိုက်သည်။
သူ ထိုးဖိလိုက်တိုင်း သူ့တစ်ကိုယ်လုံး ကျဉ်သွားပြီး အဖိခံလိုက်ရသောနေရာတွင် ခြောက်ကပ်သွား၏။ သို့သော် အားကောင်းသော ချီနှင့်သွေးစွမ်းအားတစ်လှိုင်းက အထွတ်အထိပ်ရောက်နှင့်နေပြီးသော သူ့အပြင်အားကိုယ်ကို အဆင့်တက်အောင် တွန်းပို့ရင်း လိမ့်ထွက်လာလေသည်။
ဆယ်ဆ၊ အဆနှစ်ဆယ်၊ အဆသုံးဆယ်
သူ့လက်များသည် မြန်သထက်မြန်မြန် လှုပ်ရှားရင်း သူ့ခန္ဓာကိုယ်ပေါ်ရှိ အမှတ်များစွာအပေါ် ထိုးဖိ၍ ခြောက်ကပ်နေသောဧရိယာကို ပျံ့နှံ့လာစေ၏။ မကြာမီ သူ့မှာ အရိုးပေါ်တင်လျက် ကျန်ခဲ့သည့်တိုင် သူ၏အပြင်အားကိုယ်က စိတ်ကူးမကြည့်နိုင်သောအဆင့်သို့ ရောက်ရှိသွားခဲ့လေပြီ။ ထိုမျှသာမက သူသည် ပို၍အင်အားကြီးမားလာသဖြင့် တဝုန်းဝုန်းမြည်သံများ ထွက်နေတော့သည်။
မူလက သူ၏အပြင်အားကိုယ်က ရှေးဟောင်းနယ်ပယ်မှ အဆင့်တက်၍ တာအိုနယ်ပယ်သို့ ရောက်ရန် ခြေလှမ်းတစ်ဝက်သာ လိုတော့သော ရှေးဟောင်းနယ်ပယ်မဟာစက်ဝန်းအဆင့်တွင် ဖြစ်ခဲ့သည်။ သို့သော် ထိုခြေလှမ်းတစ်ဝက်ဆိုသည်မှာ ဖြတ်ကျော်ရန် အင်မတန် ခက်ခဲသည့် အတိုင်းအတာဖြစ်၍ မန်ဟိုမှာ ဖြတ်ကျော်နိုင်မည့်နည်းလမ်းတစ်ခုမှ မစဉ်းစားနိုင်ခဲ့ပေ။
သို့သော် ယခုတွင် ပူးကပ်ခံရပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ဖိအားအမှတ်များကို ဖွင့်ပြီးနောက်တွင် တာအိုနယ်ပယ်အဆင့်အပြင်အားကိုယ်ကို ပိုင်ဆိုင်ရဖို့ နီးစပ်သထက် နီးစပ်လာခဲ့လေပြီ။
"တာအိုနယ်ပယ်အဆင့်အပြင်အားကိုယ်က ဘာများခက်ခဲလို့လဲ" လောဘက အက်ကွဲကွဲအသံကြီးဖြင့် ပြောသည်။ “နတ်ဘုရားသွေးစက်လေးတစ်စက်ရရင်ကို အလွယ်တကူ အဆင့်တက်နိုင်တယ်။ ဒီခန္ဓာကိုယ်မှာ ပိုသန်မာလာနိုင်တဲ့ အလားအလာတွေ အများကြီးရှိတာပဲ။ မူလပိုင်ရှင်က အ,လိုက်တာ။ ငါကတော့ ဒါတွေကို အလဟဿအဖြစ်မခံနိုင်ဘူး" သူ့လက်က ရုတ်တရက် ရွေ့လျားနေခြင်း ရပ်သွားသည်။ သူ့ခန္ဓာကိုယ်မှာမူ အရိုးစုကြီးနှင့် တူနေတော့၏။
သို့ထိတိုင် ထိုအရိုးစုမှ ထုတ်လွှတ်နေသည့် အပြင်အားကိုယ်ခွန်အားသည် ယခင်ထက် အဆများစွာ ကြီးမားသည်။ ၎င်းက တာအိုနယ်ပယ်အဆင့်တွင် မဟုတ်သော်လည်း ခွန်အားအရ ညီမျှလေသည်။
မန်ဟိုက အသက်ပြင်းပြင်းရှူပြီးနောက် သင်္ချိုင်းဂူကိုဖြတ်၍ ပျံသန်းတော့သည်။ သူသည် တရွေ့ရွေ့ သွားနေရင်း သူ၏အပြင်အားကိုယ်ကို ဆက်လက်သန့်စင်မွမ်းမံနေ၏။ မကြာမီ ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူ နောက်တစ်ယောက် အရှေ့တွင် ပေါ်လာသည်။
၎င်းက အဘိုးကြီးတစ်ယောက်ဖြစ်ပြီး မန်ဟို့ကို မြင်လျှင်ချင်း ထိတ်လန့်တုန်လှုပ်သွားသည်။ မန်ဟိုကား သူ မှတ်မိထားသည့်မန်ဟိုနှင့် လားလားမှမတူပေ။ သူ၏အရိုးစုကိုယ်ကြီးမှာ ချောက်ချားဖွယ်ကောင်းလွန်းသဖြင့် အဘိုးကြီးမှာ တစ်ချိုးတည်း ထွက်ပြေးတော့သည်။
သို့သော် သူ ထွက်ပြေးလိုက်သည့်အခိုက်အတန့်တွင် မန်ဟို၏မျက်နှာပေါ်၌ ရက်စက်သော အပြုံးတစ်စပေါ်လာပြီး သူက ဖျတ်ခနဲ ပျောက်သွား၏။ ပြန်ပေါ်လာသောအခါ သူသည် အဘိုးကြီး၏နောက်တွင် အဘိုးကြီး၏ငယ်ထိပ်ပေါ် လက်လှမ်းရင်း ပေါ်လာခဲ့လေပြီ။
သူက အသာအယာဖိချလိုက်သော်လည်း အဘိုးကြီးမှာ တဆတ်ဆတ် တုန်ရီသွား၏။ ဝုန်းခနဲ အဘိုးကြီးသည် ပြာကျသွားခဲ့ကာ အဖြူရောင်မြူငွေ့မျှင်များ ပျံ့လွင့်လာလေသည်။ ထိုအငွေ့များက ရွေ့လျားလာပြီး မန်ဟို၏ခန္ဓာကိုယ်နှင့်တစ်သားတည်းဖြစ်ကာ သူ၏အသွေးအသားအား ဖြည့်ပေးလိုက်သည်။
"ငါ ဒီထက်ပိုသန်မာလာနိုင်သေးတယ်။ အခု အသွေးအသားကို သန့်စင်ပြီးပြီဆိုတော့ အရိုးကို သန့်စင်ဖို့ အချိန်ကျပြီ” သူ့ပတ်ပတ်လည်တွင် အဆုံးမဲ့မီးပင်လယ်တစ်စင်း ဟုန်းခနဲ တောက်လာပြီး သူ့ခန္ဓာကိုယ်ထဲ စီး၀င်သွားသဖြင့် တရှဲရှဲ မြည်သံများ ပဲ့တင်ထပ်နေသည်။ ပြင်းထန်သောနာကျင်မှုသည် သူ့တစ်ကိုယ်လုံးကို စိုးမိုးနေသော်လည်း သူက မျက်မှောင်တစ်ချက်မကြုတ်ပေ။
အမှန်တွင် သူသည် သူ့အရိုးများကို ကုစားသန့်စင်လျက် ရှေ့သို့ ပျံထွက်သွားသေး၏။ သန့်စင်ခြင်းပြီးဆုံးသွားသောအခါ သူ့စွမ်းအားက ကြောက်ခမန်းလိလိ မြင့်တက်လာပြန်သည်။
"ကဲ ချီစီးဆင်းမှုလမ်းကြောင်းတွေ ...." သူက အသက်ပြင်းပြင်းရှုသွင်းရင်း ပြောသည်။ လေပြင်းတစ်ချက်က ဝေါခနဲ တိုက်ခိုက်ပြီး သူ၏ချီစီးဆင်းမှုလမ်းကြောင်းများတစ်လျှောက် ဖြာဆင်းရင်း ၎င်းတို့ကို ဖွင့်လိုက်သည်။ သူ့မှာ တုန်ရီနေသော်လည်း အံတင်းတင်းကြိတ်၍ တောင့်ခံထားပြီး ထိုဖြစ်စဉ်ကို မြန်အောင် တွန်းပို့လိုက်သည်။ ရုတ်တရက် သူသည် ပျောက်ကွယ်သွားပြီး ဘေးအခန်းတစ်ခန်းထဲရှိ ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူနောက်တစ်ယောက်၏ အနောက်တွင် ပေါ်လာ၏။
ထိုကျင့်ကြံသူမှာ ခေါင်းနပန်းကြီးသွားပြီး ခေါင်းလှည့်လာသည့်အခါ သူ့မျက်နှာတွင် ထိတ်လန့်မှုက အထင်းသားပေါ်လွင်နေသည်။ မန်ဟိုက ခေါင်းနှင့်တိုက်ချလိုက်ရာ ထိုလူမှာ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားလေသည်။
ဘန်းခနဲအသံနှင့်အတူ သူ၏ခန္ဓာကိုယ်မှာ ပြာကျသွားပြီး အဖြူရောင်မြူငွေ့များက မန်ဟို၏စုပ်ယူခြင်း ခံလိုက်ရသည်။ မန်ဟိုသည် ရပ်တန့်မနေဘဲ ရှေ့ဆက်သွား၏။
အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် ချီစီးဆင်းမှုလမ်းကြောင်းများအား သန့်စင်ခြင်းပြီးမြောက်သွားသဖြင့် မန်ဟို၏မျက်လုံးများ လင်းလက်လာသည်။
"ကဲ နောက်ဆုံး သွေး" သူက ညာခလယ်ကို ရင်ဘတ်အသားထဲ ထိုးစိုက်၍ နှလုံးအထဲထိ ရောက်အောင် ထိုးသွင်းလိုက်သည်။
တုံ့ပြန်သည့်အနေဖြင့် သူ့ဝိညာဉ်သည် တမူထူးခြားသော အနှစ်သာရစွမ်းအားကို စတင်ထုတ်လွှတ်လာ၏။ ယင်းက သူ၏ဖြစ်တည်မှုကို ထိန်းသိမ်း၍ သူ့သက်တမ်းကို ဆွဲဆန့်ပေးထားသော စွမ်းအား၏အရင်းအမြစ် ဖြစ်သော်လည်း ယခုတွင် သူ့အပြင်အားကိုယ်ကို ပိုမိုသန်မာအောင် လုပ်ဖို့ အသုံးပြုခံနေရလေပြီ။
ထိုအနှစ်သာရက သူ့အသက်ဓာတ်၏ အနှစ်သာရဖြစ်ပြီး သူ့နှလုံးသားထဲ စီးဆင်းသွားသည်နှင့်တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်ထဲရှိ သွေးအားလုံး တပွက်ပွက် ဆူလာသည်။ သွေးတို့ ခမ်း၍ လျော့နည်းသွားသည့်အခါ သူ့ခန္ဓာကိုယ်သည် သွေးအဟောင်းနေရာတွင် အစားထိုးဖို့ သွေးအသစ်များ ထုတ်ပေးလိုက်၏။
ဤသို့ဖြင့် ခမ်းသွားလိုက်၊ အသစ်ပြန်ပြည့်လိုက် သံသရာလည်နေသည်။ တဖြေးဖြေး သွေးအသစ်ပြန်ပြည့်လာသောနှုန်း သွေးခမ်းနေသောနှုန်းကို အမှီမလိုက်နိုင်တော့ရာ နောက်ဆုံးတွင် သွေးပြန်ဖြည့်ပေးနိုင်ခြင်းမရှိတော့ပေ။ သူ့သွေး၏အရောင်ကမူ ရွှေရောင်ရင့်ရင့်ဖြစ်လာသည်။
သူ့ကိုယ်ထဲတွင် သွေးများ နည်းသထက်နည်းလာခဲ့ရင်း အဆုံးသတ်၌ သုံးဆယ်ရာခိုင်နှုန်းသာ ကျန်တော့၏။ သို့သော် သူ့စွမ်းအားက တဟုန်ထိုးမြင့်တက်သွားခဲ့ကာ သူ့အား သာမန်တာအိုနယ်ပယ်ကျင့်ကြံသူတစ်ယောက်ထက် အစွမ်းပိုထက်သွားစေသည်။ သူသည်... တာအိုသခင်တစ်ဦးနှင့်ပင် ယှဉ်နိုင်၏။
သို့သော် သူ့အပြင်အားကိုယ်က တကယ်တမ်း တာအိုနယ်ပယ်သို့ မရောက်သေးချေ။
“ကဲ ဒါကတော့ ပြီးပြည့်စုံတဲ့ အပြင်အားကိုယ်ပဲ” မန်ဟိုက ပြုံးရင်း ပြောလိုက်သည်။ သူ သူ့လက်ချောင်းအား ရင်ဘတ်အသားထဲမှ ဖြည်းဖြည်းချင်း ပြန်ထုတ်လိုက်သည့်အခါ ထိုအပေါက်ဒဏ်ရာသည် သွေးစက်ပင် ကျလာခြင်းမရှိဘဲ ချက်ချင်း အသားပြန်ပြည့်သွား၏။
“အခု ငါ ဘယ်လောက်အစွမ်းထက်လဲ စမ်းကြည့်ဖို့ အချိန်တန်ပြီ” သူသည် ချောက်ချားဖွယ်ကောင်းစွာ ပြုံးရင်း ယခင်က တတ်နိုင်ခဲ့သော အမြန်နှုန်းထက် အဆများစွာ လျင်မြန်စွာ ရွေ့လျားသွားသည်။ သူ အဝေးသို့ ထွက်သွားစဉ် သူ့အနောက်၌ အရိပ်များသာ ကျန်ခဲ့၏။
သူကား သင်္ချိုင်းထဲတွင် သရဲတစ်ကောင်သဖွယ် မြင်မြင်သမျှ သက်ရှိတိုင်းကို ဇီဝိန်ခြွေနေလေသည်။
လောလောဆယ်တွင် သင်္ချိုင်းထဲ၌ တာအိုနယ်ပယ်ကျင့်ကြံသူသုံးယောက် ရှိသည်။ နှစ်ယောက်က မန်ဟို့လမ်းကို တားဖို့ ကြိုးစားခဲ့သော အနှစ်သာရ ၂ခု တာအိုနယ်ပယ်ကျင့်ကြံသူများဖြစ်ပြီး နောက်တစ်ယောက်ကတော့ သုံးယောက်အထဲ အစွမ်းထက်ဆုံး ရွှမ်တောက်စစ်ပင်။
သူတို့သုံးယောက်လုံးသည် သူတို့၏ကျင့်ကြံခြင်းအခြေခံများကြောင့် အသာစီးရနေသည်ကို အားကိုးရင်း မတူညီသောနေရာများတွင် မန်ဟို့ကို ရှာနေကြ၏။
ဤအခိုက်အတန့်တွင် မန်ဟို့ရှေ့၌ ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူခြောက်ယောက် ပေါ်လာသည်။ သူတို့သည် အုပ်စုဖွဲ့၍ ဂရုတစိုက် သွားနေကြလေသည်။ ဤသုသာန်မြေအောက်နှင့်ပက်သက်သမျှ အရာအားလုံးက သူတို့ကို ထိတ်လန့်ချောက်ချားစေသဖြင့် လောလောဆယ်တွင် ခြောက်ယောက်သား ကံကြမ္မာကောင်းကို တွေးမနေတော့ဘဲ ထွက်ပေါက်ကိုသာ ရှာနေကြ၏။
သူတို့ တရိပ်ရိပ် ဆက်သွားနေစဉ် တစ်ယောက် တိုးတိုးလေး ကပ်ပြောသည်။ "အဲ့ဒီအသံက ဘာအသံကြီးလဲ"
ကျန်ငါးယောက်၏ မျက်နှာများ ရိပ်ခနဲဖြစ်သွားကြပြီး ဘေးဘီဝဲယာကို သတိကြီးကြီး ကြည့်လိုက်ကြသည်။
မူမမှန်တာတစ်ခုကိုမှ မမြင်လျှင် သူတို့မှာ ပို၍ပင်ထိတ်လန့်လာကြ၍ အရှိန်တင်လိုက်ကြသည်။ သို့သော် …. ခြောက်ယောက်လုံး ကြက်သီးထဖွယ် တရှပ်ရှပ်ခြေသံများကို ကြားလိုက်ရရန် သိပ်မကြာလိုက်ပေ။
ထိုခြေသံများက သူတို့ခြောက်ယောက်၏ခြေသံများ ဖြစ်သော်လည်း ယခုတွင် ... ခုနစ်ယောက်၏ခြေသံ ရှိနေကြောင်း သူတို့ သဘောပေါက်လိုက်လေပြီ။
ကျင့်ကြံသူခြောက်ယောက်လုံး ခေါင်းနပန်းကြီးသွားပြီး တစ်ယောက်ကိုတစ်ယောက် စိတ်ချင်းဆက်သွယ်ရင်း ကျင့်ကြံခြင်းအခြေခံအစွမ်းအားကို ထုတ်ဖော်ကာ နတ်ဘုရားစွမ်းရည်များအား အရပ်လေးမျက်နှာသို့ ထုတ်လွှတ်လိုက်ကြသည်။ မှော်သိုင်းကွက်များ၏အလင်းရောင်က ချက်ချင်းဆိုသလို အရိုးစုအရိပ်တစ်ခုကို ဖော်ပြလိုက်လေသည်။
ဝုန်း ဝုန်း ဝုန်း
တဝုန်းဝုန်းမြည်သံများက သင်္ချိုင်းဂူတစ်ဂူလုံးတွင် ဟိန်းထွက်သွားသဖြင့် ထိုနေရာရှိ ကျင့်ကြံသူအတော်များများ ကြားလိုက်ကြရသည်။ သို့သော် နတ်ဘုရားစွမ်းရည်များ ထုတ်လွှတ်နေသော ကျင့်ကြံသူများအတွက်မူ အင်မတန် သည်းထိတ်ရင်ဖိုစရာကောင်း၏။ သူတို့၏မှော်သိုင်းကွက်များနှင့် နတ်ဘုရားစွမ်းရည်များက အရိုးစုအရိပ်ကို ထိသွားသော်လည်း ရလဒ်အနေဖြင့် တဘန်းဘန်းမြည်သံများကိုသာ ခပ်သဲ့သဲ့ ကြားလိုက်ရသည်။ ထိုအရိပ်ကား နည်းနည်းလေးမှ ထိခိုက်မသွားပေ။
“အားနည်းလွန်းတယ်” အရိုးစုအရိပ်က ပြုံးရင်း ပြောသည်။ သူသည် ရှေ့တက်လိုက်သည့်အခါ သူ့လက်ခလယ်သည် ကျင့်ကြံသူခြောက်ယောက်၏နဖူးများအား လျှပ်စီးသဖွယ် ဖျတ်ခနဲ ဖျတ်ခနဲ ထိုးလိုက်၏။
၎င်းက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းပင်။ အရိုးစုမန်ဟိုကား တဆတ်ဆတ်တုန်လျက် ပြာကျသွားသော ကျင့်ကြံသူခြောက်ယောက်၏အရှေ့တည့်တည်သို့ ရောက်လာခဲ့လေပြီ။ ထွက်လာသောအဖြူရောင်မြူငွေ့များကို သူက စုပ်ယူရင်း သူ့အသွေးအသားများကို ပိုပြည့်လာစေသည်။ ယခုတွင် သူသည် အရိုးစုနှင့်မတူတော့ဘဲ အရိုးပေါ်အရေတင်နေသောလူသဖွယ် ဖြစ်လာ၏။
“ကဲ” မန်ဟိုက တိုးညင်းစွာ ဆိုသည်။ “ဒီအပြင်အားကိုယ်ရဲ့ အတိုင်းအတာကို စမ်းသပ်ဖို့ အလျင်လိုနေစရာမလိုပါဘူး။ ဒီရောင်ရင်းက မှော်ပစ္စည်းတွေနဲ့ ပတ်သက်ရင် တော်တော်လေး မွဲတာပဲ။ သိုလှောင်အိတ်က မပြောင်နေရုံတမယ်ပဲ ရှိတယ်” မန်ဟို့သိုလှောင်အိတ်ထဲတွင် ဒယ်အိုးတစ်လုံး၊ လှံတစ်လက်နှင့် ဓားများမှအပ မည်သည့်အရာမှ သူ မတွေ့ရပေ။
လောဘသည် သိုလှောင်အိတ် ထိုမျှပြောင်နေခြင်းက မည်မျှသံသယဝင်စရာကောင်းကြောင်း သတိထားမိဟန်မတူ။ ယခင်က ၎င်းတွင် ကြေးမုံတစ်ချပ်၊ ကြက်တူရွေးတစ်ကောင်၊ အသားဂျယ်လီတစ်တုံး၊ အင်မော်တယ်ကျောက်စိမ်းအပုံများ၊ အကြွေးစာချုပ်အထပ်လိုက်နှင့်တကွ မှော်ပစ္စည်းများ ရှိခဲ့လေသည်။
သို့သော် ယခုမူ ထိုအရာများအား မည်သည့်နေရာတွင်မှ မမြင်ရ။
“ကိစ္စမရှိဘူး။ ဒီမန်ဟိုက တိုက်ပွဲတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရတာဖြစ်မယ်။ သူ့အဖိုးတန်ပစ္စည်းတွေကို သုံးခဲ့ရမှာပဲ။ အခုလိုပြောင်နေတာလည်း အံ့ဩစရာမရှိပါဘူး။ ကြည့်ရတာ ဒီကျန်ခဲ့တဲ့ပစ္စည်းတွေက တော်တော်လေး ကောင်းတဲ့ပုံပဲ။ ဒါပေမဲ့ ငါ့ အနှစ်သာရစွမ်းအားကို သုံးလိုက်တာနဲ့ ပိုလို့တောင် အစွမ်းထက်သွားဦးမယ်”