အာဂ,လူ
Vol. 89 Ch. 1240
လောဘ ပူးကပ်ထားသော မန်ဟိုက သူ့လက်ကို မြှောက်လိုက်သည်။ ထိုလက်ထဲတွင် ပေါ်လာသည်ကား လောကသစ်ပင်သားဖြင့် ဖန်တီးထားသော လှံရိုး၊ အရိုးဖြင့် ပြုလုပ်ထားသော လှံထိပ်ဖျားဖြင့် လှံတစ်လက်ဖြစ်၏။
“ဟ ဒီပစ္စည်းက တော်တော်လေး ထူးကဲတာပဲ... လှံအရိုးကလည်း ရှားသလို၊ လှံထိပ်ဖျားကလည်း တာအိုနယ်ပယ်သားရဲတစ်ကောင်အရိုးဖြစ်ပုံရတယ်... ကံဆိုးစွာနဲ့ ပုံသွင်းထားတဲ့ပုံစံက မှားနေတော့ ချို့ယွင်းချက်တွေ အများကြီး ရှိနေတာပဲ။ ဒါပေမဲ့ ဒီထက်ပိုပြီး အရေးကြီးတာက ... လှံဟာ ချိတ်ပိတ်ထားရတယ်” မန်ဟိုက လှံရှည်ကို မြှောက်၍ တခဏလေ့လာပြီးနောက် ပြုံးလိုက်သည်။
“စိတ်ဝင်စားစရာတော့ အကောင်းသား။ ငါ့ဇာတိက ကျင့်ကြံသူတစ်ယောက်က ဒါကို ချိတ်ပိတ်ခဲ့တာကိုး။ ဒီက ဘယ်သူမဆိုအတွက် အဲ့ဒါကို ချိတ်ပွင့်ပေးဖို့ ခက်ခဲလိမ့်မယ်။ ချိတ်စည်းကို ဖယ်ရှားနိုင်ကောင်း ဖယ်ရှားနိုင်လောက်ပေမယ့် လှံလည်း ပျက်သွားလိမ့်မယ်
“ဒါမဲ့ ငါ့အတွက်တော့ ချိတ်ဖွင့်ပေးဖို့က လွယ်လွယ်လေးပဲ” သူက လက်ကိုဝှေ့ယမ်းလိုက်ကာ လှံထံမှ တဝီဝီမြည်သံများ ထွက်လာစေသည်။ ထို့နောက် သူသည် သူ၏နတ်ဘုရားအာရုံကို အရပ်မျက်နှာတခွင်ဖြန့်ကျက်ရင်း သင်္ချိုင်းတစ်လျှောက် ပျံသန်းသွားပြီး ရုတ်တရက် ချာခနဲလှည့်ကာ မတူညီသောအရပ်သို့ ဦးတည်သွား၏။
သူ့အတွက် ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူနှစ်ယောက်နှင့် နီးကပ်သွားရန် သိပ်မကြာလိုက်ပေ။ ချက်ချင်းဆိုသလို နှစ်ယောက်သား မျက်နှာပျက်သွားကြသည်။ သူတို့ ထွက်ပြေးတော့မည့်အချိန်မှာပင် လှံရှည်က ကျင့်ကြံသူတစ်ယောက်၏နဖူးကို ထိုးစိုက်၍ ထိုသူ၏ခန္ဓာကိုယ်ကို အပြီးတိုင်ဖျက်စီးရင်း မန်ဟို့လက်ထဲတွင် ပေါ်လာခဲ့လေပြီ။
လှံက ရပ်မသွား။ ၎င်းသည် ဒုတိယကျင့်ကြံသူ၏နှလုံးသားကို ဆက်လက်ထိုးစိုက်လိုက်ရင်း သူ့အား ပေါက်ကွဲသွားစေသည်။
သူတို့နှစ်ယောက် သေသွားကြသည့်အခိုက်အတန့်တွင် မန်ဟို့ဘယ်လက်က တောင်ပင်လယ်လောက၏ မှော်ကျင့်စဉ်တစ်ခုမဟုတ်သော ထူးဆန်းသည့် ချုပ်နှောင်ကွက်တစ်ကွက်ကို ဖော်လိုက်သည်။ ထို့နောက် သူသည် လက်ချောင်းကို ဝှေ့ယမ်းလိုက်ကာ ကျင့်ကြံသူနှစ်ယောက်၏ဝိညာဉ်များကို အတင်းအဓမ္မ ထုတ်လိုက်၏။ ပြီးလျှင် သူ့လက်ထဲတွင် ဝိညာဉ်များအား ဖြစ်ညစ်ဆုပ်ခြေ၍ မှော်သင်္ကေတနှစ်ခုအသွင် ပြောင်းလဲကာ လှံရှည်အပေါ် ကျရောက်သွားစေသည်။
“ပွင့်လော့” သူက အမိန့်ပေးလိုက်သည်။ သူ့လက်ထဲရှိ လှံသည် တုန်ရီလာပြီးနောက် အရေခွံကွာကျနေသကဲ့သို့ အက်ရာများ ၎င်း၏မျက်နှာပြင်တစ်လျှောက် ပျံ့နှံ့သွား၏။ ထို့နောက် လှံက မိုးပြာရောင်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသဖြင့် ဩဇာကြီးမားသောအရှိန်အဝါတစ်ခု လိမ့်ထွက်လာသည်။
မထင်မှတ်ဖွယ်ကောင်းစွာနှင့် လှံထိပ်ဖျားသည် ခရမ်းရောင်ခန္ဓာကိုယ်၊ ခေါင်းထိပ်တွင် ချိုအရှည်ကြီးနှင့် ရက်စက်ကြမ်းကြုတ်သောသရဲတစ်ကောင်၏ ပုံရိပ်အသွင် ပြောင်းလဲသွား၏။ ထိုသရဲကား မကောင်းဆိုးဝါးဝိညာဉ်တစ်ကောင်နှင့် တူသော်လည်း အမှန်တော့ ရှေးခေတ်မှ သားရဲကြီးတစ်ကောင် ဖြစ်လေသည်။
လှံမှ ဖိအားက ဝုန်းခနဲ ဖြာထွက်လာသည်။ ဤသည်မှာ လှံ၏မူလပုံစံကို ပြန်လည်မွေးဖွားလိုက်သကဲ့သို့ ကြီမားသောအပြောင်းအလဲတစ်ခု ဖြစ်ပေသည်။
“အခုမှပဲ ဟိတ်ဟန်နည်းနည်းပါးပါး ရှိသွားတော့တယ်” လောဘက စဉ်းလဲသောအပြုံးဖြင့် ဆိုသည်။ ထို့နောက် သူသည် လှံကို သိမ်းပြီးနောက် ရှေ့ဆက်သွားနေရင်း မိုးကြိုးဒယ်အိုးကို ထုတ်လိုက်၏။
“ဒီလူနဲ့ ငါက တကယ် ရေစက်ပါတဲ့ပုံပဲ။ ဒါပေမဲ့ ဒယ်အိုးကတော့ သန့်စင်ပြောင်းလဲထားပြီးသား” သူက ရုတ်တရက် သူ့လက်ကို အောက်သို့ ခါချလိုက်ရာ မိုးကြိုးမီးလုံးတစ်လုံးသည် သူ့လက်ဖဝါးမှ ဂျိန်းခနဲ ထွက်သွားပြီး မိုးကြိုးဒယ်အိုးကို ဝန်းရံလိုက်သည်။
ဖျစ်ဖျစ်ဖျောက်ဖျောက်မြည်သံများကို ကြားရနိုင်ပြီး အက်ရာများက ဒယ်အိုးတစ်လျှောက် ဖြာထွက်သွားသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းကား ကြေမွသွားလေပြီ။ သို့သော် တစ်ချိန်တည်းမှာပင် မန်ဟိုက လက်နှစ်ဖက်မုဒြာလက်ကွက်တစ်ကွက် ဖော်ပြီးနောက် သွေးတစ်လုပ်ထွေးကာ ဒယ်အိုးက အသစ်ပြန်တည်ဆောက်လိုက်သည်။
“ပြန်စုစမ်း”
တဒင်္ဂလေးအတွင်း ဒယ်အိုး၏ အစအနများသည် အဆုံးမဲ့မှော်အလင်းရောင်ဖြင့် တောက်ပနေပြီဖြစ်သော ဒယ်အိုးတစ်လုံးပုံသဏ္ဍာန် ပြန်စုစည်းသွားခဲ့၏။ တောင်များ၊ မြစ်များနှင့် မရေမတွက်နိုင်သည့် သက်ရှိသတ္တဝါများကို ၎င်း၏မျက်နှာပေါ်တွင် မြင်ရနိုင်ပြီး အားလုံးအထဲ ရင်သပ်ရှုမောဖွယ်အကောင်းဆုံးမှာတော့ ၎င်းကို ဝန်းရံနေသော လျှပ်စီးမိုးကြိုးများ ပိုမိုသိပ်သည်းလာခြင်းဖြစ်၏။
မူလတုန်းကထက် များစွာအားကောင်းသော အံ့မခန်းလိလိဖိအားတစ်ခုသည်လည်း ဒယ်အိုးထံမှ လိမ့်ထွက်လာသည်။ ၎င်း ထိုနေရာတွင် ဖြည်းညင်းစွာ လည်နေစဉ် ဖြာထွက်နေသော အဆုံးမဲ့မိုးကြိုးလျှပ်စီးများက မန်ဟို့အား ပို၍ရှိန်စဖွယ်ကောင်းသွားစေသည်။
“နေရာလဲသိုင်း။ ဘယ်လိုလုပ်ပြီး အသွေးအသားကိုယ်ပဲ သုံးခွင့်ရှိမှာတုန်း” သူက တဟားဟား အော်ရယ်ရင်း ရှေ့သို့လျှောက်သွားပြီး အနီးနားရှိ နံရံတစ်ခုကို ဝင်တိုက်၍ အခြားတစ်ဖက်သို့ ထိုးဖောက်လိုက်သည်။
“ဓာတ်ငါးပါးမိုးကြိုးဒယ်အိုး အခု တကျော့ပြန်ရောက်လာပြီ” နံရံအပေါက်မှ ဖြတ်ပြီး စင်္ကြံတစ်ခုထဲတွင် ပေါ်လာသည့်အခါ သူက သူ့လက်ချောင်းကို အောက်ရှိခန်းမထံသို့ ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းပင် မိုးကြိုးဒယ်အိုးသည် ဂျိန်းခနဲ ထစ်ချုန်းရင်း သူ လက်ညှိုးထိုးနေသော ဘက်သို့ တဟုန်ထိုးထွက်သွားသည့် ငွေနဂါးအသွင်မိုးကြိုးများကို ထုတ်လွှတ်လိုက်၏။
စင်္ကြံ၏အောက်တွင် အနှစ်သာရ ၃ ခု တာအိုနယ်ပယ်ကျင့်ကြံသူနှစ်ယောက်အနက်မှ တစ်ယောက်ရှိသည်။ သူက မျက်နှာပျက်သွားပြီး သူ့ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်လွှတ်ရင်း မာန်သွင်းဟိန်းဟောက်လိုက်သည်။ ထိုစွမ်းအားက တိုက်တိုက်ဆိုင်ဆိုင် သစ်သားဓာတ်အမျိုးအစား ဖြစ်နေသည်။ ၎င်းက မိုးကြိုးများထံ ပြေးဝင်သွားသော ဧရာမသစ်ပင်ကြီးတစ်ပင်ကို ဖော်ဆောင်ပေးလိုက်လေသည်။
သူက ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက်ဖော်ရင်း နောက်ဆုတ်ပြီးနောက် သူ၏လက်ချောင်းကို မန်ဟို့ထံ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ကျောက်ဆူးချွန်များက မန်ဟို့ကို ထိုးစိုက်ရန် နေရာအနှံ့အပြားမှ ထွက်လာသဖြင့် စင်္ကြံတစ်ခုလုံး တသိမ့်သိမ့် တုန်ခါလာတော့သည်။
တစ်ဆက်တည်းမှာပင် လက်ကြီးနှစ်ဖက်က မြေကြီးထဲမှ ထိုးထွက်၍ မန်ဟို၏ခြေနှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။
"မြေအနှစ်သာရ အရာခပ်သိမ်းမြှုပ်နှံလိုက်စမ်း" အဘိုးအိုက ဟိန်းဟောက်လိုက်စဉ် လက်နှစ်ဖက်လုံးကို ဝှေ့ယမ်းရင်း မြေကြီးအား ပြိုကျသွားစေသဖြင့် တဝုန်းဝုန်းမြည်သံများ ဆူညံလာသည်။ ထို့နောက် ကြောက်ခမန်းလိလိစွမ်းအားလှိုင်းတစ်လှိုင်းက မန်ဟို့ကို လွှမ်းမိုးရန် ပြင်ရင်း ဖြာထွက်လာ၏။
"ဓာတ်ငါးပါးမိုးကြိုးဒယ်အိုး" မန်ဟိုက အေးစက်စက် ပြောသည်။ "ဓာတ်ငါးပါးကို မိုးကြိုး၊ မြေကြီးကို မိုးကြိုး၊ သစ်သားကိုမိုးကြိုးအဖြစ် ပြောင်းလဲပြီး ထိုလူကို သတ်လော့" ဧရာမသစ်ပင်ကြီးမှာ ပုံပျက်ပြီး အစိမ်းရောင်မိုးကြိုးတန်းများအသွင် ပြောင်းရင်း ပြိုကွဲသွားတော့သည်။ ထိုအစိမ်းရောင်မိုးကြိုးတန်းများက ချာခနဲ လှည့်၍ သက်လတ်ပိုင်းလူထံ ဦးတည်သွား၏။
တစ်ချိန်တည်းမှာပင် မြေစွမ်းအားလှိုင်းက နောက်ပြန်လှည့်လိုက်ပြီး သက်လတ်ပိုင်းလူဆီ မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် တဟုန်ထိုး၀င်ရောက်သွားသော မီးခိုးရောင်မိုးကြိုးတန်းများအသွင် ပြောင်းသွားသည်။
သက်လတ်ပိုင်းလူမှာ မျက်စိမျက်နှာပျက်သွားပြီး သူ တုံ့ပင်မတုံ့ပြန်နိုင်ခင် ခေါင်းငုံ့ကြည့်လိုက်ရာ အရိုးပေါ်အရေတင်လက်တစ်ဖက်က သူ၏ရင်ဘတ်ထဲသို့ စိုက်၀င်နေခဲ့ပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
ထိုလက် မည်သည့်အချိန်က ပေါ်လာခဲ့မှန်း သူ မသိသော်လည်း ၎င်းက သူ၏နှလုံးသားကို ဆုပ်ကိုင်ထားခဲ့လေပြီ။ ၎င်းသည် သူ၏နှလုံးသားတစ်ခုတည်းကို ဆုပ်ကိုင်ထားသယောင် ထင်ရသော်လည်း သူ၏ဝိညာဉ်၊ သူ၏အသက်စွမ်းအား၊ သူ၏အရာအားလုံး ဆုပ်ကိုင်နေရသလို ခံစားရ၏။ သူ၏အနုသုခုမနတ်ခန္ဓာမှာလည်း ထိုလက်ကြီး၏ ချုပ်နှောင်ခြင်းခံထားရသကဲ့သို့ သူ၏အပြင်အားကိုယ်ထဲမှ ထွက်ပြေးမရဖြစ်နေသည်။
"မလုပ်ပါနဲ့....." သက်လတ်ပိုင်းလူက ကြောက်လန့်တကြား တောင်းဆိုသည်။ အရိုးပေါ်အရေတင်လက်ကြီးက ရက်ရက်စက်စက် ဖြစ်ညှစ်ပစ်လိုက်ရာ သူ့နှလုံးသားသည် အစိတ်စိတ်အမွှာမွှာ စုတ်ပြတ်သွားတော့၏။ ထိုလူ၏ခန္ဓာကိုယ်မှာ အကြောဆွဲသကဲ့သို့ တဆတ်ဆတ် တုန်ရီပြီးနောက် ပြာကျသွားသည်။ အချိန်အနည်းငယ်ကြာသော် လောကပူးကပ်ထားသော မန်ဟိုက နှုတ်ခမ်းကိုသပ်ရင်း အနောက်တွင် ပေါ်လာသည်။
ထိုလူသေသွားသောအခါ အဖြူရောင်မြူငွေ့အမြောက်အမြားက မန်ဟို့ကိုယ်ထဲ စီးမျောဝင်ရောက်ရန် လေပေါ် မြောက်တက်လာကြသည်။ သူ၏ အရိုးပေါ်အရေတင်အပြင်အားကိုယ်ထံမှ တဂျွတ်ဂျွတ်မြည်သံများ ထွက်လာပြီး အသားတွေပြည့်လာသည်။ သူ့ပုံစံကား အတန်ငယ်ဖြူဖပ်နေရုံမှအပ ဆိုးဆိုးရွားရွား ကြောက်စရာမကောင်းတော့ပေ။
“တွေ့လား မန်ဟို။ ငါက မင်းရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးနေတာကွ။ ဒီနေရာမှာရှိတဲ့ လူတိုင်းကို သုတ်သင်နိုင်အောင် မင်းကို ကူညီပေးနေတာ...” တစ်ယောက်ယောက်သာ မန်ဟို နှုတ်ခမ်းပါးနားသပ်နေသည်ကို မြင်လျှင် သေချာပေါက် ထူးဆန်းကြောင်း တွေ့ရလိမ့်မည်။
“ကဲ ဒီဓားတွေကို ကြည့်ရတာပေါ့” သူက လက်ကို ဝှေ့ယမ်းရင်း သိုလှောင်အိတ်ထဲမှ ဓားပျံတချို့ ပျံထွက်လာစေသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ဤသည်မှာ မန်ဟို အလောင်းအမျိုးမျိုးမှ စုဆောင်းရရှိခဲ့သော သစ်သားဓားများ ဖြစ်နေသည်။
လောဘပူးကပ်ထားသော မန်ဟိုသည် ၎င်းတို့ကို မြင်လိုက်လျှင်ချင်း တုန်လှုပ်သွားပြီး ထူးဆန်းသောအလင်းရောင်တစ်စက သူ၏မျက်ဝန်းများတွင် တောက်ပလာ၏။
“ဒါတွေက ... တခြားမဟာကုန်းမြေတစ်ခုမှာ ...အင်မော်တယ်တွေကို သတ်ဖို့အတွက် သီးသန့်သွန်းလုပ်ထားတဲ့ ဓားတွေ.... အင်မော်တယ်ဇီဝိန်ချုပ်ဓားတွေပဲ။ ဒီဓားတွေလည်း ချိတ်ပိတ်ခံထားရတယ်... ဒီမန်ဟိုရဲ့ အိတ်က တော်တော်လေးနုံချာခဲ့ပေမယ့် ပိုင်ဆိုင်ထားတဲ့ပစ္စည်းတွေက တကယ့်ရတနာတွေပါလား" လောဘသည် နှုတ်ခမ်းသပ်ရင်း ဓားများကို ထုတ်လိုက်၏။ မျက်လုံးများ ထူးခြားစွာတောက်ပနေလျက် သူက အသက်ဝဝရှူပြီးနောက် မီးအနှစ်သာရတစ်လုပ် ထွေးလိုက်သည်။
မီး သစ်သားဓားများကို ထိလျှင်ချင်း သူက လက်နှစ်ဖက်မုဒြာလက်ကွက်တစ်ကွက် ဖော်သည်။ ထို့နောက် တည်ကြည်လေးနက်နေသောမျက်နှာထားဖြင့် ဆန်းဆန်းပြားပြား ဂါထာများကို မန်းမှုတ်လိုက်၊ မုဒြာလက်ကွက်များ ဖော်လိုက် လုပ်နေသည်။ အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် ချွေးသီးချွေးပေါက်များ သူ့နဖူးထက်မှ စီးကျလာပြီး သူ့အရှိန်အဝါက အားနည်းသွားလေသည်။
သို့သော် ဓားများက ဓားတစ်လက်တည်းအဖြစ် ပေါင်းစည်းနေသည့်အလား တစ်လက်အပေါ်တစ်လက် ထပ်စပြုလာသည်။ ထိုတစ်လက်တည်းသော ဓား ကျလာသောအခါ လောဘသည် ၎င်းကို ဖမ်း၍ အတန်ငယ်စိတ်ပျက်နေသောဟန်ဖြင့် ကြည့်လိုက်၏။
“နှမြောစရာပဲ” သူက သက်ပြင်းချလိုက်သည်။ “ဒါက ငါ ရင်းနှီးတဲ့ တည်ဆောက်ပုံမဟုတ်တော့ မှတ်မိထားတဲ့အပေါ် အခြေခံပြီးပဲ စုစည်းနိုင်ခဲ့တယ်။ မူလအခြေအနေကို ပြန်မပို့နိုင်ခဲ့ဘူး” ထို့နောက် သူက အသက်ပြင်းပြင်းရှူလိုက်ရာ တစ်လက်တည်းအဖြစ် ထပ်နေသော ဓားများသည် သူ၏ခံတွင်းဝထဲ ဝင်သွားသော အနက်ရောင်အတန်းတစ်တန်းအသွင် ပြောင်းသွား၏။
“ကဲ အခုကတော့ ငါ့ကျင့်ကြံခြင်းအခြေခံအတွက် အချိန်ကျပြီ” သူသည် အသက်ပြင်းပြင်းနောက်တစ်ကြိမ် ရှူလိုက်ကာ သင်္ချိုင်းဗိမာန်ထဲတွင် မိုးခြိမ်းသံများ ပြည့်နှက်သွားစေပြီး လေကြမ်းကြမ်းတစ်ချက် တိုက်ခတ်သွားစေသည်။ သူ၏စွမ်းအင်က ရုတ်တရက် လျင်မြန်စွာ မြင့်တက်လာပြီး လောကပါလအင်မော်တယ်တစ်ဦး၏ သွေးဆက်တန်ခိုးသည် လိမ့်ဖြာထွက်လာ၏။ အတိမ်းအစောင်းမခံနိုင်သော အမှတ်တစ်မှတ်သို့ ရောက်ပြီးနောက်တွင် သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားက သူ့ကိုယ်ထဲရှိ ပါရာဂွန်တံတားကို မြင်သာလာစေသည်။
“အဲ့ဒါ....” လောဘ၏အမူအရာမှာ မယုံနိုင်သည့်ဟန်ဖြစ်သွားပြီး သူကား ထခုန်မိမတတ် ဝမ်းသာသွားတော့သည်။
“အဲဒီတံတားပဲ။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ။ အဲ့ဒါက….
“သူ့ကိုယ်ထဲမှာ တကယ်ကြီး အဲဒီ့တံတားရှိနေတာပဲ
“ပွပြီ။ ဒီကံကြမ္မာကောင်းက ငါ့အတွက် ဘယ်လောက်အသုံးဝင်လဲ ပြောပြလို့တောင်မရဘူး။ ငါ့တစ်ဘဝလုံးမှာ အကြီးမားဆုံးကံကြမ္မာကောင်း ဖြစ်လောက်တယ်” သူက တဆတ်ဆတ်တုန်ရီနေလျက် ခေါင်းနောက်လှန်ကာ တဟားဟား အော်ရယ်တော့သည်။
“ငါ့အပြင်အားကိုယ်ခွန်အားက ပြီးပြည့်စုံပေမယ့် ကျင့်ကြံခြင်းအခြေခံမှာတော့ ချို့ယွင်းချက်တချို့ ရှိသေးတယ်။ ကိစ္စမရှိဘူး ဒီကျင့်ကြံခြင်းအခြေခံကို အခုချက်ချင်း အဆင့်မြှင့်ပေးနိုင်တဲ့ နည်းလမ်းတွေ ငါ့မှာ ရှိတယ်" သူသည် လက်ကိုမြှောက်၍ မန်ဟို၏ စတုတ္ထနိဗ္ဗာနသစ်သီးကို ထုတ်ကာ စူးစမ်းကြည့်လိုက်သည်။
“ဒဏ်ရာတွေ အရမ်းပြင်းထန်ခဲ့လို့ မန်ဟို့မှတ်ဉာဏ်တွေ မှုန်ဝါးနေတာ ဆိုးလွန်းတယ်။ သူ့ဝိညာဉ်ဒဏ်ရာရထားတဲ့ကျေးဇူးကြောင့် ငါ သိပ်များများ မမြင်နိုင်တော့ ဒီပစ္စည်းက ဘာလဲ မသိဘူး။ ဒါပေမဲ့ ဒီဟာမှာ ငါ့ကျင့်ကြံခြင်းအခြေခံစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့အစွမ်းရှိတာ ခံစားနေရတယ်” တခဏတွေးပြီးသော် သူက နိဗ္ဗာနသစ်သီးကို သူ့နဖူးအပေါ် ဖိချလိုက်သည်။
သူ၏ကျင့်ကြံခြင်းအခြေခံ တဟုန်ထိုးမြှင့်တက်နေစဉ် သူသည် ခေါင်းနောက်လှန်၍ ဟိန်းဟောက်ရင်း တုန်ရီနေ၏။ အချိန်အနည်းငယ်ကြာသော် စတုတ္ထနိဗ္ဗာနသစ်သီးက ရုတ်တရက် သူ့နဖူးအပြင် ထွက်လာသည်။ သူ့အတွက် ၎င်းကို အပြည့်အဝ စုပ်ယူဖို့ မဖြစ်နိုင်၍ ၎င်းက အောက်သို့ကျသွားလေသည်။
“ပြန်လာခဲ့စမ်း” လောဘက မျက်လုံးများ အေးစက်စက် တောက်ပနေလျက် ပြောသည်။ သူသည် ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက်ဖော်ပြီးနောက် သူ၏လက်ချောင်းတစ်ချောင်းအား နဖူးအပေါ် ဖိချရင်း ချိတ်စည်းတစ်ခု ဖန်တီးရန် သူ၏အသက်စွမ်းအားအနှစ်သာရတချို့ကို သုံးလိုက်ပြန်သည်။ ထို့နောက် စတုတ္ထနိဗ္ဗာနသစ်သီးအား သူ့ကိုယ်ထဲတွင် အတင်းအကြပ်ပိတ်ထားဖို့ ကြိုးစားလိုက်၏။
မန်ဟိုအစစ်သာဆိုလျှင် ယခုလိုအရာမျိုး လုပ်နိုင်မည်မဟုတ်ပေ။ သူ့တွင် ထိုကဲ့သို့ချိတ်စည်းတစ်ခု ဖန်တီးနိုင်စွမ်းမရှိသလို၊ လိုအပ်သော အသက်စွမ်းအားပမာဏကိုလည်း သူ မတတ်နိုင်ပေ။
သို့သော် ယခုတွင် .... သူ၏ခန္ဓာကိုယ်ကို ပူးကပ်ထားသော ပုဂ္ဂိုလ်ကြောင့် သူ၏နိဗ္ဗာနသစ်သီးမှာ ... သူနှင့် ပေါင်းစည်းရန် ဖိအားပေးခံနေရသည်။ သစ်သီးကို သူနှင့် ပေါင်းစည်းအောင် အတင်းအကြပ်လုပ်ဆောင်ခြင်းက သူ၏ကျင့်ကြံခြင်းအခြေခံကို တဟုန်ထိုးမြင့်တက်စေသော်လည်း တစ်ချိန်တည်းမှာပင် အသက်စွမ်းအားကုန်ခမ်းနှုန်းလည်း များပြားလာသည်။
“အသက်စွမ်းအားအနှစ်သာရ” လောဘက ကြွေးကြော်သည်။ သူ၏အသက်စွမ်းအားအနှစ်သာရကို အသုံးပြုခြင်းက စတုတ္ထနိဗ္ဗာနသစ်သီးကို ပေါင်းစည်းသွားသောအခြေအနေရောက်အောင် တွန်းပို့လိုက်သည်။ လောဘ၏အသက်စွမ်းအားအနှစ်သာရသည် သူ့ကို ဤမရဏနယ်မြေတွင် အသက်ရှင်နေစေသောအရာဖြစ်၏။ ၎င်းက ဤနေရာတွင် အကျဉ်းချခံရပြီးနောက်တွင်ပင် သူ့အား မသေစေခဲ့သော သော့ချက်ဆိုလည်း မမှားပေ။ ယင်းက ပုံမှန်အားဖြင့် သူ အနှမြောဆုံးအရာဖြစ်သော်လည်း မန်ဟို့ခန္ဓာကိုယ်တွင် တပ်မက်ဖွယ်အလားအလာများစွာကို ခံစားနေရသဖြင့် သူကား ၎င်းကို အဆင့်မြှင့်နိုင်သမျှ အဆင့်မြှင့်ဖို့ မည်သည့်အရာကိုမဆို စွန့်စားပေးဆပ်ရန် ဆန္ဒရှိနေလေသည်။