ကောင်းကင်လူသားအား ရိုက်သတ်ခြင်း
Vol. 26 Ch. 377
မူလဒီဗိုင်းအဆင့်နှင့် ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်၏ ကျင့်စဉ်တို့ကို သင်ကြားပေးပြီးနောက် လီရွှမ်သည် စုလင်းရှုံအား သွားရောက်ညွှန်ကြားပေးသည်။ သူမ၏ ဒန်ဆေးသိုင်းပညာအား ပိုမိုများပြားသည့် ဆန်းကြယ်မှုများ ထပ်ပေါင်းခဲ့သည်။
ယခုအချိန်၌ တပည့်သုံးယောက်လုံးအား သက်ဆိုင်ရာ နောက်ဆက်တွဲ ကျင့်စဉ်များကို သင်ကြားပြီးစီးသည်။
ရွှီယန်သည် ဒီဗိုင်းဆန္ဒအဆင့်၏ ကျင့်စဉ်အား နားလည်သဘောပေါက်ထားပြီး မုန့်ချုံမှာတော့ မဖျက်ဆီးနိုင်သည့် ကြီးမြတ်သောနေ ရွှေခန္ဓာ ပထမအဆင့်ကို နားလည်သဘောပေါက်ခြင်း မရှိသေးပေ။
စုလင်းရှုံမှာ တစ်လှမ်းချင်းစီ ဆက်လက်ကျင့်ကြံသွားရန်သာ လိုအပ်၏။ ရွှီယန်က သူမကို သူနားလည်သဘောပေါက်ထားသည့် ဒီဗိုင်းဆန္ဒအဆင့် ကျင့်စဉ်အား ရှင်းပြပြီးပြီ ဖြစ်သည။ သူမသာ ၎င်းကို နားလည်မှုရလာပါက အဆင့်ချိုးဖျက်ရန် ပြင်ဆင်နိုင်၏။
ဒန်ဆေးသိုင်းပညာ လမ်းစဉ်၏ လားရာအား ခြုံငုံကြည့်ပါက သန့်စင်သည့် သိုင်းပညာနှင့် တော်တော်လေး ဆင်တူပါသည်။ အထူးပြုသည့် နေရာအချို့ ကွဲပြားရုံသာ ရှိ၏။
စုလင်းရှုံ၏ မူလစိတ်ဝိညာဉ် အပါအဝင် ဒီဗိုင်းဆန္ဒဆင့်၏ အထက်ရှိ ဒန်ဆေးလုံးများအပေါ် သုတေသနပြုမှုမှာ တော်တော်လေး နက်ရှိုင်းသည့် သဘောတရားများ ပါဝင်ပြီး လိုအပ်သည့် စိတ်ဝိညာဉ်ဆေးပင်များမှာလည်း ရှားပါးသည်။ သူမတွင် ရှိသည့် ဆေးပင်များမှာ နည်းပါးလွန်း၏။
ကျောက်တုံးတစ္ဆေမြက်မှ လွဲ၍ ကျောင်မင်၏ သိုလှောင်အိတ်အတွင်းမှ ရွှီယန် ပြန်ယူလာခဲ့သည်များသာ ကျန်တော့သည်။
လုပ်စရာမရှိတော့ရာ လီရွှမ်သည် ချန်းလန်ကျွန်းပေါ်ရှိ အခြားလူများ၏ ကျင့်ကြံမှုတွင် ညွှန်ကြားချက်အချို့ ပေး၏။ ကြောင်နီသည် ရှီအာ၏ သိုင်းပညာ အခြေခံအား မြှင့်တင်မည်ဟူ၍ တိုက်ခိုက်မှုအပြင် ဝကစ်ကြောင်အဖြစ် ပြောင်းကာ စုလင်းရှုံ၏ ရှေ့တွင် ချစ်ဖို့ကောင်းစွာ လုပ်ပြပြီး ဆေးလုံးများကို တောင်းခံ၏။
ထင်ထားသည့်အတိုင်း ဒန်ဆေးလုံးများ နည်းပါးကြောင်းကို တွေ့ရပြီးနောက် ရွှီမိခင်ဆီသို့ ပြေးကာ ချစ်ဖို့ကောင်းစွာ ပြုမူသည်။ သူမကို အပျင်းပြေကာ ပျော်ရွှင်စေ၏။ ထိုအခါ ရွှီမိခင်ကလည်း ဒန်ဆေးလုံးများကို ကျွေးလေ့ရှိသည်။
လီရွှမ်က ခေါင်းကိုယမ်းသည်။ ကြောင်နီသည် ပိုမိုပိုမိုကာ ဉာဏ်ကောင်းလာ၏။ ရွှီယန်နှင့် မုန့်ချုံတို့မှာ သူတို့ နားလည်သဘောပေါက်မှုများကို နက်ရှိုင်းအောင် ပြုလုပ်ပြီး ကျင့်စဉ်များကို အသီးသီး ကျင့်ကြံကြသည်။
မုန့်ချုံမှာ ဆေဘာလမ်းစဉ်အပေါ် နားလည်သဘောပေါက်မှုတွင် ပိုမိုအာရုံစိုက်၏။
“ဒီအချိန်က.. ချီမန်သိုင်းပညာကို ဖန်တီးရမယ့် အချိန်ပဲ”
လီရွှမ်က ကိုယ့်ကိုယ်ကိုယ် စဉ်းစား၏။
ဒီအချိန်သည် သိုင်းပညာအသစ်ကို ဖန်တီးရန် အချိန်ကျပါပြီ။ ထိုက်ချန်းစာအုပ် အတွင်းရှိ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ နိယာမများကို အခြေခံယူကာ မှော်လက်နက်ကိရိယာ ထုလုပ်ခြင်း၊ အခင်းအကျင်းနှင့် ထောင်ချောက်တို့ကဲ့သို့သော ဆန်းကြယ်နည်းလမ်းများကို ဖန်တီးရပေမည်။ မလွယ်ကူပေမယ့် အနည်းဆုံးတော့ ကိုးကားမှုပြုစရာ ရှိ၏။
“ချီမန်သိုင်းပညာရဲ့ အနှစ်သာရက သူ့ရဲ့ ထူးခြားမှုအပေါ်မှာ.. သမရိုးကျမဟုတ်တဲ့ တိုက်ခိုက်မှုအပေါ်မှာ မူတည်တယ်..”
လီရွှမ်၏ စိတ်ထဲတွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နဂါးမြေကြော ပုံရိပ်၊ မြေမျက်နှာသွင်ပြင်၊ အခင်းအကျင်း ကန့်သတ်ချက်များ အစရှိသဖြင့် ပေါ်လာခဲ့သည်။ ကုလားထိုင်ပေါ်တွင် ထိုင်ကာ စိတ်နှင့် တာအိုရွှေစာအုပ်ကို ဖွင့်ပြီး ချီမန်သိုင်းပညာ၏ အခြေခံ ကျင့်စဉ်အား စတင် ချပေးသည်။ သုံးသပ်မှုကို ကြည့်၏။
သူသည် လိုအပ်သည်များကို ထပ်ပေါင်းကာ မွမ်းမှန်ရင်းက ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ နိယာမကို ချရေးသည်။ သူသည် ထိုက်ချန်းစာအုပ်၏ ပထမစာမျက်နှာကို ကောင်းမွန်စွာ ကူးရေးနိုင်နေပြီ ဖြစ်သည်။ သို့ပေမယ့် ဒုတိအဆင့်နှင့် နောက်ရှိ နိယာမများကိုတော့ ထိုမျှ ချောမွေ့စွာ ရေးနိုင်ခြင်း မရှိပါ။
သို့ပေမယ့် ဤသည်မှာ သူ့အတွက် ချီမန်ကျင့်စဉ် အစာပိုင်းအဆင့်အား ဖန်တီးရန် လုံလောက်နေပါပြီ။
“အတွင်းဘက်နယ်မြေကို ငါရောက်လာခဲ့တာ တော်တော်တောင် ကြာနေပြီ.. အပြင်တောင် သိပ်မလှည့်လည်ဖြစ်ခဲ့ဘူး.. ဒီအချိန်က ခရီးနည်းနည်းပါးပါး သွားကြည့်ရမယ့် အချိန်ပဲ။ ဖြစ်နိုင်တာက သင့်တော်တဲ့ တပည့်သစ်တစ်ယောက် ရလာနိုင်တယ်”
အချိန်ကြာရှည်စွာ အခြေချနေထိုင်ပြီးနောက် အတွင်းဘက်နယ်မြေတွင် လှည့်လည်ကြည့်ရန် လီရွှမ် စဉ်းစားမိသည်။ စိတ်ဝိညာဉ်နယ်မြေသို့ မသွားခင်တွင် အတွင်းဘက်နယ်မြေ တစ်လျှောက်ကို ကြည့်ရှုမည် ဖြစ်၏။ မဟုတ်ပါက လမ်းကြောင်းကို ဖြုန်းတီးရာ ကျပေလိမ့်မည်။
ထို့အပြင် ချီမန်သိုင်းပညာကို ဖန်တီးပြီးနောက် ကျင့်ကြံရန်အတွက် တပည့်ကိုလည်း လိုအပ်ပါသည်။ အတွင်းဘက်နယ်မြေသည် အလွန် ကျယ်ပြော၏။ ဖြစ်နိုင်သည်မှာ လူမှန်တစ်ယောက်ကို ရှာတွေ့နိုင်လောက်သည်။
ရွှီယန်နှင့် မုန့်ချုံတို့ ကျွန်းတွင် ရှိနေရာ ကောင်းကင်လူသားတစ်ယောက် တိုက်ခိုက်လာလျှင်တောင် သူ့အနေနှင့် ပြန်လာစရာ မလိုပေ။ ကောင်းကင်လူသားငယ်၏ ခွန်အားမှာ သာမန်မျှသာ ဖြစ်သည်။
လီရွှမ်သည် သူ၏ ကြောင်နီကို စီးသွားရန် စဉ်းစားထားသည်။ သို့ပေမယ့် ထိုဖက်တီးကျားသည် ရွှီမိခင်၏ ပေါင်ပေါ်တွင် လဲလျောင်းကာ ချစ်ဖို့ကောင်းစွာ လုပ်ပြနေကြောင်းကို တွေ့လိုက်ရ၏။ မဟာနတ်ဆိုးတစ်ကောင်၏ မည်သည့် ဂုဏ်သိက္ခာမှ မရှိပေ။
“ထားလိုက်ပါတော့.. ဒီကောင်ကြီးကို စီးသွားရင် သူများတွေ အာရုံစိုက်တာကို အရမ်းခံရလိမ့်မယ်”
လီရွှမ်သည် ထိုစိတ်ကူးကို လက်လျှော့ကာ ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်ပြီး ချန်းလန်ကျွန်းမှ ထွက်ခွာသွား၏။
တောင်ထိပ်ပေါ်တွင် ရွှီယန်သည် ဆရာဖြစ်သူ၏ လက်တစ်ဖက်တွင် ကျောက်စိမ်းအဆောင်ကို ကစားကာ လက်တစ်ဖက်ကို နောက်သို့ပစ်ပြီး မြစ်ပြင်ပေါ်၌ အေးအေးလူလူ လျှောက်ထွက်သွားမှုကို တွေ့လိုက်ရသည်။ သေမျိုးလောကသို့ လှည့်လည်ကြည့်ခြင်း ဖြစ်ပေလိမ့်မည်ဟု တွေးမိ၏။
“ငါ့ရဲ့ ခွန်အားကို အမြန်ဆုံး မြှင့်တင်ရမယ်.. ငါ့မိဘနဲ့ မိသားစုတွေကို ကာကွယ်ရမယ့် တာဝန်ကို ဆရာ့ကို တိတ်တဆိတ် ယူခိုင်းထားလို့ မရဘူး”
ရွီယန်၏ မျက်လုံးများက ခိုင်မာ၏။
“နှလုံးသားဓါး အဆင့်မှာ အရာအားလုံးက ဓါးဖြစ်လာတယ်။ ဒီဗိုင်းဆန္ဒအဆင့်မှာ ဒီဗိုင်းဆန္ဒ ရောက်တဲ့ နေရာတိုင်းက ကောင်းကင်ဆန္ဒပဲ… မူလဒီဗိုင်း၊ ဒီဗိုင်းဆန်းကြယ်စွမ်းအား…”
ရွှီယန်သည် တရားထိုင်ရင်းမှ တဖြည်းဖြည်း တစ်ခုခုကို နားလည်မှု ရလာခဲ့သည်။ သူသည် နှလုံးသားဓါး အဆင့်အား မည်ကဲ့သို့ ကျင့်ကြံရမည်ကို နားလည်တော့မည်ဟု ခံစားရ၏။
မု့န်ချုံက ကိုယ့်ကိုယ်ကိုယ် မွမ်းမံရင်းက ဆေဘာလမ်းစဉ်ကို လေ့လာနေ၏။ ဆေဘာဝိညာဉ်မှာ ပိုမိုသန်မာလာပြီး ဒူးပေါ်တွင် ကန့်လန့်တင်ထားသည့် ဆေဘာက သူနှင့် ပဲ့တင်ထပ်နေသည့်အလား အနည်းငယ် တုန်ခါနေသည်။
ရှင်းလင်းစွာပင် ဤသည်မှာ မည်သည့်အသိစိတ်(သို့) စိတ်ဝိညာဉ်မှ မရှိသည့် ဆေဘာတစ်ချောင်းသာ ဖြစ်သည်။ သို့ပေမယ့် သူနှင့် သဟဇာတဖြစ်သည့် ဆန်းကြယ်သည့် အခြေအနေသို့ ဝင်ရောက်နေ၏။
ဆေဘာဆန္ဒက လှည့်လည်ကာ ကြီးစိုးသည့် ဆေဘာဆန္ဒသည် လေကဲ့သို့ ညင်သာလာခဲ့၏။
ကျန်းကျွင်းရာတွင် ရှဲ့လင်ဖုန်းက ဓါးသိုင်းကို ကျင့်ကြံနေ၏။ လီရွှမ်ဆီမှ ညွှန်ကြားချက်ကို ရရှိပြီးနောက် သူသည် ခြေတစ်လှမ်းတည်းနှင့် ဓါးတာအို၏ တံခါးဝသို့ ခြေချနိုင်ရန် အလန် ခက်ခဲကြောင်းကို နားလည်လာခဲ့သည်။ အချိန်အလွန် ကြာရှည်မှာ စိုးရ၏။
သို့ရာတွင် ဓါးအားကို ကျင့်ကြံရန်တော့ များစွာ ပိုမိုလွယ်ကူသည်။ ဓါးအားကို အခြေခံအဖြစ် အသုံးပြုကာ ဓါးတာအို၏ တံခါးဝသို့ ခြေချနိုင်မည် ဖြစ်၏။
ဤသည်မှာ တစ်ကြိမ်တွင် အဆင့်တစ်ခု ချိုးဖျက်ခြင်းနှင့် တူညီသည်။ ထို့အပြင် ဓါးအားကို ကျင့်ကြံပြီးပါက ဓါးဆန္ဒလောက် စွမ်းအားမကြီးပေမယ့် ခွန်အားကို ကြီးစွာ မြင့်တက်စေနိုင်သည်။
ကျစ်ယွင်သည် သူနှင့်အတူ ကျော်ကြားသည့် ပါရမီရှင်တစ်ယောက် ဖြစ်သည်။ သို့ပေယ့် သူမသည် သူ့ထက်အရင် စစ်ဘုရင်အဆင့်သို့ တက်လှမ်းသွားခဲ့၏။
ကျန်းကျွင်းရာရှိ အခြား စွမ်းအားကြီး ဆရာသခင်များလည်း ဓါးသိုင်းများကို နေ့နေ့ညည ကျင့်ကြံနေကြသည။ ဤသည်မှာ ကျန်းကျွင်းရာမှ လူများအတွက် ဓါးလမ်းစဉ်အသစ်တစ်ခု ဖြစ်သည်။
ဓါးနန်းတော်သခင် ရှဲ့ထန်းဟန်မှလည်း ရှဲ့လင်ဖုန်း၏ ဓါးတာအိုအကြောင်း ရှင်းပြချက်ကို နားထောင်ပြီးနောက် အတွေးနက်နေ၏။
“သန့်စင်သော ဓါးနှလုံးသား.. ဓါးဆန္ဒ”
သူသည် ချောက်ကမ်းပါးထိပ်တွင် ရပ်ကာ တိမ်ပင်လယ်ကို ကြည့်ရှုနေ၏။ သူ၏ပုံစံက တည်ငြိမ်ကာ မည်သည့် ပင်ပန်းမှု(သို့) ရှုံးနိမ့်မှု ခံစားချက်မှ ရှိမနေပါ။
အတိတ်မှ တစ်ခါမှ မရှိခဲ့ဖူးသည့် ဓါးအားကို ပထမဆုံး နားလည်သဘောပေါက်ခဲ့သူသည် ဘယ်လိုလုပ်ပြီး အလွယ်တကူ စိတ်ယိုင်နဲ့မည်နည်း။
“လင်းနယ်မြေမှာရော ဒီလို ဓါးတာအိုမျိုး ရှိတာလား”
ရှဲ့ထန်းဟန်က ကိုယ့်ကိုယ်ကိုယ် ရေရွတ်သည်။
ဖြစ်နိုင်သည်မှာ မရှိလောက်ပေ။