မဖျက်ဆီးနိုင်သည့် ရွှေခန္ဓာ၊ တယ်လီပို့အခင်းအကျင်း
Vol. 26 Ch. 382
အခင်းအကျင်း ပုံကြမ်းတစ်ခုကို ရေးဆွဲရသည်မှာ စိန်ခေါ်မှု ကြီးမားပေလိမ့်မည်။ သို့ပေမယ့် သင့်တော်သည့် တပည့်ကို ရှာဖွေရန်မှာ အခက်ခဲဆုံးအပိုင်း ဖြစ်၏။ ကောင်းကင်ကို ဆန့်ကျင်သည့် မွေးရာပါ ပါရမီတို့မှာ ဘာပဲဖြစ်ဖြစ် ရှားပါးလှသည်။
ထို့အပြင် ချီမန်သိုင်းပညာစနစ်သည် အခင်းအကျင်းနှင့် စီစဉ်မှု၌ပဲဖြစ်ဖြစ် ပစ္စည်းကိရိယာ ထုလုပ်မှု၌ပဲဖြစ်ဖြစ် ကြီးမားသည့် ပရမီကို လိုအပ်သည်။ လူများ၏ ပါရမီများမှာ ခြားနားကြသည်။ ဥပမာအားဖြင့် မုန့်ချုံသည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကျင့်ကြံမှုတွင် ပါရမီထူးကဲပြီး စုလင်းရှုံမှာတော့ ဒန်ဆေးလုံးများအား သန့်စင်ရာတွင် ပါရမီထူးကဲသည်။
“အတွင်းဘက်နယ်မြေမှာ ရှာလို့မတွေ့ရင် စိတ်ဝိညာဉ်နယ်မြေကို သွားရှာမယ်။ သင့်တော်တဲ့ တပည့် တစ်ယောက်တော့ ရှာတွေ့အောင် လုပ်ရမယ်”
လီရွှမ်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။
နောက်ထပ်တစ်ဖန် တောင်ဆီသို့ ပြန်ခဲ့ပြန်၏။
အခင်းအကျင်း ပုံကြမ်း၏ ၇၀ရာခိုင်မှုန်းကို ဆွဲထားပြီးဖြစ်သည်။ နောက်ထပ် ဆယ်ကြိမ်ကျော်လောက် အသွားအပြန်လုပ်ပြီးပါက ပြီးမြောက်နိုင်လောက်၏။
ရုတ်တရက် ဝိညာဉ်အခြေ၏ အပေါ်ရှိ ရွှေစာအုပ်က ပွင့်လာခဲ့ပြီး ရွှေရောင်အလင်းဖြင့် လင်းလက်လာခဲ့သည်။
“သင်၏တပည့် မုန့်ချုံသည် မဖျက်ဆီးနိုင်သည့် ကြီးမြတ်သောနေ ရွှေခန္ဓာ၏ ပထမအဆင့်ကို နားလည်သဘောပေါက် လာခဲ့သည်။ သင်သည် မဖျက်ဆီးနိုင်သည့် ကြီးမြတ်သောနေ ရွှေခန္ဓာသို့ ချိုးဖျက်သွားခဲ့သည်”
နောက်ဆုံးတွင် မုန့်ချုံသည် မဖျက်ဆီးနိုင်သည့် ကြီးမြတ်သောနေ ရွှေခန္ဓာ ပထမအဆင့်ကို နားလည်သဘောပေါက်မှု ရလာခဲ့သည်။ ခွန်အားမှာ တစ်ဖန် မြင့်တက်လာပြန်ရာ လီရွှမ်ကို အလွန် ဝမ်းသာသွားစေ၏။ ဒီအချိန်၌ သူသည် မဖျက်ဆီးနိုင်သည့် ရွှေခန္ဓာ၏ ကြီးမြတ်မှုတို့ကို နားလည်လာခဲ့သည်။
မျက်စိတစ်မှိတ် အတွင်းတွင် မသေခြင်းချပ်ဝတ်က ပေါ်လာပြီး သူ၏အသွင်သဏ္ဍာန်မှာ လောကသို့ သက်ဆင်းလာသည့် နတ်ဘုရားတစ်ပါးနှယ် ရှိနေပါသည်။
“ငါဒီအတိုင်း ရပ်နေရင်တောင် ကောင်းကင်လူသားးငယ် တစ်ယောက်က ခန္ဓာကိုယ်ပေါ်က ဆံတစ်မျှင်ကိုတောင် ထိခိုက်စေနိုင်မှာ မဟုတ်ဘူး”
လီရွှမ်သည် ချပ်ဝတ်ဖြင့် ဖုံးလွှမ်းနေသည့် သူ၏ ခန္ဓာကိုယ်ကို ကြည့်ကာ အံ့ဩနေမိသည်။ စိတ်လှုပ်ရှားမှုတို့ မြင့်တက်လာ၏။
အတွေးတစ်ချက်နှင့်အတူ ခန္ဓာကိုယ်က ကြီးထွားလာပြီး
၆မီတာ မြင့်မားသည့် လူ့ဘီလူးတစ်ကောင်ကဲ့သို့ ပြောင်းလဲသွားသည်။ မသေခြင်းချပ်ဝတ်နှင့် ၆မီတာ ရွှေခန္ဓာနှင့် ကြည့်ရသည်မှာ စစ်မှန်သည့် နတ်ဘုရားတစ်ပါးသဖွယ် ရှိနေပြီး တိုက်ပွဲပြင်၌ ပြိုင်ဘက်ကင်းနေမှာပါ။
“ဒီယွင်ဟွမ်ပိုးမျှင် အဝတ်က တကယ့်ကို ကောင်းတာပဲ။ ၆မီတာအဖြစ် ပြောင်းပြီးတာတောင် ခံနိုင်သေးတယ်”
လီရွှမ်သည် သူ၏အဝတ်များကို ယွင်ဟွမ်ပိုးမျှင် အဝတ်များနှင့် လဲလှယ်ပြီးတာ ကြာပြီဖြစ်သည်။ ထို့ကြောင့် ၆မီတာသို့ ပြောင်းလိုက်သည်နှင့် အဝတ်များ စုတ်ပြဲသွားခြင်း မရှိပဲ ခန္ဓာကိုယ်နှင့် ပြည့်စုံစွာ ဝင်ဆံ့နေဆဲ ရှိသည်။ မနေနိုင်ပဲ သက်ပြင်းချမိ၏။
မဖျက်ဆီးနိုင်သည့် ရွှေခန္ဓာကို ပြန်လည်ရုတ်သိမ်းပြီးနောက် တောင်မှ ဆင်းပြန်ကာ ပုံကြမ်းကို အမြန်ဆုံး အဆုံးသတ်ပြီး ချန်းလန်ကျွန်းဆီသို့ ပြန်ရအောင် လုပ်သည်။
သူသည် ထွက်လာခဲ့တာ အချိန်အတော်ကြာနေပြီ ဖြစ်သည်။ ရွှီယန်မှာ ထုံးရွှမ်၏ ပြီးပြည့်စုံခြင်းသို့ ချိုးဖျက်ပြီး ဖြစ်၏။ သို့ပေမယ့် ဒီဗိုင်းအဆင့်သို့ ချိုးဖျက်ခြင်း မပြုသေးပေ။ သိသာစွာပင် အခြေခံအား စိတ်တိုင်းကျအောင် မွမ်းမံပြီးခြင်း မရှိသေးပါ။
အဆင့်ချိုးဖျက်စဉ်၌ ပြောင်းလဲမှုတို့ ဖြစ်ပေါ်မည်လားဟု အာမခံချက် မရှိသေးပါ။ ထိုအကြောင်းကြောင့် ခွန်အားဆင့်ကို ချိုးဖျက်ခြင်းမပြုပဲ ဖိနှိပ်ထားခြင်း ဖြစ်၏။
ဆယ်ကြိမ်မက သွားသွားလာလာ ပြုပြီးနောက် လီရွှမ်က စိတ်လှုပ်ရှားစွာဖြင့် ဆန်းကြယ်သည့် သင်္ကေတပုံကြမ်းကို ကြည့်သည်။
“ဒါက တယ်လီပို့အခင်းအကျင်း ပုံကြမ်းပဲ.. အစောပိုင်းပဲ ရှိသေးပြီး မချောမွေ့ပေမယ့် လေ့လာပြီး ခင်းကျင်းဖို့အတွက် ပြဿနာမရှိလောက်ဘူး”
တယ်လီပို့ အခင်းအကျင်းသာ ပေါ်လာပြီးပါက သိုင်းလောကကို ကြီးစွာ ပြောင်းလဲသွားစေမှာပါ။ အကွာအဝေးတို့ ကြီးမားနေလျှင်တောင် တယ်လီပို့ အခင်းအကျင်းဖြင့် လျှပ်တစ်ပြတ်အတွင်း ရောက်ရှိနိုင်၏။
“ချီမန်သိုင်းပညာကိုလည်း ဖန်တီးလို့ ပြီးပြီ။ ပြန်ဖို့အချိန်ကျပြီ”
လီရွှမ်သည် လင်းယွီဂိတ်တံခါးကို နောက်ဆုံးအကြိမ်
ကြည့်ရှုပြီးနောက် နောက်သို့လှည့်ကာ ထွက်ခွာခဲ့၏။ ချန်းလန်ကျွန်းဆီသို့ ပြန်ခဲ့သည်။
“ဆရာ ဘယ်တွေကို သွားနေတာလဲ”
စုလင်းရှုံသည် ဆရာ၏ ပုံရိပ်တို့ ပျောက်ဆုံးနေသည့် ကုလားထိုင်ကို ကြည့်ကာ ရေရွတ်သည်။
“မြှောင်၊ မြှောင်”
ကြောင်နီက ပြေးလာပြီး မြေပြင်ပေါ်တွင် ထိုင်ကာ ချစ်ဖို့ကောင်းစွာ အသံပြုသည်။
“ကြောင်နီ.. ဒီနေ့မှာ နင့်အတွက် ဆေးလုံးမရှိဘူး”
စုလင်းရှုံက ကြောင်နီကို စူးစိုက်စွာ ကြည့်သည်။ သူမသည် အကူအညီမဲ့စွာ ခံစားရ၏။ ဘာပဲဖြစ်ဖြစ် ကြောင်နီမှာ စွမ်းအားကြီးမားသည့် နတ်ဆိုးတစ်ကောင် ဖြစ်သည်။ ဘယ်လိုလုပ်ပြီး သာမန်ကြောင်သဖွယ် ပြုမူနေရသနည်း။
သို့ပေမယ့် ဝကစ်ကြောင်၏ အလွန် ချစ်ဖို့ကောင်းမှုမှာ ငြင်းပယ်နိုင်ခြင်း မရှိပေ။
ကြောင်နီက လျှောက်ထွက်သွား၏။ အမြှီးကိုယမ်းကာ ရွှီမိခင်ကို သွားရှာသည်။ စုလင်းရှုံဆီတွင် မည်သည့် ဆေးလုံးမှ မရှိကတည်းက ရွှီမိခင်က သေချာပေါက် ဆေးလုံးအချို့ကို ပေးလောက်မှာပါ။
ရွှီကျွင်းဟယ်က ဇနီးဖြစ်သူကို အကူအညီမဲ့စွာ ကြည့်သည်။
“သခင်မ.. နင်အခါတိုင်း တစ်ရက်ကို တစ်နာရီခွဲ ကျင့်ကြံတာ မဟုတ်ဘူးလား.. ဘယ်လိုလုပ်ပြီး အခု တစ်နာရီကို ပြောင်းသွားတာလဲ”
ရွှီမိခင်က ဆေးလုံးအချို့ကို ကိုင်ထားရင်းမှ ကြောင်နီ၏ ရောက်လာမှုကို စောင့်နေ၏။ ပျင်းရိစွာ ပြောသည်။
“ယောကျား.. တစ်နာရီက မနည်းပါဘူး။ အဲ့လိုလည်း နေ့စဉ်ပုံမှန် ကျင့်ကြံပေးရင် အဆင့်တိုးတက်လာသေးတယ်”
“နှေးပေမယ့် တည်ငြိမ်တယ်။ တိုက်ခိုက်တာတွေ၊ သတ်ဖြတ်တာတွေက ငါနဲ့ မသင့်တော်ဘူး။ နောက်ပြီး ဘယ်လောက်ပဲ ကြိုးစားကျင့်ကြံကျင့်ကြံ ရှင်နဲ့ ယန်အာကို လိုက်မှီမှာမှ မဟုတ်တာ”
“ရှင်တို့တွေ ရှိနေရင် ကျွန်မအတွက် အန္တရာယ်ရှိမှာ မဟုတ်ဘူး။ ပြီးတော့ ကြောင်နီလည်း ရှိတာပဲ။ သူက အရမ်းစွမ်းအားကြီးတယ်”
သူမသည် ပြောရင်းနှင့် လျှောက်လာနေသည့် ကြောင်နီကို တွေ့လိုက်ရ၏။ ချက်ချင်းပင် ပြုံးသည်။
“လာခဲ့ ကြောင်နီ… ဒီမှာ မြန်မြန်လာစား… ကိုယ့်ကိုယ်ကိုယ် အငတ်မခံနဲ့.. တော်ကြာ ပိန်သွားရင်မကောင်းဘူး”
ရွှီမိခင်က ကြောင်နီ၏ ဦးခေါင်းကို ပွတ်ကာ ပါးစပ်ထဲသို့ ဒန်ဆေးလုံးတစ်လုံးကို ထည့်ပေးသည်။ ရွှီကျွင်းဟယ်မှာ ပြောစရာစကား မဲ့နေ၏။ နေ့စဉ်နေ့တိုင်း ဆေးလုံးများကို လာခြူစားသည့် ကြောင်နီကို ကြည့်ကာ ကန်ထုတ်ချင်နေလေသည်။ သို့ရာတွင် သူက ပြိုင်ဘက်မဟုတ်ပါ။ ထို့အပြင် ရွှီမိခင်ကလည်း ကာတားဦးမည် ဖြစ်၏။ သူမသည် ဒီနတ်ဆိုးသားရဲကြီးကို ကြောင်တစ်ကောင်ကဲ့သို့ အမှန်တကယ် ထင်မြင်နေသည် ထင်ရသည်။
“နတ်ဆိုးသားရဲတစ်ကောင်ဖြစ်ပြီး အရှက်မဲ့လိုက်တာ..”
ရွှီကျွင်းဟယ်က မဲမှောင်သည့် မျက်နှာနှင့် ပြောသည်။
ကြောင်နီက ဂရုစိုက်မနေပါ။ အလကား စားရရေးကိုသာ အာရုံစိုက်၏။ ဒီအတောအတွင်းတွင် ဒန်ဆေးလုံးများစွာကို စားသုံးပြီးနောက် သူ၏ ခွန်အားမှာ မြင့်တက်လာခဲ့သည်။ ဤသည်ကို ကိုယ်ပိုင် အစာထွက်ရှာရမည်လား။ ဤသည်က ပင်ပန်းလွန်းလှသည်။
ကြောင်နီသည် အရူးမဟုတ်ပါ။ သက်တောင့်သက်သာ နေရမည်ကို မသိပဲ မနေပေ။ မြေပြင်ပေါ်တွင် လဲလျောင်းကာ ဗိုက်လှပ်ပြရင်း အိမ်မွေးကြောင်တစ်ကောင်ကဲ့သို့ အစာတောင်း၏။ ရွှီကျွင်းဟယ်မှာ ဆက်လက်သည်းခံနိုင်ခြင်း မရှိတော့ပဲ မဲမှောင်စွာဖြင့်သာ ထွက်သွားရသည်။
တောင်ကုန်းပေါ်တွင် ရွှီယန်နှင့် မုန့်ချုံတို့က သိုင်းပညာအကြောင်း ဆွေးနွေးနေ၏။ သူတို့၏ သီအိုရီများကို တစ်ယောက်နှင့်တစ်ယောက် ဝေမျှနေသည်။
“ထုံးရွှမ်အဆင့်ရဲ့ အခြေခံစုစည်းမှုက အရမ်းကို နှေးကွေးလွန်းတယ်။ စိတ်ဝိညာဉ် အာဟာရ ချို့တဲ့နေတာ”
ရွှီယန်က သက်ပြင်းချသည်။
သူသည် ထုံးရွှမ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိတာ အချိန်တစ်ခုကြာပြီး ဖြစ်ပေမယ့် ခွန်အား စုစည်းမှုသည် အထွတ်အထိပ်သို့ မရောက်သေးပေ။
ဒန်ဆေးလုံးများကိုလည်း စားသုံးခဲ့၏။ သို့ပေမယ့် လက်ရှိ စိတ်ဝိညာဉ်ဆေးပင်တို့သည် အနည်းငယ် အဆင့်နိမ့်နေပြီး သူ၏ အခြေခံကို မြှင့်တင်ရန် သင်တော်ခြင်း မရှိပါ။ ရလဒ်က လုံလောက်ခြင်း မရှိပေ။
ဒီနှုန်းအတိုင်းသာ ဆက်လက် စုစည်းနေပါက အချိန်တစ်ခု ကြာနေတော့မှာ ဖြစ်သည်။
“ကျွန်တော့ရဲ့ ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာလည်း ထုံးရွှမ်ရဲ့ အထွတ်အထိပ်ကို ရောက်ပြီးရင်လည်း အဲ့လိုပဲ နှေးနေလောက်မှာ”
မုန့်ချုံကလည်း သက်ပြင်းချသည်။
“စီနီယာအစ်ကို… လင်းနယ်မြေကို သွားဖို့ စဉ်းစားနေတာလား”
မု့န်ချုံက နက်ရှိုင်းစွာ မေး၏။
လင်းနယ်မြေသည် သိုင်းပညာ လောကသစ်တစ်ခု ဖြစ်၏။ စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများနှင့် အခြား ပုဂ္ဂိုလ်ကြီးများ နေထိုင်ကြသည်။ ထိုနေရာ၌ အခြေခံကို မွမ်းမံမြှင့်တင်ရန် အလွန် မြန်ဆန်လောက်မှာ ဖြစ်သည်။
“ဟုတ်တယ်.. ဒါပေမယ့် ငါ့မိဘတွေနဲ့ မိသားစုက အတွင်းဘက်နယ်မြေမှာ ခွန်အား နည်းပါးနေသေးတယ်။ နေရာတိုင်းမှာ ဆရာ့ကိုပဲ အားကိုးနေလို့ မရဘူးလေ”
ရွှီယန်က ခေါင်းညှိတ်ပြီးနောက် ပြောသည်။
ယခုအချိန်၌ သူသည် ဒီဗိုင်းဆန္ဒအဆင့်သို့ ချိုးဖျက်နိုင်နေပြီ ဖြစ်၏။ သို့ပေမယ့် ချိုးဖျက်မည်မဟုတ်ပေ။ အဆင့်တစ်ခုချင်းစီတိုင်းတွင် ပြောင်းလဲကာ ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ရန် အခွင့်အရေးတစ်ခု ရှိနေရာ မည်ကဲ့သို့ လက်လျှော့နိုင်မည်လဲ။
ထိုမှသာလျှင် သူ၏ သိုင်းပညာ လမ်းကြောင်းပေါ်တွင် ရှေးခေတ် ပါရမီရှင်များထက် ကျော်လွန်စွာ လျှောက်လှမ်းနိုင်မည် ဖြစ်သည်။ ထိုမှသာလျှင် သူ၏ ခွန်အားကို အဆင့်တူတွင် ဆရာ၏ ၅၀ရာခိုင်နှုန်းလောက်အထိ မြှင့်တင်နိုင်မည် ဖြစ်၏။
“စီနီယာအစ်ကို.. လင်းနယ်မြေကို ကျွန်တော်လာဖို့ အချိန်တစ်ခု ကြာဦးမှာ.. ဒီချန်းလန်ကျွန်းမှာ ကျွန်တော်ရှိနေသ၍ အရာအားလုံး အဆင်ပြေပါတယ်။ ကောင်းကင်လူသားတစ်ယောက် တိုက်ခိုက်လာရင်တောင် ရှင်းထုတ်နိုင်တယ်”
မုန့်ချုံက ယုံကြည်ချက်အပြည့်ဖြင့် ပြောသည်။
“ပြီးတော့ လင်းနယ်မြေကို ရောက်တဲ့အခါကျရင် မကြာခင် အချိန်အတွင်းမှာ အစ်ကိုလည်း အဆင့်ချိုးဖျက်နိုင်လောက်မှာ။ အဲ့အခါမှ ကျွန်တော် အဲ့ကိုသွားလည်း နောက်မကျလောက်ဘူး”
ထိုစကားကို ကြားရပြီးနောက် ရွှီယန်တစ်ယောက် နှလုံးသားထဲတွင် ခံစားသွားရသည်။
“ကျေးဇူးပါ ညီလေး.. ဆရာပြန်လာပြီးရင် ငါလင်းနယ်မြေကို သွားမယ်”
ရွှီယန်က အသက်ကို နက်ရှိုင်းစွာ ရှူပြီး လေးနက်စွာ ခေါင်းညှိတ်သည်။
လင်းနယ်မြေ၌သာလျှင် အခြေခံကို လျှင်မြန်စွာ စုစည်းပြီး ဒီဗိုင်းဆန္ဒအဆင့်သို့ အမြန်ဆုံး ချိုးဖျက်နိုင်မည် ဖြစ်၏။ သူသာ အဆင့်ချိုးဖျက်ပြီးပါက မိဘများအတွက် မူလဒီဗိုင်းယွမ် ကိုယ်ပွား တစ်ခုကို ချန်ထားနိုင်မည် ဖြစ်သည်။ ဤနည်းအားဖြင့် သူတို့အတွက် လုံခြုံရေးကို အာမခံနိုင်မည် ဖြစ်၏။
အတွင်းဘက်နယ်မြေကြီး ပရမ်းပတာ ဖြစ်လာလျှင်တောင် သူ၏ မူလဒီဗိုင်းယွမ်ကိုယ်ပွားက အလွယ်တကူ ဖြေရှင်းနိုင်မည် ဖြစ်သည်။
“လင်းနယ်မြေမှာ မရေမတွက်နိုင်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ရှိတယ်။ သူတို့က ငါတို့ အတွင်းဘက်နယ်မြေက သိုင်းသမားတွေအပေါ် ဆက်ဆံပုံမကောင်းဘူး။ ဒါပေမယ့် ယွီလင်ကို သုံးရင်တော့ ပြဿနာအချို့ကို ရှောင်ရှားနိုင်လောက်တယ်”
မုန့်ချုံက စဉ်းစားပြီးနောက် ပြော၏။
“ယွီလင့်ဆိုတာ အင်အားစုတစ်ခုက လက်အောက်ခံလေးတွေ ခေါ်တာထက် မပိုဘူး။ လင်းနယ်မြေကို သွားပြီးရင် အဲ့ကိစ္စနဲ့ ချည်နှောင်မခံချင်ပါဘူး။ လင်းယွီဂိတ်မှာစောင့်တဲ့ လူတွေကတော့ စဉ်းစားဖို့တောင် မထိုက်တန်ဘူး”
ရွှီယန်က ခေါင်းကိုယမ်းသည်။
“အစ်ကိုကြီးပြောတာလည်း ဟုတ်တယ်။ ခရီးမှာ သတိထားပါ။ စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားနဲ့သာ မကြုံရရင် ကျွန်တောတို့အတွက် ဘာပြဿနာမှ မရှိဘူး”
လင်းနယ်မြေရှိ ကောင်းကင်လူသားများသည် အမှန်တကယ်ကို စွမ်းအားကြီးမားကြ၏။ သို့ပေမယ့် ကောင်းကင်လူသားငယ်နှင့် ကောင်းကင်လူသားကြီးတို့ ဆိုပါက သူတို့အနေနှင့် ထွက်ပြေးလွတ်မြောက်ရန် ပြဿနာမရှိပါ။
စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား များမှာ အလွန် ဂုဏ်သရေကြီးမားပြီး လင်းယွီဂိတ်တံခါးကို စောင့်ကြပ်ကြမည် မဟုတ်ပေ။ ကြုံတွေ့နိုင်ချေ အလွန် နည်းပါး၏။
လီရွှမ်က ပြန်လာပြီးရောက် ပုံမှန်အတိုင်း ကုလားထိုင်တွင် ထိုင်ကာ အေးဆေးစွာ ရှိနေ၏။
“ဆရာ.. ပြန်လာပြီလား”
စုလင်းရှုံက စိတ်လှုပ်ရှားစွာဖြင့် ပြေးလာ၏။ စိတ်ဝိညာဉ်လက်ဖက်ရည်ကို စပ်ပေးသည်။
ကြောင်နီလည်းပဲ အပြေးရောက်လာ၏။ သခင်ကြီး ပြန်လာပြီဖြစ်ရာ လိမ်လိမ်မာမာ မနေပြပါက စိတ်ကွက်သွားလျှင် ကောင်းမည်မဟုတ်ပေ။
“မြှောင်”
လီရွှမ်၏ ခြေထောက်ကို ပွတ်ရင်းမှ ရင်းနှီးစွာဖြင့် လိမ္မာဟန် ရှိသည်။
လီရွှမ်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။ ဒီဖက်တီးကြားသည် အမှန်တကယ်ကို ပိုမို ပါးနပ်လာ၏။ မဟာနတ်ဆိုးနှင့်လည်း ပိုမို၊ ပိုမိုကာ ကွာခြားလာခဲ့သည်။ ချစ်ဖို့ကောင်းအောင်ပင် ပြုမူ၏။
“ကြောင်နီ.. မင်းက ကျားတစ်ကောင်.. မဟာနတ်ဆိုးတစ်ကောင်ပဲ.. ထားလိုက်ပါတော့.. ခွန်အားကို မြင့်တက်အောင်ပဲ ကြိုးစားနေ”
သူသည် ကြောင်နီကို သင်ခန်းစာပေးကာ နတ်ဆိုးသားရဲ
တစ်ကောင်၏ ဟန်ပန်အတိုင်း ပြန်လည်ရောက်ရှိစေလိုပေမယ့် လျှင်မြန်စွာ မြင့်တက်လာသည့် ခွန်အားကို ကြည့်ကာ အများကြီး ပြောမနေတော့ပါ။