အငွေ့အသက်အား ဖုံးကွယ်ခြင်း ပညာ
Vol. 26 Ch. 384
တာအိုရွှေစာအုပ်မှ သုံးသက်ချက်ကို ကြည့်ကာ လီရွှမ် အနည်းငယ် အံ့ဩသွားသည်။ ကျင့်စဉ်၏ ပြည့်စုံမှုမှာ မြင့်မားသည်လား။
“အလင်းနဲ့ ပေါင်းစပ်ပြီး အမှုန်နဲ့ တစ်သားတည်း ဖြစ်လာမယ်…”
လီရွှမ်က စဉ်းစားကြည့်၏။
ထို့အပြင် ကျင့်ကြံရန် ခက်ခဲမှုမှာလည်း မြင့်မားလေသည်။ ဉာဏ်အလင်းပွင့်ရန် ခက်ခဲမှုဆိုလျှင် ပိုတောင် ဆိုးသေး၏။ အလွန်မြင့်မားသည်ဟု ဆိုသည်။
နက်နဲလှသည့် သဘောတရားတို့ ဖြစ်ရာ ဉာဏ်အလင်းပွင့်ရန် ခက်ခဲမှု၏ ရလဒ်ကို လီရွှမ်အနေနှင့် အံ့ဩခြင်းမရှိပါ။ အလွန် မြင့်မားသည်မှာ ဖြစ်သင့်၏။ သို့ပေမယ့် ရွှီယန်အပေါ်တွင် သူယုံကြည်ချက် ရှိပါသည်။
‘ငါ.. တည်ရှိမှုကို ဖုံးကွယ်တဲ့ နောက်ထပ်အတတ်တစ်ခုကို ထပ်ပြီး ဖန်တီးသင့်တယ်… ရွှီယန်အတွက် မလိုအပ်ရင်တောင် ရှီအာတို့လို လူမျိုးတွေအတွက် အသုံးဝင်မှာ..’
‘အခုကျင့်စဉ်ကတော့ ရွှီယန်က ပြည့်စုံအောင် ဖြည့်တင်းပြီးရင်တောင် ကျင့်ကြံဖို့ ခက်ခဲမှုက မြင့်မားနေဦးမှာ.. ရှီအာတို့အတွက် ကျင့်ကြံဖို့ အဆင်ပြေမှာ မဟုတ်ဘူး’
ထိုကဲ့သို့ တွေးမိပြီးနောက် လီရွှမ်သည် ဦးနှောက်ကို ခိုင်းကာ ဖုံးကွယ်ခြင်းအတတ် တစ်ခုကို ဖန်တီးသည်။ ဒီအချိန်၌ လီရွှမ်အတွက် ကျင့်စဉ်တစ်ခုကို ဖန်တီးရန်မှာ စိန်ခေါ်မှုမကြီးတော့ပါ။
ထို့အပြင် ဖန်တီးမည့် အတတ်မှာ အရမ်းကြီး မြင့်မားစရာ မလိုပဲ ရှီအာကဲ့သို့ လူမျိုးများအတွက် လုံလောက်ရုံသာ ဖြစ်၏။
သူသည် ချီနှင့်သွေးအဆင့်ရှိ သွေးချီနှင့် မူလအဆင့်ရှိ အစစ်အမှန်ချီတို့အပေါ် ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်နေပြီး ဖြစ်သ်ည။ ထို့ကြောင့် တည်ရှိမှုကို ဖုံးကွယ်နိုင်သည့် အလွယ်စား ကျင့်စဉ်မျိုးကို ဖန်တီးရန် အခြေခံ နားလည်မှုတစ်ခု ရှိနေပြီး ဖြစ်သည်။
“ခြွင်းချက်တွေ ရှိနေပေမယ့် အနည်းဆုံးတော့ တည်ရှိမှုကို ဖုံးကွယ်ဖို့ ကူညီပေးနိုင်တယ်။ ရွှီယန်ကျင့်တဲ့ အတတ်ကို မကျင့်ကြံနိုင်တဲ့အခါ ဒါကို ကျင့်တာက အဆင်ပြေလိမ့်မယ်”
လီရွှမ်သည် တာအိုရွှေစာအုပ်မှ သုံးသပ်ချက်ကို ကြည့်လိုက်၏။
ဖုံးကွယ်ခြင်းအတတ်
ပြည့်စုံမှု- မြင့်မားသည်။
ကျင့်ကြံရန် ခက်ခဲမှု- အဆင့်နိမ့်
ဉာဏ်အလင်းပွင့်ရန် ခက်ခဲမှု- အလယ်အလတ်အဆင့်
လီရွှမ်က ကျေနပ်စွာ ခေါင်းညှိတ်သည်။ ယခုအချိန်၌ ဒီကျင့်စဉ်ကို သိမ်းထားပြီး ချက်ချင်း သင်ကြားပေးခြင်း မပြုသေးပေ။ ရွှီယန်တစ်ယောက် သင်ကြားပေးထားသည့် ဖုံးကွယ်ခြင်းအတတ်ကို အချိန်အတော်ကြာသည့်တိုင်အောင် နားလည်နိုင်ခြင်း မရှိသေးပါမှ ဒီကျင့်စဉ်ကို ပို့ချမည်ဖြစ်၏။ ရွှီယန်၏ ပါရမီနှင့် တစ်ချက်ကြည့်သည်နှင့် ဖမ်းဆုပ်နိုင်လောက်သည်။
“အခုဆိုရင် ချီမန်သိုင်းပညာကို ဖန်တီးပြီးနေပြီ.. သင့်တော်တဲ့လူတစ်ယောက်ကို ရှာပြီး ကျင့်ခိုင်းရမယ်”
လီရွှမ်က ဖန်တီးထားသည့် ချီမန်သိုင်းပညာကို ကြည့်သည်။
ချီမန်သိုင်းပညာ
ပြည့်စုံမှု- အလယ်အလတ်၏အထက်
ကျင့်ကြံရန် ခက်ခဲမှု- မြင့်မားသည်။
ဉာဏ်အလင်းပွင့်ရန် ခက်ခဲမှု- မြင့်မားသည်။
တာအိုရွှေစာအုပ်မှ သုံးသပ်ချက်အရ ကျင့်စဉ်၏ ပြည့်စုံမှုမှာ အလယ်အလတ်၏အထက်တွင် ရှိပြီး ကျင့်ကြံရန်နှင့် ဉာဏ်အလင်းပွင့်ရန် ခက်ခဲမှုမှာ နိမ့်ပါးခြင်းမရှိပေ။
ဤသည်မှာ လီရွှမ် ခန့်မှန်းထားသည့်အတိုင်း ဖြစ်၏။
ဘာပဲဖြစ်ဖြစ် ချီမန်သိုင်းပညာတွင် ဒီဗိုင်းလက်နက်ကိရိယာ ထုလုပ်ခြင်း၊ အခင်းအကျင်း၊ ချိတ်ပိတ်ခြင်း အစရှိသဖြင့် အပိုင်းများစွာ ရှိ၏။ ပုံမှန်အားဖြင့် ကျင့်ကြံရန် လိုအပ်သည့် ပါရမီမှာလည်း ပိုမို မြင့်မားပါသည်။
ထို့အပြင် ပါရမီ၏ ကိုက်ညီမှုမှာလည်း အဓိကကျသည်။
ဆိုလိုသည်မှာ ချီမန်သိုင်းပညာသည် သန့်စင်သည့် သိုင်းပညာနှင့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာတို့ကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့မည် မဟုတ်ပေ။ ချီမန်သိုင်းပညာကို ကျင့်ကြံရန် ပါရမီရှင်များမှာ အလွန် ရှားပါးမှာ ဖြစ်၏။
သို့ပေမယ့် ချီမန်သိုင်းပညာ တစ်ခုလုံးကို အပိုင်းများခွဲကာ တစ်ပိုင်းစီသာ ကျင့်ကြံလျှင်တော့ ထိုပါရမီလိုအပ်ချက်ကို နိမ့်ပါးစေမှာ ဖြစ်သည်။ ဆိုးတာက ရလဒ်အနေနှင့် ခွန်အားတို့ များစွာ အားနည်းနေမှာ ဖြစ်၏။
ထို့အပြင် တစ်ယောက်ယောက်က ချီမန်သိုင်းပညာကို အောင်မြင်စွာ ကျင့်ကြံပြီး ဒီဗိုင်းကိရိယာထုလုပ်ခြင်း၊ အခင်းအကျင်း.. အစရှိသဖြင့် စနစ်တကျ ခွဲခြားပေးပြီးမှသာလျှင် အမှီအခိုကင်းစွာ ကျင့်ကြံနိုင်မည် ဖြစ်သည်။ မဟုတ်ပါက စိတ်ကူးများသာ ဖြစ်၏။
‘တပည့်ရှာတာက ခက်ခဲမှာ.. ဒီလိုပါရမီမျိုးနဲ့လူ ငါနဲ့တည့်တည့်ကြီး ကြုံဆုံနိုင်ဖို့က ခက်ခဲလွန်းတယ်…. ဒါ့ကြောင့် အခြား နည်းလမ်းတွေလည်း လိုအပ်သေးတယ်”
လီရွှမ်က စဉ်းစားသည်။
ချီမန်သိုင်းပညာကို ဖန်တီးပြီး ဖြစ်ရာ ကျင့်ကြံရန် တပည့်တော့ ရအောင်ရှာရပေမည်။
“ချီမန်သိုင်းပညာရဲ့ အဓိကအကျဆုံးတွေထဲက တစ်ခုကတော့ အခင်းအကျင်းပဲ။ တစ်ယောက်ယောက်မှာသာ အဲ့အတွက် ပါရမီရှိရင် ကျင့်ကြံလို့ ရမှာပဲ။ အတွင်းဘက်နယ်မြေမှာ ဘာအခင်အကျင်းပညာမှ မရှိဘူးမလား”
“ချန်းပိန်မှာတော့ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ နိယာမယိုစိမ့်မှုကြောင့် ဖြစ်တည်လာတဲ့ သဘာဝ အခင်းအကျင်းကြီးတွေ ရှိတယ်”
“ဒါ့ကြောင့် တစ်ယောက်ယောက်သာ အခင်းအကျင်းပုံကြမ်းကို နားလည်နိုင်ရင် သူ့မှာ ချီမန်သိုင်းပညာကို ကျင့်ကြံဖို့ ပါရမီရှိတယ်လို့ ဆိုလိုတာပဲ”
လီရွှမ်တွင် ရုတ်တရက် စိတ်ကူးတစ်ခု ရလာခဲ့သည်။ ထို့နောက် ရေးဆွဲထားသည့် အခင်းအကျင်း ပုံကြမ်းများထဲမှ ရိုးရှင်းကာ ဉာဏ်အလင်းပွင့်ရန် ခက်ခဲမှုနိမ့်ပါးသည့် ပုံကြမ်းတစ်ခုကို ရွေးချယ်လိုက်သည်။
“ဒီအခင်းအကျင်းပုံကြမ်းကို ဖြန့်လိုက်ပြီး နားလည်
သဘောပေါက်နိုင်တဲ့ လူက အခွင့်အရေး ရလိမ့်မယ်”
တပည့်များကို ကိုယ်တိုင်ချည်း ကြုံဆုံစရာ မလိုပေ။ ထို့အပြင် ချီမန်သိုင်းပညာအတွက် ထူးကဲသည့် ပါရမီရှင်ကို ကြုံတွေ့ရန်မှာ မဖြစ်နိုင်တာလည်း ဖြစ်နိုင်၏။
အခင်းအကျင်းပုံကြမ်းကို ဖြန့်ဝေကာ နားလည်သည့်လူ ရှိပါက ထိုလူတွေ ပါရမီရှိသည်ဟု ယူဆနိုင်ပါပြီ။ စမ်းသပ်မှုပြုပြီးနောက် အဆင်ပြေပါက တပည့်အဖြစ် လက်ခံပြီး ချီမန်သိုင်းပညာကို သင်ပေးလို့ရ၏။
“ပုံကြမ်း အပြည့်အစုံက နားလည်ဖို့ ခက်ခဲနေဦးမှာ.. ဒါ့ကြောင့် သုံးပုံတစ်ပုံကိုပဲ ချဆွဲလိုက်မယ်။ အဲ့ဒါကိုမှ နားလည်မှု မရနိုင်ရင်တော့ နေလိုက်တော့”
လီရွှမ်သည် စိတ်ကူးရလာခဲ့၏။ ထို့ကြောင့် စာရွက်တစ်ပိုင်းကို ထုတ်ကာ အရိုးရှင်းဆုံး အခင်းအကျင်း ပုံကြမ်း၏ သုံးပုံတစ်ပုံကို ချဆွဲသည်။ အခင်းအကျင်း ပုံကြမ်းသည် မြေမျက်နှာသွင်ပြင် တစ်ခုကဲ့သို့ ရှိ၏။ သို့ပေမယ့် နက်ရှိုင်းသည့် သဘောတရားအချို့ ပါဝင်နေပါသည်။ ထောင်ခြောက်တစ်ခုနှယ်၊ ထောင်ခြောက်လည်း မဟုတ်သည့်နှယ် ဆန်းပြားကာ နက်နဲ၏။
“ရှီအာ”
ပုံအား ရေးဆွဲပြီးနောက် ရှီအာကို ခေါ်လိုက်သည်။
“သခင်ကြီး.. ဘာအမိန့်ရှိလို့လဲ မသိဘူး”
ရှီအာက စိတ်လှုပ်ရှားစွာဖြင့် အပြေးရောက်လာ၏။ နောက်ဆုံးတွင် ကိုယ်ပိုင် တာဝန်တစ်ခုအား ပေးအပ်ခြင်း ခံရပေတော့မည်။ ဆရာကြီး၏ တာဝန်နှင့် ကြောင်နီသည် သူ့ကို လိုက်လံအနှောင့်အယှက်ပေးရဲမည် မဟုတ်
တော့ပေ။
“ဒီပုံကြမ်းကို ယူပြီး ပုံတူကူးလိုက်.. ပြီးရင် သဟွနဲ့ သဟွသိုင်းပညာ အကယ်ဒမီဆီ ပို့လိုက်။ ဒါကို နားလည်နိုင်မယ်ဆိုရင် ကြီးမားတဲ့ အခွင့်အလမ်းတွေ ရမယ်”
လီရွှမ်က ပုံကြမ်းကို ရှီအာအား ပေးလိုက်သည်။
“ဟုတ်ကဲ့ပါသခင်ကြီး”
ရှီအာက အံ့ဩသွားသည်။ နားလည်နိုင်သည့် မည်သူမဆို ကြီးမားသည့် အခွင့်အလမ်းအား ရရှိမည်လား။
သူသည် ပုံကြမ်းကို ကြည့်လိုက်သည်။ မျဉ်းကြောင်းတစ်ခုချင်းစီတိုင်းကို ဂရုတစိုက် လေ့လာ၏။ သို့ပေမယ့် အချိန်ခဏ ကြာပြီးနောက် ရှုပ်ထွေးသည့် မျက်နှာနှင့် ခေါင်းမော့လာခဲ့သည်။
တစ်ချက်ကြည့်လိုက်လျှင် ၎င်းသည် နက်နဲပုံ ပေါ်၏။ နှစ်ချက်ကြည့်လိုက်လျှင် ပုံသည် ရှုပ်ထွေးကာ စနစ်တကျ မနိုင်လှဟု ခံစားရသည်။ ခဏတာ ကြည့်ရှုပြီးနောက် ပုံကို မှတ်မိနိုင်ခြင်း လုံးဝ မရှိကြောင်းအား သိလိုက်ရ၏။
ရှီအာ၏ မျက်နှာက အရှက်ရလာခဲ့သည်။
“ငါက ဒါကို လေ့လာဖို့ ပါရမီနည်းပါးလွန်းတယ်”
သူသည် ပုံကြမ်းကို ယူကာ တာဝန်အတိုင်း ကူးယူပြီး ဖြန့်ဝေဖို့လုပ်၏။ ကြောင်နီက အပြေးရောက်လာခဲ့သည်။
“ကြောင်နီ.. ဒါကို မင်းရောနားလည်နိုင်လား.. သခင်ကြီးပြောတာတော့ နားလည်တဲ့သူ ကြီးမားတဲ့ အခွင့်အလမ်း ရမယ်တဲ့… ဒါကို လွဲချော်လို့ မရဘူး။ ငါ့ရဲ့ စိတ်ကောင်းကို မင်းသိဖို့မျှော်လင့်တယ်”
ကြောင်နီက သူ့ကို သံသယဖြင့် ကြည့်သည်။ ရှီအာသည် အမှန်တကယ်ကို စိတ်ကောင်းနှင့်လား။
သူ၏ စိတ်ထဲတွင် ကြာပွတ်နှင့် အရိုက်ခံရခြင်းမှာ သူ၏ ကောင်းကျိုးအတွက် ဖြစ်သည်ဟု အမှတ်ရနေသေး၏….
ရှီအာ၏ လက်ထဲရှိ ပုံကြမ်းကို ကြည့်ကာ ကြောင်နီသည် ကြောင်တောင်လာခဲ့၏။
“နက်နဲတယ်မလား.. ဒါက ကြီးမားတဲ့ အခွင့်အလမ်းပဲ. မင်းသာ နားလည်နိုင်မယ်ဆိုရင် ပါရမီထူးကဲတယ်လို့ ဆိုလိုတာပဲ”
ရှီအာက ကြောင်နီကို အားပေးကာ ပုံကြမ်းကို မှတ်သားခိုင်းပြီး အချိန်ယူကာ လေ့လာခိုင်း၏။
ကြောင်နီ၏ စိတ်ထဲတွင်သာ ပုံကြမ်းအကြောင်းနှင့် ပြည့်နှက်နေပါက သူ့ကို အနှောင့်အယှက်ပေးရန် စိတ်ကူးရှိမည် မဟုတ်တော့ပေ။ ပုံကို ကူးပြီးနောက် ရှီအာသည် သဟွနှင့် သဟွသိုင်းပညာ အကယ်ဒမီတို့ဆီသို့ လူလွှတ်ကာ ပို့ခိုင်းလိုက်သည်။ ဤသည်မှာ တကယ့် အခွင့်အလမ်းကြီးတစ်ခု ဖြစ်၏။ သို့ပေမယ့် ဤသည်မှာ ချန်းလန်ကျွန်းပေါ်ရှိ ဆရာကြီးဆီမှ ဖြစ်သည် ဟူသည်ကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။ တစ်ယောက်ယောက်သာ နားလည်သဘောပေါက်မှု ရနိုင်ပါက ကြီးမားသည့် အခွင့်အရေးတစ်ခုကို ရရှိပြီး မြင့်မားသည့် အဆင့်သို့ ရောက်ရှိနိုင်မည်ဟုသာ ဆိုလိုက်သည်။
လီရွှမ်သည် ပုံကြမ်းကို ရေးဆွဲကာ လူအများကို လေ့လာစေပြီးနောက် သတင်းကောင်းကို စောင့်စားရန်သာ ရှိတော့၏။ ပုံ၏ သုံးပုံတစ်ပုံကို နားလည်ခြင်းမှာ ပထမဆုံး စိန်ခေါ်မှုသာလျှင် ဖြစ်သည်။ နောက်ဆက်တွဲ စိန်ခေါ်မှုများကို ဖြတ်ကျော်ပြီးမှသာလျှင် သူ၏ စတုတ္ထမြောက်တပည့် ဖြစ်လာနိုင်မည် ဖြစ်၏။
“အတွင်းဘက်နယ်မြေမှာ ချီမန်သိုင်းပညာကို ကျင့်ကြံဖို့အတွက် ပါရမီရှင်များ ရှိပါ့မလား မသိဘူး”
လီရွှမ်က သက်ပြင်းချသည်။
အတွင်းဘက်နယ်မြေတွင်သာ ရှာတွေ့ခြင်း မရှိပါက သူ့အနေနှင့် လင်းနယ်မြေအပေါ်တွင်သာ မျှော်လင့်ချက် ထားနိုင်ပေတော့မည်။
ဖုံးကွယ်ခြင်း အတတ်ကို ကျင့်ကြံနေသည့် ရွှီယန်ကို ကြည့်ကာ သူ၏တပည့်အား နားလည်မှု ရလာနိုင်ရန် မျှော်လင့်မိ၏။
နေ့ရက်များက ကုန်ဆုံးနေ၏။ လီရွှမ်သည် သူ၏ ဒီဗိုင်းစစ်သည် အရေအတွက် တိုးပွားလာမှုကို တွေ့ရသည်။ ဆိုလိုသည်မှာ အတွင်းဘက်နယ်မြေတွင် သဟွသိုင်းပညာ ကျင့်ကြံသူတို့ တိုးပွားလာသည်ဟု ဖြစ်၏။ သိုင်းကိုယ်ပွား တိုးပွားလာမှုမှာ ပိုမို၊ ပိုမိုကာ မြန်ဆန်လာခဲ့သည်။
“ဒီဗိုင်းစစ်သည် တစ်သောင်းကို ရောက်ဖို့ မဝေးတော့ဘူး”
ရွှေရှင်းနန်းတော်တွင်…
ထန်းကျင်ယန်၏ မျက်နှာက ဒေါသဖြင့် နီရဲနေ၏။ ကျောင်မင်သည် အချိန်အတော်ကြာအောင် ထွက်ခွာသွားပြီးနောက် ပြန်မလာသေးပေ။ ဖင်းအာမှာလည်း ယခုမျှ ကြာနေလေပြီ။ ပြန်မလာသေးပေ။
“သူတို့တွေ နိမ့်ကျတဲ့မြေမှာ ဘာတွေလုပ်နေကြတာလဲ”
မနေနိုင်ပဲ ဒေါသထွက်နေမိ၏။ သူမ ပေးထားသည့် တာဝန်ကို လုံးဝ လစ်လျူရှုထားကြသည်လား။
အစေခံတစ်ယောက်က တုံ့ဆိုင်းနေပြီးနောက် ပြောသည်။
“သခင်မလေး.. ကျောင်မင်က ပုံမှန်ဆိုရင် တာဝန်တွေကို လုပ်ရာမှာ ပြီးမြောက်အောင်မြင်လေ့ ရှိပါတယ်။ သူအခုထိ ပြန်မလသေးတာ အတွင်းဘက်နယ်မြေမှာ သူ့ကို ဆွဲဆောင်ထားတဲ့ အရာတစ်ခုခုများ ရှိနေလို့လား”
“ဒါမှမဟုတ် အန္တရာယ်တစ်ခုခု ကြုံနေတာများလား”
ထန်းကျင်ယန်က အေးစက်စွာ ရယ်ပြီးနောက် ပြောသည်။
“အန္တရာယ်လား.. အဲ့နိမ့်ကျတဲ့မြေက ဘယ်သိုင်းသမားက သူ့ကို ခြိမ်းခြောက်နိုင်မှာလဲ။ ပြီးတော့ ဖင်းအာကျတော့ရော ဘယ်လိုတွက်မလဲ။ သူမလည်း ပြန်မလာသေးဘူး”
အစေခံက သက်ပြင်းချကာ ပြောသည်။
“ဖင်းအာက ကျွန်မ စကားပြောတာတောင် မဆုံးသေးပဲ အတွင်းဘက်နယ်မြေကို ထွက်သွားခဲ့တာ။ ဘယ်သူ့ကို ဖမ်းရမယ် ဆိုတာကိုတောင် မသိဘူး။ ဖြစ်နိုင်တာက ကျောင်မင်ကို ရှာမတွေ့တာ ဖြစ်မယ်”
“ဒါပေမယ့် အချိန်ကြာတာနဲ့အမျှ သူမကို ပိုပြီး အပူတပြင်း ဖြစ်လာစေမှာ။ ဒါ့ကြောင့် အတွင်းဘက်နယ်မြေက ချောမောတဲ့ ယောကျားတွေနဲ့ ပျော်နေတာဖြစ်မယ်။ အဲ့ဒါကြောင့် ပြန်မလာသေးတာ”
သခင်မလေး၏ ပိုမိုပိုမိုကာ ဒေါသထွက်လာမှုကို တွေ့ရပြီးနောက် အစေခံက ညင်သာစွာ အကြံပေး၏။
“သခင်မလေး… အဖွားကျင်းကို အတွင်းဘက်နယ်မြေကို စစ်ဆေးကြည့်ပေးဖို့ ပြောကြည့်ပါလား”
အဖွားကျင်းမှာ စိတ်ဝိညာဉ်ပေါင်းစည်းခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်သည်။
ထန်းကျင်ယန်က အသက်ကို နက်ရှိုင်းစွာ ရှူပြီးနောက် အနည်းငယ် တည်ငြိမ်လာ၏။ ပြီးနောက် ခေါင်းကိုယမ်းသည်။
“အဖွားကျင်းသာ သွားရင် အာရုံစိုက်စရာ အရမ်းကောင်းသွားလိမ့်မယ်။ အခုတော့ စောင့်ကြည့်တာပေါ့။ ကျောင်မင်နဲ့ဖင်းအာ ပြန်လာကြရင် သူတို့တွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်။ မဟုတ်ရင် ဘယ်သူက ငါ့ကို တလေးတစား ရှိတော့မှာလဲ”
“ဟုတ်ကဲ့ပါ သခင်မလေး”
အစေခံက ခေါင်းညှိတ်၏။