မုန့်ရှူရှူ၏ ရရှိမှုများ၊ လင်းနယ်မြေသို့ ဝင်ရောက်ခြင်း
Vol. 26 Ch. 387
စုလင်းရှုံသည် အသက်ကို အောင့်ပြီး မုန့်ချုံဆီသို့ သတိဖြင့် ရွေ့လျားသွား၏။ သို့ပေမယ့် အနီးသို့ မရောက်ခင်တွင် မုန့်ချုံက ခေါင်းလှည့်လာခဲ့သည်။ အံ့ဩစွာ ပြော၏။
“ဂျူနီယာ ညီမလေး… နင်.. အငွေ့သက် ဖုံးကွယ်ခြင်းအတတ်ကို တတ်သွားတာလား”
စုလင်းရှုံ၏ မျက်နှာက မှေးမှိန်သွား၏။
“ခုနကပဲ ဆရာသင်ပေးလိုက်တာ… ဒါပေမယ့် ဒီအတတ်က အရမ်း သာမန်ဆန်လွန်းတယ်။ အဝေးကြီးကနေတောင် စီနီယာအစ်ကိုကို ရှာတွေ့သွားစေတယ်”
မုန့်ချုံက ရယ်၏။
“ဂျူနီယာညီမလေး… ငါက ဆေဘာဆန္ဒကို ဖမ်းဆုပ်နိုင်ပြီး ဆေဘာဝိညာဉ်လည်း နိုးထစေခဲ့တဲ့ လူတစ်ယောက်လေ။ နင့်ရဲ့ ဖုံးကွယ်ခြင်း အတတ်က ဘယ်လိုလုပ်ပြီး ငါ့ရဲ့ အာရုံခံမှုအောက်က လွတ်မှာလဲ။ ဒါပေမယ့် အခြား သိုင်းသမားတွေ ဆိုရင်တော့ သတိမထားမိလောက်ကြဘူး”
“စီနီယာအစ်ကိုကြီးကို ညီမ သွားရှာလိုက်ဦးမယ်”
စုလင်းရှုံသည် တောင်ထိပ်ဆီသို့ ဦးတည်လျှောက်သွား၏။
“ဟန်… စီနီယာ အစ်ကိုကြီးရော”
ပတ်ဝန်းကျင်ကို ကြောင်တောင်စွာ ကြည့်ရှုရင်းမှ စုလင်းရှုံတစ်ယောက် ရေရွတ်၏။ ပုံမှန်ဆိုပါက စီနီယာအစ်ကိုကြီးသည် ဒီနေရာတွင် ထိုင်ကာ သိုင်းပညာ ကျင့်ကြံနေလေ့ ရှိသည်။ အဘယ်ကြောင့် မရှိရသနည်း။
သူမသည် ရွှီယန်ကို ဖြတ်ကျော်သွားပြီး အကြည့်မှာလည်း ရွှီယန်ပေါ်သို့ ဖြတ်သန်းသွား၏။ သို့ပေမယ့် ရိုးရှင်းစွာပင် သတိထားမိခြင်း မရှိပေ။ ကျောက်တုံးတစ်ခုဟုသာ အလိုလို တွေးမိ၏။
တောင်ထိပ်ပေါ်တွင် နှစ်ကြိမ်၊ သုံးကြိမ်လောက် လှည့်ပတ်ပြီး ရွှီယန်ကို နှစ်ခါတိတိ ဖြတ်ကျော်သွားသည့်တိုင် သတိထားမိခြင်း မရှိသေးပေ။
“ဆရာ… ဆရာ.. စီနီယာအစ်ကိုကြီး ဘယ်ထွက်သွားလဲ မသိဘူး”
စုလင်းရှုံသည် လီရွှမ်ဆီသို့ အမြန် ပြေးလာခဲ့၏။ မျက်နှာမှာလည်း စိုးရိမ်နေပါသည်။
“တပည့် ပြင်ဆင်ထားတဲ့ ဆေးလုံးတွေကို သူမယူရသေးဘူး။ ဘာလို့ ဘာစကားတစ်ခွန်းမှ မဆိုပဲ ထွက်သွားရတာလဲ။ ဆရာ.. စီနီယာအစ်ကိုကြီး ဘယ်နေရာကို သွားလဲ ဆိုတာကို သိလား”
သူမသည် ရွှီယန်အား လင်းနယ်မြေသို့ သွားရောက်ခြင်း ဖြစ်မည်ဟု အလိုလို တွေးမိလိုက်၏။ အနည်းငယ် စိတ်ပျက်စွာ ခံစားလိုက်ရသည်။ အထူး ပြင်ဆင်ပေးထားသည့် ဆေးလုံးများအား ယူသွားခြင်း မရှိခဲ့ပေ။
လီရွှမ်က ပြုံးသည်။
“နင့်ရဲ့ စီနီယာအစ်ကိုကြီးက တောင်ပေါ်မှာပဲ ရှိပါတယ်”
“မရှိဘူးဆရာ.. အခုပဲ တပည့် သွားရှာပြီးပြီ”
စုလင်းရှုံက ခေါင်းကိုယမ်းသည်။
“သွားပြီး ဂရုတစိုက် ပြန်ရှာကြည့်လှည့်….”
လီရွှမ်က ရယ်၏။
“ဟုတ်။ တပည့် ထပ်သွားကြည့်ကြည့်လိုက်မယ်”
စုလင်းရှုံက မျက်တောင်ခတ်ပြီးနောက် တောင်ပေါ်သို့ ပြန်လည် ပြေးတက်သွား၏။
ဒီတစ်ကြိမ်တွင် သူမသည် အားကြိုးမာန်တက် ရှာဖွေ၏။ မည်သည့် ကျောက်တုံးကိုမှ ကျော်မကြည့်သလို သစ်ပင်တိုင်းကိုလည်း တစ်ပတ်ပတ်ကာ ကြည့်သည်။ သို့မေယ့် စီနီယာအစ်ကိုကြီး၏ တည်ရှိမှုကို သတိထားမိနိုင်ခြင်း မရှိသေးပဲ ရှိနေ၏။
“ဆရာ… ကျောက်တုံးတိုင်းကို ကြည့်ပြီးပြီ။ သစ်ပင်တွေတောင် အကုန်ကြည့်ခဲ့တယ်။ အစ်ကိုကြီးကို ဘာမှမတွေ့ဘူး”
စုလင်းရှုံက အမြန် ပြန်ပြေးလာပြီး ပြော၏။
သို့ပေမယ့် တစ်ဖက်လူကို ကျောက်တုံးတစ်တုံးသဖွယ် ထင်မှတ်နေရာ မည်ကဲ့သို့ ရှာတွေ့မည်နည်း။
လီရွှမ်သည် မနေနိုင်ပဲ ချီးကျူးမိ၏။ ရွှီယန် နားလည်သဘောပေါက်ခဲ့ လောကြကြီးနှင့် ပေါင်းစပ်ခြင်းအတတ်သည် အမှန်တကယ်ကို ထူးကဲလှပါသည်။
စုလင်းရှုံသည် ထုံးရွှမ်အဆင့်၏ အသေးစားကျွမ်းကျင်မှုသို့ ရောက်ရှိပြီး ဖြစ်သည်။ သို့ပေမယ့် ရွှီယန်ထက်
အဆင့်များစွာ ပိုမိုနိမ့်ပါးရာ ရှာတွေ့ရန် မဖြစ်နိုင်ပေ။
“ဆရာက ဘာလို့ နင့်ကို လိမ်ပြောရမှာလဲ။ သွားထပ်ပြီး သေသေချာချာ ကြည့်ကြည့်ပေါ့”
လီရွှမ်က အပြုံးတစ်ခုဖြင့် ပြော၏။
စုလင်းရှုံက စဉ်းစားသည်။ ထပ်မံ ပြေးထွက်သွားပြီး မုန့်ချုံဆီသို့ သွားရောက်၏။
“ဒုတိယ စီနီယာအစ်ကို.. ဆရာပြောတာ အစ်ကိုကြီးက တောင်ပေါ်မှာ ရှိတယ်တဲ့။ ဒါပေမယ့် ညီမရှာတာ အကြိမ်ပေါင်း မနည်းဘူး။ ဘာမှလည်း ရှာမတွေ့ဘူး။ ကူရှာပေးပါလား”
မုန့်ချုံက ကြောင်တောင်သွား၏။ ထို့နောက် မတ်တပ်ထကာ ပြောသည်။
“ကောင်းပြီလေ”
နှစ်ယောက်သား တောင်ပေါ်သို့ ရောက်ရှိပြီးနောက် စုလင်းရှုံက ပတ်ဝန်းကျင်ကို ကြည့်သည်။
“ဒုတိယအစ်ကို.. အစ်ကိုကြီးကို ရှာတွေ့လား”
မု့န်ချုံက တုံ့ဆိုင်းစွာ ဖြေ၏။
“မတွေ့ဘူး”
တောင်ထိပ်တွင် တစ်ပတ်လျှောက်ပြီးနောက် မေးသည်။
“အစ်ကိုကြီး ဒီတောင်ပေါ်မှာ ရှိတယ်လို့ ဆရာပြောတာ နင်သေချာရဲ့လား”
“သေချာတယ်။ ဆရာသေသေချာချာ ပြောလိုက်တာ”
စုလင်းရှုံက ရှုပ်ထွေးစွာဖြင့် ခေါင်းညှိတ်သည်။
မုန့်ချုံသည် နေရာ၌ ရပ်ပြီး တောင်ပေါ်ရှိ အပင်တိုင်းကို နီးကပ်စွာ စစ်ဆေးည်။ ဆေဘာဆန္ဒကို တောင်တစ်ဝိုက်တွင် စုစည်းကာ မည်သည့် ကျောက်တုံးမှ မချန်ရစ်ပေ။
သို့ရာတွင် မည်သည်ကိုမှ ရှာမတွေ့နိုင်ပဲ ရှိနေဆဲ ရှိ၏။
အသက်ကို နက်ရှိုင်းစွာ ရှူပြီး နှလုံးသားထဲတွင် အံ့ဩစွာ ခံစားလိုက်ရသည်။ စီနီယာအစ်ကိုကြီးသည် ဉာဏ်အလင်းပွင့်ပြီးခဲ့လေပြီလား။ ဒီဖုံးကွယ်ခြင်း အတတ်က အမှန်တကယ်ကို မှော်ဆန်လှပါသည်။
ကောင်းကင်နှင့် ကမ္ဘာမြေအကြားတွင် တည်ရှိကာ ကောင်းကင်နှင့် ကမ္ဘာမြေက မသိပေ။ ၎င်းအပေါ် ဉာဏ်အလင်းပွင့်ရာတွင် သူပင်လျှင် သတိမထားမိနိုင်သည့် အဆင့်သို့ ရောက်ရှိသွားခဲ့၏။ သို့ပေမယ့် အစ်ကိုကြီး၏ မြင့်မားသာလွန်သည့် စွမ်းရည်များကြောင့် အရမ်းကြီး အံ့ဩစွာ ခံစားရခြင်း မရှိပါ။
လီရွှမ်သည် တောင်ထိပ်ပေါ်သို့ ဆက်လက် ကြည့်ရှုနေ၏။ မုန့်ချုံက ဆေဘာဆန္ဒကို အသုံးပြုကာ ရှာဖွေမှု ပြုကြောင်းကို တွေ့လိုက်ရသည်။ ထိုနည်းလမ်းမှာ မှန်ကန်ပေမယ့် တစ်ဖက်လူမှာ ရွှီယန် ဖြစ်နေလေသည်။ စွမ်းရည်များက ပိုမိုသာလွန်သလို ဓါးဆန္ဒမှာလည်း များစွာ ပိုမိုခရီးရောက်နေ၏။
ရွှီယန်၏ တတိယဆင့် ဓါးဆန္ဒက ပတ်ဝန်းကျင်သို့ ပျော်ဝင်နေကာ သူ၏ အနီးတစ်ဝိုက်ကို ဓါးဆန္ဒဖြင့် အစားထိုးထားသည်။ မုန့်ချုံ၏ ဆေဘာဆန္ဒမှာ ဓါးဆန္ဒထက် ပိုမိုအားနည်းရာ သဲလွန်စ ရှာမရတာ ပုံမှန်သာဖြစ်၏။
ထို့အပြင် လက်ရှိအချိန်၌ မုန့်ချုံနှင့် စုလင်းရှုံတို့ နှစ်ဦးလုံးသည် ရွှီယန်၏ ဓါးဆန္ဒနယ်ပယ် အတွင်းသို့ ဝင်ရောက်နေကြပြီး မုန့်ချုံအနေနှင့် တစ်ခုခု မှားယွင်းနေကြောင်းကို ရေးတေးတေး ခံစားရပေမယ့် ပုန်းအောင်းနေသည့် အန္တရာယ်ကို ရှာတွေ့နိုင်ခြင်း မရှိပေ။
“ဒါသာ လုပ်ကြံတိုက်ခိုက်မှုတစ်ခု ဆိုရင် တစ်ဖက်လူထက် သိသိသာသာ စွမ်းအားပိုမကြီးနေရင် ရှောင်ရှားနိုင်မှာ မဟုတ်ဘူး”
လီရွှမ်က စဉ်းစားသည်။
“ရွှီယန်သာ လျှပ်တစ်ပြတ် တိုက်ခိုက်လာရင် သူ့ထက် ပိုပြီး ခွန်အားကြီးသူတစ်ယောက်တောင် ပုံမှန် လွတ်ဖို့ခက်လိမ့်မယ်”
တောင်ထိပ်ပေါ်တွင် ရွှီယန်က သူ၏ ဓါးဆန္ဒကို ရုတ်သိမ်းကာ ခန္ဓာကိုယ်က ပေါ်လာခဲ့၏။
“ငါဒီမှာ”
စုလင်းရှုံ၏ မျက်လုံးများက အံ့ဩစွာ ပြူးကျယ်သွားသည်။
“အစ်ကိုကြီး တစ်ချိန်လုံး ဒီနေရာမှာပဲ ရှိနေတာလား”
“အင်း”
ရွှီယန်က အပြုံးတစ်ခုနှင့် ခေါင်းညှိတ်၏။
“ညီမ လုံးဝ သတိမထားမိခဲ့ဘူး”
စုလင်းရှုံတစ်ယောက် ထိတ်လန့်သွား၏။ သူမသည် ဒီနေရာတွင် အကြိမ်ကြိမ် ဖြတ်လျှောက်ခဲ့လေသည်။ အခေါက်ပေါင်းများစွာ ကျော်သွားခဲ့ပြီး တစ်ချိန်လုံး လစ်လျူရှုထားခဲ့၏။
“အစ်ကိုကြီး ဉာဏ်အလင်းပွင့်သွားတာလား”
မုန့်ချုံက စိတ်လှုပ်ရှားစွာ မေးသည်။
ရွှီယန်က ခေါင်းကိုယမ်း၏။
“နည်းနည်းပဲ နားလည်သဘောပေါက်လာတာ.. စစ်မှန်တဲ့ အဓိပ္ပာယ်ကို ပြည့်ပြည့်စုံစုံ မဖမ်းဆုပ်နိုင်သေးဘူး”
“အစ်ကိုကြီး.. ညီမကိုလည်း မြန်မြန် သင်ပေးပါဦး”
စုလင်းရှုံက စိတ်လှုပ်ရှားစွာ တောင်းဆို၏။
“ဟုတ်ပါပြီ”
ရွှီယန်က စုလင်းရှုံနှင့် မုန့်ချုံတို့ကို လောကနှင့် ပေါင်းစပ်ခြင်းအတတ်အား သင်ကြားပေးသည်။
“ဒါကြီးက နက်နဲလွန်းတယ်။ ဆရာက ညီမကို သာမန် အငွေ့အသက် ဖုန်းကွယ်တဲ့အတတ် သင်ပေးလိုက်တာ အံ့ဩစရာ မရှိဘူး”
စုလင်းရှုံက ပြော၏။
လောကနှင့် ပေါင်းစည်းခြင်းကဲ့သို့သော အတတ်မျိုးအတွက် သူမအနေနှင့် အချိန်အချို့ယူကာ လေ့လာရန် လိုအပ်ပါသည်။ ယခုအချိန်၌ ရွှီယန်သည် လင်းနယ်မြေသို့ သွားရောက်ရန် အချိန်ကျလာပြီ ဖြစ်၏။
ရက်အနည်းငယ် ကြာပြီးနောက် ရွှီယန်သည် လင်းနယ်မြေသို့ သွားရောက်ရန် အဆင်သင့်ဖြစ်နေပါပြီ။ လီရွှမ်တို့က သူ့ကို ချန်းပိန်မြေအထိ လိုက်ပို့ရန် စီစဉ်ထား၏။
ရုတ်တရက် ပုံရိပ်တစ်ခု လျှင်မြန်စွာ ရောက်ရှိလာခဲ့သည်။ ဤသည်မှဦတော့ အချိန်အတော်ကြာအောင် မတွေ့ရသည့် မုန့်ရှူရှူ ဖြစ်၏။
“ချီး.. မင်းပျောက်သွားတာာ ကြာလှချည်လား.. ငါက အကြွေးနဲ့ ထွက်ပြေးသွားပြီတောင် ထင်တာ”