မုန့်ရှူရှူ၏ ရရှိမှုများ၊ လင်းနယ်မြေသို့ ဝင်ရောက်ခြင်း(၂)
Vol. 26 Ch. 388
မုန့်ချုံသည် ရှုပ်ပွနေသည့် မုန့်ရှူရှူကို ကြည့်ကာ ပြောသည်။
“ဘယ်ဟုတ်မလဲ.. ငါရတနာ နေရာတစ်ခု ရှာတွေ့လို့.. အဲ့မှာ အချိန်ကြာသွားတာ”
မုန့်ရှူရှူက လူအုပ်ကို ကြည့်ကာ ရှင်းပြ၏။ သူ၏ နှလုံးသားထဲ၌ အံ့ဩနေပါသည်။
သူသည် ရတနာနယ်မြေမှ ထွက်လာသည်နှင့် အတွင်းဘက်နယ်မြေရှိ ပြောင်းလဲမှု အဖုံဖုံကို ကြားသိခဲ့ရ၏။ ကြီးမားလှသည့် ကိစ္စများကို လောကကြီးတစ်ခုလုံး ပြောင်းပြန်ဖြစ်သွားသည်ဟုပင် ခံစားရစေသည်။
စွမ်းအားကြီးမားသည့် ယွဲ့နိုင်ငံသည် ပျောက်ကွယ်သွားခဲ့ပြီး သဟွက အစားထိုးလာခဲ့၏။
“ရတနာနေရာလား”
မုန့်ချုံ၏ မျက်လုံးများက လင်းလက်သွားပြီး မုန့်ရှူရှူ၏ ပုခုံးကို ကိုင်၏။ ရယ်မောကာ မေးသည်။
“ဆွေမျိုးလေး… မင်းဘယ်လောက်များများ ရခဲ့လဲ”
မုန့်ရှူရှူက သူ့ကိုပေးရန် အကြွေးရှိသည့် သိုလှောင်အိတ်ကိုတော့ အများကြီး ဂရုမစိုက်တော့ပေ။ များပြားလှသည့် အိတ်များနှင့် ငွေကြေးများကို ရရှိခဲ့ပြီး ဖြစ်၏။
“အများကြီးပဲ”
မုန့်ရှူရှူက စိတ်လှုပ်ရှားစွာ ခေါင်းညှိတ်သည်။
သူ၏ အင်္ကျီရင်ဘတ် အတွင်းတွင် ဝှက်ထားသည့် အိတ်ငါးခုတို့ကို ဂရုတစိုက် ထုတ်၏။ ကြည့်ရသည်မှာ အနည်းငယ် ရှေးကျနေပါသည်။
“ကြည့်လိုက်… ဒီသိုလှောင်အိတ်တွေက သာမန်အိတ်တွေထက် ပိုကြီးတယ်။ ပစ္စည်းတွေ ပိုထည့်လို့ရတယ်”
မုန့်ရှူရှူ၏ အပြုံးက ပိုမိုကျယ်ပြန့်လာခဲ့၏။ ဒီတစ်ကြိမ်တွင် သူ၏ ရရှိမှုများမှာ အလွန် ကြီးမားလှပြီး ရှေးဟောင်း အမွေအနှစ်များပင် ပါဝင်ပါသည်။
“ဒီတစ်ခုက မင်းအတွက်… ပြီးတော့ ဒီဟာက အစ်ကိုရွှီအတွက်’
မုန့်ရှူရှူက သိုလှောင်အိတ်နှစ်ခုတို့ကို မုန့်ရှူရှူနှင့် ရွှီယန်တို့၏ လက်ထဲသို့ အသီးသီး ထည့်ပေး၏။ ကျန်ရှိသည့် အိတ်သုံးခုမှ တစ်ခုကို စုလင်းရှုံအား ပေးသည်။
“အထဲမှာ…”
ပြော၏။
“ဒီခရီးမှာ ရခဲ့တာတွေ ပါတယ်။ အနိမ့်ဆုံးက အဆင့်ခြောက် စိတ်ဝိညာဉ်ဆေးပင်တွေပဲ။ အဆင့်လေး စိတ်ဝိညာဉ်ဆေးပင် တစ်ခုလည်း ပါမယ်ထင်တယ်”
ရွှီယန်တို့ အားလုံး အံ့ဩသွားကြသည်။ ယခုမျှ များပြားလှသည့် ရရှိမှုများနှင့် မည်သည့် ရတနာနယ်မြေသို့ ဝင်ရောက်ခဲ့သနည်း။ အတွင်းဘက်နယ်မြေတွင် ဘယ်တုန်းကမှ မပေါ်လာဖူးသည့် အဆင့်လေး စိတ်ဝိညာဉ်ဆေးပင်ပင်လျှင် ရှာတွေ့ခဲ့သည်။
ဆက်လက်ပြီး မုန့်ရှူရှူက လျှို့ဝှက်ဆန်းကြယ်စွာနှင့် စိတ်လှုပ်ရှားစွာ ပြောသည်။
“မင်းတို့သိကြလား.. ဒီတစ်ကြိမ်မှာ ငါ့ရဲ့ အကြီးမားဆုံး ရရှိမှုက စိတ်ဝိညာဉ်ဆေးပင်တွေ မဟုတ်သလို သိုလှောင်အိတ်တွေလည်း မဟုတ်ဘူး။ ဒီဟာပဲ..”
သူသည် သိုလှောင်အိတ်တစ်ခု အတွင်းမှ သားရဲသားရေ တစ်မျိုးဖြင့် ပြုလုပ်ထားသည့် ရှေးဟောင်းစာအုပ် တစ်အုပ်ကို ထုတ်၏။
“အိုး.. ဘာများလဲ”
မု့န်ချုံ၏ မျက်ခုံးများက မြင့်တက်သွားပြီး သိလိုစွာ ကြည့်သည်။
“ကောင်းကင်လူသားအဆင့် ကျင့်စဉ်”
မုန့်ရှူရှူက လေးနက်စွာ ပြောသည်။
“စစ်ဘုရင်အဆင့်ရဲ့ အထက်က ကောင်းကင်လူသားအဆင့်ရဲ့ ပြည့်စုံတဲ့ သိုင်းကျင့်စဉ်”
သူက ရွှီယန်တို့ကို ကြည့်သည်။ အားလုံး၏ အံ့ဩမှင်
သက်သည့် မျက်နှာများကို စောင့်စားနေ၏။
သို့ပေမယ့် နောက်ဆုံးတွင် အားလုံးမှာ တည်ငြိမ်စွာသာ ရှိနေပါသည်။ အရမ်းကြီး အထင်မကြီးသည့်ပုံ ရှိ၏။ ကောင်းကင်လူသားအဆင့် ကျင့်စဉ်ကို စိတ်ဝိညာဉ်ဆေးပင်များလောက် အဖိုးမတန်ဟု မှတ်ယူထားကြဟန် ရှိသည်။
“ဒါက ကောင်းကင်လူသားအဆင့် ကျင့်စဉ်ပဲ.. မင်းတို့ စိတ်မလှုပ်ရှားကြဘူးလား”
မုန့်ရှူရှူတစ်ယောက် အနည်းငယ် ကြောင်တောင်နေ၏။
ရွှီယန်က လက်ကိုမြှောက်ကာ သူ၏ ပုခုံးကို ပုတ်သည်။
“ကျင့်စဉ်လား… ကောင်းကင်လူသားတောင်.. ငါတွေ့ပြီးပြီ… တစ်ယောက်တောင်သတ်ခဲ့သေးတယ်။ ဒါ့ကြောင့် ကိစ္စကြီး မဟုတ်ဘူး”
မုန့်ရှူရှူ “….”
‘တစ်ယောက်တောင် သတ်ပြီးပြီ’
မုန့်ရှူရှူသည် မှင်သက်စွာဖြင့် တံတွေးတစ်လုတ်ကို မြိုချမိ၏။
“စီနီယာအစ်ကိုရွှီ.. နောက်နေတာလား”
“ငါက သတ်ခဲ့တယ်လို့ ပြောရင် သတ်ခဲ့လို့ပဲ။ ဟာသမလုပ်ဘူး။ အခု လင်းနယ်မြေကိုသွားတော့မှာ။ လင်းယွီဂိတ်တံခါး ပေါ်လာပြီးပြီ.. အဲ့ကိစ္စကို မင်းမသိဘူးလား”
ရွှီယန်က ပြုံးကာ ပြော၏။
မုန့်ရှူရှူတစ်ယောက် မှင်သက်သွား၏။ လင်းယွီဂိတ်တံခါးသည် ပေါ်လာခဲ့ပြီလား။
စုလင်းရှုံဆီသို့ အလိုလို ကြည့်လိုက်မိသည်။
“နင့်မှာ ဘာသိထားတာတွေ ရှိလဲ”
လင်းယွီဂိတ်တံခါးကို ကြားသည်နှင့် မုန့်ရှူရှူသည် စုလင်းရှုံကို အလိုလို ကြည့်လာခဲ့၏။ သူ၏ အပြုအမူက သံသယဝင်စရာ ဖြစ်သည်။ တစ်ခုခုကို သိရှိထားပုံ ပေါ်၏။ စုလင်းရှုံက မျက်မှောင်ကြုတ်စွာ မေးသည်။
“အာ.. အဆင့်လေး စိတ်ဝိညာဉ်ဆေးပင်တွေများ ရှိမလား သွားကြည့်ချင်သွားလို့ပါ.. ကောင်းကင်လူသားအဆင့် ကျင့်စဉ်တောင် သူနဲ့ မနှိုင်းယှဉ်နိုင်ဘူးမလား”
မုန့်ရှူရှူက စကားလမ်းကြောင်း ပြောင်းရန် ကြိုးစား၏။
“ရတနာနယ်မြေအချို့မှာ လင်းယွီဂိတ်တံခါးအကြောင်းကို ကြားခဲ့ဘူးဆယ်။ ဒါပေမယ့် အများကြီးတော့ မသိပါဘူး”
မုန့်ချုံက သူ၏ပုခုံးကို ဆုပ်ကာ ပြောသည်။
“မင်းကိုကြည့်ရတာ အများကြီး သိထားတဲ့ပုံပါ။ ဖုံးကွယ်မနေနဲ့”
“ငါဘာမှ မသိပါဘူး။ ဘာမှမသိဘူး”
မုန့်ရှူရှူကခေါင်းကို အကြိမ်ကြိမ် ယမ်း၏။
“ထားလိုက်ပါ ဒုတိယစီနီယာအစ်ကို”
စုလင်းရှုံက ခေါင်းကိုယမ်း၏။ မုန့်ရှူရှူကို ဖိအားပေးနေစရာ မလိုပါ။
သူမမှတ်မိသလောက် ဆိုပါက သူမ၏ အဖိုးနှင့် မုန့်ရှူရှူ၏ အဖိုးတို့မှာ မိတ်ဆွေအရင်းအချာများ ဖြစ်ကြသည်။ နှစ်ဦးစလုံးသည် ယင်လုံံ့စံအိမ်ကြောင့် သေဆုံးခဲ့ကြ၏။ မုန့်ရှူရှူအနေနှင့် သိထားသည်များ ရှိမည်(သို့) သူမ၏ နောက်ခံကိုပင် နားလည်နေသည်များ ရှိမည်မှာ အံ့ဩစရာ မရှိပေ။
သို့ပေမယ့် တစ်ဖက်လူက ပြောလိုခြင်း မရှိရာ ဖိအားပေးနေစရာ မလိုပေ။ သူမ၏ နောက်ခံအတွက်မှာတော့ ခွန်အားကို မြှင့်တင်ပြီးမှသာလျှင် ဂရုစိုက်ရန် စုလင်းရှုံ စဉ်းစားထားသည်။
ရန်သူများ ရှိပါက သတ်ဖြတ်မည် ဖြစ်၏။
မုန့်ရှူရှူက စိတ်သက်သာရာ ရသွားပြီး ရှေးဟောင်းစာအုပ်ကို ကိုင်ကာ နေရခက်စွာ ပြောသည်။
“ဒီစာအုပ်က တကယ်ပဲ အဖိုးမတန်ဘူးလား”
ရွှီယန်က စာအုပ်ကို လှမ်းယူလိုက်၏။ လှန်လောကြည့်ပြီးနောက် ပြောသည်။
“ဒီထဲမှာ အများကြီး အဖိုးတန်တာ ဘာမှမရှိဘူး။ ကောင်းကင်လူသားအဆင့်ကို ချိုးဖျက်ဖို့အတွက် လင်းနယ်မြေကို ဝင်ရောက်ဖို့ လိုအပ်တယ်။ အတွင်းဘက်နယ်မြေမှာ ကျင့်ဖို့ မဖြစ်နိုင်ဘူး”
“အခု အတွင်းဘက်နယ်မြေမှာ သဟွသိုင်းပညာက အုပ်စိုးနေတယ်။ ဒါပေမယ့် ဒီစာအုပ်ကနေ ကောင်းကင်လူသားအဆင့် ကျင့်စဉ်အကြောင်းကို ပိုပြီး နားလည်နိုင်သေးတယ်”
ဒီကောင်းကင်လူသားအဆင့် ကျင့်စဉ်သည် အံ့ဩစရာ ကောင်းလောက်အောင် ကောင်းကင်လူသားအဆင့် သုံးခုလုံးအထိ ပေါက်ရောက်၏။
ထိုစကားကို ကြားရပြီးနောက် မုန့်ရှူရှူတစ်ယောက် မနေနိုင်ပဲ စိတ်ပျက်စွာ ခံစားလိုက်ရသည်။
“ဆွေမျိုးလေး… ဒီစာအုပ်ကို မင်းဘယ်နေရာကနေ တွေ့ခဲ့တာလဲ.. ကောင်းကင်လူသားသင်္ချိုင်း တစ်ခုမှာလား”
မုန့်ချုံက သိလိုစွာ မေး၏။
“ငါလည်း သွားရင်းလာရင်း မတော်တဆဖြစ်ပြီး မြေအောက်ရှေးဟောင်းနေရာတစ်ခုကို ရောက်သွားတာ.. ကြည့်ရတာ ဂိုဏ်းတစ်ခု ဖြစ်ပုံပဲ။ ပစ္စည်းအများကြီးတော့ မကျန်ဘူး။ ဒါပေမယ့် သိုလှောင်အိတ်တွေထဲက တစ်ခုထဲမှာ ဒီကျင့်စဉ် ပါလာခဲ့တာ”
မုန့်ရှူရှူက ရတနာတွေ့ခဲ့သည့် နေရာကို ပြောပြ၏။
မုန့်ချုံက စာအုပ်ကို ယူကာ ကြည့်ရှုပြီးနောက် စုလင်းရှုံကို ပေးသည်။ ထို့နောက် မုန့်ရှူရှူ၏ ပုခုံးကို ပုတ်၏။
“ဆွေမျိုးလေး.. မင်းလည်း သဟွသိုင်းပညာကို ပြောင်းပြီး ကျင့်သင့်တယ်။ မဟုတ်ရင် လင်းနယ်မြေကို ဝင်ပြီး အဆင့်ချိုးဖျက်ဖို့ လိုလိမ့်မယ်။ ပြီးတော့ လင်းနယ်မြေက….”
သူ၏ စကားမဆုံးခင်တွင်ပင် မုန့်ရှူရှူက နားလည်ပုံ ပေါ်၏။
“ငါသိပြီ”
သူက အသက်ကို နက်ရှိုင်းစွာ ရှူပြီး လေးနက်စွာ ခေါင်းညှိတ်သည်။ နောက်ဆုံးတွင် ကောင်းကင်လူသားအဆင့် ကျင့်စဉ်သည် လီရွှမ်၏ လက်ထဲသို့ ရောက်ရှိသွား၏။
မုန့်ရှူရှူ၏ ရုတ်တရက် ပြန်လာမှုကြောင့် ခရီးစဉ်က အနည်းငယ် ကျန့်ကြာသွားခဲ့၏။ သို့ပေမယ့် မကြာခင်တွင် ချန်းပိန်မြေသို့ ခရီးကို စတင်ခဲ့ကြသည်။
မြောက်ပိုင်း မြေရိုင်းဒေသတွင် လင်းယွီဂိတ်တံခါး ရှိ၏။ လီရွှမ်တို့ လူစုသည် ထိုနေရာသို့ ရောက်ရှိလာကြသည်။
“ဆရာ… တပည့် လင်းနယ်မြေကို သွားတော့မယ်”
ရွှီယန်က အသက်ကို နက်ရှိုင်းစွာ ရှူပြီး ဆရာဖြစ်သူကို ကြည့်ကာ လေးစားစွာ ပြောသည်။
“အင်း”
လီရွှမ်က ခေါင်းညှိတ်၏။
“ဒါက လင်းယွီဂိတ်တံခါးပေါ့”
စုလင်းရှုံက မနေနိုင်ပဲ သက်ပြင်းချ၏။
မုန့်ရှူရှူမှာ ဂိတ်တံခါးကို ကြည့်ပြီး သူ၏မျက်နှာက ရှုပ်ထွေးစွာ ရှိနေပါသည်။ အတိတ်အကြောင်းများက ပြန်ပေါ်လာပြီး ဆုံးရှုံးမှုနှင့် ဝမ်းနည်းမှုကိုလည်း ခံစားရ၏။
ရွှီယန်က ရှေ့သို့ လျှောက်ထွက်သွားကာ လင်းနယ်မြေ၏ ဂိတ်တံခါးဆီသို့ ဦးတည်လိုက်သည်။
ထန်းပေါင်စံအိမ်ရှိရာ တောင်ထိပ်တွင် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ခု တိတ်ဆိတ်စွာ ကြည့်နေကြ၏။
“ရွှီယန်.. လင်းနယ်မြေကို ဝင်တော့မယ်”
“သူလင်းနယ်မြေကို ဝင်ပြီးရင် ဘာတွေဖြစ်လာမယ်လို့ မင်းတို့ထင်လဲ”
“သူ့ရဲ့ အကြွင်းမဲ့ ပါရမီနဲ့ လင်းနယ်မြေကို ရောက်တာနဲ့ အင်အားစုတစ်ခုခုက သေချာပေါက် ခေါ်မှာပဲ”
သရဖူနှင့်လူက သက်ပြင်းချသည်။
“အဲ့ဒါလည်း မသေချာဘူး။ ရွှီယန်က မာနကြီးတဲ့လူပဲ။ ဆရာကြီးကလည်း အနှိုင်းမဲ့တယ်။ ကြည့်ရတာ အခြား ဘယ်အင်အားစုကိုမှ မဝင်ဖို့များတယ်။ ဒါပေမယ့် ဝင်ရောက်ရင်တော့ ခံစားခွင့်တွေ ပိုကောင်းမှာပေါ့”
ရှားပါးသည့် ပါရမီရှင်များသည် မည်သည့်နေရာသို့ သွားသွား အထူးခံစားခွင့်များ ရကြ၏။ ပါရမီပိုကောင်းကာ နောက်ခံနိမ့်ပါး ရှင်းလင်းသူများကို အဓိက အင်အားစုကြီးများက အထူးအလေးထားကာပင် ခေါ်ယူ ပျိုးထောင်လိုကြသည်။
လင်းယွီဂိတ်တံခါးသည် လှိုင်းများ ထနေပြီး တင်းကြပ်စွာ ပိတ်နေဆဲ ရှိ၏။ တံခါးရှေ့သို့ ရောက်ရှိသွားပြီးနောက် ရွှီယန်၏ ခန္ဓာကိုယ်မှ အားတစ်ခု ထွက်ပေါ်လာခဲ့သည်။ ရေပြင်ကဲ့သို့ တံခါးကို ခါရမ်းလာစေ၏။
လင်းနယ်မြေတွင်..
လင်းယွီဂိတ်တံခါး၏ ရှေ့ရှိ မဟာခန်းမ အတွင်းတွင် ဂိတ်စောင့်ရန် တာဝန်ကျထားသည့် ကောင်းကင်လူသား နှစ်ယောက်တို့က တစ်ဖက်တစ်ချက်တွင် ထိုင်ကာ တိတ်ဆိတ်စွာ ကျင့်ကြံနေကြသည်။ လင်းယွီဂိတ်အား စောင့်ကြပ်ရသည်မှာ များသောအားဖြင့် အလုပ်မရှိပေ။
သွေးနတ်ဆိုး အဖြစ်အပျက် ပြီးဆုံးကတည်းက တံခါးကိုလည်း မကြာခဏ ဖွင့်လှစ်ပေးခြင်း မရှိတော့ပေ။ ယခုအချိန်အထိ ဖွင့်လှစ်ခဲ့သည့် အကြိမ်များကို ရေတွက်လျှင် လက်တစ်ဖက်ပင် ပြည့်မည်မဟုတ်ပါ။
အတွင်းဘက်နယ်မြေသို့ ဝင်ရောက်လိုသူများဆိုလျှင် ပိုတောင် နည်းပါးသေး၏။ ဒီအတောအတွင်း ဖွင့်လှစ်ရသည်မှာ ရွှေရှင်းနန်းတော်မှ ကျောင်မင်နှင့် ဖင်းအာတို့အတွက်သာ ရှိသည်။
ထိုနှစ်ယောက်သာ ပြန်လာပြီးပါက ဂိတ်တံခါးကို လုံးဝ ပိတ်စို့လိုက်တော့မှာ ဖြစ်၏။ အတွင်းဘက်နယ်မြေမှ သိုင်းသမားများ ဝင်ရောက်လာမည်မှာတော့ သူတို့အနေနှင့် ဘယ်တုန်းကမှ ထည့်သွင်းစဉ်းစားခြင်း မရှိပေ။
လင်းနယ်မြေရှိ စိတ်ဝိညာဉ်ဂိုဏ်းများက အတွင်းဘက်နယ်မြေမှ သိုင်းသမားများ လင်းနယ်မြေသို့ လာရောက်သည့် ကိစ္စကို ပြောကြားခဲ့ခြင်း မရှိပေ။
ကြည့်ရသည်မှာ ထိုနိမ့်ကျသည့် နယ်မြေမှ တက်လှမ်းလာမှုကို လုံးဝ ပိတ်ဆို့ထားရန် ရည်ရွယ်ထားဟန် တူ၏။ ထိုနေရာရှိ ပါရမီရှင် ဖြစ်နိုင်ချေရှိသူများကိုလည်း မလိုအပ်ဟု ယုံကြည်ထားကြသည်။
ရုတ်တရက် အသံတစ်ခုနှင့် အတူ ခန်းမအတွင်းရှိ တိုင်ကြီးနှစ်တိုင်တို့ လှုပ်ခါလာခဲ့သည်။ တိုင်ပေါ်တွင် ရေလှိုင်းကဲ့သို့ ရေကဲ့သို့ လှိုင်းအလွှာတစ်ခု လှုပ်ခါလာ၏။ တိုင်များမှ အလင်းရောင်တစ်ခု ရေးတေးတေး ထုတ်လွှတ်လာခဲ့သည်။
“အိုး.. ကျောင်မင်လား.. ဟိုမိန်းမရိုင်းမလေးလား မသိဘူး ပြန်လာတာဖြစ်မယ်”
တိုင်များအတွင်းရှိ လှိုင်းထမှုကို ကြည့်ကာ တံခါးဖွင့်ရန် ကြိုးစားသူမှာ အားနည်းသူတစ်ယောက် မဟုတ်ကြောင်းကို သိလိုက်ကြသည်။
“ဖွင့်ရအောင်… အဲ့နှစ်ယောက်ပြန်ပြီးရင် ငါတို့တွေ ဒီတံခါးကို လုံးဝ ပိတ်ချလိုက်လို့ ရပြီ”
အခြားတစ်ယောက်က ပြော၏။
လက်ကိုမြှောက်ကာ စွမ်းအားတို့ မြင့်တက်လာပြီး တိုင်အတွင်းသို့ ဝင်ရောက်သွားသည်။ တိုင်ကို ဖြည်းညှင်းစွာ လည်သွားစေ၏။ လင်းယွီဂိတ်တံခါးမှာ ပွင့်လာခဲ့သည်။
ရွှီယန်သည် ဆရာဖြစ်သူနှင့် အခြားလူများကို နောက်ဆုံးအကြိမ် ခေါင်းလှည့်ကြည့်သည်။ အသက်ကို နက်ရှိုင်းစွာ ရှူပြီး တံခါးပေါက်အတွင်းသို့ ခိုင်မာစွာ ခြေလှမ်းဝင်လိုက်၏။
လျှပ်တစ်ပြတ်အတွင်း လီရွှမ်ဆီမှ ဒီဗိုင်းအနှစ်သာရ ကိုယ်ပွားတစ်ခု ထွက်လာကာ လင်းနယ်မြေအတွင်းသို့ လိုက်ပါသွားသည်။ ဂိတ်တံခါးမှ ဝင်ရောက်ပြီးနောက် တောင်နှစ်ခုအကြားတွင် ရှိသည့် လင်းယွီဂိတ်တံခါး၏ အခြေအနေကို တွေ့လိုက်ရသည်။ ရှေ့တွင် ကြီးမားသည့် နန်းတော်ကြီးတစ်ခု ရှိနေ၏။
ဒီဗိုင်းအနှစ်သာရက ရှေ့သို့တက်ကာ စူးစမ်းတော့မှာပါ။ သို့ပေမယ့် လင်းယွီဂိတ်တံခါး၏ ပိတ်သွားမှုနှင့်အတူ မူလခန္ဓာနှင့် ဆက်သွယ်မှုသည် သိသာစွာ အားနည်းသွား၏။