အခန်း (၃၈၉)
Vol. 29 Ch. 389
ချန်ကျဲ့သည် မိမိ၏ဆရာဖြစ်သူမှာ အဖိုးတန်ရတနာတစ်ပါးဖြစ်သည်ဟု ခံစားမိလိုက်သည်။ အနာဂတ်တွင် တပ်ဖွဲ့တစ်ဖွဲ့မွေးမြူပြီး ကြီးမားသည့်အောင်မြင်မှုများကို ရယူမည်ဆိုပါက ထိုက်ဆွေ့ဆေးလုံးသည် အရင်းအမြစ်ဖြစ်လာလိမ့်မည်။ သူ၏ဆရာဖြစ်သူသည်တော့ ထိုက်ဆွေ့ဆေးလုံးများ ဖော်စပ်ခြင်းကို တစ်ဦးတည်း အထူးတာဝန်ယူရသည့် အနာဂတ်ဘဏ်ဥက္ကဌကြီးကဲ့သို့ ဖြစ်လိမ့်မည်။
တစ်ကြိမ်လျှင် မြန််ဆန််ပြီး အရည်အသွးမြင့်မားသည့် ဆေးလုံး၁၀လုံးအပြင် တစ်လုံးအပိုလည်း ထုတ်လုပ်ပေးနိုင်သေးသည်။
သူအယုံကြည်ရဆုံးသော ဆရာဖြစ်သူသည် ထိုသို့အရည်အချင်းရှိသူဖြစ်ပါ၏။
ထိုသို့တွေးလျက် ချန်ကျဲ့သည် သမားတော်ပိုင်အား ဆရာတင်မြှောက်ခဲ့ခြင်းမှာ အလွန််မှန်ကန်သည့် ဆုံးဖြတ်ချက်ဖြစ်ကြောင်း ထပ်မံခံစားမိိလိုက်သည်။
ထိုသို့အတွေးတွင် ချန်ကျဲ့သည် ထိုက်ဆွေ့ဆေးလုံး၁၁လုံးကို ဘူးထဲမှ ပြန်ထုတ်ယူ၍ သမားတော်ပိုင်ကို ကမ်းပေးလိုက်သည်။
“ဆရာ ဒီဆေးသုံးလုံးကို သိမ်းထားလိုက်ပါ။ အချိန်ကျရင် ဦးလေးကျုံးနဲ့ ဒေါ်လေးပိုင်ကို တစ်လုံးစီပေးလိုက်ပါ။ ဒီဆေးလုံးတွေက အသက်စွမ်းအင်ပြန်ဖြည့်ဖို့နဲ့ အသက်ရှည်ဖို့အတွက်် ပြီးပြည့်စုံတယ်ဆိုတော့လေ”
သမားတော်ပိုင်မှ ပြန်ပြောသည်။
“အာ မဟုတ်တာ မဟုတ်တာ၊ ငါ လက်မခံနိုင်ဘူး။ ဒီဆေးလုံးတွေက အရမ်းတန်ဖိုးကြီးလွန်းတယ်”
“ဆရာ ကျေးဇူးပြုပြီး တပည့်ပြောစကားကို နားထောင်ပေးပါ။ ကျွန်တော် ထိုက်ဆွေ့တစ်ကောင်ရဲ့တည်နေရာကို သိထားတာကို ဆရာလည်း သိတာပဲ။ အဲဒါနဲ့ယှဉ်ရင် ဒီဆေးလုံးတွေက ဘာမှမဟုတ်ပါဘူး။ ဆရာ ယူထားလိုက်ပါ။ ဆရာ အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာနေဖို့ လိုအပ်တယ်။ ကျွန်တော်လည်း နောက်ကို ထိုက်ဆွေ့ဆေးလုံးဖော်စပ်နည်းနဲ့ပတ်သက်ပြီး ဆရာ့ဆီကနေ အများကြီးသင်ယူရဦးမှာ။ ဒီဆေးလုံးက ဒီတပည့်ရဲ့ ဆရာ့အပေါ် လေးစားမှုကိုပြသတဲ့ သင်္ကေတတစ်ခုပါ။ ကျေးဇူးပြုပြီး ဆရာ မငြင်းလိုက်ပါနဲ့”
“ဆရာ လက်မခံရင် နောက်ကို ကျွန်တော် ဆရာ့ကို အကူအညီတောင်းဖို့ ဘယ်လိုမျက်နှာရှိပါတော့မလဲ။ တပည့်ကို ကူညီပေးဖို့ကိုတော့ ဆရာ ငြင်းမှာမဟုတ််ပါဘူး ဟုတ်တယ်မလား”
“ငါ… ဒီကလေးတော့ ငါက ဒီလောက်အသက်ကြီးနေပြီ၊ အဲဒီလိုဆေးလုံးကို ဘာအတွက် လိုအပ်ဦးမှာလဲ”
ချန်ကျဲ့မှ ပြောသည်။
“ဆရာ အဲဒီလိုတော့ မဟုတ်သေးဘူးလေ။ မိသားစုတစ်စုမှာ အကြီးတစ်ယောက်ရှိတယ်ဆိုတာ ရတနာတစ်ပါးရှိနေသလိုပါပဲ။ ကျွန်တော်က အနာဂတ်မှာ ဆရာ့ရဲ့အကူအညီတွေ အများကြီးလိုအပ်ဦးမှာပါ”
“ဒါဆိုလည်း ငါလက်ခံလိုက်ပါ့မယ်”
သမားတော်ပိုင်မှ ခေါင်းညိတ်သည်။ သို့သော် ချန်ကျဲ့မှ ပြောသည်။
“ဆရာ ဆေးကို အခုသောက်လိုက်ပါ။ ဆရာ အိမ်ပြန်ရောက်ရင် ဆေးသောက်ဖို့ တွန့်ဆုတ်နေမှာကို ကျွန်တော်စိုးရိမ်လို့ပါ”
“...”
သမားတော်ပိုင်သည် ဆေးလုံးများကို အနာဂတ်တွင် ချန်ကျဲ့အတွက် လိုအပ်လာသည့်အခါ အသုံးပြုရန်အတွက် သိမ်းဆည်းထားရန် စဉ်းစားနေသည်။ ချန်ကျဲ့သည် ထိုသို့တွေးနေသည့် သမားတော်ပိုင်ကို စောင့်ကြည့်နေခဲ့သည်။
ချန်ကျဲ့သည် သမားတော်ပိုင်၏ ရည်ရွယ်ချက်များကို ထိုးဖောက်မြင်နိုင်နေခဲ့ကာ သမားတော််ပိုင်ကို အကြည့်မလွှဲတမ်း ဆက်တိုက်ကြည့်နေခဲ့သည်။ သို့ဖြင့် သမားတော်ပိုင်သည် မတတ်သာဘဲ ပြောရတော့သည်။
“ကောင်းပါပြီ၊ ငါသောက်လိုက်ပါ့မယ်”
ထိုသို့ပြောလျက် သမားတော်ပိုင်သည် ထိုက်ဆွေ့ဆေးလုံးကို သောက်သုံးလိုက်သည်။ သို့ဖြင့် ဝမ်းဗိုက်အတွင်း ပူလောင်သည့်ခံစားချက်ကို ရုတ်ချည်း ခံစားလာရ၏။ ထို့နောက် ချန်ကျဲ့သည် သမားတော်ပိုင်၏နောက်သို့ သွား၍ ယန်ချွမ်ကျင့်စဉ်ကို အသုံးပြုကာ သမားတော်ပိုင်၏ခန္ဓာကိုယ်အား ထိုက်ဆွေ့ဆေးလုံးနှင့် အသားကျလက်ခံစေရန် ကူညီသည်။
မကြာမီတွင် ခန္ဓာကိုယ်သည် ဆေးလုံးကို လက်ခံသွားခဲ့သည်။
သမားတော်ပိုင်သည် မိမိ၏ နာတာရှည်နာမကျန်းမှုများ ရုတ်တရက် ပျောက်ကင်းသွားသည်အား ခံစားလိုက်ရသည်။ အသက်၄၀အရွယ်ခန့်ကဲ့သို့ ပေါ့ပါးမှုနှင့် ကြံ့ခိုင်မှုတို့ကို ပြန်လည်ခံစားလိုက်ရသည်။
ဤသည်မှာ ထိုက်ဆွေ့ဆေးလုံး၏ အံ့ဖွယ်အာနိသင်များဖြစ်သည်။
ထိုက်ဆွေ့ဆေးလုံးတွင် အသုံးဝင်မှုရာချီရှိသည်။ ကျင့်ကြံသူ၏နယ်ပယ်အဆင့်ကို တည်ငြိမ်စေနိုင်သည်၊ ပြန်လည်အားဖြည့်တင်းကောင်းမွန််စေရန်အတွက် ကူညီပေးနိုင်သည်၊ ဒဏ်ရာများကို ကုသပေးနိုင်သည်၊ ကြမ်းတမ်းသည့်ပတ်ဝန်းကျင်တွင် စွမ်းအင်ဖြည့်တင်းပေးသည့် အစာအဖြစ်လည်း အသုံးပြုနိုင်သည်။
နာမကျန်းမှုအားလုံးကို ကုသပေးနိုင်သည်ဟုတော့ မဆိုလိုပါချေ။ သို့သော် ထိုက်ဆွေ့ဆေးလုံးကို သောက်သုံးခြင်းသည် အကျိုးကျေးဇူးများသာရှိပြီး အကျိုးဆုတ်ယုတ်ခြင်း မရှိနိုင်ပါချေ။
အတိအကျဆိုသော် ထိုက်ဆွေ့ဆေးလုံးသည် လိုအပ်ချက်များစွာအတွက် လိုက်လျောညီထွေဖြစ်ပြီး လုပ်ငန်းတစ်ကဲ့သို့ တန်ဖိုးတည်ရှိကာ အဆင့်မြင့်သိုင်းပညာရှင်ကြီးများကြားတွင်လည်း ငွေကြေးအဖြစ် အသုံးပြုနိုင်သည်။
“ဆရာ ဘယ်လိုနေလဲ”
သမားတော်ပိုင်သည် ခန္ဓာကိုယ်ကို အနည်းငယ်လှုပ်ရှားကြည့်ပြီးနောက် သွေးခုန်နှုန်းစမ်းကြည့်သည်။ ထို့နောက် ပြောသည်။
“ငါ့ရဲ့အသက်စွမ်းအင်က အားကောင်းနေပြီ။ အတွင်းအင်္ဂါပျက်စီးယိုယွင်းမှုတွေလည်း ပျောက်ကင်းသွားတယ်။ အသက်နှစ်ဆယ်လောက် ပြန်ပြီးနုပျိုသွားသလိုပဲ။ ဒီဆေးက တကယ့်ကို နတ်ဆေးလုံးပါပဲလား”
“ပြောရမှာ ရှက်မိပေမဲ့ ငါ့တစ်သက်မှာ ထိုက်ဆွေ့ဆေးလုံးထောင်ချီကို သန့်စင်ဖော်စပ်ခဲ့ပေမဲ့ ထိုက်ဆွေ့ဆေးလုံးကို သောက်ဖူးတာတော့ ဒီနေ့က ပထမဆုံးပဲ”
သမားတော်ပိုင်မှ အလေးအနက် မှတ်ချက်ပြုပြောဆိုသည်။
ချန်ကျဲ့မှ ပြောသည်။
“ဆရာ ကျွန်တော် အောင်မြင်လာတာနဲ့ ကျွန်တော်တို့တွေ ထိုက်ဆွေ့ဆေးလုံးကို ကျန်းမာရေးထိန်းသိမ်းတဲ့အနေနဲ့ တစ်နှစ်တစ်ကြိမ် သောက်သုံးနိုင်ရပါစေမယ်”
သမားတော်ပိုင်သည် ချန်ကျဲ့ကို ကြည့်လာပြီး ပြောသည်။
“ကျိုစစ် မင်းကြီးပွားအောင်မြင်သွားခဲ့ရင်တောင်မှ ကိုယ့်ရဲ့အရင်းအမြစ်တွေကို ဒီလိုမျိုး မဖြုန်းတီးသင့်ဘူး။ ဒီလိုနတ်ဆေးမျိုးကို တစ်နှစ်တစ်ကြိမ်သောက်မယ်ဆိုတာက အရမ်းချဲ့ကားလွန်းပါတယ်ကွာ”
ချန်ကျဲ့မှ ပြန်ပြောသည်။
“ဆရာ့အတွက်ဆိုရင် အဲဒီလောက်က ချဲ့ကားရာမကျပါဘူး”
ထို့နောက် ချန်ကျဲ့မှ ပြောသည်။
“ဆရာ ကျွန်တော် အစ်ကိုဟုန်ကို အထဲခေါ်လိုက်တော့မယ်”
သမားတော်ပိုင်မှ ပြောသည်။
“အင်း သူ့ကို ထိုက်ဆွေ့ဆေးလုံးအကြောင်း မပြောကြရအောင်။ ဒီကိစ္စကို မင်းနဲ့ငါနှစ်ယောက်ပဲ သိထားသင့်တယ်။ မင်းပေးထားတဲ့ ဒီဆေးနှစ်လုံးကိုတော့ ငါ မင်းရဲ့ဦးလေးကျုံးနဲ့ ဒေါ်လေးကို သွေးအားဖြည့်ဆေးလုံးလို့ ပြောလိုက်မယ်”
ချန်ကျဲ့ အရိုအသေပြုလိုက်ပြီး ပြောသည်။
“ကျွန်တော်နားလည်ပါပြီ”
ထို့နောက် ဝူဟုန်ကို အထဲခေါ်ခဲ့သည်။
“ကျိုစစ်၊ အဘိုး၊ အခြေအနေဘယ်လိုလဲ”
ထိုအခါ ချန်ကျဲ့သည် ရတနာတစ်ပါးကို ကိုင်တွယ်နေသည့်အလား ကျောက်စိမ်းပုလင်းထဲမှ ဆေးလုံးသုံးလုံးကို ထုတ်ပြသည်။
ဝူဟုန်၏မျက်လုံးအစုံမှာ ချက်ချင်းပင် ဆေးလုံးများ၏ ညှို့ယူဖမ်းစားခံလိုက်ရ၏။
ချန်ကျဲ့မှ ပြောသည်။
“တာဝန်ပြီးမြောက်သွားပြီ။ စိတ်ဝိဉာဉ်ဆေးလုံး နှစ်လုံးနဲ့တစ်ဝက် ပြုလုပ်နိုင်ခဲ့တယ်”
“အဲဒီတော့ ဒီဆေးလုံးတွေက စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံးတွေပေါ့”
ဝူဟုန် သက်ပြင်းချလိုက်သည်။ သူ၏ဆရာသည် သူ့အား ရဲမက်တစ်ဦးအဖြစ် တော်ဝင်တရားရုံးတော်ကို နှစ်၂၀ကြာ သစ္စာရှိစွာ တာဝန်ထမ်းဆောင်ပြီးလျှင် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်၏ သိုင်းပညာပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရမည်ဟု ပြောထားခဲ့သည်။ ထိုပြိုင်ပွဲတွင် အနိုင်ရရှိသူ၅ဦးသည် စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံးကို ရရှိနိုင်မည်ဖြစ်သည်။
ဝူဟုန်သည် ပြိုင်ပွဲဝင်ရန် ၅နှစ်လိုသေး၏။
ဝူဟုန်သည် အနိုင်ရသူ၅ဦးအတွင်း ပါဝင်နိုင်မည်ဟု မိမိကိုယ်ကိုယ်ယုံကြည်မှုရှိသည်။ ထို့နောက်တွင် သူသည်လည်း စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ တက်လှမ်းနိုင်ပြီး မွေးစားအဖေဖြစ်သူ၏ ရာထူးကို ဆက်ခံရလိမ့်မည်။
သို့သော် ပြိုင်ပွဲမတိုင်မီ စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံးများကို မြင်တွေ့လိုက်ရခြင်းသည် သူ၏စိတ်နှလုံးအား လိုချင်တပ်မက်စိတ်များ ပြည့်နှက်လာစေခဲ့သည်။
ဝူဟုန်သည် လာမည့်ပြိုင်ပွဲတွင် အနိုင်ယူပြီး စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံးကို ရယူမည့်အကြောင်း တွေးတောနေစဉ် ချန်ကျဲ့သည် ဝူဟုန်အား စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံးတစ်လုံးကို ကမ်းပေးလာခဲ့သည်။
“အစ်ကိုဟုန် ဒါက အစ်ကို့အတွက်ပါ”
“ဟမ်?’’
ဝူဟုန်သည် ချန်ကျဲ့ကို အံ့အားသင့်စွာ ကြည့်လာခဲ့၏။
ညီနောင် မင်းက စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံးကို ဒီလိုပဲ သူများကို ပေးပစ်လိုက်နိုင်တယ်လား”
စိတ်ဝိဉာဉ်ပြောင်းလဲဆေးတစ်လုံးက စွမ်းအင်ပြောင်းလဲခြင်းအဆင့်တစ်ယောက်နဲ့ ညီမျှတယ်နော်။
ဒီလိုရက်ရောမှုကြီးက အရမ်းလွန်ကဲလွန်းနေပြီ မဟုတ်ဘူးလား။
ချန်ကျဲ့တွင်လည်း သူ့အကြောင်းပြချက်နှင့်သူ ရှိပါ၏။ ‘စည်းရိုးတိုင်တစ်တိုင်ကို သုံးထောက်ထောက်ရသကဲ့သို့ လူကောင်းတစ်ယောက်သည်လည်း ထောက်ခံအားပေးသူသုံးယောက် လိုအပ်သည်'ဟူသည့် ဆိုရိုးရှိသည် မဟုတ်ပါလော။
စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံးတစ်လုံး သောက်သုံးခြင်းသည် ချန်ကျဲ့ကို စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ တက်လှမ်းစေနိုင်သည်။ တစ်လုံးထက်ပို၍ သောက်သုံးခြင်းသည် ဖြုန်းတီးခြင်းသာ ဖြစ်လိမ့်မည်။
သို့ဖြစ်ရာ ယုံကြည်ရသူကို ပေးလိုက်ခြင်းဖြင့် မိမိအင်အားကို ပိုမိုတောင့်တင်းစေမည်။
ချန်ကျဲ့ ယုံကြည်ရသူများထဲတွင် စွမ်းအင်ပြောင်းလဲခြင်းအဆင့်နှင့် အနီးစပ်ဆုံးသူမှာ ဝူဟုန်ဖြစ်သည်။
ထို့နောက် ရှောင်ဟူနှင့် ကျိုးချူတို့ဖြစ်သည်။
ဤတစ်ကြိမ်ပြဿနာဖြစ်ပြီးနောက်၌ ကျိုးချူ၏ သူ့အပေါ် သဘောထားမှာ မသေချာသေးပေ။ ရှောင်ဟူသည် သစ္စာရှိသော်ငြား စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ ရောက်ရှိရန် ဝေးကွာသေးသည်။
သို့ဖြစ်ရာ အသုံးဝင်သည့်အင်အားအဖြစ် အမြန်ဆုံးပြောင်းလဲနိုင်မည့် ဝူဟုန်ကို ပေးလိုက်ခြင်းသည် အကောင်းဆုံးဖြစ်သည်။
ဝူဟုန်သည် ငါးဖမ်းကုန်သည်အဖွဲ့သားမဟုတ်ဘဲ သူ၏လက်အောက်ငယ်သားလည်း မဟုတ်သော်ငြား ညီနောင်တစ်ဦးအနေဖြင့် သူ့အပေါ် အလွန်ထောက်ခံအားပေးသူဖြစ်သည်။ ဝူဟုန်သည် သူ့အား သိုင်းပညာကို စတင်သင်ကြားပေးသူဖြစ်ပြီး မြို့ကိုရောက်ပြီးနောက် ရွေ့ရွေ့ကို ကူညီပေးခဲ့သူလည်း ဖြစ်သည်။ ဖန်းရှစ်ကျုံးသေဆုံးမှုတွင်လည်း သူ့အား မြို့ထဲမှ ထွက်ပြေးလွတ်မြောက်နိုင်ရန် ကူညီပေးခဲ့သေးသည်။