အခန်း (၃၉၁)
Vol. 29 Ch. 391
“ကျိုစစ်၊ ဖုန်းရွှမ်နဲ့ ရင်ဆိုင်ဖို့က မင်းထင်ထားသလောက် ရိုးရှင်းမှာ မဟုတ်ဘူးနော်”
ဝူဟုန်မှ တည်ကြည်လေးနက်စွာဖြင့် ချန်ကျဲ့ကို ပြောသည်။
ဖုန်းရွှမ်သည် တစ်ဦးတည်း မဟုတ်တော့ပေ။ ကျားဖြူခန်းမ၏ အကျိုးအမြတ်များကို ရောင်းချခြင်းဖြင့် မိမိကိုယ်ကိုယ် နန်ပါးထျန်း၏ လက်အောက်ခံဖြစ်စေကာ နန်ပါးထျန်း၏ ထောက်ခံမှုကို ရယူခဲ့သည်။ ဆိုလိုသည်မှာ ချန်ကျဲ့အနေဖြင့် ဖုန်းရွှမ်ကို ဆန့်ကျင်တိုက်ခိုက်လိုပါက နန်ပါးထျန်းကို ဦးစွာ ဖြတ်ကျော်ရမည်ဟူ၍ ဖြစ်သည်။
ထို့ပြင် နန်ပါးထျန်းသည် သူရရှိမည့် အကျိုးအမြတ်များအတွက် အမိန့်နာခံမည့်ရုပ်သေးရုပ်ဖြစ်သော ဖုန်းရွှမ်ကို အသေအကြေ ကာကွယ်ပေးလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် ချန်ကျဲ့၏ရန်သူသည် ဖုန်းရွှမ်တစ်ဦးတည်းသာ မဟုတ်ဘဲ နန်ပါးထျန်းနှင့် နန်ပါးထျန်းကိုယ်စားပြုသည့် ငါးဖမ်းကုန်သည်အဖွဲ့တစ်ခုလုံး၏ အင်အားဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။
ချန်ကျဲ့သည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်တစ်ဦးဖြစ်ခဲ့ပြီးလျှင်သော်မှ၊ ဝူဟုန်သည်လည်း စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်တစ်ဦး ဖြစ်သွားခဲ့ပြီးနောက် မိမိ၏အလုပ်ရာထူးကို လျစ်လျူရှုပြီး ချန်ကျဲ့အား ကူညီကာ နန်ပါးထျန်းကို တိုက်ခိုက်ပေးမည် ဆိုလျှင်သော်မှ သူတို့ဘက်မှ အနိုင်ရရှိနိုင်ခြေမှာ အလွန်နည်းပါးသည်။
အစောင့်အရှောက််ကြီး၁၃ဦး၏ ခေါင်းဆောင်ဖြစ်သော နန်ပါးထျန်းသည် ချန်ကျဲ့၏ လက်ရှိအခြေအနေဖြင့် ကိုင်တွယ်နိုင်မည့်သူ မဟုတ်ပါချေ။ သူတို့အားလုံးသည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်ချင်း တူညီကြသည့်တိုင် ကျွမ်းကျင်မှုပိုင်းတွင်မူ ကွာဟချက်ကြီးမားနေလိမ့်ဦးမည်။
သို့ဖြစ်ရာ ဝူဟုန်သည် ချန်ကျဲ့၏ မြို့သို့ပြန်သွားပြီး လက်စားချေမည့်အစီအစဉ်ကို အရမ်းကြီး ယုံကြည်ချက်မရှိပါချေ။ အထူးသဖြင့် မနက်ဖြန်ကျင်းပမည့် ဖုန်းရွှမ်၏ ကျားဖြူခန်းမအရှင်သခင်အဖြစ် ရာထူးဆက်ခံပွဲကြောင့်လည်း ဖြစ်သည်။
ချန်ကျဲ့သည် ဝူဟုန်၏စိုးရိမ်ပူပန်မှုကို နားလည်ပါသည်။ ဟုတ်ပါသည်၊ သူ၏ရန်သူသည် ဘယ်တုန်းကမျှ ရိုးရှင်းလှသည့် ဖုန်းရွှမ် မဟုတ်ခဲ့ပါချေ။ ဖုန်းရွှမ်သည် ငါးစာတစ်ခု၊ ဓားတစ်လက်မျှသာဖြစ်ပြီး အမှန်တကယ် ဓားကိုင်ဆောင်ထားသူမှာ နန်ပါးထျန်းဖြစ်သည်။
ထို့အတူ ချန်ကျဲ့၏ လက်စားချေခြင်းခရီးစဉ်အတွက် အကြီးမားဆုံးသော အခက်အခဲမှာလည်း နန်ပါးထျန်းဖြစ်သည်။
အချိန်ခဏမျှစဉ်းစားပြီးနောက် ချန်ကျဲ့မှ ပြောသည်။
“အစ်ကိုဟုန်၊ ကျွန်တော်သိပါတယ်။ ကျွန်တော့်စိတ်ထဲမှာ နည်းဗျူဟာရှိထားပြီးသားပါ။ ဒါပေမဲ့ အစ်ကိုဟုန်၊ ကျွန်တော် အစ်ကို့ရဲ့အကူအညီကို လိုအပ်ပါတယ်”
“ဘယ်လိုလဲ”
ဝူဟုန်မှ ချန်ကျဲ့ကို အာရုံစိုက်ကြည့်သည်။ ချန်ကျဲ့မှ ဆက်ပြောသည်။
“ကျွန်တော့်အတွက် လင်မြို့ကိုသွားပြီး လူတစ်ယောက်ကို ဖမ်းပေးပါ။ အဲဒီလူကို မနက်ဖြန်အရုဏ်တက်ချိန်မှာ မျန့်ရွှေမြို့ကို ပြန်ခေါ်လာပေးပါ”
“ဘယ်သူ့ကိုလဲ”
ဝူဟုန်သည် ချန်ကျဲ့ကို နားမလည်နိုင်စွာ ကြည့်နေသည််။ ချန်ကျဲ့မှ ပြန်ပြောသည်။
“ဟွားသျဲ့”
“သူလား? သူက ငါးဖမ်းကုန်သည်အဖွဲ့မှာ မဟုတ်ဘူးလား”
ဝူဟုန်သည် ချန်ကျဲ့အား ရှုပ်ထွေးတွေဝေစွာ ကြည့်နေသည်။ ချန်ကျဲ့မှ ပြောသည်။
“သူ့ကို နန်ပါးထျန်းက လွှတ်ပေးလိုက်လို့ လွန်ခဲ့တဲ့သုံးရက်က လင်မြို့ကို ရောက်နေတယ်။ ဒါက လိပ်စာပါ”
ချန်ကျဲ့သည် စုတ်တံယူ၍ စာရွက်တစ်ရွက်ပေါ်တွင် လိပ်စာကို ချရေးပေးသည်။
ချန်ကျဲ့သည် ဤလိပ်စာကို မနေ့ညက စနစ်၏ နောက်ဆုံးရသတင်းအချက်အလက်များတွင် ဖော်ပြပေးထားသောကြောင့် သိရှိခဲ့ခြင်းဖြစ်သည်။
သတင်းအချက်အလက်သည် နေ့စဉ်နေ့တိုင်း အသစ်မြှင့်တင်ပေးခြင်းဖြစ်သောကြောင့် ချန်ကျဲ့သည် နေ့တိုင်း စစ်ဆေးဖတ်ရှုသည်။ သို့သော် အချို့သော များစွာအရေးမပါလှသည့် အချက်အလက်များကိုမူ တစ်ချက်မျှသာ ဖတ်ကြည့်ပြီးနောက် အလေးအနက်ထား ခွဲခြမ်းစိတ်ဖြာခြင်း မပြုလုပ်ပါချေ။
မနေ့ည၏ အချက််အလက်၅ခုတွင် ဟွားသျဲ့အကြောင်း အချက်အလက်များ ပါဝင်ခဲ့သည်။
ဝူဟုန်မှ ပြန်ပြောသည်။
“ကောင်းပြီ၊ ငါအခုပဲ လင်မြို့ကို သွားလိုက်မယ်။ မနက်ဖြန်အရုဏ်တက်ချိန်ကျ ငါသေချာပေါက် လူကို မျန့်ရွှေမြို့ဆီ အပါခေါ်လာခဲ့မယ််”
ချန်ကျဲ့မှ ပြန်ပြောသည်။
“အင်း ကျေးဇူးတင်ပါတယ်”
ဝူဟုန်မှ ပြောသည်။
“ကျိုစစ်၊ မင်းမှာ အစီအစဉ်ချထားပြီးသား ဖြစ်လိမ့်မယ်ဆိုတာ သိပေမဲ့လည်း ငါမင်းကို သတိပေးချင်သေးတယ်။ ဟွားသျဲ့ကို ဖမ်းမိခဲ့ရင်တောင်မှ ဟွားသျဲ့က ဘာမှမပြောတာလည်း ဖြစ်နိုင်တယ်။ သူက မင်းအတွက်နဲ့ နန်ပါးထျန်းကို သစ္စာဖောက်မှာ မဟုတ်ဘူး။ ဘာလို့ဆို နန်ပါးထျန်းက မင်းထက် အများကြီးပိုပြီး အင်အားကြီးမားတဲ့သူဖြစ်နေတာကြောင့်ပဲ”
ချန်ကျဲ့ရယ်မောလိုက်ရင်း ပြန်ပြောသည်။
“ဟားဟား အမှန်ပါပဲ။ အင်အားနဲ့ပတ်သက်ပြီးတော့ အဲဒီလိုတွေးတာက ကျိုးကြောင်းဆီလျော်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ ဟွားသျဲ့ကို ပြောလာအောင်လုပ်ဖို့ နည်းလမ်းရှိတယ်”
“တကယ်လား? မင်းဒီလောက်ယုံကြည်ချက်ရှိနေတာ မင်းလက်ထဲ ဘာရှိနေလို့လဲ”
ဝူဟုန်မှ မေးသည်။
“အဲဒါကတော့ သေချာပေါက် ဟွားသျဲ့ကို ပြောထွက်လာအောင် လုပ်မယ့်သူက ကျွန်တော်မဟုတ်ဘဲ စီရင်စုအုပ်ချုပ်ရေးမှူးဖြစ်နေလို့ပဲပေါ့”
ချန်ကျဲ့မှ ပြောသည်။
“စီရင်စုအုပ်ချုပ်ရေးမှူး?”
ဝူဟုန်သည် ရှုပ်ထွေးသွားရ၏။
ဒါက စီရင်စုအုပ်ချုပ်ရေးမှူးနဲ့ ဘာဆိုင်လို့လဲ။
ချန်ကျဲ့မှ ဆက်ပြောသည်။
“မျန့်ရွှေစီရင်စုမှာ စီရင်စုအုပ်ချုပ်ရေးမှူးက ကျားစေ့ကိုင်ထားတဲ့သူပဲ။ သူက ဟန်ချက်ညီမှုကို လိုလားတာ။ ငါးဖမ်းကုန်သည်အဖွဲ့က ချောင်ကုန်သည်အဖွဲ့ထက် ပိုပြီးအင်အားကြီးမားတယ်။ အဲဒါကြောင့် စီရင်စုအုပ်ချုပ်မှူးက ကျွန်တော့်ရဲ့မွေးစားအဖေ အင်အားခွဲထွက်တာကို ထောက်ခံခဲ့ပြီး ကုန်သည်အဖွဲ့နှစ်ခုရဲ့အင်အားကို ညီမျှစေခဲ့တာပဲ”
“အဲဒီအကြောင်းအရင်းကြောင့်ပဲ ကျားဖြူခန်းမက ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပေမဲ့ ချောင်ကုန််သည်အဖွဲ့နဲ့ အမြဲ မရေရာမပြတ်သားတဲ့ ဆက်ဆံရေးမျိုး ရှိနေခဲ့တာ”
“ဒီတစ်ကြိမ်မှာ နန််ပါးထျန်းက မွေးစားအဖေကို လုပ်ကြံပြီး ဖုန်းရွှမ်ကို ထောက်ခံပေးခဲ့တယ်။ နန်ပါးထျန်းရဲ့လက်ထဲမှာ ဖုန်းရွှမ်ရဲ့ပြစ်မှုသက်သေတွေရှိနေတော့ ဖုန်းရွှမ်က နန်ပါးထျန်းနဲ့ ချွင်းချက်မရှိ ပူးပေါင်းရတော့မှာ။ အဲဒီလိုဆို မျန့်ရွှေစီရင်စုရဲ့ဟန်ချက်ညီမှုက ပျက်စီးသွားပြီလေ”
“အခု ငါးဖမ်းကုန််သည်အဖွဲ့က အရမ်းအင်အားကြီးမားလွန်းနေတယ်။ အဲဒါကို စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်က သည်းခံနိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် အခုအချိန်မှာ စီရင်စုအုပ်ချုပ်ရေးမှူးက နန်ပါးထျန်းကို အတော်လေး စိတ်ဘဝင်မကျဖြစ်နေလိမ့်မယ်”
“ဒါပေမဲ့ နန်ပါးထျန်းက အရိပ်ထဲမှာ လှုပ်ရှားခဲ့တာဖြစ်တဲ့အတွက် အရေးယူဖို့ရာ ဘာအမှားအယွင်းမှ ကျန်ရစ်မနေခဲ့ဘူး။ အဲဒါကြောင့် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်က တိုက်ရိုက်ဝင်စွက်ဖက်လို့ မရဘဲ ဘေးကနေ စောင့်ကြည့်နေရုံပဲ တတ်နိုင်တယ်။ ဒါပေမဲ့ စိတ်ဘဝင်မကျမှုကတော့ မျိုးစေ့တည်သွားခဲ့ပြီးပြီ”
“ဒီိအခြေအနေမှာ လိုအပ်တာက စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်အနေနဲ့ နန်ပါးထျန်းကို ဖိနှိပ်ဖို့ အကြောင်းပြချက်ကို ဦးဆောင်ပေးနိုင်မယ့် လူတစ်ယောက်ပဲ။ ဆိုလိုတာက အဲဒီလိုလူသာ ပေါ်ထွက်လာခဲ့ရင် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်က မဆိုင်သလို ဘေးထွက်နေမှာ မဟုတ်ဘူးဆိုတာပဲပေါ့”
“ပြီးတော့ အဲဒါက ကျွန်တော့်အတွက် အခွင့်အရေးပါပဲ”
ချန်ကျဲ့မှ သူ၏အစီအစဉ်ကို ပြောပြသည်။ ဖုန်းရွှမ်မှာ ကျောထောက်နောက်ခံရှိရာ သူကိုယ်တိုင်သည်လည်း နန်ပါးထျန်းကို ဖိနှိပ်နိုင်မည့် ကျောထောက်နောက်ခံတစ်ခု ရှာဖွေရန် လိုအပ်ပေသည်။
မျန့်ရွှေစီရင်စုမှာ နန်ပါးထျန်းကို ဆွဲချနိုင်တာ ဘယ်သူရှိမလဲ။
သေချာပေါက် စီရင်စုအုပ်ချုပ်ရေးမှူးပဲပေါ့။
ချန်ကျဲ့၏အစီအစဉ်ကို နားထောင်ပြီးနောက် ဝူဟုန်မှ မေးမြန်းသည်။
“ကျိုစစ်၊ မင်းပြောတဲ့ အဲဒီအချက်အလက်တွေက စိတ်ချရရဲ့လား။ စီရင်စုအုပ်ချုပ်ရေးမှူးက တကယ်ပဲ နန််ပါးထျန်းကို စိတ်ကျေနပ်မှုမရှိတာ သေချာရဲ့လား”
ချန်ကျဲ့၏နှုတ်ခမ်းထောင့်စွန်းတို့ ကွေးတက်သွား၏။
“ကျွန်တော့်ရဲ့အချက်အလက်တွေက… ဘယ်တော့မှ မမှားဘူး”
တကယ့်ကိုပင် စနစ်၏ သတင်းအချက်အလက်များသည် တစ်ကြိမ်တစ်ခါမျှ မမှားယွင်းဘူးပါချေ။
ယုံကြည်မှုအပြည့်အဝရှိနေသည့် ချန်ကျဲ့ကိုကြည့်၍ ဝူဟုန်မှ ပြောသည်။
“ဒါဆို ငါ ဟွားသျဲ့ကိုဖမ်းဖို့ လင်မြို့ကို သွားလိုက်တော့မယ်။ ကျိုစစ် မင်းရော ဘာဆက်လုပ်မှာလဲ။ ငါကူညီပေးဖို့လိုတာ ရှိသေးလား”
ချန်ကျဲ့မှ ဖြေသည်။
“အမ်း ကျွန်တော်က ပြင်ဆင်စရာရှိတာ ပြင်ဆင်ဖို့အတွက် မြို့ကိုတန်းပြန်တော့မှာ။ ကျွန်တော့်ဘာသာ ကြည့်စီစဉ်နိုင်ပါတယ်။ ဒီအတွက်တော့ အစ်ကို့ကို အလုပ်မရှုပ်စေတော့ပါဘူး”
ဝူဟုန်မှ ပြောသည်။
“ဒါဆို အစစအရာရာ ဂရုစိုက်ပါ”
“အစ်ကိုဟုန် စိတ်မပူပါနဲ့။ ကျွန်တော်က သံမဏိအရိုးအဆင့်ချန်ကျိုစစ် မဟုတ်တော့ပါဘူး။ ကျွန်တော်က အခု စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်တစ်ယောက်ပါ”
ချန်ကျဲ့မှ ယုံကြည်ချက်အပြည့်ဖြင့် ထုတ်ဖော်ပြောဆိုသည်မှာ အလွန်တရာ အားမာန်အပြည့်နှင့်ဖြစ်သည်။
စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံး၏ အကျိုးအာနိသင်ကြောင့်ဖြစ်စေ၊ မတိုင်မီက ထိုက်ဆွေ့ဆေးလုံး သောက်သုံးခဲ့ခြင်းကြောင့်ဖြစ်စေ၊ ချန်ကျဲ့သည် အကောင်းဆုံးသော အခြေအနေမျိုး ဖြစ်နေခဲ့ကာ သူ၏လက်ရှိစွမ်းအင်သည် ချင်းယင်တို့ကဲ့သို့ အစောပိုင်းစွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်များထက် ပို၍သာလွန်သည်ဟု ခံစားမိနေခဲ့သည်။
ချန်ကျဲ့သည် မိမိကိုယ်ကိုယ် တတိယသခင်မလေးဟွားနှင့် ချောင်ဟုန်ယန်တို့ကဲ့သို့ ဝါရင့်သိုင်းပညာရှင်ကြီးများနှင့် တန်းတူဖြစ်သည်ဟု ခံစားနေရပေသည်။