အခန်း (၃၉၄)
Vol. 29 Ch. 394
“အထက်လူကြီးတွေပြောနေကြတာတော့ ချန်ကျိုစစ်က လောဘကြောင့် မျက်ကန်းဖြစ်ပြီး ခန်းမအရှင်သခင်ဟောင်း ရာထူးကနေ ဆင်းပေးတဲ့အထိ မစောင့်နိုင်တော့ဘဲ ကိုယ့်ဘာကိုယ်လှုပ်ရှားလိုက်တာတဲ့၊ သူတို့ အဲဒီလိုပြောခဲ့တာ ဟုတ်တယ်မလား”
“ဟားဟား… ငါတို့နှစ်ယောက်စလုံး အရင်က ချန်ကျိုစစ်နဲ့ ဆက်ဆံဖူးတာပဲ။ သူက အဲဒီလိုအရူးကောင်ဟုတ်လို့လား”
“ဒါက?”
…
လူအချို့သည် စုဝေး၍ ဆွေးနွေးပြောဆိုနေကြသည်။ အချိန်ကြာမြင့်လာသည်နှင့်အမျှ ဤအခြေအနေမှာ တစ်စုံတစ်ရာ မူမမှန်နေကြောင်း ခံစားမိလာကြသည်။ သို့သော် အထက်လူကြီးများမှ စုံစမ်းစစ်ဆေးခွင့်မပြုထားရာ သူတို့လည်း မဆင်မခြင် မပြုမူရဲပါချေ။
ထိုအချိန်၌ အစည်းအဝေးခန်းမထဲမှ ဖြည်းဖြည်းချင်းလျှောက်ထွက်လာသည့် ကျိုးချူကို မြင်လိုက်ရသည်။ လူအုပ်စုသည် ချက်ချင်း ကျိုးချူကို ဝန်းရံရပ်လိုက်ကြသည်။
“ဟေး သခင်၆၊ ကျွန်တော်တို့ သခင်၆ကို မေးစရာလေးရှိလို့ပါ။ သခင်၆ သခင်၅နဲ့ အဆက်အသွယ်ရှိသေးလားဗျ”
“သခင်၅? ဘာကို သခင်၅လဲ၊ သစ္စာဖောက်ချန်ကျိုစစ်ပါဗျ”
“လုပ်ပါ သခင်၆ရာ၊ ဒီမှာ တခြားဘယ်သူမှမရှိပါဘူး။ ဒီလောက်ပဲ တော်လိုက်ပါတော့။ သခင်၆နဲ့ သခင်၅ရဲ့ဆက်ဆံရေးကို မသိတဲ့သူ ဘယ်သူရှိလို့လဲ”
“ခင်ဗျား ထပ်ပြီး သခင်၅လို့ ထပ်ပြောနေဦးမယ်ဆိုရင် ကျုပ်ခင်ဗျားကို ဒေါသထွက်မိလိမ့်မယ်။ သစ္စာဖောက်တစ်ယောက်က သခင်၅လို့ အခေါ်ခံရဖို့ ထိုက်တန်လို့လား။ ကျုပ် သူ့ကို အရမ်းမုန်းတီးလိုက်တာမှ သူ့အသားကို စားပြီး သွေးကို သောက်ပစ်ချင်တဲ့အထိပဲ။ ကျုပ်သူ့ကို ထပ်တွေ့ခွင့်ရဦးမယ်ဆိုရင် သူ့ရင်ဘတ်ကိုခွဲပြီး အထဲမှာ မည်းနက်နေလား ကြည့်ချင်ပါသေးရဲ့။ သူက မွေးစားအဖေကိုတောင် လုပ်ကြံရဲတာ ချန်ကျိုစစ်က သားရဲကောင်ပဲ!”
ကျိုးချူသည် လူအုပ်စုသို့ အရိုအသေပြုလိုက်ရင်း ပြောသည်။
“မိတ်ဆွေတို့၊ ကျေးဇူးပြုပြီး နောက်ကို ကျွန်တော့်ရှေ့မှာ သူ့အကြောင်း မပြောပါနဲ့တော့။ သူ့အကြောင်းကြားရတာ ကျွန်တော့်ကို စိတ်မသက်မသာဖြစ်စေလို့ပါ”
ထို့သို့ပြောလျက် ကျိုးချူသည် လှည့်ထွက်သွားခဲ့သည်။
နေရာတွင် ရပ်ကျန်ခဲ့သည့် ဦးစီးမှူးများသည် စိတ်ရှုပ်ထွေးစွာ အချင်းချင်းကြည့်လိုက်မိကြသည်။
ကျိုးချူက တကယ်ကြီး ချန်ကျိုစစ်နဲ့ ဆက်ဆံရေးဖြတ်တောက်လိုက်ပြီလား။
အနီးရှိ လူတစ်ယောက်မှ ပြောသည်။
“တကယ်လည်း ဖြစ်နိုင်တာပဲ။ ကုန်သည်အဖွဲ့ခေါင်းဆောင်ဆီကနေ သိုင်းလောကဖမ်းဝရမ်းအမိန့်တော် ထုတ်ပြန်ခံထားရတဲ့သူနဲ့ သွားပတ်သက်နေလို့ ဘာများကောင်းတာရှိနိုင်မှာလဲ”
“ဟေး အဲဒီလိုတော့ မဟုတ်သေးဘူးလေ။ ကျိုးချူက ချန်ကျိုစစ်ရဲ့ အကူအညီမရှိဘဲနဲ့ ဘယ်လိုလုပ်ပြီး ဒီနေ့မှာ ဒီနေရာကို ရောက်နေနိုင်ပါ့မလဲ”
“ကူညီခဲ့တာ ကူညီခဲ့တာပဲ၊ ဒါပေမဲ့ အခုက ဘက်ရွေးရမယ့်အခြေအနေလေ။ ဘယ်သူက ကိုယ့်ရဲ့ပိုင်ဆိုင်မှုနဲ့ အသက်ကို ပေါ့ပြက်ပြက်လောင်းရဲမှာလဲ”
“ဒါဆိုရင်တော့ ကျိုးချူက တကယ်ကျေးဇူးမသိတတ်တာပဲ”
“ဟားဟား… ဒီလောကကြီးမှာ ဘယ်သူကများ ကျေးဇူးမသိတတ်တာမျိုး မလုပ်ဖူးဘဲရှိပါ့မလဲ”
…
“သခင်၆!”
ကျိုးချူ ကျားဖြူခန်းမမှ ထွက်လာသည်။ အပြင်ဘက်တွင် လူ၈ယောက်စောင့်ဆိုင်းနေ၏။ သူတို့သည် ကျိုးချူကို မြင်သောအခါ ကျိုးချူအနီးသို့ ချက်ချင်း အပြေးသွားကြသည်။
“သခင်၆ အခြေအနေဘယ်လိုလဲ”
ကျိုးချူ ခေါင်းခါလိုက်သည်။
“ကျားဖြူခန်းမမှာ ငါတို့အတွက် နေရာမရှိတော့ဘူး။ မနက်ဖြန်ကျရင် မင်းတို့အားလုံး ငါနဲ့အတူ ရွှင်းဖုန့်ကိုယ်ရံတော်အဖွဲ့အစည်းကို လိုက်ခဲ့ကြရမယ်။ အချိန်တစ်ခုအထိတော့ ငါတို့တွေ ရှောင်ပြေးတဲ့သူတွေလိုမျိုး သရုပ်ဆောင်ကြနေကြမယ်။ ကျားဖြူခန်းမမှာ ငါတို့ခြေကုပ်နိုင်တဲ့အရာ ဘာမှမကျန်တော့ဘူး”
လူ၈ဦးမှ မေးသည်။
“သခင်၅ကရော?”
ကျိုးချူမှ ပြောသည်။
“အင်း လောလောဆယ် သခင်၅ကို ခဏဘေးဖယ်ထားကြရအောင်။ မင်းတို့သိဖို့လိုတာက သခင်၅က ငါတို့အပေါ် လက်မလျှော့ဘူးဆိုတာပဲ။ တစ်နေ့ကျ သူပြန်လာပြီးတော့ ငါတို့ဆုံးရှုံးခဲ့ရတဲ့ အရာတွေအားလုံးကို ပြန်ရယူနိုင်လိမ့်မယ်။ အခုကတော့ လူအာရုံစိုက်မခံရအောင် နှိမ့်ချနေကြတာပေါ့”
“ခက်ခဲလိမ့်မှာပေမဲ့ ငါတို့ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းကြရမယ်။ အဲဒီတော့မှ သခင်၅ပြန်လာတဲ့အခါ ငါတို့က အသုံးဝင်နိုင်မှာ။ အသက်ရှင်ဖို့ ခက်ခဲလာခဲ့ရင်တောင် ငါတို့တွေ ထောင့်တစ်ထောင့်မှာ ပုန်းကွယ်ပြီးတော့ဖြစ်ဖြစ် အသက်ရှင်ကြရမယ်။ ငါတို့ရဲ့အချိန်ကို စောင့်ဆိုင်းကြရမယ်”
“ငါတို့က မီးကျီခဲတွေပဲ။ သခင်၅ပြန်လာတဲ့အခါ ကျားဖြူခန်းမကို အင်အားပြန်စုစည်းဖို့အတွက် ငါတို့ကိုလိုအပ်လိမ့်မယ်”
“ဟုတ်ကဲ့ပါ”
ထို့နောက် လူအုပ်စုသည် ဖြည်းဖြည်းချင်း ထွက်ခွာသွားခဲ့သည်။
ကျိုးချူထွက်ခွာသွားပြီး မကြာမီ၌ ကျားဖြူခန်းမ ဂိတ်တံခါးဝအနီး ဖြစ်ပွားခဲ့သည့် စကားဝိုင်းသည် ဖုန်းရွှမ်၏နားထဲသို့ ပြန်ရောက်ခဲ့သည်။ ဖုန်းရွှမ်မှ မကျေချမ်းသည့် မျက်နှာအမူအရာဖြင့် ပြော၏။
“သူတို့ကို ရက်နည်းနည်းလောက် ထပ်အသက်ရှင်ခွင့်ပေးထားလိုက်တာပေါ့။ မနက်ဖြန်အခမ်းအနားက အမှားအယွင်းရှိလို့ မဖြစ်ဘူး။ အခမ်းအနားပြီးတာနဲ့ တစ်ယောက်ချင်းစီကို စာရင်းရှင်းရမယ်။ ငါ့ဘက်မှာ ရပ်တည်သူတွေက အကျိုးခံစားရမယ်။ ငါ့ကို ဆန့်ကျင်သူတွေကတော့ ပျောက်ကွယ်သွားရလိမ့်မယ်”
“ဟုတ်ကဲ့ပါ”
ဖချိုက်သည် ခဏမျှ တိတ်ဆိတ်နေပြီးနောက် မေးလာခဲ့သည်။
“ကျိုးချူကိုရော ဘယ်လိုလုပ်မှာပါလဲ”
ဖုန်းရွှမ်မှ ပြောသည်။
“အဲဒီကောင်က လေညွှန်ရာယိမ်းတဲ့ကောင်သက်သက်ပဲ။ အဲဒီအဖိုးကြီးစွင်းပုအာကလည်း နည်းနည်းတော့ အရေးပါနေသေးတယ်။ ကျိုးချူက သူ့ရဲ့အင်အားအာဏာကို နာနာခံခံနဲ့ လက်လွှဲပေးသ၍တော့ သူ့ကို ကိုယ်ရံတော်အဖွဲ့အစည်းဆီ ပြန််သွားခွင့်ပြုလိုက်မယ််။ သူ့ဘာသူ ကိုယ်ရံတော်အဖွဲ့အစည်းရဲ့ အရှင်သခင်လုပ်ပါစေ”
“ဟုတ်ကဲ့”
ဖချိုက်မှ ခေါင်းညိတ်သည်။
ထို့နောက် ဖုန်းရွှမ်သည် တစ်ဖက်သို့လှည့်၍ သူ၏အောက်ရှိ အမျိုးသမီးကို ဖိလိုက်သည်။ ထိုစဉ် လိုက်ကာအပြင်ဘက်ရှိ ဖချိုက်ကို ဆက်ပြော၏။
“တံခါးပိတ်ခဲ့”
“ဟုတ်ကဲ့..”
…
ဖုန်းရွှမ်၏အမိန့်အရ နေ့လည်ခင်းတွင် လင်းယုန်ခန်းမကိုယ်စားပြုအဖွဲ့သားများသည် နယ်မြေသိမ်းယူရန် ရောက်လာခဲ့ကြသည်။
နန်ရေကန်။
ထန်ဇီယွဲ့သည် နယ်မြေသိမ်းယူရန်အတွက် လူတစ်ရာကို ကိုယ်တိုင်ဦးဆောင်လာခဲ့သည်။ ၎င်းလူတစ်ရာသည် လက်နက်များ ကိုင်ဆောင်လျက် နန်ရေကန်သို့ အပြေးအလွှားရောက်လာကြသည်။ နန်ရေကန်တွင်လည်း ဒါဇင်ခန့်သော ကျားဖြူခန်းမအဖွဲ့သားများသည် အသင့်ပြင်ထားကြကာ ရွှင်ပျစွာသောအပြုံးများဖြင့် စောင့်ဆိုင်းကြိုနေကြသည်။ ဦးဆောင်သူမှာ ကျိုးချူခန့်အပ်ထားသည့် နန်ရေကန်၏ဦးစီးမှူးဖြစ်သည်။
ထန်ဇီယွဲ့ကိုမြင်သောအခါ နန်ရေကန်ဦးစီးမှူးသည် အားရဝမ်းသာဟန် ပြုံးရယ်ကြိုဆို၏။
“လူကြီးမင်းထန် ကျွန်တော်တို့က လူကြီးမင်းကို စောင့်နေတာပါ။ ကျေးဇူးပြုပြီး အထဲကြွပါဦး”
ထန်ဇီယွဲ့ မျက်လုံးမှေးကျဉ်းလိုက်၏။
“မင်း ငါ့ကိုသိတယ်?”
“သိပါတယ်၊ ကျွန်တော် အရင်က လူကြီးမင်းထန်ကို အဝေးကနေ မြင်ဖူးပါတယ်။ ကျေးဇူးပြုပြီး ထိုင်ပါဦး။ ကျွန်တော်တို့ရဲ့သခင်၆က လူကြီးမင်းရောက်လာရင် နန်ရေကန်ဆားနယ်မြေကို လက်လွှဲပေးအပ်ဖို့ ညွှန်ကြားထားပါတယ်။ ဒါတွေက အချိန်ဇယားနဲ့ စာရင်းစာအုပ်တွေပါ…”
ထန်ဇီယွဲ့သည် စာအုပ်များကို လှန်လှောကြည့်ရှုသည်။
“မင်းတို့သခင်၆လည်း ဒုက္ခများသွားရပြီ”
ဦးစီးမှူးမှ ပြန်ပြောသည်။
“ဟားဟား ဖြစ်သင့်တာပါ။ ဒါနဲ့ လူကြီးမင်းထန်မှာ တခြားကိစ္စမရှိတော့ရင် ကျွန်တော် သွားလိုက်ပါဦးမယ်”
“အင်း သွားပါ”
ထန်ဇီယွဲ့မှ ခေါင်းညိတ်သည်။ ဦိးစီးမှူးသည် လက်အောက်ငယ်သားနှစ်ဦးနှင့်အတူ ထွက်ခွာသွားခဲ့သည်။ နန်ရေကန်ဦးစီးမှူး၏ ခွေးတစ်ကောင်ကဲ့သို့ ရိုကျိုးစွာ ထွက်ခွာသွားဟန်ကို ကြည့်လျက် ထန်ဇီယွဲ့နှင့်အတူ လိုက်ပါလာသည့် အဖွဲ့ခေါင်းဆောင်တစ်ဦးမှ လှောင်ပြောင်ပြောဆိုသည်။
“ငကြောက်ကောင်တွေ၊ ကိုယ့်နယ်မြေကိုတောင် ထိန်းသိမ်းထားနိုင်စွမ်းမရှိဘဲ ဝပ်တွားခယနေလိုက်တာများ ခွေးတွေကျနေရောပဲ”
“ဟုတ်တယ် ကျားဖြူခန်းမက အရင်တုန်းက အရမ်းထောင်လွှားတာ၊ ဘယ်တုန်းကမှ ငါတို့အတွင်းခန်းမကို ယဉ်ကျေးနှိမ့်ချဖူးတာ မဟုတ်ဘူး။ အခုတော့ ခွေးလေခွေးလွင့်တွေလိုပဲ အရှက်သိက္ခာမဲ့နေကြပြီ”
“တကယ်ကျောရိုးမရှိတဲ့သတ္တဝါတွေပဲ။ လှိမ့်ပတ်ပြီးပဲ ရှောင်တိမ်းနေကြတာ”
နောက်ဆုံးတွင်တော့ မည်သူက စပြောခဲ့သည်ကို မသိနိုင်တော့သည်အထိ လူအုပ်ကြီး၏ စကားသံများသည် ပို၍ပို၍ ကျယ်လောင်လာခဲ့သည်။
“လှိမ့်ပတ်ရှောင်နေကြတာ ဟားဟားဟား…”
ထိုစကားသံများကြောင့် ဦးစီးမှူး၏ လက်အောက်ငယ်သားနှစ်ဦးမှာ သည်းမခံနိုင်ဖြစ်လာရသည်။
ကျားဖြူခန်းမက ဘယ်တုန်းကများ ဒီလိုသိက္ခာကျဆင်းမှုမျိုးကို ခံစားခဲ့ဖူးလို့လဲ။
သူတို့နှစ်ဦးမှ ပြန်လည်ချေပပြောဆိုလုနီးတွင် ဦးစီးမှူးမှ ဟန့်တား၏။
ဦးစီးမှူးသည် ဘာမျှမပြောဘဲ ထိုနှစ်ဦးကို ဆွဲခေါ်သွားခဲ့သည်။
“ဦးစီးမှူး!”
“သွားရအောင်၊ နောက်ပြန်လှည့်မကြည့်ကြနဲ့”
“သူတို့… သူတို့အရမ်းလွန်နေပြီ”
ဦးစီးမှူးမှ ပြောသည်။
“ခန်းမအရှင်သခင်ကတောင် ဂရုမစိုက်တာကို ငါတို့ဂရုစိုက်နေလို့ ဘာအသုံးဝင်မှာလဲ။ သခင်၅ ပြန်လာတာကို စောင့်ကြမယ်။ အချိန်ကျလာရင် ငါတို့ဆုံးရှုံးခဲ့ရတာတွေကို သေချာပေါက်ပြန်ရလိမ့်မယ်”
…
ယုံချန်းလမ်းမကြီးနှင့် သတ္တုတွင်းများတွင်လည်း ထိုသို့တစ်ပုံစံတည်း ဖြစ်ပျက်နေခဲ့သည်။
ကျားဖြူခန်းမအဖွဲ့သားများသည် ဌာနချုပ်အဖွဲ့သားများ၏ စော်ကားပြုမူခြင်းများကို ဆက်တိုက်သည်းခံနေကြရသည်။ ကျားဖြူခန်းမသည် ဌာနချုပ်နှင့် အမြဲ တန်းတူပြုမူနေထိုင်ခဲ့သည်။ ခန်းမအချင်းချင်းကြားတွင်လည်း တန်းတူအသုံးအနှုန်းကိုသာ အသုံးပြုခဲ့ကြသည်။ ထိုအချက်ကြောင့် ဌာနချုပ်အတွင်းခန်းမအဖွဲ့သားများသည် မကျေနပ်ချက်များရှိနေခဲ့ရာ ယခုအခြေအနေကို အခွင့်ကောင်းယူ၍ ကျားဖြူခန်းမကို အနိုင်ကျင့်စော်ကားနေကြတော့သည်။