အခန်း (၃၉၇)
Vol. 29 Ch. 397
“ခဏစောင့်ပါ”
စီရင်စုအုပ်ချုပ်ရေးမှူး၏အခန်းသို့ မဝင်မီတွင် အလွန်တရာလှပသည့် အမျိုးသမီးတစ်ဦး ထွက်လာသည်။
သူမ၏ အသားအရေသည် နှင်းကဲ့သို့ဖြူဆွတ်နေကာ မျက်လုံးအစုံသည် ညှို့ဓာတ်ဖြင့် တောက်ပနေသည်။ ခန္ဓာကိုယ်ကောက်ကြောင်း လှပထင်ရှားကာ ပြင်းပြစွာသော ဆွဲဆောင်မှုများကို ထုတ်လွှတ်နေသည်။ သူမ၏အလှသည် ယီးဟုန်ဂေဟာ၏ အထက်တန်းပြည့်တန်ဆာလေးဦးနှင့် ယှဉ်နိုင်သည့် အလှတရားဖြစ်သည်။
အမျိုးသမီးသည် လက်ဆန့်ထုတ်လျက် ချန်ကျဲ့နှင့် ချီမုကောကို ဟန့်တား၏။
ထို့နောက် ပြောသည်။
“ကျေးဇူးပြုပြီး ကိုယ်ပိုင်လက်နက်တွေကို အပ်ခဲ့ပေးပါ”
ထိုစကားသည် ချန်ကျဲ့အား ရည်ရွယ်ပြောဆိုခြင်းဖြစ်သည်။ ချန်ကျဲ့သည် ဘာမျှပြန်မပြောဘဲ ခါးတွင် ထိုးထားသည့် ဆောင်းဦးပုစဉ်းဓားမြှောင်ကို အမျိုးသမီးအား ထုတ်ပေးလိုက်သည်။ အမျိုးသမီးသည် ဓားမြှောင်ကို သူမ၏ဘေးရှိ အစေခံမိန်းကလေးကိုင်ထားသည့် ဗန်းထဲသို့ ထည့်လိုက်သည်။
“ကျေးဇူးပြုပြီး လက်မြှောက်ပေးပါ”
ချန်ကျဲ့ လက်မြှောက်လိုက်သည်။ အမျိုးသမီးသည် သူ၏ခန္ဓာကိုယ်ကို ရှာဖွေသည်။ မည်သည့်လက်နက်မျှ ရှာမတွေ့သောအခါ အမျိုးသမီးသည် နောက်ဆုတ်လိုက်၏။
ထို့နောက် ‘ကြွပါ'ဟု လက်ဟန်ဖြင့် ပြောဆိုသည်။
ချီမုကောမှ ပြောသည်။
“ငါနဲ့လိုက်ခဲ့”
သူတို့နှစ်ဦးသည် အခန်းထဲသို့ ဝင်ခဲ့ကြသည်။ အခန်းသည် အလွန်ကျယ်ဝန်းပြီး တန်ဖိုးကြီး အဆင်တန်ဆာများ၊ မြောက်များစွာသော ရွှေထည်ငွေထည်ပစ္စည်းများဖြင့် အလှဆင်ထားသည်မှာ အလွန်တရာ ချမ်းသာကြွယ်ဝကြောင်း ပြသနေပေသည်။
အခန်းကို နှစ်ပိုင်းခွဲခြားထား၏။ တိုင်များဖြင့် ပြုလုပ်ထားသည့် အတွင်းတံခါးနှင့် အလယ်တွင် ရက်မကြီး တည်ရှိကာ တံခါးတွင် ဂွမ်းသားလိုက်ကာများ တပ်ဆင်ထားသည်။
ဂွမ်းသားလိုက်ကာ၏နောက်ဘက်မှ အမျိုးသမီးတစ်ဦး၏ အသံခပ်တိုးတိုးကို ကြားနေရ၏။
“အို ဒီသူဖုန်းစားက ဘယ်ကရောက်လာတာလဲ။ ဝတ်စားထားတာ ညစ်ပတ်နေတာပဲ”
“အင်း အဲဒီလိုလူတွေနဲ့ ဝေးဝေးနေ။ သူတို့က ရောဂါတွေ သယ်ဆောင်လာတတ်တယ်။ ငါတီု့ မကူးစက်စေနဲ့”
…
အသံများသည် ဂွမ်းသားလိုက်ကာကို ဖြတ်သန်း၍ ချန်ကျဲ့၏နားစည်အတွင်းသို့ တိုးဝင်လာခဲ့ရာ ချန်ကျဲ့ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။ သို့သော် ချန်ကျဲ့ ဘာမျှမပြောခဲ့ပါချေ။ သူ၏အဝတ်အစားများသည် အမှန်တကယ်ပင် နွမ်းစုတ်ညစ်ပတ်နေခဲ့ပါ၏။
သူသည် ကပ်ဘေးကြားမှ လွတ်မြောက်လာခြင်းဖြစ်သောကြောင့် သူ၏ဖျင်ကြမ်းအဝတ်အစားများသည် အချို့နေရာများတွင် စုတ်ပြဲနေခဲ့သည်။
သို့သော် ထိုစဉ် အမျိုးသားတစ်ဦး၏အသံ ထွက်ပေါ်လာခဲ့သည်။
“ထွက်သွားကြစမ်း!”
အမျိုးသမီးများသည် ထိုအသံကြောင့် လန့်ဖျပ်သွားပြီး ရုတ်ချည်း ထရပ်ကာ နေရာမှ အပြေးထွက်သွားကြတော့သည်။
ထို့နောက် ဂွမ်းသားလိုက်ကာများသည် ဆွဲသိမ်းခံလိုက်ရပြီး အဖြူရောင် ဟန့်လူမျိုးအဝတ်အစားကို ဝတ်ဆင်ထားကာ ဆံပင်မှာ အနည်းငယ် ဖရိုဖရဲဖြင့် ခန့်ညားသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးသည် ခြေဗလာဖြင့် လိုက်ကာနောက်မှ ထွက်လာသည်။
အမျိုးသားသည် ဟန့်လူမျိုးများ ထားလေ့ရှိသည့် မုတ်ဆိတ်မွေးပုံစံရှိသည်။ သူ၏သရုပ်မှန်ကို သိမထားပါက ဟန့်လူမျိုးစာပေပညာရှင်တစ်ယောက်ဟု အထင်ရောက်နိုင်ပေသည်။
ဤသို့ပုံရိပ်သည် ချန်ကျဲ့ကို အံ့ဩသွားစေခဲ့သည်။
ဤပုံရိပ်သည် ချန်ကျဲ့ ထင်ထားခဲ့သည့် မုလန်လူမျိုးတစ်ယောက်၏ ပုံရိပ်နှင့် အလွန်ကွဲပြား၏။ ချီမုကောကဲ့သို့ ကြမ်းတမ်းခက်ထန်သည့် ရုပ်ရည်သွင်ပြင်နှင့် လူမျိုးစုဝတ်စုံကို ဝတ်ဆင်ထားခြင်းမရှိပေ။
သူ၏ရှေ့ရှိ အမျိုးသားသည် မုလန်လူမျိုးဝတ်စုံကို မဝတ်ဆင်ထားသည့်အပြင် ဝေ့မင်းဆက်ခေတ်နှင့် ကျင်းမင်းဆက်ခေတ်တို့မှ စာပေပညာရှင်တစ်ဦးနှင့်ပင် တူနေသေး၏။ ဖော်ပြ၍မရနိုင်သော အေးဆေးသက်သာမှုနှင့် ရဲတင်းမှုကဲ့သို့ ခံစားချက်မျိုး တည်ရှိပေသည်။
ဤပုံရိပ်မှာ ချန်ကျဲ့၏စိတ်ကူးထဲတွင် ပုံဖော်ထားခဲ့သည့် မျန့်ရွှေစီရင်စုရှိ အင်အားစုများကို ဟန်ချက်ညီစေရန် အမှောင်ထုထဲမှ တွက်ချက်ချုပ်ကိုင်နေသည့် နည်းဗျူဟာရှင်တစ်ဦးနှင့် လားလားမျှ မသက်ဆိုင်ပါချေ။
ထိုအစား စင်ကြယ်သည့် ဟန့်လူမျိုးစာပေပညာရှင်တစ်ဦးနှင့် ဆင်တူနေခဲ့သည်။
“စီရင်စုအုပ်ချုပ်ရေးမှူးကို ဂါရဝပြုပါတယ်”
အချိန်အတော်ကြာ တိတ်ဆိတ်မှုအဆုံးတွင် ချန်ကျဲ့ အမြန် လက်ယှက်အရိုအသေပြုလိုက်သည်။
စီရင်စုအုပ်ချုပ်ရေးမှူးသည် ချန်ကျဲ့ကို ကြည့်လာ၏။ ထို့နောက် ပြောသည်။
“ထိုင်ပါ”
စီရင်စုအုပ်ချုပ်ရေးမှူးသည် စားပွဲပုတစ်လုံး၏ရှေ့ရှိ ဖျာထက်တွင် ထိုင်နေသည်။ ချန်ကျဲ့၏အနီးတွင်လည်း ထိုသို့စားပွဲခုံတစ်လုံး ရှိနေသည်။
ဤစားပွဲခုံပုနှင့် ထိုင်သည့်ပုံစံသည် ချန်ကျဲ့အား ချန်ခေတ်နှင့် ဟန်ခေတ်တို့မှ စာပေပညာရှင်များ၏ စုဝေးပွဲများအကြောင်းကို သတိရမိစေသည်။
စုန့်မင်းဆက်ခေတ်မတိုင်မီက စာပေပညာရှင်များ သို့မဟုတ် အထက်တန်းအရာရှိများသည် စားသောက်ပွဲတော်များတွင် လူခွဲထိုင်လေ့ရှိခဲ့သည်။
ဒူးထောက်ထိုင်ခြင်းသည် ဟန့်လူမျိုးများ၏ ထူးခြားသည့် ဓလေ့တစ်မျိုးဖြစ်ပြီး မုလန်လူမျိုးများသည် ထိုသို့ကိုယ်နေဟန်ထားမျိုးနှင့် ကျင့်သားမရပါချေ။ ထို့ပြင် ချန်စုန့်ခေတ်တွင်လည်း လူတို့သည် ဤသို့ကိုယ်နေဟန်ထားဖြင့် ထိုင်ရခြင်းကို မနှစ်ခြိုက်ခဲ့ကြပေ။
ချန်ကျဲ့လည်း စီရင်စုအုပ်ချုပ်ရေးမှူးနည်းတူ ထိုင်လိုက်သည်။
စီရင်စုအုပ်ချုပ်ရေးမှူးမှ အပြုံးဖြင့် မေး၏။
“သေရည်သောက်နိုင်လား”
ချန်ကျဲ့ ခဏတန့်သွားပြီးနောက် ပြန်ဖြေသည်။
“သောက်နိုင်ပါတယ်”
“ကောင်းတယ်၊ သေရည်ယူလာခဲ့”
ခဏကြာပြီးနောက် အစေခံ၅ဦးသည် ဗန်းကိုယ်စီ ကိုင်ဆောင်ကာ စားသောက်စားပွဲ၏ရှေ့တွင် ဒူးထောက်တည်ခင်းသည်။ ဗန်းတစ်ဗန်းလျှင် မတူညီသည့် သေရည်အမျိုးအစားများ ပါဝင်ပေသည်။
မုလန်လူမျိုးများ၏ အထူးသေရည်ဖြစ်သော မြင်းမ၏နို့ရည်ကို ကစော်ဖောက်ထားသော သေရည်အပြင် ဟန့်လူမျိုးများ၏ ဆန်သေရည်နှင့် အနောက်ပိုင်းဒေသ၏ စပျစ်သေရည်ကဲ့သို့ သေရည်အမျိုးအစား အမျိုးမျိုးပါဝင်သည်။
“ဘယ်တစ်ခုကို သောက်ချင်လဲ”
ချန်ကျဲ့ အကြမ်းဖျင်းစဉ်းစားပြီးနောက် ဖြေလိုက်သည်။
“ဘာဖြစ်ဖြစ် အဆင်ပြေပါတယ်”
စီရင်စုအုပ်ချုပ်ရေးမှူးမှ ပြောသည်။
“ဟန့်လူမျိုးသေရည်ကို ထားခဲ့။ ကျန်တာတွေ သိမ်းလိုက်တော့”
“ဟုတ်ကဲ့”
ဆန်သေရည်သာလျှင် ကျန်ရစ်ခဲ့ပြီး အစေခံမိန်းကလေးများသည် ချန်ကျဲ့နှင့် စီရင်စုအုပ်ချုပ်ရေးမှူးအား သေရည်ခွက်ထဲသို့ သေရည်ငှဲ့ထည့်ပေးသည်။
စီရင်စုအုပ်ချုပ်ရေးမှူးသည် တစ်ကျိုက်တည်းဖြင့် အကုန်အစင်သောက်လိုက်ပြီးနောက် အံ့အားသင့်ဟန်ဖြင့် ပြောသည်။
“အာ~ ရှေးခေတ်အခါက ပညာရှိတွေဟာ အထီးကျန်စွာ သေဆုံးသွားကြရတယ်။ သေရည်သောက်သုံးခြင်းကို နှစ်ခြိုက်ပျော်မွေ့သူတွေသာလျှင် အမည်ရှင်ကျန်ရစ်ခဲ့ကြတယ်… ဟားဟား သေရည်ကောင်းပဲ သေရည်ကောင်းပဲ”
ချန်ကျဲ့လည်း တစ်ခွက်လုံး မော့သောက်လိုက်သည်။
သေရည်သည် အမှန်တကယ်ပင် အရသာကောင်းမွန်ပြီး ရနံ့မွှေးပါ၏။ သို့သော် ချန်ကျဲ့သည် သေရည်၏အရည်အသွေးကို အရသာမခံတတ်ပါချေ။ သူ့တွင် ထိုသို့အရသာခံတတ်သည့် လျှာမျိုး မရှိခြင်းလည်း ဖြစ်နိုင်ပါ၏။
ထို့ပြင် ချန်ကျဲ့ စိတ်ရှုပ်ထွေးနေခဲ့၏။ သူသည် ရောက်လာလာချင်း ဘာမျှမပြောရသေးဘဲ သေရည်တစ်ခွက်ကို အရင်သောက်သုံးခဲ့ပြီးလေပြီ။
ငါဒီကို ဘာလာလုပ်တာလဲ။ သေရည်သောက်ဖို့လား?
ပြီးတော့ စီရင်စုအုပ်ချုပ်ရေးမှူးကလည်း ငါထင်ထားသလို ဟုတ်မနေဘူး။
မုလန်လူမျိုးများသည် သေရည်ကိုနှစ်ခြိုက်ကြောင်း ချန်ကျဲ့သိပါသည်။ ထို့ပြင် တော်ဝင်နန်းတော်တွင် သေရည်မသောက်သည့် မုလန်လူမျိုးအထက်တန်းစားဟူသည် ရှိပါ၏လော။
ဒါပေမဲ့ ဒီလူက အစကတည်းက လီပိုင်ရဲ့ကဗျာကို ရွတ်နေတာက ဘာကြီးတုန်း? သူက အထက်တန်းစား မုလန်လူမျိုးလေ၊ ဟန့်လူမျိုး လေလွင့်ခရီးသည်မှ မဟုတ်ဘဲနဲ့။ ဒီလူကတော့ ငါ့ကို လမ်းပျောက်အောင် လုပ်လိုက်ပြီ။
ချန်ကျဲ့သည် သူ၏ဝရုန်းသုန်းကား အတွေးများထဲ နစ်မြောနေခဲ့သည်။
ထိုစဉ် ရုတ်တရက် စီရင်စုအုပ်ချုပ်ရေးမှူးမှ ပြောသည်။
“ချန်ကျိုစစ်!”
“သခင်ကြီး၊ ကျွန်တော် ရှိပါတယ်!”
ချန်ကျဲ့ လက်သီးယှက်အရိုအသေပြုလိုက်သည်။
“မင်းငါ့ကို လာရှာတာ သေရည်တစ်ခွက်သောက်ဖို့တော့ သေချာပေါက် မဖြစ်နိုင်ဘူး”
စီရင်စုအုပ်ချုပ်ရေးမှူးသည် ကျောက်စိမ်းခွက်ကို လက်တွင်ကိုင်ထားလျက် ချန်ကျဲ့ကို ကြည့်နေခဲ့သည်။
“သခင်ကြီး၊ ကျွန်တော် တရားမျှတမှုကို လိုချင်လို့ သခင်ကြီးဆီ လာခဲ့တာပါ”
စီရင်စုအုပ်ချုပ်ရေးမှူးမှ ရယ်မောသည်။
“တရားမျှတမှုလိုချင်တယ်? စိတ်ဝင်စားစရာပဲ။ ဟန့်လူမျိုးတွေမှာ သက်ဆိုင်ရာ ရာဇဝတ်တရားသူကြီးတွေရှိတယ်၊ အဖွဲ့အစည်းတွေမှာ အဖွဲ့ခေါင်းဆောင်တွေရှိတယ်၊ မင်း တကယ်ပဲ တရားမျှတမှုကို ရှာဖွေဖို့အတွက် မုလန်လူမျိုးတစ်ယောက်ကို လာရှာဖို့လိုအပ်လို့လား”
ချန်ကျဲ့မှ ချက်ချင်း ပြန်ပြောသည်။
“သခင်ကြီး၊ ရာဇဝတ်တရားသူကြီးက သိုင်းလောကရဲ့ကိစ္စတွေမှာ ဝင်မစွက်ဖက်ပါဘူး။ ပြီးတော့ ကျွန်တော် တရားမျှတမှုအတွက် စွဲချက်တင်ချင်တာက တခြားသူမဟုတ်ဘဲ အဖွဲ့ခေါင်းဆောင်နန်ပါးထျန်းပါပဲ”
“အို?”
ထိုအခါ စီရင်စုအုပ်ချုပ်ရေးမှူး၏ မျက်နှာထက်တွင် အံ့အားသင့်ဟန်တစ်စ ထင်ဟပ်သွား၏။ ထို့နောက် ပြောသည်။
“အင်အားကြီး အထက်လူကြီးတစ်ယောက်ကို စိန်ခေါ်တယ်၊ မင်းက အတော်သတ္တိကောင်းတာပဲ”
“ကျွန်တော့်ရဲ့ နာကြည်းမှုက ပင်လယ်ကြီးလောက် မနက်ရှိုင်းရင် ဘယ်လိုလုပ်ပြီး စိန်ခေါ်ရဲမှာပါလဲ”
“တကယ်ပဲ အဲဒီလောက်ကြီးမားနက်ရှိုင်းတဲ့ နာကြည်းမှုမျိုး ရှိလို့လား”
“နာကြည်းမှုက ကောင်းကင်ဘုံအထိ မြင့်သွန်းပြီး ဂျွန်လရဲ့ နှင်းတွေကတောင် ဖြေသိမ့်ဖို့ရာ မလုံလောက်ပါဘူး”
ထို့နောက် စီရင်စုအုပ်ချုပ်ရေးမှူးသည် လက်ဝှေ့ယမ်းလိုက်သည်။ ထိုအခါ အစေခံမိန်းကလေးတစ်ဦးသည် သေရည်တစ်ခွက် ချက်ချင်း ငှဲ့ထည့်ပေးသည်။ စီရင်စုအုပ်ချုပ်ရေးမှူးသည် သေရည်ခွက်ကို တစ်ပတ်လှည့်နေရင်း ပြော၏။
“ဒါပေမဲ့ ဒီလောကကြီးမှာ နာကြည်းမှုတိုင်းက လျော်ကြေးတောင်းခံခွင့်ရှိတာ မဟုတ်ဘူး”