နိုင်ငံခြားသားတစ်ယောက်ရဲ့စိန်ခေါ်မှု
Vol. 8 Ch. 106
ယဲ့ချန်း ကွန်ပျူတာကိုဖွင့်၍ ကုတ်အတွဲလိုက်ကြီးတစ်ခု ရိုက်ထည့်လိုက်သည်။
မကြာခင်မှာပင် လင်းယောင်ယောင်၏မိသားစုကို ကားနှင့်တိုက်သွားသော ဒုတိယမျိုးဆက်လူကုံထံ၏ သတင်းအချက်အလက်က ယဲ့ချန်း၏ကွန်ပျူတာထက်တွင် ပေါ်လာခဲ့သည်။
ဝမ်သုန်လုပ်ငန်းစု၏စီအီးအို ချန်ပင်း…။
ယဲ့ချန်းက ဝမ်သုန်လုပ်ငန်းစု၏ သတင်းအချက်အလက်ကို စစ်ဆေးကြည့်လိုက်သည်။ သူ့ပင်မလုပ်ငန်းကား ရှေးဟောင်းပစ္စည်းလေလံပွဲများဖြစ်၏။
ရှေးဟောင်းပစ္စည်းများကို ရောင်းဝယ်ခြင်းတဲ့လား။
ယဲ့ချန်း မျက်လုံးမှေးကျဉ်းလိုက်မိသည်။
ရှေးဟောင်းပစ္စည်းလုပ်ငန်းမှာ လွန်ခဲ့သည့်နှစ်အနည်းငယ်ကတည်းက အလွန်ရေပန်းစားခဲ့ပြီး အမြတ်အများဆုံးနှင့် ငွေဝင်အမြန်ဆုံးလုပ်ငန်းတစ်ခုပင်။
သို့သော် ဤလုပ်ငန်းက အပြင်ပန်းတွင်သာ ကြီးကျယ်ခမ်းနားဟန်တူသော်ငြား တကယ်တမ်းတွင်မူ မကောင်းသောလုပ်ငန်းတစ်ခုဖြစ်ကြောင်း ယဲ့ချန်း နားလည်ထားသည်။
ချန်ပင်းက လက်ရှိအချိန်တွင် မိုတုရှေးဟောင်းလုပ်ငန်းလမ်းမထက်တွင် စီးပွားအဖြစ်ဆုံးဆိုင်ကို ပိုင်ဆိုင်ထား၏။ သူ့လက်အောက်တွင် ကုမ္ပဏီပေါင်းများစွာ ရှိသော်လည်း ထိုကုမ္ပဏီများမှာ အမည်ခံသက်သက်ဖြစ်ကြောင်း ယဲ့ချန်း သိထားသည်။
နောက်တစ်မျိုးဆိုရလျှင် ချန်ပင်း၏ အဓိကလုပ်ငန်းမှာ ရှေးဟောင်းပစ္စည်းများပင်။
အချိန်တိုအတွင်း စည်းစိမ်ဥစ္စာအများကြီးကို စုဆောင်းနိုင်ခြင်းမှာ ချန်ပင်းတစ်ယောက် သန့်သန့်ရှင်းရှင်း အလုပ်လုပ်ကိုင်ခဲ့ခြင်းကြောင့်ဟုတော့ ယဲ့ချန်း မထင်ပေ။
ဤချန်ပင်းနှင့် သေချာတွေ့ကြည့်ရန် ယဲ့ချန်း ဆုံးဖြတ်လိုက်၏။
နောက်တစ်နေ့မနက်စောစောတွင် ယဲ့ချန်း မိုတုရုပ်ရှင်မြို့တော်သို့ ရောက်လာခဲ့သည်။
"Yip Man"ကို ယနေ့ တရားဝင် ရိုက်ကူးရပေတော့မည်။
ထင်မှတ်မထားပါဘဲ ဤနေရာတွင် ယဲ့ရှန်းနှင့် လာတိုးနေသည်။
"မင်း ဒီမှာ ဘာလုပ်နေတာလဲ"
ယဲ့ချန်းလည်း စူးစမ်းလိုဟန်ဖြင့် မေးလိုက်၏။
ယဲ့ရှန်း ရယ်လိုက်လေသည်။
"ဒီရုပ်ရှင်က ဝမ်ချွင်းသိုင်းအကြောင်း ရိုက်မှာလေ။ ဒီတော့ ကျွန်မက သိုင်းပညာနည်းပြအနေနဲ့ ရောက်နေတာ"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
"သိုင်းပညာနည်းပြအနေနဲ့ မင်းရှိနေမှတော့ ငါတို့ရုပ်ရှင်ရဲ့အရည်အသွေးကလည်း သေချာပေါက်ကောင်းမှာပဲ"
ယဲ့ရှန်းက ယဲ့ချန်းကို မျက်စောင်းထိုးကြည့်လိုက်၏။
"အရည်အချင်းပိုင်းမှာ ရှင်က ကျွန်မထက် ပိုမတော်ဘူးလား"
ထိုအချိန်မှာပင် ဒါရိုက်တာကျန်းရှင်းက အနားသို့ ရောက်လာခဲ့သည်။
"ကြိုဆိုပါတယ် ဆရာယဲ့"
ယဲ့ချန်းက လက်ရှိအချိန်တွင် နာမည်ကြီးရုပ်ရှင်စတားတစ်ယောက် ဖြစ်နေလေပြီ။ ထို့ကြောင့် ဒါရိုက်တာကျန်းကလည်း ယဲ့ချန်းအား ဆရာဟု ခေါ်ဝေါ်လာသည်။
"ဒါရိုက်တာကျန်း.. ဒီအတောအတွင်း ခင်ဗျားဆီက သင်ကြားပြသမှုကို မျှော်လင့်မိပါတယ်"
ကျန်းရှင်းက လက်ခါယမ်းပြလေသည်။
"ငါ့ဘက်က မသင်ပေးရဲပါဘူး။ မင်းရဲ့ရုပ်ရှင်သုံးကားကို ငါ သေချာကြည့်ပြီးပြီ။ မင်းက သေချာပေါက် ရုပ်ရှင်ဧကရာဇ်တစ်ယောက်ရဲ့ အရည်အချင်းမျိုးရှိတာပဲ။ မင်းနဲ့လက်တွဲရတာက ငါ့အတွက်တော့ ဂုဏ်ယူစရာပါပဲ"
ဒါရိုက်တာကျန်းနှင့် စကားစမြည်ပြောဆိုပြီးနောက် ယဲ့ချန်းလည်း အဝတ်လဲခန်းထဲသို့ ဝင်သွားလိုက်သည်။ ထို့နောက် သမ္မတခေတ်တုန်းက ရိုးရာဝတ်ရုံရှည်ကို ဝတ်ဆင်လိုက်ချိန်၌ စနစ်၏ အသံက သူ့နားထဲ ပဲ့တင်ထပ်လာသည်။
[တင်! နတ်ဘုရားအဆင့်သရုပ်ဆောင်မှုကို အသက်သွင်းလိုက်ပါပြီ။ သိုင်းအကျော်အမော်အငွေ့အသက် +၉၉၉၉]
[တင်! အက်ရှင်ဘုရင် +၉၉၉၉ကို အသက်သွင်းပြီးပါပြီ]
[တင်! ဝမ်ချွင်းသိုင်းပညာကျွမ်းကျင်မှုကို အသက်သွင်းပြီးပါပြီ]
ယဲ့ချန်း အဝတ်လဲခန်းထဲမှ ထွက်လာသောအခါ လူတိုင်း ကြက်သေသေကုန်ကြသည်။
သေစမ်း! ဒီအရှိန်အဝါက သိုင်းအကျော်အမောတစ်ယောက်လိုပါပဲလား!
ယဲ့ချန်းတွင် ထူးခြားပြီး မြင့်မြတ်သော အရှိန်အဝါတစ်မျိုးရှိသည်။ သူ့လှုပ်ရှားမှုတိုင်းကလည်း သိုင်းအကျော်အမော်တစ်ယောက်၏ အငွေ့အသက်တို့ ကိန်းအောင်းနေသည်။
ယဲ့ရှန်းမှာ အံ့ဩမှင်တက်သွားချေသည်။
ဆရာယီမန်၏ ဗီဒီယိုများကို သူ(မ) ကြည့်ပြီးသွားပြီဖြစ်၏။ ယဲ့ချန်း၏အရှိန်အဝါနှင့် လှုပ်ရှားမှုများမှာ ဆရာယီမန်နှင့် ထပ်တူကျလုနီးပါးပင်။
ယဲ့ချန်းက လက်နောက်ပစ်၍ ခြံဝင်းထဲတွင် မတ်တတ်ရပ်နေခြင်းပင်။ သူ့အကြည့်ကား နက်ရှိုင်းလှပြီး လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းကလည်း သက်ရှိသိုင်းအကျော်အမော်တစ်ယောက်အလားပင်။
လူအုပ်ကြီးလည်း တံတွေးမျိုချလိုက်မိတော့သည်။
ခြံဝင်းထဲတွင် ရပ်နေသူမှာ သရုပ်ဆောင်တစ်ယောက်မဟုတ်ဘဲ ပါရမီရှင်းသိုင်းဆရာကြီးယီမန်ဟုပင် သူတို့ ထင်မှတ်မှားမိသည်။
"အမလေး..မိုက်လိုက်တာနော်။ ဒီသရုပ်ဆောင်မှုက ထူးခြားဆန်းကြယ်တဲ့ ခံစားချက်တစ်မျိုးကို ပေးစွမ်းတယ်နော်"
"မစ္စတာယဲ့ သရုပ်ဆောင်နေဖို့တောင်မလိုဘူး။ အဲဒီမှာမတ်တတ်ရပ်နေရုံနဲ့တင် သိုင်းအကျော်အမော်တစ်ယောက်နဲ့ တူနေပြီ"
"မိုက်လိုက်တာ.. ဒါရိုက်တာတွေအများကြီးက သူ့ကို တော်တော်ချီးကျူးနေတာ မထူးဆန်းတော့ပါဘူး"
ကျန်းရှင်းက ယဲ့ချန်းကိုကြည့်၍ သဘောတူလက်ခံဟန်ဖြင့် ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။
ဆရာယဲ့က သူ့ကို လိမ်နေခြင်းမဟုတ်။ ယဲ့ချန်းက အဝတ်အစားလဲလိုက်ရုံဖြင့် ဇာတ်ကောင်နှင့် လိုက်ဖက်ညီသွားသည်။
ထိုကဲ့သို့သော စွမ်းရည်မျိုးမှာ ဝါရင့်သရုပ်ဆောင်များအတွက်ပင် ခက်ခဲလွန်းလှသည်။
ရိုက်ကူးရေးမစခင် အခမ်းအနားကျင်းပရန် လိုအပ်ပေသည်။ ရုပ်ရှင်အောင်မြင်ဖို့အတွက် အမွှေးတိုင်ထွန်း၍ ဆုတောင်းပူဇော်ရဦးမည်ဖြစ်၏။
သို့သော် ထိုအချိန်မှာပင် အပြင်ဘက်၌ တုတ်ခိုင်သန်မာသော နိုင်ငံခြားသားတစ်ယောက်က လူအုပ်ထဲသို့ အတင်းတိုးဝင်လာသောကြောင့် ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။
"ကျုပ်က ဟွားနိုင်ငံရဲ့ သိုင်းပညာရှင်တွေကို စိန်ခေါ်ဖို့ လာခဲ့တာ"
ဤအခြင်းအရာကိုမြင်သော် ကျန်းရှင်းက မျက်မှောင်ကြုတ်၍ လုံခြုံရေးတချို့အား ထိုနိုင်ငံခြားသားကို ဆွဲထုတ်သွားဖို့ အလျင်အမြန်လက်ဟန်ပြလိုက်သည်။
သို့သော် ထိုနိုင်ငံခြားသားက အလွန်သန်မာလွန်းနေလေရာ သူ တစ်ချက်တွန်းလိုက်သည်နှင့် လုံခြုံရေးများလည်း ဘေးသို့ လဲကျသွားလေတော့သည်။
ထိုနိုင်ငံခြားသားက ခြံဝင်းထဲတွင် မောက်မာဝင့်ကြွားစွာ ရပ်နေပေသည်။
သူ့နောက်တွင်လည်း ရိုက်ကူးရေးအဖွဲ့တစ်ခု ပါလာသည်။
"ဟွားနိုင်ငံရဲ့ကွန်ဖူးက အမှိုက်ပါကွာ။ အထူးသက်ရောက်မှုတွေကိုပဲ အားကိုးနေတာကိုများ။ ကျုပ်က အဲဒါကို ဖော်ထုတ်ဖို့ ရောက်လာတာ။ ဒီရုပ်ရှင်နာမည်က "ယီမန်"လို့ ကြားထားတယ်။ အက်ရှင်ရုပ်ရှင်ဆိုပဲ။ ဇာတ်လိုက်မင်းသားက ဘယ်သူလဲ။ ကျုပ် သူ့ကို စိန်ခေါ်ချင်တယ်"
ထိုနိုင်ငံခြားသား၏ စကားကို ကြားသောအခါ လူတိုင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ဤနိုင်ငံခြားသား၏ ကြံ့ခိုင်သန်မာသော ကိုယ်လုံးကိုယ်ထည်က ယခင်တုန်းက သူ လေ့ကျင့်ထားဖူးကြောင်း ပြသနေသည်။
ပုံမှန်ဆိုလျှင် ရုပ်ရှင်သရုပ်ဆောင်များက အထူးသက်ရောက်မှုများကို အားကိုးရခြင်းဖြစ်၏။ အရည်အချင်းအစစ်အမှန်ရှိသူဟူ၍ များများစားစားမရှိပေ။
စုဝေးနေကြသော လူအုပ်ကြီးမှာ အလွန်ဒေါသထွက်ကုန်ကြသည်။
ဤနိုင်ငံခြားသားက ဟွားနိုင်ငံ၏ပိုင်နက်ထဲတွင် ပေါ်တင်စိန်ခေါ်လာသည်ဖြစ်ရာ အလွန်ဒေါသထွက်ဖွယ်ကောင်းလှသည်။
ယဲ့ချန်းလည်း မျက်မှောင်ကြုတ်၍ အေးစက်စက်ပြောလိုက်မိသည်။ သူ တစ်ခုခုတုံ့ပြန်ရန် ဟန်ပြင်လိုက်သော်ငြား ဒါရိုက်တာကျန်းရှင်းက သူ့ကို တားလိုက်သည်။
"မစ္စတာယဲ့.. မင်း သူနဲ့တိုက်ခိုက်လို့မရဘူး"
ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။
"ဘာလို့မရရမှာလဲ"
ကျန်းရှင်း မဲ့တဲ့တဲ့ပြုံးလိုက်မိသည်။
"ဒီလူ့နာမည်က ဂျိမ်းစ်တဲ့။ Mနိုင်ငံက အင်တာနက်ဆယ်လီလေ။ ရုပ်ရှင်သရုပ်ဆောင်တွေကို စိန်ခေါ်ပြီး အာရုံစိုက်မှုရအောင် လုပ်ကြံဇာတ်ခင်းတတ်တယ်လို့ နာမည်ကြီးတယ်။ ဂျပန်နဲ့ ကိုရီးယားမှာရှိတဲ့ သိုင်းပညာရှင်တော်တော်များများလည်း သူ့လက်ထဲမှာ အထိနာခဲ့ရပြီးပြီ။ မင်း သူနဲ့တိုက်ခိုက်ပြီး ရှုံးသွားခဲ့ရင် မင်းရဲ့ကျော်ကြားမှုလည်း ထိုးကျသွားမှာ။ ငါတို့ရုပ်ရှင်လည်း မရိုက်ရသေးခင်မှာတင် အဆုံးသတ်သွားလိမ့်မယ်"
ယဲ့ချန်းကို သတိထားမိသည့် ဂျိမ်းစ်က လက်ညှိုးထိုးလိုက်လေသည်။
"ဟေ့..မင်းက ဇာတ်လိုက်မင်းသားမလား။ ငါနဲ့လာတိုက်ခိုက်လှည့်။ မဟုတ်ရင်လည်း ဟွားနိုင်ငံရဲ့ကွန်ဖူးက အမှိုက်ဆိုတာ ဝန်ခံလိုက်တော့"
ဂျိမ်းစ်က အလွန်မောက်မာနေသဖြင့် လူအုပ်ကြီးမှာ ဒေါသူပုန်ထကုန်ကြသည်။
"သူက သရုပ်ဆောင်တစ်ယောက်လေ။ ဖိုက်တာမဟုတ်ဘူး။ သူ့ကိုစိန်ခေါ်နေတာ တော်တော်အဆင့်မရှိတာပဲ"
"မင်းမှာ သတ္တိရှိရင် ဟွားနိုင်ငံရဲ့ သိုင်းပညာရှင်တွေကို သွားစိန်ခေါ်လေ။ သရုပ်ဆောင်တယ်ဆိုတာ အခြေခံအားဖြင့်တော့ အတုအယောင်ပြကွက်ပဲ"
"ယဲ့ချန်း.. ဒီကောင့်ကို သင်ခန်းစာပေးလိုက်စမ်းပါ။ ငါတို့မာနကို ပြန်အဖတ်ဆည်ရအောင်"
ကျန်းရှင်းက ဆို၏။
"ယဲ့ချန်း.. စိတ်မတိုနဲ့။ သည်းခံထား။ ငါ ရဲခေါ်ထားပြီးပြီ။ ခဏနေရင် ရောက်လာတော့မှာ"
ဂျိမ်းစ်ကတော့ ဆက်ရန်စနေသည်။
"တီဗီမှာပြနေတဲ့ ဟွားနိုင်ငံရဲ့ကွန်ဖူးက အတုတွေချည်းပဲ။ မင်းတို့ကွန်ဖူးက အထူးသက်ရောက်မှုသာမပါရင် ဘာမှမဟုတ်ဘူး။ အရမ်းအမှိုက်သရိုက်ဆန်တယ်"
ယဲ့ချန်း၏အမူအရာကား အေးစက်သွားချေသည်။
"ဒါရိုက်တာကျန်းသ.. ကျွန်တော်တို့ ဒီရုပ်ရှင်ကို ဘာလို့ရိုက်ရတာလဲ။ ဟွားနိုင်ငံရဲ့ သိုင်းပညာကို ကြော်ငြာဖို့လေ။ ကိုယ့်တံခါးရှေ့ကို လူတွေ ရောက်လာတဲ့အခါ လိပ်တွေလို အခွံထဲမှာပုန်းနေတာက သင့်တော်လို့လား"
"ဒါပေမဲ့"
တားမရသည့်အဆုံး ကျန်းရှင်းလည်း ယဲ့ချန်း ရှေ့တိုးသွားပြီး ဂျိမ်းစ်၏အရှေ့၍ မတ်တတ်ရပ်လိုက်တာကို ကူကယ်ရာမဲ့စွာ ကြည့်နေမိသည်။
"သေစမ်း"
ကျန်းရှင်း၏အမူအရာမှာ ပျက်ယွင်းသွားလေတော့သည်။
ဤဗီဒီယိုကို တိုက်ရိုက်ထုတ်လွှင့်နေမှန်း သူသိသည်။ ယဲ့ချန်းသာ ရှုံးခဲ့ပါက သူ့ကျော်ကြားမှုလည်း ကျဆင်းသွားရပေတော့မည်။
ဂျိမ်းစ်က Mနိုင်ငံ၏ လက်ဝှေ့ချန်ပီယံတစ်ယောက်ဖြစ်ပြီး ယဲ့ချန်းက အက်ရှင်ခန်းများကို သရုပ်ဆောင်ဖူးသော်ငြား ၎င်းမှာ အထူးသက်ရောက်မှုများ သုံးထားခြင်းဖြစ်၏။
ဒီငတုံးကတော့.. ဘာလို့ စိတ်လိုက်မာန်ပါလုပ်ရတာလဲ?
ယဲ့ချန်းကတော့ ဂျိမ်းစ်ကိုကြည့်၍ ပြောလိုက်၏။
"ငါ မင်းရဲ့စိန်ခေါ်မှုကို လက်ခံတယ်။ ဟွားနိုင်ငံရဲ့ကွန်ဖူးက စော်ကားလို့ရတဲ့အရာတစ်ခုမဟုတ်ဘူးဆိုတာ ငါ မင်းကိုပြမယ်"
ယဲ့ချန်း၏စကားကိုကြားသော် မိုးခြိမ်းသံအလား လက်ခုပ်ဩဘာသံများ ထွက်ပေါ်လာသည်။
"တော်တယ် ယဲ့ချန်း"
"ယဲ့ချန်း..ဟွားနိုင်ငံရဲ့ကွန်ဖူးအစွမ်းကို သူ့ကိုပြလိုက်စမ်းပါ"
"ဒီနိုင်ငံခြားသားကို ဟွားနိုင်ငံမှာ လာရိုင်းပြရင် ဘာဖြစ်တတ်လဲဆိုတာ ပြလိုက်"
လူအုပ်ကြီးက ယဲ့ချန်းကို အားပေးနေလေသည်။
ယဲ့ချန်းက တန်ပြန်တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း မြင်လိုက်ရချိန်၌ ယဲ့ရှန်းလည်း အနည်းငယ်စိတ်လှုပ်ရှားမိသည်။
ဂျိမ်းစ်အကြောင်းကို သူ(မ) ကြားဖူးသည်။ သူသည် အင်တာနက်ဆယ်လီတစ်ယောက်ဖြစ်သော်ငြား အစွမ်းအစရှိပေသည်။
ယခုလတ်တလော နှစ်များအတွင်း သူသည် ကမ္ဘာအနှံ့လှည့်လည်ခဲ့ပြီးနောက် တစ်ခါလေးသော်မှ မရှုံးခဲ့ဖူးပေ။
ယဲ့ချန်းသာ နိုင်ခဲ့လျှင် အဆင်ပြေပါသော်ငြား ရှုံးခဲ့လျှင်မူ..
ဤသည်မှာ ယဲ့ချန်းတစ်ယောက်တည်းနှင့်ဆိုင်သော ကိစ္စမဟုတ်ချေ။ ဟွားနိုင်ငံ၏ကွန်ဖူးသိုင်းကိုလည်း တစ်ကမ္ဘာလုံးက မေးခွန်းထုတ်ကြပေလိမ့်မည်။
•••••••••••••••