စတုတ္ထဆရာ
Vol. 8 Ch. 115
ယဲ့ချန်းက ထိုသွေးကျောက်မျက်ကို ကောက်ကိုင်လိုက်ပြီး လက်ထဲတွင် အလေးချိန်ကြည့်ကာ ပြောလိုက်၏။
"ဒီသွေးကျောက်မျက်ရဲ့အရောင်နဲ့ အသားက တကယ့်အစစ်နဲ့ ခွဲမရအောင်တူတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ အားလုံးပဲ.. ထွင်းရာကို သေချာကြည့်ကြပါ။ ထွင်းရာက အရမ်းအနုစိတ်လွန်းတယ်။ ခေတ်သစ်လက်ရာဆိုတာ အသိသာကြီး။ ပြီးတော့ တကယ့်သွေးကျောက်မျက်ရဲ့ အရောင်အစစ်က ဖယောင်းသားလို နူးညံ့တယ်။ ဒါပေမဲ့ ဒီကျောက်ကတော့ အရမ်းတောက်လွန်းတယ်"
ယဲ့ချန်းက ထိုသို့ပြောရင်း သွေးကျောက်မျက်ကို နှာခေါင်းနားသို့ ပင့်မလိုက်ပြီးနောက် အနံ့ခံလိုက်လေသည်။
"ဒီသွေးကျောက်မျက်က မြေဆီလွှာရဲ့စိုထိုင်းထိုင်းအနံ့မျိုးရှိတယ်။ သက်တမ်းကြာတဲ့ပုံပေါက်အောင် တမင်တကာ မြေမြှုပ်ထားပုံပဲ။ ဟုတ်တယ်မလား"
ယဲ့ချန်း စကားစလိုက်သည်နှင့် အခန်းတစ်ခန်းလုံး တိတ်ဆိတ်သွားသည်။
လီရုန်ရုန်ခမျာ အံ့သြမှင်တက်သွားသည်။ ယဲ့ရှန်းလည်း အံ့အားသင့်သွား၏။
ရှေးဟောင်းဆိုင်ပိုင်ရှင်များလည်း အံ့သြမှင်တက်ကုန်ကြသည်။
သက်လတ်ပိုင်းအရွယ် အမျိုးသားကြီးနှင့် လူငယ်လေးတို့၏ အမူအရာကား အနည်းငယ်ပြောင်းလဲသွားသည်။
ယဲ့ချန်းပြောသွားသည့် စကားမှာ အလွန်ပရော်ဖက်ရှင်နယ်ဆန်ပြီး အဓိပ္ပာယ်ရှိသည်။
သူတို့အားလုံး မှားနေကြတာများလား?
ဒီကျောက်မျက်က အတုများဖြစ်နေမလား?
သို့သော် ဤသည်မှာ စတုတ္ထဆရာကိုယ်တိုင် ထောက်ခံထားသည်ဖြစ်ရာ မည်သို့များ အတုဖြစ်နိုင်မည်နည်း။
ရတနာစံအိမ်ထဲ၌ တစပြင်အလား တိတ်ဆိတ်သွားသည်။
လီရုန်ရုန်က ယဲ့ချန်း၏လက်ထဲမှ သွေးကျောက်မျက်ကိုယူပြီး သေချာစစ်ဆေးကြည့်လိုက်၏။ ယဲ့ချန်းပြောသည့်အတိုင်း တစ်ထေရာတည်းပင်။
သူ(မ)၏မျက်ဝန်းထဲတွင် မယုံကြည်နိုင်လေဟန် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
ဤလူငယ်လေး၏ ရတနာအကဲဖြတ်စွမ်းရည်က ဘယ်လိုလုပ်ပြီး အလွန်မြင့်မားနေရတာလဲ?
စကားလုံးအနည်းငယ်မျှဖြင့် ယဲ့ချန်း၏ရာပြတ်စွမ်းရည်က သူ(မ)ထက် သာလွန်ကြောင်း သိလိုက်ရသည်။
ထိုအချိန်မှာပင် လူငယ်အမျိုးသားက သတိပြန်ဝင်လာပြီး အေးတိအေးစက်သရော်လိုက်သည်။
"ပေါက်ကရတွေ လာပြောနေတာပဲ။ ဒီသွေးကျောက်မျက်က စတုတ္ထဆရာကိုယ်တိုင် အကဲဖြတ်ထားတာ။ ဘယ်လိုလုပ်ပြီး အတုဖြစ်နိုင်မှာလဲ"
ဟုတ်ပေသည်။ စတုတ္ထဆရာက ဘယ်တုန်းကမှ အမှားမလုပ်ဖူးပေ။
အတုမဖြစ်နိုင်ချေ။
ရှေးဟောင်းဆိုင်ပိုင်ရှင်များကလည်း ဝင်ပြောကြသည်။
လူတိုင်း၏အကြည့်မှာ ယဲ့ချန်းဆီသို့ ကျရောက်သွားသည်။
ယဲ့ချန်းလည်း တည်တည်ငြိမ်ငြိမ်ပြောလိုက်၏။
"စတုတ္ထဆရာက ဒါကို အစစ်လို့ အကဲဖြတ်ပေးထားတယ်ဆိုရင် သူက လူလိမ်တစ်ယောက်ဆိုတဲ့ သဘောပဲပေါ့"
"မင်းကများ စတုတ္ထဆရာကို စော်ကားရဲရသလား"
"ဒါတော့ များသွားပြီ"
"ဒီသွေးကျောက်မျက်က အတုဆိုတာကို သက်သေမပြနိုင်လို့ကတော့ မင်းသေပြီပဲ"
ယဲ့ချန်း လှောင်ပြုံးပြုံးလိုက်လေသည်။
"ခင်ဗျားတို့က သက်သေလိုချင်တာမလား? ကောင်းပြီလေ"
"ဘယ်သူ့ဆီမှာ မီးခြစ်ရှိလဲ"
ယဲ့ချန်း မေးလိုက်လေသည်။
ထိုအခိုက် လက်ထောက်လေးတစ်ယောက်က ယဲ့ချန်းကို မီးခြစ်တစ်လုံး ကမ်းပေးလာသည်။
မီးခြစ်ကိုခြစ်လိုက်ပြီးနောက် သွေးကျောက်မျက်ကို မီးတို့ကြည့်လိုက်သည်။ လျှပ်တစ်ပြက်အတွင်းမှာပင် သွေးကျောက်မျက်၏ မျက်နှာပြင်က အနက်ရောင်ပြောင်းသွားသည်။
ယဲ့ချန်းကတော့ တည်တည်ငြိမ်ငြိမ်ပြောလိုက်၏။
"သွေးကျောက်မျက်အစစ်က အပူပေးလိုက်ရင် မျက်နှာပြင်ပေါ်မှာ ဖယောင်းနည်းနည်းပေါ်လာမှာ။ အရောင်ကလည်း ခရမ်းရောင်ပြောင်းသွားမှာ။ အပူဓာတ်မြင့်ရင်တော့ ခရမ်းရင့်ရောင်ပေါ့။ ဒါပေမဲ့ အအေးခံလိုက်ရင် မူလအရောင်ကို ပြန်ပြောင်းသွားတယ်။ ဒါပေမဲ့ ဒီသွေးကျောက်မျက်ကို ကြည့်ကြလေ။ အနက်ရောင်ပြောင်းသွားတာမလား။ ဘာပြောကြဦးမလဲ။ ဒါက အစစ်လား အတုလား?"
လူတိုင်းလည်း အနားသို့ ဝိုင်းအုံလာကြသည်။ အမှန်ပင်။ သွေးကျောက်မျက်ကား အပူပေးလိုက်ပြီးနောက် အနက်ရောင် ပြောင်းသွားချေသည်။
သွေးကျောက်မျက်က အတုဖြစ်ကြောင်း သက်သေပြနိုင်သွားတာကို မြင်သောအခါ ထိုလူငယ်လေး၏မျက်နှာအမူအရာမှာ ပျက်ယွင်းသွားလေသည်။
"ထားလိုက်တော့။ ကျုပ် မရောင်းတော့ဘူး"
ထိုလူငယ်က သွေးကျောက်မျက်ကို ကောက်ယူကာ ထွက်ခွာရန်ပြင်လိုက်သည်။
သို့သော် ယဲ့ချန်းက သူ့ကို ပိတ်တားထားလိုက်သည်။
"မသွားနဲ့။ ရတနာအတုတွေရောင်းတာက အရေးယူဖို့လိုတယ်။"
ထိုအခိုက်မှာပင် ရဲကားအချက်ပေးသံများက အပြင်ဘက်မှ ထွက်ပေါ်လာလေသည်။ ထို့နောက် ကျိုးစုစုက အရာရှိနှစ်ယောက်နှင့်အတူ အထဲသို့ ဝင်လာခဲ့သည်။
ရဲများကိုမြင်သောအခါ ထိုလူငယ်၏မျက်နှာကား ဖြူဖပ်ဖြူရော်ဖြစ်သွားပြီးနောက် ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သို့သော် လက်ထောက်များက သူ့ကို တားထားလိုက်ကြပြန်သည်။
အခြေအနေမဟန်တော့တာကို မြင်သည့်အချိန်၌ သက်လတ်ပိုင်းအရွယ်အမျိုးသားကြီးက ရေရွတ်လိုက်ချေသည်။
"သေစမ်း! ကျောက်အတုကြီးကို ဝယ်မိတော့မလို့"
သို့သော် ယဲ့ချန်းက သူ့ကို ပိတ်တားပစ်လိုက်သည်။
"သစ္စာမရှိတဲ့လူ.. ခင်ဗျားတွဲဖက်က အဖမ်းခံလိုက်ရတာတောင် ထွက်ပြေးမလို့ပေါ့လေ"
ထိုလူကြီး၏မျက်နှာမှာ အေးစက်သွားပြီး အလျင်အမြန်ပြောလိုက်သည်။
"ဘာပေါက်ကရတွေပြောနေတာလဲ။ ဘယ်သူက သူ့တွဲဖက်လဲ။ ငါလည်း နစ်နာသူပဲကွ။ နားလည်လား"
သူက ယဲ့ချန်းကို တွန်းထုတ်ဖို့ ကြိုးစားသော်လည်း ယဲ့ချန်းက သူ့လက်မောင်းကို ဆွဲထားလိုက်သည်။
ထိုအချိန်မှာ ရဲများက ထိုလူငယ်လေးကို လက်ထိပ်ခတ်ပြီးသွားလေပြီ။
ရဲအရာရှိတစ်ယောက်က မှတ်တမ်းများကို စစ်ဆေးကြည့်ပြီးနောက် စိတ်လှုပ်ရှားစွာ အော်ပြောလာလေသည်။
"ခေါင်းဆောင်ကျိုး.. ဒီလူက ကျွန်တော်တို့လိုက်ရှာနေတဲ့ လူလိမ်ပဲ။ သူ့မှာ ကြံရာပါတစ်ယောက်လည်း ရှိတယ်"
ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"သူ့ကြံရာပါက ဒီမှာပါ"
ထိုလူကြီးခမျာ မလွတ်နိုင်တော့ကြောင့် သဘောပေါက်သွားပြီး စိတ်ဓာတ်ကျသွားသည်။
ရဲအရာရှိနှစ်ယောက်ကလည်း အပြေးအလွှားရောက်လာပြီး ထိုလူကြီးကိုပါ လက်ထိပ်ခတ်လိုက်သည်။
ထိုလူကြီးမှာ မကျေနပ်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
"ငါတို့ ဟွားနိုင်ငံထဲမှာ ကျင်လည်ကျက်စားလာတာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ အခုတော့ မင်းကြောင့် အဖမ်းခံလိုက်ရတယ်"
ယဲ့ချန်းကတော့ ပြုံးရုံသာပြုံး၏။
"မကောင်းတဲ့လူက ကိုယ့်လုပ်ရပ်နဲ့ကိုယ် ပြန်ခံရတယ်ဆိုတာ ဒါပဲလေ"
လီရုန်ရုန်ခမျာ ဤမြင်ကွင်းကြောင့် ကြက်သေသေသွားသည်။
သူ(မ)၏စိတ်ထဲ တိတ်တိတ်လေး စိတ်သက်သာရာရမိသည်။ ယဲ့ချန်းကြောင့်သာ မဟုတ်ပါက သူ(မ)လည်း အလိမ်ခံနေရလောက်ပြီဖြစ်၏။
ကျိုးစုစုက ယဲ့ချန်းအနားသို့ရောက်လာပြီးနောက် ပြောလိုက်၏။
"ရှင် အလုပ်အကိုင်ပြောင်းပြီး ရဲအရာရှိပဲ လုပ်သင့်တယ်နော်။ ရှင်က တစ်ရက်တည်းနဲ့ Aအဆင့်အလိုရှိတရားခံသုံးယောက်ကို ကူဖမ်းပေးခဲ့တာပဲ"
ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"မင်းတို့ရဲဌာနထဲက ဝန်ထမ်းတွေကိုသာ ငါ့ဆီက မကြာမကြာ တက္ကစီငှားခိုင်းလိုက်ပါ"
ရှေးဟောင်းဆိုင်ပိုင်ရှင်များမှာ ယဲ့ချန်းကို လက်မထောင်ပြနေကြသည်။
"လူငယ်လေး.. မင်းက အရမ်းတော်တာပဲ။ မင်းရဲ့ရာဖြတ်စွမ်းရည်ကို လေးစားတယ်ဟေ့"
"လူငယ်လေး.. ငါတို့ဆိုင်မှာ ရာပြတ်အနေနဲ့ လာအလုပ်လုပ်ပါ့လား။ ငါ မင်းကို နှစ်စဉ်လစာတစ်သိန်းပေးမယ်လေ။ ဘယ်လိုလဲ"
"ဘေးဖယ်စမ်းပါ။ သူက ကျွန်မအပိုင်နော်"
ထိုအချိန်ဝယ် လီရုန်ရုန်က ယဲ့ချန်းရှေ့တွင် ဝင်ရပ်လိုက်သည်။
လူတိုင်း : "..."
လီရုန်ရုန် အနည်းငယ်ရှက်ရွံ့သွားရသည်။
"ကျွန်မပြောချင်တာက.. ကျွန်မ ယဲ့ချန်းကို ရတနာရာပြတ်တစ်ယောက်အနေနဲ့ အလုပ်ခန့်ချင်တယ်လို့"
လီရုန်ရုန်က ပတ်ပတ်လည်ကို တစ်ဖက်ကိုလှည့်ပြီး မေးလိုက်၏။
"ယဲ့ချန်း.. ရှင် ကျွန်မတို့ဆိုင်မှာ ရတနာရာပြတ်တစ်ယောက်အနေနဲ့ လာအလုပ်လုပ်ပါ့လား"
ယဲ့ချန်းကတော့ ခေါင်းခါယမ်းလိုက်၏။
"မဖြစ်ဘူး။ ငါ တက္ကစီမောင်းရဦးမယ်"
"တက္ကစီမောင်းတာလား"
လူတိုင်း ကြောင်အကုန်ကြသည်။
တက္ကစီမောင်းတာက တစ်လကို ဘယ်လောက်ရလို့လဲ?
ရတနာရာပြတ်တစ်ယောက်က တစ်နှစ်ကို တစ်သိန်းကျော်ခန့် ရသည်။
ထို့ပြင် တက္ကစီမောင်းခြင်းမှာ နေဒဏ်လေဒဏ်ခံရသေးသည်။ ရတနာရာပြတ်တစ်ယောက်ကဲ့သို့ အေးအေးလူလူနေရမည်မဟုတ်။
လီရုန်ရုန်လည်း တဒင်္ဂမျှအံ့သြမှင်တက်သွားရသည်။
ထိုအကြောင်းကို စဉ်းစားကြည့်ပြီးနောက် စကားဆိုလိုက်၏။
"ရှင် နေ့တိုင်း လာဖို့မလိုပါဘူး။ လိုအပ်မှပဲ လာခဲ့ပါ။ ကျွန်မ ရှင့်ကို နှစ်စဉ်လစာ တစ်သန်းနဲ့ ကမ်းလှမ်းမယ်ဆိုရင်ရော"
ယဲ့ချန်း ခဏမျှစဉ်းစားကြည့်ပြီး သဘောတူလိုက်သည်။
"ဒါဆိုလည်း ကောင်းပြီလေ!"
ယဲ့ရှန်းကတော့ ယဲ့ချန်းကို ဆောင့်ဆွဲပြီး ပြောလိုက်၏။
"ယဲ့ချန်း... ရှင်က ဒီလောက်တောင်တော်နေတာကို ကျွန်မအတွက် လက်ဝတ်ရတနာလိုက်ရွေးပေးပါလား"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
"ရတယ်လေ"
သူတို့နှစ်ယောက်သားလည်း ရတနာစံအိမ်တော်မှ ထွက်ခွာလာခဲ့ပြီးနောက် ထောင်ပေါင်လမ်းမထက်၌ လည်ပတ်သွားလာနေကြသည်။
ထောင်ပေါင်လမ်းမမှာ ယခုဆိုလျှင် ခရီးသွားဆွဲဆောင်ရာနေရာတစ်ခုအဖြစ် တိုးတက်လာခဲ့လေပြီ။ ဆိုင်ခန်းများ၊ ဈေးဆိုင်များနှင့် လေလံပွဲခန်းမတစ်ခုလည်း ရှိသည်။
လီရုန်ရုန်၏ဆိုင်ကို ထိပ်တန်းအဆင့်ဟု သတ်မှတ်နိုင်သည်။
ယဲ့ချန်းလည်း ဆိုင်ထဲရှိ ပစ္စည်းကို လှမ်းကြည့်လိုက်သည်။ အများစုက အတုများပင်။
သူလည်း ဒေါ်လာနှစ်ထောင်တန် လက်ကောက်တစ်ကွင်းကို ယဲ့ရှန်းအတွက် ကောက်ကိုင်လိုက်သည်။ ၎င်း၏ဈေးနှုန်းအစစ်မှာ နှစ်သောင်းတန်ပင်။
သူတို့ ထွက်ခွာတော့မည့်အချိန်မှာပင် လူတိုင်းက ထောင်ပေါင်လမ်းမထက်ရှိ အကြီးဆုံးဆိုင်ထဲသို့ အပြေးဝင်ကုန်ကြောင်း သတိပြုမိလိုက်သည်။
ယဲ့ချန်းမှာ သိလိုစိတ်ဖြင့် မေးလိုက်၏။
"အကုန်လုံး ဘယ်သွားကုန်ကြတာလဲ"
"စတုတ္ထဆရာက ရတနာတွေကို အကဲဖြတ်နေတာလေ။ အဲဒါကို သွားကြည့်ကြမလို့"
"စတုတ္ထဆရာလား"
ယဲ့ချန်း၏မျက်ဝန်းအစုံကား အနည်းငယ်မှေးကျဉ်းသွားရသည်။
စတုတ္ထဆရာဆိုသည်မှာ ချန်ပင်းဖြစ်သည်။
ယဲ့ချန်းက လင်းယောင်ယောင်အတွက် လက်စားချေပေးချင်နေသောကြောင့် ချန်ပင်းနှင့် တွေ့ဆုံရန်အတွက်လည်း အဆင်သင့်ပင်။
ယဲ့ချန်းလည်း လူအုပ်ကြီးနှင့်အတူ ရှေးဟောင်းစတိုင်လ်အဆောက်အအုံတစ်ခုဆီသို့ သွားလိုက်သည်။
"ထောင်ပေါင်မျှော်စင်"ဟူသော စာလုံးကြီးသုံးလုံးကို ထိုအဆောက်အအုံပေါ်တွင် ရေးထိုးထားသည်။
ဝင်ပေါက်တွင် အနုစိတ်ပုံဖော်ထားသော စန္ဒကူးစားပွဲတစ်လုံး ချထားသည်။ ထိုစားပွဲပေါ်၌ အပြာရောင်နှင့် အဖြူရောင်စပ်ထားသော ရှေးဟောင်းကြွေအိုးတစ်လုံး ရှိနေပေသည်။
ထိုကြွေအိုနားတွင် ရွှေကိုင်းတပ်မျက််မှန်နှင့် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်အမျိုးသားတစ်ယောက်က မတ်တတ်ရပ်နေလေသည်။
ထိုလူမှာ ချန်ပင်းဖြစ်၏။
ချန်ပင်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့် လက်နှစ်ဖက်ကိုယှက်လိုက်ပြီးနောက် ပြောလေသည်။
"လူကြီးမင်းများနဲ့ အမျိုးသမီးများခင်ဗျာ.. ဒါကတော့ ကျွန်တော် နိုင်ငံခြားကယူလာတဲ့ အဖြူနဲ့အပြာစပ်ထားတဲ့ ကြွေအိုးလေးပါ။ တန်ဖိုးကတော့ သန်းသုံးဆယ်ပေးရပါတယ်။ ကျွမ်းကျင်သူတစ်ယောက်ကတော့ ဒါကို တစ်ဘီလျံတန်ဖိုးရှိတယ်လို့ အကဲဖြတ်ပေးထားပါတယ်"
တစ်ဘီလျံတဲ့လား?
ထိုနေရာတွင် ရုတ်ရုတ်သဲသဲဖြစ်သွားလေတော့သည်။
••••••••••••••••••