နောက်တစ်ခါကျရင် ပိုသတိထားပေါ့
Vol. 8 Ch. 116
ချန်ပင်း နိုင်ငံခြားမှယူလာသော သန်းသုံးဆယ်တန် အပြာနှင့်အဖြူစပ်ကြွေအိုးက တန်ဖိုးအားဖြင့် ဒေါ်လာသန်းတစ်ရာကျော်ရှိကြောင်း ကြားလိုက်ရသောအခါ လူအုပ်ကြီးမှာ အုတ်အော်သောင်းတင်းဖြစ်သွားလေသည်။
"စတုတ္ထဆရာကတော့ သူ့ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်။ အရမ်းအံ့ဩဖို့ကောင်းတာပဲ"
"ရတနာကိုအကဲဖြတ်တဲ့ စတုတ္ထဆရာရဲ့မျက်လုံးက ထက်ရှပါပေတယ်။ ဒီလိုပစ္စည်းမျိုးကိုတောင် ဈေးချိုချိုနဲ့ရလာတယ်"
"စတုတ္ထဆရာက အရမ်းစွမ်းတာပဲ။ ထောင်ပေါင်လမ်းမပေါ်က နံပါတ်တစ်ရတနာရာပြတ်ဆိုတဲ့ဂုဏ်ပုဒ်နဲ့ လိုက်ဖက်ပါပေတယ်"
ယဲ့ချန်းလည်း စားပွဲပေါ်ရှိ ထိုအပြာနှင့်အဖြူစပ်ကြွေအိုးကို ကြည့်လိုက်လေရာ အချက်အလက်များက သူ့မျက်လုံးရှေ့၌ ပေါ်လာခဲ့သည်။
အပြာနှင့်အဖြူစပ်ကြွေအိုးအတု၊ ထုတ်လုပ်သည့်ခုနစ် : ၁၉၇၀၊ ထုတ်လုပ်သူ : ပစ္စည်းတုပညာရှင်ယွီချန်း၊ အတွင်းနံရံမှာ သူ့နာမည်ကိုထွင်းထုထား၊ တန်ဖိုး တစ်သောင်းရှစ်ထောင်။
ချီးကျူးသံများကို နားထောင်ရင်း ယဲ့ချန်း သရော်လိုက်မိသည်။
"ငတုံးတွေ"
သူ့လှောင်ပြောင်သံက ချီးကျူးသံများအကြား ထိုးဖောက်သွားလေသည်။ မျက်လုံးများအားလုံးက ယဲ့ချန်းဆီသို့ ဦးတည်လာကြသည်။
ချန်ပင်းက ယဲ့ချန်းကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။
"ကောင်လေး.. မင်း ဘာကိုဆိုလိုချင်တာလဲ"
ယဲ့ချန်းကတော့ တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။
"အတုကြီးဝယ်လာပြီး ရတနာလိုလုပ်ပြနေတာ ကျုပ်က ခင်ဗျားကို ငတုံးလို့ခေါ်တာ မှားလို့လား"
"မင်း ဘာပြောလိုက်တယ်"
ချန်ပင်း၏မျက်နှာကား သုန်မှုန်သွားလေသည်။
ထောင်ပေါင်လမ်းမတွင် ထိပ်တန်းရတနာရာပြတ်တစ်ယောက်အနေနှင့် သူ့တွင် ဩဇာအာဏာရှိ၏။ တစ်စုံတစ်ခုကို သူကသာ အစစ်အမှန်ဟု ထောက်ခံပေးလိုက်လျှင် မည်သူကမှ အာမခံရဲပေ။
ယနေ့မှာတော့ ယဲ့ချန်းက သူ နိုင်ငံခြားမှယူလာခဲ့သော ပစ္စည်းကို မေးခွန်းထုတ်လာလေပြီ။
ရှေးဟောင်းပစ္စည်းဝါသနာရှင်အချို့ကလည်း ယဲ့ချန်းကို လက်ညှိုးထိုးကာ လှောင်ပြောင်ကြသည်။
"ဒီချာတိတ်က ဘယ်ကရောက်လာတာလဲ။ ကိုယ့်အဆင့်ကိုယ်မသိဘဲနဲ့"
"စတုတ္ထဆရာက ရတနာကို အကဲဖြတ်တဲ့နေရာမှာ ဘယ်တုန်းကမှ မမှားဖူးဘူး။ ဒါက ဘယ်လိုလုပ်ပြီး အတုဖြစ်နိုင်မှာလဲ"
"ဒီကောင်လေးက နာမည်ကြီးချင်နေတာထင်တယ်"
ချန်ပင်းကလည်း ယဲ့ချန်းကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။
"ငါ့ရဲ့အပြာနဲ့အဖြူစပ်ကြွေအိုးက အတုလို့ပြောချင်တာလား"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်။ အတုကြီး.. တစ်သောင်းကျော်လောက်ပဲတန်တဲ့ဟာကို သန်းသုံးဆယ်နဲ့ဝယ်လာတယ်ဆိုပြီး ကြွားနေတာလေ။ အဲဒါကမှ တုံးအတာမဟုတ်ရင် တခြားဘာရှိသေးလို့လဲ"
"ဟမ့်.. ငါက ရတနာအကဲဖြတ်တဲ့နေရာမှာ ဘယ်တုန်းကမှ မမှားဖူးဘူး။ မင်းရဲ့စကားကို မင်းတာဝန်ယူရမယ်နော်"
ချန်ပင်း၏ ဟန်ဆောင်ပန်ဆောင်အမူအရာကို မြင်သောအခါ ယဲ့ချန်းလည်း မရယ်ဘဲ မနေနိုင်တော့ချေ။
"ခင်ဗျားက ဘယ်တုန်းကမှ အကဲဖြတ်တာ မမှားဖူးဘူး ဟုတ်လား။ ဒီနေ့ ခင်ဗျား သွေးကျောက်မျက်တစ်တုံးကို အကဲဖြတ်လိုက်သေးလား"
ချန်ပင်း တုံ့ဆိုင်းသွားရသည်။
"အဲဒီတော့ရော ဘာဖြစ်လဲ"
ယဲ့ချန်းလည်း အေးတိအေးစက်ပြန်ဖြေလိုက်သည်။
"အဲဒီသွေးကျောက်မျက်က အတုကြီးလေ။ ဒါပေမဲ့ ခင်ဗျားကတော့ အဲဒါကို အစစ်လို့ အကဲဖြတ်ခဲ့တယ်။ ဒါတောင်မှ ခင်ဗျား ဘယ်တုန်းကမှ အကဲဖြတ်တာ မမှားဖူးဘူးလို့ ဘယ်လိုသတ္တိမျိုးနဲ့ ပြောရဲတာပါလိမ့်"
"ဘာ?"
ယဲ့ချန်း၏စကားကြောင့် ချက်ချင်းဆိုသလို အုတ်အော်သောင်းတင်းဖြစ်သွားလေတော့သည်။
ရတနာစံအိမ်တော်မှ သူဌေးများကလည်း ခပ်မြန်မြန်စုံစမ်းလိုက်ကြသည်။
"အဲဒီလိုကိစ္စမျိုး တကယ်ဖြစ်ခဲ့တာဟ။ အဲဒီလူလိမ်နှစ်ယောက်ကို ရဲတွေဖမ်းသွားပြီ"
"ဟုတ်တယ်။ ငါတို့ကိုယ်တိုင်မြင်လိုက်တာ။ အဲဒီသွေးကျောက်မျက်က အတုကြီး"
ချန်ပင်းမှာ ယဲ့ချန်းကို စူးစူးရဲရဲစိုက်ကြည့်လိုက်၏။
"ချာတိတ်.. မင်းက ပြဿနာလာရှာတာလား"
ယဲ့ချန်း လှောင်ပြုံးပြုံးလိုက်ပြန်သည်။
"ပြဿနာရှာတာတဲ့လား။ ခင်ဗျား အတွေးလွန်နေပါပြီ။ ကျုပ်က ချက်ကျလက်ကျထောက်ပြရုံပဲ။ ကျုပ် အတပ်ပြောနိုင်တယ်။ ခင်ဗျားရဲ့အပြာနဲ့အဖြူစပ်ကြွေအိုးကလည်း အတုကြီးပဲ"
"ကြည့်ရတာ ဒီလူငယ်လေးက စတုတ္ထဆရာကို အဆုံးအထိ တိုက်ခိုက်တော့မဲ့ပုံပဲ"
"စတုတ္ထဆရာကိုတောင် စိန်ခေါ်ရဲတာ.. ဒီကောင်လေးတော့ သေချင်နေတာပဲ"
"စတုတ္ထဆရာက ကြွေအိုးပညာရှင်လေ။ ကျောက်မျက်ကို အကဲဖြတ်တာမှားခဲ့တယ်ဆိုရင်တောင် ကြွေအိုးကတော့ မမှားနိုင်ဘူး"
"ဒီကောင်လေးက ခံရမှ မှတ်မှာ။ ဒီအပြာနဲ့အဖြူစပ်ကြွေအိုးကို ဆရာလော့ကိုယ်တိုင် ထောက်ခံပေးထားတာလေ။ ဘယ်လိုလုပ်ပြီး အတုဖြစ်နိုင်မှာလဲ"
ချန်ပင်းက ယဲ့ချန်းကို အေးစက်စက်အကြည့်ဖြင့်ကြည့်လိုက်သည်။
"ကောင်းပြီလေ။ ငါ့ရဲ့အပြာနဲ့အဖြူစပ်ကြွေအိုးက အတုလို့ပြောနေမှတော့ မင်းမှာ ဘာသက်သေရှိလဲ။ သက်သေမပြနိုင်လို့ကတော့ ငါ့ဘက်က ရိုင်းပျတဲ့အတွက် အဆိုးမဆိုနဲ့နော်"
ထိုအချိန်မှာပင် လက်ထောက်နှစ်ယောက်က ယဲ့ချန်းကို လှည့်ထွက်မသွားနိုင်စေရန်အတွက် ပိတ်တားထားလိုက်ကြသည်။
ယဲ့ချန်းလည်း လှောင်ပြုံးပြုံးပြီး ထိုကြွေအိုးနားသို့ လျှောက်သွားလိုက်သည်။
"အတုကြီးဆိုရင် ဘာလုပ်မှာလဲ"
ချန်ပင်းက ဟွန့်ခနဲနှာမှုတ်လိုက်သည်။
"ငါဆိုတဲ့ ချန်ပင်းက အတုတွေကို ဘယ်တော့မှ သိမ်းမထားတတ်ဘူး။ တကယ်လို့ ဒီကြွေအိုးကသာ အတုဆိုရင် ရိုက်ခွဲပြီး မင်းကိုလည်း တစ်သန်းလျော်ကြေးပေးလိုက်မယ်"
ယဲ့ချန်း ခေါင်းညိတ်ပြသည်။
"ကောင်းပြီလေ"
ချန်ပင်း သရော်လိုက်သည်။
"တကယ်လို့ ဒီကြွေအိုးက အစစ်ဖြစ်နေခဲ့ရင်ရော"
"ခင်ဗျားကိုယ်တိုင် ဆုံးဖြတ်လိုက်ပါ"
ယဲ့ချန်းကတော့ အမှုမထားဟန်ဖြင့် ပြန်ဖြေလိုက်သည်။
ချန်ပင်း ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။
"ချာတိတ်.. မင်းပြောပြီးသားနော်။ နောက်မှနောင်တမရနဲ့။ သတိပေးတဲ့အနေနဲ့ ငါ မင်းရဲ့ခြေလက်တွေကို ချိုးပစ်မယ်"
လူအုပ်ကြီးမှာ အံ့ဩမှုကြောင့် ပင့်သက်ရှိုက်ပြီး ယဲ့ချန်းကို သနားညှာတာစွာ ကြည့်လိုက်မိသည်။
စတုတ္ထဆရာက ထောင်ပေါင်လမ်းမတွင် စကားတစ်ခွန်းခွန်းပြောလိုက်ပြီဆိုလျှင် ထိုစကားကို သေချာပေါက်လုပ်တတ်သည်။ အကယ်၍ ဤကြွေအိုးကသာ အစစ်ဖြစ်နေပါက ယဲ့ချန်းတော့ ဒုက္ခရောက်ရပြီဖြစ်၏။
ယဲ့ချန်းက ခေါင်းညိတ်ပြီးနောက် အပြာနှင့်အဖြူစပ်ကြွေအိုးနားသို့ လျှောက်လာလေသည်။
မျက်လုံးပေါင်းများစွာက ယဲ့ချန်းထံသို့ ကျရောက်နေပြီး အပြာနှင့်အဖြူစပ်ကြွေအိုး၏ စစ်မှန်မှုကို သူ ဘယ်လိုသက်သေပြမလဲဟု သိချင်နေကြသည်။
ယဲ့ချန်းက အပြာနှင့်အဖြူစပ်ကြွေအိုးကို ကောက်ကိုင်လိုက်ပြီးနောက် ထိုအိုးကို မြေကြီးပေါ်သို့ ပစ်ချလိုက်သည်။
ခွမ်း!
အပြာနှင့်အဖြူစပ်ကြွေအိုးမှာ မြေပြင်ပေါ်ကို ရိုက်ခတ်မိပြီးနောက် အစိတ်စိတ်အမြွှာမြွှာကွဲကြေသွားသည်။
ထိုနေရာတစ်ခုလုံးလည်း တစပြင်အလား တိတ်ဆိတ်သွားလေတော့သည်။
သန်းသုံးဆယ်တန်ဖိုးရှိသော အပြာနှင့်အဖြူစပ်ကြွေအိုးကို ယဲ့ချန်း ခွဲပစ်လိုက်လေပြီ။
လူတိုင်း ကြက်သေသေသွားချေသည်။
ချန်ပင်းကိုယ်တိုင်ပင် ကြောင်အသွားရသည်။
"မင်း…မင်း ငါ့ရဲ့အပြာနဲ့အဖြူစပ်ကြွေအိုးကို ခွဲရဲတယ်ပေါ့"
ချန်ပင်းခမျာ ဒေါသကြောင့် ရူးသွပ်လုမတတ်ပင်။
"ဒီကောင်လေး ရူးသွားပြီပဲ။ သန်းသုံးဆယ်တန်အပြာနဲ့အဖြူစပ်ကြွေအိုးကို ဒီလိုကြီးရိုက်ခွဲပစ်လိုက်တယ်ပေါ့"
"ဒီကောင်လေးကတော့ သေချင်နေတာပဲ။ ဒီကြွေအိုးကို ရိုက်ခွဲလိုက်ပြီဆိုမှတော့ စတုတ္ထဆရာက အလွတ်ပေးမှာမဟုတ်တော့ဘူး"
"ဒီကောင်လေးရဲ့အဝတ်အစားတွေက လမ်းဘေးဆိုင်ကအဝတ်အစားတွေ။ သူ့ကိုရောင်းလိုက်ရင်တောင် ကြွေအိုးရဲ့တန်ဖိုးကို ကာမိမှာမဟုတ်ဘူး"
လူတွေက ယဲ့ချန်းကို သေသူတစ်ယောက်အလား ကြည့်နေကြသည်။ စတုတ္ထဆရာ၏ အပြာနှင့်အဖြူစပ်ကြွေအိုးကို ရိုက်ခွဲလိုက်သည်ဖြစ်ရာ ယဲ့ချန်းတော့ ဒုက္ခလှလှတွေ့လေပြီဟု တွေးနေကြသည်။
သို့သော် ယဲ့ချန်းကတော့ ပူပင်ကြောင့်ကြခြင်းမရှိပေ။ အပြာနှင့်အဖြူစပ်ကြွေအိုးအကွဲစများဆီသို့ ဖြည်းဖြည်းချင်းလျှောက်သွားပြီး ဆောင့်ကြောင့်ထိုင်ချလိုက်သည်။
"ဒီကောင်လေး ဘာလုပ်နေတာလဲ။ အဲဒီအကွဲစတွေကို ပြန်ဆက်မလို့လား"
"ဒီကောင်လေးတော့ ရူးနေပြီ"
"ဒီချာတိတ်တော့ မကြာခင် အသေဆိုးနဲ့ သေရတော့မယ်"
ချန်ပင်းက သုန်မှုန်နေသောမျက်နှာဖြင့် အေးတိအေးစက်စကားဆိုလိုက်သည်။
"ချာတိတ် မင်း ဒီနေ့ ငါ့ကို ဖြေရှင်းချက်မပေးနိုင်လို့ကတော့ ပြန်လို့မရဘူးသာမှတ်"
ယဲ့ချန်းက အကွဲစများကို ခဏမျှလှန်လှောရှာဖွေပြီးနောက် ခပ်ဖွဖွပြုံးလိုက်သည်။
"တွေ့ပြီ"
ထို့နောက် လူအုပ်ကြီးထံမှ တအံ့တဩအကြည့်များအောက်မှာပင် ယဲ့ချန်းသည် အကွဲစတစ်ခုကို ကောက်ယူလိုက်၏။
"ယွီချန်းတဲ့။ ဒီနာမည်ကို အားလုံးသိကြလိမ့်မယ်ထင်တယ် ဟုတ်တယ်မလား"
"ပစ္စည်းတုပညာရှင်ယွီချန်းလား"
ထိုနာမည်ကြောင့် အားလုံး တုန်လှုပ်သွားလေသည်။
ရှေးဟောင်းပစ္စည်းလောကရှိ လူတိုင်းက ပစ္စည်းတုပညာရှင်ယွီချန်းကို သိကြသည်။ သူ၏တုပနိုင်စွမ်းမှာ နတ်ဘုရားများနှင့် မကောင်းဆိုးဝါးကိုပင် ခွဲမရအောင်လုပ်တတ်သည်။
ဒီအပြာနဲ့အဖြူစပ်ကြွေအိုးက ယွီချန်းရဲ့လက်ရာများလား?
ယဲ့ချန်းက ထိုအကွဲစကို မြှောက်ပြလိုက်သည်။
"လူတိုင်းလည်း သိကြမှာပါ။ ယွီချန်းက သူလုပ်ထားတဲ့လက်ရာတွေရဲ့ အတွင်းနံရံဘက်မှာ သူ့နာမည်ကိုထိုးထားတတ်တဲ့အကျင့်ရှိတယ်။ ကြည့်ကြည့်လိုက်ကြပါ"
လူအုပ်ကြီးမှာ ထိုကြွေအိုးအကွဲစကိုကြည့်ပြီး ထိတ်လန့်မှုကြောင့် ပင့်သက်ရှိုက်မိကြသည်။
ထိုအကွဲစပေါ်တွင် ယွီချန်းဟူသော နာမည်ကို အမှန်တကယ်ထွင်းထုထားသည်။
သက်သေအခိုင်အလုံရှိနေပြီဖြစ်ရာ လူအုပ်ကြီးလည်း စကားတစ်ခွန်းမှ ပြောစရာမလိုဘဲ နားလည်သွားကြသည်။ ဤကြွေအိုးမှာ အတုကြီးပင်။
"မဖြစ်နိုင်တာ"
ချန်ပင်း၏မျက်နှာကား ဖြူဖျော့သွားချေသည်။ ထို့နောက် ယဲ့ချန်း၏လက်ထဲမှ အကွဲစကို ယူလိုက်၏။
ထိုအပေါ်ရှိ နာမည်ကို မြင်သောအခါ လုံးဝဆွံ့အသွားရသည်။
နိုင်ငံခြားမှ သန်းသုံးဆယ်ဖြင့် ငွေအားလူအားစိုက်ထုတ်၍ ဝယ်ခဲ့ရသော ကြွေအိုးက အတုကြီးဖြစ်နေလေသည်။
သေစမ်း!
ချန်ပင်းခမျာ ယဲ့ချန်းကို အဆိပ်ပြင်းသောမျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်မိသည်။
ဤကောင်လေးကြောင့်သာမဟုတ်ပါက အပြာနှင့်အဖြူစပ်ကြွေအိုးက အတုဖြစ်နေလျှင်ပင် မည်သူမှ သိလိမ့်မည်မဟုတ်။
သို့သော် ယခုတော့ ယဲ့ချန်းက ထိုအိုးကို ရိုက်ခွဲပစ်လိုက်ပြီး အတုဖြစ်ကြောင်း သက်သေပြနိုင်ခဲ့လေရာ သူ့မှာ ပိုက်ဆံရော ဂုဏ်သိက္ခာကိုပါ ဆုံးရှုံးလိုက်ရသည်။
ယဲ့ချန်းကတော့ ချန်ပင်းကို ပခုံးပုတ်ပေးလိုက်သည်။
"နောက်တစ်ခါကျရင် ပိုသတိထားပေါ့။ သူများပိုက်ဆံကို မက်မောနေတာနဲ့ပဲ လူတွေ ခင်ဗျားကို လူလည်ကျသွားတာကို ခံမနေနဲ့လေ"
ထောင်ပေါင်လမ်းမထက်တွင် ဩဇာအာဏာရှိသော ချန်ပင်းခမျာ ယခုလိုအရှက်ခွဲမှုမျိုးကို တစ်ခါမှမကြုံဖူးပေ။
သူ့မှာ ဒေါသကြောင့် တုန်ယင်နေပြီး မျက်လုံးထဲတွင်လည်း လူသတ်ချင်သောအရိပ်အယောင်များ ပြည့်နှက်သွားသည်။
•••••••••••••••