← Chapters

လုပ်ရဲလား

Vol. 8 Ch. 117

လုပ်ရဲလား

Vol. 8 Ch. 117

ယဲ့ချန်းက ချန်ပင်းကို ခပ်မြူးမြူးပြုံးလျက် ကြည့်လိုက်၏။

"စကားမစပ် ဒါကို အတုဆိုတာ သက်သေပြနိုင်ခဲ့ရင် ကျုပ်ကို ငွေတစ်သန်းပေးမယ်လို့ ပြောလိုက်သလားလို့"

ချန်ပင်းလည်း အသက်ပြင်းပြင်းရှိုက်ရှူလိုက်သည်။

"ငါဆိုတဲ့ စတုတ္ထဆရာက ကိုယ့်ကတိကိုယ်တည်တယ်။ အဲဒီပိုက်ဆံကို မင်းကိုပေးမယ်"

အပြာနှင့်အဖြူစပ်ကြွေအိုးက ကွဲသွားသော်လည်း သူ့အနေနှင့် မျက်နှာအပျက်မခံနိုင်ပေ။

ရှေးဟောင်းပစ္စည်းလုပ်ငန်းလောကတွင် ဂုဏ်သိက္ခာကသာ အရာရာပင်။ ထို့ကြောင့် မည်သို့ပင်ဖြစ်စေ ကိုယ့်မာနကိုယ် မျိုသိပ်ထားမှဖြစ်ပေလိမ့်မည်။

ချန်ပင်းလည်း အသက်ပြင်းပြင်းရှိုက်ရှူလိုက်ပြီးနောက် ဂရုမစိုက်ဟန်ဆောင်ကာ လက်နှစ်ဖက်ကိုယှက်၍ အားလုံးကို ပြောလိုက်သည်။ု

"ကျုပ် ချန်ပင်း.. ဒီနေ့ ကိုယ့်ကိုယ်ကိုယ်အရူးလုပ်ခဲ့မိတယ်။ ဒီကြွေအိုးကို ခွဲပေးတဲ့အတွက် ဒီညီလေးကို ကျေးဇူးတင်ပါတယ်။ ဒါကို သင်ခန်းစာအနေနဲ့ မှတ်ယူလိုက်ပါ့မယ်။ အားလုံးပဲ လူစုခွဲလိုက်ကြပါ"

လူအုပ်ကြီးမှာ လူစုခွဲလိုက်ကြသည်။ ချန်ပင်းကတော့ မျက်လုံးထဲအထိ မရောက်သော အပြုံးဖြင့် ယဲ့ချန်းကို ပြောလိုက်၏။

"ညီလေး.. ငါ့ရဲ့ထောင်ပေါင်မျှော်စင်မှာ လက်ဖက်ရည်လိုက်သောက်လှည့်လေ။ အဲဒါမှ ပိုက်ဆံထုတ်ပေးလို့ ရမှာပေါ့"

ယဲ့ချန်းက စိတ်ထဲမှ အေးစက်စက်လှောင်ရယ်လိုက်သည်။

လက်ဖက်ရည်သောက်မယ်တဲ့လား? ပိုက်ဆံပြင်ပေးမယ်တဲ့လား?

ခင်ဗျား ဒီလောက်သဘောကောင်းနေတာကို ကျုပ် မယုံနိုင်ပါဘူး..

သို့သော် ယဲ့ချန်း ခေါင်းညိတ်ပြလိုက်ဆဲသာ။

"ကောင်းပြီလေ"

"ယဲ့ရှန်း မင်း အရင်ပြန်နှင့်လိုက်။ ငါ မစ္စတာချန်းနဲ့ လက်ဖက်ရည်သောက်ပြီး စကားပြောလိုက်ဦးမယ်"

ယဲ့ရှန်းက စိုးရိမ်ပူပန်စွာ မေးလိုက်မိသည်။

"ရှင်တစ်ယောက်တည်းဖြေရှင်းနိုင်ရဲ့လား"

"ကိစ္စမရှိပါဘူး။ စိတ်မပူပါနဲ့"

ယဲ့ချန်း ပြုံးလိုက်လေသည်။

စိတ်ပူနေသော်ငြား ယဲ့ရှန်းလည်း ယဲ့ချန်း၏ အမှုမထားဟန်အမူအရာကြောင့် မတတ်သာဘဲ ပြန်လာခဲ့လိုက်ရသည်။

ယဲ့ချန်းလည်း ထောင်ပေါင်မျှော်စင်ထဲသို့ ဝင်လာခဲ့လိုက်သည်။ တံခါးနားမှ ဝန်ထမ်းလေးကတော့ တံခါးပိတ်ချလိုက်၏။

ချန်ပင်း၏အပြုံးကား ချက်ချင်းပျောက်ကွယ်သွားလေတော့သည်။

"ချာတိတ်.. မင်းက ငါ့ရဲဲ့သန်းသုံးဆယ်တန်ကြွေအိုးကို ခွဲရဲလောက်တဲ့အထိ သတ္တိတွေရှိနေတယ်ပေါ့"

ချန်ပင်း၏မျက်နှာအမူအရာ ပြောင်းလဲသွားကြောင်း မြင်လိုက်ရချိန်ဝယ် ယဲ့ချန်း ရုတ်တရက်ကြီး ထရယ်လိုက်၏။

"ဘာရယ်.. ခင်ဗျားပြောတော့ ကျုပ်ကို လျော်ကြေးတစ်သန်းပေးမယ်ဆို။ ကိုယ့်ကတိကိုယ် ပြန်ရုပ်သိမ်းမလို့လား"

"ဟမ့်.. ချာတိတ်.. မင်းက ငါ့ကြွေအိုးကို ခွဲပစ်ပြီးတောင် ပိုက်ဆံလိုချင်နေသေးတယ်ပေါ့။ ဒီနေ့ ငါ မင်းရဲ့ခြေထောက်တစ်ဖက်ကို လျော်ကြေးအနေနဲ့ ယူပစ်မယ်"

ချန်ပင်းက ခက်ထန်လှသောအကြည့်ဖြင့် သူ့သရုပ်မှန်ကို ဖော်ပြလာသည်။

ယဲ့ချန်းကတော့ ရယ်နေဆဲသာ။

"လုပ်ရဲလား"

ယဲ့ချန်းက အလွန်တည်ငြိမ်အေးဆေးနေသည်ကို မြင်သော် ချန်ပင်းခမျာ အံ့ဩမှင်တက်သွားလေသည်။

ဒီကောင်လေးက သေခါနီးနေတာတောင် ရယ်နိုင်သေးတယ်လား။

ထိုအချိန်မှာပင် အပြင်ဘက်မှ တံခါးခေါက်သံတစ်သံ ထွက်ပေါ်လာသည်။

ချန်ပင်း မျက်မှောင်ကြုတ်လိုက်မိသည်။

"အပြင်ကလူတွေကို ပြောလိုက်။ ငါ ဒီနေ့ ဘယ်သူ့ကိုမှ မတွေ့ဘူးလို့"

သို့သော် သိပ်မကြာခင်မှာပင် ဝန်ထမ်းတစ်ယောက် အထဲသို့ ပြေးဝင်လာသည်။

"စတုတ္ထဆရာ.. ထောင်ပေါင်လမ်းမရဲ့မန်နေဂျာလီခွင်းရောက်နေပါတယ်"

"သူက ဒီကိုဘာလို့ရောက်လာတာလဲ"

ချန်ပင်းလည်း အံံ့အားသင့်သွားရပြန်သည်။

ချန်ပင်းက ထောင်ပေါင်လမ်းမတွင် ဩဇာအာဏာရှိသော်ငြား မန်နေဂျာကတော့ သူ သွားစော်ကား၍မရသော လူတစ်ယောက်ပင်။

"မင်းတို့တွေ.. သူ့ကိုစောင်ကြည့်ထား"

ထိုသို့ပြောပြီးနောက် ချန်ပင်းက စိတ်လှုပ်ရှားစွာဖြင့် အပြင်ဘက်သို့ လျှောက်သွားလိုက်၏။

"မန်နေဂျာလီ.. ဒီကို ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ"

ချန်ပင်းက အပြုံးလေးနှင့် နှုတ်ဆက်လိုက်သည်။

"ဥက္ကဋ္ဌယဲ့က ခင်ဗျားနဲ့အတူ ရှိနေတာလား"

လီခွင်းမှာ အလောတကြီးမေးလာလေသည်။

"ဥက္ကဋ္ဌယဲ့.. ဘယ်ကဥက္ကဋ္ဌယဲ့လဲ"

ချန်ပင်းလည်း တဒင်္ဂမျှ ရှုပ်ထွေးသွားသည်။

"ခုနတုန်းက ခင်ဗျားရဲ့ကြွေအိုးကို ခွဲပစ်လိုက်တဲ့လူက ဥက္ကဋ္ဌယဲ့ပဲ။ သူက ကျုပ်တို့ထောင်ပေါင်လမ်းမရဲ့ ဒုတိယရှယ်ယာအများဆုံးလူပေါ့"

"ဘာ?"

ချန်ပင်း ပင့်သက်ရှိုက်လိုက်မိသည်။

သာမန်လူတစ်ယောက်ဆိုပါက သူ ဂရုစိုက်မည်မဟုတ်။ သို့သော် တစ်ဖက်လူက ထောင်ပေါင်လမ်းမ၏ ပင်မရှယ်ယာရှင်တစ်ယောက် ဖြစ်နေလေသည်။

သူသာ ယဲ့ချန်းကို စော်ကားမိသွားလျှင် ထောင်ပေါင်လမ်းမတွင် အလုပ်ဆက်လုပ်နိုင်တော့မည်မဟုတ်ချေ။

သေစမ်းကွာ

ချန်ပင်း ရူးသွပ်လုမတတ်ဖြစ်သွားရသည်။

ငါ ဒီလိုဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်ကို ဘယ်လိုလုပ်ပြီး အပြစ်ပြုမိသွားတာလဲ?

"ခင်ဗျား မစ္စတာယဲ့ကို တစ်ခုခုလုပ်မိသေးလား"

လီခွင်းက တစ်စုံတစ်ခု ထူးဆန်းနေတာကို သတိထားမိပြီး မေးလိုက်သည်။

"မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ကျွန်တော်က ဘယ်လိုလုပ်ရဲမှာလဲ"

ချန်ပင်းခမျာ ချွေးများကို သုတ်ဖယ်လိုက်လေသည်။

သေစမ်း သီသီလေးပဲလိုတော့တယ်...

သူသာ ယဲ့ချန်းကို တစ်ခုခုလုပ်မိခဲ့ပါက ယနေ့ သူ့သေနေ့ပင်။

"မစ္စတာယဲ့က အခန်းထဲမှာ လက်ဖက်ရည်သောက်နေပါတယ်"

ချန်ပင်းလည်း နေရခက်ဟန်ဖြင့် ပြောလိုက်လေသည်။

လီခွင်းကတော့ ချန်ပင်းကို စူးစူးရဲရဲစိုက်ကြည့်၍ အတွင်းခန်းထဲသို့ အမြန်ပြေးဝင်သွားလိုက်သည်။ အမှန်ပင်။ ယဲ့ချန်းက ထိုင်ခုံတွင်ထိုင်၍ အေးအေးလူလူ လက်ဖက်ရည်သောက်နေပေသည်။

"ဥက္ကဋ္ဌယဲ့.. ကျွန်တော်က ထောင်ပေါင်လမ်းမရဲ့မန်နေဂျာလီခွင်းပါ။ ချန်ပင်းက ခင်ဗျားကို ပြဿနာတော့မရှာထားပါဘူးနော်"

လီခွင်းက အခန်းထဲရှိ သန်မာထွားကြိုင်းသော အမျိုးသားများကို လှမ်းကြည့်၍ ပြောလိုက်၏။

"မဟုတ်ပါဘူး။ ကျုပ်တို့ စကားကောင်းနေကြတာ။ ချန်ပင်းက ကျုပ်ကို ဆရာတင်မယ်လို့ အတင်းပြောနေလို့။ သင်ကြားစရိတ်အတွက် နှစ်သန်းတောင်ပေးမလို့တဲ့လေ"

"သေစမ်း"

ချန်ပင်းကတော့ ဒေါသထွက်ရလွန်းသောကြောင့် ရူးတော့မတတ်ပင်။

ငါက ဘယ်တုန်းကများ မင်းတပည့်ဖြစ်ချင်တယ်လို့ ပြောမိလို့လဲ?

ယဲ့ချန်းကို သူ အန္တရာယ်ပြုဖို့ ကြိုးစားခဲ့မှန်းသာ လီခွင်းသိသွားပါက သူလည်း ဒုက္ခရောက်ရတော့မည်ဖြစ်ကြောင်း ချန်ပင်း ကောင်းကောင်းသိသည်။

ထို့ကြောင့် ခပ်မြန်မြန်ပြောလိုက်၏။

"ဟုတ်ပါတယ်။ မစ္စတာယဲ့က ရတနာကိုအကဲဖြတ်တဲ့နေရာမှာ အရမ်းထူးချွန်တာလေ။ ဒီတော့ ကျွန်တော်လည်း မစ္စတာယဲ့ဆီက သင်ယူမလားလို့"

လီခွင်းလည်း ခေါင်းညိတ်ပြလေသည်။

"ကောင်းသားပဲ။ ချန်ပင်း.. မစ္စတာယဲ့က ငါတို့ဘော့စ်ရဲ့ အရေးကြီးပါတနာတစ်ယောက်နော်။ မင်း ဘာလုပ်ရမလဲဆိုတာ သိတယ်မလား"

ချန်ပင်းခမျာ ဒေါသကြောင့် အံတင်းတင်းကြိတ်လိုက်မိသည်။

သူ ယဲ့ချန်းကို ရိုးတွင်းခြင်ဆီထဲအထိ မုန်းတီးပါသော်လည်း အပြစ်ပြုလို့လည်း မရပြန်ပေ။

…

ယဲ့ချန်းက ပိုက်ဆံနှစ်သန်းကိုသယ်၍ ထောင်ပေါင်မျှော်စင်ထဲမှ ထွက်လာချိန်ဝယ် ချန်ပင်းက လေးလေးစားစားလိုက်လံပို့ဆောင်ပေးခဲ့သည်။

ယဲ့ချန်းမှာ ထောင်ပေါင်မျှော်စင်ထဲမှ ထွက်လာခဲ့ပြီးနောက် ချက်ချင်းမပြန်သေးဘဲ ကားထဲတွင် ထိုင်နေခဲ့သည်။ မှောင်ရိပ်သမ်းလာချိန်ဝယ် ထောင်ပေါင်မျှော်စင်ထဲမှ ကားပေါင်းများစွာ မောင်းထွက်လာသည်။

လောင်းကစားနိုင်သွားသည့်အလား ယဲ့ချန်း ပြုံးလိုက်မိသည်။

ထိုကားများက တောင်တန်းနယ်မြေတစ်ခုဆီသို့ မောင်းသွားပြီးနောက် တောင်ကြားတစ်ခုတွင် ရပ်လိုက်ကြသည်။

ယဲ့ချန်းကတော့ ချုံပုတ်တစ်ခုနောက်တွင် ဝင်ပုန်း၍ ဤလူများ မြေတူးကိရိယာများကိုသယ်၍ တောင်အခေါင်းပေါက်ထဲသို့ ဝင်သွားတာကို ကြည့်နေလိုက်၏။

သေချာပေါက်ပင်။ ဤလူများမှာ ဂူဖောက်သူများပင်။

သူတို့က ဂူဖောက်သူများဖြစ်ကြောင်း အတည်ပြုပြီးနောက် ယဲ့ချန်းလည်း တိတ်တဆိတ်လှည့်ပြန်လာခဲ့သည်။

ညနက်လာချိန်ဝယ် မှောင်မည်းနေသောကောင်းကင်နှင့် လေထန်ထန်ကြား၌...

မနက်သုံးနာရီကျော်လေပြီ။ တစ်မြို့လုံးလည်း တိတ်ဆိတ််နေသည်။

Land Roverတစ်စီးက စွန့်ပစ်စက်ရုံတစ်လုံးဆီသို့ မောင်းလာသည်။ ထိုကားက ခြံဝင်းထဲတွင် ရပ်လိုက်ပြီးနောက် ကားထဲမှ လူတချို့ ထွက်လာခဲ့သည်။

"စတုတ္ထဆရာ.. ဒီတစ်ခေါက်တော့ ခင်ဗျားကိုယ်တိုင်ဦးဆောင်နေပါလား"

ချန်ပင်း အံတင်းတင်းကြိတ်လိုက်မိသည်။

"ဒီနေ့ အများကြီးဆုံးရှုံးထားရတာ။ အဲဒီလူယုတ်မာယဲ့ချန်းကြောင့် သန်းသုံးဆယ်တန်အရောင်းအဝယ်လည်း ပျက်သွားတယ်။ ငါ သူ့ကို သတ်ဖို့ အခွင့်ကောင်းတစ်ခုရှာမှာ"

"စိတ်မပူပါနဲ့ စတုတ္ထဆရာ... ဒီတစ်ခေါက် ကျွန်တော်တို့ အချီကြီးရမျာဗျ။ ဒီပစ္စည်းတွေကိုသာ အရောင်းအဝယ်လုပ်နိုင်ရင် အနည်းဆုံးတော့ သန်းတစ်ရာကျော်ပဲ"

ချန်ပင်း ခေါင်းညိတ်လိုက်လေသည်။

"ဒီအရောင်းအဝယ်ပြီးသွားတာနဲ့ ငါတို့တစ်သက်လုံး ဘာမှကြောက်နေစရာမလိုတော့ဘူး"

ထိုအချိန်မှာပင် ခပ်ဝေးဝေးဆီမှ မျက်စိကျိန်းဖွယ် အလင်းရောင်တစ်ခု ပေါ်ပေါက်လာသည်။

"သူတို့ရောက်လာပြီ"

လူတစ်ယောက်က စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။ တစ်စုံတစ်ယောက်က ဓာတ်မီးတစ်လက်ကို ထုတ်ယူ၍ ကောင်းကင်ပေါ်သို့ ဝှေ့ယမ်းလိုက်ချေသည်။

ထို့နောက် ပတ်ပတ်လည်ကား တစ်ဖန်တိတ်ဆိတ်သွားပြန်လေသည်။

ထိုကားက ခြံဝင်းထဲသို့ ဖြည်းဖြည်းချင်းဝင်လာခဲ့သည်။ ကားရပ်လိုက်သည်နှင့် ခပ်ပိန်ပိန်လူငယ်တစ်ယောက် ကားထဲမှ ဆင်းလာသည်။

ထို့နောက် အခြားလူများလည်း ကားထဲမှထွက်လာပြီး ကားနောက်ဖုံးကိုဖွင့်ကာ သေတ္တာကြီးတစ်လုံးကို ထုတ်လိုက်၏။

ချန်ပင်းမှာ စိတ်လှုပ်ရှားစွာဖြင့် ထိုသေတ္တာနားသို့ လျှောက်သွားပြီး ပြောလိုက်သည်။

"ငါ ဒီပစ္စည်းတွေကို အကြာကြီးစောင့်နေခဲ့ရတာ။ နောက်ဆုံးတော့ ငါ့လက်ထဲကိုရောက်လာပြီပဲ"

ခပ်ပိန်ပိန်လူငယ်ကလည်း ဆိုလာသည်။

"ဒီတစ်ခေါက် ကျွန်တော်တို့ ဟန်ဘုရင်ရဲ့သင်္ချိုင်းကို ဖောက်ခဲ့တာ။ အထဲမှာရှိတဲ့ပစ္စည်းတွေက သန်းပေါင်းများစွာ တန်ဖိုးရှိတယ်။ ဘော့စ်..ဒီတစ်ချီတော့ ကျွန်တော်တို့ချမ်းသာပြီ"

ချန်ပင်းကလည်း ခေါင်းညိတ်ပြလိုက်သည်။

"ဒါပေမဲ့ ဒီပစ္စည်းတွေကို တင်ပို့တဲ့နေရာမှာ သတိထားမှဖြစ်မယ်။ ရဲတွေသာ သတင်းရသွားရင် ငါတို့ခေါင်းဖြတ်ခံရမှာ"

"ကောင်းပြီ။ ပစ္စည်းတွေကို စစ်ဆေးလိုက်"

ချန်ပင်းက ထိုသို့ပြောပြီးနောက် သေတ္တာကိုဖွင့်ရန် တစ်စုံတစ်ယောက်အား အချက်ပြလိုက်သည်။

သေတ္တာထဲတွင် ကြွေထည်ပစ္စည်းများနှင့် ရှေးဟောင်းဓားတချို့ ရှိနေချေသည်။

ရှေးဟောင်းသုတေသနပညာရှင်တစ်ယောက်သာ ဤအရာများကို မြင်လိုက်ရပါက ဝမ်းသာပျော်ရွှင်သွားကြပေလိမ့်မည်။ အကြောင်းမှာ ဤရတနာများတွင် သုတေသနတန်ဖိုးများစွာ ရှိသောကြောင့်ပင်။

ကံဆိုးချင်တော့ ဤအဖိုးတန်ရတနာများမှာ ဂူဖောက်သူများ၏လက်ထဲသို့ ကျရောက်သွားခဲ့ရသည်။

ချန်ပင်းက ထိုကြွေထည်များကို ကောက်ယူ၍ ကြည့်ပြီးနောက် ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။

"ဒါက ပစ္စည်းကောင်းပဲ။ ဒါနဲ့ဆိုရင် သန်းပေါင်းများစွာရှာနိုင်လောက်တယ်"

"ဒီတစ်ခေါက် ကျွန်တော်တို့ ဟန်ဘုရင်ရဲ့သင်္ချိုင်းကို ဖောက်ခဲ့တာဆိုတော့ အကျိုးအမြတ်ကတော့ စို့စို့ပို့ပို့ရတာပဲပေါ့"

ခပ်ပိန်ပိန်လူငယ်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလာလေသည်။

ချန်ပင်းကလည်း စိတ်ကျေနပ်ဟန်ဖြင့် ခေါင်းတညိတ်ညိတ်လုပ်လျက် ပြောလိုက်၏။

"ပစ္စည်းတွေက အဆင်ပြေတယ်။ ဒါတွေကို ကားထဲထည့်လိုက်"

ဝန်ထမ်းတစ်ယောက်က ထိုသေတ္တာကို Land Roverထဲသို့ထည့်တော့မည့်ဆဲဆဲမှာပင်..

ပြင်းထန်လှသော မီးအလင်းရောင်များကြောင့် စွန့်ပစ်စက်ရုံတစ်ခုလုံး နေ့ခင်းဘက်အလား လင်းထိန်သွားလေသည်။

••••••••••••••••

All Chapters