← Chapters

အကြီးမြတ်ဆုံး​သော

Vol. 8 Ch. 119

အကြီးမြတ်ဆုံး​သော

Vol. 8 Ch. 119

ယဲ့ချန်းက ဂျက်တာကားဘေးတွင် ရပ်နေတာကို မြင်သောအခါ မာကျင်းချန်လည်း လှောင်ပြုံးပြုံးလိုက်မိသည်။

မာကျင်းချန်က ယဲ့ချန်းဘေးနားတွင် ကားထိုးရပ်လိုက်ပြီးနောက် သူ့ဘေးရှိ ဂျက်တာကားစုတ်ကို လှမ်းကြည့်လိုက်သည်။

ယဲ့ချန်းမှာ စီးပွားရေးအခြေအနေ သိပ်မကောင်းပုံပင်။ မဟုတ်ပါက သူက ဂျက်တာကားစုတ်ကို ဘာကြောင့်စီးနေမှာလဲ?

အမလေး.. ကြွားလုံးထုတ်ဖို့ မခက်တော့ဘူးပဲ။

"ယဲ့ချန်း မတွေ့ရတာကြာပြီနော်"

မာကျင်းချန်က အောင်နိုင်သူတစ်ယောက်၏ လေသံဖြင့် ပြောလိုက်၏။

"ကျင်းချန်.. မတွေ့ရတာကြာပြီ"

ယဲ့ချန်းက ပြုံးပြုံးလေး ခွန်းတုံ့ပြန်လိုက်၏။

မာကျင်းချန်က ယဲ့ချန်း၏အဝတ်အစားများကို အထက်အောက်စုန်ချည်ဆန်ချည်ကြည့်လိုက်ပြီးနောက် ပိုပြီးစိတ်ကျေနပ်သွားရသည်။

သူက သိန်းချီပေးရသော Hermesအဝတ်အစားကို ဝတ်ဆင်ထားခြင်းဖြစ်ပြီး ယဲ့ချန်း၏အဝတ်အစားများကတော့ ဘာဘရန်းမှမဟုတ်တာ သိသာလှ၏။ သူနှင့် အဆင့်ချင်းမတူပေ။

တကယ်တမ်းတွင် ဘာဘရန်းမှမဟုတ်ဘူးဟု သူထင်ထားသော ယဲ့ချန်း၏အဝတ်အစားများက Gucciဒီဇိုင်နာတစ်ယောက်က သူ့အတွက် သီးသန့်ဒီဇိုင်းဆွဲပေးထားခြင်းဖြစ်ကြောင်း မာကျင်းချန် မသိပေ။ ထိုဝတ်စုံမှာ သန်းပေါင်းများစွာ တန်ဖိုးရှိပြီး သူ့သာမန်ဝတ်စုံနှင့် ယှဉ်၍ပင်မရချေ။

မာကျင်းချန် အနည်းငယ်စိတ်ပျက်သွားသည်။

ယဲ့ချန်းကသာ စီးပွားရေးလောကတွင် အောင်မြင်သူတစ်ယောက်ဖြစ်နေပါက သူလည်း စိန်ခေါ်လိုစိတ်အနည်းငယ်ပေါ်လာဦးမည်ဖြစ်၏။

သို့သော် ယခုတော့ ယဲ့ချန်းက အလွန်သာမန်ဆန်လွန်းသောကြောင့် သူက အပြတ်အသတ်သာနေလေသည်။

ထိုသို့တွေးမိသောအခါ မာကျင်းချန်လည်း မပျော်ဘဲမနေနိုင်တော့ပေ။

သူ့ကားကို ပါကင်ထိုးပြီးနောက် မတွေ့ရတာကြာသည့် ငယ်ပေါင်းကြီးဖော်သူငယ်ချင်းများအလား ယဲ့ချန်းနှင့် ပျော်ပျော်ပါးပါးစကားပြောနေလိုက်သည်။

….

ခန်းမထဲတွင် အတန်းဖော်တချို့က ရောက်နှင့်နေပြီဖြစ်၏။

ဟယ်ကျား၊ ထျန်းလိလိနှင့် ဖုန်းထောင်တို့လည်း အကုန်ရောက်နေချေသည်။ မာကျင်းချန်ကို မြင်သော ဖုန်းထောင်က ပြောလာသည်။

"ဝိုး.. ကျင်းချန် မင်းရဲ့Hermesဝတ်စုံက တော်တော်ဈေးကြီးမှာပဲနော်"

"အိုး..မဟုတ်ပါဘူး။ နှစ်သောင်းကျော်တည်းပါ"

"အမလေး.. နှစ်သောင်းကျော်တောင်မှ.. ငါ့လစာတစ်နှစ်စာလောက်ရှိတယ်"

အတန်းဖော်တစ်ယောက်က မအံ့ဩဘဲ မနေနိုင်တော့ပေ။

"မင်း ခုနတုန်းက ပေါ်ရှေးကားကို မောင်းလာတာ ငါမြင်လိုက်ပါတယ်။ အရမ်းကြည့်ကောင်းတယ်နော်"

ထျန်းလိလိကလည်း ပြုံးပြုံးလေးဆိုလာလေသည်။

သူ့အတန်းဖော်များထံမှ ချီးကျူးစကားများကို နားထောင်ရင် မာကျင်းချန်လည်း အလွန်ပျော်သွားရသည်။ သို့သော် ရယ်ကာမောကာဖြင့် ပြောလိုက်သည်။

"ဘာမှမပြောပလောက်ပါဘူး။ ဒီအတိုင်းသွားရေးလာရေးအဆင်ပြေရုံပါ"

သူ့စိတ်ထဲမှာတော့ ဝမ်းသာပျော်ရွှင်နေသော်ငြား မျက်နှာထက်တွင်မူ နှိမ့်ချလေဟန်အမူအရာကိုသာ ဆင်မြန်းထားသည်။

ကြွားဝါခြင်း၏ အထိရောက်ဆုံးနည်းလမ်းမှာ မသိသာအောင်လုပ်ခြင်းဖြစ်၏။

"ကျင်းချန်.. မင်း ဒီလောက်အောင်မြင်နေတာ ဘယ်လိုကုမ္ပဏီအကြီးစားကြီးမှာ လုပ်နေလို့လဲ"

"ဟားဟား ဘယ်ကုမ္ပဏီကြီးလဲဆိုတော့.. ငါကRickလုပ်ငန်းစုရဲ့ဒါရိုက်တာလေ။ ကုမ္ပဏီသေးသေးလေးပါ"

"Rickလုပ်ငန်းစုလား။ အမလေး.. အဲဒါက မိုတုမြို့မှာ နာမည်ကြီးကုမ္ပဏီလေ။ ဈေးကွက်တန်ဖိုးသန်းနှစ်ဆယ်ရှိတယ်။ ဘယ်လိုလုပ်ပြီး ကုမ္ပဏီသေးသေးလေးဖြစ်ရမှာလဲ"

ထျန်းလိလိမှာ မအံ့ဩဘဲ မနေနိုင်ချေ။

"ငါလည်း ကြားဖူးတယ်။ Rickလုပ်ငန်းစုက ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းလောကမှာ တတိယအဆင့်တဲ့။ မင်းက အဲဒီလုပ်ငန်းစုရဲ့ ဒါရိုက်တာဆိုတော့ ဒီလောက်အောင်မြင်နေတာ မဆန်းပါဘူး"

ဖုန်းထောင်ကလည်း မြှောက်ပင့်လာချေသည်။

ထိုနှစ်ယောက်၏ အတိုင်အဖောက်ညီသော မြှောက်ပင့်မှုကြောင့် မာကျင်းချန်၏စိတ်ထဲတွင် အလွန်ကျေနပ်နေချေသည်။

ငါ့ကိုလာမြှောက်ပင့်ပေးကြ.. မရပ်နဲ့နော်...

မာကျင်းချန်က လက်ခါယမ်းပြ၍ ပြောလိုက်သည်။

"ကဲပါ.. ငါတို့ရဲ့ကျောင်းသားဟောင်းတွေ့ဆုံပွဲမှာ အဆင့်အတန်းတွေက အရေးမကြီးပါဘူး။ ခံစားချက်တွေကမှ အဓိကလေ။ ပျော်ပါးဖို့ကတော့ အရေးအကြီးဆုံးပေါ့"

သူ ထိုအကြောင်းကို နည်းနည်းပြောလေလေ သူ့အတန်းဖော်များလည်း ပိုသိချင်လာလေလေဖြစ်ကြောင်း သူသိသည်။ ဤနည်းဖြင့် သူ့ကြွားဝါခြင်းက ပိုထင်ပေါ်မည်ဖြစ်၏။

ကိုယ်ကတော့ မကြွားဝါချင်သော်ငြား အခြားလူများက ကြွားလုံးထုတ်ဖို့ တွန်းအားပေးလာခြင်းမှာ ဟိတ်ဟန်ထုတ်ခြင်း၏ အကောင်းဆုံးအကျိုးသက်ရောက်မှုပင်။

မာကျင်းချန်ကတော့ သူ့အတန်းဖော်များထံမှ လေးစားအားကျနေသောအကြည့်များကို ပျော်မွေ့ပြီး ဝမ်းသာပျော်ရွှင်နေသည်။

အဆုံးမှာတော့ အထက်တန်းကျောင်းတုန်းက သူပျောက်ဆုံးခဲ့သော ကြီးမြတ်မှုကို ပြန်ရလိုက်သလို ခံစားရသည်။

ဤပုရွက်ဆိတ်လေးများရှေ့တွင် ယခုလိုကြီးမြတ်မှုမျိုးမှာ ထိုက်တန်ပေသည်။

မာကျင်းချန်က တစ်ချိန်လုံးကြွားလုံးထုတ်နေကြောင်း ယဲ့ချန်း သတိထားမိသဖြင့် ပြုံးရုံသာပြုံးပြီး ဘာမှဝင်မပြောချေ။

ကြွားဝါတဲ့ကိစ္စနဲ့ပတ်သက်လာရင် ငါ့ရှေ့မှာ မင်းက မူလတန်းကျောင်းသားအဆင့်ပဲ ရှိပါသေးတယ်..

မာကျင်းချန်မှာ ကျောင်းသားဟောင်းတွေ့ဆုံပွဲ၏ ခေါင်းဆောင်ကြီး ဖြစ်သွားပြီး အတန်းဖော်များကို စားရေးသောက်ရေးနှင့် ပျော်ရေးပါးရေးတွင် ဦးဆောင်နေချေသည်။ု

အတန်းဖော်များကလည်း အပြတ်ကဲနေကြလေတော့သည်။

…

ထိုအခိုက်ဝယ် Mercedes-Benzတစ်စီးက ယွီလုံတောင်တန်းဗီလာ၏ ကားပါကင်ထဲတွင် ထိုးရပ်လိုက်သည်။

ဝတ်စုံပြည့်ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ကားထဲမှ ထွက်လာခဲ့သည်။

Cullinanကားကိုမြင်သော် သူ့မျက်လုံးများ ဝင်းပသွားလေသည်။

"ငါ ဒီကားကို တစ်နေရာရာမှာ မြင်ဖူးပါတယ်"

သူ့ဘေးရှိ အတွင်းရေးမှူးကလည်း ပြောလိုက်သည်။

"ဒီကားကို စီးပွားရေးစင်တာရဲ့ပိုင်ရှင် ယဲ့ချန်း ပိုင်တာပါ"

"ယဲ့ချန်း သူလည်း ဒီကိုရောက်နေတာလား"

ဝူဖန့်ဟုခေါ်သော သက်လတ်ပိုင်းအရွယ် အမျိုးသားကြီးမှာ Rickလုပ်ငန်းစု၏ ဥက္ကဋ္ဌဖြစ်၏။

သိပ်မကြာခင်တုန်းက ယဲ့ချန်း၏နာမည်မှာ သူ့နားထဲတွင် အကြိမ်ကြိမ်ကြားနေခဲ့သည်။ စီးပွားရေးသမားများ၏ စုဝေးပွဲများတွင်လည်း မကြာခဏကြားနေရသည်။

ထို့ပြင် ယဲ့ချန်းက စီးပွားရေးစင်တာကို ဝယ်ယူပြီးနောက် မိုတုမြို့၏ စီးပွားရေးလမ်းမ၏ပိုင်ရှင်လည်း ဖြစ်ကြောင်း သူသိထားသည်။ ထို့ပြင် ရီတာ့လုပ်ငန်းစု၏ ပင်မရှယ်ယာရှင်တစ်ယောက်ဆိုလည်း မမှားပေ။

နောက်ခံတစ်ခုချင်းစီက ဝူဖန့်ကို လုံးဝအတိအံ့ဩသွားစေခဲ့သည်။ ထို့ကြောင့် ဝူဖန့်လည်း ယဲ့ချန်းနှင့် မိတ်ဆွေဖွဲ့ဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။

ယခုမူ အခွင့်အရေးပေါ်လာပြီဖြစ်ရာ ဝူဖန့်လည်း ထိုအခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ပေ။

သူ့အတွင်းရေးမှူးကို ပြောလိုက်၏။

"ဗီလာတစ်ဝိုက် လျှောက်ပတ်ကြည့်လိုက်။ မစ္စတာယဲ့ချန်းကို လိုက်ရှာချေ"

"ဟုတ်ကဲ့"

အတွင်းရေးမှူးကလည်း ခေါင်းညိတ်ပြပြီးနောက် ထွက်ခွာသွားလေတော့သည်။

ယဲ့ချန်းနှင့် သူ့အတန်းဖော်များကတော့ တစ်မနက်လုံးပျော်ပါးပြီးနောက် စားသောက်ရမည့်အချိန်ကို ရောက်လာလေသည်။

နေ့လယ်စာမီနူးထဲတွင် စားကောင်းသောက်ဖွယ်မျိုးစုံ၊ ဟင်းသီးဟင်းရွက်များ၊ လတ်လတ်ဆတ်ဆတ်ငါးများနှင့်အတူ စားသောက်ပွဲက အလွန်ခမ်းနားလှသည်။

မာကျင်းချန်က အလွန်ရက်ရောပြနေသည်။

"အားလုံးပဲ..စိတ်ကြိုက်သာစားကြ။ အားနာမနေနဲ့"

"ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌမာ"

အတန်းဖော်များမှာ ပျော်ပျော်ပါးပါးစားသောက်ရင်း မာကျင်းချန်ကို ပို၍ပင်အထင်ကြီးသွားကြသည်။

"ဥက္ကဋ္ဌမာ.. ဒီငါးက ယွီလုံတောင်တန်းဗီလာရဲ့ အထူးဟင်းလျာတဲ့။ တစ်ပွဲကို ထောင်ဂဏန်းနဲ့ချီပြီးပေးရတယ်ဆိုပဲ"

မာကျင်းချန် ခပ်ဖွဖွပြုံးလိုက်မိသည်။

"တစ်ထောင်ကျော်လောက်ပါပဲ။ သိပ်မပြောပလောက်ပါဘူး။ ငါက ပုံမှန်ဆိုရင် တစ်နပ်စာကို တစ်သိန်းကျော်လောက်သုံးတာ"

လူတိုင်း၏ အံ့ဩမှင်တက်သံများအကြား မာကျင်းချန်မှာ မသိမသာကပ်ကြွားလိုက်ပြန်သည်။

ယဲ့ချန်းကတော့ ဟယ်ကျားနှင့်သာ တစ်ချိန်လုံး စကားတပြောပြောဖြင့် ရယ်မောနေချေသည်။ မာကျင်းချန်ကတော့ အလွန်မကျေမနပ်ဖြစ်မိသည်။

ဟယ်ကျားက အတန်းထဲရှိ အလှပဂေးလေးဖြစ်၏။ ယခု သူသည် အတန်းထဲတွင် အအောင်မြင်ဆုံးလူဖြစ်နေလေပြီ။ ဟယ်ကျားက သူ့ဘေးနားတွင် ရှိနေသင့်သည်မဟုတ်ပါလား။

အတန်းထဲက အလှပဂေးလေးက အရှုံးသမားတစ်ယောက်နဲ့ ဘာလို့တတွဲတွဲလုပ်နေရတာလဲ?

မာကျင်းချန်မှာ မျက်ဆန်လည်လိုက်မိပြီးနောက် အစီအစဉ်တစ်ခုချလိုက်လေသည်။

"ယဲ့ချန်း.. မင်း အခု ဘယ်မှာအလုပ်လုပ်နေတာလဲ"

အခြားအတန်းဖော်များမှာ ယဲ့ချန်းကိုကြည့်ပြီး ချက်ချင်းတိတ်ဆိတ်ကုန်ကြသည်။ စကားများသော ဖုန်းထောင်နှင့် ထျန်းလိလိတို့ပင် ဘာမှမပြောကြတော့ချေ။

ပြီးခဲ့သည့်တစ်ခေါက်တုန်းက ယဲ့ချန်းရှေ့တွင် သူတို့ ကြွားလုံးထုတ်ဖို့ ကြိုးစားခဲ့သော်ငြား အရှက်ကွဲခဲ့ရသည်။ ထို့ကြောင့် ဤတစ်ခေါက်တွင်မူ သူတို့ ပါးနပ်သွားကြပြီဖြစ်၏။

ယဲ့ချန်းက စားစရာကို တစ်လုတ်ကိုက်လိုက်ပြီးနောက် ပေါ့ပေါ့ပါးပါးသာ ပြောလိုက်၏။

"ငါလား? တက္ကစီမောင်းနေတာလေ"

"တက္ကစီမောင်းနေတာလား"

မာကျင်းချန်က ချဲ့ကားထားသောလေသံဖြင့် တမင်လုပ်ပြောလိုက်သည်။

"ယဲ့ချန်း မင်း ငါ့ကိုနောက်နေတာတော့ မဟုတ်ဘူးမလား။ မင်းက ဘယ်လိုလုပ်ပြီး တက္ကစီမောင်းနေရတာလဲ"

ယဲ့ချန်းလည်း တည်တည်ငြိမ်ငြိမ်သာ ပြောလိုက်၏။

"တက္ကစီမောင်းတာက ဘာဖြစ်နေလို့လဲ။ ငါကတော့ ကောင်းတယ်လို့ထင်တာပဲ"

မာကျင်းချန်မှာ တမင်တကာသက်ပြင်းချလိုက်လေသည်။

"ယဲ့ချန်း အမှန်အတိုင်းပြောရရင် ငါတို့က အတန်းဖော်ဟောင်းတွေပဲ။ တကယ်လို့ မင်းခက်ခဲနေတယ်ဆိုရင် ငါ့ကိုပြောပါလား။ မင်းက မျက်နှာမပျက်ဖို့လောက်ပဲ ဂရုစိုက်နေတာကိုး"

ယဲ့ချန်းခမျာ ဆွံ့အသွားရလေသည်။ တက္ကစီဒရိုင်ဘာများက ဘယ်လိုလုပ်ပြီးတော့များ ခက်ခဲနိုင်ရမှာလဲ?

မာကျင်းချန်းကတော့ စိတ်ထဲတွင် အပျော်ကြီးပျော်နေလေသည်။

ဤသည်မှာ ယဲ့ချန်းကို နင်းခြေနိုင်မည့် အကောင်းဆုံးအခွင့်အရေးပင်။

ကြွားဝါရတာကို သဘောကျကြသော ဖုန်းထောင်နှင့် အခြားလူများမှာ ခေါင်းငိုက်စိုက်ချထားကြကြောင်း သူ သတိမထားမိခဲ့ပေ။

အထူးသဖြင့် ဖုန်းထောင်ပင်။

ယခင်တုန်းက သူသည် ယဲ့ချန်းရှေ့တွင် ဝင့်ကြွားရန် ကြိုးစားခဲ့ဖူးသော်ငြား အမှန်တရားက ကြမ်းတမ်းလွန်းလှသည်။

မာကျင်းချန်လည်း သူ့လိုအဖြစ်မျိုးနှင့် ကြုံရတော့မည်ဟု ခံစားမိသည်။

မင်း ဘယ်သူ့ကိုမှရွေးပြီး ကြွားလိုက်ရတာလဲကွ..

ယဲ့ချန်းကိုမှရွေးပြီး ကြွားရသလား?

သူက ငါတို့အတန်းထဲက အကြီးမြတ်ဆုံးသူနော်?

ဘာမှမသိရှာသော မာကျင်းချန်ကတော့ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလာလေသည်။

"ယဲ့ချန်း.. မင်းက ငါတို့အတန်းထဲက ထိပ်တန်းကျောင်းသားလေ။ ဘယ်လိုလုပ်ပြီး အခုလိုအဖြစ်မျိုးကို ရောက်သွားရတာလဲ။ မင်းမှာ အစွမ်းအစမရှိတာတော့ မဟုတ်ပါဘူး။ အခွင့်အရေးလေး လိုအပ်နေရုံပဲ။ စိတ်မပူပါနဲ့။ ငါတို့က အတန်းဖော်ဟောင်းတွေဆိုတော့ ငါ မင်းကို ကူညီပေးမှာပါ"

••••••••••••••••••••••

All Chapters