မိကျောင်းမင်းကို ရေခင်းပြခြင်း
Vol. 8 Ch. 120
လှောင်ပြောင်ထေ့ငေါ့လေဟန် အပြုံးတစ်ခုဖြင့် မာကျင်းချန်က ပြောလိုက်သည်။
"ယဲ့ချန်း ငါက အခု Rickကုမ္ပဏီကို ဝင်ခါစပဲရှိသေးပေမဲ့ တတိယအာဏာအရှိဆုံး ဒါရိုက်တာတစ်ယောက်ဖြစ်နေပြီ။ လူတစ်ယောက်ကို အလုပ်သွင်းပေးတာလောက်ကတော့ ပြဿနာမဟုတ်ပါဘူး"
သူက ထိုသို့ပြောရင်း ယဲ့ချန်းကို ကြည့်လိုက်၏။
ယဲ့ချန်း၏မျက်နှာထက်တွင် အံ့သြသွားဟန်အမူအရာ သို့မဟုတ် မြှောက်ပင့်ခယလိုယန်အမူအရာတစ်ခုကို မြင်ရဖို့ မျှော်လင့်ထားသည်။
သို့သော် ယဲ့ချန်းက ရေသေလို တည်ငြိမ်နေသဖြင့် မာကျင်းချန် စိတ်ပျက်သွားရသည်။
တစ်ဖက်တွင်မူ ဖုန်းထောင်နှင့် အခြားလူများမှာ အံ့အားသင့်သွားလေသည်။
"ကျင်းချန်.. မင်းက အရမ်းတော်တာပဲ။ အခုဆိုရင် ဒီလောက်တောင် အထင်ကြီးဖို့ကောင်းနေပြီပေါ့"
"မင်း ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်အောင်မြင်လိမ့်မယ်လို့ ငါ ထင်မထားဘူး။ အရမ်းမိုက်တာပဲ"
"လေးစားတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ Rickလုပ်ငန်းစုမှာ တတိယအာဏာအရှိဆုံးလူဖြစ်လာတယ်ဆိုတာ တကယ်အထင်ကြီးချင်စရာပဲ"
အတန်းဖော်များက မာကျင်းချန်ကို လေးစားအားကျမှုများ ပြည့်နှက်နေသောမျက်လုံးများဖြင့် ငေးကြည့်နေကြသည်။
မာကျင်းချန်ကလည်း ကျေနပ်အားရသော အပြုံးတစ်ပွင့်ကို ဆင်မြန်းထားသည်။ ယဲ့ချန်း၏သဘောထားကိုသာ သူ မကျေမနပ်ဖြစ်မိသည်။
သေစမ်း.. မင်းက တက္ကစီမောင်းတဲ့အဆင့်နဲ့များ ငါ့ရှေ့မှာ လာဟန်ဆောင်ပြနေတာလား?
ထျန်းလိလိကလည်း ဘေးနားမှ ဝင်ပြောလာသည်။
"ကျင်းချန်.. နင့်ရဲ့နှစ်စဉ်လစာက တစ်သန်းကျော်လောက်ဖြစ်မယ်နော်"
မာကျင်းချန် ခေါင်းညိတ်ပြလိုက်လေသည်။
"တစ်သန်းဆိုတာ အခြေခံလစာပဲ ရှိသေးတယ်။ ဘောနပ်စ်ပါပေါင်းလိုက်ရင် နှစ်သန်းနီးနီးရှိတယ်"
"ဝိုး မိုက်လိုက်တာ"
"မိုက်တယ်နော်။ တကယ့်သူဌေးပဲ"
လူအုပ်ကြီးမှာ တစ်ဖန်အံ့အားသင့်ကုန်ကြပြန်သည်။
မာကျင်းချန်၏ ဝင့်ဝါမှုမှာ စိတ်ကျေနပ်ဖွယ်ကောင်းပြီး စိတ်ထဲမှာတော့ အလွန်ပျော်နေပေသည်။
"ဟေး တကယ်တော့ ငါတို့အတန်းထဲမှာ စာအတော်ဆုံးလူက ယဲ့ချန်းလေ။ ဒါပေမဲ့ ဘာဖြစ်သွားတယ်မသိဘူး။ ယဲ့ချန်းက နောက်ဆုံးကျတော့ တက္ကစီမောင်းနေရတယ်တဲ့။ အစတုန်းကတော့ ငါလည်း ထုတ်မပြောချင်ပါဘူး။ သူ့မာနကို ထိခိုက်သွားမှာစိုးလို့လေ။ ဒါပေမဲ့ ငါ့အတန်းဖော်က တက္ကစီမောင်းနေရတာကို ဘယ်လိုလုပ်ကြည့်ရက်မှာလဲ။ ယဲ့ချန်း.. ဒီလိုလုပ်ရင်ရော.. ငါ မင်းအတွက် လစာနှစ်သောင်းရမဲ့ အလုပ်တစ်ခုကို စီစဉ်ပေးမယ်လေ"
ထိုသို့ပြောပြီးနောက် မာကျင်းချန် ဆက်ပြောလိုက်ပြန်သည်။
"ယဲ့ချန်း စိတ်ချ..ကုမ္ပဏီမှာ ငါ့နောက်ခံရှိနေလို့ကတော့ မင်းဘာသာ အလုပ်လုပ်တာ မတော်ရင်တောင် အဆင်ပြေပါတယ်။ ဖြည်းဖြည်းချင်းသွားပေါ့။ ငါ့နောက်ကလိုက်ခဲ့။ သေချာပေါက်ပြဿနာမရှိဘူး"
မာကျင်းချန်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။ သို့သော် စိတ်ထဲမှာတော့ တခြားအတွေးကို တွေးနေသည်။
ယဲ့ချန်းကသာ သူ့လက်အောက်ငယ်သားဖြစ်လာခဲ့ပါက ယဲ့ချန်းကို သူ့စိတ်ကြိုက် အမိန့်ပေးနိုင်ပြီဖြစ်၏။
တစ်ချိန်တုန်းက အနိုင်ယူရခက်သော ပြိုင်ဘက်ကို သူ့ခြေဖျားအောက်တွင် ဖိနင်းလိုက်နိုင်ပြီဟု တွေးမိသောအခါ မာကျင်းချန် ပို၍စိတ်လှုပ်ရှားသွားရသည်။
ယဲ့ချန်းကသာ သဘောတူလိုက်ပါက ချက်ချင်းလက်ဖက်ရည်ငှဲ့ပေးခိုင်းပြီး ရေခပ်ခိုင်းမည်ဟု သူ တွေးထားသည်။ သို့မှ အတန်းဖော်များရှေ့တွင် အရှက်ကွဲမည်သာ။
အကယ်၍များ သူ့ဘက်က မျက်နှာမပျက်ရအောင် ငြင်းဆန်လာခဲ့လျှင်လည်း ပြဿနာမရှိပေ။ "ငါက မင်းကို ကူညီဖို့ကြိုးစားခဲ့ပေမဲ့ မင်းဘက်က သဘောမတူခဲ့တာနော်"ဟူသော လေသံဖြင့် ယဲ့ချန်းကို ပညာပြနိုင်သေးသည်။
တစ်နည်းဆိုရသော် ယဲ့ချန်းဘက်က ဘာကိုရွေးရွေး သူကတော့ ယဲ့ချန်းကို သူ့ခြေထောက်အောက်တွင် ဖိနင်းထားနိုင်သည်။
နှစ်ပေါင်းများစွာကြာအောင် ယဲ့ချန်းက သူ့အိပ်မက်ဆိုးတစ်ခု ဖြစ်ခဲ့ရသည်။ ယနေ့မှစပြီး ယဲ့ချန်းက သူ့ခြေဖျားအောက်တွင် ပြားပြားဝပ်နေရပေတော့မည်။
ထိုအချိန်တွင် မာကျင်းချန်မှာ သူ့ဘဝ၏အထွတ်အထိပ်ကို တက်လှမ်းလိုက်နိုင်သလို ခံစားမိသည်။
ထိုစကားကိုကြားသော် ယဲ့ချန်း တည်တည်ငြိမ်ငြိမ်ဖြင့် ခွန်းတုံ့ပြန်လိုက်သည်။
"မင်းရဲ့ရည်ရွယ်ချက်ကောင်းကိုတော့ ငါ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ တက္ကစီမောင်းရတာလည်း အဆင်ပြေပါတယ်။ ကျေးဇူးပဲ"
မာကျင်းချန် အံ့အားသင့်သွားလေသည်။
အခြေအနေဆိုးဝါးနေသော ယဲ့ချန်းက မျက်နှာမပျက်အောင် ထိန်းသိမ်းနေလိမ့်ဦးမည်ဟု သူ ထင်မထားပေ။
သေစမ်း.. မင်းက တက္ကစီမောင်းနေတာတောင် ငါ့ရှေ့မှာ ကြီးကျယ်ပြနေသေးတာလား?
မာကျင်းချန်မှာ ကြွားလုံးထုတ်ဖို့ ရည်ရွယ်ထားသော်လည်း အကယ်၍ ယဲ့ချန်းဘက်က တက္ကစီမောင်းရတာကို သဘောကျနေပါက သူ့အနေနှင့်လည်း ဖိအားပေး၍ မရနိုင်ပေ။
ဤသည်မှာ ဟိတ်ဟန်ထုတ်ခြင်းနှင့်ပတ်သက်ပြီး အကျိုးသက်ရောက်မှု မကောင်းစေပေ။ သူ့အား အလျင်စလိုနိုင်နေသလို ပုံပေါက်စေသည်။
မာကျင်းချန်လည်း ဒုတိယအစီအစဉ်ကို ပြင်ဆင်ရတော့သည်။
ထို့ကြောင့် သူ အမှုမထားဟန်ဖြင့် ပြောလိုက်၏။
"ယဲ့ချန်း.. လူတွေက မြင့်မြင့်ကြံတယ်။ ငှက်တွေက မြင့်မြင့်ပျံတယ်တဲ့။ အပြိုင်အဆိုင်ပေါတဲ့ လူ့အဖွဲ့အစည်းကြီးထဲမှာ မင်း တက္ကစီဆက်မောင်းနေမယ်ဆိုရင် သူများတွေက ကျော်တက်သွားလိမ့်မယ်။ မင်းလည်း ငါ့လို ဖြစ်လာသင့်တယ်နော်။ ဇိမ်ခံကားကိုစီးပြီး အတွင်းရေးမှူးတစ်ယောက် ပိုင်ဆိုင်ရမှာ။ ဒါကမှ ဘဝရဲ့အထွတ်အထိပ်ပဲ။ မင်းက ငါ့အဆင့်ကို မရောက်နိုင်လောက်ဘူးဆိုပေမဲ့ ကြိုးစားမယ်ဆိုရင် အနည်းဆုံးတော့ သာမန်လူတွေထက် ပိုသာတဲ့ဘဝကို ပိုင်ဆိုင်နိုင်မယ်ဆိုတာ ငါယုံကြည်တယ်။ အနည်းဆုံးတော့ မင်းရဲ့ဂျက်တာကားစုတ်ကြီးကို လဲနိုင်တာပေါ့"
ဂျက်တာ?
လူအုပ်ကြီးကား နားမလည်နိုင်ဖြစ်သွားရသည်။
ယဲ့ချန်းက Cullinanကားကို စီးလာကြောင်း ဖုန်းထောင် မြင်ထားပြီးလေပြီ။
မာကျင်းချန်ကတော့ စကားပြောရင်း တက်ကြွနေလေရာ ရဲရဲတင်းတင်း ဟိတ်ဟန်ထုတ်နေလေတော့သည်။
သူက အင်္ကျီလက်အနားစကို မြှောက်လိုက်ပြီးနောက် လက်ကောက်ဝတ်ထက်ရှိ ရိုးလက်စ်နာရီတစ်လုံးကို လှစ်ဟပြလိုက်သည်။
"ယောက်ျားဆိုတာ မြင့်မြင့်ကြံရတယ်ကွ။ အဲဒါမှ ဇိမ်ခံကားတွေ၊ အလှလေးတွေနဲ့ စံအိမ်တွေက အလျှံပယ်ဖြစ်နေမှာ။ ယဲ့ချန်း..မာနဆိုတာ ဒီနေ့ခေတ် လူ့အသိုင်းအဝိုင်းထဲမှာ တန်ဖိုးမရှိတော့ဘူး။ မင်းရဲ့မာနကြောင့်တော့ ငါ့ရဲ့ကမ်းလှမ်းမှုကို မငြင်းသင့်ဘူး။ ဒါက မင်းအတွက် တစ်သက်မှာ တစ်ခါပဲရတဲ့ အခွင့်အရေးတစ်ခုနော်"
ထိုအခိုက်ဝယ် ထျန်းလိလိ၊ ဖုန်းထောင်နှင့် ဟယ်ကျားတို့မှာ ဆွံ့အကုန်ကြသည်။
ဇိမ်ခံကား၊ အလှပဂလေးများ၊ စံအိမ်တော်များတဲ့။
ယဲ့ချန်းမှာ ထိုအရာများကို ချို့တဲ့မနေပေ။
ပြီးခဲ့သည့်တစ်ခေါက်တုန်းက ယဲ့ချန်းသည် ဟိုတယ်မှာ သူ ဘယ်လောက်အထင်ကြီးဖို့ကောင်းကြောင်း ပြသခဲ့သည်။
ဟွားနိုင်ငံထဲရှိ ထိပ်တန်းအဆင့်သုံးဟိုတယ်တစ်ခုတွင် ရှယ်ယာဝင်နိုင်ခြင်းမှာ အထင်ကြီးဖို့ကောင်းလွန်းလှသည်မဟုတ်လား။
နှစ်သိန်းတန်ညစာကို စားနိုင်နေသည့် သူက ပိုက်ဆံပြတ်လပ်နေမှာတဲ့လား?
ထန်းလိလိခမျာ မနေနိုင်တော့ဘဲ ဝင်ပြောမိလေသည်။
"ကျင်းချန်.. တကယ်တော့ ယဲ့ချန်းက တော်တော်အဆင်ပြေတာ"
သို့သော် မာကျင်းချန်ကတော့ သူ့လုပ်ရပ်တွင် အလွန်စိတ်နှစ်နေမိသောကြောင့် ပတ်ပတ်လည်ရှိ စူးစမ်းလိုဟန်အကြည့်များကို သူ့အား လေးစားကြည်ညိုနေသည်ဟု သတ်မှတ်လိုက်သည်။
"အမှန်အတိုင်ပြောရရင်လေ ယဲ့ချန်း.. ငါ့အတန်းဖော်တစ်ယောက်ကသာ တက္ကစီဒရိုင်ဘာတစ်ယောက်ဆိုရင် နည်းနည်းတော့ရှက်မိမှာ"
ထိုအချိန်တွင် လူတချို့က သူတို့ဆီသို့ ဦးတည်လာသည်။ မာကျင်းချန်၏အမူအရာကား ရုတ်တရက်ပြောင်းလဲသွားပြီး အလျင်အမြန်မတ်တတ်ထရပ်လိုက်၏။
"ငါတို့ဥက္ကဋ္ဌက ဒီကို ဘာလို့ရောက်လာတာလဲ"
ထိုသို့ပြောပြီးနောက် သူတို့ကိုနှုတ်ဆက်ရန်အတွက် အပြေးသွားလိုက်သည်။
ဥက္ကဋ္ဌရှေ့တွင်မူ အစောတုန်းက သူ့ထောင်လွှားမှုများက ပျောက်ကွယ်သွားသည်။ ယခုလက်ရှိတွင် သူသည် မျက်နှာငယ်လေးဖြင့် နာခံတတ်သော ခွေးတစ်ကောင်အလား ဖြစ်နေချေသည်။
"ဥက္ကဋ္ဌဝူ? ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"
မာကျင်းချန်က ဦးညွှတ်ပြီးနောက် မျက်နှာထက်တွင် ခယလိုလေဟန် အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။
ဝူဖန့်ကလည်း မာကျင်းချန်ကို သတိထားမိလိုက်သဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ရှောင်မာ.. မင်းလည်း ဒီကိုရောက်နေတာပဲ။ ငါ ပရောဂျက်တစ်ခု စုံစမ်းစစ်ဆေးစရာလေးတစ်ခုရှိလို့ ဒီကိုလာခဲ့တာ"
"ဥက္ကဋ္ဌဝူ.. ခင်ဗျားက တကယ်ကြိုးစားလွန်းနေတာပဲ။ ဒီလိုကိစ္စသေးသေးလေးတွေကတော့ ကျွန်တော်တို့ကိုသာ တာဝန်ပေးလိုက်စမ်းပါ။ ခင်ဗျားကိုယ်တိုင် ဒုက္ခခံစရာမလိုပါဘူး"
"ဟားဟား.. အဓိကကတော့ နည်းနည်းလောက်အနားယူချင်လို့ပါ။ ပြီးတော့ ငါတွေ့ချင်နေတဲ့ဧည့်သည်တစ်ယောက်ကိုလည်း ဒီနေရာမှာ တွေ့လိုက်ရလို့လေ"
"ဟုတ်ကဲ့ပါ ဥက္ကဋ္ဌဝူ.. လိုအပ်တာတစ်ခုခုရှိရင် ကျွန်တော့်ကိုသာ ပြောပါ"
ထိုသို့ပြောပြီးနောက် မာကျင်းချန်မှာ ကိုယ့်ထိုင်ခုံဆီသို့ ပြန်သွားပြီး ဆက်ကြွားနေလိုက်သည်။
"မြင်လား? ဒါက ငါတို့ရဲ့ဥက္ကဋ္ဌဝူလေ..ပိုင်ဆိုင်မှုက ဘီလျံပေါင်းများစွာရှိတယ်။ မိုတုမြို့ထဲက ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်..။ သူပြောလိုက်တဲ့ပရောဂျက်က တန်ဖိုးဘယ်လောက်လဲဆိုတာ သိလား။ ဘီလျံပေါင်းများစွာတန်တယ်"
ထိုအခိုက် ဝူဖန့်က လူအုပ်ကြားထဲတွင်ထိုင်နေသော ယဲ့ချန်းကို မြင်သွားသည်။
"ဥက္ကဋ္ဌယဲ့.. ခင်ဗျားက ဒီမှာကိုး။ ကျွန်တော် ခင်ဗျားကို လိုက်ရှာနေတာ"
ဝူဖန့်က ယဲ့ချန်းအနားသို့ အပြေးသွားလိုက်ပြီးနောက် တလေးတစားပြောလိုက်လေသည်။
ဥက္ကဋ္ဌရောက်လာတာကို မြင်သောအခါ မာကျင်းချန်လည်း ချက်ချင်းမတ်တတ်ထရပ်လိုက်၏။ ယဲ့ချန်းကို သူ့ဥက္ကဋ္ဌက တလေးတစားဆက်ဆံနေတာကို မြင်လိုက်ရချိန်မှာတော့ နားမလည်နိုင်ဖြစ်သွားရသည်။
ဘာတွေဖြစ်နေတာလဲ?
ယဲ့ချန်းလည်း အတန်ငယ်ရင်းနှီးနေဟန်ရှိသော ဝူဖန့်ကိုကြည့်ပြီး ပြုံးလိုက်၏။
"ခင်ဗျားက ဘယ်သူလဲမသိဘူး"
"ကျွန်တော်က ဝူဖန့်ပါ။ ကျုပ်တို့ကုမ္ပဏီက ခင်ဗျားရဲ့စီးပွားရေးစင်တာကို ငှားထားတာလေ"
"အိုး"
ယဲ့ချန်း ပြုံးလျက်သာ ခေါင်းညိတ်ပြလိုက်သည်။
"ဥက္ကဋ္ဌယဲ့.. အခွင့်ကြုံတုန်းလေး ခင်ဗျား ကျုပ်နဲ့ ညစာအတူစားမှဖြစ်မယ်နော်။ ဟုတ်ပြီလား"
"ခင်ဗျားက အရမ်းယဉ်ကျေးလွန်းနေပါပြီ"
"ဟားဟား.. ကျုပ်တို့ကုမ္ပဏီအတွက် အရမ်းအရေးကြီးတယ်လေ။ ခင်ဗျားနဲ့ ရင်းနှီးရတာက ဂုဏ်ယူစရာတစ်ခုပါ"
ဝူဖန့်လည်း စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။
တစ်ဖက်လူ၏ စိတ်အားထက်သန်မှုကြောင့် ယဲ့ချန်းလည်း ခေါင်းညိတ်ပြရုံသာ တတ်နိုင်သည်။
ထိုအချိန် မာကျင်းချန်ကတော့ ကြောင်အသွားရလေသည်။
ယဲ့ချန်းက တက္ကစီဒရိုင်ဘာတစ်ယောက် မဟုတ်ဘူးလား? သူက ဘယ်လိုလုပ်ပြီး ဥက္ကဋ္ဌယဲ့ဖြစ်သွားရတာလဲ?
••••••••••••••••