← Chapters

သရုပ်မှန်ကိုဖော်ထုတ်ပြသခြင်း

Vol. 8 Ch. 109

သရုပ်မှန်ကိုဖော်ထုတ်ပြသခြင်း

Vol. 8 Ch. 109

"အထဲဝင်ရအောင်"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်လေသည်။

စုန့်ယွီမုန့်လည်း ယဲ့ချန်း၏သရုပ်မှန်ကို အတည်ပြုပြီးနောက် သူ(မ)၏သူငယ်ချင်းကို ဤအရှုံးသမား၏လက်ထဲမှ ကယ်ထုတ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။

ယဲ့ချန်းက ချောမောခန့်ညားသော်ငြား ပိုက်ဆံမရှိသည့် ချောမောခန့်ညားခြင်းမျိုးမှာ ဤကမ္ဘာတွင် ဘာအသုံးဝင်မည်နည်း။

တကယ်တမ်းတွင် ယဲ့ချန်းကိုယ်တိုင်လည်း စုန့်ယွီမုန့်၏မျက်လုံးထဲရှိ စက်ဆုပ်ရွံရှာမှုကို သတိထားမိသည်။ သို့သော် မိန်းမတော်တော်များများကို သူ မြင်တွေ့ဖူးပြီးသားဖြစ်သောကြောင့် စုန့်ယွီမုန့်ကို သူ ကြောက်မနေပေ။

ယဲ့ချန်းက ထန်းလု၏လက်ကိုကိုင်၍ ဘားထဲသို့ ဝင်သွားလိုက်သည်။

ဆီဆာနိုက်ကလပ်ဆိုသည်မှာ မိုတုမြို့ထဲတွင် ဈေးအကြီးဆုံးနေရာတစ်ခုပင်။

ဤနေရာတွင် ညနေခင်းအချိန်ကို ကုန်ဆုံးချင်ပါသလား။

ငွေနှစ်သောင်းလောက်ကတော့ အသာလေးကုန်နိုင်သည်။

စုန့်ယွီမုန့်လည်း အေးတိအေးစက်သရော်လိုက်လေသည်။

"တော်တော်ရဲတင်းတာပဲ။ ဆင်းရဲသားအရှုံးသမားကများ ချမ်းသာပြီး လှပချောမောတဲ့ ငါ့သူငယ်ချင်းကိုများ အီစီကလီလုပ်ရဲရတယ်လို့။ တကယ့်လက်တွေ့က ဘယ်လောက်ကြမ်းတမ်းလဲဆိုတာ ပြရသေးတာပေါ့"

တက္ကစီဒရိုင်ဘာတစ်ယောက်ပဲဟာကို..ဒီမှာသုံးရတဲ့ ကုန်ကျစရိတ်ကြောင့် သူ သေအောင်လန့်သွားမယ်ဆိုတာ လောင်းရဲတယ်...

စုန့်ယွီမုန့်က ဇိမ်ခံသီးသန့်ခန်းတစ်ခန်းကို ရွေးချယ်လိုက်သည်။ ထို့နောက် မီနူးကိုရွေးပြီး သောက်စရာတချို့ကိုမှာပြီးနောက် ပြေစာကို ယဲ့ချန်းထံသို့ ကမ်းလိုက်၏။

ယခုလေးတင် သူ(မ)မှာလိုက်သော အအေးက တစ်သောင်းကျော်ပေးရသည်။ ဤပြေစာကိုမြင်သည်နှင့် ယဲ့ချန်း လန့်သွားမည်မှာ သေချာလေသည်။

စုန့်ယွီမုန့်က သရော်ဟန်အပြုံးဖြင့် ပြောလိုက်သည်။

"ယဲ့ချန်း.. စိတ်မပူပါနဲ့။ ဒီနေ့ ကျွန်မတို့ရဲ့ပထမဆုံးတွေ့ဆုံမှုဆိုတော့ ကျွန်မ ရှင်းလိုက်ပါ့မယ်"

ယောကျ်ားများက ကြောင်သူတော်ဆန်သော သတ္တဝါများပင်။ ယခုလိုအခြေအနေမျိုးတွင် ယဲ့ချန်းအနေနှင့် အံတင်းတင်းကြိတ်၍ ငွေချေလိမ့်မည်သာ။

ယဲ့ချန်းလည်း ပြေစာကို တစ်ချက်ကြည့်ပြီးနောက် ပစ္စည်းတချို့နေရာတွင် အမှတ်အသားလုပ်လိုက်သည်။

"ကောင်းပါပြီ။ ဒါတွေမှာမယ်နော်"

စားပွဲထိုးမလေးက ဤကျသင့်ငွေကို ထိုအမျိုးသမီးက ရှင်းမည်ဟု ကြားထားသည်။

စုန့်ယွီမုန့်ကတော့ ယဲ့ချန်း ကြွားလုံးထုတ်လာမည့်အချိန်ကို ဆိုဖာပေါ်တွင်လှဲရင်း စောင့်နေလေသည်။ ထင်မှတ်မထားပါဘဲ ယဲ့ချန်းက သူ(မ)ကို တကယ်ငွေရှင်းခိုင်းခဲ့သည်။

ငွေရှင်းပြီးနောက် စုန့်ယွီမုန့်ခမျာ နင်သွားရသည်။

ဤလူက အတင့်ရဲလှပေသည်။ နောက်ထပ်သောက်စရာများနှင့် သွားရည်စာများကိုပင် တစ်သောင်းဖိုးထပ်မှာလိုက်သေးသည်။

ကိုယ့်ပိုက်ဆံမဟုတ်တော့ ပူပင်ကြောင့်ကြကင်းနေတာလား?

နှစ်သောင်းဆိုသည်မှာ စုန့်ယွီမုန့်အတွက် သိပ်မများလှပေ။ ယခုလိုပုံစံမျိုးဖြင့် သုံးလိုက်ရသည့်အတွက် မွန်းကျပ်ဖွယ်ကောင်းနေခြင်းသာ ဖြစ်၏။

အစတုန်းကတော့ သူ(မ)အနေနှင့် ယဲ့ချန်း ကြွားလုံးထုတ်ပြပြီး ကြမ်းတမ်းလှသော လက်တွေ့တရားနှင့် ရင်ဆိုင်ရမည့်အရေးကို မြင်ချင်ခဲ့သော်လည်း သူက အရှက်မရှိသူတစ်ယောက်ဖြစ်နေပေသည်။

အရှုံးသမားကတော့ တကယ့်အရှုံးသမားပါပဲ။ ယောက်ျားပီသမှုတစ်စက်လေးတောင်မှ မရှိဘူး...

စိတ်တိုနေသော စုန့်ယွီမုန့်၏အကြည့်ကို မြင်သောအခါ ယဲ့ချန်း ကျိတ်ရယ်လိုက်မိသည်။

တကယ်တမ်းတွင် စုန့်ယွီမုန့်ကို ပေးခိုင်းချင်စိတ်မရှိပေ။ သူ(မ)၏ အထက်စီးဆန်မှုနှင့် ခွဲခြားဆက်ဆံတတ်သော စရိုက်က ယဲ့ချန်းကို စိတ်အနှောင့်အယှက်ပေးနေသည်။ ထို့ကြောင့်လည်း တမင်တကာစနောက်လိုက်ခြင်းပင်။

သူတို့သုံးယောက်က သီးသန့်ခန်းထဲတွင် သီချင်းနားထောင်ရင်း ဝိုင်သောက်ကာ မုန့်စားနေကြသည်။

ယဲ့ချန်းနှင့် ထန်းလုတို့ကတော့ ထောင့်တစ်နေရာတွင် ခေါင်းချင်းဆိုင်၍ တီးတိုးစကားဆိုနေကြချိန်တွင် စုန့်ယွီမုန့်မှာ အပိုလူတစ်ယောက် ဖြစ်နေရသည်။

မဖြစ်နိုင်တာ.. ရိုးအတဲ့ ဒီကောင်မလေးက ယဲ့ချန်းကို နက်နက်နဲနဲစွဲလမ်းနေပါလား။

ဒီနေ့ ဒီအရှုံးသမားရဲ့သရုပ်မှန်ကို ဖော်ထုတ်ပြီး ရှောင်လုကို သူ့လက်ထဲက ကယ်ထုတ်မှဖြစ်မယ်...

အကြံတစ်ခုပေါ်လာသောကြောင့် စုန့်ယွီမုန့်၏မျက်ဝန်းများမှာ လက်ခနဲဖြစ်သွားလေသည်။ သူ(မ)က ဝီချက်မှ ဆွဲဆောင်မှုရှိသော မိန်းကလေးတစ်ယောက်၏ဓာတ်ပုံကို ထုတ်လိုက်သည်။

"ရှောင်အဲ့မော်.. နင် နိုက်ကလပ်မှာလား။ ငါ့ကို တစ်ခုလောက်ကူညီပေးပါ့လား"

စုန့်ယွီမုန့်က ပြောလိုက်သည်။

"ရှောင်လု.. ငါ သန့်စင်ခန်းသွားမလို့။ နင် ငါနဲ့လိုက်ဦးမလား"

ထန်းလုကလည်း ခေါင်းညိတ်ပြ၍ ပြောလိုက်သည်။

"ယဲ့ချန်း.. ရှောင်မုန့်နဲ့ကျွန်မ သန့်စင်ခန်းသွားမလို့။ ချက်ချင်းပြန်လာခဲ့မယ်နော်"

သူတို့နှစ်ယောက် သီးသန့်ခန်းထဲမှ ထွက်လာသည်နှင့် စုန့်ယွီမုန့်က ထန်းလုကို ဘေးနားသို့ ဆွဲခေါ်သွားသည်။

ထန်းလုက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

"ယွီမုန့်.. နင် ဘာလုပ်နေတာလဲ။ ငါတို့ သန့်စင်ခန်းသွားမလို့မဟုတ်ဘူးလား"

"ငါက နင့်ကို ယောကျ်ားတွေရဲ့စရိုက်မှန်အကြောင်း ပွဲကောင်းကောင်းလေးတစ်ခု ပြမလို့"

ထိုအချိန်တွင် ညှို့အားပြင်းသော အလှလေးတစ်ယောက်က သီးသန့်ခန်းထဲသို့ ဝင်သွားလေသည်။ ယဲ့ချန်းက ဖုန်းကြည့်နေရင်း မော့ကြည့်လိုက်ချိန်ဝယ် အလှလေးတစ်ယောက် အထဲကိုဝင်လာတာကို မြင်လိုက်ရသည်။

ထိုအလှလေး၏ရုပ်ရည်ရမှတ်က ကိုးဆယ်ကျော်ပြီး ကိုယ်ဟန်အနေအထားမှာ လန်းလွန်းလှပြီး ဝတ်စုံကလည်း အလွန်ဆွဲဆောင်မှုရှိသည်။

သူ(မ)က အခန်းထဲသို့ ဝင်သွားရင်း မွှေးကြိုင်သင်းပျံ့နေသော ပခုံးသားကို တမင်ဖော်ထားလိုက်သည်။ သီးသန့်ခန်းထဲသို့ ဝင်သွားလိုက်ချိန်မှာတော့ ထိုအလှပဂေးလေးမှာ အံံ့ဩမှင်တက်သွားလေသည်။

ဒီလူက တော်တော်ချောတာပဲ!

သူ(မ)လည်း ယဲ့ချန်းအနားသို့ တစ်လှမ်းချင်းလျှောက်သွားလိုက်သည်။

ဤမြင်ကွင်းကို မြင်သောအခါ စုန့်ယွီမုန့်လည်း ဘဝင်ခိုက်နေလေဟန် ပြုံးလိုက်မိသည်။

"ငါတို့ရဲ့ရှောင်အဲ့မော်ကိုယ်တိုင် အထဲကိုဝင်သွားတာနော်။ သူ့ရဲ့ဆွဲဆောင်မှုကို ရှင် ဘယ်လိုခုခံမလဲဆိုတာ ကြည့်ကြသေးတာပေါ့"

မရင်းနှီးသော မိန်းမတစ်ယောက်က ယဲ့ချန်းဆီသို့ ချဉ်းကပ်သွားသဖြင့် ထန်းလု ကြက်သေသေသွားသည်။ ထို့နောက် သူ့ထံသို့ အပြေးသွားလိုက်ချင်ပါသော်ငြား စုန့်ယွီမုန့်က တားလိုက်သည်။

"ရှောင်လု.. သူက နင့်ကို အရမ်းချစ်တာဆို။ သူ့ကိုစမ်းသပ်နိုင်မဲ့ အခွင့်ကောင်းတစ်ခုကို ဘယ်လက်လွတ်ခံလို့ဖြစ်မလဲ။ ဒါမှမဟုတ် နင် သူ့ကို မယုံလို့လား"

"ဘယ်သူပြောလဲ။ ငါ အစ်ကိုချန်းကို သေချာပေါက်ယုံတာပေါ့"

ထန်းလုက အခိုင်အမာပြောလိုက်လေသည်။

စုန့်ယွီမုန့်လည်း ခပ်ဖွဖွပြုံးလိုက်မိသည်။

"ဒါဆိုရင် ယဲ့ချန်းက ဒီဆွဲဆောင်မှုကို ခံနိုင်ရည်ရှိမလားဆိုတာ ကြည့်ကြသေးတာပေါ့"

စုန့်ယွီမုန့်ကတော့ ရှောင်အဲ့မော်ကို ယုံကြည်မှုအပြည့်ရှိ၏။

သူ(မ)က ယောကျ်ားများကို ဆွဲဆောင်ရာတွင် အလွန်တော်သောကြောင့် ရှောင်အဲ့မော်ကို ခေါ်လိုက်ခြင်းဖြစ်၏။

သူ(မ)၏ညှို့ငင်မှုကို ဘယ်ယောကျ်ားမှ ခံနိုင်ရည်မရှိပေ။

စိတ်လှုပ်ရှားနေသော ထန်းလုကို မြင်သော် စုန့်ယွီမုန့် အသာအယာသက်ပြင်းချလိုက်မိသည်။

"ရှောင်လု.. ငတုံးမလေး.. ဒီနေ့ ယောကျ်ားတွေရဲ့သရုပ်မှန်ကို ငါ ပြမယ်"

ရှောင်အဲ့မော်က ယဲ့ချန်းအနားသို့ ချဉ်းကပ်ပြီးနောက် ဆွဲဆောင်မှုရှိရှိရယ်မောရင်း မျက်ဝန်းများဖြင့် ညှို့ငင်နေချေသည်။

"အချောလေး.. ဘာလို့ တစ်ယောက်တည်းဖြစ်နေတာလဲ"

သူ(မ)၏အသံကား အလွန်ဆွဲဆောင်အားပြင်းရှလှသည်။

ယဲ့ချန်းက ရှောင်အဲ့မော်ကို တစ်ချက်ကြည့်လိုက်သည်။

"မင်းမျက်လုံးထဲမှာ တစ်ခုခုဝင်နေလို့လား။ ဘာလို့ ဆက်တိုက်မျက်တောင်ခတ်နေတာလဲ"

ရှောင်အဲ့မော် : “…”

ကျွန်မ ရှင့်ကို ဆွဲဆောင်နေတယ်ဆိုတာ မသိဘူးလား?

တိတ်တဆိတ်အကဲခတ်နေသော စုန့်ယွီမုန့်ခမျာ နားမလည်နိုင်ဖြစ်သွားလေသည်။

ဒီလူက သူများတွေနဲ့ အတွေးအခေါ်ချင်း တူပုံမရဘူး...

ထိုအချိန်တွင် ထန်းလုမှာ အော်မရယ်ဘဲ မနေနိုင်တော့ပေ။

"တွေ့လား။ ငါ့အစ်ကိုချန်းက အဲဒီလိုနတ်ဘုရားမတွေရဲ့ဆွဲဆောင်မှုကို မခံရပါဘူးဆိုမှ"

စုန့်ယွီမုန့်က အေးတိအေးစက်သရော်လိုက်လေသည်။

"မလောစမ်းပါနဲ့။ ပွဲက အခုမှစတာ"

ရှောင်အဲ့မော်၏ မျက်လုံးပေကလတ်ပေကလတ်လုပ်ပြသော လှည့်ကွက်က ယောကျာ်းပေါင်းများစွာကို အလဲထိုးနိုင်ခဲ့သည်။ ယဲ့ချန်းနှင့်မှ ကျရှုံးလိမ့်မည်ဟု သူ(မ) လုံးဝထင်မထားပေ။

ရှောင်ခဲ့မော်က အသက်ပြင်းပြင်းရှိုက်ရှူ၍ ယဲ့ချန်းဘေးတွင် ထိုင်လိုက်၏။

"အချောလေး.. ဒီမှာ လေအေးပေးစက်က တော်တော်အေးတယ်။ ရှင် ကျွန်မကို အနွေးဓာတ်လေး ပေးလို့ရမလား"

စုန့်ယွီမုန့်မှာ လက်သီးတင်းတင်းဆုပ်လိုက်မိသည်။

ဟားဟား.. ရှောင်အဲ့မော်ကတော့ အာဂပဲ..ဘယ်ယောကျ်ားကမှ သူ့ဆွဲဆောင်မှုကို တွန်းလှန်နိုင်မှာမဟုတ်ဘူး...

ယဲ့ချန်း..ရှင် ဘယ်အချိန်အထိ ဆက်ဟန်ဆောင်နေမှာလဲ?

ယဲ့ချန်းကမူ ရှောင်အဲ့မော်ကို အေးစက်စက်ကြည့်လိုက်လေသည်။

"ရတာပေါ့!"

သူက ထိုသို့ပြောပြီးနောက် ချက်ချင်းမတ်တတ်ထရပ်ကည ကူရှင်တစ်ခုကို သွားယူလိုက်၏။

"မင်း အေးနေတယ်ဆိုရင် ဒါနဲ့ပတ်ထားလိုက်။ ဒါပေမဲ့ ခုနတုန်းကပဲ ငါ လေလည်ထားတယ်။ မင်း စိတ်မရှိရင်တော့ ဘာမှမဖြစ်ပါဘူး"

"ကျွန်မ..."

ရှောင်အဲ့မော် လုံးဝကြောင်အသွားလေသည်။

ဒီလူက ဆွဲဆောင်မှုဆိုတာကို လုံးဝနားမလည်ဘူးပဲ..

ကျွန်မအေးနေတယ်လေ.. ရှင် ကျွန်မကို ဖက်ပေးထားရမှာမဟုတ်ဘူးလား?

ဒါပေမဲ့ ရှင်ကတော့ ကျွန်မကို ရှင်ထိုင်ထားတဲ့ကူရှင်ကြီးကို ထုတ်ပေးလာတယ်တဲ့လား။ ဒါကြီးက အရမ်းရယ်ရတယ်..

"အချောလေး.. ကျွန်မ အထီးကျန်နေတာ.. ရှင် ကျွန်မနဲ့အတူ သောက်ပေးနိုင်မလား"

ရှောင်အဲ့မော်က သူ(မ)၏ အစွမ်းအထက်ဆုံးအကွက်ကို ထုတ်သုံးလိုက်သည်။

ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။

"ရပါတယ်။ ဒါပေမဲ့ ဒီအရက်က ငါ့သူငယ်ချင်းတွေရဲ့အရက်လေ။ မင်း ပိုက်ဆံပေးပြီး စားပွဲထိုးကို နောက်တစ်ပုလင်းမှာလိုက်မှဖြစ်မယ်"

"ဘာ? ကျွန်မက ပိုက်ဆံရှင်းပြီး စားပွဲထိုးကို နောက်တစ်ပုလင်းမှာလိုက်ရမှာတဲ့လား"

ရှောင်အဲ့မော်ခမျာ ယဲ့ချန်းကြောင့် လုံးဝရှုံးနိမ့်သွားရသည်။

ဒီလူက တကယ်ထူးခြားတာပဲ...

အမှန်အတိုင်းပြောရလျှင် ယဲ့ချန်း၏ချောမောမှုကြောင့် သူ(မ) အံ့ဩမှင်တက်သွားပြီး သမားရိုးကျမဟုတ်သော ယဲ့ချန်း၏အပြုအမူကြောင့် ရူးမတတ်ဖြစ်သွားရ၏။

သူ(မ)ဆိုသည့် ရှောင်အဲ့မော်က ဘယ်ယောကျ်ားကိုမှ အလွတ်မပေးခဲ့သော်လည်း ယနေ့တော့ သူ(မ) ရှုံးနိမ့်ခဲ့ရလေပြီ။

ရှောင်အဲ့မော်တစ်ယောက် ဒေါသတကြီးဖြင့် ထွက်သွားတာကို မြင်သောအခါ ထန်းလုလည်း စိတ်လှုပ်ရှားစွာပြောလိုက်၏။

"ပြောသားပဲ။ ငါ့အစ်ကိုချန်းက ငါ့ကိုပဲ ချစ်တာပါဆိုမှ"

စုန့်ယွီမုန့်လည်း အသက်ပြင်းပြင်းရှိုက်ရှူလိုက်သည်။

မဟုတ်ဘူး.. ယဲ့ချန်းက ဖြူစင်ရိုးသားတဲ့ပုံစံလေးတွေကို သဘောကျတာလို့ ထန်းလု ပြောဖူးတယ်..

ရှောင်အဲ့မော်က အလွန်ဆွဲဆောင်မှုပြင်းလွန်းသည်။ ယဲ့ချန်း၏အကြိုက်မဟုတ်ပေ။

"ရှောင်လု.. ဒီတစ်ခေါက်တော့ နင့်အတွက် ငါကိုယ်တိုင် သူ့ကို စမ်းသပ်ပေးမယ်"

ထိုသို့ပြောပြီးနောက် စုန့်ယွီမုန့်မှာ ရှပ်အင်္ကျီ၏အပေါ်ဆုံးကြယ်သီးကို ဖြုတ်၍ ယဲ့ချန်းဆီသို့ ကြော့ကြော့မော့မော့လေး လျှောက်သွားလေသည်။

•••••••••••••••

All Chapters