လက်တုံ့ပြန်ခြင်း
Vol. 8 Ch. 110
စုန့်ယွီမုန့် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
ငါ့အချစ်ဆုံးသူငယ်ချင်းအတွက် ကြိုးစားမှဖြစ်မယ်...
ယဲ့ချန်းကတော့ စုန့်ယွီမုန့်ကိုမြင်ပြီးနောက် ခဏမျှတုံ့ဆိုင်းသွားရသည်။
"ထန်းလုက ဘယ်မှာလဲ"
"အိုး.. ထန်းလုက သူငယ်ချင်းတစ်ယောက်နဲ့တွေ့လို့ စကားပြောနေတယ်။ ခဏနေရင် ပြန်လာခဲ့မယ်တဲ့"
စုန့်ယွီမုန့်က မှန်တစ်ချပ်ထုတ်ယူကာ သူ(မ)ကိုယ်သူ(မ) တစ်ချက်စစ်ဆေးလိုက်သည်။
ရုပ်ရည်အရာတွင် အမှတ်ကိုးဆယ်ရှိပြီး ဆီးနှင်းအလား ဖြူဖွေးပြီး နူးညံ့လှသောမျက်နှာလေးကို ပိုင်ဆိုင်ထားသည်။
ဒီလူ သရုပ်မှန်ကို ထုတ်မပြဘူးဆိုတာ မဖြစ်နိုင်ဘူး..
စုန့်ယွီမုန့်က ယဲ့ချန်း၏ဘေးနားတွင် ထိုင်လိုက်ပြီးနောက် သူ့အနားကို တမင်တိုးကပ်လိုက်သည်။
ယဲ့ချန်း : “…”
တကယ်တမ်းတွင် အစောတုန်းက ကောင်မလေးကို စုန့်ယွီမုန့်ပို့လိုက်ကြောင်း ယဲ့ချန်း သိထားပြီးသားပင်။ သူ(မ)နှင့် ထန်းလုက မလှမ်းမကမ်းမှ လှမ်းကြည့်နေကြောင်းလည်း သူသိသည်။
အခု ဘာလုပ်ဦးမှာလဲ?
ဒီတစ်ခေါက် သူ(မ)ကိုယ်တိုင် လှုပ်ရှားတော့မှာလား?
ယဲ့ချန်းကတော့ တည်ငြိမ်နေဆဲသာ။ စုန့်ယွီမုန့် ဘာလုပ်မလဲဆိုတာကိုသာ ကြည့်ချင်မိသည်။
စုန့်ယွီမုန့်က နူးညံ့ညင်သာသောအကြည့်ဖြင့် ယဲ့ချန်းကိုကြည့်၍ ပြောလိုက်၏။
"ထန်းလုက ရှင့်လို ရုပ်ရည်ချောမောတဲ့ကောင်လေးတစ်ယောက်ကို ရှာလာလိမ့်မယ်လို့ ကျွန်မ ထင်မထားဘူး။ အရမ်းအားကျတာပဲ"
ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"တကယ်တော့.. မင်း အားကျဖို့မလိုပါဘူး"
စုန့်ယွီမုန့်မှာ ထိုစကားကို ကြားလိုက်ရချိန်ဝယ် ဝမ်းသာသွားသည်။
ဟမ့်! ဒီလူယုတ်မာက သူ့သရုပ်မှန်ကို ထုတ်ပြလာတော့မယ်ဆိုတာ သိသားပဲ!
"ယဲ့ချန်း.. ရှင် ဒါက ဘာသဘောလဲ"
"မင်း အားကျနေရင်တောင် အသုံးမဝင်ဘူးလေ။ ငါက ကမ္ဘာ့နံပါတ်တစ်အချောဆုံးဆိုတော့ မင်း ငါ့ထက် နည်းနည်းလောက် ချောတဲ့လူကိုပဲ ရှာနိုင်တော့မှာ"
"ကျွန်မ..."
ကိုယ့်ကိုယ်ကိုယ် ကမ္ဘာ့အချောဆုံးလို့ပြောနေတာ ရှင် မရှက်ဘူးလား?
ဒါက တော်တော်အရေထူတာပဲ...
"ယဲ့ချန်း.. ထန်းလုနဲ့ယှဉ်လိုက်ရင် ကျွန်မကို ဘယ်နေရာတွေမှာ ပိုသဘောကျလဲ"
စုန့်ယွီမုန့်က ယဲ့ချန်းကိုကြည့်၍ ဆက်မြှူဆွယ်ပြန်သည်။
"အမှန်အတိုင်းပြောရမလား"
ယဲ့ချန်းကလည်း ပြောလိုက်သည်။
ယဲ့ချန်း၏စကားကို ကြားသောအခါ စုန့်ယွီမုန့် အပျော်လုံးဆို့သွားရသည်။
"ကျွန်မကို မြန်မြန်ချီးကျူးလိုက်တော့။ ကျွန်မကို ဆက်စီကျတယ်လို့ပြောပေး။ ကျွန်မက မိန်းမပိုဆန်တယ်လို့ပြောပေး"
ယဲ့ချန်း သူ(မ)ကို ချီးကျူးလိုက်မည်ဆိုပါက တစ်ဖက်ရှိ ထန်းလုကလည်း ယဲ့ချန်း၏ မကောင်းသောစရိုက်ကို သေချာပေါက်မြင်ရလိမ့်မည်ဖြစ်၏။
ယဲ့ချန်း ခဏမျှတွေးကြည့်ပြီးနောက် ပြောလိုက်သည်။
"တကယ်တော့ ငါ မင်းကို ငါနဲ့ဝေးဝေးနေပေးတာကိုပဲ သဘောကျတယ်"
စုန့်ယွီမုန့် : "..."
ထိုအချိန်ဝယ် စုန့်ယွီမုန့် အနည်းငယ်စိတ်ရှုပ်သွားသည်။
ကျွန််မ ရှင်နဲ့ဝေးဝေးနေတာကို သဘောကျတယ်ပေါ့..
ဒါကို သဘောကျတယ်လို့ ထည့်တွက်လို့ရလား?
စုန့်ယွီမုန့်လည်း အသက်ပြင်းပြင်းရှိုက်ရှူ၍ ဆက်ပြောလိုက်သည်။
"ရှင်က ကျွန်မကို တကယ် စိတ်အနှောင့်အယှက်ဖြစ်နေတာလား။ စကားမစပ် ကျွန်မက ရုပ်ရှင်ကြည့်ရတာ သဘောကျတယ်။ ရှင် အချိန်ရရင် ကျွန်မနဲ့အတူ ရုပ်ရှင်သွားကြည့်မလား"
ယဲ့ချန်းက နားထောင်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
"ပြဿနာမရှိပါဘူး။ အခုချက်ချင်းကြည့်လို့ရတာပဲ"
ဤစကားကိုကြားသော် စုန့်ယွီမုန့်၏မျက်ဝန်းအစုံကား လင်းလက်တောက်ပသွားချေသည်။
ဟားဟား..ငါးကတော့ ငါးစာကို လာဟပ်နေပြီ။
လူယုတ်မာကတော့ လူယုတ်မာပါပဲ.. နောက်ဆုံးတော့ သက်သေရပြီ။
"ကျွန်မတို့ အခုသွားကြတော့မလား"
ထိုအခါ ယဲ့ချန်းက ဖုန်းထုတ်၍ Tencentဗီဒီယိုကို ဖွင့်လိုက်သည်။
"မင်း ဘယ်ရုပ်ရှင်ကြည့်ချင်လဲ။ ဒါပေမဲ့ ငါက VIPဝယ်မထားလို့ အလကားရတဲ့ရုပ်ရှင်တွေပဲ ကြည့်လို့ရမယ်"
စုန့်ယွီမုန့် : "..."
ဤတစ်ခေါက်တွင်မူ စုန့်ယွီမုန့် လုံးဝပြိုလဲသွားရလေသည်။
ကျွန်မက ရှင်နဲ့အတူ tencentဗီဒီယိုတွေ ကြည့်ရမှာလား?
ကျွန်မကပြောချင်တဲ့သဘောက ရုပ်ရှင်ရုံကို သွားကြည့်မယ်လို့ ပြောတာ...
ထန်းလုလည်း သည်းမခံနိုင်တော့သဖြင့် အထဲသို့ ဝင်လာလေသည်။
"ယွီမုန့် တော်လောက်ပြီ။ ငါက ယဲ့ချန်း၏ဖြစ်တည်မှုကိုပဲ သဘောကျတာ။ သူက သူများတွေနဲ့မတူဘူး။ အခု နင်လည်း သိရောပေါ့"
စုန့်ယွီမုန့် အလွန်မွန်းကျပ်သွားရသည်။
သူ(မ)မှာ သူ(မ)၏ ဆွဲဆောင်ဖြားယောင်းနည်းဆယ့်ရှစ်မျိုးစလုံးကို ထုတ်သုံးပြီးသည့်တိုင် ယဲ့ချန်းကတော့ ငါးစာကို မကိုက်ပေ။
အဆုံးမှာတော့ ယဲ့ချန်းက လူယုတ်မာဖြစ်ကြောင်း သက်သေမပြနိုင်ခဲ့သည့်အပြင် ထန်းလုအား ဤလူ့ကို ပိုသဘောကျသွားအောင်သာ လုပ်မိသွားသည်။
ယဲ့ချန်းက ထန်းလုကိုကြည့်၍ ရယ်လိုက်၏။
"ရှောင်လု..မင်းရဲ့သူငယ်ချင်းက ဦးနှောက်ထိထားတာလား။ ထူးဆန်းတဲ့မေးခွန်းတွေကိုပဲ ဘာလို့ ဆက်တိုက်လာမေးနေတာလဲ"
စုန့်ယွီမုန့် : "ရှင်ကမှ ဦးနှောက်ပြဿနာရှိနေတာ။ ရှင်တို့တစ်မိသားစုလုံး ဦးနှောက်ထိထားတာ"
ထန်းလု တဟားဟားရယ်လိုက်မိသည်။
"ရှောင်မုန့်က စနောက်ရတာကို သဘောကျတယ်။ ရှင် သူ့ကို အပြစ်မတင်ပါနဲ့"
ထိုအခိုက်ဝယ် အရက်နှစ်ခွက်ကိုကိုင်ထားသည့် လူငယ်အမျိုးသားတစ်ယောက် ရောက်လာသည်။
သူက ထန်းလုနှင့် စုန့်ယွီမုန့်တို့ကိုကြည့်၍ မျက်လုံးထဲ၌ လောကကြီးသော အပြုံးရိပ်တစ်ခု ပေါ်ပေါက်လာသည်။
"အလှလေးနှစ်ယောက်ပါလား။ ငါ ဘားတွေကို ဝင်ထွက်သွားလာနေတာကြာပြီ။ ဒီလောက်ချစ်ဖို့ကောင်းတဲ့ အလှပဂေးလေးတွေကို တစ်ခါမှမမြင်ဖူးဘူး။ မင်းတို့ ငါနဲ့အတူ ကချင်လား"
ထိုလူငယ်က အလွန်ရဲတင်းလွန်းလှသည်။ အခန်းထဲတွင် ယဲ့ချန်းရှိနေတာကို သိသည့်တိုင် ပြောင်ပြောင်တင်းတင်းအီစီကလီလုပ်နေပြီး ယဲ့ချန်းကိုလည်း အရေးမလုပ်ချေ။
တကယ်တမ်းတွင် စွန်းကျီက ထန်းလုနှင့် စုန့်ယွီမုန့်ကို မျက်စိကျနေသည်မှာ ကြာလှလေပြီ။ ယဲ့ချန်း၏သရုပ်မှန်ကိုလည်း စုံစမ်းထားပြီးသားပင်။
တက္ကစီဒရိုင်ဘာတစ်ယောက်ကို သူ အရေးမလုပ်ချေ။
ဤကဲ့သို့သော အလှလေးများကို တက္ကစီဒရိုင်ဘာတစ်ယောက်က မောင်ပိုင်စီးထားခြင်းမှာ နှမြောဖို့ကောင်းလှသည်။
တက္ကစီဒရိုင်ဘာတစ်ယောက်က ဆီဆာဘား၏ အထွေထွေမန်နေဂျာဖြစ်သော သူ့ကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ။
ဆီဆာဘားဆိုသည်မှာ မိုတုမြို့တွင် တန်ဖိုးအကြီးဆုံးနှင့် ရေပန်းအစားဆုံးဖြစ်လေရာ အထွေထွေမန်နေဂျာဖြစ်သည့် သူကလည်း မိုတုမြို့၏ အထက်တန်းလွှာအသိုင်းအဝိုင်း၌ လူဝင်ဆန့်သည်။
ဘား၏အထွေထွေမန်နေဂျာဟူသော ဂုဏ်ပုဒ်ကို အမှီပြုပြီး စွန်းကျီက မြောက်များလှစွာသော အလှပဂေးလေးများကို သူ့ပိုက်ကွန်ထဲသို့ ဆွဲဆောင်သိမ်းသွင်းခဲ့သည်။
ယနေ့ပစ်မှတ်မှာ ထိုအလှလေးနှစ်ယောက်ပင်။
စုန့်ယွီမုန့်မှာ အစကတည်းက မွန်းကျပ်နေပြီးဖြစ်၏။ သို့သော် အရှက်မဲ့သော စွန်းကျီ၏အီစီကလီစကားများနှင့် ထပ်ကြုံရပြန်သည်။
"ရှင့်ရုပ်ရည်နဲ့များ ကောင်မလေးတွေနဲ့ အတူတွဲကဖို့ ယုံကြည်ချက်ရှိနေသေးတယ်ပေါ့။ ရွံစရာကောင်းအောင် လာလုပ်မနေနဲ့။ လစ်စမ်းပါ.. ဒီသခင်မက စိတ်ကြည်နေတာမဟုတ်ဘူး"
စုန့်ယွီမုန့်မှာ ယဲ့ချန်းကြောင့် စိတ်တိုနေလေရာ ယခုတော့ ပြန်ခံပြောပစ်လိုက်သည်။
စွန်းကျီက ဤဘားတွင် နာမည်ကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်ရာ မိန်းမတစ်ယောက်က သူ့အား ယခုလိုတုံ့ပြန်လာတာမျိုးကို တစ်ခါမှ မကြုံဖူးပေ။
ထို့ပြင် ဤမိန်းကလေးက သူ့အား ရွံ့ဖို့ကောင်းသည်ဟုပင် ပြောနေချေသည်။
စွန်းကျီဆိုတာ ဘယ်တုန်းကများ ယခုလိုအရှက်ခွဲမှုမျိုးနှင့် ကြုံဖူးလို့လဲ?
ထို့ကြောင့် သူ ချက်ချင်းဒေါသူပုန်ထသွားလေသည်။
"အပျက်မ..ဘာပြောလိုက်တယ်။ ပြဿနာရှာချင်နေတာလား"
ဘားပိုင်ရှင်စွန်းကျီက ဝင့်ကြွားစွာနေထိုင်ရခြင်းကို အသားကျနေပြီဖြစ်ရာ ယခု မိန်းကလေးတစ်ယောက်ထံမှ စော်ကားခံလိုက်ရချိန်တွင် ဒေါသထွက်သွားသည်မှာ သဘာဝကျပေသည်။
စွန်းကျီလည်း သူ့ဖန်ခွက်ကို စားပွဲပေါ် တင်လိုက်ပြီးနောက် စုန့်ယွီမုန့်ကို ပါးရိုက်ပစ်လိုက်၏။
စုန့်ယွီမုန့်ကလည်း သခင်မလေးတစ်ယောက်ဖြစ်သောကြောင့် ပုံမှန်ဆိုလျှင် မည်သူကမှ သူ(မ)အား အန္တရာယ်မပြုရဲခဲ့ပေ။
စွန်းကျီက လက်ဝါးကို လွှဲယမ်းလိုက်ချိန်မှာ သူ(မ)လည်း ကြောင်အသွားရသည်။
စွန်းကျီ၏လက်ဝါးက စုန့်ယွီမုန့်၏ပါးပေါ်သို့ ကျရောက်တော့မည့်ဆဲဆဲမှာပင် လက်တစ်ဖက်က စွန်းကျီ၏လက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားလိုက်သည်။
"မင်းကိုယ်မင်း ဘာကောင်များထင်နေတာလဲ။ ငါ့မိတ်ဆွေက လုပ်ချင်တိုင်းလုပ်လို့ရတဲ့ သာမညောင်ညလူတစ်ယောက်မဟုတ်ဘူး"
အစောတုန်းက စုန့်ယွီမုန့် သူ့အား အကွက်ဆင်ခဲ့သော်ငြား မိတ်ဆွေတစ်ယောက် အမှန်တကယ် အန္တရာယ်နှင့်ကြုံရချိန်တွင်လည်း ယဲ့ချန်း အသာငြိမ်မနေနိုင်ပေ။
"မင်းက ငါ့ကိုလာတားပြီး ပြဿနာရှာရဲတယ်ပေါ့လေ။ လွှတ်စမ်း"
စွန်းကျီ ဒေါသတကြီးအော်ဟစ်လိုက်မိသည်။
ယဲ့ချန်းကတော့ စွန်းကျီကို ပေါ့ပေါးပါးပါးသာ တွန်းထုတ်ပစ်လိုက်၏။ စွန်းကျီခမျာ ခြေလှမ်းအနည်းငယ်မျှ နောက်ဆုတ်သွားပြီး ကြမ်းပြင်ပေါ်သို့ ဒုန်းခနဲပြုတ်ကျသွားသည်။
"မင်းနဲ့တန်တယ်။ ငါ့ကို ပြဿနာလာရှာရဲတာ သေမင်းကိုလိုက်ရှာနေတာနဲ့ အတူတူပဲ"
စွန်းကျီက ကြမ်းပြင်ပေါ်မှ ကုန်းရုန်းထကာ အပြင်ဘက်သို့ လှမ်းအော်လိုက်သည်။
"တစ်ယောက်ယောက်လာခဲ့စမ်း။ ဒီကောင့်ကို ငါ့အစား လာချပေးကြ"
ထိုအချိန်မှာပင် ယူနီဖောင်းဝတ်ဆင်ထားသော လုံခြုံရေးခုနစ်ယောက်ရှစ်ယောက်လောက်က အပြင်ဘက်မှ အလျင်အမြန်ရောက်ချလာပြီး ယဲ့ချန်းကို ဝိုင်းထားလိုက်ကြသည်။
"သူ့ကို သေအောင်ရိုက်ပစ်"
စွန်းကျီက ရက်စက်ကြမ်းကြုတ်စွာ ဆိုလိုက်၏။
"ဟုတ်ကဲ့ သူဌေး"
ထိုလုံခြုံရေးအစောင့်များမှာ သူတို့သူဌေး၏စကားကို ကြားလိုက်ရချိန်၌ ပိုပြီး အင်အားစိုက်ထုတ်ကြလေတော့သည်။
"ရပ်လိုက်!"
ခပ်ဆတ်ဆတ်အော်သံတစ်သံနှင့်အတူ လူတစ်ယောက်က အထဲသို့ လျှောက်လာချေသည်။
ထိုလူ့ကိုမြင်သော် စွန်းကျီ၏အမူအရာမှာ ပြောင်းလဲသွားသည်။
"ဥက္ကဋ္ဌချန်း.. ဒီကို ဘာလို့ရောက်လာတာလဲ"
ချန်းမုန့်ယောင်က စွန်းကျီကို အရေးပင်မလုပ်ဘဲ ယဲ့ချန်းဆီသို့ လျှောက်သွားသည်။
"ဥက္ကဋ္ဌယဲ့.. နောက်ကျသွားလို့ တောင်းပန်ပါတယ်။ ရှင် လန့်မသွားဖို့ ကျွန်မမျှော်လင့်ပါတယ်"
ယဲ့ချန်းခမျာ တဒင်္ဂမျှကြက်သေသေသွားပြီးနောက် သူ့အရှေ့ရှိ အမျိုးသမီးကို အကဲခတ်လိုက်မိသည်။
ထိုအမျိုးသမီးက အသက်နှစ်ဆယ်စွန်းစွန်းသာရှိပြီး ရက်စက်တတ်သော အသွင်အပြင်ရှိသည့်အပြင် တက်ကြွပြီး ဆွဲဆောင်မှုရှိသော မျက်နှာလေးကိုလည်း ပိုင်ဆိုင်ထား၏။ ဆွဲဆောင်အားပြင်းသော မျက်ဝန်းများမှာ ညှို့ဓာတ်တစ်မျိုးကို သယ်ဆောင်ထားသော်ငြား အေးတိအေးစက်ခံစားချက်တစ်ခုကိုလည်း ထုတ်လွှတ်နေပေသည်။
"ခင်ဗျားက ဘယ်သူလဲ"
ယဲ့ချန်း တဒင်္ဂမျှ အံ့သြမှင်တက်သွားရသည်။
"ကျွန်မနာမည်က ချန်းမုန့်ယောင်ပါ။ ဆီဆာလုပ်ငန်းစုရဲ့ ဒုဥက္ကဋ္ဌပါ"
ချန်းမုန့်ယောင်က ယဲ့ချန်းကိုကြည့်ပြီး ပြောလိုက်သည်။
"သြော်!"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။
ချန်းမုန့်ယောင်က စွန်းကျီကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။
"ရှင် ကန်းနေတာလား။ မစ္စတာယဲ့ကို အခုချက်ချင်းတောင်းပန်လိုက်"
•••••••••••••••••